Friday, 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၁)

သူငယ်ချင်း...၊
သင်ကြားတဲ့ဘာသာရပ်တွေနဲ့ ပတ်သက်လို့ မယူမဖြစ် ယူရမယ့် ဘာသာရပ် ၈ ခုကို အရင်စာထဲမှာ ငါပြောခဲ့တယ်။ အခု အဲဒီဘာသာရပ်တွေနဲ့ ပတ်သက်ပြီး တစ်ခုချင်းစီရဲ့ အကြောင်းအရာလေးတွေကို ပြောပြချင်တယ်။ ငါ့အမြင်၊ ငါ့အသိလောက်သာ ပြောတာဖြစ်တာမို့ လိုအပ်ချက်တွေ ရှိနိုင်တယ်၊ ချွတ်ချော်မှုတွေ ရှိနိုင်တယ် ဆိုတာကိုတော့ ကြိုတင်ပြီး စကားပလ္လင် ခံထားချင်တယ်။ ပထမဆုံး ပြောပြချင်တဲ့ ဘာသာရပ်ကတော့ နိုင်ငံခြားရေးမူဝါဒ စိတ်ဖြာလေ့လာချက် (Foreign Policy Analysis) ဖြစ်တယ်။ မြန်မာလို စာသားအရှည်ကြီး ပြန်ရိုက်ရမယ့်ဒုက္ခနဲ့ အင်္ဂလိပ်လို မျက်စိနောက်အောင် ပြန်ပြန်ရေးရမယ့် ဒုက္ခတွေကနေ ကင်းဝေးရအောင် အဲဒီဘာသာရပ်နာမည်ကို ငါပြောတဲ့အခါတိုင်း FPA လို့ပဲ ရေးသွားမယ်။ ဒါဆိုရင် မင်းအနေနဲ့ ဖတ်ရတာ ရှင်းလင်းလွယ်ကူသလို ရေးရတဲ့ငါ့အဖို့လည်း နာမည်တစ်ခုကို ထပ်ခါထပ်ခါ ပြန်ရေးနေရတဲ့ အဖြစ်ကလည်း လွတ်သွားမယ်။ နိုင်ငံတကာဆက်ဆံရေးအကြောင်း ပြောမယ်ဆိုရင် နိုင်ငံခြားရေးမူဝါဒကို လုံးဝချန်လှပ်ထားလို့ မရဘူးဆိုတာ မင်းသိပြီးသားမို့ နွားရှေ့ထွန်ကျူး မလုပ်တော့ပါဘူးလေ (ဒီနေရာမှာ ငါ့အနေနဲ့ ဘုန်းကြီးစာချတို့၊ မိကျောင်းမင်း ရေခင်းပြတို့ ဆိုတဲ့စကားပုံတွေအစား အခုသုံးခဲ့တဲ့ဟာကို တမင်တကာ ရွေးသုံးခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိစေအပ်တယ်၊ ငါမရှင်းပြလည်း မင်းက သိမှာပါပဲ)။ လိုရင်းကိုပဲ ပြောရအောင်ပါ။ FPA ကို သင်ကြားပို့ချတဲ့ ဆရာကတော့ ပါမောက္ခ မျိုး ဖြစ်တယ်။ တစ်ပတ်ကို ၂ ချိန် (စာသင်ချိန် ၃ နာရီကြာ) သင်ကြားတယ်။ ပထမအချိန်က လက်ချာပေးတယ်။ ဒုတိယအချိန်ကတော့ ကျောင်းသားတွေရဲ့ ပါဝါပွိုင့်တင်ပြမှုနဲ့ အမေးအဖြေကဏ္ဍဖြစ်တယ်။ သင်တန်းကာလ (term) တစ်ခုမှာ စာသင်ကြားရတဲ့ ရက်သတ္တပတ် ၁၀ ခု ရှိတယ်ဆိုတာ အရင်စာတွေထဲမှာ ရှင်းပြပြီးသားမို့ အထူးအထွေ ပြန်မပြောတော့ပါဘူး။ ရက်သတ္တပတ် ၁၀ ခုစာလုံးအတွက် အပတ်စဉ် ဖတ်ရှုရမယ့် အိမ်စာဆောင်းပါးတွေကို အွန်လိုင်းက ဆရာမျိုးရဲ့ ဖိုင်ထဲမှာ ထည့်ပေးထားပြီးသားဖြစ်တယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကို ဆောင်းပါး ၃ ပုဒ်၊ သို့မဟုတ် ၄ ပုဒ် ဖတ်ကြရတယ်။ ပျမ်းမျှအားဖြင့် ဆောင်းပါးအများစုဟာ စာမျက်နှာ ၃၀ နဲ့ ၄၀ ကြားမှာ ရှိတတ်တယ်။ ဘယ်အပတ်မှာ ဘယ်ကျောင်းသားက ဘယ်ဆောင်းပါးကို ပါဝါပွိုင့်တင်ပြရမယ် ဆိုတာကိုလည်း တစ်ခါတည်း သတ်မှတ်ပေးထားပြီး ဖြစ်တတ်တယ်။ သေချာတာကတော့ ကျောင်းသားတိုင်းဟာ ကိုယ်တာဝန်ကျတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပါဝါပွိုင့် တင်ပြရတာပါပဲ။ ကံစမ်းမဲဖောက်သလို ရင်ခုန်ရတာ မဟုတ်ဘဲ လှေပေါ်ကနေ ဘယ်သူ့ကို တွန်းချရမလဲဆိုတဲ့ မဲလိပ်နှိုက်သလို ရင်ခုန်ရတာလည်း ရှိသေးတယ်။ အခြားမဟုတ်ဘူး... Summary Writing လို့ခေါ်တဲ့ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေအပေါ်မှာ ဘယ်လိုနားလည်သလဲ ဆိုတာကို အနှစ်ချုပ်ပြန်ရေးရတဲ့ အစီအစဉ်ပဲဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ပါမောက္ခ မျိုး ရဲ့ အဲဒီအစီအစဉ်ကို ငါတို့ ကျောင်းသားတွေ ကြောက်ကြတယ်ကွ။ အပတ်စဉ် ဖတ်ရှုဖို့အတွက် အိမ်စာပေးထားတဲ့ ဆောင်းပါးတွေကို သေသေချာချာ ရေရေလည်လည် နားလည်အောင် ဖတ်မထားရင်တော့ အခန်းထဲမှာ ရွာလည်ပြီပဲဟေ့။ စာအုပ်မကြည့်ရဘူးတို့၊ ပေးထားတဲ့ဆောင်းပါးတွေကို မကြည့်ရဘူးတို့ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပဲ Open Book System နဲ့ ကြိုက်တဲ့စာအုပ်ကို ကြည့်ရေးလို့ ကြည့်ဖြေလို့ ရပါတယ်ဗျာ။ ဒါပေမယ့် ဖတ်မထားရင်၊ နားမလည်ထားရင် ဘယ်စာရွက်ထဲက ဘယ်စာကို ကူးရမယ်ဆိုတာကို ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ဘူး။ ဆရာမေးတဲ့ မေးခွန်းအများစုကလည်း စာရွက်ထဲကနေ ပြန်ကူးပြီး ဖြေလို့ရတဲ့ဟာတွေ မဟုတ်တတ်ဘူး။ ဖတ်ထားတဲ့ ဆောင်းပါးထဲက အနှစ်ချုပ်ကို နားလည်မှသာလျှင် ကိုယ့်ဘာသာကိုယ် စဉ်းစားဆင်ခြင်ပြီး ပြန်ရေးရတာမျိုးတွေ ဖြစ်တတ်တယ်။ စာသင်နှစ် တစ်နှစ်သာပြီးသွားတယ်... ငါဖြင့် အခုအချိန်အထိ ဆရာမျိုးရေးခိုင်းတဲ့ အနှစ်ချုပ်ရေးသားခြင်းကို ကွက်တိမှန်အောင် ရေးနိုင်တဲ့ကျောင်းသား၊ ဆရာမျိုး ချီးကျူးရလောက်အောင် ဖြေနိုင်တဲ့ ကျောင်းသားရယ်လို့ တစ်ခါလေးမျှ မကြားဖူး၊ မတွေ့ဖူးသေးဘူး။ ဒါကလည်း ကျားနဲ့ဆင် လယ်ပြင်မှာ မတွေ့သေးလို့ ဖြစ်မှာပါ။ အခုလာမယ့် စာသင်နှစ်မှာတော့ ဆရာမျိုးဆီက ထူးခြားတဲ့ မှတ်ချက်စကားတွေ ကြားရတော့မယ်လို့ ငါဖြင့် အခုကတည်းက ကြိုပြီးတော့ သိနေသလိုပဲကွာ။ ပြီးခဲ့တဲ့နှစ်က အင်မတန်မှ စာကြိုးစားတဲ့၊ စာတော်တဲ့ ဒုတိယနှစ်ကျောင်းသားကြီး အချို့နဲ့ ဆရာမျိုးအတန်းတွေ အတူတက်ခွင့် ရခဲ့တယ်။ စာအုပ်နဲ့မျက်နှာမခွာအောင် စာကြည့်ကြတဲ့ အဲဒီကျောင်းသားကြီးတွေတောင်မှ ဆရာမျိုးရဲ့ Summary Writing ကို ကြောက်ကြတယ်ကွ။ ဆရာအမြဲတမ်း ပြောနေကျ စကားရှိတယ်ကွ။ သင်ပုန်းပေါ်မှာ မေးခွန်းရေးပြီးတိုင်း " " "လွယ်လွယ်လေး မေးထားတာ၊ စာဖတ်ထားရင် ၃ မိနစ်လောက်နဲ့ ရေးလို့ပြီးတယ်" " " တဲ့။ တကယ့်တကယ်ကျတော့ အဲဒီ ၃ မိနစ်အတွင်း ရေးဖို့နေနေသာသာ မေးတဲ့မေးခွန်းကို နားလည်အောင် ကြိုးစားရတာက ၃ မိနစ်၊ ဆောင်းပါးကို ဖင်ပြန်ခေါင်းပြန် ပြန်လှန်နေတာက ၅ မိနစ်လောက် ကြာတတ်တယ်။ သူ့အတွက်ကတော့ လွယ်လွယ်လေးပေါ့ကွာ။ ငါတို့အတွက်ကျတော့ ဆင်ကျီစားရာ ဆိတ်မခံသာ ဖြစ်နေတော့တာပေါ့။ အဲဒီတော့ သတ်မှတ်တဲ့အချိန် ၁၀ မိနစ်အတွင်းမှာ ငါတို့ထင်ရာမြင်ရာ ကူးချလိုက်တာပဲဟေ့။ အပတ်တိုင်းမှာ ရေးရတာ မဟုတ်လေတော့ ဘယ်အပတ်မှာ ရေးခိုင်းမှာလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ရင်ခုန်ရတာလည်း ရသတစ်ခုပဲ။ တစ်ခါတလေမှာ ဆရာက ငါတို့တွေကို စနောက်တတ်သေးတယ်ကွ။ စာသင်ဖို့အတွက် သူအတန်းထဲ ၀င်လာတဲ့အချိန် သူ့လက်ထဲမှာ Summary ရေးတဲ့အခါတိုင်း အသုံးပြုရတဲ့ အဖြေလွှာစာရွက်လွတ်တွေများ ပါလာခဲ့ရင် တစ်တန်းလုံး စကားသံတွေတိတ်သွားပြီး၊ မျက်နှာငယ်လေးတွေ ဖြစ်သွားတတ်ကြတယ်။ ဆရာက အဲဒီအဖြေလွှာစာရွက်လွတ်တွေကို စာရေးစားပွဲပေါ်ကို ဘုန်းကနဲ ပစ်ချလိုက်ပြီး " " " Summary ရေးဖို့အတွက် အသင့်ဖြစ်နေကြပြီမလား" " " လို့ မေးလိုက်ရင် တစ်တန်းလုံးက ဇာတ်တိုက်ထားစရာ၊ ကြိုတင်လေ့ကျင့်ထားစရာ မလိုဘဲ ပြာပြာသလဲပဲ တစ်ညီတစ်ညွတ်တည်း အကျယ်ကြီး ပြန်ဖြေတတ်ကြတယ်။ " " " No " " " တဲ့။ အဆိုတော် လေးဖြူနဲ့ သူ့ပရိသတ်တွေ စင်ပေါ်နဲ့စင်အောက် အတိုင်အဖောက် ညီတယ်ဆိုတာလောက်တော့ ငါတို့က သနားတာပေါ့ကွာ။ ဆရာက ဘာမျှဆက်မပြောဘဲ ပထမတစ်ချိန်လုံးကို လက်ချာပေးတယ်။ ငါတို့တွေမှာ လက်ချာကိုလည်း နားထောင်ရ၊ အတန်းရှေ့ဆုံးက စာရေးစားပွဲပေါ်မှာ တင်ထားတဲ့ အဖြေလွှာတွေကို ကြည့်မိချိန်ဆိုရင် သက်ပြင်းချရနဲ့ တကယ့်ကို ငရဲကျနေသလိုပါပဲကွာ။ စာသင်ချိန် တစ်ချိန်ပြီးလို့ ခေတ္တနားချိန်ဆိုရင် ကျောင်းသားတွေခမျာ မနေတတ်၊ မထိုင်တတ်၊ မျောက်မီးခဲကိုင်မိသလို ဖြစ်နေရပြီ။ ဒုတိယအချိန် ပြန်စတော့မယ် ဆိုတဲ့အချိန်မှာ ဆရာမျိုး မျက်နှာနဲ့ ပါးစပ်ကို လုံးဝကို အလွတ်မပေးတော့ဘူး။ သူဘာပြောမလဲ၊ သူဘာရေးမလဲ အကုန်လိုက်ကြည့်နေကြတော့တာပဲ။ အဲဒီအချိန်မှာ ဆရာမျိုးက " " " ပထမဆောင်းပါးကို ပါဝါပွိုင့်လုပ်မှာ ဘယ်သူတုန်း၊ စတော့... " " " လို့များ ပြောလိုက်ရင် တစ်တန်းလုံးရဲ့ ပြုံးသွားတဲ့မျက်နှာတွေကို မင်းကို ပြချင်လိုက်တာကွာ။ ငါတို့နိုင်ငံ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရပြီလို့ ရေဒီယိုက ကြေညာတဲ့အချိန်မှာ မြန်မာပြည်သူတွေ ဘယ်လောက်ပျော်ခဲ့ကြသလဲ ဆိုတာကို အဲဒီအချိန် ငါမမွေးသေးတော့ သေချာမသိဘူး။ အတန်းထဲမှာ စောစောပြောခဲ့တဲ့ အဖြစ်အပျက်နဲ့ ကြုံရတဲ့အခါမှာတော့ အတော်ပျော်တာဟေ့။ အဲဒီအချိန်ကျမှပဲ ကျောင်းသားတွေလည်း ပြုံးပြုံးပျော်ပျော်နဲ့ ဟိုလှုပ်ဒီလှုပ် လှုပ်နိုင်တော့တယ်။ ငါရေးတာတွေကို မင်းဖတ်ရတော့ အတိသယတွေ သိပ်များတာပဲလို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ မင်းကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အခု ငါရေးပြနေတဲ့အတိုင်း ခံစားရပါလိမ့်မယ်။ ကဲ... FPA နဲ့ ပတ်သက်ပြီး သင်ကြားရတဲ့ အကြောင်းအရာတွေကို အနှစ်ချုပ် ပြောပါရစေကွာ။ ငါ့သဘောနဲ့ငါ ရှင်းပြနေရင် မလိုလားအပ်တဲ့ လွဲချော်မှုတွေ ဖြစ်နိုင်တာမို့ ရက်သတ္တပတ်အလိုက် ဆွေးနွေးသင်ကြားပို့ချပေးတဲ့ ခေါင်းစဉ်တွေကို အောက်မှာ ငါရေးပြလိုက်ပါတယ်။ မင်းအနေနဲ့ အဲဒါတွေဖတ်ပြီး ဒီဘာသာရပ်ရဲ့ သဘောသဘာဝကို ဆ၀ါးမိနိုင်မယ်လို့ ငါယုံကြည်ပါတယ်။
( Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၂)

သူငယ်ချင်း...၊
အရင်စာထဲမှာ "နိုင်ငံခြားရေးမူဝါဒ စိတ်ဖြာလေ့လာချက်" ဘာသာရပ်နဲ့ ပတ်သက်ပြီး ငါရေးလိုက်တာတွေကို ဖတ်ပြီးတဲ့အချိန်မှာ မင်းအနေနဲ့ မျက်စိထဲမှာ မြင်ယောင်လာမိပြီး ရယ်မိပြုံးမိတယ်ဆိုလို့ ငါဖြင့် ဘာပြောရမှန်းတောင် မသိတော့ဘူး။ ငါ့အဖြစ်ကလည်း အကြည်တော်ရဲ့ အကျော်ကြားဆုံးလက်ရာ တစ်ခုဖြစ်တဲ့ ဘီလူး ၀တ္ထုထဲကဇာတ်ကောင် လူတွေရှိန်အောင် ဘီလူးရုပ် တက်တူးထိုးသလို ဖြစ်နေပြီလားလို့လည်း တွေးမိတယ်။ သင်ကြားတဲ့ဘာသာရပ်အကြောင်း ပြောပြတဲ့စာက ဖတ်ရတဲ့မင်းအတွက် ဟာသအတွေ့အကြုံ ဇာတ်လမ်းလို ဖြစ်နေသလားလို့ သံသယ၀င်မိတယ်ကွ။ မင်းလိုမျိုး သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား စာမဖွဲ့တတ်တဲ့လူဆိုတော့ ငါရေးတတ်သလို ရေးပြရတာမို့ နားလည်ပေးပါကွာ။ ဒါပေမယ့် တစ်ခုတော့လည်း ကောင်းပါတယ်လေ။ အခု ငါပြောပြနေတဲ့ ဘာသာရပ်တွေနဲ့ မင်းရင်ဆိုင်ရတဲ့အခါ မင်းအနေနဲ့ ဘယ်လောက်ပဲ စိတ်ဝင်စားသည် ဆိုစေဦးတော့ ဖိအားတွေနဲ့ ဖတ်မှတ်လေ့လာရတာ၊ ကိုယ်လုပ်ချင်တာတွေနဲ့ ရတဲ့အချိန် မလောက်မငတွေဖြစ်ပြီး ဟိုဟာမပြီး ဒီဟာမပြီး ဖြစ်ရတာ၊ စတဲ့ စတဲ့ နေ့စဉ်တိုက်ပွဲတွေနဲ့ အနည်းဆုံးတော့ စိတ်ညစ်ရတာမျိုး ကြုံတွေ့ရမှာမို့ အခုအချိန်မှာ အဲဒီဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်ရယ်မောထားတာ ပိုကောင်းပါတယ်ကွာ။ ငါ့အနေနဲ့ ဘာသာရပ်တွေအကြောင်း ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ပြောရမယ်ဆိုရင်လည်း သူငယ်ချင်းဆီကို စာရေးတာနဲ့ မတူတော့ဘဲ အဝေးသင်ကျောင်းသားကို လက်ချာပို့ချသလို ဖြစ်သွားလိမ့်မယ်ကွ။ အဲဒီတော့ ဘာသာရပ်တွေအကြောင်းနည်းနည်းနဲ့ အတွေ့အကြုံနည်းနည်းကို ရောသမမွှေလုပ်ပြီး ပေါ့ပေါ့ပါးပါး ပြောပြတာပဲ ပိုကောင်းမယ်လို့ ငါထင်မိတယ်။ မင်းကို တစ်ခါတလေ ငါပြောပြတတ်တဲ့ ပုံပြင်ထဲက မုဆိုးကြီးလို တစ်ခါတလေလည်း လေးကြိုးကို လျှော့ပြီးတော့ တိုင်မှာချိတ်ထားလိုက်ပါဦးကွာ။ တောကောင်ပစ်ဖို့ တောထဲဝင်တဲ့ အချိန်ကျမှ လိုအပ်သလို တပ်ပြီးတော့ အသုံးပြုတာပေါ့။ မင်းရင်ဆိုင်ချင်သည်ဖြစ်စေ၊ ရင်မဆိုင်ချင်သည်ဖြစ်စေ လာမယ့် ၂ နှစ်တာကာလမှာ မင်းအနေနဲ့ ဒီဘာသာရပ်တွေကို မဖြစ်မနေ သင်ယူရမှာ၊ လေ့လာရမှာမို့ အခုတော့ ပေါ့ပေါ့ပါးပါးပဲ ရယ်မောလိုက်ပါဦးကွာ။

ဒီစာမှာတော့ နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ငါဆက်ပြောချင်တယ်။ ပါမောက္ခ ကူမာဂအိ (Prof. Kumagai) သင်တဲ့ "နိုင်ငံတကာနိုင်ငံရေး" (International Politics) ဘာသာရပ်ပေါ့။ ဘာသာရပ်အကြောင်း မပြောခင် သင်ကြားပေးမယ့် ပါမောက္ခအကြောင်းကို အရင်ဆုံး ပြောပါရစေ။ ငါတို့တွေကတော့ ဆရာမ ကူမာဂိုင်း လို့ပဲ ခေါ်ကြတယ်ကွ။ ဒါပေမယ့် ကူမာဂိုင်း မဟုတ်ဘူး၊ ကူမာဂအိလို့ ခေါ်မှမှန်တယ်လို့ အမြဲတမ်း လိုက်ပြင်ပေးတတ်တဲ့ ဆရာတစ်ဦးကြောင့် အခုရေးတဲ့အချိန်မှာ ကူမာဂအိလို့ ရေးလိုက်ပါတယ်။ ငါတို့ ဆရာမကတော့ သူ့ကို ကူမာဂိုင်းပဲခေါ်ခေါ်၊ ကူမာဂအိပဲခေါ်ခေါ် ဘာမျှ မပြောပါဘူးကွာ။ ဂျပန်ပါမောက္ခဖြစ်တဲ့ ဆရာမ ကူမာဂအိဟာ ငါတို့ဌာနမှာတော့ ရှားရှားပါးပါး တစ်ဦးတည်းသော အမျိုးသမီးပါမောက္ခပေါ့ကွာ။ ငါ့မှာလည်း စကားစပ်မိတော့ ကြားဖြတ်ပြောချင်တာ ရှိလာပြန်တယ်ကွ။ မိချောင်းသား... အရမ်းလျှာရှည်တယ်လို့တော့ မအောက်မေ့နဲ့ကွာ။ ငါတို့ မြန်မာပြည်မှာ အမျိုးသားကျောင်းဆရာ ရှားပါးပြီး ဘယ်နေရာကြည့်ကြည့် အမျိုးသမီး ကျောင်းဆရာတွေချည်းပဲ ဖြစ်နေတာကို မင်းသိပြီးသားပါ။ ဒီမှာတော့ အမျိုးသမီး ပါမောက္ခဆိုတာ တကယ့်ကို ရှားမှရှားတဲ့ အရာပဲဟေ့။ အဲဒီလို ရှာမှရှားထဲမှာမှ ထပ်ပြီးတော့ ထူးခြားတာကတော့ ငါတို့ဆရာမဟာ ပါမောက္ခ အပျိုကြီး ဖြစ်နေတာပါပဲ။ ဆရာမကပဲ အမူလွန်၊ အရွေးလွန်နေတာလား၊ ငါတို့ဆီက ပါမောက္ခ လူပျိုကြီးတွေကပဲ မစွမ်းတာလားတော့ ငါဖြင့် ဉာဏ်မမီတဲ့အတွက် သေသေချာချာ မပြောနိုင်ပါဘူးကွာ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ငါ့အနေနဲ့ "တစ်ခါတုန်းက အိုင်ယူဂျေ" ဒါမှမဟုတ် "အိုင်ယူဂျေမှာ သာတဲ့လ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရေးဖို့အတွက် ကုန်ကြမ်းတွေရထားတာ ရှိတယ်။ ငါ့စကားကို ဆက်ရရင်တော့ ကူမာဂအိဟာ ငါတို့ဌာနက ပါမောက္ခတွေထဲမှာ မြန်မာကျောင်းသားတွေနဲ့ လက်ပွန်းတတီးအရှိဆုံး ဆရာတစ်ဦး ဖြစ်တယ်ကွ။ မြန်မာကျောင်းသားတွေရဲ့ အခမ်းအနားတိုင်းနီးပါးကို မပျက်မကွက် တက်လေ့ရှိတယ်။ အခမ်းအနား တစ်ခုခုလုပ်ပြီဆိုရင် ငါတို့အနေနဲ့ ဌာနက ပါမောက္ခတွေ အားလုံးကို ဖိတ်ကြားတာပါပဲ။ ဒါပေမယ့် ကူမာဂအိတစ်ယောက်ပဲ မြန်မာချစ်စိတ်အပြည့်နဲ့ မပျက်မကွက် တက်လေ့ရှိတာဖြစ်တယ်။ ဒီမှာကျောင်းတက်နေတဲ့ မြန်မာပညာတော်သင် အများစုကလည်း အမျိုးသမီးတွေ ဖြစ်ကြတာမို့ ဆရာမအနေနဲ့ သံယောဇဉ်ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။

ပါမောက္ခ ကူမာဂအိဟာ အမေရိကန်နိုင်ငံ Graduate Center of the City University of New York ကနေ နိုင်ငံရေးသိပ္ပံအထူးပြုနဲ့ ပါရဂူဘွဲ့ ရခဲ့သူဖြစ်တယ်။ တစ်နေ့တစ်နေ့ စာသင်ခန်းနဲ့ ရုံးခန်းကြားမှာပဲ အချိန်ကုန်နေတဲ့ ပါမောက္ခတစ်ဦးဖြစ်တယ်။ သူစာသင်ကြားတဲ့ ပုံစံက ပါမောက္ခ မျိုး နဲ့ အတော်ကြီးကို ဆင်တူတယ်။ ဒါပေမယ့် သူကတော့ Summary မရေးခိုင်းဘူး။ စာဖတ်ဖို့ အိမ်စာပေးတဲ့ နေရာမှာတော့ ငါတို့ဆရာမျိုးနဲ့ ချွတ်စွတ်ပဲ။ လောဘတကြီး အများကြီးပေးလေ့ရှိတယ်။ ငါတို့ကျောင်းသားတွေ အမြဲလိုလို ကွယ်ရာမှာ ညည်းတတ်ကြတဲ့ စကားတစ်ခွန်းရှိတယ်။ " " "ဆရာမျိုးနဲ့ ဆရာမကူမာဂအိတို့ နှစ်ယောက်တိုင်ပင်ပြီး ငါတို့ကျောင်းသားတွေကို တမင်များ လုပ်နေသလား မသိဘူး " " " ဆိုတာပါပဲ။ အိမ်စာတွေကို အများကြီးဖတ်ခိုင်းတယ်၊ အတန်းထဲမှာ စာမေးလို့ ကျောင်းသားတွေက မဖြေနိုင်ရင် မျက်နှာကြီးသုန်မှုန်ပြီး ဒေါသထွက်တော့တာပဲဟေ့။ အဲဒီအချိန်ဆိုရင် အတန်းတစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်အောင် ငြိမ်သက်နေတော့တာပဲ။ အသံတိုးတိုးနဲ့ သင်တတ်လွန်းလို့ အမြဲတမ်း နားစိုက်ထောင်ရတတ်တဲ့ ဆရာမရဲ့ အသံဟာ အဲဒီလို အချိန်ဆိုရင် မိုးခြိမ်းသံအလား အောက်မေ့ရအောင် အကျယ်ကြီးဖြစ်နေတယ်လို့ ခံစားရတယ်။ ဆရာမဟာ အားတဲ့အချိန်တိုင်း စာဖတ်နေသလား ဆိုတာ ငါသေချာ မသိပါဘူး။ ဒါပေမယ့် နယ်ပယ်အားလုံးနီးပါးကို နှံ့နှံ့စပ်စပ် သိမြင်ပြီး လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကိုလည်း အလျဉ်းသင့်သလို ဥပမာတွေပေးပြီး သင်ကြားပေးလေ့ရှိတယ်။ နိုင်ငံပေါင်းစုံက ကျောင်းသားပေါင်းစုံရဲ့ ကတ်ကတ်သတ်သတ် မေးခွန်းပေါင်းစုံကိုလည်း စိတ်ကျေနပ်အောင် စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလေ့ရှိတယ်။ သင်တန်းကာလအတွင်း စာမေးပွဲ ၂ ခု ဖြေခိုင်းတတ်တယ်။ သင်တန်းလည် စာမေးပွဲနဲ့ နောက်ဆုံးစာမေးပွဲတို့ဖြစ်တယ်။ ကျောင်းသားတွေအနေနဲ့ မိမိတို့စိတ်ကြိုက် ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပြီး ပါဝါပွိုင့်တင်ပြမှု တစ်ကြိမ်လုပ်ဖို့ လိုအပ်တယ်။ ပါမောက္ခ ကူမာဂအိရဲ့ စာသင်ချိန်တိုင်း ကျောင်းသားတွေ အကြောက်ဆုံးက ဘယ်အချိန်မှာ သူ့မှတ်စုစာအုပ်ထဲက ကျောင်းသားစာရင်းကို လှန်ကြည့်ပြီး ကိုယ့်နာမည်ကို ခေါ်လိုက်မလဲ ဆိုတာပါပဲ။ နာမည်အခေါ်ခံရတဲ့ ကျောင်းသားဟာ အိမ်စာပေးထားတဲ့ ဆောင်းပါးတွေ၊ ဒါမှမဟုတ် စာအုပ်တစ်ခုခုထဲက အခန်းတွေကို ဖတ်မလာခဲ့လို့ မေးခွန်းကို မဖြေနိုင်ဘူးဆိုရင်တော့ အဲဒီနေ့စာသင်ချိန် မပြီးမချင်း တစ်ခန်းလုံး ကပ်သင့်ပြီသာ မှတ်ပေတော့ပဲ။ နောက်ထပ် မေးခွန်းပေါင်းများစွာကို နာမည်တွေခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် မေးတော့တာပဲ။ အမေးခံရတဲ့ ကျောင်းသားက အင်းမလုပ်၊ အဲမလုပ်ဘဲ ငြိမ်နေလို့ကတော့ တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး မျက်လုံးချင်း ဆုံတဲ့လူတိုင်းကို မေးတော့တာပဲ။ အဲဒီလို အချိန်ဆိုရင် ကျောင်းသားတွေအကုန်လုံး ခေါင်းငုံ့ပြီး ဆရာမကို အရိုအသေ ပြု ကြတော့တာပဲဟေ့။ ဘယ်သူမှကို ခေါင်းမထောင်ရဲဘူး။ ငါ့စိတ်ထဲမှာတော့ ဆရာမ စိတ်တိုနေတဲ့ အဲလိုအချိန်ဆိုရင် မေးခွန်းတွေ မေးနေတာလို့ မမြင်ဘဲ ရမ်ဘို/အာနိုး ဇာတ်ကားတွေထဲမှာ ဒေါသတကြီးနဲ့ စက်သေသနတ်ကြီးကိုင်ပြီး မြင်မြင်သမျှကို တရစပ် လိုက်ပစ်နေတာကိုပဲ ပြေးပြေးမြင်မိတော့တာပဲ။ ကဲ.. စကားတွေလည်း အတော်များပြီး စာလည်းအတော်ရှည်နေပါပြီ။ ရက်သတ္တပတ်အလိုက် သင်ကြားပို့ချတဲ့ အကြောင်းအရာတွေကို ကြည့်ရအောင်ပါ။

  • Introduction (Sovereign State, Nation, Power)
  • Realism (Power, Balance of Power)
  • Liberalism (Neoliberal Institutionalism & Economic Liberalism)
  • Liberalism (The Democratic Peace)
  • Social Constructivism
  • Critical Approaches: Post-Structuralism, Neo-Gramscianism, and Feminism
  • International Political Economy
  • Non-State Actors: International Governmental Organizations and International Non-Governmental Organizations
  • Terrorism and UN PKO
  • Environmental Issues

အရင်စာထဲမှာ ငါပြောခဲ့သလိုပဲ အခုဖော်ပြခဲ့တာတွေဟာ ၂၀၁၃ ခုနှစ်က သင်ရိုးမာတိကာတွေ ဖြစ်ပြီးတော့ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်ဆိုတာကို မမေ့မလျော့ ထပ်မံပြောကြားလိုတယ်။ ငါ့အတွက်ကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခြားဘာသာရပ်တွေကို လေ့လာသင်ယူတဲ့နေရာမှာ ဒီဘာသာရပ်မှာ သင်ခဲ့ရတာတွေနဲ့ လာလာပြီး ချိတ်ဆက်ဆက်နွှယ်နေတာမို့ အတော်အကျိုးရှိတဲ့ ဘာသာရပ်တစ်ခုလို့ ပြောချင်တယ်ကွ။ နောက်တစ်ခုက မင်းစိတ်ဝင်စားတဲ့ မျက်မှောက်ရေးရာ ကိစ္စရပ်တစ်ခုခုကို သင်ခန်းစာနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ လွတ်လွတ်လပ်လပ် ဆွေးနွေးမေးမြန်းခွင့်ရှိတဲ့ စာသင်ချိန်တစ်ခု ဖြစ်တာပါပဲ။ မင်းမေးခွန်းမေးတဲ့ အချိန်မှာ သူ့အနေနဲ့ လက်ချာကို သင်ကြားပို့ချတာ အရှိန်ရနေလို့ ဆုံးခန်းတိုင်အောင် သင်ချင်နေတယ်ဆိုရင် ချက်ချင်းပြန်လည်ဆွေးနွေးမှု မပြုလုပ်ပေမယ့် စာသင်ချိန် ကုန်ဆုံးတဲ့အခါ မင်းကို သီးသန့်အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ စာမေးလို့မရရင် စိတ်တိုတတ်တာကလွဲလို့ ကျောင်းသားတွေအပေါ်မှာ နားလည်မှုအပြည့်ရှိတဲ့... ဖော်ရွေပျူ ငှာတဲ့... မိခင်စိတ်အပြည့်ရှိတဲ့... ပါမောက္ခတစ်ဦး ဖြစ်တာမို့ ငါတို့တွေက ဆရာမကို ချစ်ကြတယ်ကွ။ အခြားဘာသာရပ်တွေအကြောင်း နောက်စာတွေမှာ ဆက်ကြသေးတာပေါ့။ အခုတော့ အကြောင်းလည်းပွေ၊ စာလည်းရှည်ပြီ၊ ငါ့ကိုနားခွင့်ပြုပါလေ။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၃)

သူငယ်ချင်း...၊
နွေရာသီကျောင်းပိတ်ရက်ကာလ စက်ဘီးတစ်စီးနဲ့ တက္ကသိုလ်ဝန်းကျင် အရပ်လေးမျက်နှာကို ခြေဆန့်နေမိတာမို့ စာရေးချင်တဲ့စိတ်ကို အတော်ကြီးကို ပြန်မွေးနေရတယ်ကွာ။ တစ်နေကုန် တစ်နေခမ်း စက်ဘီးတစ်စီးနဲ့ ဟိုသွားဒီသွား ဓာတ်ပုံရိုက်ရတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတယ်ကွ။ မင်းရောက်လာရင်လည်း ငါ့လိုပဲ စက်ဘီးတစ်စီးနဲ့ မမောနိုင် မပန်းနိုင် လျှောက်သွားနေဦးမှာကို မြင်ယောင်ပါရဲ့ကွာ။ ပြီးခဲ့တဲ့ စာနှစ်စောင်တုန်းက ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ပြောခဲ့တာမို့ ဒီစာမှာလည်း နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ဆက်ပြောချင်တယ်။ "လူ့အခွင့်အရေးနှင့် ကမ္ဘာ့တရားမျှတမှု" (Human Rights and Global Justice) ဆိုတဲ့ ဘာသာရပ်အကြောင်း ပြောပြချင်တယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ တစ်ပတ်ကို နှစ်ချိန် (၃ နာရီ) သင်ကြားရမယ်။ တက်ရောက်အောင်မြင်ရင် ရမယ့်အမှတ်က ၂ မှတ် ဖြစ်တယ်။ သင်တန်းကာလအတွင်း သင်တန်းလည်/သင်တန်းဆုံး စာမေးပွဲဖြေစရာ မလိုပေမယ့် စာတမ်းငယ်တစ်စောင် တင်ဖို့လိုအပ်တယ်။ အခြားသော ဘာသာရပ်တွေ နည်းတူပဲ အပတ်စဉ် ဖတ်ရှုလေ့လာရမယ့် အိမ်စာဆောင်းပါးတွေကို သတ်မှတ်ပေးလေ့ရှိတယ်။ ဒုတိယမြောက် စာသင်ပတ်ကစပြီး သင်တန်းကာလရဲ့ နောက်ဆုံးစာသင်ပတ်အထိ မပျက်မကွက် လုပ်ရတာတစ်ခုကတော့ စာသင်ချိန်တိုင်းရဲ့ ပထမဆုံး ၁၅ မိနစ်မှာ ဖတ်ခိုင်းလိုက်တဲ့ အိမ်စာတွေနဲ့ပတ်သက်ပြီး အနှစ်ချုပ်ရေးသားခြင်း (Summary Writing) ပြုလုပ်ရတာပဲဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေ၊ ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်းများစွာ အသားကျနေပြီးဖြစ်တဲ့ နိုင်ငံတွေအတွက် လူ့အခွင့်အရေးဆိုတာ ထူးဆန်းချင်မှ ထူးဆန်းမှာဖြစ်ပေမယ့် ငါ့လိုလူတစ်ယောက်အတွက်ကတော့ အဲဒီခေါင်းစဉ်ဟာ ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းမယ်ဆိုတာကို ပြောပြဖို့ လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းကာစ နိုင်ငံတစ်ခုဖြစ်တဲ့ ငါတို့နိုင်ငံဟာ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြစ်တင်ခံရ၊ ဝေဖန်ခံရ၊ လက်ညှိုးထိုးခံရ၊ ပိတ်ဆို့ခံရတာတွေနဲ့ နှစ်ပေါင်းများစွာ နပန်းလုံးခဲ့ရတာ မင်းအသိပဲမဟုတ်လား။ အဲဒီတော့ လူ့အခွင့်အရေးဆိုတဲ့ အကြောင်းအရာကို စနစ်တကျ လေ့လာသင်ကြားခွင့် ရတဲ့အခွင့်အရေးအတွက် ငါ့အနေနဲ့ ဘယ်လောက်တောင် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတာ ပြောပြစရာစကားလုံး မရှိပါဘူးကွာ။ တကယ်သင်ကြားရတဲ့ အချိန်မှာလည်း သင်ကြားတဲ့ ပါမောက္ခရဲ့ ထူးခြားတဲ့စာသင်ဟန်၊ ကျောင်းသားတွေကို ဦးနှောက်မုန်တိုင်းဆင်အောင် လှုံ့ဆော်စည်းရုံးနိုင်စွမ်း၊ မြင်သာထင်သာ ဥပမာအဖြစ်အပျက်တွေနဲ့ သင်ကြားမှု၊ စတဲ့ စတဲ့ အချက်တွေကြောင့် ပထမပတ်ကနေ နောက်ဆုံးရက်သတ္တပတ်အထိ တစ်ချက်ကလေးမျှ ညည်းငွေ့စရာ မကောင်းခဲ့ဘူး။ ငါတစ်ယောက်တင် မဟုတ်ဘူး...၊ အခြားသော ကျောင်းသားတွေအတွက်လည်း အဲဒီဘာသာရပ်ဟာ စိတ်ဝင်စားမှု ဖြစ်စေခဲ့တယ်လို့ ငါယုံကြည်မိတယ်။ သူငယ်ချင်းကို အရင်စာတွေမှာ ရေးခဲ့တဲ့ပုံစံအတိုင်းဆိုရင် ပထမဆုံးအနေနဲ့ သင်ကြားတဲ့ ပါမောက္ခအကြောင်းကို အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။

ဒီဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာကတော့ ပါမောက္ခ ဆာဂျီ (Prof. Saji) ဖြစ်တယ်။ သူ့နာမည်ကို ဖတ်ကြည့်ရုံနဲ့ပဲ ဂျပန်လူမျိုး ပါမောက္ခတစ်ဦး ဖြစ်တယ်ဆိုတာကို တကူးတက ပြောဖို့မလိုဘူးလို့ ငါထင်တာပါပဲ။ ဆရာဆာဂျီအကြောင်း ပြောမယ်ဆိုရင် အခြားသောပါမောက္ခတွေနဲ့ မတူဘဲ ထူးခြားတဲ့အချက်တွေ အများကြီးရှိနေတယ်ဆိုတာ သူ့အတန်းကို တက်ဖူးသူတိုင်း သိကြတယ်။ သူ့အတန်းတက်ဖူးတဲ့ ကျောင်းသားတိုင်းကို ဆာဂျီဆိုတဲ့ နာမည်တစ်ခုကိုသာ ပြောပြလိုက်ပါ။ သူတို့တွေက ဆရာဆာဂျီနဲ့ ပတ်သက်ပြီး ပြောမကုန်နိုင်တဲ့ ဇာတ်လမ်းတွေ၊ အဖြစ်အပျက်တွေ၊ မှတ်ချက်တွေကို ပြန်ပြောပြကြပါလိမ့်မယ်။ ငါကိုယ်တိုင် ယုံကြည်လက်ခံထားသလို အခြားသူတွေ အားလုံးနီးပါးလည်း ပြောဆိုကြတဲ့ အချက်တစ်ခုကတော့ ပါမောက္ခဆာဂျီဟာ ဘက်လိုက်မှုအကင်းဆုံး ပါမောက္ခတစ်ဦး ဆိုတာပါပဲ။ ဘယ်ကျောင်းသားကိုမျှ မျက်နှာနာတာမျိုး၊ ပစားပေးတာမျိုး မရှိဘဲ ကောင်းရင်ကောင်းသလို၊ မကောင်းရင်မကောင်းသလို ဆက်ဆံတတ်၊ မှတ်ချက်ပေးတတ်တဲ့ ဆရာတစ်ဦးဖြစ်တယ်။ ဒီတက္ကသိုလ်ကို မင်းရောက်လို့ မင်းကိုယ်တိုင် ကြုံရတဲ့အခါ ဘာဖြစ်လို့ ငါ့အနေနဲ့ ဒီကိစ္စကို အထူးတလည် ပြောနေရသလဲဆိုတာကို နားလည်သွားပါလိမ့်မယ်။ ပါမောက္ခဆာဂျီဟာ အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ် (University of Chicago) ကနေ လူမှုရေးသိပ္ပံအထူးပြု မဟာဝိဇ္ဇာဘွဲ့၊ နိုင်ငံရေးသိပ္ပံအထူးပြု မဟာဝိဇ္ဇာဘွဲ့နဲ့ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့တို့ကို ရရှိခဲ့သူဖြစ်တယ်။ အမေရိကန် ချီကာဂိုတက္ကသိုလ် တစ်ခုတည်းမှာ နှစ်အတန်ကြာ ပညာသင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့နှစ်ခု၊ ပါရဂူဘွဲ့တစ်ခု ရရှိခဲ့သူဖြစ်တယ်။ အခြားသော ပါမောက္ခတွေနဲ့ ရောရောနှောနှော နေခြင်းမရှိဘဲ သီးသီးသန့်သန့် နေတတ်သူတစ်ဦး ဖြစ်တယ်။ အခြားလူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို တန်ဖိုးထားသူဖြစ်ပြီး သူကိုယ်တိုင်လည်း အစွက်ဖက်မခံသူဖြစ်တယ်။ ဘယ်အခမ်းအနားတွေမှာမှ သူ့ကို တွေ့ရလေ့မရှိဘူး။ ကျောင်းသားတွေနဲ့လည်း ရင်းရင်းနှီးနှီး နေလေ့မရှိဘူး။ ခံစားချက်ကို အင်မတန်မှ မြိုသိပ်နိုင်စွမ်းရှိပြီး ပျော်နေသလား၊ စိတ်ညစ်နေသလား၊ စိတ်တိုနေသလား ဆိုတာကို ငါ့အနေနဲ့ တစ်ခါမျှ အကဲခတ်နိုင်ခဲ့ခြင်း မရှိဘူး။ ဘယ်အချိန်ကြည့်ကြည့် ဒီပုံစံ၊ ဒီမျက်နှာအမူအရာပဲ ဖြစ်နေတတ်တယ်။ သြော်... ဒါနဲ့စကားစပ်မိလို့ တစ်ဆက်တည်းပြောရရင် သူဟာ ငါ့ရဲ့ ကျမ်းကြီးကြပ်သူ (Supervisor) ဖြစ်တယ်။ အတူတွဲပြီး အလုပ်လုပ်လို့ ကောင်းသူလို့ မြင်ပါတယ်။

မင်းကိုယ်တိုင်လည်း ကြုံတွေ့ရမှာဖြစ်ပေမယ့် ကြိုတင်ပြီး ပြောပြရရင် အပေါ်မှာ ငါရှင်းပြခဲ့တဲ့အတိုင်း သူ့စာသင်ချိန်တိုင်းရဲ့ ပထမ ၁၅ မိနစ်မှာ အိမ်စာတွေနဲ့ ပတ်သက်ပြီး အနှစ်ချုပ်ရေးသားခြင်း ပြုလုပ်ရတယ်။ အဲဒီလို ရေးသားပြီးတာနဲ့ ငါတို့တွေ မပျက်မကွက် လုပ်ရတာတစ်ခုကတော့ ငါတို့ရဲ့ စာရေးခုံတွေကို ဘေးကိုချဲပြီး ဆွေးနွေးဝိုင်း ပုံစံဖြစ်အောင် လုပ်ရတာပါပဲ။ အခြားပါမောက္ခတွေလို ပါဝါပွိုင့်တွေနဲ့ လက်ချာပေးတာတွေ၊ သင်ပုန်းမှာ စာတွေရေးပြီး ရှင်းပြတာတွေ ဘယ်တုန်းကမျှ မလုပ်ခဲ့ဘူး။ စာသင်ချိန်တိုင်းမှာ အိမ်စာပေးထားတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေနဲ့ ပတ်သက်ပြီး သူက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသားတွေက ပါဝင်ဆွေးနွေးရတဲ့ သင်ကြားမှုပုံစံကို ပြုလုပ်တတ်တယ်။ စာဖတ်လာတဲ့ ကျောင်းသားတွေသာလျှင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်ကြမှာဖြစ်တယ်။ ဒုတိယအချိန်တွေမှာတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ပါဝါပွိုင့် တင်ပြမှုတွေနဲ့ အချိန်ကုန်တတ်တယ်။ အဲဒီအချိန်ဆိုရင် ပါဝါပွိုင့် တင်ပြသူနဲ့ အခြားသော ပရိသတ်ကျောင်းသားတွေက အပြန်အလှန် မေးမြန်း၊ ငြင်းခုန်၊ ဆွေးနွေးကြတဲ့ ပုံစံမျိုး မဖြစ်ဖြစ်အောင် စီစဉ်လေ့ရှိတယ်။ အဲဒီအချိန်မှာ သူ့ကိုယ်သူ ပါမောက္ခ/ဆရာ လို့ သဘောမထားဘဲ အခြားသော ကျောင်းသားတွေလိုပဲ ပရိသတ်တစ်ဦးအနေနဲ့ နားထောင်တယ်၊ သိချင်တာရှိရင် မေးမြန်းတယ်၊ တစ်ခါတလေ တင်ပြသူနဲ့ ပရိသတ်အကြား ငြင်းခုန်မှု လွန်ကဲပြီး အရမ်းပြင်းထန်လာတယ်လို့ ယူဆတဲ့အခါ သူ့အမြင်ကို ၀င်ဆွေးနွေးလေ့ရှိတယ်။ ဆွေးနွေးသူတိုင်းရဲ့ အမြင်၊ အတွေးကို တလေးတစား နားထောင်လေ့ရှိပြီး ဘယ်သောအခါမျှ " " " မင်းပြောတာ မှားနေတယ်၊ ဒီလိုမဟုတ်ဘူး။ တကယ်တမ်းက ဒီလိုဖြစ်ရမှာ... " " " ဆိုတာမျိုး ပြောလေ့မရှိဘူး။ ဆရာပြောသမျှ အမှန်ဆိုတာမျိုးကို သူက လုံးဝအဖြစ်မခံဘူး။ ငါတို့တွေက ဆရာ့အမြင်က ဘယ်လိုရှိပါသလဲလို့ မေးတဲ့အခါမှသာ သူ့အမြင်ကို ပြောလေ့ရှိတယ်။ အဲဒီအခါမှသာ တင်ပြတဲ့သူ၊ ဆွေးနွေးတဲ့သူတွေရဲ့ အတွေးအမြင်တွေဟာ သင့်လျော်သလား၊ မသင့်လျော်သလားဆိုတာကို ငါတို့တွေ ချင့်ချိန်နိုင်ကြတယ်။ သူ့စာသင်ချိန်တိုင်းမှာ ငါ့အနေနဲ့ နိုင်ငံအသီးသီးက လူမျိုးအသီးသီးရဲ့ မတူညီတဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံသမိုင်းအရ အယူအဆ၊ အတွေးအခေါ်၊ ခံယူချက်တွေ မတူညီကြတာကို ကွက်ကွက်ကွင်းကွင်း သိမြင်လေ့လာခွင့် ရခဲ့တယ်။ အာရှအလယ်ပိုင်း နိုင်ငံတွေက လာတဲ့လူတွေရဲ့ အမြင်ကတစ်မျိုး၊ တောင်အာရှဒေသက လာတဲ့ကျောင်းသားတွေရဲ့ အတွေးအခေါ်ကတစ်ဖုံ၊ အာဆီယံဒေသသားတွေရဲ့ ခံယူချက်ကတစ်နည်း၊ စသဖြင့် တကယ့်ကို အမျိုးမျိုးပါပဲဟေ့။ ဒီဘာသာရပ်ကို စတင်တက်ရောက်ကာစမှာတော့ မင်းအနေနဲ့ ပါမောက္ခ ဆာဂျီရဲ့ ၀တ်စားဆင်ယင်မှုစတိုင်လ်နဲ့ စာသင်ကြားမှုပုံစံတွေကြောင့် အမြင်ဆန်းပြီး ထူးဆန်းနေမှာ အမှန်ပဲဟေ့။ နောက်ပိုင်းကျမှသာ မြင်နေတွေ့နေကျဖြစ်ပြီး မြင်သားတကျ ဖြစ်သွားလိမ့်မယ်။ ဆရာဆာဂျီနဲ့ ပတ်သက်ပြီး မင်းသတိထားရမှာ တစ်ခုကတော့ စာတမ်းငယ် (Term Paper) တင်တဲ့အချိန်မှာ အခြားသူတွေ ပြုစုရေးသားထားပြီးသား စာတွေထဲကနေ ခိုးယူကူးချမှု (Plagiarism) လုပ်တာကို လုံးဝကို ခွင့်ပြုခြင်းမရှိတာပါပဲ။ အချို့ကျောင်းသားတွေဟာ ရည်ရွယ်ချက်မရှိသော်လည်း စာတမ်းရေးသားတဲ့နေရာမှာ ကျွမ်းကျင်မှု မရှိတဲ့အတွက် ခိုးယူကူးချတဲ့ သဘောသက်ရောက်သွားတာမျိုးတွေ ရှိတတ်ကြတယ်။ အဲဒီလို အခါမျိုးမှာ ပါမောက္ခဆာဂျီဟာ ဘယ်တော့မျှ ခွင့်လွှတ်လေ့မရှိဘူး။ ဌာနကနေတစ်ဆင့် သတိပေးတာ၊ စာတမ်းကို ပြန်ရေးခိုင်းတာ၊ ဘာသာရပ်ကို အကျပေးတာတွေ ပြုလုပ်လေ့ရှိတယ်။ ဘာသာရပ်နဲ့ ပတ်သက်ပြီး လက်ချာပေးတာမျိုး မရှိပေမယ့် အပတ်စဉ်အလိုက် ဖတ်ရတဲ့စာတွေကတစ်ဆင့် သူသင်ကြားတဲ့ ဘာသာရပ်ကို ပုံဖော်သွားတာမျိုးဖြစ်တဲ့အကြောင်း အပေါ်မှာ ငါပြောခဲ့ပြီးဖြစ်တယ်။ အခု အပတ်စဉ်အလိုက် ငါတို့တွေ လေ့လာဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာတွေကို အောက်မှာရေးပြထားတယ်။

  • Introduction
  • What human rithts are?
  • The development and implementation of human rights
  • Human rights in non-Western traditions: Universalism and relativism
  • The "Asian Values" debate
  • Feminist perspectives on human rights
  • Human rights and global justice
  • Global economy, world poverty, and global justice (1)
  • Global economy, world poverty, and global justice (2)
  • The future of human rights
ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ငါ့အနေနဲ့ မှတ်မှတ်ထင်ထင် ဖြစ်နေတာတစ်ခုကတော့ နိုင်ငံအလိုက် အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်ကြတဲ့နေ့က မြန်မာကျောင်းသားတွေကတစ်ဖက်၊ အခြားနိုင်ငံက ကျောင်းသားတွေကတစ်ဖက် အပြန်အလှန် ငြင်းခုန်ဆွေးနွေးကြတာပါပဲ။ အခြားနိုင်ငံက ကျောင်းသားတွေ အထူးသဖြင့် မွတ်စလင်နိုင်ငံက လာတဲ့ကျောင်းသားတွေဟာ ငါတို့နိုင်ငံမှာ မြန်မာအမျိုးသမီးတွေ လွတ်လွတ်လပ်လပ် နေထိုင်သွားလာ လှုပ်ရှားလုပ်ကိုင်ခွင့် ရတယ်ဆိုတာကို အင်မတန်မှ အံ့သြတကြီးနဲ့ မယုံမကြည် ဖြစ်ကြတယ်။ အခြားသော စာသင်ချိန်တွေမှာ သူများပြောတာကိုပဲ အဓိကထားပြီး နားထောင်တတ်တဲ့ မြန်မာကျောင်းသူတွေဟာ အဲဒီနေ့ကတော့ ထူးထူးခြားခြား တက်တက်ကြွကြွ ပါးစပ်စွမ်းတွေပြကြတာ အခြားကျောင်းသားတွေတော့ မသိဘူး။ မြန်မာကျောင်းသားတစ်ဦးဖြစ်တဲ့ ငါကိုယ်တိုင်တောင်မှ အတော်ကြီးကို ဖျားချင်သွားတယ်ကွ။ အဲဒီနေ့မှာပဲ ငါတို့အစ်ကိုကြီးတစ်ယောက်က သူ့မိန်းမရဲ့ အိမ်အလုပ်တွေကို သူအားလပ်ချိန်မှာ ကူညီလုပ်ကိုင်ပေးတဲ့အကြောင်း ပြောပြတာကို အာရှအလယ်ပိုင်း နိုင်ငံတစ်ခုက ကျောင်းသူတစ်ဦးက ဝေဖန်ငြင်းခုန်ကြရာက ငါတို့စာသင်ခန်းရဲ့ ဆွေးနွေးပွဲဟာ သူတို့နှစ်ဦးရဲ့ စကားစစ်ထိုးပွဲအဖြစ် ပြောင်းလဲသွားတာ အတော်ကြီးကို နားထောင်လို့ကောင်း၊ ကြည့်လို့ကောင်းတာကိုးကွ။ အမေရိကန်သမ္မတလောင်းတွေ စကားစစ်ထိုးတယ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ အဲဒီနေ့က ငါတို့ဆရာဆာဂျီ ၀င်ထိန်းတာ မြန်သွားလို့ပေါ့ကွာ... မဟုတ်လို့ကတော့ ငါတို့တွေက သူတို့နှစ်ယောက် နပန်းလုံးတာကို ကြည့်ရတော့မယ်ဆိုပြီး အားခဲထားကြတာကွ။ အဲလောက်အထိ ဆွေးနွေးငြင်းခုန်မှုတွေက ပြင်းထန်ခဲ့တယ်ဟေ့။ တစ်ဦးတည်းသော ဘင်္ဂလားဒေ့ရှ်က ကျောင်းသားကတော့ ပြောင်ပြောင်တင်းတင်းပဲ ဝေဖန်တယ်ကွ။ မြန်မာကျောင်းသားတွေက မြန်မာနိုင်ငံအကြောင်းပြောရင် အမြဲတမ်း အကောင်းတွေချည်းပဲတဲ့။ အဲဒါဆို အခြားနိုင်ငံကြီးတွေက ဘာဖြစ်လို့ ဝေဖန်ပြစ်တင် အရေးယူမှုတွေ လုပ်နေကြသလဲတဲ့။ နောက်ပြီးတော့ ဒီလောက် အစစအရာရာ ကောင်းနေတဲ့ မြန်မာနိုင်ငံကိုတောင် ပြောင်းလာချင်တယ်ဆိုပြီး ခနဲ့တဲ့တဲ့ ရွဲ့သွားပါလေရဲ့။ လူ့အခွင့်အရေးအကြောင်း တစ်ခုခုဆွေးနွေးတိုင်း အဲဒီဘင်္ဂလားကျောင်းသားက ရခိုင်ပြည်က ကိစ္စရပ်ကိုပဲ ခေါင်းတည်သွားတတ်တယ်။ ငါတို့တွေက နည်းလမ်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ အဲဒီသကောင့်သားက ဘယ်တော့မျှ မယုံကြည်ဘူး။ အင်တာနက်ပေါ်က သူဖတ်မိသမျှ သတင်းတွေနဲ့ အမြဲတမ်း ပေါက်ကရ ပြောနေတော့တာမို့ ငါတို့တွေက ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး သူဘာပဲပြောပြော ဘာမှဝင်မပြော၊ ၀င်မဆွေးနွေးတော့ဘဲ သူ့ကို ပြုံးပြုံးကြီး ၀ိုင်းကြည့်နေကြတာမျိုးပဲ လုပ်တဲ့အခါကျမှ နောက်ပိုင်းမှာ ဆင်ခြင်သွားတာဟေ့။

ပြောချင်တာတွေက များလွန်းနေတော့ ငါ့စာလည်း အတော်ရှည်သွားပြီ။ သြော်... မင်းရေးလိုက်တဲ့စာထဲမှာ မေးထားတဲ့ စန္ဒယားတီးတာ လေ့ကျင့်ဖြစ်သေးလား ဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒီရောက်ပြီးကတည်းက စန္ဒယားခလုတ်တွေကို တစ်ခါမျှ မထိတွေ့ရတော့ဘူးလို့ ဖြေရမှာပါပဲ။ အခုအချိန်မှာ တံတျာတေရှင် ကိုတောင် ငါမတီးတတ်တော့ဘူး။ လက်ကွက်တွေကိုလည်း မမှတ်မိတော့ဘူးကွ။ မြန်မာပြည်ပြန်ရောက်မှပဲ ပင်ပေါင်ဘောလုံးတွေ လက်နှစ်ဘက်မှာဆုပ်ပြီး လက်ချောင်းလေးတွေ တင်တာကနေစပြီး ပြန်သင်ပါတော့မယ်။ ဒါပေမယ့် မင်းရဲ့ တယောလက်သံကိုတော့ လွမ်းမိသားကွ။ မင်းလာတဲ့အခါ မင်းရဲ့ တယောလေးကို ပါအောင်ယူခဲ့ပါကွာ။ ဒီမှာလုပ်တဲ့ အခမ်းအနားတွေမှာလည်း အသုံးဝင်မှာပါ။ နောက်ဆုံး အခြားလူတွေက ၀ိုင်းပြီးတော့ မေတ္တာပို့ကြတယ်ဆိုရင်တောင် လွတ်လွတ်လပ်လပ် တယောထိုးပြီး သီချင်းအော်ဆိုလို့ရတဲ့ တောအုပ်တွေ အများကြီး ရှိပါတယ်ကွ။ ကဲ... နောက်စာကျမှ ဆုံကြသေးတာပေါ့။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၄)

သူငယ်ချင်း...၊
နောက်ထပ် ပြောပြချင်တဲ့ ဘာသာရပ်တစ်ခုကတော့ " နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ " (International Political Economics) ဖြစ်တယ်။ မင်းအနေနဲ့ ဒီဘာသာရပ်ကို ပထမဆုံး တက်ရောက်ရမယ့် ဆောင်းဦးသင်တန်းကာလ (Fall Term) မှာ တက်ရောက်ရမှာ မဟုတ်ဘဲ ဒုတိယမြောက် သင်တန်းကာလဖြစ်တဲ့ ဆောင်းကာလ (Winter Term) ကျမှသာ တက်ရောက်ရမှာဖြစ်တယ်။ ဒီဘာသာရပ်ကို သင်ကြားပို့ချပေးသူက ပါမောက္ခ ကိုရေး (Prof. Cooray) ဖြစ်တယ်။ အရင်စာတစ်စောင်မှာ ငါရေးခဲ့ဖူးတဲ့ ဒီတက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ဒီတက္ကသိုလ်မှာပဲ ပါမောက္ခအနေနဲ့ စာသင်ကြားပေးနေတဲ့ ရှားရှားပါးပါး ပါမောက္ခ ၂ ယောက်အနက်က တစ်ဦးဖြစ်တယ်။ နောက်တစ်ဦးက ငါတို့ရဲ့ မြန်မာလူမျိုး ပါမောက္ခ မျိုး ဖြစ်တယ်ဆိုတာကို မင်းမှတ်မိမယ် ထင်ပါတယ်။ ဒီဘာသာရပ်အကြောင်း ပြောလိုတဲ့အခါ ငါ့စာထဲမှာ IPE လို့ပဲ ရည်ညွှန်းပါရစေ။ အဲဒီဘာသာရပ်အကြောင်း ပြောမယ်ဆိုရင် မပြောမဖြစ် ချိတ်ဆက်ပြောဖို့လိုတဲ့ ဘာသာရပ်တစ်ခု ရှိသေးတယ်။ အခြားမဟုတ်ဘူး "အခြေခံဘောဂဗေဒ" (Essentials of Economics) ဘာသာရပ်ဖြစ်တယ်။ အဲဒီဘာသာရပ်ကိုလည်း ပါမောက္ခ ကိုရေးပဲ သင်ကြားပါတယ်။ မင်းအနေနဲ့ EOE ကိုတော့ ပထမဆုံးတက်ရောက်ရမယ့် ဆောင်းဦးသင်တန်း ကာလမှာ တက်ရောက်ရမှာဖြစ်တယ်။ မတက်မဖြစ် မယူမဖြစ် ယူရတက်ရမယ့် Required Core Course မဟုတ်ပေမယ့် ဘောဂဗေဒ ဘာသာရပ်နဲ့ အကျွမ်းတ၀င် မရှိခဲ့သူတစ်ဦးအတွက် အဲဒီဘာသာရပ်ကို မတက်ရောက်ခဲ့ရင် IPE တက်တဲ့အချိန်မှာ ရွာလည်တယ်ကွ။ အချို့သော ကျောင်းသားတွေဟာ မယူမဖြစ်ဘာသာရပ် မဟုတ်တဲ့အတွက် အဲဒီ EOE ကို တက်ရောက်ခဲ့ကြခြင်း မရှိဘူး။ အဲဒီတော့ IPE သင်တဲ့အချိန်ကျတော့ တကယ်သိဖို့လိုအပ်တဲ့ ဘောဂဗေဒဆိုင်ရာ အခြေခံသဘောတရားတွေကို သိမထားတဲ့အတွက် အခက်အခဲတွေ အတော်လေးကို ဖြစ်ကြတယ်။ မြန်မာကျောင်းသားတွေ အကုန်လုံးကိုတော့ ပါမောက္ခ မျိုး က ပထမဆုံးသင်တန်းကာလမှာ EOE ကို မဖြစ်မနေ ယူကြဖို့ တိုက်တွန်းအကြံပေးပြီး တက်ခိုင်းခဲ့တဲ့အတွက် IPE သင်တဲ့အချိန်မှာ ငါတို့အတွက် တကယ့်ကို အထောက်အကူ ဖြစ်စေပါတယ်ကွာ။ ငါတို့တွေကို အဲဒီလို တက်ခိုင်းခဲ့တဲ့အတွက် ဆရာမျိုးအပေါ် ကျေးဇူးတင်တဲ့အကြောင်း အခုအချိန်အထိ ငါမပြောမိသေးဘူးကွာ။ ဒါပေမယ့် ဒီစာထဲမှာတော့ သူ့အပေါ် တကယ့်ကို ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြလိုတယ်။ ဆရာ့ဝတ်ထဲက သင့်ရာအပ်ပို့ ဆိုတဲ့အချက်ဟာ ဒီလိုအရာတွေကို ပြောတာပဲလို့လည်း နားလည်သဘောပေါက်မိတယ်။ မင်းရောက်တဲ့အခါကျရင်လည်း ပထမဆုံးသင်တန်းကာလအတွက် ဘာသာရပ်တွေ မှတ်ပုံတင်တဲ့အခါ EOE ကို မဖြစ်မနေ မှတ်ပုံတင်ပြီး တက်ရောက်သင်ယူပါလို့ အကြံပြုပါရစေ။ မင်းဘ၀တစ်လျှောက်လုံးအတွက် အကျိုးကျေးဇူးများမယ့် ဘာသာရပ်တစ်ခုပါကွာ။ ဒီစာထဲမှာ ဘာသာရပ် နှစ်ခုအကြောင်းကို တစ်ပြိုင်တည်း ငါပြောတော့မယ်ဆိုတာ မင်းရိပ်မိမယ် ထင်ပါတယ်။ အဲဒီဘာသာရပ် နှစ်ခုလုံးကလည်း ပါမောက္ခ တစ်ဦးတည်းက သင်ကြားပေးတာဆိုတော့ ပြောရတာ အဆင်ပြေမယ်လို့ ငါထင်ပါတယ်။ အတတ်နိုင်ဆုံး မင်းအတွက် အရှင်းလင်းဆုံးဖြစ်စေအောင် ငါကြိုးစားရေးသားလိုက်ပါတယ်ကွာ။ နားမလည်တာရှိရင်၊ သိချင်တာများရှိရင် ငါ့ကို မေးဖို့အတွက် လုံးဝကို အားမနာပါနဲ့လို့ ငါပြောပါရစေ။ ပထမဆုံး ထုံးစံအတိုင်း သင်ကြားပေးတဲ့ ပါမောက္ခအကြောင်းကို မိတ်ဆက်ပေးပါရစေ။

ဆရာ ကိုရေး (Prof. Cooray) ဟာ သီရိလင်္ကာလူမျိုး ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံတကာဘောဂဗေဒ အထူးပြုနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ငါတို့ အိုင်ယူဂျေကနေ ရရှိခဲ့ပြီး ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ် (University of Nagoya) ကနေ စီးပွားရေးပါရဂူဘွဲ့ ရရှိခဲ့တယ်။ အမြဲတစေ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွနဲ့ စာသင်ကြားလေ့ရှိတယ်။ အင်မတန်မှ ပျော်ရွှင်တတ်ပြီး အတန်းထဲမှာလည်း အမြဲလိုလို ဟာသတွေ ပြောနေတတ်တယ်။ ပြီးရင် ကျောင်းသားတွေက မရယ်သေးဘူး.. သူက အသံကျယ်ကြီးနဲ့ အရင်ဆုံး ရယ်နေတတ်တယ်။ တစ်ခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် သူရယ်တာကြီးကိုကြည့်ပြီး ရယ်စရာကောင်းလို့ ငါတို့တွေက လိုက်ရယ်ရတာမျိုးလည်း ရှိတတ်တယ်။ သူ့အပေါ် အခြားနိုင်ငံက ကျောင်းသားတွေရဲ့ အမြင်က ဘယ်လိုရှိသလဲဆိုတာကို ငါမသိသလို အခြားသော မြန်မာကျောင်းသားတွေရဲ့ အမြင်တွေက ဘယ်လိုလဲဆိုတာကို ငါသေချာ မသိပါဘူး။ ငါ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ငါတို့မြန်မာကျောင်းသားတွေဟာ ဆရာ ကိုရေးနဲ့ အတော်ကြီးကို အဆင်ပြေတယ်ကွ။ သူစာသင်ကြားတဲ့ပုံစံဟာ မြန်မာဆရာတွေနဲ့ အတော်ကြီးကို ဆင်တူတယ်။ ဘယ်လောက်ခက်တဲ့ အကြောင်းအရာကိုပဲဖြစ်စေ ကလေးတွေသင်သလို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အသေးစိတ် စိတ်ရှည်လက်ရှည် သင်ကြားပေးတတ်တယ်ကွ။ အချို့တွေကတော့ တီးတိုးတီးတိုး ပြောတတ်ကြတယ်ကွ။ ဆရာကိုရေးက ငါတို့တွေကို စာသင်တာ ကလေးတွေကျနေတာပဲတဲ့။ အဲလောက်အထိ မလိုပါဘူးတဲ့။ ဒါကလည်း ကိုယ့်အမြင်နဲ့ကိုယ်မို့ အဲဒီလူတွေကို ငါဘာမျှ မဝေဖန်လိုပါဘူး။ ပါမောက္ခအနေနဲ့ ဘယ်လိုပဲသင်သင် သူသင်ကြားတဲ့ ဘာသာရပ်ကို ကျောင်းသားတွေက ခရေစေ့တွင်းကျ နားလည်သွားဖို့ပဲ မဟုတ်လား။ တကယ်တမ်းပြောရရင် ဘောဂဗေဒဘာသာရပ်ဆိုတာ ငါ့လို အစိမ်းသက်သက် လူတစ်ယောက်အတွက် ရှုပ်ထွေးခက်ခဲတယ်ကွ။ ဘောဂဗေဒနဲ့ ပတ်သက်ပြီး ငါနောက်ဆုံး သင်ခဲ့တာက ဒသမတန်းသင်ရိုးပဲ ရှိတယ်။ ကိုယ့်ဘာသာကိုယ် သိချင်လို့ လေ့လာဖတ်ရှုဖူးတာက ဆရာမောင်စူးစမ်းရဲ့ စာအုပ်တွေပဲရှိတယ်။ အဲဒီလို လူတစ်ယောက်ဖြစ်တဲ့ ငါ့အနေနဲ့ ဆရာကိုရေးရဲ့ အတန်းကို တက်ပြီးတဲ့အချိန်မှာ ဘောဂဗေဒကို အစွဲလန်းကြီး စွဲလန်းသွားတယ်၊ အင်မတန်မှ စိတ်ဝင်စားသွားတယ်ဆိုရင် အဲဒီပါမောက္ခရဲ့ သင်ကြားမှုစွမ်းရည်ကို မင်းသဘောပေါက်လိမ့်မယ် ထင်ပါရဲ့။ နိုင်ငံတွေရဲ့ အဆင့်အတန်း၊ အနာဂတ်အလားအလာတွေကို ဘောဂဗေဒသီအိုရီတွေ၊ ကိန်းဂဏန်းညီမျှခြင်းတွေနဲ့ တွက်ချက်ပုံဖော်ရတာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်ကွာ။ ဆရာကိုရေးဟာ စာသင်ရင်းနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ရှင်းလင်းသင်ပြတာကလည်း စိတ်ဝင်စားစရာ ကောင်းတယ်ကွ။ ဒါပေမယ့် သူ့အပေါ် ငါသဘောမကျတဲ့ အချက် ၂ ခု ရှိတယ်။ ပထမတစ်ခုက မြန်မာကျောင်းသားတွေကို အထင်သေးခြင်းပဲ။ ပါးစပ်ကနေ ဘယ်တုန်းကမျှ ထုတ်ဖော်မပြောဖူးပေမယ့်၊ အမူအရာအားဖြင့် ဘယ်တုန်းကမျှ ပေါ်ပေါ်ထင်ထင် မပြဖူးပေမယ့် သူ့မျက်လုံးတွေထဲမှာ ဘယ်လိုအရိပ်အယောင်တွေ ရှိတယ်ဆိုတာ ငါသိတယ်ကွ။ ဘယ်လိုသိတာလဲလို့ မေးလာရင်တော့ ဖြေရခက်တယ်။ ဒါပေမယ့် သိတယ်လို့ပဲ ပြောချင်တယ်။ မင်းတက်တဲ့အခါလည်း အဲဒီလို ခံစားရတယ်ဆိုရင် ငါ့အနေနဲ့ အဆိုးမြင်နေတာ မဟုတ်ဘူးလို့ မင်းနားလည်လာမှာပါ။ ဒုတိယတစ်ချက် ငါမကြိုက်တာကတော့ ဘာသာရေးခွဲခြားချင်တဲ့ သူ့စိတ်ပဲ။ သူဟာ သီရိလင်္ကာလူမျိုးပီပီ ဗုဒ္ဓဘာသာအပေါ် အရမ်းကို အလေးထားပြီး ဘာသာရေးနဲ့ပတ်သက်ရင် အရမ်းပြင်းထန်လွန်းတယ်။ ဘာသာတရားကိုင်းရှိုင်းတာ၊ အလွန်အမင်း သက်ဝင်ယုံကြည်တာကို ငါ့အနေနဲ့ ဝေဖန်စရာ မရှိပါဘူး။ ငါကိုယ်တိုင်လည်း စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူမို့ သူ့ရဲ့ ဗုဒ္ဓဘာသာအပေါ် တန်ဖိုးထားမှုကို လေးစားပါတယ်။ ဒါပေမယ့် ဆရာကိုရေးက အခြားဘာသာဝင်တွေနဲ့ ပတ်သက်ရင် နည်းနည်းလေး အကဲဆတ်လွန်းတယ်ကွ။ ကိုယ့်ဘာသာတရားကို တန်ဖိုးထားဖို့အတွက် အခြားဘာသာတရားတွေကို နှိမ့်ချတာမျိုး၊ နှာခေါင်းရှုံ့တာမျိုး၊ အထင်သေးတာမျိုးကိုတော့ ငါ့အနေနဲ့ လုံးဝလက်ခံလို့ မရဘူး။ ဒီအကြောင်းတွေကို ဘာဖြစ်လို့ တကူးတက ပြောပြနေရသလဲဆိုရင် ငါတို့စာသင်ခန်းနဲ့ ဆက်စပ်နေလို့ ဖြစ်တယ်ကွ။ သူ့ဟာသူ စာသင်ခန်းပြင်ပမှာ ဖြစ်တဲ့ဟာ၊ သူ့စိတ်ထဲမှာသူ ထားတဲ့သဘောထားဆိုရင် ဒါဟာ သူ့အခွင့်အရေးမို့ ငါ့အနေနဲ့ ဘာမျှ ဝေဖန်စရာ မရှိပါဘူးလေ။ မင်းအနေနဲ့ ဘောဂဗေဒ စာသင်ခန်းထဲမှာ ဆရာကိုရေးက ငါးပါးသီလအကြောင်း၊ မေတ္တာသုတ်အကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း အခါအခွင့်သင့်ရင် သင့်သလို ပြောပြဆွေးနွေးတာကို ကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲလို့ ငါတို့တွေ ဒီရောက်တဲ့အချိန်ကျမှ အမြင်ဖလှယ်ကြတာပေါ့ကွာ။ ပြောခဲ့တဲ့ အချက် ၂ ခုတည်းကို ကြည့်ပြီးတော့ အဲဒီပါမောက္ခကို ငါ့အနေနဲ့ မကောင်းပြောနေတယ်၊ နှိမ့်ချဝေဖန်နေတယ်လို့ မထင်စေချင်ဘူး။ ငါ့အမြင်ကို ပြောပြချင်လွန်းလို့ ထည့်ရေးလိုက်တာပါ။ ဆရာကိုရေးနဲ့ သင်တန်းကာလ ၂ ခု (Fall, Winter) ထိတွေ့ခဲ့ရတယ်။ ဘာသာရပ် ၂ ခု (EOE, IPE) သင်ကြားခဲ့ရတယ်။ အဲဒီသင်တန်းကာလ ၂ ခုလုံးမှာ ငါ့အတွက် အားရကျေနပ်မှုအရှိဆုံး၊ သဘောအကျဆုံးနဲ့ ရာနှုန်းပြည့်မဟုတ်ပေမယ့် ၇၀-၈၀ % အထိ ရလိုက်တယ်လို့ ယုံကြည်မိတဲ့ ဘာသာရပ် ၂ ခုကတော့ ဆရာကိုရေး သင်ကြားပို့ချတဲ့ EOE နဲ့ IPE တို့ ဖြစ်ကြတယ်။ အခြားသော စာသင်ချိန်တွေဆိုရင် ဖိအားတွေရှိပေမယ့် အဲဒီစာသင်ချိန် ၂ ခုဆိုရင်တော့ ငါ့အနေနဲ့ အမြဲတမ်း ပျော်ပျော်ပါးပါးနဲ့ ရွှင်ရွှင်လန်းလန်း တက်ဖြစ်ခဲ့တယ်။ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ပျော်နေအောင် သင်ကြားနိုင်တဲ့ ပါမောက္ခဆိုတာ ဘယ်လောက်များ ချီးကျူးဖို့ကောင်းသလဲဆိုတာ မင်းဘာသာမင်း စဉ်းစားကြည့်ပါတော့ကွာ။ ဒီနေရာမှာ ငါ့ရဲ့ ရှော်ကွက်တစ်ခုနဲ့ ကံကောင်းတာတစ်ခုကို မမေ့မလျော့ ပြောပြလိုသေးတယ်။ အဲဒီဘာသာရပ် သင်ယူနေတဲ့ အချိန်တုန်းက အချို့သော သဘောတရားတွေ၊ ဝေါဟာရတွေကို ငါ့အနေနဲ့ သိပ်ပြီးတော့ နားမလည်တဲ့အတွက် မေးဖို့လူရှာမိတယ်ကွ။ နီးလွန်းရင် ဝေးတယ်ဆိုသလိုပဲ ငါ့မှာလေ ဘယ်သူ့ကို မေးရမှန်း မသိခဲ့ဘူး။ တစ်ပတ်လောက် ကြာတဲ့အချိန်ကျမှ အိမ်နဲ့ ဖုန်းပြောရင်း ဘယ်ကဘယ်လို စကားစပ်မိသွားတယ် မသိပါဘူး။ ငါ့အဖေက Demand သဘောတရားဆိုတာ ဘယ်လို၊ Supply သဘောတရားဆိုတာ ဘယ်လို၊ Market ကို ဘယ်လိုတွက်ရတယ် စသဖြင့် ရှင်းပြတဲ့ အချိန်ကျမှ ငါ့နှယ်နော်.. အဖေနဲ့ အမေ နှစ်ယောက်စလုံးက စီးပွားရေးဘွဲ့ ရထားတယ်ဆိုတာကို မေ့နေရသလားဆိုပြီး ကိုယ့်နဖူး ကိုယ်ရိုက်မိတော့တယ်။ ငါကမေးတဲ့ အချိန်ကျမှ သူတို့တွေကလည်း သူတို့ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက သူတို့ဆရာတွေ ဟာသလေးတွေနဲ့ ပြောပြခဲ့တဲ့ သဘောတရားတွေကို ပြန်မှတ်မိပြီး ငါ့ကို အဲဒီဥပမာတွေအတိုင်း ပြန်ပြောပြတာ အင်မတန်မှ အသုံးဝင်သကိုးကွ။ မင်းကိုလည်း ဒီရောက်တဲ့အခါ အဲဒီဟာသတွေ၊ ဥပမာတွေ ပြန်ပြောပြရဦးမယ်။ သြော်... တစ်ခုမေ့နေသေးတယ်၊ မင်းအနေနဲ့ ယောဂကျင့်စဉ် (Yoga) ကို စိတ်ဝင်စားတယ်၊ လေ့ကျင့်ကစားချင်တယ်ဆိုရင်တော့ စာသင်ခန်းပြင်ပမှာလည်း ဆရာကိုရေးနဲ့ ထိတွေ့ဆက်ဆံရဦးမယ်ကွ။ သူက ငါတို့တက္ကသိုလ် ယောဂကလပ်ရဲ့ နည်းပြတစ်ဦးဖြစ်တယ်။ အပတ်စဉ် အချိန်ဇယားအတိုင်း ယောဂလေ့ကျင့်ခန်းတွေကို သင့်ကြားလေ့ကျင့်ပေးလျက်ရှိတယ်။ အခြားရက်တွေမှာတော့ မင်းသာ ညနေပိုင်း အချိန်မှန် အားကစားခန်းမမှာ လေ့ကျင့်ကစားတဲ့သူဆိုရင် သူနဲ့ နေ့စဉ်နေ့တိုင်း တွေ့မြင်နေရမှာပဲ။ သူက နေ့စဉ်ပုံမှန် အားကစားခန်းမမှာ အပြေးစက်နဲ့ အပြေးလေ့ကျင့်ခန်း လာကစားလေ့ ရှိတယ်။ ကဲ.. .ငါ့စာတွေလည်း ဟိုရောက် ဒီရောက် ဖြစ်နေပါပြီ။

ပထမဆုံး အခြေခံဘောဂဗေဒ (Essential of Economics) ဘာသာရပ်မှာ သင်ကြားရတဲ့ အကြောင်းအရာတွေကို ပြောပြချင်တယ်။
  • The Ten Principles of Economics
  • Thinking like an Economist
  • Supply, Demand, and Market Equilibrium
  • Markets and the Role and Policies of Government
  • The Economics of the Poblic Sector
  • Production and Growth
  • Saving, Investment, and the Financial System
  • Unemployment and Labour Market: Concepts and Issues
  • How Fiscal and Monetary Policy Influence the Economy
  • International Trade, Finance and the Foreign Exchange Market

ဒီအကြောင်းအရာတွေကို သင်ကြားတဲ့နေရာမှာ ပါမောက္ခ ကိုရေး အနေနဲ့ Mankiw, N. Gregory ရဲ့ Essentials of Ecomomics (6th Int'l Edition) ကို မဏ္ဍိုင်ပြုပြီး သင်ကြားပို့ချတာဖြစ်တယ်။ အခြားသော ဖတ်ရှုရမယ့် ဆောင်းပါးတွေ၊ စာအုပ်တွေကိုလည်း သတ်မှတ်ပေးထားတယ်။ မင်းအနေနဲ့ အဲဒီစာအုပ်ကို အပိုင်ဝယ်ထားဖို့ အကြံပြုချင်တယ်။ ကိုယ်ပိုင် ၀ယ်မထားသူတွေအတွက်တော့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်ကို ငှားရမ်းဖတ်ရှုနိုင်ဖို့အတွက် အင်မတန်မှ ၀ီရိယထားရလိမ့်မယ် ထင်ပါရဲ့။ လက်ရှိဘာသာရပ်အတွက်သာ မဟုတ်ဘူး.. မင်းအနေနဲ့ နောင်မှာလည်း ပြန်လေ့လာနိုင်ဖို့၊ ကိုးကားနိုင်ဖို့အတွက် အဲဒီစာအုပ်ကို အပိုင်ဝယ်ပါလို့ အလေးအနက် အကြံပေးချင်တယ်။ အဲဒီဘာသာရပ်ကို သင်တဲ့အချိန်မှာ မင်းလည်း ငါ့လိုပဲ စိတ်ဝင်းစားမှာပါ၊ ပျော်ရွှင်မှာပါ။ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ဆိုတာ နိုင်ငံတွေအတွက် ကောင်းသလား၊ မကောင်းဘူးလား၊ ပိုက်ဆံတွေကို ဘဏ်မှာ စုငွေအဖြစ် အပ်နှံထားတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ အလုပ်လက်မဲ့နှုန်း ဘယ်လောက်ပဲရှိသင့်သလဲ၊ အခွန်စည်းကြပ်တာရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ၊ အစိုးရအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေမှာ ဘောဂဗေဒအမြင် မရှိရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ၊ ဈေးကွက်ကို အစိုးရက ၀င်စွက်တာနဲ့ မစွက်တာ ဘယ်ဟာက ပိုကောင်းသလဲ၊ ငွေကြေးဖောင်းပွမှုကြုံရင် ဘယ်လိုဖြေရှင်းမလဲ၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်းဆိုတာ ဘာလဲ၊ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဘာကွာသလဲ၊ စသည် စသည်ဖြင့် အားလုံးဟာ စိတ်ဝင်စားစရာတွေချည်းပဲဟေ့။ မင်းကတော့ ဆရာကိုရေးနဲ့ အတန်းထဲမှာ လေပေးဖြောင့်ဦးမှာ မြင်ယောင်ပါသေးရဲ့ကွာ။

ဒုတိယတစ်ခုအနေနဲ့ နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (International Political Economics) ဘာသာရပ်နဲ့ ပတ်သက်ပြီး သင်ကြားရတဲ့ အကြောင်းအရာတွေကို ပြောပြချင်တယ်။
  • What is International Political Economy?
  • "Laissez-Faire": The Economic Liberal Perspective
  • Wealth and Power: The Mercantilist Perspective
  • Determinism and Exploitation: The Structuralist Perspective
  • Political Economy of Production and International Trade Policy
  • Managing the Global Economy Since World War II: The International Monetary and Finance Structure
  • International Debt Crises
  • Current Global Financial Imbalances: Causes, Consequences, and Solutions
  • The Development Conundrum: Choices Amid Constraints
  • International Financial Crises

ဒီအကြောင်းအရာတွေကို သင်ကြားတဲ့အခါ ပါမောက္ခကိုရေး အနေနဲ့ David N Balaam, Bradford Dillman တို့ရေးတဲ့ Introduction to International Political Economy (6th Edition) ကို မဏ္ဍိုင်ပြုပြီး အခြားသော ဆောင်းပါးတွေ၊ စာအုပ်တွေနဲ့ ကိုးကားပြီး သင်ကြားပို့ချပေးတယ်။ ဒီဘာသာရပ်ကို သင်ကြားနေချိန်နဲ့ သင်ကြားပြီးတဲ့ အချိန်မှာတော့ ငါ့အနေနဲ့ စိတ်ညစ်ညူးသွားမိတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘာသာရပ်သင်ယူရာကနေ ရလာတဲ့ အသိတွေနဲ့ ငါတို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ချိန်ထိုးလိုက်မိလို့ပါပဲ။ အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿ     နာတွေကို ဘယ်လိုအခက်အခဲတွေနဲ့ ဖြေရှင်းနေရတယ်၊ ရင်ဆိုင်နေရတယ် ဆိုတာကို ငါ့အနေနဲ့ တိတိကျကျ မသိရှိလေတော့ ပြောဆိုဝေဖန်ဖို့အတွက် အခက်အခဲရှိပေမယ့် အကယ်ဒမစ်ရှုထောင့်ကနေ ကြည့်မိတဲ့အခါ လွဲနေတာတွေ၊ ထင်ရာလုပ်နေတာတွေကို မြင်လိုက်မိလို့ပါပဲ။ တိကျတဲ့ မူဝါဒ၊ စနစ် ရှိမှရှိရဲ့လားလို့လည်း သံသယဖြစ်မိတယ်။ အတန်းထဲမှာ ဆွေးနွေးကြတဲ့အခါတိုင်း ငါတို့နိုင်ငံဟာ ဘယ်စနစ်နဲ့ ဦးတည်နေသလဲဆိုတာကို ပြောဆိုရ အင်မတန်ခက်တယ်ကွ။ ဘယ်စနစ်ကိုမျှ လုံးလုံးလျားလျား သုံးနေတာမဟုတ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အဆင်ပြေသလို လုပ်နေတဲ့သဘောရှိတယ်လို့ သုံးသပ်မိတယ်။ မတောက်တခေါက် ငါ့အသိလေးနဲ့ ဝေဖန်တာမို့ ငါပြောတာတွေဟာ အလွဲကြီးလွဲနေတာတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ဘာပဲပြောပြော ဒီဘာသာရပ်ဟာ ငါ့ကို ဦးနှောက်မုန်တိုင်း ဆင်နိုင်ခဲ့တာတော့ အသေအချာပဲ။ စကားမစပ် ကြုံတုန်းထည့်ပြောရရင် ဆရာအောင်ထွဋ်ရေးခဲ့တဲ့ အချို့သော ဆောင်းပါးတွေကို ဒီဘာသာရပ်ကို သင်ကြားပြီးတဲ့အချိန်ကျမှ ငါကောင်းကောင်း နားလည်သဘောပေါက်တယ်ကွ။ တစ်ဆက်တည်းပဲ သူပြောတာကို ဘာဖြစ်လို့ နားမလည်ကြ၊ လက်မခံကြသလဲ ဆိုတာကိုလည်း သိလာရတယ်။ ဒါဟာ ငါ့အတွက် အမြတ်ပဲကွ။

အခုတော့ ဆရာကိုရေးရဲ့ စာသင်ကြားနည်းစနစ်အကြောင်း ပြောပြချင်တယ်။ စာသင်တာ လောဘကြီးသလို အမှတ်ပေးစနစ်ကိုလည်း အစုံလင်ဆုံး အသုံးပြုတဲ့ ပါမောက္ခ တစ်ဦးပဲကွ။ အတန်းတက်၊ အတန်းတွင်းပါဝင်ဆွေးနွေးမှု၊ ဉာဏ်စမ်းမေးခွန်း၊ သင်တန်းလယ်စာမေးပွဲ၊ အိမ်စာစာတမ်းငယ်များ၊ တစ်ဦးချင်း/အဖွဲ့လိုက် ပါဝါပွိုင့်တင်ပြမှု၊ သင်တန်းဆုံးစာမေးပွဲ စသဖြင့် ရှိသမျှ စနစ်အကုန်လုံးကို အသုံးပြုတယ်။ အပတ်စဉ်တိုင်းမှာ သူ့ရဲ့ လက်ချာပါဝါပွိုင့်ကို အသုံးပြုပြီး သင်ကြားပို့ချတယ်။ စာသင်ချိန်ရှိတဲ့နေ့ အတန်းချိန်မစမီ ၃ နာရီအလိုလောက်ဆိုရင် အွန်လိုင်းမှာ သူ့ရဲ့ ပါဝါပွိုင့်ကို ဒေါင်းလုဒ်ချပြီး ပရင့်ထုတ်လို့ရပြီ။ သူ့ရဲ့လက်ချာတိုင်းကို "Quote of the Day" နဲ့ စတင်လေ့ရှိတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အဆိုအမိန့်တစ်ခုခုနဲ့ သူ့ရဲ့လက်ချာကို စတင်ချိန်ကစပြီး အတန်းထဲက ကျောင်းသားတွေကို သူ့ရဲ့ သင်ခန်းစာ ပို့ချမှုထဲ စီးမြောသွားအောင် ဆွဲဆောင်သွားလိုက်တာ တစ်ခါတလေများဆိုရင် အချိန်ပြည့်တဲ့အထိ သူ့လက်ချာက မပြီးသေးလို့ အချိန်နည်းနည်း ထပ်ယူပြီး ကမန်းကတန်း လက်စသတ်ရတဲ့အထိ စာသင်တာ လောဘကြီးတယ်။ အပတ်စဉ် ဉာဏ်စမ်းမေးခွန်း (Quiz) ဖြေခိုင်းတာမို့ ပေးထားတဲ့ အိမ်စာကို လုံးဝကို မဖတ်လို့မရဘူး။ အိမ်စာပေးထားတဲ့ အခန်းကို ဖတ်မလာလို့ကတော့ ငုတ်တုတ်သာ ထိုင်နေချင်ထိုင်နေ၊ ဒါမှမဟုတ် ပေးထားတဲ့ multiple choice အဖြေတွေထဲက ထင်ရာမြင်ရာကိုသာ အမှန်ခြစ်ပေတော့ပဲ။ ကျောင်းသားတွေအနေနဲ့ ကိုရေးရဲ့ Quiz ကို မပေါ့ရဲကြဘူးကွ။ ဘာကြောင့်လဲဆိုတော့ သူက အပတ်စဉ်တိုင်း ဖြေထားတဲ့ အဖြေလွှာတွေကို ပြန်ပြီးတော့ ပေးလေ့ရှိတာကိုး။ အဲဒီတော့ ကျောင်းသားတွေခမျာ အမှတ်နည်းမှာ၊ အောင်မှတ်မရမှာကို ကြောက်ကြတယ်ကွ။ အိမ်စာစာတမ်းငယ် အနေနဲ့ဆိုရင် "Why Nations Fail" ဆိုတဲ့ နာမည်ကျော် စာအုပ်ကို အခန်းလိုက် အနှစ်ချုပ်ရေးခိုင်းတယ်။ ဒီအတိုင်းဖတ်ခိုင်းရင် မဖတ်တဲ့စာအုပ်ကို အနှစ်ချုပ် ရေးခိုင်းလေတော့ မဖြစ်မနေ ဖတ်ကြရတော့တာပေါ့ကွာ။ စာမေးပွဲတွေကတော့ အကြီးစား ဉာဏ်စမ်းမေးခွန်းတွေလို့ ပြောရမယ်ထင်ပါရဲ့။ အပတ်စဉ် ဉာဏ်စမ်းမေးခွန်း ၁၀ ခုခန့်ပဲ မေးလေ့ရှိပြီး စာမေးပွဲတွေမှာတော့ မေးခွန်း ၅၀ မေးလေ့ရှိတယ်။

ကဲ.. ငါ့စာလည်း အတော်ကြီးကို ရှည်နေပါပြီကွာ။ စူပါတိုင်ဖွန်းအရှိန်ကြောင့် ငါတို့ဆီမှာ အချိန်အခါမဟုတ် နွေရာသီကာလကြီး နေ့စဉ်ရက်ဆက် မိုးတွေရွာနေတယ်ကွ။ အခုလည်း မိုးအေးအေးနဲ့ ကိုအံ့ကြီးသီချင်းလေးတွေ ဖွင့်ထားပြီး မင်းဆီကို စာရေးကောင်းနေလိုက်တာ ပြန်ဖတ်ကြည့်မိတော့မှ အတော်ကြီးကို များနေတာကို သတိထားမိတယ်။ ပြောလို့မကုန်တဲ့ အကြောင်းအရာတွေထဲက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်ကွာ။ မင်းအနေနဲ့ ဘာတွေ ပြင်ဆင်ပြီးပြီလဲဆိုတာကို စာရေးပါဦးကွ။ ငါမှာချင်တာလေးတွေကိုလည်း စာရင်းပြုစုပြီး မင်းကို မှာချင်သေးတယ်။ နောက်စာကျမှ တွေ့ကြသေးတာပေါ့ကွာ။ ကျန်းမာရွှင်လန်းပါစေ သူငယ်ချင်းရေ...။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၅)

သူငယ်ချင်း...၊
မင်းအတွက် ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မပြောတတ်ဘူး။ ငါတို့ဆီမှာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးတွေရွာနေလေတော့ ငါလည်း အပြင်ထွက်မရ၊ စက်ဘီးစီးမရနဲ့မို့ အခန်းထဲမှာပဲ တစ်နေကုန်အောင်းရင်း စာဖတ်တာ၊ အင်တာနက်သုံးတာ လုပ်နေရတယ်။ အချိန်အားလေးတွေလည်း ရနေလေတော့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရေးဖြစ်နေမိတယ်။ စာလေးတစ်စောင် ဖတ်ရဖို့အရေး စောင့်လိုက်ရတာကွာ.. လို့ မင်းညည်းခဲ့ဖူးတယ်။ အခုတော့ မင်းကလည်း ရေးနိုင်လှချည်လားကွာ... လို့ ညည်းတော့မယ် ထင်ပါရဲ့။ ငါ့မှာ အချိန်ရတုန်းလေး မင်းအတွက် ရေးစရာရှိတာလေးတွေ ဆက်ရေးပါရစေကွာ။ မကြာခင် ရာသီဥတု ကောင်းလာတာနဲ့ ငါစီစဉ်ထားတဲ့ နွေရာသီ ခရီးစဉ်တွေက မနည်းမနောမို့ အဲဒီအခါကျရင် မင်းဆီကို တော်တော်နဲ့ စာရေးဖြစ်နိုင်မယ် မထင်လို့ပါ။ ဒီစာမှာတော့ နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ဆက်ပြောကြတာပေါ့။

အခု ငါပြောပြချင်တဲ့ ဘာသာရပ်ကတော့ " နိုင်ငံတကာစီးပွားရေးစနစ်များနှင့် ပုံစံ " (International Economic Systems and Order) ဖြစ်တယ်။ သင်ကြားပေးတဲ့ ဆရာကတော့ ဂျပန်လူမျိုး ပါမောက္ခ နာကာမူရာ (Prof. Nakamura) ဖြစ်တယ်။ ငါတို့ဌာနမှာ စီနီယာအကျဆုံးနဲ့ အသက်အရွယ်အကြီးဆုံး ပါမောက္ခတွေထဲက တစ်ဦးလည်းဖြစ်တယ်။ ငါတို့တွေရဲ့ ပါမောက္ခမျိုးတို့၊ ပါမောက္ခ ကိုရေး တို့ အိုင်ယူဂျေမှာ ကျောင်းသားတွေအဖြစ် လာတက်နေစဉ်ကတည်းက စာသင်နေခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ စိတ်ရင်းသဘော အင်မတန်ကောင်းပြီး ကျောင်းသားတွေအပေါ် အင်မတန်မှ သနားငဲ့ညှာ၊ စာနာနားလည်တတ်သူဖြစ်တယ်။ ဆရာကြီးက သဘောကောင်းလွန်းတော့ အချို့ကျောင်းသားတွေဆိုရင် မလေးမစား ဆက်ဆံကြလွန်းလို့ ဘေးကမြင်ရတဲ့ ငါအဖို့တော့ စိတ်တိုစရာ၊ ဒေါသထွက်စရာချည်းပါပဲ။ စာသင်ခန်းထဲမှာ ကျောင်းသားတစ်ယောက် မလေးမစား ဆက်ဆံတယ်ဆိုတာဟာ ဆရာကြီးကို မရိုမသေ ပြောဆိုတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ ဆရာကြီးက သဘောကောင်းလွန်းတော့ အတန်းတက်လက်မှတ်ကို အစားထိုးခိုင်းတာ၊ အတန်းချိန်ကို တက်ချင်မှတက်တာ၊ အတန်းမပြီးခင် ဆရာကြီးကို ခွင့်မတောင်းဘဲ အစောကြီး လစ်ထွက်သွားတာ၊ စာသင်နေတဲ့အချိန်မှာ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေတာ၊ အင်တာနက်သုံးနေတာ၊ အချင်းချင်း တီးတိုးတီးတိုး စကားပြောနေတာ၊ စတာတွေဖြစ်တယ်။ အခြေခံဘွဲ့ရပြီးသား ကျောင်းသားတွေ၊ တစ်နည်းအားဖြင့် အများစုက နိုင်ငံအသီးသီးက အစိုးရ၀န်ထမ်း အရာထမ်းတွေ ဖြစ်ကြတာမို့ မူလတန်းကလေးတွေကို လိုက်ကြပ်သလို ကြပ်နေစရာ မလိုဘူးလို့ ငါထင်တယ်။ ပညာလိုချင်လို့ ဒီကိုလာပြီး ကျောင်းတက်ကြတာဆိုရင် ဆရာက ကြီးကြပ်သည်ဖြစ်စေ၊ မတင်းကြပ်သည်ဖြစ်စေ ကိုယ့်အသိစိတ်နဲ့ကိုယ် ကြိုးစားကြဖို့ လိုမယ်လို့ ငါထင်တယ်။ အတန်းထဲမှာ ဂိမ်းလာဆော့နေတာ၊ စကားပြောနေတာထက် အကြောင်းတစ်ခုခုပြပြီး အတန်းလာမတက်တာကမှ ပိုကောင်းဦးမယ်လို့ ငါထင်တာပဲ။ နောက်ဆုံးကွာ ဆရာသင်ကြားနေတာ စိတ်ဝင်စားဖို့ မကောင်းဘူးဆိုရင် အတန်းထဲမှာ အဲဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ စာတစ်ခုခု ဖတ်နေတာကမှ သူ့အတွက် အကျိုးရှိဦးမယ် မဟုတ်ဘူးလား။ အခုတော့ ကျောင်းသား ၆၀ နီးပါးရှိတဲ့ စာသင်ခန်းထဲမှာ ဘေးကလူတွေက တီးတိုးတီးတိုး လုပ်နေကြတော့ ငါတို့တွေမှာ အာရုံကလည်း စုစည်းလို့မရ၊ ဆရာကြီးရဲ့ အင်္ဂလိပ်စကားပြောသံကိုလည်း အတော်ကြီးကို နားစိုက်ရ၊ တစ်ချက်တစ်ချက် ဆရာကြီးမေးလိုက်တဲ့ မေးခွန်းတွေကိုလည်း စဉ်းစားရနဲ့ သိပ်ပြီးတော့ ကျေနပ်စရာ မကောင်းလှဘူးကွာ။ ဆရာကြီးအကြောင်း ဆက်ပြောရရင် ဂျပန်နိုင်ငံ ဆိုကာတက္ကသိုလ် (Soka University) ကနေ စီးပွားရေးမဟာဝိဇ္ဇာဘွဲ့ရော၊ စီးပွားရေးပါရဂူဘွဲ့ရော ရရှိခဲ့တယ်။ စိတ်ဝင်စားစရာ တစ်ခုကတော့ သူလည်း ငါတို့နိုင်ငံမှာ ငါတို့ဆရာတွေ ကြုံ ရသလို ကြုံခဲ့ရတယ် ထင်ပါရဲ့။ သူတို့က ရှေးခေတ်ကတည်းက ကျောင်းဆရာ လုပ်လာသူတွေဆိုတော့ အဲဒီခေတ်တုန်းက မဟာဝိဇ္ဇာဘွဲ့ဆိုတာ အတော်ကြီးကို မြင့်မားခဲ့တာကိုး။ ဆရာကြီး နာကာမူရာဆိုရင် စီးပွားရေးမဟာဝိဇ္ဇာဘွဲ့ကို ၁၉၈၁ ခုနှစ်ကတည်းက ရခဲ့တာကွ (အဲဒီအချိန်တုန်းက ငါဆိုရင် တစ်နှစ်သားပဲ ရှိသေးတယ်)။ ဒါပေမယ့် သူသင်ပေးလိုက်တဲ့ တပည့်တွေက ပါရဂူဘွဲ့တွေရ၊ တက္ကသိုလ်တွေမှာ စာပြန်သင်ကြ၊ သုတေသနကျမ်းတွေ စဉ်ဆက်မပြတ် ပြုစုပြီး ပါမောက္ခတွေ ဖြစ်လာကြ၊ ဆရာကြီးက မဟာဝိဇ္ဇာဘွဲ့နဲ့ဆိုတော့ တွဲဖက်ပါမောက္ခ ရာထူးနဲ့ ကျန်ရစ်ခဲ့၊ စတာတွေပေါ့ကွာ။ အဲဒါကြောင့်လည်း သူ့အနေနဲ့ စီးပွားရေးပါရဂူဘွဲ့ကို ၂၀၁၂ ခုနှစ်ကျမှ ရခဲ့တာဖြစ်မယ် ထင်ပါရဲ့။

ကဲ... အခုဆက်ပြီး အဲဒီဘာသာရပ်နဲ့ပတ်သက်လို့ သင်ကြားပို့ချတဲ့ အကြောင်းအရာတွေကို ပြောပြပါရစေ။
  • Introduction
  • The role of International Transactions for the nations in the process of economic development: The economic structure in advanced market economies and developing market economies.
  • International Trade Theories
  • International Trading System in the IMF-GATT regime and WTO
  • International Capital Transfer through FDI and FII (foreign indirect investment) in the global economy and economic development.
  • Technology transfer, and changes in the comparative advantages and economic growth.
  • International migration: Causes and Impacts on the economies.
  • Case Study (1) : Economic relations between Japan and the U.S. through international trade and capital transfer
  • Case Study (2) : International trade and capital transfer for the economic development - The case of China
  • Case Study (3) : Regional cooperation of ASEAN in the world economy

သင်ကြားနည်းစနစ်ကတော့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မှတ်စုစာရွက်တွေကို အတန်းထဲမှာ ဝေငှပြီး လက်ချာပေး ဆွေးနွေးတဲ့ပုံစံဖြစ်တယ်။ ကျောင်းသားတွေရဲ့ တစ်ဦးချင်း အမြင်တွေကိုလည်း ဆွေးနွေးစေလေ့ရှိတယ်။ သူ့မျက်မှန်ကြီးကို လက်ကြီးနဲ့ ပင့်တင်ပြီး အတန်းတက်နာမည်စာရင်း စာရွက်ကြီးကို မျက်နှာနဲ့ လက်မ၀က်လောက် အကွာအထိ ဆွဲယူပြီး ကြည့်နေပြီဆိုရင် ဘယ်သူမဲပေါက်တော့မလဲဆိုပြီး အားလုံးက စောင့်နေကြရတယ်။ မယူမဖြစ် ဘာသာရပ်တစ်ခု ဖြစ်တာကြောင့်မို့သာ မဖြစ်မနေ ယူကြရတဲ့ ငါတို့ IR ကျောင်းသားတွေအနေနဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတ၊ အတွေးအမြင် နည်းပါးတယ်ဆိုတာကို သိသူဖြစ်လေတော့ သူစာမေးတဲ့အခါ IDP ကျောင်းသားတွေ၊ PMPP ကျောင်းသားတွေကို အဓိကထားပြီး မေးမြန်းလေ့ရှိတယ်။ မြန်မာက ကျောင်းသားတစ်ယောက်လောက် ဆွေးနွေးပါဦးဆိုရင်တော့ ငါတို့တွေက မျက်နှာကြီးတွေ ခေါင်းငုံ့ပြီး IDP က နောင်တော်ကြီး ကိုညီညီထွေး ကို လက်တို့ကြတော့တာပဲဟေ့။ ဘေးတစ်ဖက်တစ်ချက်ကနေ လက်နဲ့ထူပြီး မတ်တတ်မရပ်ရပ်အောင် ဆွဲမထူရုံတမယ် သူ့ကိုပဲ လက်တတို့တို့၊ နာမည်တခေါ်ခေါ် လုပ်ကြတာပဲကွ။ အင်မတန်ချစ်ဖို့ကောင်းတဲ့ စနောက်လို့ကောင်းတဲ့ အစ်ကိုကြီးပါကွာ။ မင်းလည်း ဒီရောက်တဲ့အခါ သူ့ကို ခင်သွားမှာ အသေအချာပါပဲ။ သူ့ခမျာလည်း အများပြည်သူက တောင်းဆိုလေတော့ မနေသာတော့ဘူးပေါ့ကွာ။ သူသိထားသမျှကို တဝေါဝေါနဲ့ သွန်ချတော့တာပေါ့။ တစ်ခါတလေ သူဘာပြောနေသလဲဆိုတာ ငါကတော့ နားမလည်ပါဘူးကွာ။ ဆရာကြီး နာကာမူရာကတော့ ခေါင်းတညိတ်ညိတ်နဲ့ဆိုတော့ သူပြောတာ အဆင်ပြေလို့ ဖြစ်မှာပေါ့။ ကဲ.. သင်ကြားမှုအကြောင်း ဆက်ပြောရရင် မင်းအနေနဲ့ ဒီဘာသာရပ်ကို တက်ရောက်နေစဉ်မှာ စာတမ်းငယ်နှစ်ခု တင်ဖို့လိုအပ်တယ်ကွ။ သင်တန်းလယ် စာတမ်းငယ်တစ်စောင်နဲ့ သင်တန်းဆုံး စာတမ်းငယ်တစ်စောင် ဖြစ်ကြတယ်။ ဆရာကြီးကလည်း အဲဒီစာတမ်းငယ်တွေ ရေးတဲ့အချိန်မှာ ဘယ်သဘောတရားတွေကို အဓိကပါအောင် ရေးရမယ်ဆိုတာ ပြောဆိုညွှန်ပြလေ့ရှိတယ်။ အဲဒီအကြောင်းအရာတွေ သင်ကြားပို့ချတဲ့ အချိန်မှာလည်း ဒီနေ့သင်မယ့်ဟာတွေဟာ စာတမ်းရေးတဲ့ အချိန်မှာ ထည့်သွင်းရေးသားရမှာတွေ ဖြစ်တယ်လို့ ကြိုတင်သတိပေးလေ့ရှိတယ်။ ဆရာကြီးသင်တဲ့ အချိန်တုန်းက ဂရုတစိုက် မှတ်စုလိုက်ထားခဲ့မယ်၊ သဘောတရားတွေကို မှတ်မိနေမယ်၊ စာများများဖတ်ပြီး မင်းအမြင်နဲ့မင်း သုတေသနလုပ်နိုင်မယ်၊ အဲဒါတွေကို ပေါင်းစပ်ပြီး စာတမ်းရေးသားနိုင်မယ်ဆိုရင် ဒီဘာသာရပ်နဲ့ပတ်သက်ပြီး အမှတ်ကောင်းကောင်း ရပြီလို့သာ အောက်မေ့ပေတော့။ ဒီဘာသာရပ်ဟာ စီးပွားရေးအသိပညာ အခြေခံနည်းပါးတဲ့ ငါ့အတွက်တော့ အနည်းငယ် ရှုပ်ထွေးခက်ခဲတာ အမှန်ပဲကွ။ ဒါပေမယ့် ဒီဘာသာရပ်ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ဆရာကြီးနာကာမူရာ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲဆိုတာကိုတော့ ငါဆ၀ါးမိနိုင်ခဲ့တာဟာ ငါ့အတွက် ကံကောင်းမှုလို့ ဆိုရမလား၊ ပါမောက္ခကိုရေးရဲ့ ဘောဂဗေဒဘာသာရပ်တွေအပေါ်မှာ စိတ်ဝင်တစား လုပ်ခဲ့မိတဲ့ အကျိုးကျေးဇူးလို့ ဆိုရမလား ငါမပြောပြတတ်ပါဘူးကွာ။

ဒီဘာသာရပ်ကို မယူမဖြစ် ဘာသာရပ် Required Core Course အဖြစ် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ၀ိဝါဒ ကွဲပြားနေတာတွေ ရှိတယ်ကွ။ အချို့ကလည်း ပါမောက္ခ ကိုရေးရဲ့ IPE (Int'l Political Economics) ဘာသာရပ်ဟာ ဒီအကြောင်းအရာတွေကိုလည်း ခြုံငုံမိနေတာမို့ မလိုအပ်ဘူးလို့ ဝေဖန်ကြတယ်။ ငါ့အမြင်ကတော့ အကြောင်းအရာ တူသည်ဆိုဦးတော့၊ မတူညီတဲ့ ပါမောက္ခ ၂ ဦးရဲ့ ကွဲပြားတဲ့ချဉ်းကပ်ဟန်တွေနဲ့ အဲဒီဘာသာရပ်အပေါ် ရှင်းလင်းပို့ချတာတွေကို လေ့လာဆည်းပူးခွင့်ရခြင်းဟာ ပိုကောင်းတယ်လို့ မြင်မိပါတယ်။ ကျောင်းသားတွေရဲ့ အလေးထားမှုနဲ့  ပတ်သက်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်တော့ RCC အဖြစ် မသတ်မှတ်သင့်ဘူးလို့ ငါမြင်မိတယ်။ ဒါကလည်း ငါ့အမြင်သက်သက်ပါလေ။ ငါ့ထက် ပိုပြီးတော့ နားလည်တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေက လိုအပ်တယ်ထင်လို့ ဒီဘာသာရပ်ကို ဒီလိုဖြစ်သင့်ပါတယ်လို့ သင်ရိုးရေးဆွဲခဲ့ကြတာပဲ မဟုတ်လား။ အဲဒီတော့ ဒီဘာသာရပ်ကို ဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ငါတို့လုပ်သင့်တာက တက်ရောက်သင်ယူရမယ့် ဘာသာရပ်တိုင်းမှာ ကိုယ့်အတွက် အကျိုးရှိအောင်၊ အသုံးဝင်အောင် ကြိုးစားအားထုတ် လေ့လာသင်ယူသွားဖို့ လိုအပ်တယ်လို့ပဲ ထင်မြင်မိကြောင်းပါ သူငယ်ချင်းရေ။ မိုးတွေရွာနေဦးမယ်ဆိုရင်တော့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရောက်လာနေဦးမှာပဲဟေ့။ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၆)

သူငယ်ချင်း...၊
ဒီတစ်ခါ ပြောပြချင်တဲ့ ဘာသာရပ်ကတော့ " သံခင်းတမန်ခင်းနှင့် နိုင်ငံရေးပရိယာယ် " (Diplomacy and Statecraft) ဘာသာရပ်ဖြစ်တယ်။ လက်ရှိနိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အလွန်အရေးပါ၊ အသုံးဝင်တဲ့ အကြောင်းအရာဖြစ်သလို အင်မတန်မှလည်း စိတ်ဝင်စားစရာကောင်းတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့တဲ့ သံခင်းတမန်ခင်း နည်းလမ်းတွေ၊ နိုင်ငံရေးပရိယာယ်တွေမှသည် ယနေ့ခေတ် နည်းလမ်းတွေ၊ ပရိယာယ်တွေအထိ လေ့လာသင်ယူခွင့် ရရှိခဲ့တယ်။ ငါတို့နဲ့အတူ တက်ရောက်သင်ကြားနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပညာတော်သင်တွေဟာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး အင်မတန်မှ အားကိုးရတယ်ကွ။ အချို့သော သဘောတရားတွေကို သူတို့တွေဆီကနေ မေးမြန်းဆည်းပူး မှတ်သားကြရတယ်။ အချို့တွေဆိုရင် နိုင်ငံရပ်ခြားမှာ သံတမန်တွေအဖြစ် ၂ ကြိမ်လောက်ထိ တာဝန်ထမ်းဆောင် ဖူးသူတွေ ဖြစ်ကြတယ်။ သူတို့ပြန်ပြောပြတဲ့ အတွေ့အကြုံတွေကို နားထောင်ခွင့်ရတာဟာ အင်မတန်မှ ကုသိုယ်ထူးသလို စိတ်ဝင်စားစရာလည်း ကောင်းလှတယ်။ အခြားနိုင်ငံတွေက လာတက်ကြတဲ့ ကျောင်းသားအများစုကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန်တွေ ဖြစ်ကြတာမို့ စာသင်ခန်းထဲမှာ သူတို့တွေ ဆွေးနွေးကြတဲ့အခါ ငါတို့အတွက် မတူညီတဲ့ ဗဟုသုတ၊ အတွေးအမြင်၊ အတွေ့အကြုံတွေ ရရှိစေတယ်။ ငါတို့ ပထမနှစ် ကျောင်းသားတွေအတွက် ကံကောင်းခဲ့တာ တစ်ခုကတော့ ဒုတိယနှစ် ကျောင်းသားကြီးအချို့နဲ့အတူ ဒီဘာသာရပ်ကို သင်ကြားလေ့လာခွင့် ရရှိခဲ့တာပဲကွ။ သူတို့တွေဟာ အင်မတန်မှ ကြိုးစားကြသလို၊ နှံ့နှံ့စပ်စပ်လည်း လေ့လာသိမြင်ထားကြတယ်ကွ။ စာသင်ခန်းထဲမှာလည်း ဦးဆောင်ဆွေးနွေးသူတွေ ဖြစ်ကြပြီးတော့ စာသင်ခန်းပြင်ပမှာ ငါတို့တွေ မရှင်းလင်း၊ နားမလည်တာတွေကို ပြန်လည်ကူညီ ရှင်းပြနိုင်ကြသူတွေလည်း ဖြစ်ကြတယ်။ သူတို့တွေရဲ့ တက်ကြွမှု၊ ကြိုးစားမှု၊ လိုချင်စိတ်ရှိမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်မှု၊ ရိုင်းပင်းကူညီတတ်မှု စတာတွေကို ငါတို့တွေ အတုယူ အားကျခွင့် ရခဲ့ကြတယ်။ ငါများ မင်းတို့နဲ့အတူ တက်ရောက်ခွင့်ရခဲ့ရင် အဲဒီလိုမျိုး စံပြဖြစ်အောင် နေနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်ဝင် သံသယဖြစ်မိတယ်ကွာ။

ဒီဘာသာရပ်ကို သင်ကြားပို့ချသူက ပါမောက္ခ မျိုး ဖြစ်တယ်။ သူ့အကြောင်းကို ရှေ့ကစာတွေမှာ အကျယ်တ၀င့် ပြောပြီးသားမို့ အထူးအထွေ ထပ်ပြောစရာ မရှိပါဘူး။ နိုင်ငံတစ်ခုနဲ့တစ်ခု သံတမန်တွေ ဘာဖြစ်လို့ အပြန်အလှန် စေလွှတ်ရသလဲ ဆိုတာကနေ ပထ၀ီနိုင်ငံရေးအဆုံး အကြောင်းအရာပေါင်းစုံကို စိတ်ဝင်စားအောင် သင်ကြားပို့ချနိုင်တယ်။ အထူးသဖြင့် ဒီဘာသာရပ်အတွက် အပတ်စဉ်ဖတ်ရှုရအောင် သူသတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေဟာ ငါတို့ကို ဦးနှောက်မုန်တိုင်းဆင်တယ်ကွ။ မင်းဟာမင်း အင်္ဂလိပ်စာကို မိုးပျံအောင် ကျွမ်းကျင်နေပါစေ ဒီနယ်ပယ်၊ ဒီသဘောတရားတွေနဲ့ မယဉ်ပါးဘူးဆိုရင်၊ ယှဉ်တွဲမကြည့်ဘူးဆိုရင်တော့ အဲဒီဆောင်းပါးတွေက ပေးချင်တဲ့ သတင်းစကား (သို့မဟုတ်) အာဘော်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ ငါ့အတွက်ကတော့ အချို့ဆောင်းပါးတွေဆိုရင် ပါမောက္ခ မျိုး အတန်းထဲမှာ ပြန်ရှင်းပြမှ သူတို့ရဲ့ ဆိုလိုရင်းအာဘော်ကို သဘောပေါက်တယ်ကွ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဆရာမျိုးကို အကြံပြုခဲ့ဖူးတယ်။ ငါတို့တွေက နားမလည်သေးတဲ့၊ မသင်ကြားရသေးတဲ့ အကြောင်းအရာတွေကို ကြိုတင်ပြီး စာဖတ်နေရသလို ဖြစ်နေတဲ့အတွက် ကျောင်းသားတွေအတွက် ခက်ခဲမှု ရှိသလားလို့ပါ။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်တော့လည်း သူ့လက်ချာကို နားထောင်ပြီးမှသာ ငါတို့အနေနဲ့ ဆောင်းပါးတွေကို ဖတ်မယ်ဆိုရင် သူရှင်းပြတဲ့အချိန်မှာ ဆောင်းပါးထဲက အချက်တွေကို ချိတ်ဆက်မိသွားတာမျိုး ဖြစ်ပါ့မလားလို့လည်း သံသယဖြစ်မိတယ်။ ငါပြောတာ ရှုပ်သွားတယ် ထင်ပါရဲ့။ မင်းနားလည်အောင် ပြောပြရရင်ကွာ... အပတ်စဉ်အလိုက် ဖတ်ရှုလေ့လာရမယ့် ဆောင်းပါးတွေကို ကြိုတင်သတ်မှတ် ပေးထားတယ်ဆိုတာ အရင်စာတွေထဲမှာ ငါပြောခဲ့ပြီးသားမို့ မင်းသိပြီး ဖြစ်လိမ့်မယ်ထင်တယ်။ တစ်ဆက်တည်းပဲ အပတ်စဉ်အလိုက် ဘယ်သူက ဘယ်ဆောင်းပါးကို ပါဝါပွိုင့် တင်ပြရမယ်ဆိုတာကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်တယ်။ အဲဒီတော့ ကျောင်းသားတိုင်းဟာ အိမ်စာသတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေ အကုန်လုံးကို ဖတ်ရှုလာဖို့ လိုအပ်တယ်။ ပါဝါပွိုင့်တင်ပြဖို့ တာဝန်ကျတဲ့ ကျောင်းသားကတော့ ဆောင်းပါးအကုန်လုံးကို ဖတ်ဖို့လိုတဲ့အပြင်၊ သူတာဝန်ကျတဲ့ ဆောင်းပါးအတွက်လည်း ပါဝါပွိုင့် ပြင်ဆင်လာဖို့ လိုအပ်တယ်။ အဲဒီအပတ်မှာ သင်မယ့်အကြောင်းအရာက "စစ်အေးကာလ သံခင်းတမန်ခင်း" (Diplomacy in Cold War) ဆိုကြပါစို့။ ငါတို့တွေက အဲဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့၊ သတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေကို ကြိုတင်ဖတ်ရှုကြရတယ်။ ပါဝါပွိုင့်ပြင်သူကလည်း ငါတို့လိုပဲ ဆောင်းပါးကို ကြိုတင်ဖတ်ရှုပြီး ဆွေးနွေးပြောကြားဖို့ ပြင်ဆင်လာရတယ်။ စာသင်ခန်းထဲ ရောက်တဲ့အချိန်ကျတော့ ပထမအချိန်မှာ စစ်အေးကာလ သံခင်းတမန်ခင်းနဲ့ ပတ်သက်တဲ့ လက်ချာကို ပါမောက္ခက ပို့ချတယ်။ အဲဒီအချိန်ကျတော့မှ ငါတို့တွေက စစ်အေးကာလ သံခင်းတမန်ခင်းနဲ့ ပတ်သက်ပြီးတော့ ဇာတ်ရည်လည်တယ်။ ဘယ်လိုသမိုင်းကြောင်းတွေ ရှိခဲ့ဖူးတယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ အပြန်အလှန် ထိန်းညှိခဲ့ကြဖူးတယ်၊ လူလည်ကျခဲ့ကြဖူးတယ် ဆိုတာတွေကို သိလာရတယ်။ အဲဒီအချိန်ကျတော့မှ ငါတို့ဆောင်းပါးထဲက ဘယ်အကြောင်းအရာက ဘယ်လိုဆိုတာကို သေသေချာချာ နားလည်သဘောပေါက်တာကွ။ အဲဒီတော့ ငါအပေါ်မှာ ပြောခဲ့သလို သင်ပြီးမှ ဆောင်းပါးတွေ ဖတ်သင့်သလား၊ အဲဒါတွေဖတ်ပြီးမှ သင်တာက ပိုကောင်းသလား ဆိုတာကို ငါတော့ဖြင့် မပြောတတ်တော့ပါဘူးကွာ။

ကဲ... အခုတော့ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး သင်တန်းကာလအတွင်း ရက်သတ္တပတ်အလိုက် ဘာတွေသင်ကြားပို့ချသလဲ ဆိုတာကိုလည်း မင်းသိအောင် ပြောပြရဦးမယ်။
  • Evolution of Diplomacy - from classical to modern age
  • Diplomacy during the Cold War
  • International Relations Theory and Diplomacy
  • Functions and Institutions of Diplomacy
  • Force and Diplomacy
  • Soft Power and Public Diplomacy
  • Transforming and Enlarging Diplomacy
  • Geopolitics and Resource Diplomacy
  • Intelligence Operations and Propaganda
  • Political Economy and Diplomacy

အခု ငါရေးပြခဲ့တဲ့ ခေါင်းစဉ်တွေဟာ အခြားလူတွေတော့ မသိဘူး၊ မင်းအတွက်တော့ စိတ်ဝင်စားစရာတွေချည်း ဖြစ်နေမယ်ဆိုတာ ငါသိတယ်။ မင်း နေ့စဉ်ဖတ်ရှုနေတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အပြင် မင်းရဲ့ အလုပ်ခွင်မှာလည်း မမြင်ချင်အဆုံး အမြဲတစေ မြင်နေတွေ့နေရတဲ့ အကြောင်းအရာတွေ မဟုတ်လား။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ဟိုးတစ်ချိန်က ငါစွဲစွဲလန်းလန်း နားထောင်ခဲ့ဖူးတဲ့ ဦးလေးကြီး ဦးဖေသန်းရဲ့ လေသံကို ငှားပြောရမယ်ဆိုရင်တော့... ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတုန်းက အမေရိကန်စစ်သင်္ဘောတွေ ရန်ကုန်မြို့နဲ့ မဝေးလှတဲ့ ပင်လယ်ပြင်ထဲမှာ ဘာဖြစ်လို့ လာကျောက်ချရတာလဲ... အရင်တုန်းက သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ကိုယ်စားလှယ်တွေနဲ့ ဆောင်ရွက်တာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ ခေါင်းဆောင်တွေချင်း ကိုယ်တိုင်စကားပြောလာကြတာ ကောင်းသလား၊ မကောင်းဘူးလား.... စစ်အေးကာလ ပြီးဆုံးသွားတာ ဘာကြောင့်လဲ.... ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ်အောက်မှာ ခိုနေပါလျက်နဲ့ အခုနောက်ပိုင်း စစ်ရေးအသုံးစရိတ်ကို ဘာဖြစ်လို့ ပိုသုံးလာရတာလဲ... ဆိုဗီယက်ပြည်ထောင်စု ဘာကြောင့် ပြိုကွဲသွားခဲ့ရတာလဲ.... သံတမန်တွေမှာ ဘယ်လိုအကြောင်းအရာတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်သတင်းပို့ဖို့ လိုအပ်သလဲ.... သံတမန်ကောင်းတစ်ဦး ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲ... အချို့သော နိုင်ငံသေးသေးလေးတွေဟာ သံခင်းတမန်ခင်း ကောင်းတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားနေရသလဲ... နိုင်ငံခြားရေးမူဝါဒနဲ့ သံခင်းတမန်ခင်း ဘာကွာသလဲ... သံခင်းတမန်ခင်းထဲမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေ ပါဝင်သလဲ.... အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုသံခင်းတမန်ခင်းကို ကျင့်သုံးနေသလဲ... နျူ ကလီးယားလက်နက်ဆိုတာ စက္ကူ ကျားပါပဲလို့ မော်စီတုန်းက ဘာကြောင့်ပြောခဲ့တာလဲ... နိုင်ငံတစ်ခုရဲ့ ကျောင်းသင်ခန်းစာသင်ရိုးကို ပြောင်းလဲခြင်းဟာ အဲဒီနိုင်ငံအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိသလဲ.... Soft Power ဆိုတာ ဘာလဲ၊ ဘယ်သူတွေ သုံးသလဲ... ၀ါဒဖြန့်ချိခြင်းဟာ သံခင်းတမန်ခင်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲ... ဟန်တင်တန်ရဲ့ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း (Clash of Civilization) ကို ပညာရှင်တွေက ဘယ်လိုဝေဖန်ကြသလဲ... အချက်အချာဒေသသီအိုရီ (Heartland Theory) ဆိုတာဘာလဲ... ခရိုင်းမီးယားဒေသကို ရုရှားက ဘာဖြစ်လို့ အသည်းအသန် လိုချင်နေတာလဲ.... စသဖြင့် စသဖြင့် ထွေရာလေးပါးကို သင်ကြားရမှာပါ။ (မေးခွန်းတစ်ခုပြီးတိုင်း ၀င်လာရမယ့် တီးလုံးသံလေးတော့ မင်းဘာသာမင်း စိတ်ထဲမှာပဲ ကြားယောင်လိုက်ပေါ့ကွာ)

စာသင်ကြားတဲ့ပုံစံကတော့ အရင်စာထဲမှာ ငါရေးခဲ့ဖူးတဲ့ ပါမောက္ခ မျိုး ရဲ့ စတိုင်လ်အတိုင်းပါပဲကွာ။ လက်ချာပေးမယ်၊ အနှစ်ချုပ်ရေးသားခြင်းလုပ်ရမယ်၊ ပါဝါပွိုင့် တင်ပြရမယ်၊ ဆွေးနွေးမေးမြန်းမယ်၊ သင်တန်းဆုံး စာမေးပွဲဖြေရမယ်၊ စာတမ်းငယ်တစ်စောင် ရေးသားတင်သွင်းရမယ်။ သူက ဆရာလည်းဖြစ်၊ ပညာရှင်လည်းဖြစ်ဆိုတော့ ငါတို့တွေကို တော်ရုံတန်ရုံ ဘယ်ကလာပြီး စိတ်တိုင်းကျလိမ့်မလဲကွာ... အဲဒီတော့ သူ့ဆီက အမှတ်တွေ အများကြီးရဖို့ မမျှော်လင့်ပါနဲ့။ တစ်ခါတလေတော့လည်း တောင်တွေးမြောက်တွေး လျှောက်တွေးမိတယ်ကွ။ အလကားပေးရတဲ့ အမှတ်ကိုတောင် ကပ်စေးနည်းနေလို့၊ ကျောင်းသားတွေကို အမြဲတမ်း စိတ်ညစ်အောင်လုပ်နေလို့ ငါတို့ဆရာ လူပျိုကြီးဘ၀က မကျွတ်နိုင်သေးတာများလားပေါ့။ သူငယ်ချင်း စာဖတ်ရင်းနဲ့ စိတ်ပျော်ရအောင် အပျော်သဘော ထည့်ရေးလိုက်တာပါ။ အဲဒီလို တကယ်လည်း ထင်မနေပါနဲ့ဦး။ ထင်မနေပါနဲ့ဦးဆိုတော့ ငါပြောခဲ့သမျှ ဟာသတွေချည်းလို့လည်း မအောက်မေ့နဲ့ကွ။ ဆရာမျိုးက အမှတ်ပေး ကပ်စေးနည်းတာတော့ တကယ်ကွ...။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လေသံလေးနဲ့ ပြောရမယ်ဆိုရင်တော့ ×× လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ် ××× ပေါ့ကွာ။ ငါ့စာကို ဒီနေရာမှာ ခေတ္တ နားပါရစေဦး။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၇)

သူငယ်ချင်း...၊
ဒီတစ်ခါတော့ "နိုင်ငံတကာအဖွဲ့အစည်းများ" (International Organizations) ဘာသာရပ်နဲ့ပတ်သက်ပြီး ပြောပြချင်မိတယ်။ သင်ကြားပို့ချသူကတော့ ပါမောက္ခ ကူမာဂအိ (Prof. Kumagai) ဖြစ်တယ်။ သူ့အကြောင်းကိုတော့ "နိုင်ငံတကာနိုင်ငံရေး" (International Politics) ဘာသာရပ်အကြောင်း ပြောပြစဉ်တုန်းက မိတ်ဆက်ပြောကြားခဲ့ပြီးဖြစ်လို့ မင်းအနေနဲ့ မှတ်မိလိမ့်မယ်၊ ရင်းနှီးနေလိမ့်မယ်လို့ ငါထင်တယ်။ ဒီနေ့ခေတ်အချိန်အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို ပြောပြဖို့မလိုအောင် မင်းသိပြီးသားမို့ ဇာချဲ့မနေချင်ပါဘူး။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံအကြောင်း ပြောကြပြီဟေ့ဆိုရင် IO တွေအကြောင်း ထည့်မပြောဘဲ နေလို့ကို မဖြစ်တော့ဘူးလို့ ဆိုရမယ်ထင်ပါရဲ့။ အဲဒီလိုဆိုတော့ အဲဒီအဖွဲ့အစည်းတွေအကြောင်း ငါတို့တွေအနေနဲ့ သေသေချာချာ၊ ရေရေရာရာ သိရှိနားလည်ဖို့ လိုအပ်တယ်မဟုတ်လား။ သူတို့ရဲ့ ဖွဲ့စည်းပုံကဘယ်လိုလဲ၊ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လိုရပ်တည်ဆောင်ရွက်နေသလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ၊ နောက်ကွယ်ကနေ ကူညီထောက်ပံ့နေတာ၊ ကြိုးကိုင်ခြယ်လှယ်နေတာ ရှိနေသလား၊ ဘယ်လိုအကြောင်းအရာမျိုးတွေမှာ အဲဒီအဖွဲ့အစည်းတွေက ပါဝင်ပတ်သက်ကြသလဲ၊ သူတို့နဲ့ အစိုးရတွေအကြား ဘယ်လိုဆက်ဆံဆောင်ရွက်ကြသလဲ၊ စသဖြင့် စသဖြင့်ပေါ့ကွာ။ ငါတို့ပါမောက္ခ ကိုယ်တိုင်က အဖွဲ့အစည်းတွေနဲ့ပတ်သက်ရင် စိတ်ဝင်စားသူ၊ ကျွမ်းကျင်သူဆိုတော့ ငါတို့တွေကို စိတ်ဝင်စားအောင် သင်ကြားပေးနိုင်ရုံမဟုတ်ဘူး၊ ငါတို့သိချင်တဲ့ မေးခွန်းတွေကိုလည်း ကျေနပ်လောက်အောင် ပြန်လည်ဆွေးနွေးပေးနိုင်တယ်ကွ။

သင်တန်းကာလအတွင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ငါတို့တွေ သင်ကြားရတဲ့ အကြောင်းအရာတွေကို ကြည့်ကြရအောင်ကွာ...။
  • Changing World Politics, Global Governance, and International Organizations: Historical Context of International Organizations
  • Anarchy and Collective Action - Why do states cooperate? (Part I. Functionalism, Neo-Functionalism, Rationalist Institutionalism)
  • Why do states cooperate? (Part II. Idea, Power, and Institutions)
  • Regionalism and Processes of IOs (Program development, Monitoring, Evaluation; Finalcial management; Human Resources)
  • The performance of International Organizations Part 1 (Collective Security, Peacekeeping Operations)
  • The performance of International Organizations Part 2
  • The performance of International Organizations Part 3 (Economic development, International Aid, International Financial Stability)
  • The performance of International Organizations Part 4 (Free trade - the World Trade Organization)
  • Non-Governmental Organizations and Transnational Relations

သင်ကြားပုံနည်းစနစ်ကတော့ နိုင်ငံတကာနိုင်ငံရေးဘာသာရပ်အကြောင်း ပြောပြတုန်းက ရှင်းပြခဲ့တဲ့ ပုံစံအတိုင်းပါပဲကွာ။ အိမ်စာဖတ်ဖို့အတွက် ဆောင်းပါးတွေ၊ စာအုပ်တွေ သတ်မှတ်ပေးမယ်။ စာသင်ခန်းမှာ လက်ချာပေးမယ်၊ အလျဉ်းသင့်သလို မေးခွန်းမေးမယ်၊ တစ်ခါတလေ ဆရာမက သူကြိုတင်ပြုစုလာတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ကိုယ့်အမြင်တွေကို စာရွက်ပေါ်မှာ စိတ်ကြိုက်ရေးဖြေခိုင်းတယ်။ သင်တန်းလယ် စာမေးပွဲဖြေရမယ်၊ သင်တန်းဆုံး စာမေးပွဲဖြေရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအကြောင်း ကျောင်းသား ၃ ဦး၊ သို့မဟုတ် ၄ ဦးပါဝင်တဲ့ အဖွဲ့လိုက် ပါဝါပွိုင့်တစ်ခု တင်ပြဖို့လိုအပ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတစ်ခုကို တင်ပြနိုင်သလို၊ ကိုယ့်ဘာသာကိုယ် မရွေးချယ်တတ်ဘူး ဖြစ်နေရင်တော့ ဆရာမက သတ်မှတ်ပေးတဲ့ အဖွဲ့တွေထဲမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ န၀မမြောက် ရက်သတ္တပတ်မှာ ဂျပန်တပ်ဖွဲ့တွေကို ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်တွေဆီ စေလွှတ်ထားရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး အခြားတက္ကသိုလ်တစ်ခုက ပြင်ပပါမောက္ခတစ်ဦးကို ဖိတ်ခေါ်ပြီး အထူးသင်ခန်းစာ ဆွေးနွေးပို့ချမှုတစ်ကြိမ် ပြုလုပ်ပေးတယ်။ ယေဘုယျ ပြောရမယ်ဆိုရင်တော့ ဒီဘာသာရပ်ဟာ အခန်းတွင်း ဆွေးနွေးငြင်းခုန်မှုတွေနဲ့ အမြဲတစေ အသက်ဝင်နေလေ့ရှိတယ်။ ငါတို့တွေနဲ့ သိပ်မစိမ်းလှသလို၊ ပြောစရာတွေကလည်း အများသား မဟုတ်လား။ နိုင်ငံစုံကလာကြတဲ့ ကျောင်းသားတွေရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အမြင်တွေကလည်း မတူညီကြဘူးကွ။ တစ်ယောက်တစ်မျိုးစီ စိတ်ဝင်စားစရာချည်းပဲ။ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးငြင်းခုန်ကြ၊ မကျေလည်ရင် ဆရာမကို မေးမြန်းကြ စသဖြင့်ပေါ့ကွာ။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းသလို ငါတို့တွေ တကယ့်ကို လေ့လာသိရှိထားသင့်တဲ့ အကြောင်းအရာတွေပါပဲ။

အထူးသဖြင့် ဒီဘာသာရပ်မှာ ကုလသမဂ္ဂနဲ့ပတ်သက်ပြီး အတော်လေးကို သိရှိလေ့လာခွင့်ရခဲ့တယ်ကွ။ UN ရဲ့ ဖွဲ့စည်းပုံ၊ သူ့လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ သူတို့ရဲ့ လုပ်ငန်းလည်ပတ်ပုံ၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ချီးကျူးစရာ၊ ဝေဖန်စရာ၊ စသဖြင့် အစုံအလင်ပါပဲကွာ။ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွေ ဘယ်လိုစေလွှတ်သလဲ၊ စေလွှတ်ဖို့အတွက် ဘယ်လိုဆုံးဖြတ်ရသလဲ၊ တပ်ဖွဲ့ဝင်တွေကို ဘယ်လိုစုစည်းရသလဲ၊ ဘယ်သူကခေါင်းဆောင်သလဲ စတာတွေပါသလို လက်ရှိအချိန်မှာ လူပြောသူပြောခံနေရတဲ့ လုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့လည်း မလွတ်ဘူးကွ။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအကြောင်းလည်း လေ့လာသင်ကြားရတာပါပဲ။ နောက်... ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့အလုပ်သမားသမဂ္ဂ၊ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၊ ဥရောပသမဂ္ဂ၊ စတဲ့ အဖွဲ့အစည်းတွေ အကြောင်းလည်း လေ့လာကြရတယ်။ IMF နဲ့ World Bank က ဘယ်လိုနိုင်ငံတွေကို အကူအညီပေးသလဲ၊ အဲဒီအဖွဲ့အစည်းတွေကို ဘယ်သူကထောက်ပံ့နေသလဲ၊ သူတို့တွေဟာ ဘယ်သူ့အလိုကျ ကပြနေကြတာလဲ၊ WTO ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလား စတဲ့အကြောင်းအရာတွေကိုလည်း ငါတို့တွေ နားထောင်၊ မှတ်သား၊ လေ့လာ၊ မေးမြန်း၊ ဆွေးနွေးခွင့် ရခဲ့ကြတယ်။ ငါတို့အတွက် အကျိုးရှိတဲ့၊ အသုံးဝင်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်လို့ ဆိုပါရစေကွာ။

မင်းဆီကို ငါရေးခဲ့တဲ့စာတွေ အတော်များလာသလို အချိန်တွေလည်း ကုန်မှန်းမသိ ကုန်လွန်လာလိုက်တာ မင်းတို့တွေ ငါတို့တက္ကသိုလ်ကို ရောက်လာမယ့်အချိန်တောင် သိပ်မလိုတော့ဘူးလို့ အခုမှ သတိပြုမိတယ်။ ငါတို့တက္ကသိုလ်အကြောင်း သိချင်တဲ့အတွက် မင်းဆီကို စာရေးဖို့ တောင်းဆိုခဲ့တဲ့အတွက် မင်းကို ငါတကယ် ကျေးဇူးတင်တယ်ကွာ။ မင်းဆီကို စာတွေရေးရင်းနဲ့ ငါဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလတွေကို ပြန်တွေးမိပြီး လွမ်းဆွတ်ရတယ်။ အချို့ဟာတွေကို ပြန်တွေးမိပြီး သင်ခန်းစာယူရတယ်။ အခုစာတွေ ရေးနေရင်းနဲ့ ဒီဘ၀တွေကို ငါကျော်ဖြတ်နိုင်ခဲ့ပြီးပါရော ဆိုပြီးတော့လည်း အံ့သြမိတယ်။ ငါ့စိတ်ထဲမှာ မနေ့တစ်နေ့ကမှ ဒီတက္ကသိုလ်ကို မအူမလည်နဲ့ ရောက်လာသလိုမျိုး ခံစားနေမိသေးတယ်။ တစ်နှစ်တာကာလဆိုတာ ကုန်လွန်သွားတော့လည်း မြန်လိုက်တာကွာ။ ကုန်လွန်သွားတဲ့ အချိန်တွေနဲ့ထပ်တူ ငါ့အတွက် ရသင့်ရထိုက်တဲ့ အသိပညာ ဗဟုသုတ အတွေ့အကြုံ ရခဲ့တယ်လို့ ငါ့ကိုယ်ငါ ယုံကြည်တယ်။ မကြာခင် တွေ့ကြမယ် သူငယ်ချင်း...။ အခုတော့ ငါ့စာကို နားပါရစေဦး။
(Ichiro Nyanmyokyaw)