တကယ်တော့ သူတို့ကို ဘယ်သူကမှ အရေးအရာလုပ်ပြီး တန်ဖိုးထားနေတာ မဟုတ်ဘူးရယ်။ အနော်တို့ ကလေးတွေကသာ ဘယ်သူ ဘယ်နှစ်ပွင့် ရတယ်ဆိုတာ ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး ဒီပန်းလေးတွေကို သူ့ထက်ငါ လုကောက်နေကြတာ။ ပြီးတော့လည်း ဒီမြေကြီးပေါ်က ကောက်လာတဲ့ပန်းကို ဘယ်သူမှလည်း တလေးတစား ပန်မှာလည်း မဟုတ်။ ဘုရားတင်မှာလည်း မဟုတ်။
မနက်မနက် ခုနစ်နာရီခွဲ မနက်ပိုင်း လောကုတ္တရာစာသင်ချိန် မစခင် ဒီအပင်အောက်မှာ အရင်ရောက်ယူ အရင်ကောက်စတမ်း လာဦးကြတာလေ။ ဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့ မြောက်ဘက်ကျောင်းဆောင်ကြီးနဲ့ အနော်တို့ စာသင်၊ ခန်းနေကိုယ်တော်တွေ နေတဲ့ တောင်ဘက် ကျောင်းဆောင်ကြီး နှစ်ခုကြားက ပန်းကန်တွေဘာတွေဆေးတဲ့ ရေသွန်စင်ကြီးနားမှာ ဆိတ်ဖလူးပင်တစ်ပင်ရှိတယ်။ တစ်ပင်ဆို ဆိုသလောက်တော့ ပွင့်ရှာသားဗျ။ မနက်မနက် ကိုယ်ဦးတဲ့ နေ့များဆိုရင် အပင်ခြေမှာ ပန်းတွေက ဖွေးလို့ဗျ။ အင်း တန်ဖိုးမထားကြတာလဲ မဆိုနဲ့။ အပင်မြင့်မှာ ပွင့်တဲ့ပန်းပေတဲ့ အညှာကလည်း အင်မတန်မှ လွယ်တာကိုး။ လက်နှစ်ကိုင်စာလောက်ရှိတဲ့ အပင်ကိုများ လှုပ်ချလိုက်ပြီဆိုရင် သည်းသည်းလှုပ်အောင် ကြွေကျတတ်သေးတာကလား။
အဲသည်ပန်းတွေကို တွေ့ကရာအရွက်နဲ့ ထုပ် နှီးနဲ့စီးပြီး ကျောင်းဆင်းချိန်ကျရင် အပွင့်ရည်ကြတာ။ ဒီနေ့ ငါက ဘယ်နှစ်ပွင့်ရတယ်။ ကိုယ်အများဆုံး ကောက်နိုင်တဲ့ နေ့များဆို ကိုယ့်ကိုယ်ကို ငါလိုလူ ဒီဇဗ္ဗူရှိသေးရဲ့လား ထင်တာဗျ။ အပွင့်လေးက ဖြူကြောင်ကြောင်မှာ ရိုးတံလေး လိမ္မော်ရောင်နဲ့ အနံ့လေးကလည်း သင်းသင်းလေး။ ပန်းတစ်ပွင့်မှာ ရှိရမယ့် ဂုဏ်အရည်အချင်းတွေ ပြည့်စုံနေပါလျက်ကနဲ့ အပင်မြင့်မှာပွင့်တဲ့ပန်း ဖြစ်ပါလျက်ကနဲ့ မြေမှာကပ်ပေါက်တဲ့ စပယ်ပန်း ဇွန်ပန်းတို့လောက် လူတွေက မမြတ်နိုးကြတာ ဘာကြောင့်ပါလိမ့်လို့။ ဒါကတော့ ငယ်ငယ်တုန်းက အတွေးပေါ့လေ။ အဲဒီအတွေး မှားတယ်ဆိုတာ ရန်ကုန်တက္ကသိုလ် မာလာဆောင်ရောက်မှ သိလိုက်ရတယ်။ မြေကြီးပေါ် မြက်ခင်းပေါ် အညှာလွယ်လွယ်နဲ့ ကြွေကျနေတဲ့ ဆိတ်ဖလူးပန်းပွင့်လေးတွေကိုမှ တယုတယ မြတ်နိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဆိတ်ဖလူးပင်ကြီးအောက်မှာ တွေ့ဖူးခဲ့ပါတယ်ဗျာ . . .
ရန်ကုန်-ပြည် လမ်းမကြီးနံဘေးက မာလာဆောင်ဆိုတာ အရင်တုန်းကတော့ တက္ကသိုလ်ကျောင်းသူတွေနေတဲ့အဆောင်ပေါ့။ မာလာဆောင်မောင်မလာတို့ ဘာတို့ သီချင်းတွေတောင် ရှိသေးတာ။ အနော်တို့ ရန်ကုန်တက္ကသိုလ်တက်တော့ အဲသည်အဆောင်ကို အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနဆိုပြီး ဖွင့်လိုက်တယ်။ အမျိုးသားဗဟိုဌာနလို့သာခေါ်တာပါ။ တကယ်တော့ အဲဒီအဆောင်မှာ ယောက်ျားလေးဆိုတာ တကယ်ကို ရှားပါးကုန်စည်ပါပဲ။ မှတ်မှတ်ရရ ဆရာဆိုလို့ ဆရာဦးကြည်ရွှင်ရယ် ဆရာဦးဇော်မြင့်ရယ် ဆရာဦးထွန်းအောင်ကျော်ရယ် သုံးယောက်လား ရှိခဲ့ပါတယ်။ ပါမောက္ခ ဆရာမကြီး ဒေါ်ခင်လေးမြင့်ကစပြီး ကထိကတွေ လက်ထောက်ကထိကတွေ ကျူတာတွေ အားလုံးက ဆရာမတွေချည်းပါပဲ။ အပျိုကြီးတွေ ဦးစီးတဲ့ဌာနဆိုတော့ စည်းကမ်းကလည်း ဘာတင်းသလဲ မမေးနဲ့။ ဒီကြားထဲ ဆရာကြီး ဒေါက်တာမျိုးမြင့်က ဦးစီးလေသည်ဆိုတော့ ပြီးပြီပေါ့။ အနော်တို့မှာ ရန်ကုန်မြို့လည်က တက္ကသိုလ်ကျောင်းသားတန်မဲ့နဲ့ ဂျင်းဘောင်းဘီတွေ တီရှပ်တွေတောင် ၀တ်ခွင့်မရခဲ့ပါဘူးဗျာ။ တစ်ခါသား အနော်တို့ အတန်းထဲက သူငယ်ချင်းတစ်ယောက်က တီချယ်ကြီးတို့အခေါ် ဖင်ကျပ်ဘောင်းဘီ ၀တ်မိလို့ တစ်ဖွဲ့လုံး တီချယ်ကြီးရုံးခန်းမှာ သွားရပ်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်ခဲ့ရပါသေးသကော။
အဲသလို စည်းကမ်းကြီးတဲ့ မာလာဆောင်ဟာ ပျင်းစရာကြီးတော့လည်း မဟုတ်ခဲ့ပါဘူး။ မနက်ပိုင်း ဂလိုဘယ်အင်္ဂလိပ်စာ သင်တန်းသူလေးတွေ၊ အီးပီပီ ဘီအေတန်းသူလေးတွေနဲ့ သာယာနာပျော်ဖွယ်တော့လည်း ရှိခဲ့ပါတယ်။
မာလာဆောင် ဆင်ဝင်ကနေ ညာဘက်ကိုအထွက် ဦးချစ်ဆိုင်သွားတဲ့လမ်းဘက်မှာ ဆိတ်ဖလူးပင်လေးတစ်ပင် ရှိတယ်ဗျ။ အနော်ကတော့ ဆိတ်ဖလူးပင်လေးရယ် မနက်မနက် လမ်းပေါ် မြက်ခင်းပေါ် ကြွေကျနေတဲ့ ဆိတ်ဖလူးပန်းလေးတွေရယ်ကို မြင်တိုင်း ငယ်ငယ်က ဆိတ်ဖလူးပန်း လုကောက်ခဲ့တာလေးကို အလွမ်းပြေရတာပေါ့။ မာလာဆောင်မှာ လာတက်ကြတဲ့ ကျောင်းသူလေးတွေဆိုတာကလည်း အနော်တို့ရွာက မိန်းကလေးတွေလိုပါပဲ။ ဆိတ်ဖလူးပန်းကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတယ်ရယ်လို့ မတွေ့မိပါဘူးဗျာ။ အဲ တစ်ယောက်က လွဲလို့ပေါ့။
အဲသည် မိန်းကလေးက မနက်မနက်ဆို ကျောင်းကို စောစော ရောက်တတ်ပြီး ဆိတ်ဖလူးပန်းလေးတွေကို ကိုယ်တိုင်ကောက် သီပြီး ပန်လေ့ရှိတယ်။ ဆိတ်ဖလူးပန်းလေးတွေကို သံယောဇဉ်ရှိတဲ့ အနော့်အတွက် ပန်းကောက်ပေးစရာ ကောင်မလေးတစ်ယောက် ရသွားတာပေါ့။
မနက်မနက်ဆို အနော်လည်း ကျောင်းကို စောစော ရောက်အောင်သွား ပန်းလေးတွေကောက် ယူလာတဲ့ အပ်ချည်ကြိုးလေးနဲ့ သီပြီး ပြည်လမ်းဘေးက ကျောင်းအ၀င် အုတ်ခုံလေးမှာထိုင်။ ကောင်မလေးကို ကြိုပြီး ပန်တော်ဆက် ။ အင်း ဘာလိုလိုနဲ့ ဆယ်စုနှစ်တစ်ခုတောင် ပြည့်တော့မှာပါလား။
ခုတော့ မာလာဆောင်လည်း ကျောင်းသူဆောင်ပြန်ဖြစ်၊ အနော်လည်း ကလေးအဖေဖြစ်။ ပြောင်းလဲခဲ့တာတွေ ရှိခဲ့ပေမယ့် မာလာဆောင်ဆင်ဝင်နားက ဆိတ်ဖလူးပင်ကြီးကတော့ အပွင့်တွေ ဝေနေ ကြွေနေတုန်း နေမှာပါပဲ။ တစ်ချိန်တုန်းက အနော် ပန်တော်ဆက်ခဲ့ရတဲ့ ကောင်မလေးရော ဆိတ်ဖလူးပန်းလေးတွေကို မြတ်နိုးတတ်နေတုန်းပဲလား ဆိုတာတွေးမိရင် . . .

.
မောင်လွမ်းဝေ
၁ ဇန်န၀ါရီ ၂၀၁၆
No comments:
Post a Comment