Wednesday 19 September 2018

သူငယ်ချင်းကြီး


. . . လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကျော်လောက်တုန်းက အင်္ဂလန်နိုင်ငံက မှူးမတ်မျိုးနွယ်ဝင် ချက်စတာဖီးမြို့စားကြီးတစ်ယောက်က တစ်မြို့တစ်နယ်မှာ ပညာသွားရောက်သင်ယူနေတဲ့ သားဖြစ်သူထံကို စာပေါင်း အစောင်လေးရာလောက် ရေးခဲ့ပါသတဲ့။ သားထံကို အဖေလုပ်သူက ရေးတဲ့ စာတွေထဲမှာ အကြောင်းအရာတွေကတော့ မျိုးစုံပေါ့။ ကိုယ်တိုင်လည်း နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိနေတဲ့ အထက်တန်း သူကောင်းမျိုးနွယ်ဝင် အဖေလုပ်သူက သားဖြစ်သူကို သူ့လိုပဲ အရည်အချင်းရှိတဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ လူဝင်ဆံ့တဲ့ ပညာတော်တဲ့ ရည်မွန်တဲ့ အကောင်းတကာ့အကောင်းဆုံး သားတစ်ယောက် ဖြစ်စေချင်တာမို့ စာတွေထဲမှာလည်း အကြောင်းအရာက အစုံပဲပေါ့။ နောင်နှစ်ပေါင်း လေးဆယ်လောက်အကြာမှာ အဲသည်စာတွေထဲက တစ်ချို့ကို စုစည်းပြီး စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာကြီး မြသန်းတင့်က သားထံပေးစာများဆိုတဲ့ စာအုပ်တစ်အုပ် ဘာသာပြန်ရေးသားထုတ်ဝေပေးခဲ့လို့ ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခွင့်ရခဲ့ပါတယ်။ စာရေးတဲ့ဖအေလုပ်သူကိုရော စာတွေဖတ်ရတဲ့ သားလုပ်သူကိုရော အားကျလို့မို့ ငါလည်း ကြီးလာရင် သားသမီးတွေ အဝေးမှာ ရှိတဲ့အခါ အဲလိုစာတွေ ရေးပေးအုံးမှပဲလို့တောင် စိတ်ကူးယဉ်ခဲ့မိပါတယ်။
.
. . . လော့ချက်စတာဖီးရဲ့ သားထံပေးစာများကို သဘောကျတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ အဲသည်စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံတက္ကသိုလ်မှာ ကျွန်တော့်ထက် တစ်နှစ်စောရောက်နေတဲ့ သူငယ်ချင်းဖြစ်သူက တစ်နှစ်အပြီး နွေရာသီကျောင်းပိတ်ရက်မှာ မြန်မာပြည်ပြန်မလာပဲ ကျောင်းမှာပဲ နေရင်း ကျွန်တော့်ဆီကို စာတွေ ရေးပေးခဲ့တာဖြစ်ပါတယ်။ မကြာခင်ကျောင်းကိုလာတော့မယ့် ကျွန်တော့်အတွက် ကျောင်းနဲ့ပတ်သက်တဲ့ ဗဟုသုတ မှတ်သားစရာတွေ ပြင်ဆင်စရာတွေကို စာတစ်စောင်ချင်းစီမှာ ကဏ္ဍတွေခွဲပြီး စာပေါင်း သုံးဆယ့်နှစ်စောင်တိတိ ရေးပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ချက်စတာဖီးမြို့စားကြီးလိုတော့ စာရွက်ပေါ်မှာရေး စာအိပ်ထဲထည့် တံဆိပ်ခေါင်းကပ်ပြီး စာတိုက်က ပို့တာ မဟုတ်ဘဲ ကျွန်တော့်ကို တက်ဂ်တွဲပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နာပေါ်မှာ ရေးခဲ့တာဖြစ်ပါတယ်။
.
. . . စာငါးစောင်လောက် ဖတ်ပြီးတဲ့အချိန်မှာ ဒီလိုအရေးအသားမျိုးကို ငါဖတ်ဖူးသလိုလို ရှိလိုက်ပါဘိဆိုပြီး စဉ်းစားတော့ ဆရာမြသန်းတင့်ရဲ့ သားထံပေးစာများ စာအုပ်ထဲက လေသံတွေနဲ့ တူနေပါလားဆိုပြီး သူ့ကို မေးတော့မှ သူကလည်း ဟုတ်တယ်လို့ ၀န်ခံပါတယ်။ အဲသည်စာအစောင်သုံးဆယ်လောက်ကို တစ်စောင်ပြီးတစ်စောင် အကြောင်းအရာစုံအောင် ရေးဖို့အတွက် သူ့ခမျာ အဲသည်စာအုပ်ကို အခေါက်ခေါက်ဖတ်ရင်း ကိုယ့်ကိုယ်ကို အားပေး ရေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူရေးခဲ့တဲ့ စာတွေကိုဖတ်ရလို့ ကျောင်းအတွက် မြန်မာပြည်မှာကတည်းက ကောင်းကောင်း ပြင်ဆင်တဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။
.
. . . ဂျပန်နိုင်ငံကို ရောက်တဲ့နေ့မှာ နာရီတာလေဆိပ်ကို သူ့စရိတ်နဲ့သူ လာကြိုခဲ့ပါတယ်။ တကယ်တော့ လေဆိပ်ကို ကျွန်တော်တို့ ဆရာက လာကြိုတာမို့ သူက လာခဲ့ဖို့ မလိုပေမယ့် ကျွန်တော့်ကို တကူးတက လာပြီး ကြိုဆိုခဲ့တာဖြစ်ပါတယ်။ တိုကျိုမှာ တစ်နေကုန် သွားဖြစ်လာဖြစ်တဲ့ နေရာတိုင်းမှာလည်း ကျွန်တော့်အတွက် ဓာတ်ပုံဆရာတာဝန်ယူပြီး မှတ်တမ်းကောင်းကောင်းတင်ပေးခဲ့ပါတယ်။ ညနေ ကျောင်းကို ရောက်တဲ့အခါမှာလည်း အခန်းထိအရောက် လိုက်ပို့ပေးပြီး အခန်းထဲမှာ လိုအပ်တဲ့ အိပ်ယာခင်းတာ၊ အင်တာနက်ချိတ်ဆက်တာကအစ ကူညီပေးခဲ့ပြီး ကျွန်တော့်အတွက် လတ်တလော လိုအပ်မယ့် ပစ္စည်းလေးတွေ သူကြိုဝယ်ထားတာလေးတွေကိုပါ ပေးခဲ့ပါတယ်။ ကျောင်းကိုရောက်ရောက်ချင်း တစ်ပတ်ကျော်တဲ့အထိ ကျွန်တော့်စားရေးသောက်ရေးအတွက် လိုလေသေးမရှိ လုပ်ပေးခဲ့တာပါ။ သူကိုယ်တိုင်က တစ်ခါတစ်လေ ထမင်းဟင်း မချက်ဖြစ်ရင်တောင် ဆိုင်မှာခေါ်သွားပြီး ကျွေးမွေးခဲ့တာပါ။
.
. . . ကျောင်းမှာ ပထမဆုံးအတန်းဖြစ်တဲ့ ဆောင်းဦးရွက်ကြွေတစ်တန်းလုံးလည်း ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တာ အခြားကိစ္စတွေနဲ့ ပတ်သက်တာတွေမှာ အများကြီး အကူအညီပေးခဲ့ပါတယ်။ ကျောင်းစာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ပြီး စာကို သေချာကြိုးစားဖို့ အတင်းကာရော တိုက်တွန်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် . . .
.
. . . ကျွန်တော့်အပေါ်မှာ ထားခဲ့တဲ့ ဂရုစိုက်မှုအကြွေးတွေကို သူ့ကို ပြန်ဆပ်ခွင့် မကြုံတော့ပေမယ့် နောက်နောင်နှစ်တွေမှာ လာကြတဲ့ ညီငယ်ညီမငယ်တွေအပေါ် ပြန်လည် ဂရုစိုက်ပြီး တတ်နိုင်သလောက် စောင့်ရှောက်ခြင်းဖြင့် သူ့ရဲ့ ကျေးဇူးတွေကို အောက်မေ့နေတယ်ဆိုတာ သိရင် သူလည်း ရောက်ရာအရပ်ကနေ (ဒီကောင်သောက်ပိုတွေ လုပ်နေပြန်ပြီဆိုပြီး ပြောကောင်းပြောမှာဖြစ်ပေမယ့်) စိတ်ထဲမှာတော့ ပြုံးပြုံးကြီး ကျေနပ်နေမှာပါ . . .
.
. . . ကျွန်တော့်သူငယ်ချင်းကြီးကို လွမ်းလိုက်တာ . . .
.
ဗိုလ်ကောင်း
၁၉ စက်တင်ဘာ ၂၀၁၈
.
ဓာတ်ပုံ။ သူဘွဲ့ယူအပြီး မြန်မာပြည်ပြန်မယ့် နေ့ မနက်စောစော ကျွန်တော့်အခန်းတံခါးမှာ ကပ်သွားတဲ့ သူ့ရဲ့ မှာတမ်းပါ၊ သူ့စာအောက်မှာ ကျွန်တော်လည်း အေးပါကွာ (APK) လို့ အကြောင်းပြန်ထားခဲ့ပါတယ် သူကတော့ သိရှာတော့မှာ မဟုတ်လေ

No comments:

Post a Comment