Friday 1 January 2016

အောင်သွယ်တော်


. . . ဂျပန်မြန်မာချစ်ကြည်ရေးအသင်းက ဖိတ်ကြားတဲ့ ညစာစားပွဲကို အိုင်ယူဂျေက သူငယ်ချင်းတွေနဲ့အတူ သွားခဲ့ပါတယ်။ မနက်ကိုးနာရီကျော်ကျော်လောက်မှာ ကျောင်းက စီစဉ်ပေးတဲ့ စင်းလုံးငှား ဘတ်စ်ကားနဲ့ ထွက်လာခဲ့ပါတယ်။ နှင်းတွေကတော့ သည်းသည်းမဲမဲ ကျလို့ပေါ့။ ယူဇာဝါမြို့ မကျော်ခင်အထိကတော့ နှင်းတွေ တော်တော်ကျနေလို့ လမ်းမှာ နှင်းရှင်းကားနဲ့ နှစ်ခါတောင် ကြုံရပါတယ်။ နှင်းရှင်းကားနဲ့ တိုးမိပြီဆိုလို့ကတော့ ရှေ့က နှင်းရှင်းပေးတာကို နောက်ကနေ ဖြည်းဖြည်းမောင်းပြီး လိုက်နေရတာဆိုတော့ နည်းနည်းတော့ အချိန်ဖင့်တာပေါ့။ နီဂါးတားပြည်နယ်ကနေ ထွက်သွားပြီဆိုရင်ပဲ နှင်းကို မတွေ့ရတော့ပါဘူး။
.
. . . အဝေးပြေးကားတွေက သူတို့နိုင်ငံ ဥပဒေအရ နှစ်နာရီထက်ပိုပြီး ဆက်တိုက်မောင်းခွင့် မရှိပါဘူး။ လမ်းမှာ ရပ်ကို ရပ်ရပါတယ်။ ရပ်တယ်ဆိုတာလည်း ကျွန်တော်တို့ဆီက ၁၁၅ မိုင် ယဉ်ရပ်နားစခန်းလိုတွေ လမ်းတစ်လျှောက် တော်တော်များ ရှိပါတယ်။ ကိုယ်မောင်းချိန်နဲ့ ကိုက်မယ့် ရပ်နားစခန်းမှာ ၀င်ရပ်နားရပါတယ်။ တစ်ချို့ နားတဲ့နေရာတွေမှာ စားသောက်ဆိုင်တွေ စတိုးဆိုင် မုန့်ဆိုင်တွေ ရှိတတ်သလို တစ်ချို့နေရာတွေမှာတော့ စားသောက်ဆိုင် မရှိတတ်ပါဘူး။ သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်းကတော့ ဘယ်နေရာမှာမဆို လုံလုံလောက်လောက် ရှိပါတယ်။ လမ်းမှာ နှစ်ခါနားပြီးချီတက်တဲ့ ခရီးစဉ်မှာ ဘေးပတ်ဝန်းကျင် ရှခင်းတွေကိုကြည့်လိုက် စကားတွေပြောလိုက် ဂစ်တာတီးပြီး သီချင်းဆိုလိုက်နဲ့ပဲ တိုကျိုရွှေမြို့တော်ကြီးကို ရောက်သွားပါတယ်။
.
. . . တိုကျိုရောက်တော့ ညအိပ်တည်းခိုမယ့် မြန်မာသံရုံးကိုသွားပြီး ပစ္စည်းတွေ အထုပ်အပိုးတွေ သွားထားပါတယ်။ သံအမတ်ကြီးနဲ့ သံရုံးမိသားစုတွေ ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲကို ထမင်းလွတ်စားပြီး နေ့လည်ပိုင်းအချိန်နည်းနည်း ရလို့ မရောက်ဖူးသေးတဲ့ ဂျပန်ဧကရာဇ် နန်းတော်ကို လေ့လာရေး သွားပါတယ်။ မြန်မာသံရုံးနားက ဂိုတိုယာမာ အဆောက်အအုံကြီးကနေ ရှင်နာဂါဝါဘူတာအထိ အခမဲ့ ပြေးဆွဲပေးတဲ့ ဘတ်စ်ကားကိုစီးပြီး ရှင်နာဂါဝါဘူတာ၊ အဲသည်ကနေ တိုကျိုမြို့ပတ်ရထား ယာမာနိုတယ်လိုင်းကိုစီးပြီး တိုကျိုဘူတာကို ချီတက်ပါတယ်။ ဖရဲသီးလက်မှတ်ကတ်လေးလုပ်ထားပြီး ပိုက်ဆံဖြည့်ဖြည့်သုံးနေတော့ လက်မှတ်ဝယ်ရမှာ ပျင်းတဲ့ကျွန်တော့်အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။
.
. . . ဂျပန်ဧကရာဇ် နန်းတော်က တိုကျိုမြို့လည်ခေါင်လို့ ပြောလို့ရတဲ့ တိုကျိုဘူတာကနေ ဆယ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ နန်းတော် သွားလည်တယ် ဆိုပေတဲ့ နန်းတွင်းထဲထိ ၀င်ခွင့်ရတာမျိုး မဟုတ်ပါဘူး။ ဘုရင့်နန်းတော် ကျုံးမြို့ရိုး အပြင်ဘက်က ၀င်ပေါက်နားထိပဲ သွားခွင့်ရတာပါ။ နန်းတော်အပြင်ဘက် ရင်ပြင်ကြီးကတော့ တော်တော်ကို ကျယ်ပါတယ်။ မိုးထိအောင်မြင့်တဲ့ တိုက်တာတွေကြားထဲက နန်းတော်နေရာဟာ အိုအေစစ်လေး တစ်ခုလိုပါပဲ။ ရင်ပြင်ထဲမှာ ထင်းရှူးပင်တွေကို မြက်ခင်းစိမ်းစိမ်းထဲ တန်းစီစိုက်ပြီး လှလှပပ ထိန်းသိမ်းထားတာကလည်း စိတ်ကြည်နူးစရာပါ။ နန်းတော်ရဲ့ အပြင်ဘက် ကျုံးမြို့ရိုးကို ဖြတ်တဲ့ တံတားကို ကျော်ပြီးမှ နန်းတော်ထဲ ၀င်လို့ရမှာ ဖြစ်ပေမယ့် ခရီးစဉ်လည်း ကြိုတင်စီစဉ်ထားတာ မရှိလို့ နန်းတော်မြို့ရိုး အ၀င်ပေါက်နားလေးက ရှုခင်းလှတဲ့ နေရာလေးမှာပဲ ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့ရပါတယ်။ နန်းတော်ထဲကို ၀င်ခွင့်မရခဲ့ပေမယ့် နန်းတော်အပြင်ဘက်မှာပဲ ဓာတ်ပုံရိုက်ဖို့နေရာလေးတွေကို သပ်သပ်ရပ်ရပ် လှလှဖြစ်အောင် ပြင်ဆင်ပေးထားတာ၊ မြို့ရိုးရှေ့မှာ လှပခမ်းနားတဲ့ စစ်ဝတ်စုံအပြည့်နဲ့ တောင့်တောင့်ကြီးရပ်နေတဲ့ စစ်သည်တော်နှစ်ယောက်ကို တွေ့ခဲ့ရတာ၊ အမှိုက်သရိုက်သန့်ရှင်းပြီး ကြည်လင်စိမ်းလဲ့နေတဲ့ ကျုံးရေပြင်ကို တွေ့ခဲ့ရတာ၊ အပြင်ကနေကြည့်ရင်တောင် မျက်စိပသာဒဖြစ်တဲ့ နန်းမြို့ရိုး တံတားနဲ့ ရဲတိုက်အဆောက်အအုံကို ဆောက်လုပ်ထားတာကတော့ တကယ့်ကို အတုယူစရာ ကောင်းလှပါတယ်။
.
. . . နန်းတော်ကအပြန်မှာ တိုကျိုဘူတာနား မီးရောင်စုံတွေ ထွန်းထားတာတွေ့တယ်။ မီးရောင်စုံအလှတွေကို လာကြည့်ကြတဲ့ သူတွေကလည်း မနည်းဘူး။ တိုကျိုဘူတာကလည်း ရှေးဟောင်းလက်ရာအတိုင်းထိန်းသိမ်းထားတာ တွေ့တယ်။ တိုကျိုဘူတာ သေးသေးလေးကို ညအခါမှာ မီးရောင်စုံတွေနဲ့ ခြယ်သထားတာကို လူတွေက တခုပ်တရ လာကြည့်ကြတာကိုမြင်တော့ တိုကျိုဘူတာထက် အများကြီး ပိုပြီး လှပခန့်ထည်တဲ့ ရန်ကုန်ဘူတာကြီးကို လွမ်းလိုက်မိပါသေးတယ်။ ကားတွေရော လူတွေရော ကြိတ်ကြိတ်တိုးနေတဲ့ တိုကျိုဘူတာနားမှာ ယာဉ်ထိန်းရဲတွေ အများကြီးနဲ့ လမ်းကြောင်းထိန်းသိမ်းရေးကို အားကြိုးမာန်တက် စည်းစနစ်တကျ လုပ်နေတာကိုမြင်ရတာ တကယ်ကို အားရမိပါတယ်။
.
. . . တိုကျိုဘူတာကနေပြီး ညစာစားပွဲလုပ်မယ့် နယူးအိုတာနီဟိုတယ်ကို တက္ကဆီနဲ့ သွားပါတယ်။ ကျွန်တော်တို့ အူရာစာမြို့ကလေးမှာ တက္ကစီမီတာက ယန်း ၆၅၀ ကနေ စတွက်တာ ဖြစ်ပေမယ့် ဒီတက္ကစီကတော့ ယန်း ၇၆၀ ကနေ စတွက်ပါတယ်။ တိုကျိုဘူတာကနေ နယူးအိုတာနီ ဟိုတယ်အထိ တက္ကစီခ တစ်ထောင့်ကိုးရာ ကျပါတယ်။ မြန်မာငွေနဲ့ဆို တစ်သောင်းကိုးထောင်လောက်ပေါ့။ ရန်ကုန်မှာဆိုရင် အလွန်ဆုံး နှစ်ထောင်လောက်ပေးရင် ရောက်တဲ့ ခရီးကို ဒီမှာ နှစ်သောင်းနီးနီးပေးရတာ။ ဒါကြောင့် ဒီမှာနေရင် ပိုက်ဆံကို မြန်မာငွေတန်ဖိုး မေ့ထားမှ အဆင်ပြေပါတယ်။ ဒီက ကုန်ကျစရိတ်တွေကို မြန်မာငွေတန်ဖိုးနဲ့ ချိန်တွက်လိုက်ရင် ရေတောင် ၀ယ်သောက်ချင်စိတ် ပျောက်ပျောက်သွားတတ်လို့ မတွက်ကြည့်တာက ပိုကောင်းပါတယ်။
.
. . . ဟိုတယ်ရောက်တော့ ညစာစားပွဲတည်ခင်းတဲ့ ဂျပန်မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ ၀ါတာနာဘေးစံ အဖွဲ့နဲ့အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်လည်း ရောက်နှင့်နေကြပါပြီ။ နယူးအိုနာနီဟိုတယ်က သမ္မတကြီးဦးသိန်းစိန် လာတုန်းက တစ်ခါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လာတုန်းက တစ်ခါ တည်းခိုခဲ့တဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးလို့ ဆိုပါတယ်။ အားလုံး နေရာယူပြီးတာနဲ့ ၀ါတာနာဘေးစံက နှုတ်ခွန်းဆက် စကားပြော သံအမတ်ကြီးက ပြန်လှန်နှုတ်ခွန်းဆက် စကားပြောပြီး စားခန်းသောက်ခန်း ဖွင့်ပါတော့တယ်။
.
. . . ခန်းမထဲကို ရောက်ခါစက ချောင်ကောင်းကောင်းတစ်နေရာကို ရွေးပြီး အေးအေးဆေးဆေး ထိုင်စားမယ် စိတ်ကူးပေမယ့် ဆရာကာကီနာက က သံအမတ်ကြီးရယ် ၀ါတာနာဘေးစံရယ် အသင်းဒုဥက္ကဌတို့ရယ် အတူထိုင်ကြတဲ့ ၀ိုင်းမှာ လာထိုင်ပါဆိုတော့ လူကြီးတွေနားနေရရင် အသက်ရှူကျပ်တတ်လို့ မသွားချင်ပေမယ့် သွားထိုင်လိုက်ရပါတယ်။
.
. . . မျက်နှာချင်းဆိုင်ပြီး ကြားထဲက အောင်သွယ်နဲ့ စကားပြောရတဲ့ အဖြစ်မျိုးကို ကြုံဖူးကြလားတော့ မသိဘူး။ ကျွန်တော်တော့ အဲဒီညက အောင်သွယ်နဲ့ စကားပြောလိုက်ရပါတယ်။ ကျွန်တော်နဲ့ တစ်ဝိုင်းတည်းထိုင်တဲ့ ချစ်ကြည်ရေးအသင်း ဒုဥက္ကဌ မစ္စတာ ဆန်ဂိုကူ ယိုရှိတို ကလည်းဗျာ စကားတွေ ပြောလိုက်တာ။ အစကတော့ သူပြောတာတွေကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေလိုက်ပါသေးတယ်။ မပြောသေးဘူး ကြည့်နေတယ်ပေါ့ဗျာ။ ဒါပေမယ့် ပြောနေရင်း ပြောနေရင်းနဲ့ အကြောင်းအရာက ဒီအနားတင် လည်နေသလို ခံစားရတော့ အင်း ငါတော့ ဒီလူကြီးပြောတာ ထိုင်နားထောင်နေလို့ မဖြစ်တော့ဘူး စကားလမ်းကြောင်းသွယ်မှ ဖြစ်တော့မယ်ဆိုပြီး ကိုယ်သိချင်တာလေးတွေမေး တစ်ခါတစ်လေတော့လည်း စကားနိုင်လုတာလေးတွေလည်း ပါသပေါ့။ ဒါပေမယ့် စကားပြောရတာ တော်တော်တော့ စိတ်မရှည်ချင်စရာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူကလည်း အင်္ဂလိပ်လိုမပြော ကိုယ်ကလည်း ဂျပန်လိုမပြော၊ အချင်းချင်း ကိုယ့်မိခင်ဘာသာစကားနဲ့ ပြောနေရတော့ ကြားထဲက ဂျပန်စကားပြန်မိန်းကလေး ဘာသာပြန်ပေးတာကို စောင့်စောင့်နေရတာ တော်တော်တော့ စိတ်မရှည်ချင်စရာဗျ။ မျက်နှာချင်းဆိုင်ပြီး အောင်သွယ်နဲ့ စကားပြောနေရသလိုမျိုး။ ကိုယ်ပြောချင်ရာပြောပြီးရင် စကားပြန်က ပြန်ပြောပြီးတဲ့အထိစောင့် တစ်ခါ သူကသူ့စကားနဲ့ပြန်ပြော စကားပြန် ပြောပေးတာကိုပြန်စောင့်။ ဒီကြားထဲ ဗိုက်ကလည်း ဆာတော့ စကားတပြောပြောနဲ့ကိုပဲ လာချပေးတာတွေကို စားဖြစ်အောင် စားရသေးတာ။ ဒီလိုနဲ့ သူ့ကို မေးခွန်းတွေ မေးတာများလို့လားတော့ မသိဘူး ပြောရင်းပြောရင်းနဲ့ ခဏနော်ဆို တစ်ခြားဝိုင်းကို ပြောင်းသွားတာ ပွဲပြီးတဲ့အထိ ပြန်ကို မလာတော့ဘူး။ အဲသည်တော့မှ ကျွန်တော်လည်း သံအမတ်ကြီးရယ် တစ်ခြား ဂျပန်မိတ်ဆွေတွေရယ်နဲ့ စကားပြောခွင့် ရပါတော့တယ်။
.
. . . ညကိုးနာရီကျော်လောက်မှာ အခမ်းအနားပြီး ဟိုနားသည်နား လျှောက်သွား ညဆယ့်တစ်နာရီလောက်မှ မြန်မာသံရုံးကို ပြန်ရောက်ပါတယ်။ သံရုံးက ညအိပ်ဖို့ စီစဉ်ပေးထားတဲ့အိမ်က အရင် ကျွန်တော်တို့သူငယ်ချင်း စီးပွားရေးသံမှုး ကိုမင်းဇော်ဦးရှိတုန်းက ကျွန်တော်တို့ လာလာတည်းနေကျ အခန်းပါ။ ရေစက်မကုန်သေးတာ ထင်ပါရဲ့။ သူငယ်ချင်းက တာဝန်ပြီးဆုံးလို့ မြန်မာပြည် ပြန်သွားတာတောင် သု့အခန်းမှာ လာအိပ်နေရတုန်း။
.
. . . မနက်ခင်းမှာ သံအမတ်ကြီးနဲ့ သံရုံးမိသားစုက မုန့်ဟင်းခါးချက်ကျွေးပါတယ်။ မစားရတာ ကြာလို့လား မသိဘူး စားလို့တော်တော်ကို အရသာရှိပါတယ်။ မနက်စာ မစားခင် သံအမတ်ကြီးအိမ်က ယာမဟာ စန္ဒရားကြီးကို အတူတူလာကြတဲ့ ညီအစ်ကိုတစ်ယောက်က တီးကြည့်ပါရစေဆိုပြီး သူက မိုးသီချင်းတီးတော့ ကျွန်တော်လည်း စန္ဒရားဘေးရပ်ပြီး မိုးသီချင်းကို လိုက်ဆိုပါတယ်။ တကယ့်စန္ဒရားအစစ်ကြီးနဲ့ သီချင်းဆိုဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ။
.
. . . မနက်စာစားပြီးတော့ တိုယိုတာဆူရှိုကော်ပိုရေးရှင်းဌာနချုပ်ကို သွားပါတယ်။ အဲသည်မှာ သူတို့ကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လုပ်ဖို့ကြိုးစားနေတဲ့ လုပ်ငန်းတွေအကြောင်း ရှင်းပြပါတယ်။ သိချင်တာရှိရင် မေးပါဆိုလို့ အသစ်တက်မယ့် အစိုးရနဲ့ ပတ်သက်ပြီး ဒီကုမ္ပဏီရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်ကို မေးကြည့်တော့ သူတို့တော့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အခုတက်မယ့် အစိုးရက မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်တဲ့ အတွေ့အကြုံ လုံးဝမရှိသေးတော့ သူတို့လုပ်ငန်းတွေအပေါ် ဘယ်လိုသဘောထားမယ်ဆိုတာ မသိနိုင်သေးကြောင်း၊ ပြီးခဲ့တဲ့ ငါးနှစ် အစိုးရသက်တမ်းကာလမှာတော့ လုပ်ငန်းတွေ ကောင်းကောင်းလုပ်ခွင့်ရခဲ့ကြောင်း ပြန်ဖြေပါတယ်။
.
. . . နေ့လည်စာကို သံရုံးက အားချင်း စီစဉ်ချက်ပြုတ်ကျွေးတဲ့ ကြက်သားကာလသားချက် ငါးပိသုပ်တို့နဲ့ အရသာရှိရှိ ဗိုက်တင်းအောင်စားပြီး အလာတုန်းက စင်းလုံးငှား ဘတ်စ်ကားကြီးနဲ့အတူ စနှိးဝှိုက်တို့တိုင်းပြည်က အိုင်ယူဂျေကျောင်းတော်ကြီးကို ပြန်လာခဲ့ပါတယ်။ ကျောင်းမှာတော့ နှင်းတွေဖြိုင်ဖြိုင်ရွာလို့ . . .

No comments:

Post a Comment