Friday 25 September 2015

အာဏာသိမ်း


အာဏာသိမ်း ဆိုတဲ့ စကားလုံးက မြန်မာ့နိုင်ငံရေးအကြောင်းပြောရင် မပါမဖြစ် ပါနေသလို ခုခေတ်မှာလည်း နိုင်ငံရေးသမားဆိုသူ အချို့ရဲ့ လှိမ့်လုံး ဟန့်လုံး ခြောက်လုံးတစ်ခုအဖြစ် ခေတ်စားနေဆဲပါ။ အာဏာသိမ်းတာနဲ့ ပတ်သက်တဲ့ ဝေါဟာရအချို့ကို ခုလို တွေ့ရပါတယ်။

၁။ အာဏာသိမ်းခြင်း။ အင်္ဂလိပ်လိုတော့ Coup d'état လို့ ခေါ်ပြီး အတိုကောက်ကတော့ Coup လို့ သုံးပါတယ်။ အင်္ဂလိပ်လို ဆိုပေမယ့် ဒီစကားလုံးက ပြင်သစ်စကားလုံး Coup d'état ကို တိုက်ရိုက် အင်္ဂလိပ်မှု ပြုထားတဲ့ စကားလုံးဖြစ်ပါတယ်။ အသံထွက်တော့ ကူး ဒေတား /ˌkuːdeɪˈtɑː/  လို့ ထွက်ပါတယ်။ စစ်ဘက် ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ လက်နက်ကိုင်  အဖွဲ့အစည်းတွေက အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အခြား အစိုးရတစ်ရပ်ရပ်နဲ့ အစားထိုးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းကို ခေါ်ပါတယ်။ အစိုးရတစ်ရပ်ကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်မှသာ ဒီစကားလုံးကို သုံးပါတယ်။

၂။ ပုန်ကန်ခြင်း။ အင်္ဂလိပ်လို Rebellion လို့ ခေါ်ပါတယ်။ အာဏာသိမ်းတာနဲ့ လုပ်ဆောင်ချက်ခြင်း တူပေမယ့် မအောင်မြင်တဲ့အခါ ပုန်ကန်မှု ဖြစ်ပါတယ်။

၃။ တော်လှန်ခြင်း။ အင်္ဂလိပ်လို Revolution လို့ခေါ်ပါတယ်။ အစိုးတစ်ရပ်ကို ဖြုတ်ချတယ်ဆိုရင်တောင် အစိုးရကို ဖြုတ်ချရုံသက်သက်မဟုတ်ဘဲ အုပ်ချုပ်ရေးစနစ်ကိုပါ ပြောင်းလဲဖို့ ကြိုးပမ်းမှုကို ခေါ်တာပါ။ ထိုင်းမှာဆိုရင် ၁၉၃၂ ခုနှစ်က သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချပြီး စည်းမျဉ်းခံ ဘုရင်စနစ် ပြောင်းလဲ ကျင့်သုံးတဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။ ဘုရင်ကို နန်းက ချတာ မဟုတ်ဘဲ ဘုရင့်အာဏာကို ကန့်သတ်ပြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။


၎။ ဆူပူအုံကြွ အစိုးရဖြုတ်ချခြင်း။ ဒါကို Popular Uprising လို့လည်း ခေါ်ပါတယ်။ ပြည်သူလူထု ဒါမှမဟုတ် စစ်တပ်နဲ့လုံခြုံရေးဆိုင်ရာ မဟုတ်တဲ့ အခြားသော ပြည်သူလူထု ကျောင်းသား အလုပ်သမား စသည်ဖြင့် တက်ကြွလှုပ်ရှားကြသူတွေ ဦးဆောင်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းမဖက်တဲ့နည်းနဲ့ဖြစ်ဖြစ် အစိုးကို ဖြုတ်ချတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

၅။ ကန့်လန့်ကာနောက်ကွယ် အာဏာသိမ်းခြင်း။ တကယ်တော့ ဒီဝေါဟာမျိုးကို မြန်မာလို မတွေ့ဖူးသေးပါဘူး (တွေ့ဖူးရင် လက်တို့ကြပါအုံး)။  အင်္ဂလိပ်လိုတော့ Silent Coup လို့ ခေါ်ပါတယ်။ ပေါ်ပေါ်ထင်ထင် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ နောက်ကွယ်က ဖိအားပေးခြင်း၊ နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် လုပ်ခြင်းဖြင့် အစိုးရတစ်ရပ်ကို ဖြုတ်ချခြင်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ရှိကောင်းရှိနိုင်ပါတယ်။

၆။ Self Coup .။အစိုးရအဖွဲ့ဝင် ဒါမှမဟုတ် အာဏာပိုင်ခေါင်းဆောင် တစ်ဦးဦးရဲ့ ဦးဆောင်မှုနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲကို အင်တိုက်အားတိုက် ဖော်ဆောင်တာကို ခေါ်တာပါ။ ဒီဝေါဟာရမျိုးကိုတော့ မတွေ့ဖူးသသောက်ပါပဲ။

၇။ တရားရေးဆိုင်ရာဖြင့် အာဏာသိမ်းခြင်း။ တရားရုံးတစ်ခုခုရဲ့ စီရင်ချက်နဲ့ လက်ရှိအစိုးရ ဒါမှမဟုတ် အာဏာပိုင်ခေါင်းဆောင်ကို ဖြုတ်ချတာမျိုး ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ထိုင်းနိုင်ငံက စမတ်စွန်ထော်ရ၀ဲ့ ဆိုတဲ့ ၀န်ကြီးချုပ်က တီဗီမှာ ဟင်းချက်တဲ့အစီအစဉ်မှာ ပါဝင်သရုပ်ဆောင် တင်ဆက်ခဲ့တဲ့အတွက် အဲဒီလုပ်ဆောင်ချက်ဟာ အခြေခံဥပဒေကို ဖောက်ဖျက်ရာ ကျတယ်ဆိုပြီး တရားရုံးချုပ်က သူ့ကို ၀န်ကြီးချုပ်ရာထူးက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Judicial Coup လို့ ခေါ်ပါတယ်။

အခုပြောပြခဲ့တဲ့ အာဏာသိမ်းခြင်း နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေမှာ တစ်ချို့က ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်နေပြီး တစ်ချို့ကိုတော့ မကြားဖူးသလောက်ရှိနေတာကို တွေ့ရမှာပါ။ ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ စံသတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ လောလောဆယ် မရှိသေးပါဘူး။ အခုရေးပြခဲ့တာတွေကလည်း နားလည်သလို ဖွင့်ဆိုရှင်းပြခြင်းသာ ဖြစ်ပါတယ်။

ထစ်ကနဲရှိ ပြည်သူလူထုကို စစ်တပ်နဲ့ လှည့်ခြောက်ပြီး ကိုယ်လိုရာကို ကျုံးသွင်းဖျားယောင်းတတ်တဲ့ မဟာက၀ိ နိုင်ငံရေးသမား ပညာယှိကြီးများ ဒီကိစ္စကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ပြုသင့်ကြောင်း အကြံပြုအပ်ပါတယ် . . .

No comments:

Post a Comment