.
. . . ဆောင်းအစပိုင်းနဲ့ အလယ်ပိုင်းမှာ စကီကွင်းသွားတဲ့အချိန် နှင်းကျနေတာများပြီး နေသာတဲ့အချိန်က သိပ်မရှိတော့ မသိသာပေမယ့် ဆောင်းနှောင်းပိုင်း နှင်းတွေစဲသွားတဲ့အခါ နေသာတဲ့အချိန်တွေများလာတယ်၊ အအေးဓာတ်ကတော့ သိပ်မပြောင်းလဲတာမို့ အပေါ်ဆုံးက ဂျာကင်ကြီးတစ်ထည်ချွတ်ထားရတာကလွဲရင် ကျန်တာ ဒီဝတ်စုံအတိုင်းပဲ စီးနေတာမို့ တဖြည်းဖြည်းသာလာတဲ့ နေရောင်ခြည်ထဲက ခရမ်းလွန်ဓာတ်တွေက မျက်နာပေါ်က အရေပြားတွေကို တမြည့်မြည့်လောင်နေတာ မသိလိုက်ဘူး
.
. . . သိလည်း သိလိုက်ရတဲ့ အချိန်ရောက်ရော တော်တော်ကို နောက်ကျနေပြီ၊ မျက်နာပေါ်မှာ နေကာမျက်မှန်တပ်ထားတဲ့ မျက်လုံးတစ်ဝိုက်ပဲ ကွက်ပြီး နဂိုအရောင်အတိုင်းကျန်ခဲ့ပြီး မျက်နာတစ်ပြင်လုံးက အရေပြားတွေ မည်းခြောက်ပြီး အဖတ်အဖတ်တွေတောင်ကွာတယ်၊ ကြားသာကြားဖူး မကြုံဖူးတဲ့ အသားအရေ နေလောင်တယ်ဆိုတာ ဒါမျိုးပါလားလို့ သိလိုက်ရပြီးတဲ့နောက် တစ်ခြား အတူတူ နေပူခံနေတဲ့သူတွေက ဘာမှမဖြစ်ဘဲ ငါ့ကျမှဘာလို့ဖြစ်တာလဲ စပ်စုကြည့်တော့မှ သူတို့က မျက်နာကို တစ်ခုခုတော့ ပုံမှန်လိမ်းဖြစ်နေကြလို့ ခုသာခံသာရှိကြတာလို့ သိရတယ်၊ သိပ်လှချင်လွန်းတာ မဟုတ်ပေမယ့် ကိုယ့်မျက်နာလေး ပျက်စီးခြင်းငါးပါးဆိုက်နေရာက ပုံမှန်အခြေအနေပြန်ရောက်အောင် တော်တော်ကို အချိန်ယူပြီး ထိန်းသိမ်းလိုက်ရတယ်
.
. . . မျက်နာကို ပြန်ပြီး ကုစားနေတဲ့ ကာလထဲမှာ ကိုယ့်ဘဝကိုလည်း အထိတ်တလန့် ပြန်ဆန်းစစ်ကြည့်နေမိတယ်၊ ငါ့ဘဝမှာ နှင်းတွေရဲ့ အအေးဓာတ်ကြောင့် နေလောင်နေတာကို သတိမမူမိတဲ့ အဖြစ်မျိုးများ ဖြစ်နေသေးလား၊ အထိအတွေ့ ခံစားချက်အရ အဆင်ပြေနေပေမယ့် သတိလက်လွတ်နဲ့ မေ့မေ့လျော့လျော့နေမိရင် ငါ့မျက်နာက အရေပြားတွေ မည်းခြောက်တွန့်လိမ် ကွာကျကုန်သလိုဖြစ်မယ့် ကိစ္စမျိုး ငါ့ဘဝထဲ ရှိများရှိနေမလားဆိုပြီး ဆန်းစစ်ကြည့်လိုက်တော့ . . .
.
လွန်ခဲ့တဲ့ ငါးနှစ်
ပထမဆုံး နွေဦးပွင့်ဝေရာသီအစ
အမှတ်တရ
No comments:
Post a Comment