Friday 1 January 2016

မိနစ်နှစ်ဆယ်



           ရွေးကောက်ပွဲရာသီဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာလေးတွေ စိတ်ထဲမှာ ပေါ်လာတယ်။ ရွေးကောက်ပွဲဆိုပြီး စကြုံဖူးတာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက။ အဲသည်တုန်းက အသက် ဆယ့်တစ်နှစ်ရှိပြီ ငါးတန်းကျောင်းသားပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးဟောပြောပွဲ တစ်အိမ်တစ်ယောက်တက်ရမယ်ဆိုလား အဲတုန်းက အမေတို့က လူလေး မင်းသွားနားထောင်ပြီး ပြန်ပြောပြတဲ့။ မိသားစုကို ကိုယ်စားပြုပြီး အင်းသာ မူလတန်းကျောင်းမှာလုပ်တဲ့ ဟောပြောပွဲကို သွားနားထောင်တာ။ မှတ်မိသလောက်ဆိုရင် အဲသည်တုန်းက မဲပေးရတာက အမှန်ခြစ် မဟုတ်ဘူးဗျ။ ကြက်ခြေခတ် တံဆိပ်တုံးလေးနဲ့ ထုရတာ။ တံဆိပ်တုန်းပျောက်သွားရင် ဘယ်လိုလုပ်ရမလဲ မေးတော့ ဘောပင်နဲ့ ကြက်ခြေခတ်ခြစ်ရင် ရသတဲ့။ အိမ်ကိုပြန်ရောက်တော့ အမေအဖေ ဦးလေးတွေကို လူတတ်ကြီးလုပ်ပြီး မဲပေးနည်း သင်ခန်းစာ ပြန်ပို့ချပေးခဲ့ရသေးသဗျ။

           အဲသည်တုန်းက အဓိက ပြိုင်ဘက်ပါတီနှစ်ခုက ခမောက်နဲ့ စပါးနှံပေါ့။ မဲပေးတဲ့နေ့မှာ ပါတီတွေ အပြိုင် ကောက်ညှင်းပေါင်းကျွေးတာနဲ့ လက်ဖက်ရည်တိုက်တာနဲ့ လုပ်ကြတာ မှတ်မိသေးတယ်။ ဗိုလ်ချုပ်သမီးအုပ်ချုပ်ရင် တိုင်းပြည်ကြီး ကောင်းစားမှာပဲ အောက်မေ့ပြီး ပုံအောလိုက်ကြတာ ဟိုတစ်ယောက်က စကားအပြောအဆို မချေငံတော့ နှစ်ပေါင်း နှစ်ဆယ်လောက် ကြာသွားပါလေရောလား။

           နောက်ထပ် သတိရတဲ့ ရွေးကောက်ပွဲတစ်ခုက ရ၀တ လူကြီးရွေးတာဗျ။ သာဝတ္ထိ အထက်တန်းကျောင်းရှေ့အုတ်နံရံနဲ့ သံလမ်းကြားက အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးတွေအောက်က မြက်ခင်းပြင်မှာ လုပ်တာ။ ထုံးစံအတိုင်း လူလေး သွားတက်ပါအုံးဆို သွားရတာပေါ့။ အခု လွှတ်တော်တွေမှာ ဗြောင်ဆန္ဒမဲ ပေးသလိုပါပဲ။ နာမည်တစ်ခု ဖတ်ပြတယ်။ ထောက်ခံရင် လက်ထောင်။ အဲသည်မှာ လူတစ်ယောက်က မူးပြီးတော့လား မသိပါဘူး။ လက်နှစ်ဘက်လုံး ထောင်မိလို့ ရဲက ချက်ချင်း ဖမ်းသွားပါတယ်လေ။

            ကျောင်းမှာလည်း အခန်းထဲမှာ အတန်းခေါင်းဆောင် ရွေးတဲ့အခါ မဲစနစ် မဟုတ်ပေမယ့် အတန်းပိုင်ဆရာမက နာမည်တစ်ခု အဆိုပြုရင် အတန်းက သဘောတူသလား မတူဘူးလားပေါ့။ အခုခေတ် သမ္မတက ၀န်ကြီးတွေကို ခန့်ချင်ရင် လွှတ်တော်ကို တင်ပြအတည်ပြုချက်ယူရတဲ့ သဘောတရားရဲ့ ရှေ့ပြေးလို့ ပြောလို့ရတယ်။ အတန်းပိုင်ဆရာမက မေးမှတော့ ဘယ်ကျောင်းသားကမှ အမိုက်ခံပြီး သဘောမတူဘူး ပြောပါ့မလဲ။ အဲလိုနည်းနဲ့ အတန်းခေါင်းဆောင်လည်း ခဏခဏ ဖြစ်ခဲ့ရတယ်ဗျ။

           စစ်တက္ကသိုလ်ရောက်တော့မှ တကယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကြုံရတော့တာ။ အနော်တို့ ဗန္ဓုလ တပ်ခွဲမှာ တပ်ခွဲမှူးက ဗိုလ်လောင်းတာဝန်ကျတွေ ခန့်တော့မယ်ဆိုရင် အရင်ဆုံး ရွေးကောက်ပွဲ လုပ်တယ်။ တကယ်ကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲပါ။ အနော်တို့ စာရေးရင် သုံးရတဲ့ ငါးလက်မခွဲ ရှစ်လက်မ စာရွက်လေးပေါ်မှာ နာမည် နံပတ် တပ်စရာမလိုဘဲ ကိုယ်ခန့်ချင်တဲ့ ဗိုလ်လောင်းနာမည်နဲ့ နံပတ်ကို ရာထူးအစဉ်လိုက် ရေးပေးရတယ်။ ပြီးရင် ခေါက်ပြီး တာဝန်ကျဗိုလ်လောင်းကို အပ်။ တာဝန်ကျ ဗိုလ်လောင်းက စုပြီး တပ်ခွဲမှူး အရာရှိကို အပ်ပေါ့။ အပြင်ရွေးကောက်ပွဲနဲ့ ကွာတာကတော့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာတို့ဘာတို့ မရှိဘူးပေါ့။ ဘယ်ဗိုလ်လောင်းကမှလည်း ကိုယ့်ကိုယ်ကို အပွခံပြီး နာမည်စာရင်းတင်သွင်းချင်မှာမဟုတ်။ နောက်ပြီး ခေါင်းဆောင်မှုဆိုတာ အရည်အချင်း အရည်အသွေးတစ်ခုအဖြစ် နားလည်ထားကြတော့ ကျွန်တော်ခေါင်းဆောင်လုပ်ချင်ပါတယ်ဆိုပြီး ပြောရမှာ ရှက်တတ်ကြတယ်။ အားလုံးက အများစု ဆန္ဒနဲ့ တင်မြှောက်လို့ အထက်က ခန့်အပ်တယ်ဆိုရင်တောင် တာဝန်ကျဗိုလ်လောင်းခန့်အပ်တဲ့ စစ်ရေးပြမတိုင်ခင်မှာ လက်မထောင်ရမှာ အမောက်ထောင်ပြရမှာ ရှက်တတ်ကြတာလေ။ ခုနပြောတဲ့ စာရွက်လေးကို ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ကျောင်းသားတိုင်း ရေးကြရပါတယ်။ လွတ်လပ်ပြီး တရားမျှတချက်ကတော့ တပ်ခွဲနဲ့ တပ်ရင်းက ရာထူးတွေ တန်းစီနေရာမှာ ကိုယ်ခန့်ချင်တဲ့ဗိုလ်လောင်းနာမည်ကို ကိုယ်ခန့်ချင်တဲ့ ရာထူးနဲ့ တွဲရေးပေးလိုက်ရုံပါပဲ။ နိုင်ငံရေးဆိုတာကတော့ ရှိတာပေါ့ဗျာ။ ကိုယ့်ကိုအုပ်ချုပ်မယ့်သူ စိတ်တိုင်းကျ ရွေးခွင့်ရနေတာပဲ။ ထင်ရာမြင်ရာတော့ မလုပ်ပါဘူး။ သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်။ တစ်ခြား တပ်ခွဲက သူငယ်ချင်းတွေကို အကျိုးအကြောင်း စနည်းနာတယ်။ ပြီးတော့မှ ဘယ်သူ့ကိုတော့ ဘယ်ရာထူးနေရာ ထားသင့်တယ်ဆိုတာ ရွေးပေးရတာကိုး။ ဘယ်ဗိုလ်လောင်းကမှလည်း ငါ့ကိုခန့်ပါလို့ မဲမဆွယ်သလို ဘယ်ဗိုလ်လောင်းကမှလည်း ငါ့ကို မရွေးပေးရကောင်းလားလို့ ရန်ရှာတာမျိုး ကြားတောင် မကြားဖူးခဲ့ပါဘူး။ စစ်တက္ကသိုလ်မှာ စီနီယာကို ကြောက်ရတယ် ဆိုပေမယ့် ဒီတစ်ခုကတော့ ကြောက်စိတ်ကင်းကင်းနဲ့ကို ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်ခဲ့ပါတယ်။

          ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနီးချိန်မှာ တစ်ဆင့်မြင့်ရာထူးနဲ့ ပြောင်းရွှေ့မိန့် ထွက်တဲ့အတွက် ကြိုတင်မဲ ပေးခဲ့ရပါတယ်။ တကယ်တော့ မဲရုံဝန်ထမ်းရော မဲဆန္ဒရှင်ရော သက်ဆိုင်ရာ ၀င်အရွေးခံ ပါတီကိုယ်စားလှယ်တွေက ဆန္ဒမဲပေးတာနဲ့ ပတ်သက်တဲ့ အသိပညာ အရေးကြီးတယ်ဆိုတာ ကိုယ်တွေ့ ကြုံလိုက်ရတယ်။ အနော်တို့ ကြိုတင်မဲပေးတော့ မဲလက်ခံတဲ့ တာဝန်ရှိသူက မဲလက်မှတ်နဲ့ စာအိတ်ပေါ်မှာ ဘယ်သူဘယ်ဝါဆိုတာ ရေးမှတ်မယ်လုပ်ပါလေရော။ ဟာ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ။ ဒီလိုဆိုရင် မဲပေးသူရဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့်အပြင် ဆန္ဒမဲပေါ် တစ်ခုခု ရေးခြစ်လိုက်ရင် ပယ်မဲ ဖြစ်သွားမှာပေါ့ဆိုပြီး ရွေးကောက်ပွဲ နည်းဥပဒေထဲက ပြဌာန်းချက်တွေကို ကိုးကားပြီး ပညာပေးခဲ့ရသေးသဗျ။ တကယ်တော့ သူ့ခမျာ သူထမ်းထားတဲ့ တာဝန်ကျေပွန်စိတ်ကလွဲရင် တစ်ခြား မသမာတဲ့စိတ်ကူး ကြံရွယ်ချက် မရှိရှာပါဘူး။ သို့သော်လည်းပဲ ကိုယ်ထမ်းရတဲ့ တာဝန်နဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတက မရှိလေတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပါ။ အဲသည် အားနည်းချက်ကတော့ ဒီကနေ့ထက်တိုင်း ရှိတန်သရွေ့ ရှိနေကြတုန်းပါ။

          ကြိုတင်မဲပေးပြီး တာဝန်ကျတဲ့ ဒေသကိုရောက်တော့ ရွေးကောက်ပွဲကာလနဲ့ တည့်တည့်တိုးတာကလား။ ထုံးစံအတိုင်း လုံခြုံရေးပေါ့။ ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေး လုပ်တယ်ဆိုတာတောင်မှ ဥပဒေ နည်းဥပဒေနဲ့ ညီမှ ရမယ်ဆိုတာလည်း ကိုယ်တွေ့ ကြုံလိုက်ရတယ်။ အဲသည်တုန်းက ၀ါးခယ်မမြို့ပေါ် လုံခြုံရေး။ တာဝန်ထမ်းဆောင်ဖို့ သတိပေးအမိန့် ရတာနဲ့ အရင်ဆုံး ဥပဒေ နည်းဥပဒေတွေ သေချာ ပြန်ဖတ်တယ်။ ကျွန်တော် နားလည်မိတာက လုံခြုံရေး ၀န်ထမ်းသည် လက်နက်ကိုင်ပြီး မဲရုံရဲ့ ဘယ်နှစ်ပေ အကွာအတွင်း နေလို့ မရဘူးတဲ့။ မဲရုံမှူးက လိုအပ်လို့ အကူအညီတောင်းရင် ပေးရမယ်တဲ့။ ဒါနဲ့ပဲ မဲပေးပွဲ မတိုင်ခင် တစ်ရက်မှာ ၀ါးခယ်မ မြို့ပေါ်က ရပ်ကွက်တိုင်းရဲ့ မဲရုံမှူးတွေနဲ့ လိုက်တွေ့ရတယ်။ ကျွန်တော် ဒီမြို့ လုံခြုံရေး တာဝန်ကျတဲ့သူပါ။ မနက်ဖြစ် ကျွန်တော် တစ်မြို့လုံးမှာ ပတ်နေပါမယ်။ ကျွန်တော့် တပ်သားတွေလည်း ရှိနေပါမယ်။ သို့သော် မဲရုံနားကိုတော့ လာလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော့် ဖုံးနံပတ်ကို ယူထားပါ။ လိုအပ်ရင် အချိန်မရွေး ဆက်သွယ် အကူအညီတောင်းပါ။ အကြောင်းထူးရှိရင်လည်း ချက်ချင်း သတင်းပို့ပေးပါ ဆိုပြီး ကိုယ့်ဖုန်းနံပတ်လည်းပေး သူ့ဖုန်းနံပတ်လည်းယူ လုပ်ထားရပါတယ်။ ရွေးကောက်ပွဲနေ့မှာ လည်း ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင် နိုင်ခဲ့ပါတယ်။ မဲရုံမှူးတွေကလည်း များသောအားဖြင့် ဆရာကြီး ဆရာမကြီးတွေ များတဲ့အတွက် တူအရွယ် သားအရွယ် လုံခြုံရေး အရာရှိလေးကို မိဘစိတ် ဦးကြီးဘကြီးစိတ်နဲ့ ခင်ခင်မင်မင် ပူးပေါင်းဆောင်ရွက်ပေးကြလို့ ကျွန်တော့်တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။

          ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကျတော့ ကိုယ်နေတဲ့ မြို့က ကိုယ်စားလှယ် မလစ်လပ်လို့ မဲပေးခွင့် မကြုံလိုက်ရပါဘူး။
ဒီကျောင်းကို ရောက်တော့ နိုင်ငံတကာ ဆက်ဆံရေးပညာရပ်ဆိုင်ရာ ကျောင်းသားကောင်စီဝင် တစ်ယောက်အနေနဲ့ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မတီလုပ်ရပါတယ်။ လစ်လပ်ရာထူးနေရာတွေ စိစစ်ကြေညာပေးတာ။ ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းတာကို လက်ခံပေးတာ။ ရက်သတ်မှတ်ပေးတာ။ ရွေးကောက်ပွဲစနစ်ကို သတ်မှတ် ဆုံးဖြတ်ပေးတာ။ စသည်ဖြင့် လုပ်ရပါတယ်။ တကယ့်ရွေးကောက်ပွဲနေ့ လုပ်မယ့် ခန်းမထဲမှာ ဥက္ကဌလောင်းကစပြီး ၀င်အရွေးခံတဲ့သူတွေက မဲဆွယ်စည်းရုံး ဟောပြောဖို့ အချိန် သတ်မှတ်ပေးရပါတယ်။ ပရိတ်သတ်က မေးတာတွေကို ဖြေပေးရပါတယ်။ ပြီးမှ မဲပေးပွဲ စတာပါ။ မဲပေးတဲ့ စနစ်က ကွန်ပြူတာမဲပေးစနစ်ပါ။ ကိုယ်ရွေးမယ့် ကိုယ်စားလှယ်လောင်းတွေကို လျို့ဝှက်ကုတ်နဲ့ ကလစ်ခဲ့ရုံပါပဲ။ မဲပေးမယ့် ကျောင်းသားက ကျောင်းသားကတ်တော့ ပြရပါတယ်။ ကွန်ပြူတာ စနစ်ဖြစ်တဲ့အတွက် ရလဒ်ကို ရေတွက်တာလည်း မြန်ပါတယ်။ အရွေးချယ်ခံရသူတွေကို သက်ဆိုင်ရာ ရာထူးတွေမှာ ခန့်အပ်ကြောင်းကြေညာတဲ့အချိန်အထိ ရွေးကောက်ပွဲကော်မတီက ထမ်းဆောင်ပေးရပါတယ်။ အငြင်းပွားမှု ရှိလာခဲ့မယ်ဆိုရင်လည်း ကျောင်းသားသမဂ္ဂ ပဋိညာဉ်စာတမ်းအတိုင်း ဆုံးဖြတ်ပေးရုံပါပဲ။ အဲဒီ စာတမ်းကိုတော့ ကျောင်းသားတွေပဲ ဆွဲပြီး ပြင်စရာရှိရင်လည်း ကျောင်းသားတွေပဲ ဆန္ဒခံယူပွဲလုပ်ပြီး ပြင်ပါတယ်။

          အခုလည်း မြန်မာပြည် အထွေထွေရွေးကောက်ပွဲကြီး စနေပါပြီ။ ပြည်ပရောက်နေတဲ့အတွက် ကြိုတင်မဲ ပေးရပါတယ်။ လူတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားတာ သက်ဆိုင်ရာ သံရုံးတွေကလည်း စိတ်အားထက်ထက်သန်သန်နဲ့ ကူညီတာတွေကြောင့် ရာခိုင်နှုန်းပြည့် မဟုတ်ပေမယ့် တော်တော်ကို အောင်အောင်မြင်မြင် ဖြစ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးနေကြတာက လွဲရင်ပေါ့။

          မဲပေးခဲ့တဲ့ အတွေ့အကြုံလေး ပြောရမယ်ဆိုရင် သံရုံးအ၀င်ဝကို တံခါးခေါက်ပြီး ၀င်သွားတော့ မဲပေးမလို့လားလို့ မေးတယ်ဗျ။ အဲဒါဆို အဲဒီမှာ ခဏ ရပ်နေပါတဲ့။ တံခါးပေါက်ကြီးနားမှာ ခဏရပ်ခိုင်းထားပြီး စာရွက်တစ်ရွက် ကိုင်ဆင်းလာတယ်ဗျ။ နာမည် မှတ်ပုံတင်အမှတ် မိဘနာမည် မဲစာရင်းမှာပါတဲ့ အမှတ်စဉ်တွေ မေးရေးတယ်။ ပြီးတော့ အပြင်ထွက်ပြီး ခဏစောင့်ပါတဲ့။ သံရုံးဝင်းတံခါး အပြင်ကိုထွက်ပြီး လမ်းပေါ်ထွက်ရပ်ပြီး စောင့်ရတယ်ဗျ။ မိနစ်နှစ်ဆယ်လောက် စောင့်ပြီးတော့မှ လာပါ ရပါပြီတဲ့။ ဂျပန်ပြည်နေတာ အကျင့်ပါနေလို့လားမသိဘူး ကျွန်တော်တို့ နှစ်ယောက်ထဲ မဲပေးဖို့သွားတာ ရှေ့မှာလည်း ဘယ်သူမှ မရှိဘူး။ အဲသည်နှစ်ယောက်တည်း မဲပေးနိုင်ဖို့အရေး မိနစ်နှစ်ဆယ်တောင် စောင့်နေရတာဆိုတော့ အထဲမှာ မဲပေးတဲ့လူတွေ ကြိတ်ကြိတ်တိုးနေပြီထင်တာ။ အထဲဝင်သွားတော့ မှ မဲပေးမယ့် ကိုယ်တွေနှစ်ယောက်ရယ် မဲစာရွက်ပေးပြီး ရှင်းပြတဲ့ ၀န်ထမ်းသုံးယောက်ရယ်ကို တွေ့လိုက်ရတယ်။ မဲစာရွက်ပေးတာ ရှင်းပြတာ မဲပေးတာ စုစုပေါင်း ဆယ့်ငါးမိနစ်ကြာခဲ့ပါတယ်။ ကျွန်တော် မဲပေးဖို့ နာမည် နေရပ် မဲစာရင်းမှာပါတဲ့ အမှတ်စဉ်တွေ အကုန်လုံး ပြောပြတာတောင် မဲစပေးဖို့ အဆင်သင့်ဖြစ်တဲ့အထိ မိနစ်နှစ်ဆယ်လုံးလုံး မဲလာပေးတဲ့ နိုင်ငံသား နှစ်ယောက်ကို သံရုံးရှေ့က လမ်းပေါ် ထွက်ရပ်ခိုင်းပြီး သူတို့ ဘာလုပ်ငန်းစဉ်တွေ လုပ်နေသလဲ ဆိုတာတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပေမယ့် ဘာမှ မမေးရဲလို့ ဒီအတိုင်းပြန်ခဲ့ရပါကြောင်း . . .

No comments:

Post a Comment