Friday 1 January 2016

နှင်းတွေ ၀ယ်ကြအုံးမလားဗျို့


.
. . . နှင်းဆိုတာ အနော့်လို မြန်မာနိုင်ငံ အလယ်ပိုင်းသားတစ်ယောက်အဖို့တော့ ဓာတ်ပုံနဲ့ ရုပ်ရှင်ထဲမှာသာ မြင်ဖူးခဲ့တဲ့ အရာပါ။ တစ်သက်နဲ့တစ်ကိုယ် နှင်းတွေကျတဲ့အရပ်မှာ ကာလကြာရှည် နေရလိမ့်မယ်လို့လဲ တစ်ခါမှ တွေးမထားမိဖူးပါဘူး။ အိုင်ယူဂျေ ကျောင်းတော်သား ဖြစ်မှသာ တစ်နှစ်ကို ငါးလလောက် နှင်းတွေနဲ့ နပန်းလုံးရတဲ့ဘ၀ကို ရောက်ခဲ့ရတာပါ။
.
. . . ပထမနှစ်ကျောင်းသားအားလုံးနီးပါးက နှင်းတွေ ကျတော့မယ်တဲ့ဆိုရင် အင်မတန် ရင်ခုန် စိတ်လှုပ်ရှားကြပါတယ်။ သူတို့ဘ၀မှာ တစ်ခါမှ မကြုံဖူးသေးတဲ့ နှင်း ဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့ကြရတော့မှာကိုး။ ဒါပေမယ့် နှင်းတွေကျပြီး ကျောင်းကြီးလည်း နှင်းတွေဖုန်းပြီဆိုရင်တော့ သူတို့ဟာ နှင်းကို သိပ်ကြည့်မရချင်ကြတော့ပါဘူး။ ဘယ်ကိုကြည့်ကြည့် ထုံးအုံးကြီးမှောက်ထားသလို နှင်းတွေတဖွေးဖွေးနဲ့ ရှေးခေတ်က အဖြူအမဲ ဓာတ်ပုံကြည့်နေရတဲ့အဖြစ်ကို သည်းမခံချင်ကြတော့ပါဘူး။ ဆောင်းကို မြန်မြန်ကုန်စေချင်တယ်၊ နှင်းတွေ မြန်မြန်ပျော်စေချင်တယ်ပေါ့။ တစ်နေ့တစ်နေ့ ရာသီဥတုကလည်းအေး၊ ပြတင်းပေါက်ကကြည့်လိုက်လို့မှလည်း လှလှပပ မရှိ၊ အပြင်ထွက်ပြန်တော့ နှင်းတွေနဲ့ ဗွက်ထနေတတ်တဲ့ လမ်းကို လျှောက်ရ၊ ဘယ်မှလည်း ဝေးဝေးလံလံ သွားလို့မရဆိုတော့ သူတို့တွေ နှင်းပျော်စေချင်ကြတာ မဆန်းပါဘူး။
.
. . . အဲ ဒါပေမယ့်ပေါ့ဗျာ။ ကျောင်းသားအားလုံး နှင်းကို ကြည့်မရကြတာတော့ မဟုတ်ပါဘူး။ အဲသည်ထဲမှာ အနော်လည်း တစ်ယောက် အပါအ၀င်ပေါ့။ ဒီနှစ် နှင်းကျတာ ဆယ်ရက်ကျော်လောက် နောက်ကျတော့ သူများတွေက ဆယ်ရက် နောက်ကျလည်း ဆယ်ရက် နှင်းဒုက္ခ သက်သာတာပေါ့လို့ တွေးနေကြချိန်မှာ နှင်းကလည်း ခုထက်ထိ မကျနိုင်ဘူး လာပဲ လာနိုင်ခဲလှတယ် လို့ နှင်းကိုမျှော်နေတဲ့သူတွေထဲမှာ အနော်လည်း ပါတာပေါ့။ တစ်နေ့တစ်နေ့ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ပြီဆိုရင် အရင်ဆုံးကြည့်တာက တယ်လီဖုန်းထဲက မိုးလေ၀သခန့်မှန်းချက်။ နှင်းတွေဘယ်တော့ ကျမလဲ။ မိုးလေ၀သ ခန့်မှန်းချက်ဆိုတာကလည်း လက်ရှိ ရှိနေတဲ့ တိမ်အခြေအနေ လေတိုက်နှုန်းဘာညာသာရကာပေါ် မူတည်ပြီး တွက်ချက် ခန့်မှန်းရတာဆိုတော့ အချိန်နဲ့အမျှ ပြောင်းနေတတ်တာကိုး။
.
. . . အခုနေကြည့်လိုက်လို့ နက်ဖြန် နှင်းကျမယ်ဆိုတာ ပေါ်နေပေမယ့် နောက်လေးငါးနာရီမှ ကြည့်လိုက်ရင် မိုးရွာမယ် ဖြစ်ချင်ဖြစ်သွားသေးတယ်။ ဘာပဲပြောပြော အနော်ကတော့ မနက်မိုးလင်းတာနဲ့ ဘယ်တော့ နှင်းကျမလဲကြည့်၊ သတိရတိုင်းကြည့်၊ အိပ်ယာဝင်တော့မယ်ဆိုရင်တောင် နောက်ဆုံးလုပ်တဲ့အလုပ်က မိုးလေ၀သခန့်မှန်းချက် ၀င်ကြည့်တဲ့အလုပ်။
.
. . . ပြီးခဲ့တဲ့ ဒီဇင်ဘာ ဆယ့်ခြောက်ရက်က တိုကျိုကို ဆီမီနာတစ်ခုရှိလို့ နှစ်ညအိပ် သုံးရက် သွားရတော့မယ်ဆိုမှ ကိုယ်ထွက်သွားပြီး နောက်တစ်ရက်မှာ နှင်းကျမယ်ဆိုတော့ မချင့်မရဲ ဖြစ်ခဲ့မိသေးတာ။ ငါရှိနေတုန်း ကျပါလား ငါထွက်သွားမှ ဒီနှင်းက ကျရသလားပေါ့။ တိုကျိုရောက်တော့လည်း တို့ဆီမှာ နှင်းတွေ ဘယ်လောက်တောင် ကျနေပြီလဲ ကြည့်ရတာ အလုပ်တစ်ခု။ နှင်းမကျခင်ကသာ ဘယ်နေ့နှင်းကျမလဲ ကြည့်ရတာ။ တကယ်နှင်းများကျပြီလားဆိုရင် မိုးလေ၀သခန့်မှန်းချက် ကြည့်စရာ မလိုတော့ဘူး။ ပေါ်ဦးပေါ်ဖျား ကျတဲ့ နှင်းထဲထွက်ပြီး ရိုက်တင်ထားတဲ့ ဓာတ်ပုံတွေဆိုတာ ကျောင်းက ဖေ့ဘုတ်ပေါ်မှာ မမြင်ချင်မှတစ်ဆုံး။ တိုကျိုမှာ နှစ်ညအိပ်ပြီး ပြန်လာတော့ နှင်းက မကျတော့ပြန်ဘူး။ ကျထားပြီးသား နှင်းလေးတွေတောင် အရည်ပျော်ကုန်လို့ ခရစ္စမတ်ပွဲကို နှင်းမပါဘဲ ဆင်နွှဲလိုက်ရပါရောလား။
.
. . . အရင်ကလိုပဲ မိုးလေ၀သခန့်မှန်းချက် ကြည့်ပြီး မျှော်ရပြန်ရော တစ်ခါ။ ဒီတစ်ခါလည်း လာပြန်ပြီ။ တိုကျိုခရီးစဉ် ရှိခါမှ ကိုယ်ထွက်မယ့် နေ့မှာ နှင်းကျအုံးမယ်တဲ့။ ဒီတစ်ခါတော့ တော်သေးတယ်။ နှင်းက မနက်တစ်နာရီကတည်းက ကျမယ်ဆိုလို့ နောက်တစ်နေ့ ညနေပိုင်း ခရီးသွားစရာ ရှိပေမယ့် အဲသည်ညက နှင်းများ ကျလေမလား စောင့်ကြည့်ရတာ။ မိုးလေ၀သ ခန့်မှန်းချက်မှာတော့ အခု နှင်းကျနေပြီဆိုပြီး ပြထားပေမယ့် တကယ်တမ်းကျတော့ ကျတယ်ဆိုရုံလေး မစို့မပို့ပါဗျာ။ မချင့်မရဲနဲ့ အိပ်ယာဝင်သွားခဲ့ပြီး မနက်မိုးလင်းလို့ ပြတင်းခန်းဆီးလှပ်လိုက်တော့မှ ၀ိုးးးးးးးးးးးးးးး နှင်းတွေကို ဖွေးလို့ပါလာ။ နှင်းပြင်ကြီးကလည်း ဖွေးလို့ သစ်ပင်သစ်ကိုင်းတွေပေါ်မှာလည်း နှင်းတွေ ဖွေးလို့ အဲဒါမြင်ရမှပဲ စိတ်ထဲမှာ မျှော်လင့်တကြီးနှင်းကို အာသာတပြေလေး ဖြစ်သွားတယ်။
.
. . . အခုတော့ နှင်းတွေ ဖြိုင်ဖြိုင်ကျနေပါပြီ။ နေ့လည်တုန်းက နှင်းတွေ သည်းနေတုန်း ၀တ်စုံအပြည်အစုံဝတ်ပြီး ထီးလေးတစ်ချောင်းနဲ့ နှင်းထဲထွက်လမ်းလျှောက်ဖြစ်တယ်။ နှင်းတကယ်ကျပြီဆို မနှစ်ကတုန်းက မရောက်ဖြစ်ခဲ့တဲ့ ကျောင်းပတ်လမ်း၊ အိုင်ယူဂျေ သဘာဝသစ်တော ဘက်ကို လျှောက်ဖြစ်တယ်။ နှင်းတွေက သည်းကြီးမည်းကြီးကျနေ ရာသီဥတုက သုညအောက်ရောက်အောင် တော်တော် အေးနေတယ်ဆိုပေမယ့် အိုင်ယူဂျေ သဘာဝ သစ်တောဘက်က ဆောင်းတွင်းဆို ကျောင်းဘက်ကို ဆင်းဆင်းလာတတ်တဲ့ ၀က်ဝံတွေအကြောင်း ခေါင်းထဲရောက်လာတာမို့ နှင်းထဲမှာလည်း လမ်းလျှောက်ချင် ၀က်ဝံကလည်း ကြောက်ရသေးဆိုတော့ အကျီ်အထူကြီး ၀တ်ထားတဲ့အထဲ ချွေးတောင် ပြန်တယ်ဗျာ။
.
. . . နှင်းထဲကို အဝေးကြီးလမ်းလျှောက်ကြည့်မိတော့ ငယ်ငယ်က သင်ဖူးတဲ့ To Build a Fire ဆိုတဲ့ စာရေးဆရာ ဂျက်လန်ဒန်ရဲ့ ၀တ္ထုတစ်ပုဒ်ကို သွားသတိရတယ်။ အနော်လမ်းလျှောက်နေတာက နှင်းတွေရှင်းထားတဲ့ ကားလမ်းတစ်လျှောက် သွားနေတာ။ ၀တ္ထုထဲမှာက နှင်းမုန်တိုင်းထဲကျနေတဲ့ နှင်းတောထဲမှာ လျှောက်နေတာ။ အခု လမ်းရှင်းရှင်းမှာ နှင်းဗွက်ကလေး နည်းနည်းပါးပါး နင်းလျှောက်ရတာတောင် မစားသာလှဘူး ဆိုတော့ ဟိုဝတ္ထုထဲက ဇာတ်လိုက်ခမျာ ဘယ်လောက်တောင် ဒုက္ခရောက်ရှာမှာပါလိမ့်ဆိုတာ ကိုယ်ချင်းစာမိတယ်။ ဇာတ်လိုက်လုပ်တဲ့သူက နှင်းမုန်တိုင်းထဲမှာ အနွေးဓာတ်ကလေးများ ရလိုရငြား မီးလေးတစ်ဖို ဖိုဖို့ ကြိုးစားရင်း နောက်ဆုံး အတူပါလာတဲ့ ခွေးကိုတောင် သတ်မိတော့မလိုမှာ ခွေးကပါ စွန့်ခွာထွက်ပြေးသွားတာ နှင်းထဲမှာတင် ဘ၀ဇာတ်သိမ်းခဲ့ရရှာတယ်။ ကျောင်းနဲ့ ခပ်လှမ်းလှမ်းကို ရောက်တဲ့အချိန် ဟိုးအဝေး နှင်းမှုန်တွေကြားက ကျောင်းဆောင်ကြီးကို ကြည့်လိုက်၊ နံဘေးက အိုင်ယူဂျေ သဘာဝတောအုပ်နံဘေးက နှင်းတွေဖုံးနေတဲ့ တောင်ပေါ်ကိုကြည့်လိုက်၊ လေတိုက်တဲ့အခါ မျက်နှာကို လာလာစင်တဲ့ နှင်းစက်တွေကို ထီးနဲ့ ပတ်ကာလိုက် နှင်းဗွက်တွေကိုနင်းလိုက် လျှောက်နေရင်း ဒီဝတ္ထုအကြောင်း စဉ်းစားရတာ တော်တော်တော့ ကျောချမ်းစရာ ကောင်းသဗျ။
.
. . . တစ်ခုတော့ ပြောအုံးမယ်။ နှင်းလေးတွေ ကျနေတာကို ပြတင်းပေါက်ကနေကြည့်ရင်း ဘာကို ကြည်နူးမှန်းမသိ ကြည်နူးနေတတ်တာ ဘာကိုလွမ်းမှန်းမသိ လွမ်းနေတတ်တာ၊ စာကြည့်တိုက်မှာဆိုရင်လည်း မှန်ပြတင်းကို မျက်နှာမူထားတဲ့ စားပွဲမှာပဲ အမြဲထိုင်ပြီး နှင်းတွေတဖွဲဖွဲကျတာကိုကြည့်ရင်း စာလုပ်တတ်တာ၊ နှင်းတွေများ ကျမလားဆိုရင် ညကြီးသန်းခေါင်တောင် နှိုးစက်ပေးပြီး ထငေးတတ်တာ စတဲ့ နှင်းနဲ့ပတ်သက်တဲ့ ကဗျာဆန်ဆန် ခံစားချက်ကလေးတွေ ရှိပေမယ့် . . .
.
. . . နှင်းပြင်ကြီးကိုကြည့်ပြီး ဒီ နှင်းတွေကို ရောင်းစားလို့ ရရင် သိပ်ကောင်းမှာပဲလို့လဲ တွေးခဲ့မိဖူးတယ်ဗျ။
.
. . . တွေးမိတုန်းကတော့ ငါ့နှယ် ပေါက်ပေါက်ရှာရှာ တွေးမှ တွေးမိပလေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သဘောကျပြီး ပြုံးခဲ့မိပေမယ့် နှင်းတွေ ရောင်းစားလို့ရမှန်း တကယ် မသိခဲ့ဘူး။ တကယ်ပါဗျာ နှင်းဆိုတာ တစ်ခါတုန်းက ဂျပန်ပြည်မှာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟိုးအရင် ရေခဲသေတ္တာနည်းပညာတွေ မထွန်းကားခင်တုန်းက ဂျပန်မှာ နှင်းဟာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်းမှာ သိုလှောင်ပြီး နွေရာသီမှာ ရောင်းရတာပေါ့လေ။
.
. . . ဆောင်းရာသီ နှင်းတွေဖြိုင်ဖြိုင်ကျတဲ့အချိန်မှာ နှင်းတွေကို ယူကီမူရို ( 雪室) လို့ခေါ်တဲ့ ကောက်ရိုးတစ်ထပ် နှင်းတစ်ထပ် လုပ်ထားတဲ့ နှင်းလှောင်အိမ်ဆောက်ပြီး သိမ်းထားပါတယ်။ ယူကီမူရိုကို ယူကီအာန လို့လည်း ခေါ်ပါတယ်။ အဓိပ္ပာယ်က နှင်းလှောင်ဂူပေါ့။ နွေဦးပေါက်လို့ ရာသီဥတု ပူလာပြီဆိုရင် လှောင်ထားတဲ့ နှင်းတွေကို အသားငါး အသီးရွက်ကုန်သည်တွေကို ထုတ်ရောင်းပါတယ်။ အဲဒါကလည်း ဂျပန်ရိုးရာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
.
. . . ရှေးတုန်းကတော့ ရေခဲသေတ္တာတွေ လေအေးပေးစက်တွေ မပေါ်သေးတော့ ယူကီမူရိုတွေ အလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာရောတဲ့။ ဒီနေ့မှာလဲ ဆောင်းတွင်းမှာ နှင်းတွေ သိုလှောင်ပြီး ကျန်တဲ့ရာသီတွေမှာ သုံးတာတွေ ရှိပါသေးတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့မြို့ ထင်ရှားတဲ့ ၀ိုင်စက်ရုံနဲ့ ဟာကိုင်းစံဆာကေး စက်ရုံတို့ဟာ စက်ရုံထဲမှာ လှောင်ထားတဲ့ ၀ိုင်နဲ့ ဆာကေးတွေ လိုအပ်တဲ့ အအေးဓာတ်ပေးဖို့အတွက် လေအေးစက် မသုံးပါဘူး။ ဆောင်းတွင်းမှာ လှောင်ထားတဲ့ နှင်းကိုပဲ တစ်နှစ်ပတ်လုံးစာ အသုံးပြုပါတယ်။ အဲသည်လို နှင်းကို သိုလှောင်အအေးပေးစနစ်ရဲ့ အားသာချက်က ၀ိုင်နဲ့ ဆာကေးရဲ့ သဘာဝအတိုင်း သန့်စင်တဲ့ အရည်အသွေးကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် အဲသည်နည်းနဲ့ ထုတ်လုပ်တဲ့အတွက်လည်း သဘာဝ ပိုကျတာမို့ ဈေးကွက်မှာ မျက်နာပန်း ပိုလှပါသတဲ့။ ဒီစက်ရုံတွေကို လေ့လာရေးသွားတော့ နှင်းလှောင်အိမ်အကြီးကြီးတွေထဲမှာ ၀ိုင်စည်တွေ ဆာကေးစည်တွေကို လိုအပ်တဲ့ အအေးဓာတ်ထိန်းသိမ်းပြီး သိုလှောင်ထားတာ မြင်ခဲ့ရတုန်းက တော်တော်လေး အံ့အားသင့်ခဲ့မိပါတယ်။
. . . . .
. . . . .
. . . . .
. . . အရွက်မရှိတော့တဲ့ အရိုးပြိုင်းပြိုင်း သစ်ကိုင်းတွေအပေါ် နှင်းတွေ တဖွဲဖွဲကျတာမြင်တိုင်း ခံစားရတဲ့ ခံစားချက် နောက်ထပ်တစ်ခု ရှိပါသေးတယ်။ အဲသည် ခံစားချက်ကပဲ နှင်းတွေကို ဘယ်တော့မှ မမုန်းနိုင်အောင် ကျွန်တော့်ကို ပြုစားထားတယ်ထင်ပါရဲ့။ နှင်းတွေကိုမြင်တိုင်း အနော် အမြဲတမ်း လွမ်းမိတမ်းတမိ ခံစားမိနေတာက . . .
.
(၂၀၁၅ ဒီဇင်ဘာ ၂၉)
 — at International University of Japan.

No comments:

Post a Comment