Friday, 1 January 2016

Lost & Found




          မနှစ်က စီနီယာတွေနဲ့ ဘွဲ့နှင်းသဘင်မှာ ဓာတ်ပုံလိုက်ရိုက်ပေးရင်း ဦးထုပ်နဲ့ နေကာမျက်မှန်ကို ခန်းမဘေးက ဘောင်တစ်ခုပေါ် တင်ထားမိတာ အခမ်းအနားပြီးတော့ မတွေ့တော့ပါဘူး။ အလွယ်တကူ တင်ထားလိုက်မိတာကလည်း ဒီနေရာမှာ အလွယ်တကူ မပျောက်လောက်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိလို့ပါ။ ပြန်ခါနီး သွားကြည့်တော့ မတွေ့တော့လည်း တစ်ယောက်ယောက်က သိမ်းထားပြီး ပစ္စည်းပျောက်တွေ ပြန်ထားတဲ့နေရာမှာ သွားထားမယ်လို့ ယုံကြည်ထားတဲ့အတွက် ပျောက်သွားတယ်လို့တောင် မအောက်မေ့ထားပါဘူး။

          ဘွဲ့နှင်းသဘင်ပြီး နောက်တစ်နေ့မှာ နွေရာသီကျောင်းပိတ်ရက်စတာမို့ တိုကျိုမှာ တစ်ရက်နှစ်ရက် နေချိန်ရအောင် ကျောင်းက ချက်ချင်း ထွက်ခဲ့တော့ အဲဒီ ဦးထုပ်နဲ့မျက်မှန်ကို ခဏမေ့ထားလိုက်ရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းကိုပြန်ရောက်တော့ ရောက်ရောက်ချင်းဆိုသလို ပစ္စည်းပျောက်သိမ်းဆည်းဗီရိုလေးထဲကို သွားကြည့်တဲ့အခါ အနော့် ဦးထုပ်နဲ့မျက်မှန်ကို ပြန်မတွေ့ပါဘူး။ အခု ကျောင်းဖွင့်ပြီး တစ်ပတ်လောက်နေတော့မှ ပစ္စည်းသိမ်းဗီရိုလေးထဲမှာ ပြန်ရောက်နေတာ တွေ့ပါတယ်။ ကျောင်းသားရေးရာဌာနဘေးက ဧည့်ခန်းထဲမှာ ထားတဲ့ ဗီရိုလေးပါ။ အဲဒီဗီရိုထဲမှာ ဟိုနေရာ ဒီနေရာကတွေ့လို့ လာအပ် သိမ်းထားပေမယ့် ပိုင်ရှင်တွေ လာမယူသေးတာကြောင့် ကျန်နေတဲ့ ပစ္စည်းတွေ အများကြီးပါပဲ။ အနော့် ဦးထုပ်နဲ့ နေကာမျက်မှန်လေးကို မနှစ်က သိမ်းသွားပေးတာ အနော်တို့လို့ ပထမနှစ်ကျောင်းသားဖြစ်နိုင်ပြီး သူက အခုမှ ကျောင်းကိုရောက်လို့ ဒီပစ္စည်းကို ဒီဗီရိုထဲ အခုမှ လာသိမ်းပေးထားတာ ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော တစ်နေရာမှာတွေ့လို့ ကောက်သိမ်းသွားပြီး ဒီနေရာကို လာထားပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ကိုယ်သာဆိုလည်း ဒီလိုပဲ လုပ်ဖြစ်မှာပါ။


          အနော်တို့ကျောင်းမှာ ကိုယ်ကသာ နမော်နမဲ့ မနေရင် ပစ္စည်းတွေ ပျောက်ခဲပါတယ်။ ပျောက်တတ်ရှတတ်တာ ကြားဖူးပေမယ့် ဖြစ်တောင့်ဖြစ်ခဲပါ။ မတစ်ထောင်သားတွေစုနေတဲ့ နေရာဆိုတော့ စာရိတ္တအားနည်းသူလည်း ရှိနိုင်ပေမယ့် တော်တော်လေးတော့ လုံခြုံစိတ်ချ နေလို့ရတဲ့နေရာပါ။ ကျောင်းသားအချို့က အခန်းကို လူမရှိလည်း သော့မခတ်ဘဲ ထားထားတတ်လို့ ကျောင်းသားရေးရာဌာနမှူးက အခန်းတွေ သော့ခတ်ဖို့ ခဏခဏ နှိုးဆော်ရပါတယ်။ အနော်တို့ ပါမောက္ခဆို သူ့အိမ်ကို ဘယ်တော့မှ သော့ခတ်လေ့ မရှိပါဘူး။ ခရီးထွက်သွားတဲ့အခါမျိုးက လွဲရင်ပေါ့။


          ဒါပေမယ့် ဂျပန်တွေက သူတို့နိုင်ငံမှာ ပစ္စည်းမပျောက်ပါဘူး စိတ်ချလက်ချနေပါလို့ ဘယ်တော့မှ မပြောပါဘူး။ ဘယ်သွားသွားကိုယ့်ပစ္စည်းကို ဂရုစိုက်ဖို့ အမြဲတမ်း နှိုးဆော်ပါတယ်။ သူတို့ဆီမှာ စိတ်ချရတယ်ဆိုပြီး နမော်နမဲ့နေရင် မကြိုက်တတ်ကြပါဘူး။


          ဒီလို ပစ္စည်းပျောက်အပ်သိမ်းစနစ်မျိုးကို ပန်းပွင့်လေးနေတဲ့ လုမ္ဗိနီကျောင်းမှာလည်း တွေ့ဖူးပါတယ်။ နေရာတိုင်းမှာ ရှိနေရင်တော့ ကောင်းမှာပါ။ အဲဒါသာဆိုရင် ပိုင်ရှင်မသိ ပစ္စည်းတစ်ခု ကောက်ရတဲ့အခါ ဘယ်သူ့ကို ပြန်ပေးရမှန်းမသိလို့ သိမ်းထားပေးရတဲ့ အဖြစ်မျိုး မကြုံရတော့ဘူးပေါ့ . . .

No comments:

Post a Comment