ဒုတိယနှစ်ကျောင်းသားတစ်ယောက်အဖြစ် ကျောင်းဝင်းထဲကို ပြန်ရောက်လာရတာ ပထမနှစ် ရောက်ခါစတုန်းကလို မဟုတ်ဘဲ ခြေလှမ်းတွေ လေးလံနေပါတယ်။ ဧည့်သည်လာ အိမ်ရှင်ဖယ်ပေးဆိုတဲ့ ငယ်ငယ်တုန်းက ကစားနည်းတစ်ခုလိုများ ဖြစ်နေသလား . . . မနှစ်က ကျောင်းပြီးသွားတဲ့ ဘေးခန်းက စံပယ်ပန်းလေးကို ကျွန်တော် ပြန်ဆုံနိုင်ခွင့် မရှိတော့ဘူးလေ။ အင်မတန် ကံစပ်တယ်ဆိုရင်တောင် ပြန်တွေ့ရမယ့် မျှော်လင့်ချက်က အဝေးကြီးဝေးနေခဲ့ပါပြီ။ မြန်မာကျောင်းသားလေး မိုမို သတိတရဖြစ်နေတဲ့ ဂျပန်ပြည်က စံပယ်ပန်းလေးကတော့ အခုချိန်ဆိုရင် သူအလုပ်သင်ဝင်လုပ်နေတဲ့ နယူးယောက်မြို့လယ်ကောင်က ကုမ္ပဏီရုံးခန်းထဲမှာ အလုပ်တွေများလို့ပဲ ပင်ပန်းနေမလား၊ အပေါင်းအသင်းအသစ်တွေနဲ့ပဲ ပျော်ရွှင်နေမလား၊ ဒါမှမဟုတ် မိုမိုလွမ်းနေသလိုပဲ . . .
ခရီးဆောင်အိတ်ကိုဆွဲပြီး ဓာတ်လှေခါးထဲရောက်တော့ အရင် ရင်းနှီးနေကျ ရေမွှေးနံ့လေးကို တမ်းတမိပါတယ်။ ခါတိုင်း အခန်းရှေ့က ဖြတ်သွားပြီဆိုရင် စံပယ်ပန်းလေးသွားတဲ့ နေရာကို ရေမွှေးနံ့ ခြေရာခံပြီး လိုက်နိုင်လောက်အောင် ဆွဲဆောင်အားကြီးတဲ့ သင်းပျံ့ပျံ့ ရေမွှေးနဲ့လေး။ အခုတော့ ဘယ်သူတွေကို လမ်းပြနေပြန်ပြီလဲကွယ် . . .
အခန်းတံခါးကို ဖွင့်လိုက်တော့ မနှစ်က တစ်နှစ်လုံး နေခဲ့တဲ့ အခန်းလေးက တစိမ်းဆန်နေသလိုပါပဲလား။ ပြီးခဲ့တဲ့ နွေဦးပေါက်က မြန်မာပြည်ပြန်တော့ အခန်းကို ပြန်အပ်ထားခဲ့ရတာ။ အခု အခန်းကို ပြန်ရောက်တော့ သခင်ဟောင်းကို ကြိုတာနဲ့ မတူဘဲ သခင်သစ်နဲ့ တွေ့ရသလို စိမ်းစိမ်းကားကား။ တယ်လီဖုန်းတစ်လုံးနဲ့ အရေးပေါ်အိတ်တစ်လုံးတင်ထားတဲ့ သံမဏိစားပွဲ၊ ဘီးတပ်ကုလားထိုင်တစ်လုံး၊ ခုတင်က မွေ့ယာပေါ်မှာ ခေါင်းအုံးတစ်လုံးနဲ့ သေသေသပ်သပ်ခေါက်ထားတဲ့ အိပ်ယာခင်းအထုပ်၊ အခန်းထောင့်မှာချထားတဲ့ အမှိုက်ပုံးဝိုင်းလေး နှစ်ခုတို့ဟာ ပြန်ရောက်လာတဲ့ သခင်ဟောင်းကို ၀မ်းသာအားရ ကြိုရမယ့်အစား . . .
ပါလာတဲ့ ခရီးဆောင်အိတ်ကို ခုတင်ခြေရင်းမှာ ချပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့ မိုးဖွဲလေးတွေနဲ့အတူ စိမ့်ကနဲဝင်လာတဲ့ အေးစက်စက်လေပြေရိုင်း။ မြင်ဖူးနေကျပေမယ့် မရိုးနိုင်အောင်လှပါတယ်လို့ ခါတိုင်း တသသဖြစ်ခဲ့ရတဲ့ ပြတင်းပေါက်မြင်ကွင်းက ဒီတစ်ခါတော့ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေသလိုလို။ ဆောင်းဦးရွက်ကြွေအစပိုင်းမို့ ဟိုတစ်စ သည်တစ်စဆိုသလို နေပြောက်ထိုး ၀ါကျင်နေတဲ့ ချယ်ရီရွက်လေးတွေကို စိမ်းညို့နေတဲ့ ချယ်ရီပင်တန်းမှာ မြင်နေရတယ်။ အမှန်က ဒီအချိန်ဆိုတာ နေရောင်ခြည် တောက်တောက်ပပနဲ့ စိမ်းစိမ်းမြမြ လှနေရမှာ မဟုတ်ဘူးလား။ အခုတော့ မုန်တိုင်းအရှိန်နဲ့ ညို့ချင်တိုင်းညို့ပြီး စွေချင်တိုင်းစွေနေတဲ့ မိုးက ဆောင်းဦးရွက်ကြွေအစရဲ့ စိမ်းမြမြအလှကို ဖျက်ရုံတင်မက နှလုံးသားက အလွမ်းရင့်ရင့်ကို ထပ်ဆင့်လို့ တိုးစေပြန်ပါပကော . . .
မနှစ်က တစ်နှစ်လုံး နံရံတစ်ချပ်တည်းခြားပြီး နေလာခဲ့တဲ့ တစ်ဘက်ခန်းက စံပယ်ပန်းလေး မရှိတော့ဘူး ဆိုတဲ့အသိက ခံစားချက်တွေကို ဟာလာဟင်းလင်း ဖြစ်စေသလိုပါပဲ။ အမှန်ဆိုရင် ဒီနေ့လို နေ့မျိုးဟာ အခန်းကို ပြန်ရောက်တာနဲ့ ပစ္စည်းတွေ နေရာချ၊ စတိုခန်းမှာ အပ်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်၊ စာသင်ခန်းဘေးက ကိုယ်ပိုင်စာတိုက်ပုံးထဲ ရောက်နေမယ့်စာတွေကို သွားစစ်၊ သီချင်းတကျော်ကျော် ချွေးတလုံးလုံးနဲ့ ပညာသင်နှစ်အစရဲ့ ပထမဆုံး နေ့အဖြစ် ပျော်ရွှင်တက်ကြွနေသင့်တာ။ အခုတော့ . . .
ဟိုးအဝေးက စံပယ်ပန်းလေးရေ . . .
( ၁၃ စက်တင်ဘာ ၂၀၁၅ )
https://www.facebook.com/permalink.php?story_fbid=951244374940198&id=873066482757988
No comments:
Post a Comment