Friday 1 January 2016

အပြောင်းအလဲ


. . . အပြောင်းအလဲနှင့် ပတ်သက်ပြီး ကြားဖူးနားဝ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။
.
. . . ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ အင်မတန် ကျော်ကြားတဲ့ နက္ခတ်ပညာရှင်တစ်ယောက်ရှိသတဲ့။ သူရဲ့ကျော်ကြားပုံက နက္ခတ်တွေကိုကြည့်ပြီး ရှေ့ဖြစ်ဟောနိုင်တာတင်မက နက္ခတ်တွေကိုပါ ဖျောက်ပစ်နိုင်တဲ့အစွမ်းရှိတယ် လို့ ဆိုပါတယ်။ ဒီသတင်းကို ဘုရင်ကြီးက ကြားသွားပြီး သူ့ကို နန်းတော်ကို ဆင့်ခေါ် ဘုရင့်ရဲ့ ကံကြမ္မာကို ဟောခိုင်းပါတယ်။ ပညာရှင်လည်း ကြယ်တွေ ဂြိုဟ်တွေ နက္ခတ်တွေကိုကြည့်ပြီး ဘုရင်ရဲ့ ကံကြမ္မာကို ဖတ်တာပေါ့။ အဲသည်မှာတင် ဘုရင်အတွက် ကံဆိုးခြင်းတွေကို ဆောင်ကျဉ်းလာတဲ့ ကြယ်တစ်လုံးကို တွေ့ပါလေရော။ ဘုရင်လည်း သူ့အပေါ်ကျရောက်လာမယ့် ကြမ္မာဆိုးတွေကို ရှောင်လွှဲချင်တာနဲ့ အဲသည် ကြယ်ကို ကောင်းကင်ကနေ ဖယ်ရှားပစ်ဖို့ နက္ခတ်ပညာရှင်ကို အမိန့်ပေးသတဲ့။ နက္ခတ် ပညာရှင်က သူ့အစီအမံတွေအတွက် ရက်သတ္တ တစ်ပတ်တော့ အချိန်ပေးပါဆိုပြီး လျှောက်သတဲ့။
.
. . . ခုနစ်ရက်ပြည့်ပြီးလို့ ရှစ်ရက်မြောက်တဲ့နေ့ ညလည်းရောက်ရော ဘုရင်ကြီးက သူဖျောက်ပစ်ခိုင်းလိုက်တဲ့ကြယ်ကြီး ရှိသေးလားဆိုပြီး ကောင်းကင်ကို မော့ကြည့်တော့ ကြယ်ကြီးက အရင်လိုပဲ ထွန်းထွန်းလင်းလင်း ၀င်းဝင်းလက်လက်နဲ့ တောက်ပနေတုန်းပဲတဲ့။ ဒါနဲ့ပဲ ညတွင်းချင်း နက္ခတ်ပညာရှင်ကို ဆင့်ခေါ်ပြီး ကြယ်ကြီးကို ဘာလို့ မဖျောက်ရသေးတာလဲ မေးတော့ ပညာရှင်က ဖျောက်ပြီးပါပြီလို့ ဖြေသတဲ့။ ဘုရင်က သူ့ကို ပြောင်လိမ်ရကောင်းလားဆိုပြီး နက္ခတ်ပညာရှင်ကို ကွပ်မျက်ဖို့ အမိန့်ပေးတယ်။ ပညာရှင်က တင်လျှောက်ရှင်းလင်းပါရစေဆိုတာတောင် ခွင့်မပြုတော့ပဲ ချက်ချင်း ကွပ်မျက်လိုက်သတဲ့။
.
.
.
. . . နှစ်ပေါင်း ငါးရာခန့်အကြာ
.
.
.
. . . တစ်နေ့မှာ နက္ခတ်ပညာရှင်တစ်ယောက်ဟာ ကောင်းကင်ကို လေ့လာစူးစမ်းရင်းနဲ့ တော်တော် အလုပ်များနေသတဲ့။ သူအလုပ်များနေတဲ့ အဓိက အကြောင်းရင်းက မနေ့ကအထိ ရှိနေပြီး ဒီနေ့ကျမှ ကောက်ကာငင်ကာ ပျောက်ခြင်းမလှ ပျောက်သွားတဲ့ ကြယ်တစ်လုံးကို လိုက်ရှာနေတာပါ။ ဒါပေမယ့် အဲသည်ကြယ်ကို သူဘယ်တော့ ရှာတွေ့တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ မနေ့ကအထိ သူတွေ့ခဲ့တဲ့ ကြယ်ဟာလည်း ကြယ်အစစ်မဟုတ်ပါဘူးတဲ့။ တကယ့်ကြယ်အစစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကတည်းက ပျောက်သွားခဲ့ပါပြီတဲ့။ သူမနေ့ကအထိ တွေ့နေမြင်နေခဲ့တာက ပျောက်သွားတဲ့ ကြယ်ရဲ့ အလင်းရောင်သာ ဖြစ်ပါတယ်တဲ့။ အဲသည်အလင်းရောင်ဟာ ကမ္ဘာမြေကို ရောက်ဖို့ အလင်းနှစ်ငါးရာတောင် ကြာလေတော့ ကြယ်ကြီး မရှိတော့တာတောင်မှ ကြယ်ကြီး ရှိခဲ့စဉ်က နောက်ဆုံး အလင်းရောင်ဟာ နောင်နှစ်ပေါင်း ငါးရာတိုင်တိုင် ကမ္ဘာမြေကို ရောက်နေတာ ဖြစ်ပါသတဲ့။
.
.
.
. . . ပုံပြင်ကပေးတဲ့ သင်ခန်းစာက ဘာလဲ ဆိုရင် တစ်ချို့အပြောင်းအလဲတွေဟာ ပြောင်းလဲသွားပြီးတဲ့ တိုင်အောင် အရင်အငွေ့အသက်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ မြင်နေတွေ့နေရတတ်တာ လောကဓမ္မတာပါပဲတဲ့။ အပြောင်းအလဲ တစ်ခုရဲ့ အနှစ်သာရကို ခံစားရဖို့ဆိုတာ တစ်ခါတစ်လေ ချက်ချင်း ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေကျတော့ အချိန်ယူရတတ်ပါသတဲ့။ အဲဒါကို မပြောင်းလဲဘူးဆိုပြီး ငြင်းကြတဲ့အခါ တစ်ခါတစ်လေတော့လည်း ဖြေရှင်းပြဖို့ ခက်တတ်ပြန်ပါသတဲ့။
.
. . . အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့ အလင်းနှစ် သဘောတရားကို မသိတဲ့ ဘုရင်ကြီး ရှိနေသရွေ့ ကွပ်မျက်ခံရတဲ့ နက္ခတ်ပညာရှင်ကလည်း ရှိနေအုံးမှာပဲ။ အဲသည်လို ကိုယ်မသိနားမလည်တဲ့ ကိစ္စတွေကို ကိုယ့်ဘာသာ ထင်ရာမြင်ရာ ဆုံးဖြတ်ကြမယ်ဆိုရင် သိပ်တော်တဲ့ နက္ခတ်ပညာရှင်တွေလည်း ဆက်ပြီး ဆုံးရှုံးနေအုံးမှာပါပဲ။
.
. . . အပြောင်းအလဲကို သတိတရား အသိတရားနဲ့ လက်ခံနိုင်ကြပါစေပေါ့ဗျာ။

1 comment:

  1. ပုံပြင်ကပေးတဲ့ သင်ခန်းစာက ဘာလဲ ဆိုရင် တစ်ချို့အပြောင်းအလဲတွေဟာ ပြောင်းလဲသွားပြီးတဲ့ တိုင်အောင် အရင်အငွေ့အသက်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ မြင်နေတွေ့နေရတတ်တာ လောကဓမ္မတာပါပဲတဲ့။ အပြောင်းအလဲ တစ်ခုရဲ့ အနှစ်သာရကို ခံစားရဖို့ဆိုတာ တစ်ခါတစ်လေ ချက်ချင်း ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေကျတော့ အချိန်ယူရတတ်ပါသတဲ့။ အဲဒါကို မပြောင်းလဲဘူးဆိုပြီး ငြင်းကြတဲ့အခါ တစ်ခါတစ်လေတော့လည်း ဖြေရှင်းပြဖို့ ခက်တတ်ပြန်ပါသတဲ့။ Good.

    ReplyDelete