Friday, 1 January 2016

E K I D E N 駅伝


           ပြေးပွဲဝင်ဖို့ စာရင်းပေးထားပေမယ့် မနက်မနက် ထပြေးရမှာ ပျင်းလို့ တစ်ရက်မှတောင် မလေ့ကျင့်လိုက်ရပါဘူး။ လမ်းကြောင်းလေးက တိုတိုလေး ဆိုပေမယ့် မောတော့လည်း အမောသားဗျ။ သင်တန်းမှာတုန်းကလို ပြေးလိုက်လျှောက်လိုက် လုပ်ချင်ပေမယ့် အားပေးနေတဲ့သူတွေက လမ်းတစ်လျှောက်လုံး ရှိနေပြီး ဂမ်ဘာဒယ် ဂမ်ဘာဒယ် ၀ိုင်းအော်ကြ လက်ခုပ်တွေတီးကြနဲ့ (သူတို့ပြေးရတာမဟုတ်တိုင်း လူကိုဝိုင်းပြီး တွန်းအားပေးနေကြတော့) လူရှင်းတဲ့နေရာရောက်မှ လမ်းလျှောက်ပါတော့မယ်လေဆိုပြီး ပြေးရင်းပြေးရင်း ပန်းသာဝင်သွားရော လူရှင်းတဲ့နေရာက ရောက်ကို မရောက်လိုက်ပါဘူး။ ပန်းဝင်လာတဲ့မျက်နှာက မောတဲ့မျက်နှာ မဟုတ်ပါဘူးလို့တော့ မပြောနဲ့ဗျ။ ညီလေးတစ်ယောက်က စောင့်ပြီး ဓာတ်ပုံရိုက်မှာဆိုတော့ ပန်းအ၀င်ကို မနည်းအားတင်းပြီး ပြုံးထားရတာ။
Thank you Nann Winn for taking this memorable photo

သက်တော်ရှည် ဘိုးဘိုးကြီးတို့အကြောင်း


          အနော့်ကို အကြားအမြင်ရနေတယ်ထင်လို့လား ဘာလားတော့ မသိပါဘူး။ ညီငယ်တွေ သူငယ်ချင်းတွေက ဒီရက်ပိုင်း လာလာမေးကြတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ သူတို့ကိုလည်း ဖြေရင်း ကိုယ်လည်း မှတ်စုတစ်ခု ရသွားအောင် ဒီစာကို ရေးလိုက်ပါတယ်။

           မေးခွန်းက နောက်အစိုးရလက်ထက်ကျရင် ပြည်ထောင်စုတရားသူကြီးချုပ် နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဘယ်သူတွေ ဖြစ်မလဲ. . . တဲ့

          တရားသူကြီးနဲ့ ရှေ့နေဆိုတာ လုပ်ငန်းသဘောသဘာဝအရ နီးစပ်တာ ဖြစ်တဲ့အတွက် ဒီလို မေးကြတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီရာထူးနှစ်ခုရဲ့ သဘောသဘာဝတော့ အင်မတန်ကို ကွဲပြားခြားနားပါတယ်ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ အတိုချုပ်ပြောရရင် တရားသူကြီးချုပ်ဆိုတာ အစိုးရ မဏ္ဍိုင်ကြီး သုံးရပ်ထဲက တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အကြီးအကဲ ဖြစ်ပြီး ရှေ့နေချုပ်ဆိုတာကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်က ဥပဒေအကြံပေး လက်ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်တယ် ဆိုတာပါပဲ။

          အစိုးရတစ်ရပ်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုပြီး မဏ္ဍိုင်ကြီး သုံးခုရှိတဲ့အနက် ဥပဒေပြုရေးရဲ့ အကြီးအကဲက ပြည်ထောင်စုလွှတ်တော် နာယက၊ အုပ်ချုပ်ရေး အကြီးအကဲက နိုင်ငံတော် သမ္မတဖြစ်ပြီး တရားစီရင်ရေး အကြီးအကဲက ပြည်ထောင်စု တရားသူကြီးချုပ် ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ပြည်ထောင်စု ရှေ့နေချုပ်ဆိုတာ သမ္မတလက်အောက်က ဥပဒေရေးရာကိစ္စတွေအတွက် ဆောင်ရွက်ပေးဖို့ သမ္မတ စိတ်ကြိုက်ခန့်ထားတဲ့ ရာထူးဖြစ်တာမို့ ပြည်ထောင်စုရှေ့နေချုပ် ဘယ်သူ ဖြစ်မလဲ ဆိုတာ သမ္မတစိတ်ထဲမှာပဲ ရှိပါလိမ့်မယ်။
          ဒါဆို ပြည်ထောင်စု တရားသူကြီးချုပ်ကရောတဲ့။ ဟုတ်ကဲ့ အင်မတန်မှ အရေးပါလှတဲ့ ရာထူးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်ရတဲ့ အဲသည် ရာထူးက ဘယ်လောက်တောင် အရေးပါသလဲ ဆိုရင် သမ္မတနဲ့ အစိုးရအဖွဲ့တွေ လွှတ်တော်ဥက္ကဌတွေ အမတ်တွေ ငါးနှစ် သက်တမ်းပြည့်လို့ ရာထူးက ဆင်းသွားရင်တောင် သူက လိုက်ဆင်းစရာ မလိုပါဘူး။ အဲသလောက်တောင် အရေးပါပါတယ်။ ငင် . . . ဒါဆိုရင် အရင် ဦးသိန်းစိန် သမ္မတဖြစ်စက ခန့်ခဲ့တဲ့ တရားသူကြီးချုပ်က ဆက်ရှိနေအုံးမှာပေါ့ ဆိုရင် ဟုတ်ကဲ့လို့ပဲ ဖြေရပါလိမ့်မယ်ဗျာ။

          ဒီလိုပါ။ သမ္မတ တစ်ယောက်တက်တိုင်း တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို တက်လာတဲ့ သမ္မတတွေက ခန့်နေရရင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားနိုင်စရာ ရှိပါတယ်တဲ့။ ဒါကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးရဲ့ ရာထူးသက်တမ်းကို သတ်မှတ်ကြပြီလား ဆိုရင် သမ္မတသက်တမ်းနဲ့ အတူတူ သတ်မှတ်လို့ မဖြစ်ပါဘူးတဲ့။ မြန်မာပြည်က ပြည်ထောင်စုတရားသူကြီးချုပ်ရဲ့ သက်တမ်းကို ရာထူးတာဝန် ထမ်းဆောင်တဲ့ကာလနဲ့ သတ်မှတ်ခြင်း မရှိပါတဲ့။ ဥပမာ သမ္မတ၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်တယ် လို့ သတ်မှတ်ထားပေမယ့် ပြည်ထောင်စု တရားသူကြီးချုပ်ကတော့ အသက်ခုနစ်ဆယ် ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခွင့် ရှိပါသတဲ့။ အခြေခံဥပဒေ ပုဒ်မ ၃၀၁(က) နဲ့ ပုဒ်မ ၃၀၃ တို့အရ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေအဖြစ် အသက်ခုနစ်ဆယ် ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခွင့် ပေးထားတော့ သူတို့တွေရဲ့ ရာထူးသက်တမ်းက အများဆုံး အနှစ်နှစ်ဆယ်တောင် ရှိတဲ့သဘောပါပဲ။ ( သမ္မတလေးဆက်လောက် ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်တဲ့ သဘောပါပဲ။)အဓိပ္ပာယ်ကတော့ သမ္မတကြီး ဦးသိန်းစိန် ခန့်အပ်ခဲ့တဲ့ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေက ဘယ်အစိုးရပြောင်းပြောင်း ဘယ်သမ္မတ ပြောင်းပြောင်း သူတို့တွေက အငြိမ်းစား ယူစရာမလိုဘဲ သက်တော်ရှည် ဘိုးဘိုးကြီးတွေအဖြစ် အသက်ခုနစ်ဆယ်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခွင့် ရှိနေပါသတဲ့ ခင်ဗျာ

           ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကို ဒီလို သတ်မှတ်ရခြင်းရဲ့ အနှစ်သာရကတော့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ခိုင်မာတောင့်တင်းစေမှုကို အားကောင်းစေဖို့ပဲ ဖြစ်ပါတယ်။
ဒီအနှစ်သာရရဲ့အလှတရားကို မသိတာပဲလား သိသိကြီးနဲ့ပဲလားတော့ မသိပါဘူး။ ဟိုတစ်လောက အခြေခံဥပဒေ ပြင်ဖို့ ကြိုးစားကြတုန်းက တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးတွေရဲ့ သက်တမ်းကို သမ္မတ သက်တမ်းနဲ့ အတူတူထားဖို့ လွှတ်တော်ထဲက ဥာဏ်ကြီးရှင်များက လုပ်ခဲ့ကြသေးသဗျ။ တော်သေးတယ်လို့ ပြောရမယ်။ သူတို့ ရွှေဥာဏ်တော် စူးရောက်တိုင်းသား အလုပ်ဖြစ်ခဲ့ရင် အခုလို ကာလပျက်ကြီးမှာ ပေါ်လာတဲ့ အာဏာရှင်လက်ထဲ အာဏာသုံးရပ်စလုံး ရောက်သွားမှာဗျ။ အဲသည် ပုဒ်မ ပြင်ဆင်မှု အထမမြောက်ခဲ့ပေလို့သာပေါ့။

          လိုရင်းကို ပြောရရင် ခုတက်လာမယ့် သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို ခန့်အပ်နိုင်မလားဆိုတာ ခုလက်ရှိ ဦးသိန်းစိန် ခန့်ခဲ့တဲ့ တရားသူကြီးတွေ အသက်ဘယ်လောက် ရှိနေပြီလဲဆိုတဲ့အပေါ် မူတည်ပြီး အသက်ခုနစ်ဆယ် မပြည့်ကြသေးလို့ ဆက်ပြီးလည်း တာဝန်ထမ်းနိုင်သေးတယ်ဆိုရင် ခုတက်လာမယ့် သမ္မတက တစ်ယောက်မှ ထပ်ခန့်စရာ မလိုတဲ့အကြောင်း၊ တစ်ယောက်စ နှစ်ယောက်စ အသက်ခုနစ်ဆယ်ပြည့်လို့ အငြိမ်းစားယူမှသာ လစ်လပ်သွားတဲ့ နေရာလေးတွေကို ဖြည့်စွက် ခန့်အပ်ပေးရမှာ ဖြစ်ကြောင်း ပြောပြချင်တာပါ။

ခင်ဗျာ . . . ဓီမိုကလေစီ ဟုတ်လား။

အဲဒါ ဓိမိုကလေစီ မကျဘူး လို့ ပြောချင်တာလား . . .

          ဓီမိုကလေစီ ကျမကျတော့ မသိဘူးဗျ။ အမေရိကန်မှာဆိုရင် အသက်ခုနစ်ဆယ်ပြည့်တောင် အငြိမ်းစား ယူစရာမလိုဘဲ တစ်ခါခန့်တာနဲ့ ရာသက်ပန် မသေမချင်း တာဝန်ထမ်းဆောင်ခွင့် ပေးထားတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန် လက်ထက်ကနေ ဒီနေ့ အိုဘားမား လက်ထက်အထိ နှစ်ပေါင်း နှစ်ရာနှစ်ဆယ့်ခြောက်နှစ်အတွင်း သမ္မတ လေးဆယ့်လေးယောက် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် တရားသူကြီးချုပ်ကတော့ ဆယ့်ခုနစ်ယောက်ပဲ ရှိပါသေးတယ်။ အခု အိုဘားမားကြီးတောင် ဒုတိယ ရာထူးသက်တမ်းကုန်လို့ ဆင်းရတော့မယ်။ သူ့အရင်သမ္မတ ဂျော့ဒဗလျူဘုရှ် ခန့်သွားတဲ့ တရားသူကြီးချုပ်နဲ့ပဲ စခန်းသွားနေရတုန်း . . .

. . .ခုလတ်တစ်လောလေးမှာပဲ အမေရိကန် နိုင်ငံတော်တရားရုံးချုပ်မှာ သက်တမ်းအကြာဆုံး တရားသူကြီး Antonin Scalia ဟာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။တရားသူကြီး Scalia ဟာ Texas ပြည်နယ်အတွင်းက အပန်းဖြေမြို့တခုဖြစ်တဲ့ Ciblol Creek Ranch မှာ လူကြီးရောဂါနဲ့ အိပ်နေရင်း ကွယ်လွန်သွားတာလို့ ဆိုပါတယ်။ အသက် ၇၉ နှစ်ရှိပြီတဲ့ ရှေးရိုးစွဲဝါဒီ Scalia ကို ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Ronald Reagan က ၁၉၈၆ ခုနှစ်မှာ ခန့်အပ် တာဝန်ပေးခဲ့တာကြောင့် သူဟာ နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအကြာဆုံး တရားသူကြီးလည်း ဖြစ်ပါတယ်။
ဆက်စပ်ပြီး ဖတ်ချင်ရင် (http://irrawaddy.blog.mmbloggers.com/…/…/4550547144687485242)

စစ်တပ်က အာဏာသိမ်းမှကို ဖြစ်တော့မှာပါ


         စစ်တပ်က အာဏာသိမ်းမှကို ဖြစ်တော့မှာပါ ဆိုတဲ့ ခံစားချက်မျိုး ပေါ်ခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ယိုးဒယားမှာ ရှပ်နီနဲ့ ရှပ်ဝါတွေ အပြိုင်အဆိုင် ဆန္ဒပြကြ ညှိမရ နှိုင်းမရ ဖြစ်နေကြတဲ့ အချိန်မှာပဲ ယိုးဒယားရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ကီဗင် ဟီဝစ်ဆင်ရဲ့ အတန်းမှာ သက်ဆင်ခေတ် ယိုးဒယား နိုင်ငံရေးအကြောင်း လေ့လာနေမိလျက်သား ဖြစ်နေပါတယ်။ ဆရာဟီဝစ်ဆင်က အဲဒီတုန်းက သြစတေးလျ အနောက်ပိုင်း မားဒေါ့ တက္ကသိုလ်က အာရှရေးရာ သုတေသနဌာနညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။

          ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ အစိုးရကိုလည်း ပြိုင်ဘက် နိုင်ငံရေးအုပ်စုက ဘုရင့်အရှိန်အ၀ါနဲ့ လက်မခံနိုင်ဘူး ဖြစ်နေတဲ့အချိန်။ အနီနဲ့ အ၀ါတွေ ဘယ်သူ့ဘယ်သူမှ အလျှော့မပေးဘူး ဖြစ်နေကြချိန်၊ နိုင်ငံရေးမှာ သြဇာကြီးလှပါတယ်ဆိုတဲ့ ဘုရင်မင်းမြတ်ကလည်း ကျန်းမာရေးချို့ယွင်းလို့ နေ့လားညလား စိုးရိမ်ပူပန်နေရချိန်။ ကျွန်တော့် စိတ်ထဲမှာတော့ ယိုးဒယားရဲ့ လက်ရှိ နိုင်ငံရေး ထွက်ပေါက်က စစ်တပ်က အာဏာသိမ်းတာ တစ်ခုပဲ ရှိတော့တယ်လို့ ခံစားရမိပြီး စစ်တပ်က အာဏာသိမ်းမှကို ဖြစ်တော့မှာပါလို့သာ တစ်ထစ်ချ တွက်ထားမိခဲ့ပါတယ်။

          အတန်းထဲမှာ လက်ရှိ ယိုးဒယား နိုင်ငံရေးအကြောင်း ဆွေးနွေးကြတိုင်း ဆရာကတော့ ဘယ်တော့မှ ရှေ့ဖြစ်ကို မခန့်မှန်းပါရစေနဲ့ပဲ ပြောပြီး ကျွန်တော်တို့ကိုသာ ကိုယ့်ထင်မြင်ယူဆချက်တွေကို ပြောပြစေပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဲဒီတုန်းက အတန်းထဲက အခြားကျောင်းသားတွေလည်း ကျွန်တော့် ရဲ့ ထင်မြင်ချက်ကို မထောက်ခံဘူးဆိုရင်တောင် မကန့်ကွက်ခဲ့ကြပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့မှာလည်း ပိုပြီးကောင်းတဲ့ နိုင်ငံရေးဖြေရှင်းနည်း ကြံဆမရလို့ ဖြစ်မယ်ထင်ပါတယ်။

ဆရာဟီဝစ်ဆင်ကို မေးခဲ့ပေမယ့် သူမဖြေခဲ့တဲ့ မေးခွန်းသုံးခု ရှိပါတယ်။

မေးခွန်း (၁)
           ဘူမိဘော ဘုရင်မင်းမြတ်ကို အမေရိကန်မှာ ဖွားမြင်ခဲ့ပြီး ပြည်ပမှာပဲ ပညာသင် ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ ယိုးဒယားကို ခဏပြန်လာတုန်း ဘုရင်ဖြစ်သူ အစ်ကိုတော် အာနန္ဒာမဟီဒေါဟာ နန်းဆောင်ထဲမှာ သေနတ်ဒဏ်ရာနဲ့ ကံတော်ကုန်လို့ ဘူမိဘောက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်ဖြစ်ခဲ့ရတာပါ။ အာနန္ဒာမဟီဒေါ ဘုရင်ကို လုပ်ကြံခဲ့တဲ့ တရားခံ ဘယ်သူလဲ ဆိုတာ အခုထိ သဲသဲကွဲကွဲ မရှိလှပါဘူး။ အဲဒီတရားခံ ဘယ်သူလဲ ဆိုတာ ဆရာဟီဝစ်ဆင်ကို မေးကြည့်ပါတယ်။ မဖြေပါရစေပါနဲ့တဲ့။

 မေးခွန်း (၂)
             ဘူမိဘောဘုရင်မင်းမြတ် ကျန်းမာရေးချို့ယွင်းပြီး နေ့လားညလား ဖြစ်နေတဲ့အချိန် ယိုးဒယား နိုင်ငံရေးကလည်း မတည်မငြိမ် ဖြစ်နေတဲ့အချိန်မို့ ဘုရင်မင်းမြတ်သာ နတ်ရွာစံခဲ့ရင် နောက်တက်မယ့် ဘုရင်ရဲ့ နိုင်ငံရေးအပေါ် သက်ရောက်မှုက တော်တော်လေး ရှိနိုင်တယ်လို့ခန့်မှန်းမိပါတယ်။ ပြည်သူတွေ သိပ်မလေးစားတဲ့ မင်းသားဝီရိယလောင်ကွန်း နဲ့ ပြည်သူတွေ ချစ်ခင်လေးစားတဲ့ မင်းသမီး သီရိဒုံတို့နှစ်ယောက်အနက် ဘယ်သူက ထီးနန်းဆက်ခံရမလဲလို့ ဆရာဟီဝစ်ဆင်ကို မေးခဲ့ပါတယ်။ မဖြေခဲ့ပါဘူး။

မေးခွန်း (၃)
          အနီတွေ အ၀ါတွေနဲ့ ဇာတ်ရှုပ်နေတဲ့ ယိုးဒယားမှာ အရင်တုန်းကလိုပဲ စစ်တပ်က အာဏာသိမ်းမှာလား လို့ မေးခဲ့ပါတယ်။ မဖြေခဲ့ပါဘူး။ ( အဲဒီတုန်းက ၂၀၁၄ ဖေဖေါ်ဝါရီလ ဖြစ်ပြီး သုံးလခန့်အကြာ မေလ ၂၂ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်)

          ၁၉၉၇ ပြည်သူ့အခြေခံဥပဒေရေးဆွဲကျင့်သုံးလာတဲ့အချိန်ကစပြီး ယိုးဒယားဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရောက်ပြီလို့ မှတ်ယူခဲ့ကြပေမယ့် သက်ဆင်တက်လာခဲ့ပြီး ဘုရင်ထက် လက်စောင်းထက်နေလို့ ဘုရင်မင်းမြတ် ရွှေစိတ်တော်ညိုပြီး စစ်တပ်အပေါ် သြဇာကြီးလှတဲ့ ဘုရင့်အကြံပေးကောင်စီ ဥက္ကဌ ဖရမ်တင်စူလန်နိုဒါရဲ့ အားပေးမှုနဲ့ ၂၀၀၆ မှာ စစ်တပ်က တစ်ခါ အာဏာသိမ်း ၂၀၁၄ မှာ တစ်ခါ အာဏာသိမ်း စတာတွေ ဖြစ်ခဲ့ပါတယ်။ အခု ထပ်မေးချင်တဲ့ မေးခွန်းက တကယ်လို့ ဘုရင့်ထက်တောင် အသက်ရှစ်နှစ်လောက်ကြီးတဲ့ အကြံပေးကောင်စီဥက္ကဌ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဖရမ် ကွယ်လွန်ခဲ့ရင် နန်းတော်က စစ်တပ်အပေါ် သြဇာညောင်းပါအုံးတော့မလား ဆိုတာလည်း စိတ်ဝင်စားမိပါတယ်။

            ဘာလို့လဲ ဆိုတော့ သက်ဆင်တက်လာခဲ့ပြီး နောက်ပိုင်းမှာ စစ်တပ်ထဲ သက်ဆင်အုပ်စုနဲ့ ဘုရင်အုပ်စု ကွဲခဲ့ပြီး ဘုရင်အုပ်စုဘက်က အရေးသာသွားလို့ ၂၀၀၆ အာဏာသိမ်းကိစ္စ အောင်အောင်မြင်မြင် ဖြစ်ခဲ့တဲ့ အထောက်အထား ရှိလို့ ဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ကြုံရင် ရေးပါအုံးမယ်။

(ဘာရယ်မဟုတ်ပါဘူး စာတွေဖတ်နေရင်း စိတ်အညောင်းပြေ လျှောက်ရေးတာပါ)

အပြောင်းအလဲ


. . . အပြောင်းအလဲနှင့် ပတ်သက်ပြီး ကြားဖူးနားဝ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။
.
. . . ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ အင်မတန် ကျော်ကြားတဲ့ နက္ခတ်ပညာရှင်တစ်ယောက်ရှိသတဲ့။ သူရဲ့ကျော်ကြားပုံက နက္ခတ်တွေကိုကြည့်ပြီး ရှေ့ဖြစ်ဟောနိုင်တာတင်မက နက္ခတ်တွေကိုပါ ဖျောက်ပစ်နိုင်တဲ့အစွမ်းရှိတယ် လို့ ဆိုပါတယ်။ ဒီသတင်းကို ဘုရင်ကြီးက ကြားသွားပြီး သူ့ကို နန်းတော်ကို ဆင့်ခေါ် ဘုရင့်ရဲ့ ကံကြမ္မာကို ဟောခိုင်းပါတယ်။ ပညာရှင်လည်း ကြယ်တွေ ဂြိုဟ်တွေ နက္ခတ်တွေကိုကြည့်ပြီး ဘုရင်ရဲ့ ကံကြမ္မာကို ဖတ်တာပေါ့။ အဲသည်မှာတင် ဘုရင်အတွက် ကံဆိုးခြင်းတွေကို ဆောင်ကျဉ်းလာတဲ့ ကြယ်တစ်လုံးကို တွေ့ပါလေရော။ ဘုရင်လည်း သူ့အပေါ်ကျရောက်လာမယ့် ကြမ္မာဆိုးတွေကို ရှောင်လွှဲချင်တာနဲ့ အဲသည် ကြယ်ကို ကောင်းကင်ကနေ ဖယ်ရှားပစ်ဖို့ နက္ခတ်ပညာရှင်ကို အမိန့်ပေးသတဲ့။ နက္ခတ် ပညာရှင်က သူ့အစီအမံတွေအတွက် ရက်သတ္တ တစ်ပတ်တော့ အချိန်ပေးပါဆိုပြီး လျှောက်သတဲ့။
.
. . . ခုနစ်ရက်ပြည့်ပြီးလို့ ရှစ်ရက်မြောက်တဲ့နေ့ ညလည်းရောက်ရော ဘုရင်ကြီးက သူဖျောက်ပစ်ခိုင်းလိုက်တဲ့ကြယ်ကြီး ရှိသေးလားဆိုပြီး ကောင်းကင်ကို မော့ကြည့်တော့ ကြယ်ကြီးက အရင်လိုပဲ ထွန်းထွန်းလင်းလင်း ၀င်းဝင်းလက်လက်နဲ့ တောက်ပနေတုန်းပဲတဲ့။ ဒါနဲ့ပဲ ညတွင်းချင်း နက္ခတ်ပညာရှင်ကို ဆင့်ခေါ်ပြီး ကြယ်ကြီးကို ဘာလို့ မဖျောက်ရသေးတာလဲ မေးတော့ ပညာရှင်က ဖျောက်ပြီးပါပြီလို့ ဖြေသတဲ့။ ဘုရင်က သူ့ကို ပြောင်လိမ်ရကောင်းလားဆိုပြီး နက္ခတ်ပညာရှင်ကို ကွပ်မျက်ဖို့ အမိန့်ပေးတယ်။ ပညာရှင်က တင်လျှောက်ရှင်းလင်းပါရစေဆိုတာတောင် ခွင့်မပြုတော့ပဲ ချက်ချင်း ကွပ်မျက်လိုက်သတဲ့။
.
.
.
. . . နှစ်ပေါင်း ငါးရာခန့်အကြာ
.
.
.
. . . တစ်နေ့မှာ နက္ခတ်ပညာရှင်တစ်ယောက်ဟာ ကောင်းကင်ကို လေ့လာစူးစမ်းရင်းနဲ့ တော်တော် အလုပ်များနေသတဲ့။ သူအလုပ်များနေတဲ့ အဓိက အကြောင်းရင်းက မနေ့ကအထိ ရှိနေပြီး ဒီနေ့ကျမှ ကောက်ကာငင်ကာ ပျောက်ခြင်းမလှ ပျောက်သွားတဲ့ ကြယ်တစ်လုံးကို လိုက်ရှာနေတာပါ။ ဒါပေမယ့် အဲသည်ကြယ်ကို သူဘယ်တော့ ရှာတွေ့တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ မနေ့ကအထိ သူတွေ့ခဲ့တဲ့ ကြယ်ဟာလည်း ကြယ်အစစ်မဟုတ်ပါဘူးတဲ့။ တကယ့်ကြယ်အစစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကတည်းက ပျောက်သွားခဲ့ပါပြီတဲ့။ သူမနေ့ကအထိ တွေ့နေမြင်နေခဲ့တာက ပျောက်သွားတဲ့ ကြယ်ရဲ့ အလင်းရောင်သာ ဖြစ်ပါတယ်တဲ့။ အဲသည်အလင်းရောင်ဟာ ကမ္ဘာမြေကို ရောက်ဖို့ အလင်းနှစ်ငါးရာတောင် ကြာလေတော့ ကြယ်ကြီး မရှိတော့တာတောင်မှ ကြယ်ကြီး ရှိခဲ့စဉ်က နောက်ဆုံး အလင်းရောင်ဟာ နောင်နှစ်ပေါင်း ငါးရာတိုင်တိုင် ကမ္ဘာမြေကို ရောက်နေတာ ဖြစ်ပါသတဲ့။
.
.
.
. . . ပုံပြင်ကပေးတဲ့ သင်ခန်းစာက ဘာလဲ ဆိုရင် တစ်ချို့အပြောင်းအလဲတွေဟာ ပြောင်းလဲသွားပြီးတဲ့ တိုင်အောင် အရင်အငွေ့အသက်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ မြင်နေတွေ့နေရတတ်တာ လောကဓမ္မတာပါပဲတဲ့။ အပြောင်းအလဲ တစ်ခုရဲ့ အနှစ်သာရကို ခံစားရဖို့ဆိုတာ တစ်ခါတစ်လေ ချက်ချင်း ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေကျတော့ အချိန်ယူရတတ်ပါသတဲ့။ အဲဒါကို မပြောင်းလဲဘူးဆိုပြီး ငြင်းကြတဲ့အခါ တစ်ခါတစ်လေတော့လည်း ဖြေရှင်းပြဖို့ ခက်တတ်ပြန်ပါသတဲ့။
.
. . . အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့ အလင်းနှစ် သဘောတရားကို မသိတဲ့ ဘုရင်ကြီး ရှိနေသရွေ့ ကွပ်မျက်ခံရတဲ့ နက္ခတ်ပညာရှင်ကလည်း ရှိနေအုံးမှာပဲ။ အဲသည်လို ကိုယ်မသိနားမလည်တဲ့ ကိစ္စတွေကို ကိုယ့်ဘာသာ ထင်ရာမြင်ရာ ဆုံးဖြတ်ကြမယ်ဆိုရင် သိပ်တော်တဲ့ နက္ခတ်ပညာရှင်တွေလည်း ဆက်ပြီး ဆုံးရှုံးနေအုံးမှာပါပဲ။
.
. . . အပြောင်းအလဲကို သတိတရား အသိတရားနဲ့ လက်ခံနိုင်ကြပါစေပေါ့ဗျာ။

စပါးတောင်လိုပုံ


. . . အမေရိကန်က ဖယ်ဒရယ် အတိုးနှုန်းတွေကို သုညနီးပါး (၀.၂၅ %) ကနေ (၀.၅ %) ပြင်ဆင်သတ်မှတ်လိုက်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကျွန်တော်ဟာ ဂျပန်နိုင်ငံရဲ့ မစ်ဇူဟိုငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးရဲ့ သင်တန်းကျောင်းကို ဆီမီနာတစ်ခု တက်ဖို့ ရောက်နေခဲ့ပါတယ်။ မစ်ဇူဟို (瑞穂) ဆိုတာ မြန်မာလို အနီးစပ်ဆုံး ပြောရရင် စပါးတောင်လိုပုံ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ပဒေသာပင်ကြီးဆိုတဲ့ သဘောမျိုးလည်း ယူရင်ရမယ်ထင်ပါရဲ့။ ကုမ္ပဏီဆောင်ပုဒ်ကတော့ Channel to Discovery, ONE Mizuho ဖြစ်ပါတယ်။ မစ်ဇူဟိုငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးကို ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက ဂျပန်နိုင်ငံရဲ့ ထိပ်သီးဘဏ်ကြီးတြွေုဖစ်တဲ့ ဒိုင်အိချိကန်ဂျိုဘဏ်၊ ဖူဂျီဘဏ် နဲ့ ဂျပန်စက်မှုလုပ်ငန်းဘဏ် သုံးခုပေါင်းပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၄၇ ခုစလုံးမှာ ဘဏ်ခွဲတွေ ဖွင့်ထားတဲ့ တစ်ခုတည်းသော ဘဏ်ကြီးဖြစ်တဲ့ မစ်ဇူဟိုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှာ ရုံးခွဲတွေ ဖွစ်လှစ်ထားပြီး ၀န်ထမ်းပေါင်း ခြောက်သောင်းရှစ်ထောင်ကျော် ခန့်အပ်ထားပါတယ်။ ရင်းနှီးမြှပ်နှံမှုပမာဏအရ ကမ္ဘာ့အဆင့် ကိုးမှာ ရှိပြီး ဖော်ဘီ စာစောင် အဆိုအရ ကမ္ဘာပေါ်မှာ အဆင့် ၅၉ ရှိတဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သီလ၀ါစီမံကိန်းကို ထောက်ပံ့ဖို့ ပြီးခဲ့တဲ့ လပိုင်းကပဲ ရုံးခွဲ လာရောက်ဖွင့်လှစ်သွားခဲ့ပါတယ်။ 
.
. . . ကျွန်တော်တို့ နိုင်ငံတကာ တက္ကသိုလ်မှာ လက်တွေ့ကျတဲ့ သင်တန်းတွေ ပို့ချပေးဖို့ ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ရဲ့ အကြံပြုချက်အရ တက္ကသိုလ်နဲ့ မစ်ဇူဟိုဘဏ် ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဆီမီနာကို ကျင်းပလာခဲ့တာ သုံးနှစ်ရှိသွားပါပြီ။ ဆီမီနာအတွက် ကုန်ကျစရိတ်တွေကို ကျောင်းနဲ့ ဘဏ်က ပူးပေါင်း ကျခံပြီး ကျောင်းသားက ကုန်ကျစရိတ်ပေးစရာမလိုဘဲ တက်ရောက်ခွင့်ရတာ ဖြစ်တဲ့အတွက် ဒီဆီမီနာကို တက်ရောက်ဖို့ မှတ်ပုံတင်စဉ်က အခက်အခဲ အနည်းငယ် ရှိခဲ့ပါတယ်။ ပါမောက္ခ ဆရာကာကီနာကရဲ့ စေတနာကြောင့်သာ လူဦးရေတိုးပေးလို့ တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီဆီမီနာကို အိုင်ယူဂျေ ကျောင်းသားကျောင်းသူ ၃၇ ယောက်တက်ရောက်ခဲ့ပြီး မစ်ဇူဟိုဘက်က ၀န်ထမ်းငယ် ၁၇ ဦး ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ မစ်ဇူဟိုလုပ်ငန်းစုရဲ့ သက်ဆိုင်ရာဌာနများ နဲ့ ဥာဏ်ကြီးရှင်အင်စတီကျုများက အကြီးတန်း အရာရှိများက ဦးဆောင် ဆွေးနွေး ပို့ချခဲ့ကြပါတယ်။ ပို့ချသူအားလုံးဟာ ပညာရပ်နယ်ပယ် လုပ်ငန်းခွင်နယ်ပယ်မှာ အတွေ့အကြုံနဲ့ ပညာရည်မြင့်မားကြတာကတော့ လေးစားစရာပါပဲ။ 
.
. . . တိုကျိုမြို့အီဘစ်ဆု ဘူတာနားက မစ်ဇူဟို သင်တန်းကျောင်းမှာ နှစ်ရက်ကြာတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ နေရထိုင်ရ စားရသောက်ရတာ ဟော်တယ်တွေလောက်တော့ မကောင်းပေမယ့် အဆင်ပြေတယ်လို့တော့ ပြောလို့ ရပါတယ်။ အဆင်မပြေတာတစ်ခုက အင်တာနက် ၀ိုင်ဖိုင် မရှိတာပါပဲ။ သာမန်အားဖြင့် ကျွန်တော်တို့ကျောင်းမှာ နေရာတိုင်း ၀ိုင်ဖိုင်ရှိတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုကို တယ်လီဖုန်းထဲ ထည့်ထားလေ့ မရှိပါဘူး။ ဆီမီနာလုပ်တဲ့ရက်က ဆောင်းဦးရွက်ကြွေတန်း နောက်ဆုံးပတ် စာမေးပွဲတွေဖြေ စာတမ်းတွေ ထပ်ရတဲ့ ရက်ဖြစ်နေတော့ ဒီရောက်မှ စာတမ်းလက်စသတ်နိုင်တဲ့ ကျောင်းသားအချို့အတွက်က အင်တာနက် အဆင်မပြေတော့ စာတမ်းလှမ်းပို့ရာမှာ နည်းနည်းအခက်အခဲ ရှိခဲ့ပါတယ်။ 
.
. . . ဆီမီနာ နှစ်ရက်မှာ ဆွေးနွေးပို့ချခဲ့တဲ့ ခေါင်းစဉ်တွေကတော့ နားလည်တာလည်းရှိ နားမလည်တာလည်းရှိဆိုပေတဲ့ အားလုံးကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂျပန်နိုင်ငံရဲ့ အတိတ် ပစ္စုပ္ပန် နဲ့ အနာဂတ် စီးပွားရေးအခြေအနေ၊ ဂျပန်အစိုးရရဲ့ အာဘေနောမစ်လို့ခေါ်တဲ့ ၀န်ကြီးချုပ်အာဘေး စီးပွားရေး မူဝါဒတွေအကြောင်း၊ ဂျပန်အစိုးရ ငွေချေးစာချုပ်တွေရောင်းပြီး အစိုးရဘဏ္ဍာရေးလိုငွေကို ဖြည့်နေရတဲ့အကြောင်း၊ အခွန်တွေတိုးကောက်မယ့်အကြောင်း၊ ငွေကြေးကျုံ့တာရပ်ပြီး ငွေကြေးဖောင်းပွမှုဖြစ်အောင် ကြိုးစားရုန်းကန်နေရတဲ့အကြောင်း၊ ဂျပန်တွေ ပိုက်ဆံကို ငွေအသားလိုက်စုနေကြတာ လျှော့ပြီး ဈေးများများဝယ်ကြဖို့ များများသုံးကြဖို့ များများရင်းနှီးမြှပ်နှံကြဖို့ အစိုးရက မူဝါဒတွေချမှတ် ကြိုးစားနေတဲ့အကြောင်း၊ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ နည်းသည်ထက် နည်းလာပြီး အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ များလာတဲ့ ဂျပန်နိုင်ငံဈေးကွက်နဲ့တင် အလုပ်မဖြစ်တော့လို့ မစ်ဇူဟိုရဲ့ လုပ်ငန်းတွေကို ထွန်းသစ်စ နိုင်ငံတွေကို တိုးချဲ့ဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း စတဲ့ ဗဟုသုတရစရာတွေ ဆွေးနွေးသွားသလို ကိုယ့်လက်ထဲမှာ ပိုက်ဆံရှိရင် အဲဒီ ပိုက်ဆံကို ဘယ်လိုရင်းနှီးမြှပ်နှံသင့်တယ်ဆိုတာ အကြံပေးမယ့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ၀န်ဆောင်မှု အသစ်တစ်ခုရှိနေပြီ ဖြစ်တဲ့အကြောင်း စတာတွေ လေ့လာ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သင်္ချာအားနည်းတဲ့ ကျွန်တော့်အတွက် သင်္ချာပုံသေနည်းတွေ သင်္ကေတတွေအများကြီးသုံးပြီး ရှင်းပြသွားတဲ့ သင်ခန်းစာတစ်ခုကိုတော့ ဘယ်လိုမှ နားမလည်ခဲ့တာကို ၀န်ခံလိုပါတယ်။ 
.
. . . ဦးဆောင်ဆွေးနွေးပို့ချသူ အားလုံးနီးပါးက အင်္ဂလိပ်စကားကို ဂျပန်သံပျောက်ပြီး အမေရိကန်လေသံပေါက်အောင် ပြောနိုင်ကြပေမယ့် ဂျပန်သံဝဲလွန်းအားကြီးလို့ မနည်းကြိုးစားနားထောင်ရတာလည်း ရှိပါတယ်။ အိုင်ယူဂျေကျောင်းသားတွေနဲ့အတူ လာတက်တဲ့ မစ်ဇူဟိုက ၀န်ထမ်းငယ်လေးတွေကတော့ အင်္ဂလိပ်စာ ကောင်းကြတာ တွေ့ရပါတယ်။ သူတို့တွေလည်း နောက်ခံပညာရေးမျိုးစုံကနေ လာကြတဲ့ သူတွေဖြစ်ပြီး ဘဏ်လုပ်ငန်းထဲရောက်မှသာ ဘဏ်လုပ်ငန်းအကြောင်းလေ့လာနေကြတာ တွေ့ရပါတယ်။ သူတို့က အခြေခံပညာရေး ကောင်းကြတဲ့အတွက် သူတို့ လိုအပ်တာကို ဖြည့်ဆည်းတဲ့နေရာမှာ အားသာချက်အများကြီးရှိနေတာကို မှန်းဆမိခဲ့ပါတယ်။ 
.
. . . ဆီမီနာပြီးလို့ ကျောင်းပြန်ရောက်တဲ့အခါ ထုံးစံအတိုင်း ဆီမီနာနဲ့ ပတ်သက်ပြီး ခေါင်းစဉ်တစ်ခုချင်းအလိုက် အားသာချက် အားနည်းချက် ထိရောက်မှု အကျိုးရှိ အသုံးဝင်မှု စတာတွေကို အကဲဖြတ်ပေးရတဲ့ ပုံစံကို ဖြည့်ပြီးပို့ပေးရပါတယ်။ ဆီမီနာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ရေးတင်ပေးရပါတယ်။ အခုကတော့ အစီရင်ခံစာ ရေးပြီးသွားလို့ စိတ်လက်ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဒီမှတ်တမ်းလေးကို ရေးနေတာပါ။ ဒီစာရေးနေရင်းနဲ့ ကျွန်တော် လွမ်းနေမိတဲ့သူလေးတစ်ယောက်ရှိပါတယ်။ အစီရင်ခံစာ နောက်ဆက်တွဲအနေနဲ့ သူလေးအကြောင်းများ ရေးဖြစ်အုံးမလား မသိပါဘူး . . .
.
Mizuho Global Market Seminar in 2015
December 17-18
Ebisu Seminar House, Seminar Room 2

အောင်သွယ်တော်


. . . ဂျပန်မြန်မာချစ်ကြည်ရေးအသင်းက ဖိတ်ကြားတဲ့ ညစာစားပွဲကို အိုင်ယူဂျေက သူငယ်ချင်းတွေနဲ့အတူ သွားခဲ့ပါတယ်။ မနက်ကိုးနာရီကျော်ကျော်လောက်မှာ ကျောင်းက စီစဉ်ပေးတဲ့ စင်းလုံးငှား ဘတ်စ်ကားနဲ့ ထွက်လာခဲ့ပါတယ်။ နှင်းတွေကတော့ သည်းသည်းမဲမဲ ကျလို့ပေါ့။ ယူဇာဝါမြို့ မကျော်ခင်အထိကတော့ နှင်းတွေ တော်တော်ကျနေလို့ လမ်းမှာ နှင်းရှင်းကားနဲ့ နှစ်ခါတောင် ကြုံရပါတယ်။ နှင်းရှင်းကားနဲ့ တိုးမိပြီဆိုလို့ကတော့ ရှေ့က နှင်းရှင်းပေးတာကို နောက်ကနေ ဖြည်းဖြည်းမောင်းပြီး လိုက်နေရတာဆိုတော့ နည်းနည်းတော့ အချိန်ဖင့်တာပေါ့။ နီဂါးတားပြည်နယ်ကနေ ထွက်သွားပြီဆိုရင်ပဲ နှင်းကို မတွေ့ရတော့ပါဘူး။
.
. . . အဝေးပြေးကားတွေက သူတို့နိုင်ငံ ဥပဒေအရ နှစ်နာရီထက်ပိုပြီး ဆက်တိုက်မောင်းခွင့် မရှိပါဘူး။ လမ်းမှာ ရပ်ကို ရပ်ရပါတယ်။ ရပ်တယ်ဆိုတာလည်း ကျွန်တော်တို့ဆီက ၁၁၅ မိုင် ယဉ်ရပ်နားစခန်းလိုတွေ လမ်းတစ်လျှောက် တော်တော်များ ရှိပါတယ်။ ကိုယ်မောင်းချိန်နဲ့ ကိုက်မယ့် ရပ်နားစခန်းမှာ ၀င်ရပ်နားရပါတယ်။ တစ်ချို့ နားတဲ့နေရာတွေမှာ စားသောက်ဆိုင်တွေ စတိုးဆိုင် မုန့်ဆိုင်တွေ ရှိတတ်သလို တစ်ချို့နေရာတွေမှာတော့ စားသောက်ဆိုင် မရှိတတ်ပါဘူး။ သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်းကတော့ ဘယ်နေရာမှာမဆို လုံလုံလောက်လောက် ရှိပါတယ်။ လမ်းမှာ နှစ်ခါနားပြီးချီတက်တဲ့ ခရီးစဉ်မှာ ဘေးပတ်ဝန်းကျင် ရှခင်းတွေကိုကြည့်လိုက် စကားတွေပြောလိုက် ဂစ်တာတီးပြီး သီချင်းဆိုလိုက်နဲ့ပဲ တိုကျိုရွှေမြို့တော်ကြီးကို ရောက်သွားပါတယ်။
.
. . . တိုကျိုရောက်တော့ ညအိပ်တည်းခိုမယ့် မြန်မာသံရုံးကိုသွားပြီး ပစ္စည်းတွေ အထုပ်အပိုးတွေ သွားထားပါတယ်။ သံအမတ်ကြီးနဲ့ သံရုံးမိသားစုတွေ ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲကို ထမင်းလွတ်စားပြီး နေ့လည်ပိုင်းအချိန်နည်းနည်း ရလို့ မရောက်ဖူးသေးတဲ့ ဂျပန်ဧကရာဇ် နန်းတော်ကို လေ့လာရေး သွားပါတယ်။ မြန်မာသံရုံးနားက ဂိုတိုယာမာ အဆောက်အအုံကြီးကနေ ရှင်နာဂါဝါဘူတာအထိ အခမဲ့ ပြေးဆွဲပေးတဲ့ ဘတ်စ်ကားကိုစီးပြီး ရှင်နာဂါဝါဘူတာ၊ အဲသည်ကနေ တိုကျိုမြို့ပတ်ရထား ယာမာနိုတယ်လိုင်းကိုစီးပြီး တိုကျိုဘူတာကို ချီတက်ပါတယ်။ ဖရဲသီးလက်မှတ်ကတ်လေးလုပ်ထားပြီး ပိုက်ဆံဖြည့်ဖြည့်သုံးနေတော့ လက်မှတ်ဝယ်ရမှာ ပျင်းတဲ့ကျွန်တော့်အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။
.
. . . ဂျပန်ဧကရာဇ် နန်းတော်က တိုကျိုမြို့လည်ခေါင်လို့ ပြောလို့ရတဲ့ တိုကျိုဘူတာကနေ ဆယ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ နန်းတော် သွားလည်တယ် ဆိုပေတဲ့ နန်းတွင်းထဲထိ ၀င်ခွင့်ရတာမျိုး မဟုတ်ပါဘူး။ ဘုရင့်နန်းတော် ကျုံးမြို့ရိုး အပြင်ဘက်က ၀င်ပေါက်နားထိပဲ သွားခွင့်ရတာပါ။ နန်းတော်အပြင်ဘက် ရင်ပြင်ကြီးကတော့ တော်တော်ကို ကျယ်ပါတယ်။ မိုးထိအောင်မြင့်တဲ့ တိုက်တာတွေကြားထဲက နန်းတော်နေရာဟာ အိုအေစစ်လေး တစ်ခုလိုပါပဲ။ ရင်ပြင်ထဲမှာ ထင်းရှူးပင်တွေကို မြက်ခင်းစိမ်းစိမ်းထဲ တန်းစီစိုက်ပြီး လှလှပပ ထိန်းသိမ်းထားတာကလည်း စိတ်ကြည်နူးစရာပါ။ နန်းတော်ရဲ့ အပြင်ဘက် ကျုံးမြို့ရိုးကို ဖြတ်တဲ့ တံတားကို ကျော်ပြီးမှ နန်းတော်ထဲ ၀င်လို့ရမှာ ဖြစ်ပေမယ့် ခရီးစဉ်လည်း ကြိုတင်စီစဉ်ထားတာ မရှိလို့ နန်းတော်မြို့ရိုး အ၀င်ပေါက်နားလေးက ရှုခင်းလှတဲ့ နေရာလေးမှာပဲ ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့ရပါတယ်။ နန်းတော်ထဲကို ၀င်ခွင့်မရခဲ့ပေမယ့် နန်းတော်အပြင်ဘက်မှာပဲ ဓာတ်ပုံရိုက်ဖို့နေရာလေးတွေကို သပ်သပ်ရပ်ရပ် လှလှဖြစ်အောင် ပြင်ဆင်ပေးထားတာ၊ မြို့ရိုးရှေ့မှာ လှပခမ်းနားတဲ့ စစ်ဝတ်စုံအပြည့်နဲ့ တောင့်တောင့်ကြီးရပ်နေတဲ့ စစ်သည်တော်နှစ်ယောက်ကို တွေ့ခဲ့ရတာ၊ အမှိုက်သရိုက်သန့်ရှင်းပြီး ကြည်လင်စိမ်းလဲ့နေတဲ့ ကျုံးရေပြင်ကို တွေ့ခဲ့ရတာ၊ အပြင်ကနေကြည့်ရင်တောင် မျက်စိပသာဒဖြစ်တဲ့ နန်းမြို့ရိုး တံတားနဲ့ ရဲတိုက်အဆောက်အအုံကို ဆောက်လုပ်ထားတာကတော့ တကယ့်ကို အတုယူစရာ ကောင်းလှပါတယ်။
.
. . . နန်းတော်ကအပြန်မှာ တိုကျိုဘူတာနား မီးရောင်စုံတွေ ထွန်းထားတာတွေ့တယ်။ မီးရောင်စုံအလှတွေကို လာကြည့်ကြတဲ့ သူတွေကလည်း မနည်းဘူး။ တိုကျိုဘူတာကလည်း ရှေးဟောင်းလက်ရာအတိုင်းထိန်းသိမ်းထားတာ တွေ့တယ်။ တိုကျိုဘူတာ သေးသေးလေးကို ညအခါမှာ မီးရောင်စုံတွေနဲ့ ခြယ်သထားတာကို လူတွေက တခုပ်တရ လာကြည့်ကြတာကိုမြင်တော့ တိုကျိုဘူတာထက် အများကြီး ပိုပြီး လှပခန့်ထည်တဲ့ ရန်ကုန်ဘူတာကြီးကို လွမ်းလိုက်မိပါသေးတယ်။ ကားတွေရော လူတွေရော ကြိတ်ကြိတ်တိုးနေတဲ့ တိုကျိုဘူတာနားမှာ ယာဉ်ထိန်းရဲတွေ အများကြီးနဲ့ လမ်းကြောင်းထိန်းသိမ်းရေးကို အားကြိုးမာန်တက် စည်းစနစ်တကျ လုပ်နေတာကိုမြင်ရတာ တကယ်ကို အားရမိပါတယ်။
.
. . . တိုကျိုဘူတာကနေပြီး ညစာစားပွဲလုပ်မယ့် နယူးအိုတာနီဟိုတယ်ကို တက္ကဆီနဲ့ သွားပါတယ်။ ကျွန်တော်တို့ အူရာစာမြို့ကလေးမှာ တက္ကစီမီတာက ယန်း ၆၅၀ ကနေ စတွက်တာ ဖြစ်ပေမယ့် ဒီတက္ကစီကတော့ ယန်း ၇၆၀ ကနေ စတွက်ပါတယ်။ တိုကျိုဘူတာကနေ နယူးအိုတာနီ ဟိုတယ်အထိ တက္ကစီခ တစ်ထောင့်ကိုးရာ ကျပါတယ်။ မြန်မာငွေနဲ့ဆို တစ်သောင်းကိုးထောင်လောက်ပေါ့။ ရန်ကုန်မှာဆိုရင် အလွန်ဆုံး နှစ်ထောင်လောက်ပေးရင် ရောက်တဲ့ ခရီးကို ဒီမှာ နှစ်သောင်းနီးနီးပေးရတာ။ ဒါကြောင့် ဒီမှာနေရင် ပိုက်ဆံကို မြန်မာငွေတန်ဖိုး မေ့ထားမှ အဆင်ပြေပါတယ်။ ဒီက ကုန်ကျစရိတ်တွေကို မြန်မာငွေတန်ဖိုးနဲ့ ချိန်တွက်လိုက်ရင် ရေတောင် ၀ယ်သောက်ချင်စိတ် ပျောက်ပျောက်သွားတတ်လို့ မတွက်ကြည့်တာက ပိုကောင်းပါတယ်။
.
. . . ဟိုတယ်ရောက်တော့ ညစာစားပွဲတည်ခင်းတဲ့ ဂျပန်မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ ၀ါတာနာဘေးစံ အဖွဲ့နဲ့အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်လည်း ရောက်နှင့်နေကြပါပြီ။ နယူးအိုနာနီဟိုတယ်က သမ္မတကြီးဦးသိန်းစိန် လာတုန်းက တစ်ခါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လာတုန်းက တစ်ခါ တည်းခိုခဲ့တဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးလို့ ဆိုပါတယ်။ အားလုံး နေရာယူပြီးတာနဲ့ ၀ါတာနာဘေးစံက နှုတ်ခွန်းဆက် စကားပြော သံအမတ်ကြီးက ပြန်လှန်နှုတ်ခွန်းဆက် စကားပြောပြီး စားခန်းသောက်ခန်း ဖွင့်ပါတော့တယ်။
.
. . . ခန်းမထဲကို ရောက်ခါစက ချောင်ကောင်းကောင်းတစ်နေရာကို ရွေးပြီး အေးအေးဆေးဆေး ထိုင်စားမယ် စိတ်ကူးပေမယ့် ဆရာကာကီနာက က သံအမတ်ကြီးရယ် ၀ါတာနာဘေးစံရယ် အသင်းဒုဥက္ကဌတို့ရယ် အတူထိုင်ကြတဲ့ ၀ိုင်းမှာ လာထိုင်ပါဆိုတော့ လူကြီးတွေနားနေရရင် အသက်ရှူကျပ်တတ်လို့ မသွားချင်ပေမယ့် သွားထိုင်လိုက်ရပါတယ်။
.
. . . မျက်နှာချင်းဆိုင်ပြီး ကြားထဲက အောင်သွယ်နဲ့ စကားပြောရတဲ့ အဖြစ်မျိုးကို ကြုံဖူးကြလားတော့ မသိဘူး။ ကျွန်တော်တော့ အဲဒီညက အောင်သွယ်နဲ့ စကားပြောလိုက်ရပါတယ်။ ကျွန်တော်နဲ့ တစ်ဝိုင်းတည်းထိုင်တဲ့ ချစ်ကြည်ရေးအသင်း ဒုဥက္ကဌ မစ္စတာ ဆန်ဂိုကူ ယိုရှိတို ကလည်းဗျာ စကားတွေ ပြောလိုက်တာ။ အစကတော့ သူပြောတာတွေကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေလိုက်ပါသေးတယ်။ မပြောသေးဘူး ကြည့်နေတယ်ပေါ့ဗျာ။ ဒါပေမယ့် ပြောနေရင်း ပြောနေရင်းနဲ့ အကြောင်းအရာက ဒီအနားတင် လည်နေသလို ခံစားရတော့ အင်း ငါတော့ ဒီလူကြီးပြောတာ ထိုင်နားထောင်နေလို့ မဖြစ်တော့ဘူး စကားလမ်းကြောင်းသွယ်မှ ဖြစ်တော့မယ်ဆိုပြီး ကိုယ်သိချင်တာလေးတွေမေး တစ်ခါတစ်လေတော့လည်း စကားနိုင်လုတာလေးတွေလည်း ပါသပေါ့။ ဒါပေမယ့် စကားပြောရတာ တော်တော်တော့ စိတ်မရှည်ချင်စရာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူကလည်း အင်္ဂလိပ်လိုမပြော ကိုယ်ကလည်း ဂျပန်လိုမပြော၊ အချင်းချင်း ကိုယ့်မိခင်ဘာသာစကားနဲ့ ပြောနေရတော့ ကြားထဲက ဂျပန်စကားပြန်မိန်းကလေး ဘာသာပြန်ပေးတာကို စောင့်စောင့်နေရတာ တော်တော်တော့ စိတ်မရှည်ချင်စရာဗျ။ မျက်နှာချင်းဆိုင်ပြီး အောင်သွယ်နဲ့ စကားပြောနေရသလိုမျိုး။ ကိုယ်ပြောချင်ရာပြောပြီးရင် စကားပြန်က ပြန်ပြောပြီးတဲ့အထိစောင့် တစ်ခါ သူကသူ့စကားနဲ့ပြန်ပြော စကားပြန် ပြောပေးတာကိုပြန်စောင့်။ ဒီကြားထဲ ဗိုက်ကလည်း ဆာတော့ စကားတပြောပြောနဲ့ကိုပဲ လာချပေးတာတွေကို စားဖြစ်အောင် စားရသေးတာ။ ဒီလိုနဲ့ သူ့ကို မေးခွန်းတွေ မေးတာများလို့လားတော့ မသိဘူး ပြောရင်းပြောရင်းနဲ့ ခဏနော်ဆို တစ်ခြားဝိုင်းကို ပြောင်းသွားတာ ပွဲပြီးတဲ့အထိ ပြန်ကို မလာတော့ဘူး။ အဲသည်တော့မှ ကျွန်တော်လည်း သံအမတ်ကြီးရယ် တစ်ခြား ဂျပန်မိတ်ဆွေတွေရယ်နဲ့ စကားပြောခွင့် ရပါတော့တယ်။
.
. . . ညကိုးနာရီကျော်လောက်မှာ အခမ်းအနားပြီး ဟိုနားသည်နား လျှောက်သွား ညဆယ့်တစ်နာရီလောက်မှ မြန်မာသံရုံးကို ပြန်ရောက်ပါတယ်။ သံရုံးက ညအိပ်ဖို့ စီစဉ်ပေးထားတဲ့အိမ်က အရင် ကျွန်တော်တို့သူငယ်ချင်း စီးပွားရေးသံမှုး ကိုမင်းဇော်ဦးရှိတုန်းက ကျွန်တော်တို့ လာလာတည်းနေကျ အခန်းပါ။ ရေစက်မကုန်သေးတာ ထင်ပါရဲ့။ သူငယ်ချင်းက တာဝန်ပြီးဆုံးလို့ မြန်မာပြည် ပြန်သွားတာတောင် သု့အခန်းမှာ လာအိပ်နေရတုန်း။
.
. . . မနက်ခင်းမှာ သံအမတ်ကြီးနဲ့ သံရုံးမိသားစုက မုန့်ဟင်းခါးချက်ကျွေးပါတယ်။ မစားရတာ ကြာလို့လား မသိဘူး စားလို့တော်တော်ကို အရသာရှိပါတယ်။ မနက်စာ မစားခင် သံအမတ်ကြီးအိမ်က ယာမဟာ စန္ဒရားကြီးကို အတူတူလာကြတဲ့ ညီအစ်ကိုတစ်ယောက်က တီးကြည့်ပါရစေဆိုပြီး သူက မိုးသီချင်းတီးတော့ ကျွန်တော်လည်း စန္ဒရားဘေးရပ်ပြီး မိုးသီချင်းကို လိုက်ဆိုပါတယ်။ တကယ့်စန္ဒရားအစစ်ကြီးနဲ့ သီချင်းဆိုဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ။
.
. . . မနက်စာစားပြီးတော့ တိုယိုတာဆူရှိုကော်ပိုရေးရှင်းဌာနချုပ်ကို သွားပါတယ်။ အဲသည်မှာ သူတို့ကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လုပ်ဖို့ကြိုးစားနေတဲ့ လုပ်ငန်းတွေအကြောင်း ရှင်းပြပါတယ်။ သိချင်တာရှိရင် မေးပါဆိုလို့ အသစ်တက်မယ့် အစိုးရနဲ့ ပတ်သက်ပြီး ဒီကုမ္ပဏီရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်ကို မေးကြည့်တော့ သူတို့တော့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အခုတက်မယ့် အစိုးရက မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်တဲ့ အတွေ့အကြုံ လုံးဝမရှိသေးတော့ သူတို့လုပ်ငန်းတွေအပေါ် ဘယ်လိုသဘောထားမယ်ဆိုတာ မသိနိုင်သေးကြောင်း၊ ပြီးခဲ့တဲ့ ငါးနှစ် အစိုးရသက်တမ်းကာလမှာတော့ လုပ်ငန်းတွေ ကောင်းကောင်းလုပ်ခွင့်ရခဲ့ကြောင်း ပြန်ဖြေပါတယ်။
.
. . . နေ့လည်စာကို သံရုံးက အားချင်း စီစဉ်ချက်ပြုတ်ကျွေးတဲ့ ကြက်သားကာလသားချက် ငါးပိသုပ်တို့နဲ့ အရသာရှိရှိ ဗိုက်တင်းအောင်စားပြီး အလာတုန်းက စင်းလုံးငှား ဘတ်စ်ကားကြီးနဲ့အတူ စနှိးဝှိုက်တို့တိုင်းပြည်က အိုင်ယူဂျေကျောင်းတော်ကြီးကို ပြန်လာခဲ့ပါတယ်။ ကျောင်းမှာတော့ နှင်းတွေဖြိုင်ဖြိုင်ရွာလို့ . . .

နှင်းတွေ ၀ယ်ကြအုံးမလားဗျို့


.
. . . နှင်းဆိုတာ အနော့်လို မြန်မာနိုင်ငံ အလယ်ပိုင်းသားတစ်ယောက်အဖို့တော့ ဓာတ်ပုံနဲ့ ရုပ်ရှင်ထဲမှာသာ မြင်ဖူးခဲ့တဲ့ အရာပါ။ တစ်သက်နဲ့တစ်ကိုယ် နှင်းတွေကျတဲ့အရပ်မှာ ကာလကြာရှည် နေရလိမ့်မယ်လို့လဲ တစ်ခါမှ တွေးမထားမိဖူးပါဘူး။ အိုင်ယူဂျေ ကျောင်းတော်သား ဖြစ်မှသာ တစ်နှစ်ကို ငါးလလောက် နှင်းတွေနဲ့ နပန်းလုံးရတဲ့ဘ၀ကို ရောက်ခဲ့ရတာပါ။
.
. . . ပထမနှစ်ကျောင်းသားအားလုံးနီးပါးက နှင်းတွေ ကျတော့မယ်တဲ့ဆိုရင် အင်မတန် ရင်ခုန် စိတ်လှုပ်ရှားကြပါတယ်။ သူတို့ဘ၀မှာ တစ်ခါမှ မကြုံဖူးသေးတဲ့ နှင်း ဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့ကြရတော့မှာကိုး။ ဒါပေမယ့် နှင်းတွေကျပြီး ကျောင်းကြီးလည်း နှင်းတွေဖုန်းပြီဆိုရင်တော့ သူတို့ဟာ နှင်းကို သိပ်ကြည့်မရချင်ကြတော့ပါဘူး။ ဘယ်ကိုကြည့်ကြည့် ထုံးအုံးကြီးမှောက်ထားသလို နှင်းတွေတဖွေးဖွေးနဲ့ ရှေးခေတ်က အဖြူအမဲ ဓာတ်ပုံကြည့်နေရတဲ့အဖြစ်ကို သည်းမခံချင်ကြတော့ပါဘူး။ ဆောင်းကို မြန်မြန်ကုန်စေချင်တယ်၊ နှင်းတွေ မြန်မြန်ပျော်စေချင်တယ်ပေါ့။ တစ်နေ့တစ်နေ့ ရာသီဥတုကလည်းအေး၊ ပြတင်းပေါက်ကကြည့်လိုက်လို့မှလည်း လှလှပပ မရှိ၊ အပြင်ထွက်ပြန်တော့ နှင်းတွေနဲ့ ဗွက်ထနေတတ်တဲ့ လမ်းကို လျှောက်ရ၊ ဘယ်မှလည်း ဝေးဝေးလံလံ သွားလို့မရဆိုတော့ သူတို့တွေ နှင်းပျော်စေချင်ကြတာ မဆန်းပါဘူး။
.
. . . အဲ ဒါပေမယ့်ပေါ့ဗျာ။ ကျောင်းသားအားလုံး နှင်းကို ကြည့်မရကြတာတော့ မဟုတ်ပါဘူး။ အဲသည်ထဲမှာ အနော်လည်း တစ်ယောက် အပါအ၀င်ပေါ့။ ဒီနှစ် နှင်းကျတာ ဆယ်ရက်ကျော်လောက် နောက်ကျတော့ သူများတွေက ဆယ်ရက် နောက်ကျလည်း ဆယ်ရက် နှင်းဒုက္ခ သက်သာတာပေါ့လို့ တွေးနေကြချိန်မှာ နှင်းကလည်း ခုထက်ထိ မကျနိုင်ဘူး လာပဲ လာနိုင်ခဲလှတယ် လို့ နှင်းကိုမျှော်နေတဲ့သူတွေထဲမှာ အနော်လည်း ပါတာပေါ့။ တစ်နေ့တစ်နေ့ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ပြီဆိုရင် အရင်ဆုံးကြည့်တာက တယ်လီဖုန်းထဲက မိုးလေ၀သခန့်မှန်းချက်။ နှင်းတွေဘယ်တော့ ကျမလဲ။ မိုးလေ၀သ ခန့်မှန်းချက်ဆိုတာကလည်း လက်ရှိ ရှိနေတဲ့ တိမ်အခြေအနေ လေတိုက်နှုန်းဘာညာသာရကာပေါ် မူတည်ပြီး တွက်ချက် ခန့်မှန်းရတာဆိုတော့ အချိန်နဲ့အမျှ ပြောင်းနေတတ်တာကိုး။
.
. . . အခုနေကြည့်လိုက်လို့ နက်ဖြန် နှင်းကျမယ်ဆိုတာ ပေါ်နေပေမယ့် နောက်လေးငါးနာရီမှ ကြည့်လိုက်ရင် မိုးရွာမယ် ဖြစ်ချင်ဖြစ်သွားသေးတယ်။ ဘာပဲပြောပြော အနော်ကတော့ မနက်မိုးလင်းတာနဲ့ ဘယ်တော့ နှင်းကျမလဲကြည့်၊ သတိရတိုင်းကြည့်၊ အိပ်ယာဝင်တော့မယ်ဆိုရင်တောင် နောက်ဆုံးလုပ်တဲ့အလုပ်က မိုးလေ၀သခန့်မှန်းချက် ၀င်ကြည့်တဲ့အလုပ်။
.
. . . ပြီးခဲ့တဲ့ ဒီဇင်ဘာ ဆယ့်ခြောက်ရက်က တိုကျိုကို ဆီမီနာတစ်ခုရှိလို့ နှစ်ညအိပ် သုံးရက် သွားရတော့မယ်ဆိုမှ ကိုယ်ထွက်သွားပြီး နောက်တစ်ရက်မှာ နှင်းကျမယ်ဆိုတော့ မချင့်မရဲ ဖြစ်ခဲ့မိသေးတာ။ ငါရှိနေတုန်း ကျပါလား ငါထွက်သွားမှ ဒီနှင်းက ကျရသလားပေါ့။ တိုကျိုရောက်တော့လည်း တို့ဆီမှာ နှင်းတွေ ဘယ်လောက်တောင် ကျနေပြီလဲ ကြည့်ရတာ အလုပ်တစ်ခု။ နှင်းမကျခင်ကသာ ဘယ်နေ့နှင်းကျမလဲ ကြည့်ရတာ။ တကယ်နှင်းများကျပြီလားဆိုရင် မိုးလေ၀သခန့်မှန်းချက် ကြည့်စရာ မလိုတော့ဘူး။ ပေါ်ဦးပေါ်ဖျား ကျတဲ့ နှင်းထဲထွက်ပြီး ရိုက်တင်ထားတဲ့ ဓာတ်ပုံတွေဆိုတာ ကျောင်းက ဖေ့ဘုတ်ပေါ်မှာ မမြင်ချင်မှတစ်ဆုံး။ တိုကျိုမှာ နှစ်ညအိပ်ပြီး ပြန်လာတော့ နှင်းက မကျတော့ပြန်ဘူး။ ကျထားပြီးသား နှင်းလေးတွေတောင် အရည်ပျော်ကုန်လို့ ခရစ္စမတ်ပွဲကို နှင်းမပါဘဲ ဆင်နွှဲလိုက်ရပါရောလား။
.
. . . အရင်ကလိုပဲ မိုးလေ၀သခန့်မှန်းချက် ကြည့်ပြီး မျှော်ရပြန်ရော တစ်ခါ။ ဒီတစ်ခါလည်း လာပြန်ပြီ။ တိုကျိုခရီးစဉ် ရှိခါမှ ကိုယ်ထွက်မယ့် နေ့မှာ နှင်းကျအုံးမယ်တဲ့။ ဒီတစ်ခါတော့ တော်သေးတယ်။ နှင်းက မနက်တစ်နာရီကတည်းက ကျမယ်ဆိုလို့ နောက်တစ်နေ့ ညနေပိုင်း ခရီးသွားစရာ ရှိပေမယ့် အဲသည်ညက နှင်းများ ကျလေမလား စောင့်ကြည့်ရတာ။ မိုးလေ၀သ ခန့်မှန်းချက်မှာတော့ အခု နှင်းကျနေပြီဆိုပြီး ပြထားပေမယ့် တကယ်တမ်းကျတော့ ကျတယ်ဆိုရုံလေး မစို့မပို့ပါဗျာ။ မချင့်မရဲနဲ့ အိပ်ယာဝင်သွားခဲ့ပြီး မနက်မိုးလင်းလို့ ပြတင်းခန်းဆီးလှပ်လိုက်တော့မှ ၀ိုးးးးးးးးးးးးးးး နှင်းတွေကို ဖွေးလို့ပါလာ။ နှင်းပြင်ကြီးကလည်း ဖွေးလို့ သစ်ပင်သစ်ကိုင်းတွေပေါ်မှာလည်း နှင်းတွေ ဖွေးလို့ အဲဒါမြင်ရမှပဲ စိတ်ထဲမှာ မျှော်လင့်တကြီးနှင်းကို အာသာတပြေလေး ဖြစ်သွားတယ်။
.
. . . အခုတော့ နှင်းတွေ ဖြိုင်ဖြိုင်ကျနေပါပြီ။ နေ့လည်တုန်းက နှင်းတွေ သည်းနေတုန်း ၀တ်စုံအပြည်အစုံဝတ်ပြီး ထီးလေးတစ်ချောင်းနဲ့ နှင်းထဲထွက်လမ်းလျှောက်ဖြစ်တယ်။ နှင်းတကယ်ကျပြီဆို မနှစ်ကတုန်းက မရောက်ဖြစ်ခဲ့တဲ့ ကျောင်းပတ်လမ်း၊ အိုင်ယူဂျေ သဘာဝသစ်တော ဘက်ကို လျှောက်ဖြစ်တယ်။ နှင်းတွေက သည်းကြီးမည်းကြီးကျနေ ရာသီဥတုက သုညအောက်ရောက်အောင် တော်တော် အေးနေတယ်ဆိုပေမယ့် အိုင်ယူဂျေ သဘာဝ သစ်တောဘက်က ဆောင်းတွင်းဆို ကျောင်းဘက်ကို ဆင်းဆင်းလာတတ်တဲ့ ၀က်ဝံတွေအကြောင်း ခေါင်းထဲရောက်လာတာမို့ နှင်းထဲမှာလည်း လမ်းလျှောက်ချင် ၀က်ဝံကလည်း ကြောက်ရသေးဆိုတော့ အကျီ်အထူကြီး ၀တ်ထားတဲ့အထဲ ချွေးတောင် ပြန်တယ်ဗျာ။
.
. . . နှင်းထဲကို အဝေးကြီးလမ်းလျှောက်ကြည့်မိတော့ ငယ်ငယ်က သင်ဖူးတဲ့ To Build a Fire ဆိုတဲ့ စာရေးဆရာ ဂျက်လန်ဒန်ရဲ့ ၀တ္ထုတစ်ပုဒ်ကို သွားသတိရတယ်။ အနော်လမ်းလျှောက်နေတာက နှင်းတွေရှင်းထားတဲ့ ကားလမ်းတစ်လျှောက် သွားနေတာ။ ၀တ္ထုထဲမှာက နှင်းမုန်တိုင်းထဲကျနေတဲ့ နှင်းတောထဲမှာ လျှောက်နေတာ။ အခု လမ်းရှင်းရှင်းမှာ နှင်းဗွက်ကလေး နည်းနည်းပါးပါး နင်းလျှောက်ရတာတောင် မစားသာလှဘူး ဆိုတော့ ဟိုဝတ္ထုထဲက ဇာတ်လိုက်ခမျာ ဘယ်လောက်တောင် ဒုက္ခရောက်ရှာမှာပါလိမ့်ဆိုတာ ကိုယ်ချင်းစာမိတယ်။ ဇာတ်လိုက်လုပ်တဲ့သူက နှင်းမုန်တိုင်းထဲမှာ အနွေးဓာတ်ကလေးများ ရလိုရငြား မီးလေးတစ်ဖို ဖိုဖို့ ကြိုးစားရင်း နောက်ဆုံး အတူပါလာတဲ့ ခွေးကိုတောင် သတ်မိတော့မလိုမှာ ခွေးကပါ စွန့်ခွာထွက်ပြေးသွားတာ နှင်းထဲမှာတင် ဘ၀ဇာတ်သိမ်းခဲ့ရရှာတယ်။ ကျောင်းနဲ့ ခပ်လှမ်းလှမ်းကို ရောက်တဲ့အချိန် ဟိုးအဝေး နှင်းမှုန်တွေကြားက ကျောင်းဆောင်ကြီးကို ကြည့်လိုက်၊ နံဘေးက အိုင်ယူဂျေ သဘာဝတောအုပ်နံဘေးက နှင်းတွေဖုံးနေတဲ့ တောင်ပေါ်ကိုကြည့်လိုက်၊ လေတိုက်တဲ့အခါ မျက်နှာကို လာလာစင်တဲ့ နှင်းစက်တွေကို ထီးနဲ့ ပတ်ကာလိုက် နှင်းဗွက်တွေကိုနင်းလိုက် လျှောက်နေရင်း ဒီဝတ္ထုအကြောင်း စဉ်းစားရတာ တော်တော်တော့ ကျောချမ်းစရာ ကောင်းသဗျ။
.
. . . တစ်ခုတော့ ပြောအုံးမယ်။ နှင်းလေးတွေ ကျနေတာကို ပြတင်းပေါက်ကနေကြည့်ရင်း ဘာကို ကြည်နူးမှန်းမသိ ကြည်နူးနေတတ်တာ ဘာကိုလွမ်းမှန်းမသိ လွမ်းနေတတ်တာ၊ စာကြည့်တိုက်မှာဆိုရင်လည်း မှန်ပြတင်းကို မျက်နှာမူထားတဲ့ စားပွဲမှာပဲ အမြဲထိုင်ပြီး နှင်းတွေတဖွဲဖွဲကျတာကိုကြည့်ရင်း စာလုပ်တတ်တာ၊ နှင်းတွေများ ကျမလားဆိုရင် ညကြီးသန်းခေါင်တောင် နှိုးစက်ပေးပြီး ထငေးတတ်တာ စတဲ့ နှင်းနဲ့ပတ်သက်တဲ့ ကဗျာဆန်ဆန် ခံစားချက်ကလေးတွေ ရှိပေမယ့် . . .
.
. . . နှင်းပြင်ကြီးကိုကြည့်ပြီး ဒီ နှင်းတွေကို ရောင်းစားလို့ ရရင် သိပ်ကောင်းမှာပဲလို့လဲ တွေးခဲ့မိဖူးတယ်ဗျ။
.
. . . တွေးမိတုန်းကတော့ ငါ့နှယ် ပေါက်ပေါက်ရှာရှာ တွေးမှ တွေးမိပလေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သဘောကျပြီး ပြုံးခဲ့မိပေမယ့် နှင်းတွေ ရောင်းစားလို့ရမှန်း တကယ် မသိခဲ့ဘူး။ တကယ်ပါဗျာ နှင်းဆိုတာ တစ်ခါတုန်းက ဂျပန်ပြည်မှာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟိုးအရင် ရေခဲသေတ္တာနည်းပညာတွေ မထွန်းကားခင်တုန်းက ဂျပန်မှာ နှင်းဟာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်းမှာ သိုလှောင်ပြီး နွေရာသီမှာ ရောင်းရတာပေါ့လေ။
.
. . . ဆောင်းရာသီ နှင်းတွေဖြိုင်ဖြိုင်ကျတဲ့အချိန်မှာ နှင်းတွေကို ယူကီမူရို ( 雪室) လို့ခေါ်တဲ့ ကောက်ရိုးတစ်ထပ် နှင်းတစ်ထပ် လုပ်ထားတဲ့ နှင်းလှောင်အိမ်ဆောက်ပြီး သိမ်းထားပါတယ်။ ယူကီမူရိုကို ယူကီအာန လို့လည်း ခေါ်ပါတယ်။ အဓိပ္ပာယ်က နှင်းလှောင်ဂူပေါ့။ နွေဦးပေါက်လို့ ရာသီဥတု ပူလာပြီဆိုရင် လှောင်ထားတဲ့ နှင်းတွေကို အသားငါး အသီးရွက်ကုန်သည်တွေကို ထုတ်ရောင်းပါတယ်။ အဲဒါကလည်း ဂျပန်ရိုးရာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
.
. . . ရှေးတုန်းကတော့ ရေခဲသေတ္တာတွေ လေအေးပေးစက်တွေ မပေါ်သေးတော့ ယူကီမူရိုတွေ အလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာရောတဲ့။ ဒီနေ့မှာလဲ ဆောင်းတွင်းမှာ နှင်းတွေ သိုလှောင်ပြီး ကျန်တဲ့ရာသီတွေမှာ သုံးတာတွေ ရှိပါသေးတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့မြို့ ထင်ရှားတဲ့ ၀ိုင်စက်ရုံနဲ့ ဟာကိုင်းစံဆာကေး စက်ရုံတို့ဟာ စက်ရုံထဲမှာ လှောင်ထားတဲ့ ၀ိုင်နဲ့ ဆာကေးတွေ လိုအပ်တဲ့ အအေးဓာတ်ပေးဖို့အတွက် လေအေးစက် မသုံးပါဘူး။ ဆောင်းတွင်းမှာ လှောင်ထားတဲ့ နှင်းကိုပဲ တစ်နှစ်ပတ်လုံးစာ အသုံးပြုပါတယ်။ အဲသည်လို နှင်းကို သိုလှောင်အအေးပေးစနစ်ရဲ့ အားသာချက်က ၀ိုင်နဲ့ ဆာကေးရဲ့ သဘာဝအတိုင်း သန့်စင်တဲ့ အရည်အသွေးကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် အဲသည်နည်းနဲ့ ထုတ်လုပ်တဲ့အတွက်လည်း သဘာဝ ပိုကျတာမို့ ဈေးကွက်မှာ မျက်နာပန်း ပိုလှပါသတဲ့။ ဒီစက်ရုံတွေကို လေ့လာရေးသွားတော့ နှင်းလှောင်အိမ်အကြီးကြီးတွေထဲမှာ ၀ိုင်စည်တွေ ဆာကေးစည်တွေကို လိုအပ်တဲ့ အအေးဓာတ်ထိန်းသိမ်းပြီး သိုလှောင်ထားတာ မြင်ခဲ့ရတုန်းက တော်တော်လေး အံ့အားသင့်ခဲ့မိပါတယ်။
. . . . .
. . . . .
. . . . .
. . . အရွက်မရှိတော့တဲ့ အရိုးပြိုင်းပြိုင်း သစ်ကိုင်းတွေအပေါ် နှင်းတွေ တဖွဲဖွဲကျတာမြင်တိုင်း ခံစားရတဲ့ ခံစားချက် နောက်ထပ်တစ်ခု ရှိပါသေးတယ်။ အဲသည် ခံစားချက်ကပဲ နှင်းတွေကို ဘယ်တော့မှ မမုန်းနိုင်အောင် ကျွန်တော့်ကို ပြုစားထားတယ်ထင်ပါရဲ့။ နှင်းတွေကိုမြင်တိုင်း အနော် အမြဲတမ်း လွမ်းမိတမ်းတမိ ခံစားမိနေတာက . . .
.
(၂၀၁၅ ဒီဇင်ဘာ ၂၉)
 — at International University of Japan.