Friday 1 January 2016

မေးခွန်းတစ်ချို့


          စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာလို့ ကျွန်တော့်သံသယကို ရှင်းလင်းပေးကြဖို့ ပန်ကြားအပ်ပါတယ်။

          မဲစာရင်းအမှားအယွင်းအချို့နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ထပ်တူပြု ဝေဖန်ပြောကြားနေကြတာတွေ ဖတ်မိတော့ အခြေခံဥပဒေစာအုပ်ကို အသေအချာ ပြန်ဖတ်မိပါတယ်။

         အခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်းအခန်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းတာ တာဝန် စတာတွေကို ဖော်ပြထားပါတယ်။ သတိထားမိတဲ့ ထူးခြားချက်အချို့ကို တင်ပြလိုပါတယ်။

          ထူးခြားချက် (၁) နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှ ခန့်အပ်ပေးရတဲ့ အခြားသော (ပြည်ထောင်စုအဆင့်) အဖွဲ့အစည်းတွေရဲ့ အဖွဲ့အစည်းဝင်တွေမှာ ရာထူးတာဝန်ထမ်းဆောင်ရမယ့် သက်တမ်းကို အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပေမယ့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဥပမာ အစိုးရသက်တမ်းတစ်ခုထက် ပိုမိုတာဝန်ထမ်းဆောင်နိုင်တဲ့ ပြည်ထောင်စု တရားလွှတ်တော်တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေရဲ့ သက်တမ်းကို အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ခွင့် ပေးထားတာ (ပုဒ်မ ၃၀၃)၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် ပြည်နယ်လွှတ်တော် စတာတွေကို ယေဘုယျအားဖြင့် ငါးနှစ် သတ်မှတ်ထားတာ (ပုဒ်မ ၁၁၉၊ ၁၅၁၊ ၁၆၈)၊ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေရဲ့ ရာထူးသက်တမ်းကို ငါးနှစ် သတ်မှတ်ထားတာ (ပုဒ်မ ၆၁) စတာတွေ ရှိပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး သီးခြား ဖော်ပြထားတဲ့ ပြဌာန်းချက် အခြေခံဥပဒေထဲမှာ မပါဝင်ပါဘူး။ ပုဒ်မ ၃၉၈ အရ အသက်ငါးဆယ်နှစ် ပြည့်ပြီးသူကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဥက္ကဌ စသည်ဖြင့် ခန့်ထားပြီးတဲ့အခါမှာ ဘယ်အချိန်မှာ ရာထူးသက်တမ်းကုန်ဆုံးတယ်လို့ မပါပါဘူး။ အစိုးရသက်တမ်းတစ်ခုထက် ပိုမို တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးတွေတောင် အသက် ၇၀ ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ထည့်သွင်းပြဌာန်းထားပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ဘယ်ရွေ့ဘယ်မျှထိ တာဝန်ထမ်းဆောင်နိုင်တယ်လို့ သတ်မှတ်ထားခြင်း မရှိတာက ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့် ပေးထားတာလားလို့ ယူဆစရာရှိပါတယ်။ (အမေရိကန်မှာတော့ တရားရုံးချုပ်တရားသူကြီးတွေကို ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့် ပေးထားပါတယ်)
ဒုတိယ ထူးခြားချက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတကသာ စွပ်စွဲပြစ်တင်ခွင့် ရှိနေတာပါပဲ (ပုဒ်မ ၄၀၀)။ ပုဒ်မ ၃၀၂ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတရော လွှတ်တော်ရောက စွပ်စွဲပြစ်တင်ခွင့် ပြုထားပေးမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်နိုင်တဲ့ အခွင့်အာဏာကို နိုင်ငံတော်သမ္မတ တစ်ဦးတည်းကိုသာ အပ်နှင်းထားတာလည်း ထူးခြားချက်တစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

          ရာထူးကနုတ်ထွက်တာ၊ တာဝန်ရပ်စဲခံရတာ ဒါမှမဟုတ် ကွယ်လွန်တာနဲ့ တစ်ခြားအကြောင်းတစ်ခုခုသာ မပေါ်ပေါက်ဘူးဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရာထူးနေရာ လစ်လပ်မှု ရှိမှာမဟုတ်ဘူးလို့ ပုဒ်မ ၄၀၁ မှာ ပြဌာန်းထားပါတယ်။ အခြားအကြောင်းတစ်ခုခုဆိုတာကို လိုက်ရှာကြည့်တော့ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ထဲက ပုဒ်မ ၄၁၈ (ခ) အရ သက်ဆိုင်ရာလွှတ်တော်များရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်တာဝန်ပေးထားတဲ့ အဖွဲ့အစည်းဝင်တွေအားလုံးကို တာဝန်က ရပ်စဲတဲ့ အခါမှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့တစ်ဖွဲ့လုံး နေရာလစ်လပ်မယ့် အခြေအနေ ရှိပါတယ်။

          အခု ဆက်လက်ပြီး နယကအစိုးရနဲ့ လက်ရှိပြည်ထောင်စုလွှတ်တော်တို့က ပြဌာန်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေအကြောင်း ဆွေးနွေးပါမယ်။ နယက အစိုးရဟာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် လိုအပ်တဲ့ဥပဒေတွေကို ကြိုတင်ပြဌာန်းခဲ့ပါတယ်။ အခြေခံဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလပြဌာန်းချက်များအခန်း ပုဒ်မ ၄၄၃ အရ နယကအစိုးရပြဌာန်းခဲ့တဲ့ ဥပဒေတွေဟာ အာဏာလွှဲပြီးတဲ့အခါမှာလည်း ဆက်လက် အသက်ဝင်နေပါတယ်။ နယက အစိုးရရဲ့ ၂၀၁၀ ပြည့်နှစ် ဥပဒေအမှတ် ၁ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၀ မတ်လ ၈ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေပြဌာန်းချက်က အခြေခံဥပဒေထဲက စာသားများအတိုင်းနီးပါး ပြန်ကူးရေးထားသလောက်သာဖြစ်ပြီး ကော်မရှင်ရဲ့ သက်တမ်းနဲ့ပတ်သက်တဲ့ ပြဌာန်းချက် မပါဝင်ခဲ့ပါဘူး။

          နယကအစိုးရ ပြဌာန်းခဲ့တဲ့ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ အောက်တိုဘာလ ၅ ရက်နေ့မှာ ဥပဒေအမှတ် ၆/၂၀၁၁ အဖြစ် ပြင်ဆင်ချက် ပြဌာန်းတဲ့အခါမှာတော့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အပိုဒ်တစ်ပိုဒ် ပါဝင်လာခဲ့ပါတယ်။ ထူးခြားတယ်လို့ ဆိုရတာက ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး အခြေခံဥပဒေမှာ မပါပေမယ့် ဥပဒေအမှတ် ၆/၂၀၁၁ ပုဒ်မ ၆ အစားထိုး အပိုဒ်မှာ လစ်လပ်လို့ ခန့်အပ်ခံရသူတွေရဲ့ သက်တမ်းဟာ ကော်မရှင်၏ ကျန်ရှိသည့် သက်တမ်းအတွက်သာဖြစ်သည်လို့ ရေးထားလို့ဖြစ်ပါတယ်။

          မူလ နယကအစိုးရ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၂ နဲ့ (၁၉-၃-၂၀၁၂) မှာ ပယ်ဖျက် အစားထိုးခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ အခန်း ၃ ပုဒ်မ ၆ မှာတော့ ရာထူးသက်တမ်းဆိုတာကို အတိအလင်း ထည့်သွင်းပြဌာန်းလာတာ တွေ့ရပါတယ်။

          အထက်ပါ ဥပဒေကို ၂၀၁၅ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၄၀/၂၀၁၅ နဲ့ ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ သက်တမ်းဆိုပြီး အခန်း ၇ ပုဒ်မ ၂၀ အဖြစ် ဖြည့်စွက်ခဲ့တာ ဖြစ်ပါတယ်။

မေးခွန်းများ
-------------

ြ         ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းလား၊ သမ္မတရဲ့ လက်ရုံးဝန်ထမ်းအဖွဲ့အစည်းလား ???

          အုပ်ချုပ်ရေးမဏ္ဍိုင်က လွတ်ကင်းတဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဆိုရင် ရာထူးသက်တမ်းကို ဘာကြောင့် အခြေခံဥပဒေမှာ မပြဌာန်းခဲ့တာလဲ ??? ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေက သာမန်အားဖြင့် ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ မှတ်ယူနိုင်သလား ???

          အခြေခံဥပဒေမှာ မပါဝင်ပေမယ့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေမှာ ရာထူးသက်တမ်းတွေကို ထည့်သွင်းပြဌာန်းလိုက်ခြင်းသည် ကော်မရှင်ကို သမ္မတရဲ့ လက်ရုံးဝန်ထမ်းအဖွဲ့အစည်းအဖြစ် မှတ်ယူလိုက်တဲ့ သဘောလား ???

           ကော်မရှင်ရဲ့ ရာထူးသက်တမ်းတွေပါတဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းစဉ်က သမ္မတက မည်သည့် မှတ်ချက်မှ မပေးဘဲ အတည်ပြုလိုက်ခြင်းသည် ကော်မရှင်ကို မိမိ၏ လက်ရုံးဝန်ထမ်းအဖွဲ့အစည်းအဖြစ် သမ္မတကိုယ်တိုင်က မှတ်ယူခဲ့သလား ???

          အခြေခံဥပဒေမှာ ပြဌာန်းထားခြင်းမရှိတဲ့အချက်တစ်ချက်ကို ပြည်ထောင်စုလွှတ်တော်က ထည့်သွင်းပြဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိပါသလဲ ???

          ဒါတွေက ကျွန်တော် ဖတ်မိသလောက် တွေးတောဆင်ခြင်မိသလောက်သာ ဖြစ်ပါတယ်။ ကျွန်တော့်ကို နားလည်သဘောပေါက်အောင် ရှင်းပြပေးမယ်ဆိုရင် အများကြီး ကျေးဇူးတင်မိမှာပါ။
၂၀ အောက်တိုဘာ ၂၀၁၅

No comments:

Post a Comment