Tuesday 22 September 2015

တစ်နေ့ညက ကောင်မလေး

          ပြီးခဲ့တဲ့နှစ် နွေဦးပွင့်ဝေတန်း စာမေးပွဲနားနီးတုန်းကပေါ့။ နွေဦးပွင့်ဝေတန်းဆိုတာ ထုံးစံအတိုင်း အပျော်အပါးတွေ ပွဲလမ်းသဘင်တွေကလဲ များပါဘိသနဲ့။ အချိန်တွေက ဘယ်လို ကုန်မှန်းမသိ ကုန်ရင်း နောက်ဆုံးပတ်ကို ရောက်လာတာ။ လတ်လျားလတ်လျား လုပ်စရာတွေများလှတဲ့အပြင် စာတမ်းရေးစရာလည်း အများဆုံး အတန်းလို့ ဆိုရမယ်ထင်တယ်။ နောက်ဆုံးအပတ်ကျမှ စာတမ်းတွေ စုပုံရေးရတဲ့အဖြစ် မရောက်အောင်ဆိုပြီး အချိန်ဇယားနဲ့ စာတမ်းတွေ တစ်စောင်ပြီးတစ်စောင် ဖြတ်နေရတဲ့ ကာလပေါ့။

          မှတ်မှတ်ရရ အဲသည်အပတ်က ဆရာကြီးနာကာမူရရဲ့ စစ်ပြီးခေတ် ဂျပန် စီးပွားရေးသုံးသပ်ချက်စာတမ်း အပြီးရေးဖို့ အချိန်ဇယားဆွဲထားတဲ့အပတ်။ ရည်မှန်းထားတဲ့အတိုင်းလည်း စာတမ်းကို သတ်မှတ်ရက်မှာ ပြီးအောင် ရေးဖြစ်ပါရဲ့။ အဲ အချောသတ်ဖို့ကတော့ ထုံးစံအတိုင်း ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ပေါ့လေ။ ဖြစ်ချင်တော့ အဲဒီနေ့ နေ့လည်ပိုင်း စာတမ်း အချောသတ်ဖို့ အချိန်ဇယားထဲ ထည့်ဆွဲထားတဲ့ အချိန်မှာ မထင်မှတ်တဲ့ ကိစ္စတစ်ခု ပေါ်လာလို့ အချိန်ပေးလိုက်ရတယ်။ နေ့လည်ပိုင်းမှာ အပြီးသတ်ရမယ့် စာတမ်းကို နေမ၀င်ခင် အပြီးမသတ်နိုင်တော့ ဒီနေ့ည အပြီးပေါ့။ ကိုယ့်ဘာသာ ဆွဲထားတဲ့ အချိန်ဇယားအရ အဲသည်နေ့ည စာတမ်းမပြီးရင် မအိပ်ရတော့ဘူးဆိုတဲ့ အခြေအနေ။ ဟုတ်တယ်လေ။ နွေဦးပွင့်ဝေတန်းရဲ့ နောက်ဆုံးရက်သတ္တပတ်ကလည်း နီးသထက် နီးလာပြီ ဆိုတော့ ဒီဟာတစ်ခုကို နောက်ဆုတ်လိုက်တာနဲ့ ကျန်တာတွေအကုန်လုံး ကမောက်ကမ ဖြစ်ရတော့မယ်။

          အရေးပေါ် ပေါ်လာတဲ့ ကိစ္စ၀ိစ္စအပြီး ထမင်းချက်ဖို့တောင် အချိန်မရတော့လို့ ညစာကို ကျောင်းကဆိုင်မှာ အပြေးအလွှားသွားစား။ ပြီးတာနဲ့ ကျောပိုးအိတ်လွယ်ပြီး စာကြည့်တိုက်ကို ချီတက်ရတော့တာ။ စာတမ်းကို အချောသတ်ရင်း သတ်ရင်းနဲ့ စာကြည့်တိုက်ပိတ်တဲ့ ခေါင်းလောင်းသံကြားမှပဲ ည ဆယ့်နှစ်နာရီ ထိုးပြီးဆိုတာ သတိထားမိတယ်။ စာတမ်းက စိတ်တိုင်းကျ မဖြစ်သေး။ စာကြည့်တိုက်ထဲမှာတော့ ဆက်ထိုင်လို့ မဖြစ်တော့တာမို့ ပစ္စည်းပစ္စလေးတွေ ကျောပိုးအိတ်ထဲ ထိုးသိပ်ထည့်ပြီး တစ်ညလုံး စာထိုင်လုပ်လို့ရတဲ့ စာကြည့်ခန်း Study Room ထဲ အသိုက်ပြောင်းလာခဲ့တယ်။

          စာကြည့်ခန်းထဲမှာ ထိုင်နေတာ အစကတော့ သူလိုကိုယ်လို ကျောင်းသားတွေ အများကြီးပေါ့။ အဖွဲ့လိုက် စာလုပ်တာတွေ ကိုယ့်လိုပဲ တစ်ယောက်တည်း စာလုပ်တာတွေ အသီးသီးပေါ့။ ကိုယ့်စာတမ်းကိုယ် အချောသတ်နေရင်း စာကြည့်ခန်းထဲမှာ လူတွေက တဖြည်းဖြည်း လျော့လျော့လာတယ်။ နောက်ဆုံး ကိုယ့်စာတမ်း ပုံနှိပ်ထုတ်ဖို့ပဲ ကျန်တော့တယ်ဆိုတဲ့ အဆင့်ရောက်တော့ အခန်းထဲမှာ ကိုယ်တစ်ယောက်ပဲ ကျန်တော့တယ်။ ကိုယ်က အဖွဲ့လိုက်စာဆွေးနွေးတဲ့ အခန်းထဲမှာ ထိုင်နေတာကိုး။ မှန်အကြည်တစ်ချပ်ခြားထားတဲ့ တစ်ယောက်ချင်း စာကြည့်ခန်းမှာတော့ ကောင်မလေးတစ်ယောက်ထိုင်နေတာ သတိထားမိတယ်။ နာရီကြည့်လိုက်တော့ မနက်ကြီးသုံးနာရီ ထိုးလုပြီ။ ဒီကောင်မလေး ကြိုးစားလှချည်လားပေါ့။ အော် သူလည်း ကိုယ်လိုပဲ အရေးကြီးစာတမ်း အပြီးသတ်နေတာ ထင်ပါရဲ့လို့ တွေးပြီး ပစ္စည်းလေးတွေ ကျောပိုးအိတ်ထဲထည့်။ စာတမ်းကလည်း သက်ဆိုင်ရာ ပါမောက္ခဆီကို အီးမေးနဲ့ ပို့်လိုက်ပြီဆိုတော့ ၀န်ထုပ်ဝန်ပိုးတစ်ခုတော့ လျော့ပြန်ပဟ ဆိုတဲ့ အပျော်လေးတွေနဲ့ သီချင်းလေးညည်းရင်း စာကြည့်ခန်းထဲက ထွက်ခဲ့တယ်။
ကိုယ့်သီချင်းသံကြားလို့လားမသိ။ ဟိုဘက်အခန်းက ကောင်မလေးက ခေါင်းငုံ့စာကြည့်နေရာက ကိုယ့်ကို ခေါင်းထောင်ကြည့်တာနဲ့ ဟိုင်းဆိုပြီး လက်ပြ နုတ်ဆက်လိုက်တယ်။ ဟင် . . . ဘယ်လို ကျောင်းသူလဲဟ။ ကိုယ်က လက်ပြနုတ်ဆက်တာတောင် ပြန်နုတ်ဆက်ဖော်မရဘဲ ငူငူကြီး ကြည့်နေတာ။ နေပေါ့။

          အခန်းထဲက ပြန်ထွက်လာတော့မှ သတိထားမိတယ်။ ကောင်မလေးက ဆာရီဝတ်ထားပါလား။ သာမန်အားဖြင့်ဆိုရင် အိန္ဒိယတိုင်းရင်းသူတွေက ပွဲလမ်းသဘင်ရှိရင် ဆာရီဝတ်လေ့ ရှိပေမယ့် အခုလို ညကြီးအချိန်မတော် စာကြည့်ခန်းထဲ လာထိုင်တာတော့ ဆာရီဝတ်လေ့ဝတ်ထ မရှိပါဘူးပေါ့။ တွေးရင်းလမ်းလျှောက်ရင်း နောက်က ခြေသံကြားလို့ လှည့်ကြည့်တော့ စောစောက ကောင်မလေး။ ဆာရီလေး လွင့်လွင့် လွင့်လွင့်နဲ့ နောက်က လျှောက်လာတာ တွေ့တယ်။ ခါတိုင်းလို ဆိုရင်တော့ ဒီအချိန်မျိုးမှာ သူ့ကို စောင့်ခေါ်ပြီး စကားလေးဘာလေးပြော အဆောင်ကို အတူတူပြန် အဖော်လုပ်သင့်တာ။ စောစောက သူ့ကို နုတ်ဆက်တာကို ပြန်မနုတ်ဆက်လို့ တော်တော်ကြီးကျယ်တဲ့ ဟာမလေးလို့ စိတ်ထဲ ခပ်တင်းတင်းဖြစ်ပြီး ကိုယ့်ဘာသာပဲ လျှောက်နေလိုက်တယ်။

           နွေဦးပွင့်ဝေတန်း နှင်းတွေ ကုန်လုလုအချိန်။ အဆောင်နှစ်ကို ပြန်တဲ့လမ်းကို ချယ်ရီပင်တန်းအောက်က မလျှောက်ရတာ ကြာခဲ့ပါပကော။ နှင်းတွေဝေနေတုန်းက အပြင်လမ်းမှာ သွားလို့မရလို့ လှိုဏ်ခေါင်းလိုဖြစ်နေတဲ့ စင်္ကြန်ထဲမှာပဲ လျှောက်ခဲ့ရတာ တစ်ဆောင်းလုံးပဲ ဆိုပါတော့။ အခုတော့ နှင်းတွေလည်း ပျော်ပြီ။ စင်္ကြန်လည်း ဖွင့်ပြီ။ မလျှောက်ရတာ ကြာပြီဖြစ်တဲ့ အပြင်လမ်း အမှတ်တရ ချယ်ရီပင်လေးတွေအောက်က စိတ်အေးလက်အေး လျှောက်ရပြီပေါ့။ လကလေးကလည်း သာ၊ လေကလေးကလည်း ညင်းညင်းသွဲ့သွဲ့၊ ဒီနေ့အတွက် ရည်မှန်းထားတဲ့ အလုပ်တစ်ခုကိုလည်း စိတ်တိုင်းက လက်စသတ်နိုင်ခဲ့ပြီဆိုတော့ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ သီချင်းလေး တညည်းညည်း ချယ်ရီပင်တန်းက လျှောက်လာခဲ့တယ်။

          ခုန စာကြည့်ခန်းထဲမှာ တွေ့ခဲ့တဲ့ ကောင်မလေး။ ကိုယ်ပြန်မှ သူလည်း ထလိုက်လာတာဆိုတော့ တစ်ယောက်တည်း အဆောင်မပြန်ရဲလို့ နေမှာပေါ့ဆိုတဲ့ စာနာစိတ်လေးနဲ့ သူ့ကိုလည်း စောင့်မယ်ဆိုပြီး နောက်ကို လှည့်ကြည့်တော့ စင်္ကြန်လှိုဏ်ခေါင်းထဲမှာ ဆာရီလေး လွင့်လွင့် လွင့်လွင့် နဲ့ ဆင်မယဉ်သာ လျှောက်နေတုန်း။ ဘာပဲပြောပြောလေ။ သူက မိန်းမကလေးကိုး။ ကိုယ်က ယောက်ျားလေးဆိုတော့ ကျောင်းသားကျောင်းသူချင်း စောင့်ရှောက်ရမယ့် ၀တ္တရားက ရှိသေးတာကိုး။ သူလည်း အနှောင့်အယှက်မဖြစ်ရအောင်။ သူ့ကို စောင့်ပေးရာလည်း ရောက်အောင် အဆောင်အောက် အ၀င်တံခါးရောက်မှ ရပ်စောင့်တော့မယ်ဆိုပြီး ကိုယ့်ဘာသာ စိတ်အေးလက်အေး ဆက်လျှောက်လာခဲ့တယ်။ လျှောက်ရင်းလျှောက်ရင်း အမှတ်တရ ချယ်ရီပင်တစ်ပင်အောက်ရောက်တော့ လေညင်းတစ်ချက် စိမ့်ကနဲ့ ဝေ့သွားပြီး ကြက်သီးများထောင် ထသွားမိတယ်။ လူလည်း ဘုမသိ ဘမသိ ခေါင်းနပန်း ကြီးသွားတယ်။ ဒါနဲ့ စိတ်ထဲ မလုံမလဲ ဖြစ်ပြီး နောက်ကို လှည့်ကြည့်တော့ မယ်မင်းကြီးမက အလှမယ်ပြိုင်ပွဲဝင်သလို တစ်လှမ်းချင်း လျှောက်လို့ ကောင်းတုန်း။ ဒီအပင်က ဟိုတစ်နှစ်က ခွင့်ပြန်ချိန်မှာ သေသွားတဲ့ ကျောင်းသူတစ်ယောက် အမှတ်တရ စိုက်ထားတဲ့အပင်မို့ သူလေးများ ကြောက်နေမလားဆိုပြီး စောင့်ခေါ်ချင်ပေမယ့် ဒင်းကလေးက တစ်လှမ်းချင်း လှုပ်လီလှုပ်လဲ့ လုပ်နေတာနဲ့ ကိုယ့်ဘာသာပဲ ဆက်လျှောက်လာခဲ့တယ်။

          အဆောင်နှစ်အောက် အ၀င်ပေါက်ရောက်တော့ သူ့ကို စောင့်လိုက်ပါမယ်လေဆိုပြီး ရပ်စောင့်နေတယ်။ အမယ်လေး ကိုယ်ကသာ သူလေးများ ကြောက်လေမလားဆိုပြီး စိုးရိမ်နေတာ။ ကျေးဇူးရှင်မက ခုနင်ကပြောတဲ့ ချယ်ရီပင်အောက်မှာ ရပ်လို့ဗျား။ ကိုယ်ဟန်ပြနေသလားတောင် ထင်ရတယ်။ ရပ်နေတာများ နွဲ့နွဲ့လျလျ လှလှပပလေး။ မြေကြီးနားမှာတွဲကျနေတဲ့ ချယ်ရီကိုင်းလေးတောင်မှ ယီးလေးခိုပြီး ဆော့နေလိုက်သေးတယ်။ အမယ်။ ဒါ ဒီလို ဆော့နေရမယ့်အချိန်လား။ မဖြစ်သေးပါဘူး။ ညကြီးအချိန်မတော် သွားခေါ်အုံးမှပါလေဆိုပြီး ချယ်ရီပန်အောက် ပြန်သွားတော့ သူက ချယ်ရီပင်နောက်ကိုတောင် ၀င်ပုန်းလိုက်သေး။ ဒီမှာ မိန်းကလေး ဒါ ဆော့နေရမယ့်အချိန်မဟုတ်ဘူး။ ရာသီဥတုကလည်း ဆောင်းကုန်ပြီဆိုပေတဲ့ ဒီလောက် အေးလှသေးတာကို လေတိုက်ကြီးထဲ အကြာကြီး နေနေရပါ့မလားဆိုပြီး ချယ်ရီပင်ကို ပတ်ကြည့်တော့ မတွေ့တော့ဘူး။ ဆာရီအဖြူ လွင့်လွင့် လွင့်လွင့်နဲ့ အသာထားလို့ အစအနကို ရှာမရဘူး။ စောစောက သူယီးလေးခိုထားတဲ့ ချယ်ရီကိုင်းကတော့ လရောင်အောက်မှာ ညွတ်ပဲ့ ညွတ်ပဲ့နဲ့ လှုပ်ရမ်းနေတုန်း။ ဒီကောင်မလေး ဘယ်များ ရောက်သွားပါလိမ့်လို့ တွေးနေတုန်းမှာ စောစောက အပင်အောက်က ဖြတ်တုန်းက ခံစားချက်မျိုးတစ်ခါ ထပ်ဖြစ်လိုက်တယ်။ ဖြန်းကနဲ၊ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားပြီး ခေါင်းနပန်း ကြီးသွားတာ။

          မနှစ်က ကျောင်းပြီးသွားတဲ့ အစ်ကိုကြီးတစ်ယောက် ပြောခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရုတ်တရက် သတိရမိလိုက်တယ်။ ဟင် ငါ့အစ်ကိုကြီး ကြုံခဲ့သလိုကြီးပါလား။ အစ်ကိုကြီး ပြောတုန်းကတော့ မူးမူးနဲ့ လျှောက်ပြောတယ်ပဲ အောက်မေ့ပြီး ပေါ့ပေါ့ပါးပါး မေ့မေ့ပျောက်ပျောက် နေခဲ့တာ။ ဘုရား ဘုရား . . . ယသာနုဘာဝတော ယက္ခာ နေ၀တေဿနိ ဘီသနံ . . . . သံဗုဒ္ဓေ အဌ၀ီသဉ္စ . . .

          အခန်းကို ဘယ်လိုနည်းနဲ့ ဘယ်လိုရောက်သွားလဲတော့မသိ။ အခန်းထဲရောက်တဲ့အချိန်မှာ လူလည်း ချွေးသီးချွေးပေါက်တွေနဲ့ ချွဲနစ်နေလို့ အကျီင်္အမြန်လဲလိုက်ရတယ်။ ဘယ်လိုမှ အိပ်လို့မရတော့တဲ့အတူတူ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့တွေ၊ သီတဂူဆရာတော်ဘုရားကြီးရဲ့ ပရိတ်ကြီးတွေနဲ့အတူ မိုးစင်စင်လင်းခဲ့ရတယ်။

           တော်ပြီ. . . တော်ပါပြီ. . . နောက်များတော့ ဘယ်လောက်ပဲ စာအရေးကြီးကြီး ညဥ့်နက်သန်းခေါင် စာကြည့်ခန်းထဲ သွားမထိုင်တော့ဘူး။ ကိုယ့်အခန်းမှာကိုယ်ပဲ စာကြည့်တော့မယ်။ ဘုရား ဘုရား ကံကြီးပေလို့ပေါ့ . . .


No comments:

Post a Comment