Friday 1 January 2016

စပါးတောင်လိုပုံ


. . . အမေရိကန်က ဖယ်ဒရယ် အတိုးနှုန်းတွေကို သုညနီးပါး (၀.၂၅ %) ကနေ (၀.၅ %) ပြင်ဆင်သတ်မှတ်လိုက်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကျွန်တော်ဟာ ဂျပန်နိုင်ငံရဲ့ မစ်ဇူဟိုငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးရဲ့ သင်တန်းကျောင်းကို ဆီမီနာတစ်ခု တက်ဖို့ ရောက်နေခဲ့ပါတယ်။ မစ်ဇူဟို (瑞穂) ဆိုတာ မြန်မာလို အနီးစပ်ဆုံး ပြောရရင် စပါးတောင်လိုပုံ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ပဒေသာပင်ကြီးဆိုတဲ့ သဘောမျိုးလည်း ယူရင်ရမယ်ထင်ပါရဲ့။ ကုမ္ပဏီဆောင်ပုဒ်ကတော့ Channel to Discovery, ONE Mizuho ဖြစ်ပါတယ်။ မစ်ဇူဟိုငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးကို ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက ဂျပန်နိုင်ငံရဲ့ ထိပ်သီးဘဏ်ကြီးတြွေုဖစ်တဲ့ ဒိုင်အိချိကန်ဂျိုဘဏ်၊ ဖူဂျီဘဏ် နဲ့ ဂျပန်စက်မှုလုပ်ငန်းဘဏ် သုံးခုပေါင်းပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုကြီးအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၄၇ ခုစလုံးမှာ ဘဏ်ခွဲတွေ ဖွင့်ထားတဲ့ တစ်ခုတည်းသော ဘဏ်ကြီးဖြစ်တဲ့ မစ်ဇူဟိုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှာ ရုံးခွဲတွေ ဖွစ်လှစ်ထားပြီး ၀န်ထမ်းပေါင်း ခြောက်သောင်းရှစ်ထောင်ကျော် ခန့်အပ်ထားပါတယ်။ ရင်းနှီးမြှပ်နှံမှုပမာဏအရ ကမ္ဘာ့အဆင့် ကိုးမှာ ရှိပြီး ဖော်ဘီ စာစောင် အဆိုအရ ကမ္ဘာပေါ်မှာ အဆင့် ၅၉ ရှိတဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သီလ၀ါစီမံကိန်းကို ထောက်ပံ့ဖို့ ပြီးခဲ့တဲ့ လပိုင်းကပဲ ရုံးခွဲ လာရောက်ဖွင့်လှစ်သွားခဲ့ပါတယ်။ 
.
. . . ကျွန်တော်တို့ နိုင်ငံတကာ တက္ကသိုလ်မှာ လက်တွေ့ကျတဲ့ သင်တန်းတွေ ပို့ချပေးဖို့ ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ရဲ့ အကြံပြုချက်အရ တက္ကသိုလ်နဲ့ မစ်ဇူဟိုဘဏ် ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဆီမီနာကို ကျင်းပလာခဲ့တာ သုံးနှစ်ရှိသွားပါပြီ။ ဆီမီနာအတွက် ကုန်ကျစရိတ်တွေကို ကျောင်းနဲ့ ဘဏ်က ပူးပေါင်း ကျခံပြီး ကျောင်းသားက ကုန်ကျစရိတ်ပေးစရာမလိုဘဲ တက်ရောက်ခွင့်ရတာ ဖြစ်တဲ့အတွက် ဒီဆီမီနာကို တက်ရောက်ဖို့ မှတ်ပုံတင်စဉ်က အခက်အခဲ အနည်းငယ် ရှိခဲ့ပါတယ်။ ပါမောက္ခ ဆရာကာကီနာကရဲ့ စေတနာကြောင့်သာ လူဦးရေတိုးပေးလို့ တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီဆီမီနာကို အိုင်ယူဂျေ ကျောင်းသားကျောင်းသူ ၃၇ ယောက်တက်ရောက်ခဲ့ပြီး မစ်ဇူဟိုဘက်က ၀န်ထမ်းငယ် ၁၇ ဦး ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ မစ်ဇူဟိုလုပ်ငန်းစုရဲ့ သက်ဆိုင်ရာဌာနများ နဲ့ ဥာဏ်ကြီးရှင်အင်စတီကျုများက အကြီးတန်း အရာရှိများက ဦးဆောင် ဆွေးနွေး ပို့ချခဲ့ကြပါတယ်။ ပို့ချသူအားလုံးဟာ ပညာရပ်နယ်ပယ် လုပ်ငန်းခွင်နယ်ပယ်မှာ အတွေ့အကြုံနဲ့ ပညာရည်မြင့်မားကြတာကတော့ လေးစားစရာပါပဲ။ 
.
. . . တိုကျိုမြို့အီဘစ်ဆု ဘူတာနားက မစ်ဇူဟို သင်တန်းကျောင်းမှာ နှစ်ရက်ကြာတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ နေရထိုင်ရ စားရသောက်ရတာ ဟော်တယ်တွေလောက်တော့ မကောင်းပေမယ့် အဆင်ပြေတယ်လို့တော့ ပြောလို့ ရပါတယ်။ အဆင်မပြေတာတစ်ခုက အင်တာနက် ၀ိုင်ဖိုင် မရှိတာပါပဲ။ သာမန်အားဖြင့် ကျွန်တော်တို့ကျောင်းမှာ နေရာတိုင်း ၀ိုင်ဖိုင်ရှိတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုကို တယ်လီဖုန်းထဲ ထည့်ထားလေ့ မရှိပါဘူး။ ဆီမီနာလုပ်တဲ့ရက်က ဆောင်းဦးရွက်ကြွေတန်း နောက်ဆုံးပတ် စာမေးပွဲတွေဖြေ စာတမ်းတွေ ထပ်ရတဲ့ ရက်ဖြစ်နေတော့ ဒီရောက်မှ စာတမ်းလက်စသတ်နိုင်တဲ့ ကျောင်းသားအချို့အတွက်က အင်တာနက် အဆင်မပြေတော့ စာတမ်းလှမ်းပို့ရာမှာ နည်းနည်းအခက်အခဲ ရှိခဲ့ပါတယ်။ 
.
. . . ဆီမီနာ နှစ်ရက်မှာ ဆွေးနွေးပို့ချခဲ့တဲ့ ခေါင်းစဉ်တွေကတော့ နားလည်တာလည်းရှိ နားမလည်တာလည်းရှိဆိုပေတဲ့ အားလုံးကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂျပန်နိုင်ငံရဲ့ အတိတ် ပစ္စုပ္ပန် နဲ့ အနာဂတ် စီးပွားရေးအခြေအနေ၊ ဂျပန်အစိုးရရဲ့ အာဘေနောမစ်လို့ခေါ်တဲ့ ၀န်ကြီးချုပ်အာဘေး စီးပွားရေး မူဝါဒတွေအကြောင်း၊ ဂျပန်အစိုးရ ငွေချေးစာချုပ်တွေရောင်းပြီး အစိုးရဘဏ္ဍာရေးလိုငွေကို ဖြည့်နေရတဲ့အကြောင်း၊ အခွန်တွေတိုးကောက်မယ့်အကြောင်း၊ ငွေကြေးကျုံ့တာရပ်ပြီး ငွေကြေးဖောင်းပွမှုဖြစ်အောင် ကြိုးစားရုန်းကန်နေရတဲ့အကြောင်း၊ ဂျပန်တွေ ပိုက်ဆံကို ငွေအသားလိုက်စုနေကြတာ လျှော့ပြီး ဈေးများများဝယ်ကြဖို့ များများသုံးကြဖို့ များများရင်းနှီးမြှပ်နှံကြဖို့ အစိုးရက မူဝါဒတွေချမှတ် ကြိုးစားနေတဲ့အကြောင်း၊ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ နည်းသည်ထက် နည်းလာပြီး အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ များလာတဲ့ ဂျပန်နိုင်ငံဈေးကွက်နဲ့တင် အလုပ်မဖြစ်တော့လို့ မစ်ဇူဟိုရဲ့ လုပ်ငန်းတွေကို ထွန်းသစ်စ နိုင်ငံတွေကို တိုးချဲ့ဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း စတဲ့ ဗဟုသုတရစရာတွေ ဆွေးနွေးသွားသလို ကိုယ့်လက်ထဲမှာ ပိုက်ဆံရှိရင် အဲဒီ ပိုက်ဆံကို ဘယ်လိုရင်းနှီးမြှပ်နှံသင့်တယ်ဆိုတာ အကြံပေးမယ့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ၀န်ဆောင်မှု အသစ်တစ်ခုရှိနေပြီ ဖြစ်တဲ့အကြောင်း စတာတွေ လေ့လာ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သင်္ချာအားနည်းတဲ့ ကျွန်တော့်အတွက် သင်္ချာပုံသေနည်းတွေ သင်္ကေတတွေအများကြီးသုံးပြီး ရှင်းပြသွားတဲ့ သင်ခန်းစာတစ်ခုကိုတော့ ဘယ်လိုမှ နားမလည်ခဲ့တာကို ၀န်ခံလိုပါတယ်။ 
.
. . . ဦးဆောင်ဆွေးနွေးပို့ချသူ အားလုံးနီးပါးက အင်္ဂလိပ်စကားကို ဂျပန်သံပျောက်ပြီး အမေရိကန်လေသံပေါက်အောင် ပြောနိုင်ကြပေမယ့် ဂျပန်သံဝဲလွန်းအားကြီးလို့ မနည်းကြိုးစားနားထောင်ရတာလည်း ရှိပါတယ်။ အိုင်ယူဂျေကျောင်းသားတွေနဲ့အတူ လာတက်တဲ့ မစ်ဇူဟိုက ၀န်ထမ်းငယ်လေးတွေကတော့ အင်္ဂလိပ်စာ ကောင်းကြတာ တွေ့ရပါတယ်။ သူတို့တွေလည်း နောက်ခံပညာရေးမျိုးစုံကနေ လာကြတဲ့ သူတွေဖြစ်ပြီး ဘဏ်လုပ်ငန်းထဲရောက်မှသာ ဘဏ်လုပ်ငန်းအကြောင်းလေ့လာနေကြတာ တွေ့ရပါတယ်။ သူတို့က အခြေခံပညာရေး ကောင်းကြတဲ့အတွက် သူတို့ လိုအပ်တာကို ဖြည့်ဆည်းတဲ့နေရာမှာ အားသာချက်အများကြီးရှိနေတာကို မှန်းဆမိခဲ့ပါတယ်။ 
.
. . . ဆီမီနာပြီးလို့ ကျောင်းပြန်ရောက်တဲ့အခါ ထုံးစံအတိုင်း ဆီမီနာနဲ့ ပတ်သက်ပြီး ခေါင်းစဉ်တစ်ခုချင်းအလိုက် အားသာချက် အားနည်းချက် ထိရောက်မှု အကျိုးရှိ အသုံးဝင်မှု စတာတွေကို အကဲဖြတ်ပေးရတဲ့ ပုံစံကို ဖြည့်ပြီးပို့ပေးရပါတယ်။ ဆီမီနာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ရေးတင်ပေးရပါတယ်။ အခုကတော့ အစီရင်ခံစာ ရေးပြီးသွားလို့ စိတ်လက်ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဒီမှတ်တမ်းလေးကို ရေးနေတာပါ။ ဒီစာရေးနေရင်းနဲ့ ကျွန်တော် လွမ်းနေမိတဲ့သူလေးတစ်ယောက်ရှိပါတယ်။ အစီရင်ခံစာ နောက်ဆက်တွဲအနေနဲ့ သူလေးအကြောင်းများ ရေးဖြစ်အုံးမလား မသိပါဘူး . . .
.
Mizuho Global Market Seminar in 2015
December 17-18
Ebisu Seminar House, Seminar Room 2

No comments:

Post a Comment