Friday, 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၈)

သူငယ်ချင်း...၊
နေ့စဉ်နဲ့အမျှ ဘာသာစကားမျိုးစုံနဲ့ ထွက်ရှိ/ထုတ်ဝေနေကြတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို ဖတ်တဲ့အခါ မင်းတို့၊ ငါတို့ ဖတ်ရှုကြရတဲ့ သတင်းတွေရဲ့ ရာခိုင်နှုန်းအများစုဟာ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေ ဖြစ်တယ်ဆိုတာကို မင်းအနေနဲ့ သတိထားမိမလားပဲ။ တစ်ဦးချင်းစီရဲ့ လုံခြုံရေးမှသည် ကမ္ဘာ့လုံခြုံရေးအထိ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားတွေဆိုတာ ငါတို့တွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ မဟုတ်လား။ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အထိ အလေးထားပြီး လုပ်ဆောင်နေကြတယ်၊ အကုန်အကျခံနေကြတယ်ဆိုတာ မင်းအသိပဲ မဟုတ်လား။ အမေရိကန်တွေရဲ့ အယူအဆအရ လုံခြုံမှုကို ခြိမ်းခြောက်နိုင်တာ ၃ ခု ရှိသတဲ့။ ပြည်တွင်းခြိမ်းခြောက်မှု၊ ပြည်ပခြိမ်းခြောက်မှုနဲ့ ပြည်တွင်းခြိမ်းခြောက်မှုအပေါ် ပြည်ပက အကူအညီပေးတဲ့ တစ်ဆင့်ခံခြိမ်းခြောက်မှုတို့ ဖြစ်ကြတယ်။ ဒီနေရာမှာ ငါတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယရဲ့ အယူအဆကတော့ ထူးခြားတယ်ကွ။ အိန္ဒိယနိုင်ငံက သူ့လုံခြုံရေးအပေါ် ခြိမ်းခြောက်နေတဲ့ ပြည်တွင်းရန်သူ မရှိဘူးလို့ ယူဆတယ်။ ကက်ရှ်မီးယားကို ပြည်တွင်းခြိမ်းခြောက်မှုလို့ လက်ခံပေမယ့် ပြည်ပ (ပါကစ္စတန်)က လှုံ့ဆော်တဲ့ တစ်ဆင့်ခံစစ်ပွဲလို့ ယုံကြည်ကြတယ်တဲ့။ ဒီနေရာမှာ ငါတို့ရဲ့ ပါမောက္ခ ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်ပြောပြချင်တယ်။ ဒီနေ့ခေတ်ကာလမှာ လုံခြုံရေးဆိုတာဟာ စစ်တပ်တစ်ခုတည်းနဲ့ သက်ဆိုင်တဲ့အရာလို့ မှတ်ယူလို့ မရတော့ဘဲ အဲဒီသဘောတရားဟာ အရမ်းကို ကျယ်ပြန့်လာနေပြီတဲ့။ ငါတို့အနေနဲ့ သာမန်အမြင်နဲ့ပဲ မြင်ခဲ့၊ ဖတ်ခဲ့ကြတဲ့ နိုင်ငံသားခံယူခွင့်ပြုခြင်း ဆိုတာမျိုးဟာလည်း ကိုယ့်နိုင်ငံကို သစ္စာခံအောင်လုပ်နိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုဆိုပဲကွ။ ဒါ့အပြင် နိုင်ငံအလိုက် လုံခြုံရေးနဲ့ပတ်သက်တဲ့ အမြင်တွေကလည်း မတူညီကြဘူးတဲ့။ ဥပမာ... ကနေဒါနိုင်ငံရဲ့ လုံခြုံရေးဆိုတာဟာ ပြည်သူတွေကို ကာကွယ်ပေးဖို့တဲ့။ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဆိုတာကတော့ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးနိုင်ဖို့တဲ့ကွ။ စိတ်ဝင်စားစရာတွေပါကွာ...။ ဒီနေ့အချိန်အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောလာနေကြတဲ့ Human Security (လူသားမျိုးနွယ်လုံခြုံရေး) နဲ့ ပတ်သက်လို့လည်း တစ်စိတ်တစ်ပိုင်း သင်ယူလေ့လာကြရတယ်။ လုံခြုံရေးလို့ ပြောလိုက်တာနဲ့ ငါတို့တွေအများစုက အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ အလွယ်မြင်တတ်ကြတယ်။ မမှားဘူးဆိုပေမယ့် အပြည့်အ၀ မမှန်ဘူးလို့ ပြောရမယ်။ အစိုးရရဲ့ လုပ်ဆောင်မှုနဲ့အတူ တစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တွေးမိတယ်။ ၁၉၅၇ ခုနှစ်လောက်က စတင်ခဲ့တဲ့ အယူအဆတစ်ရပ်ဖြစ်တဲ့ လုံခြုံရေးအသိုက်အ၀န်းစနစ်နဲ့ ပတ်သက်လို့လည်း နားထောင်ရတာ လေ့လာရတာ ဗဟုသုတရသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါ့အပြင် နေတိုးအဖွဲ့ရဲ့ "မ" သုံးလုံး မူဝါဒ (3 No Policy)၊ နစ်ဆင်ရှော့(ခ) (Nixon Shock)၊ စုပေါင်းလုံခြုံရေးစနစ် (Collective Security)၊ စုပေါင်းကာကွယ်ရေးစနစ် (Collective Defence)၊ ပူးပေါင်းဆောင်ရွက်သော လုံခြုံရေးစနစ် (Cooperative Security)၊ လုံခြုံရေးအသိုက်အ၀န်းစနစ် (Security Community) စတဲ့ အကြောင်းအရာတွေကိုလည်း မြည်းစမ်းခွင့်ရခဲ့တယ်။

အိုး.. ဟုတ်ပါရဲ့၊ ငါကလည်း ပြောကောင်းကောင်းနဲ့ ပြောနေလိုက်တာ ဖတ်ရတဲ့မင်းအဖို့ ဘာတွေရေးနေပါလိမ့်ဆိုပြီး ဖြစ်နေရောပေါ့။ မယူမဖြစ် ဘာသာရပ် ၈ ခုထဲက ပြောဖို့ကျန်နေတဲ့ နောက်ဆုံးတစ်ခုဖြစ်တဲ့ "နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ" (Security and Strategy in International Relations) ဆိုတဲ့ ဘာသာရပ်မှာ ငါတို့သင်ခဲ့ လေ့လာခဲ့ရတဲ့ အကြောင်းတွေကို ပြောပြနေမိတာပါကွာ။ သင်ကြားပို့ချပေးသူက ပါမောက္ခ မျိုး (Prof. Myoe) ဖြစ်တယ်။ သူစာသင်ကြားတဲ့ ပုံစံတွေ၊ သင်ကြားနည်းစနစ်တွေ၊ အမှတ်ပေးပုံတွေကို သူသင်ကြားတဲ့ အခြားဘာသာရပ်တွေမှာ ပြောပြထားပြီးသားမို့ ဒီနေရာမှာ အထူးအထွေ ထပ်ပြောဖို့ မလိုဘူးလို့ ငါယုံကြည်တယ်။ အခြားလူတွေရဲ့ အမြင်အယူအဆကို ငါမသိပေမယ့် ငါ့အတွက်ကတော့ ပါမောက္ခ မျိုး နဲ့ ဒီဘာသာရပ်ဟာ တစ်သားတည်းအကျဆုံးလို့ မြင်မိတယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး သူသင်ကြားပို့ချတာ ကောင်းပါတယ်။ သံခင်းတမန်ခင်းအကြောင်း သင်ကြားတော့လည်း စိတ်ဝင်စားအောင် သင်နိုင်တာပါပဲ။ ဒါပေမယ့် ဒီဘာသာရပ်မှာတော့ စာသင်ခန်းထဲက ငါတို့ရှေ့မှာ ဆွန်ဇုကိုယ်တိုင် လာပို့ချနေသလို၊ ကောလင်းပါဝဲ(လ)ကိုယ်တိုင် လာဟောပြောနေသလို၊ မောင့်ဂိုမာရီကိုယ်တိုင် အတွေ့အကြုံတွေ ပြန်ပြောင်းပြောပြနေသလို၊ ကလော့ဝစ်(ဇ)ကိုယ်တိုင် သင်ပုန်းပေါ်မှာ အယူအဆတွေချရေးပြီး လက်ချာပေးနေသလို ထင်မိလောက်အောင် တစ်သားတည်း ကျလွန်းလှတယ်ကွာ။ ပြီးခဲ့တဲ့နှစ် ဒီဘာသာရပ်တွေ သင်တဲ့အချိန်မှာသာ မင်းဆီကို ဒီလိုမျိုးတွေ ရေးခဲ့ရင် မင်းအနေနဲ့ ငါ့အပေါ် အံ့သြတကြီးနဲ့ အမြင်တွေဘာတွေစောင်းပြီး တောင်တွေးမြောက်တွေးတွေတောင် တွေးမိနိုင်တယ်။ ငါလည်း အဲဒီအချိန်တုန်းကဆိုရင် အခုလို ရေးဖြစ်ချင်မှ ရေးဖြစ်မှာပါကွာ။ အခုတော့ လိပ်ပြာသန့်သန့် ရေးရဲပါပြီ။ နောက်စာသင်နှစ်မှာ ပါမောက္ခ မျိုး ရဲ့ ဘယ်ဘာသာရပ်ကိုမျှ ငါ့အတွက် မှတ်ပုံတင်စရာ၊ တက်စရာ မရှိတော့ပါဘူးကွာ။ ပြီးခဲ့တဲ့ စာသင်နှစ်မှာ ပါမောက္ခမျိုးရဲ့ အတန်း ၄ ခုကို ငါတက်ခဲ့ရတယ်။ အဲဒီအထဲမှာ ဒီဘာသာရပ်အတန်းကို ငါသဘောအကျဆုံးပဲ။ စာသင်နေရတယ်လို့တောင် မထင်မိဘူး။ ငါ့အမြင်တော့ သူကိုယ်တိုင်လည်း ဒီဘာသာရပ်ကို ပို့ချဆွေးနွေးရတာ အာရုံအရဆုံး ဖြစ်မယ်ထင်မိပါရဲ့။ ဆရာနဲ့ ကြုံမှပဲ အဲဒီမေးခွန်းကို မေးကြည့်ရဦးမယ်။

ဒီဘာသာရပ်မှာ အပိုင်း ၂ ပိုင်း ပါဝင်တယ်။ တစ်ခုက လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ နောက်တစ်ခုက မဟာဗျူဟာနဲ့ ပတ်သက်တာတွေ။ အဲဒီလိုဆိုတဲ့အတွက် သီးခြားစီ အကြောင်းအရာတွေလို့ မထင်မှတ်စေလိုဘူး။ သူ့ဟာနဲ့သူ ဆက်နွှယ်နေကြတာပါပဲလေ။ မဟာဗျူဟာနဲ့ ပတ်သက်လို့ ငါတို့လေ့လာ သင်ယူရတဲ့အထဲမှာ အစ္စရေးနိုင်ငံဟာ ဘာဖြစ်လို့ အမြဲတစေ စစ်တိုက်ချင်နေရတာလဲ၊ မြန်မာက ထိုင်းကို ရန်သူအဖြစ် အမြဲတမ်း ဘာလို့မြင်နေရတာလဲ၊ အမေရိကန်က ဘာဖြစ်လို့ အမြဲတမ်း use of force သုံးရတာလဲ စတဲ့ အကြောင်းအရာတွေဟာ ဖတ်ကြည့်တာနဲ့တောင် ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းသလဲကွာ။ မင်းကိုယ်တိုင်လည်း ဒီရောက်တဲ့အခါ မဖြစ်မနေ သင်ယူရမှာမို့ ဋီကာချဲ့ပြီး တစ်ထောင့်တစ်ည ပြောမနေတော့ပါဘူးကွာ။ အဲဒီဘာသာရပ်နဲ့ သက်ဆိုင်ပြီး ရက်သတ္တပတ်အလိုက် ဆွေးနွေးပို့ချတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ပါဦး။

  • Introduction to Security and Strategy
  • Military Security in International Relations
  • Strategy and Principles of War
  • Evolution of Strategic Thoughts and Modern Warfare
  • Technology and Warfare: Revolutions in Military Affairs
  • Effect-Based Operation and Network-Centric Warfare
  • Asymmetric Warfare and 4th Generation Warfare
  • Insurgency and Counter-Insurgency Strategy
  • Air Power Theories and Air Operations
  • Sea Power and Naval Warfare in the 21st Century

ဒီလောက်ဆိုရင် ဒီဘာသာရပ်ကို ဘာကြောင့် ငါစိတ်ဝင်စားရသလဲ မင်းသဘောပေါက်လောက်ပြီ ထင်ပါရဲ့။ အကြောင်းအရာအားလုံးဟာ ဒီနေ့ခေတ်ကာလမှာ နိုင်ငံတိုင်း၊ အစိုးရတိုင်းက အလေးထားပြီး စဉ်းစားပြောဆိုနေကြရတဲ့ ကိစ္စရပ်တွေ မဟုတ်လား။ သြော်... နောက်တစ်ခုက ဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မင်းအနေနဲ့ ပါမောက္ခနဲ့အတူ ကြည့်ခွင့်ရဦးမယ်ကွ။ ငါတို့ကြည့်ဖူးပြီးသားတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်းက ဖျော်ဖြေရေးအနေနဲ့ ကြည့်ခဲ့ကြတာ။ အခုဟာက အတန်းထဲမှာ ပါမောက္ခရယ်၊ အခြားသော အတန်းဖော်ကျောင်းသားတွေရယ်နဲ့ ဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတွေကို သင်ခန်းစာတွေနဲ့ ချိန်ထိုးဖို့ ကြည့်ကြရတာ။ အခွင့်အရေးပေးရင်၊ ကံကောင်းရင်တော့ မင်းအနေနဲ့ ၂ ကြိမ်လောက် ကြည့်ခွင့်ရမယ် ထင်ပါရဲ့။ စာသင်ချိန်မှာမဟုတ်ဘဲ ညဘက်မှာ အချိန်ပိုခေါ်ပြီး သွားကြည့်ရတာ တစ်ခုကတော့ ကိုယ်ပိုင်ချိန်ကို အထိမခံ သည်းသည်းလှုပ်သူတွေအတွက် စိတ်ညစ်စရာပေါ့။ တစ်ခုပျော်စရာကတော့ အဲဒီလို ရုပ်ရှင်ကြည့်တဲ့ အချိန်တိုင်းမှာ ငါတို့ရဲ့ လူပျိုပါမောက္ခကြီးက အအေးတွေ၊ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ မုန့်တွေ စီစဉ်ပေးတာပါပဲ။ တကယ့်ကို ပျော်စရာကြီးပါကွာ။ ဥပမာ... Tora! Tora! Tora! ဇာတ်ကားဆိုပါတော့။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတဲ့ အဲဒီဇာတ်ကားကို မင်းရော ငါရော ကြည့်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ဘယ်တုန်းကမျှ လုံခြုံရေးအမြင်၊ မဟာဗျူဟာအမြင်နဲ့ မကြည့်ခဲ့ပါဘူးကွာ။ အခုလောလောဆယ်တော့ ဒီလောက်ပဲ အမြည်းပေးပါရစေ...။

မင်း သိပ်ပြီးတော့ သဘောကျလေးစားတဲ့ တရုတ်က စစ်ပညာရှင်ကြီး ဆွန်ဇုရဲ့ သီအိုရီတွေ၊ ဒဿ     နတွေကိုလည်း မင်းလေ့လာသင်ယူရမယ်။ မင်းအားကျပါတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲ(လ)ရဲ့ မဟာဗျူဟာ အမြင်တွေကိုလည်း လေ့လာမှတ်သားရမယ်။ မင်း အမြဲတမ်း ဖတ်နေတဲ့ အမေရိကန် FM စာစောင်တွေထဲက ဆောင်းပါးတွေကိုလည်း ဖတ်ရှု၊ ဝေဖန်၊ ဆွေးနွေး၊ အနှစ်ချုပ်ရေးသား လုပ်ရဦးမယ်။ မင်းစိတ်ဝင်စားတယ်ဆိုတဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ သဘောတရားတွေကိုလည်း တ၀ကြီး နားထောင်မှတ်သား လေ့လာသင်ယူခွင့် ရလိမ့်မယ်။ ကဲ... နိဂုံးချုပ်အနေနဲ့ အခုတလော ငါတို့နိုင်ငံမှာ နာမည်ကြီးနေတဲ့ ဖုန်းလိုင်းကြော်ငြာတစ်ခုရဲ့ စာသားတစ်ပိုင်းတစ်စကို ယူသုံးပြီး ပြောရမယ်ဆိုရင်တော့ "အိုင်ယူဂျေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဘာသာရပ်တွေ ရှိနေပါပြီ။ မင်းကို ကြိုဆိုနေပါတယ်" ပေါ့ကွာ။ ရွှင်လန်းချမ်းမြေ့ပါစေ။

Last Edited: 12 August 2014, 11:41 am
( Ichiro Nyamyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၉)

သူငယ်ချင်း...၊
မယူမဖြစ် ယူရမယ့် ဘာသာရပ် ၈ ခု အကြောင်း ငါပြောပြီးပြီဖြစ်လို့ မင်းအနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို မဖြစ်မနေ လေ့လာသင်ယူရမယ်၊ ဘယ်လိုစာအုပ်စာတမ်းတွေ ဖတ်ရှုလေ့လာရမယ်ဆိုတာ အတန်အသင့် ဆ၀ါးနိုင်လိမ့်မယ်လို့ ငါထင်ပါတယ်။ အင်္ဂလိပ်စာရော၊ အိုင်တီပါ ကျွမ်းကျင်တဲ့ မင်းအတွက် ဒီနေ့လို ခေတ်ကြီးထဲမှာ ဘာစာအုပ်စာတမ်းမျှ အထူးအထွေ ယူဆောင်လာဖို့ လိုအပ်လိမ့်မယ်လို့ ငါမထင်ပါဘူး။ ငါတို့ရဲ့ အိုင်ယူဂျေ စာကြည့်တိုက်ကြီးရယ်၊ အင်တာနက်ရယ်၊ ပါမောက္ခတွေ သတ်မှတ်ပေးတဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေရယ်နဲ့တင် သက်ဆိုင်ရာ ဘာသာရပ်တွေကို အခက်အခဲမရှိ အဆင်ပြေပြေ လေ့လာသင်ယူနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ဘာသာရပ်အကြောင်းတွေကို ဆက်တိုက်ဆိုသလို ပြောခဲ့လေတော့ မင်းအတွက် လေးလေးပင်ပင်တွေဖြစ်ပြီး ငါ့စာတွေကို စိတ်ညစ်နေမလားလို့တောင် တွေးပူမိသေးတယ်။ ဒါပေမယ့် မနေ့က မင်းပို့လိုက်တဲ့ အီးမေးလ်ကို ဖတ်ရတဲ့ အချိန်ကျတော့မှ ငါတို့သင်ကြားရတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး သိခွင့်ရတာ၊ ကြိုတင်လေ့လာခွင့် ရတာကို မင်းအနေနဲ့ စိတ်ဝင်စားတယ်၊ ကျေနပ်မိတယ်ဆိုလို့ ၀မ်းသာရပါတယ်။ အစကတော့ ဒီစာမှာ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် ဘာသာရပ်အကြောင်းတွေကို ပြောမိလေတော့ တစ်ဆက်တည်း ဖြစ်သွားရလေအောင် မယူမဖြစ် မဖြစ်မနေ မှတ်ပုံတင်ရမယ့် ဘာသာရပ် ၈ ခုက ကျော်လွန်ပြီး မင်းအတွက် အကြံပြုချင်တဲ့ ဘာသာရပ်လေးတွေအကြောင်း အနည်းအကျဉ်း ရေးရင်ကောင်းမယ်လို့ တွေးမိတဲ့အတွက် ငါ့ရဲ့ မူလစိတ်ကူးကို ပြောင်းလဲပြီး အဲဒီဘာသာရပ်တွေအကြောင်း ပြောပြချင်မိတယ်။ ဒါပေမယ့် တစ်ခုကြိုတင်ပြီး ပြောထားလိုတာက အခု ငါအကြံပြုမယ့် ဘာသာရပ်တွေကို မင်းအနေနဲ့ မဖြစ်မနေ တက်ကိုတက်ရမယ်၊ သင်ကိုသင်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ မင်းအတွက် အသုံးဝင်မယ်၊ အကျိုးရှိမယ်လို့ ယူဆတဲ့အကြောင်း အကြံပြုလိုခြင်းသက်သက် ဖြစ်တယ်ဆိုတာပါပဲ။ မင်းအနေနဲ့ ၂ နှစ်တာကာလအတွင်း ဘာသာရပ်ပေါင်း မြောက်မြားစွာထဲကမှ လိုအပ်တဲ့ အနည်းဆုံး အမှတ်ပေါင်း ၄၀ ပြည့်အောင် စိတ်ကြိုက်ဘာသာရပ်တွေကို ရွေးချယ်ခွင့် ရှိနေတာမို့ ငါအကြံပြုတဲ့ ဘာသာရပ်တွေဆိုတာ တကယ့်ကို မဖြစ်စလောက်ပါကွာ။

ပထမဆုံး အကြံပြုချင်တဲ့ ဘာသာရပ်ကတော့ "အခြေခံဘောဂဗေဒ" (Essentials of Economics) ဖြစ်တယ်။ သင်ကြားပို့ချတာက ပါမောက္ခ ကိုရေး (Prof. Cooray) ဖြစ်တယ်။ အဲဒီ ဘာသာရပ်အကြောင်းနဲ့ ပါမောက္ခအကြောင်း ရှေ့စာတစ်စောင်ထဲမှာ ငါပြောခဲ့ပြီးသားမို့ အထူးအထွေ မပြောလိုတော့ပါဘူး။ အဲဒီဘာသာရပ်ဟာ မယူမဖြစ် ဘာသာရပ်တစ်ခုဖြစ်တဲ့ "နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ" (International Political Economics) နဲ့ ဆက်စပ်နေတယ်ဆိုတာ ငါပြောခဲ့ပြီးသားမို့ မင်းသိပြီး ဖြစ်မှာပါ။ ဒါကြောင့် ဒီနေရာမှာ အထူးအထွေ မရှင်းပြတာကို နားလည်မယ်လို့ ထင်ပါတယ်။

ဒုတိယအကြံပြုချင်တဲ့ ဘာသာရပ်ကတော့ "အရှေ့တောင်အာရှ နိုင်ငံတကာဆက်ဆံရေး" (Southeast Asian International Relations-SEAIR) ဖြစ်တယ်။ သင်ကြားပို့ချသူက ပါမောက္ခ မျိုး ဖြစ်တယ်။ အာဆီယံအကြောင်း ငါ့အနေနဲ့ အတော်ကြီးကို သိထား၊ နားလည်ထားတယ်လို့ ထင်ထားခဲ့မိတာ ဒီဘာသာရပ်ကို သင်ယူရတဲ့ အချိန်ကျမှပဲ ငါသိထားတာတွေဆိုတာ အချက်အလက်သက်သက်၊ ကိန်းဂဏန်းသက်သက်သာဖြစ်ပြီး တကယ့်အနှစ်သာရတွေ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ တစ်ဆက်တည်းပဲ ဒီဘာသာရပ်ကို ယူခဲ့မိတာ အတော်ကြီးကို မှန်ခဲ့တယ်၊ အကျိုးရှိခဲ့တယ်ဆိုတာ သိခဲ့ရတယ်။ အခုဆိုရင် ငါတို့နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ယူထားတာဆိုတော့ ဒီဘာသာရပ်ဟာ ပိုလို့တောင် အသုံးဝင်သေးသကွ။ ဂျာနယ်အချို့နဲ့ အွန်လိုင်းစာမျက်နှာ အချို့မှာ ရေးထားတဲ့ အကြောင်းအရာတွေ၊ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ချိန်ထိုးကြည့်နိုင်လာတယ်။ မြန်မာအစိုးရကို ဝေဖန်ရရင်ပြီးရော၊ မကောင်းပြောရရင်ပြီးရောဆိုပြီး ဒေသတွင်း ဘယ်အရေးကိစ္စမှာ မြန်မာအနေနဲ့ ဘယ်လို မလုပ်လို့၊ ဘယ်လိုမပြောလို့၊ ဘယ်လိုအရေးမယူလို့ဆိုတဲ့ ဝေဖန်ချက်တွေကို မြင်ရဖတ်ရတာ မင်းတော့မသိဘူး၊ ငါကတော့ ရယ်ချင်မိတာပါပဲ။ အရှေ့တောင်အာရှ ဒေသရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကစပြီး အခုနောက်ဆုံး နိုင်ငံရေးကိစ္စရပ်တွေအထိ အမျိုးစုံလင်အောင် လေ့လာသင်ယူရမှာဖြစ်တယ်။ SOUTHEAST ASIA ဆိုတဲ့ စကားလုံးဖြစ်လာပုံ၊ Mandala ဆိုတာဘာလဲ၊ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စစ်တပ်တွေဖွဲ့စည်းဖို့အတွက် ဘယ်နိုင်ငံတွေက ကူညီပေးခဲ့သလဲ၊ မြန်မာ့အောင်ဆန်း၊ ဗီယက်နမ် ဟိုချီမင်းနဲ့ အင်ဒိုနီးရှား ဆူဟာတိုတို့ စဉ်းစားစိတ်ကူးခဲ့တဲ့ မူလရည်ရွယ်ချက်ကဘာလဲ၊ အရှေ့တောင်အာရှဒေသ အဖွဲ့အစည်းမှာ တရုတ်ပါဝင်လာတာ ဘယ်သူ့စနက်လဲ၊ ကွန်မြူနစ်တွေ လွှမ်းမိုးမယ့်ရန်ကို ဘယ်လိုခုခံ ကာကွယ်ခဲ့ကြသလဲ၊ အာဆီယံအဖွဲ့မှာ ကြီးစိုးခြယ်လှယ် လွှမ်းမိုးထားတဲ့ အင်အားကြီးနိုင်ငံရယ်လို့ မရှိတာ ဘာကြောင့်လဲ၊ ASEAN Way ဆိုတာဘာလဲ၊ ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေရဲ့အကြောင်း၊ ASEAN Spirit ဆိုတာ တကယ်ရှိသလား၊ ARF ရဲ့ အခန်းကဏ္ဍနဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ARF ဆိုတာ အင်စတီကျူးရှင်းတစ်ခုလား၊ အာဆီယံနဲ့ တရုတ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ၊ ၀မ်ကြားပေါင်ရဲ့ အာဆီယံ မူ ၃ မျိုးဆိုတာ ဘာတွေလဲ၊ အာဆီယံနဲ့ ဂျပန်ဆက်ဆံရေး နောက်ခံသမိုင်းကြောင်း၊ စသဖြင့် စသဖြင့် စိတ်ဝင်စားဖွယ်ရာ အဖုံဖုံကို သိရှိလေ့လာခွင့် ရခဲ့တယ်။ မင်းလည်း စိတ်ဝင်စားမယ်လို့ ယုံကြည်တယ်။

နောက်ထပ်အကြံပြုချင်တဲ့ ဘာသာရပ်တစ်ခုကတော့ "ပဋိပက္ခဖြေရှင်းခြင်း" (Conflict Resolution) ဖြစ်တယ်။ ပါမောက္ခ ကူမာဂအိ (Prof. Kumagai) သင်ကြားပို့ချတယ်။ ကုလသမဂ္ဂနဲ့ သူ့လက်အောက် အေဂျင်စီတွေကို မဏ္ဍိုင်ပြုပြီး ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ သီအိုရီတွေ၊ သဘောတရားတွေ၊ ဥပဒေသတွေကို လေ့လာသင်ယူကြရတယ်။ နိုင်ငံအချင်းချင်းကြားမှာဖြစ်တဲ့ ပဋိပက္ခတွေအကြောင်း၊ နိုင်ငံတစ်ခုစီမှာ ဖြစ်ပွားခဲ့တဲ့/ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်တွေအကြောင်း၊ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေအကြောင်း၊ ကြိုတင်ဆောင်ရွက်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ ကြားဝင်စေ့စပ်ခြင်း စတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်တွေအကြောင်း၊ စသဖြင့် အကြောင်းအရာစုံကို လေ့လာသင်ယူကြရတယ်။ အစ္စရေး-ပါလက်စတိုင်း ပြဿ     နာကတော့ သီးသန့်အခန်းကဏ္ဍ တစ်ခုအနေနဲ့ကို လေ့လာသင်ယူကြရတယ်။ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အရှေ့တီမော စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပြည်တွင်းစစ်တွေအကြောင်းနဲ့ ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း လေ့လာခွင့်ရခဲ့တယ်။ ဒီနေ့ခေတ် ဒီနေ့ချိန်ခါမှာ အရေးကြီးရုံတင်မဟုတ်ဘူး ငါတို့လို ပြည်တွင်းစစ်မီး တငွေ့ငွေ့ဖြစ်နေဆဲ နိုင်ငံတစ်ခုက လူတွေအတွက်တော့ ဒီဘာသာရပ်ဟာ မဖြစ်မနေ လေ့လာသင်ယူသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်ကြောင်း အထူးညွှန်းဆိုဖို့ လိုမယ်မထင်ပါဘူး သူငယ်ချင်းရေ။

ငါသဘောကျတဲ့ အခြားဘာသာရပ်တွေ ရှိသေးပေမယ့်လည်း ဒီ ၃ ခုအပေါ် စိတ်ဝင်စားမှုကို မမီတဲ့အတွက် သီးခြားအနေနဲ့ မညွှန်းတော့ပါဘူး။ ငါပြောခဲ့တဲ့ ဘာသာရပ် ၃ ခုကိုတော့ မင်းအနေနဲ့ စိတ်ဝင်စားမယ်လို့ ထင်မိသလို အဲဒီဘာသာရပ်တွေ သင်ယူလေ့လာခဲ့မယ် ဆိုရင်လည်း မင်းအတွက် နောင်တရစရာ မရှိဘူးလို့ ယုံကြည်မိတယ်။ ဒါနဲ့ စကားမစပ်... ဂျပန်နွေရာသီဟာ နေစရာမရှိလောက်အောင် ပူတယ်ဆိုလို့ ငါ့မှာ အဟုတ်မှတ်နေတာကွ။ အခုတော့ တိုင်ဖွန်းအရှိန်ကြောင့် နေ့စဉ်ရက်ဆက် မိုးတွေရွာပြီး အဆောင်ထဲကအပြင် ထွက်လို့မရ၊ စက်ဘီးစီးလို့မရ၊ တင်းနစ်ရိုက်လို့မရ၊ ဓာတ်ပုံထွက်ရိုက်လို့မရ၊ လျှောက်လည်လို့မရနဲ့ ငါဖြင့် အတော်ကြီးကို စိတ်ညစ်နေမိတယ်။ အခန်းထဲမှာ စာအုပ်လေးဖတ်လိုက်၊ အင်တာနက်လေးသုံးလိုက်၊ မင်းဆီကို စာရေးလိုက်နဲ့ပဲ အချိန်ကုန်နေရတယ်။ ကဲ... ငါ့စာကို ဒီနေရာမှာပဲ ရပ်ပါရစေဦး။ နောက်ထပ်စာတွေ ထပ်ရေးပါဦးမယ်။ ကျန်းမာရွှင်လန်းပါစေကွာ။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၃၀)

သူငယ်ချင်း...၊
သင်ကြားရမယ့် ဘာသာရပ်တွေအကြောင်း အနည်းငယ်မိတ်ဆက် ပြောခဲ့ပြီးတဲ့နောက် အဲဒီအကြောင်းအရာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်တဲ့ အမှတ်ပေးစနစ်/အဆင့် သတ်မှတ်ချက်အကြောင်း ပြောပြလိုတယ်။ ဘာသာရပ်အလိုက် အမှတ်ဘယ်လောက် ရမယ်ဆိုတာ မှတ်ပုံတင်ကတည်းက ကြည့်လို့ရတာမို့ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ရွေးချယ်နိုင်သလို၊ ဘွဲ့ရဖို့အတွက် အနည်းဆုံးလိုအပ်ချက်အမှတ် (Required Credits) ပြည့်မီအောင်လည်း သင်တန်းကာလတွေအလိုက် ဘာသာရပ် ဘယ်လောက်များများ မှတ်ပုံတင်သင့်တယ် ဆိုတာကိုလည်း တွက်ဆနိုင်တယ်။ အင်္ဂလိပ်စာနဲ့ ဂျပန်ဘာသာစကား သင်တန်းတွေဟာ အမှတ်သတ်မှတ်ချက်ရှိပေမယ့် ဘွဲ့ရဖို့လိုအပ်တဲ့ အနည်းဆုံးအမှတ်ထဲမှာ ထည့်သွင်းတွက်ချက်ခြင်း မရှိဘူးဆိုတာကို ရှေ့မှာရေးခဲ့တဲ့ စာတွေထဲမှာ ငါပြောခဲ့ပြီးသားမို့ ထပ်ရှင်းဖို့လိုမယ် မထင်ပါဘူး။ ကျန်တဲ့ဘာသာရပ်တွေက ပုံမှန်အားဖြင့် ၂ မှတ် (2 credits) ပေးတာတွေပဲ ဖြစ်တတ်ပါတယ်။ အချို့ဘာသာရပ်တွေလည်း ၁ မှတ်ပဲ ပေးတာတွေ ရှိတာပေါ့။ ဒါက ဘယ်ဘာသာရပ်ကို တက်ရောက်အောင်မြင်ရင် credit ဘယ်လောက်ရမယ်ဆိုတာကို သတ်မှတ်တာဖြစ်တယ်။ ကိုယ်ရမယ့် အမှတ်တွေပေါ့။ ပုံသေအမှတ်တွေ ဖြစ်ပါတယ်။

အဲဒီအမှတ်ကိစ္စကို ကျောင်းသားတွေ အလေးထားတာ၊ စိတ်ဝင်စားတာ မှန်ပေမယ့် သူတို့အတွက် ပိုပြီးတော့ စိတ်ဝင်စားတာက အဲဒီဘာသာရပ်တွေ တက်ရောက်အောင်မြင်ပြီးတဲ့အချိန်မှာ အဆင့်သတ်မှတ်ချက် ဘယ်လောက်ရမလဲ ဆိုတာဖြစ်တယ်။ ပုံသေမရနိုင်တဲ့ အမှတ်လို့ ညွှန်းဆိုရမယ်ထင်ပါရဲ့ကွာ။ ကိုယ်တက်ရောက်သင်ကြားခဲ့တဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး ကိုယ်ကြိုးစားမှုနဲ့ ကိုယ်လိုချင်တဲ့အဆင့် ထပ်တူကျရဲ့လား၊ ဒီဘာသာရပ်အပေါ် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ နားလည်မှုကို သင်ကြားပို့ချတဲ့ ပါမောက္ခက ဘယ်လိုအကဲဖြတ်ပြီး အဆင့်သတ်မှတ်သလဲ၊ စသဖြင့် တွက်ဆလို့ရနိုင်တာကိုး။ မြန်မာပြည်မှာဆိုရင်တော့ အမှတ် ၁၀၀ မှာ ဘယ်လောက်ရသလဲ ဆိုတာမျိုးပေါ့ကွာ။ ငါတို့တက္ကသိုလ်မှာတော့ အဲဒီလို အမှတ်ပေးတာ မဟုတ်ဘူးကွ။ ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက်ကို ဘယ်လိုပေးမယ်ဆိုတာ သင်တန်းကာလ တစ်ခုစီအတွက် တက်ရောက်သင်ယူမယ့် ဘာသာရပ်တွေ မှတ်ပုံတင်စဉ်ကတည်းက သင်ရိုးမာတိကာတွေကတစ်ဆင့် ငါတို့တွေ သိရှိနိုင်ကြတယ်။ ရှေ့စာအချို့မှာ ပြောခဲ့ပြီးဖြစ်ပေမယ့် အနည်းအကျဉ်း ပြန်ပြောပါရစေ။ ပါမောက္ခတွေ အနေနဲ့ ကျောင်းသားတွေအပေါ် အကဲဖြတ်ရာမှာ ဘယ်ကိစ္စကို အမှတ်ဘယ်လောက် ရာခိုင်နှုန်းပေးမယ်ဆိုတာ သတ်မှတ်ပြီးဖြစ်တယ်။ ဥပမာ... အတန်းတက်မှန်ကန်မှု ၁၀ %၊ အတန်းတွင်းဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှု ၂၀ %၊ သင်တန်းလယ်စာမေးပွဲ ၂၀ %၊ ပါဝါပွိုင့်တင်ပြခြင်း ၁၀ %၊ စာတမ်းငယ်ရေးသားခြင်း ၂၀ %၊ သင်တန်းဆုံး စာမေးပွဲ ၂၀ %၊ စုစုပေါင်း ၁၀၀ % စသဖြင့်ဖြစ်တယ်။ ဒါက ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ ပါမောက္ခတစ်ဦးနဲ့တစ်ဦး အမှတ်ပေးပုံ မတူညီကြဘူး။ အချို့က စာတမ်းငယ် (Paper) ရေးသားခြင်းကို အဓိကထားတယ်၊ အချို့က စာမေးပွဲနဲ့ ထိန်းတယ်၊ အချို့ကတော့ အားလုံးမျှအောင် အကုန်ဆွဲထားတယ်။ သင်တန်းကာလအတွင်း ကျောင်းသားတွေရဲ့ အခန်းတွင်းလုပ်ဆောင်မှုတွေ၊ စာမေးပွဲတွေ၊ စာတမ်းငယ်တွေအရ ပါမောက္ခတွေက သုံးသပ်အကဲဖြတ်ပြီး ဘယ်ကျောင်းသားကို အဆင့်ဘယ်လောက် ပေးမယ်ဆိုတာ ဆုံးဖြတ်ကြတာဖြစ်တယ်။ အဲဒီအဆင့်သတ်မှတ်ချက်တွေကိုလည်း သင်ကြားပို့ချတဲ့ ပါမောက္ခတွေက ကျောင်းသားတွေကို တိုက်ရိုက်ပြောခွင့်မရှိဘူး။ ပြောလည်း မပြောကြဘူး။ ပါမောက္ခတွေက မိမိတို့ဌာနတွေကတစ်ဆင့် ကျောင်းသားရေးရာဌာနကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျောင်းသားတွေရဲ့ ရလဒ်တွေကို ပေးပို့တယ်။ ကျောင်းသားရေးရာဌာနက သတ်မှတ်ထားတဲ့ နေ့ရက်ရောက်ရင် အီးမေးလ်တွေကတစ်ဆင့် အဆင့်သတ်မှတ်ချက်တွေ ထုတ်ပြန်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားတယ်။ ထုတ်ပြန်ချိန်ဟာ အများအားဖြင့် သင်တန်းကာလ (term) တစ်ခုပြီးဆုံးပြီး တစ်ပတ်လောက်အကြာမှာ ဖြစ်တတ်တယ်။ အဲဒီသင်တန်းကာလအတွင်း ကိုယ်တက်ရောက်ခဲ့တဲ့ ဘာသာရပ်တွေမှာ ဘယ်လိုအဆင့်တွေ ရတယ်ဆိုတာကို ၀င်ကြည့်ဖို့အတွက် link တစ်ခု ပေးလေ့ရှိတယ်။ အဲဒီလင့်ခ်ကတစ်ဆင့် တက္ကသိုလ်ရဲ့ အွန်လိုင်းဆာဗာထဲမှာ ၀င်ရောက်ကြည့်ရှုရမှာဖြစ်တယ်။ တစ်ဦးချင်းစီကို သီးသန့်စာမျက်နှာ၊ သီးသန့်လင့်ခ်ပေးတာ ဖြစ်တဲ့အတွက် ဘယ်သူက အဆင့်ဘယ်လောက် ရတယ်ဆိုတာကို သိခွင့်မရှိကြဘူး။ ငါဉာဏ်မီသလောက် စဉ်းစားမိတာကတော့ ငါတို့နိုင်ငံမှာလို ဘယ်သူကတော့ ဘယ်နှမှတ်ရတယ်၊ အဲဒီကောင်က စာလည်းမရဘဲနဲ့ ဘယ်လိုလုပ်ပြီး အဲဒီအမှတ်ရတာလဲ၊ မရိုးသားဘူး၊ သူက ငါ့ထက်အမှတ်များတယ် အဲဒီကောင်ကို စကားမပြောတော့ဘူး... စတဲ့ စတဲ့ အရှုပ်အရှင်းတွေ မဖြစ်ရအောင် လုပ်ထားတဲ့စနစ်လို့ ထင်တာပါပဲ။ ဘယ်သူ့ကိုမှ မသိစေချင်လို့ ကိုယ့်ဆီကို သီးသန့်အကြောင်းကြားပြီး သီးသန့်ထားတဲ့ အကြောင်းအရာကိုပဲ အင်မတန်မှ သိချင်ကြတဲ့ လူတွေကလည်း ရှိတတ်ကြတယ်။ ဘယ်သူက ဘယ်ဘာသာရပ်မှာ ဘယ်နှမှတ်ရလဲဆိုတာကို အလုပ်တစ်ခုလိုလုပ်ပြီး လိုက်စပ်စုတတ်သူတွေ ရှိတတ်ကြတယ်။ အချို့တွေဆိုရင် အဆင့်သတ်မှတ်ချက်ကောင်းတဲ့ ဘာသာရပ်တွေဆို ငါက ဘယ်လောက်ရတယ်ဆိုပြီး အွန်လိုင်းပေါ်တင်ပြီးပါ ကြွားတတ်ကြသေးတယ်။ ငါ့သဘောကတော့ အများသူငါ သိစေချင်ရင် တက္ကသိုလ်က ကြော်ငြာသင်ပုန်းမှာ ကပ်ထားပေးမှာပေါ့ကွာ။ လူတိုင်းကို မသိစေချင်လို့၊ မလိုလားအပ်တဲ့ ပြဿ     နာတွေ မဖြစ်စေချင်လို့ လျှို့ဝှက်ထားတဲ့ ကိစ္စရပ်ကို ဟိုလူဘယ်လောက်ရလဲ စိတ်ဝင်စား၊ ဒီလူငါ့ထက်သာလား သံသယပွားနေတာက ကလေးဆန်လွန်းတယ်လို့ ထင်မိတယ်။ သွားမေးလို့ အမေးခံရတဲ့သူက မဖြေပြန်ရင် အဲဒီလို မဖြေတဲ့လူကိုပဲ မကျေမနပ်တွေဖြစ်ကြ၊ ကွယ်ရာမှာ အပုပ်ချကြ၊ မခေါ်မပြောနိုင်ဖြစ်ကြ လုပ်တတ်ကြသေးတယ်။

အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ပေးတဲ့စနစ်က ဒီလိုတွေဖြစ်ပါတယ်ဗျာ။ ဂဏန်းသင်္ချာနဲ့ သတ်မှတ်တာမဟုတ်ဘဲ သင်္ကေတတွေနဲ့ သတ်မှတ်တာ ဖြစ်ပါတယ်။ စုစုပေါင်း ၇ မျိုး ရှိပါတယ်။
  1. A
  2. A-
  3. B+
  4. B
  5. B-
  6. C
  7. F

A ဆိုတာကတော့ အဆင့်သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးပေါ့။ Distinguished ကို ကိုယ်စားပြုပါသတဲ့။ သက်ဆိုင်ရာ ဘာသာရပ်နဲ့ပတ်သက်ပြီး ကျောင်းသားဟာ စိတ်ကျေနပ်လောက်အောင် နားလည်တတ်သိတယ်လို့ ပါမောက္ခက ယူဆသုံးသပ် အကဲဖြတ်ခြင်းခံရတယ်လို့ မှတ်ထင်ရမယ် ထင်ပါရဲ့။

A- ဆိုတာကတော့ Very Good ပါတဲ့။ အတော်လေးကို စိတ်ကျေနပ်ဖွယ် ကောင်းတယ်ပေါ့လေ။

B+ ဆိုတာကတော့ ကောင်းပါတယ်လို့ အဓိပ္ပါယ်ကောက်ယူနိုင်တဲ့ Good ပါတဲ့။

B ဆိုတာကတော့ Satisfactory ပါတဲ့။ အသင့်အတင့်ပဲလို့ မှတ်ယူရမယ်ထင်ပါရဲ့။

B- ဆိုတာကတော့ အတော်ကြီးကို အခြေအနေ ဆိုးဝါးသွားပါပြီ။ အသင့်အတင့် ဆိုတဲ့ သတ်မှတ်ချက်အောက်ကိုတောင် ရောက်နေတယ်ဆိုတဲ့ Satisfactory Low ပါတဲ့။

C ဆိုတာကတော့ ဆိုးဝါးပါတယ်လို့ အဓိပ္ပါယ်သက်ရောက်တဲ့ Poor ကို ကိုယ်စားပြုပါတယ်။ ငါ့အမြင်ပြောရရင်တော့ ဒီသတ်မှတ်ချက်ကို ရတယ်ဆိုတာဟာ အဲဒီကျောင်းသားအနေနဲ့ အဲဒီဘာသာရပ်မှာ သုံးစားလို့မရအောင်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ယူဆတာပါပဲ။

F ဆိုတာကတော့ ရှင်းပါတယ်လေ။ Failure ကို ကိုယ်စားပြုပါတယ်။ ကျရှုံးတယ်ဆိုတဲ့နေရာမှာ အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ စာမေးပွဲမှာ မသမာမှုတစ်ခုခု ကျူးလွန်ခဲ့လို့လား၊ စာတမ်းငယ်တွေ ရေးသားရာမှာ မရိုးမသား ကူးယူရေးသားခဲ့တာတွေရှိလို့လား၊ စသဖြင့်ပေါ့လေ။ မယူမဖြစ် ဘာသာရပ်မှာ အဲဒီသတ်မှတ်ချက် ရခဲ့ရင်တော့ နောက်တစ်နှစ် အဲဒီဘာသာရပ် သင်ကြားတဲ့အချိန်မှာ မဖြစ်မနေ ပြန်လည်မှတ်ပုံတင်ပြီး တက်ရောက်အောင်မြင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဘာဘွဲ့မှ ရမှာမဟုတ်ပါဘူးလေ။ အခြားဘာသာရပ် တစ်ခုခုဆိုရင်တော့ သတ်မှတ်ထားတဲ့ credit မရတာပဲ ရှိပါမယ်။ နောက်နှစ် ဒီဘာသာရပ်ကို ပြန်တက်ချင်လည်းတက်၊ မတက်ချင်လည်း လိုအပ်တဲ့ အမှတ်ပြည့်အောင် အခြားဘာသာရပ်တစ်ခုကို အစားထိုး ပြန်တက်လို့ ရပါတယ်လေ။

ငါ့အနေနဲ့ အတတ်နိုင်ဆုံး အရှင်းလင်းဆုံးဖြစ်အောင် ရေးလိုက်ပေမယ့် အရေးအသား မပြေပြစ်မှုကြောင့် မင်းအတွက် ဒွိဟဖြစ်စရာ၊ မရှင်းလင်းတာများ ရှိခဲ့ရင် ငါ့ဆီ စာရေးပြီး မေးပါလို့ ပြောလိုက်ပါရစေ။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၃၁)

သူငယ်ချင်း...၊
မင်းဆိုတဲ့ကောင်ကလည်း မေးမှမေးတတ်ပါပေ့ကွာ။ ငါလည်း ပြောချင်စိတ်များနေတော့ အဲဒါကို သတိမထားမိဘူးကွ။ ဟုတ်ပါရဲ့... မင်းမေးကာမှပဲ အရင်စာထဲမှာ ငါရေးထားတဲ့ ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက်တွေက ဘာလုပ်လို့ရလဲဆိုတာကို ပြောပြဖို့ စဉ်းစားမိတော့တယ်။ မင်းပြောသလိုပါပဲ... ဒီတက္ကသိုလ်ကနေ မဟာဘွဲ့ရဖို့အတွက် သတ်မှတ်ထားတဲ့ အနည်းဆုံးလိုအပ်ချက် credits ပြည့်မီရင် ရည်မှန်းချက် အောင်မြင်ပြီဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက်တွေက အလကားနေရင်း ပေးတာတော့ မဟုတ်ဘူးကွ။ အသုံးဝင်လို့၊ လိုအပ်လို့ပေါ့ကွာ။ မင်းကလည်း မသိလို့ မေးတာမဟုတ်ဘူး၊ ငါ့ဆီက ပြောမယ့်စကားတွေ တမင်ထွက်လာအောင် ဆွပြီးတော့ မေးတယ်ဆိုတာလည်း ငါသိပါရဲ့၊ ငါကိုယ်တိုင်ကလည်း အဲဒီလိုမေးမှန်း သိပါလျက်နဲ့ ဖြေချင်လျက်လက်တို့ ဖြစ်နေလေတော့ ဖတ်ပေဦးတော့ပေါ့ကွာ။

ငါတို့တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေ အပြန်အလှန် ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေ ရှိတယ်ဆိုတာ မင်းသိပြီးဖြစ်မှာပါ။ အဲဒီလို ဖလှယ်စေလွှတ်ဖို့အတွက် ကျောင်းသားတွေ ရွေးချယ်ရာမှာ အရေးပါတဲ့ အချက်တစ်ခုကတော့ ပျမ်းမျှအဆင့်သတ်မှတ်ချက် ဘယ်လောက်ရှိရမယ် ဆိုတာပါပဲ။ GPA သတ်မှတ်ချက်ပေါ့ကွာ။ အော်... GPA ဆိုတာကတော့ Grade Point Average ကို ဆိုလိုတာဖြစ်ပါတယ်။ အရင်စာထဲမှာ ငါပြောခဲ့တဲ့ grade စုစုပေါင်းရဲ့ ပျမ်းမျှအဆင့်သတ်မှတ်ချက်ပေါ့ကွာ။ ပါရဂူတန်း ဆက်ပြီးတော့ တက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက်လည်း Grade သတ်မှတ်ချက်တွေက အရေးပါတယ်လေ။ GPA ကောင်းကောင်း ရထားပါမှ ပါရဂူဘွဲ့သင်တန်း တက်ရောက်ဖို့အတွက် သူတို့တွေ အဆင်ပြေကြမှာကိုး။ ငါတို့တက္ကသိုလ်ရဲ့ အစဉ်အလာအရ ဘွဲ့ယူတော့မယ့် ကျောင်းသားတွေထဲကနေ အထူးချွန်ဆုံး ကျောင်းသားတွေကို ဌာနမှူး (Dean) တွေရဲ့ ချီးကျူးဂုဏ်ပြုဆု ချီးမြှင့်လေ့ရှိတယ်။ အဲဒီအတွက်လည်း GPA က အရေးပါတာပေါ့ကွ။ ဒီလောက်ဆိုရင် ငါပြောခဲ့တဲ့ အဆင့်သတ်မှတ်ချက်တွေ အရေးကြီး/မကြီး မင်းသိလောက်ပါပြီ။

ဟော... ဒီနေရာမှာ မေးစရာတစ်ခု ရှိလာပြန်ရော။ သင်္ကေတ (အက္ခရာ) နဲ့ သတ်မှတ်ပေးတဲ့ အဆင့်သတ်မှတ်ချက်တွေကို ဘယ်လိုမျိုး GPA တွက်သလဲ ဆိုတာပေါ့။ အဲဒါလည်း လျှောက်တွေးမနေပါလေနဲ့။ သူ့ဟာနဲ့သူ စီစဉ်ထားပြီးသားပါ။ သက်ဆိုင်ရာ အက္ခရာအလိုက် တန်ဖိုးသတ်မှတ်ချက်တွေ ရှိကြတာပေါ့ကွ။ ဘယ်အက္ခရာ အဆင့်ရရင် ဘယ်နှမှတ်ဆိုတာ သတ်မှတ်ထားပြီးသား။ အဲဒီ သတ်မှတ်ချက်တွေကို အရင်ဆုံး ကြည့်ကြရအောင်။
  1. A   = 4
  2. A-  = 3.75
  3. B+ = 3.5
  4. B   = 3.25
  5. B-  = 3
  6. C   = 2.75
  7. F   = 0

အဲဒါတွေကတော့ သက်ဆိုင်ရာ အက္ခရာအလိုက် တန်ဖိုးဖလှယ်နိုင်ဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေပါပဲ။ အဆင့်တစ်ခုနဲ့တစ်ခုဟာ ဒသမ ၂၅ မှတ်ပဲ ကွာတယ်ဆိုတာ မင်းတွေ့မှာပါ။ ဒါပေမယ့် တကယ်တမ်း ပျမ်းမျှအဆင့်သတ်မှတ်ချက် တွက်တဲ့အချိန်မှာတော့ အဲဒီကွာဟမှုကလည်း သိသာတယ်ကွ။ သင်တန်းကာလတစ်ခုမှာ မင်းက ဘာသာရပ် ၅ ခုကို မှတ်ပုံတင်ပြီး တက်ရောက်ခဲ့တယ်ဆိုပါတော့။ အဲဒီဘာသာရပ်တိုင်းကို မင်းအနေနဲ့ Grade A တွေချည်းပဲ ရရှိအောင် ကြိုးစားနိုင်ခဲ့တယ် ဆိုကြပါစို့။ ဒါဆိုရင် တကူးတက စဉ်းစားနေစရာ မလိုပါဘူးကွာ။ မင်းရဲ့ ပျမ်းမျှ အဆင့်သတ်မှတ်ချက် GPA ဟာ 4 ပေါ့ကွ။ ဒါက သင်တန်းကာလ တစ်ခုအတွက် တွက်ချက်တာပေါ့။ မင်းက သင်တန်းကာလ နောက်တစ်ခုမှာ ဘာသာရပ် ၄ ခုကို မှတ်ပုံတင်ခဲ့တယ် ဆိုပါတော့။ အဲဒီဘာသာရပ်တွေ အားလုံးမှာတော့ မင်းအနေနဲ့ Grade B+ တွေ ရရှိအောင်ပဲ ကြိုးစားနိုင်ခဲ့တယ် ဆိုပါစို့။ အဲဒီသင်တန်းကာလအတွက် မင်းရဲ့ GPA ဟာ 3.5 ဖြစ်လိမ့်မယ်။ ဒါပေမယ့် စုစုပေါင်း ပျမ်းမျှအဆင့်သတ်မှတ်ချက် (Total GPA) ကတော့ ပြောင်းသွားလိမ့်မယ်။ သင်တန်းကာလ ၂ ခုလုံးရဲ့ အဆင့်သတ်မှတ်ချက်တွေ အားလုံးအပေါ် ခြုံငုံပြီး တွက်ရမှာလေကွာ။ အခုပြောခဲ့တဲ့ အနေအထားအရဆိုရင် မင်းရဲ့ Total GPA ဟာ 3.78 ဖြစ်လိမ့်မယ်။ အဲဒီလိုမျိုး သင်တန်းကာလ တစ်ခုချင်းစီးကို ပေါင်းပေါင်းပြီး တွက်သွားလိုက်တာ မင်းဘွဲ့ရတဲ့အချိန်မှာ သင်တန်းကာလ စုစုပေါင်း ၆ ခု ရှိလိမ့်မယ်။ မင်းရဲ့ GPA ဟာလည်း တစ်ခုခုဖြစ်မှာပေါ့ကွာ။ အမြင့်ဆုံး GPA ကတော့ 4 ဖြစ်မယ်ဆိုတာ ငါတကူးတက ရှင်းပြနေဖို့ လိုမယ်မထင်ပါဘူးကွာ။ င့ါသူငယ်ချင်း မြင်သာထင်သာရအောင် သင်တန်းကာလအလိုက် အဆင့်သတ်မှတ်ချက် ထုတ်ပေးတဲ့ပုံစံကို အောက်မှာ နမူနာ ပြလိုက်ပါတယ်။ အမှတ်တွေနေရာကိုတော့ ဖျက်ထားလိုက်တာ နားလည်မယ်ထင်ပါရဲ့။
ရှေ့က ဘာသာရပ်နာမည်တွေက အထူးအထွေ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ CA ဆိုတာက မင်းယူမယ်လို့ ရည်ရွယ်ပြီး မှတ်ပုံတင်ခဲ့တဲ့ Credit အရေအတွက်ပေါ့။ CE ကတော့ မင်းအောင်မြင်စွာ ရယူနိုင်ခဲ့တဲ့ Credit အရေအတွက်။ အချို့ကျောင်းသားတွေ ဘာသာရပ်တစ်ခုခု ကျရှုံးတဲ့အခါ CA နေရာမှာ 2 ဖြစ်ပေမယ့် CE နေရာမှာတော့ 0 ဖြစ်နေမယ်ဆိုတာ မင်းနားလည်မယ် ထင်ပါရဲ့။ Grade ဆိုတဲ့ နေရာကတော့ ငါပြောခဲ့တဲ့ A, A-, B+, B, B-, C, F စတဲ့ အက္ခရာတွေ ဖြည့်တဲ့နေရာပေါ့။ အဲဒီနောက်က Points ဆိုတဲ့အကွက်မှာတော့ အပေါ်မှာ ငါရှင်းပြခဲ့တဲ့ သက်ဆိုင်ရာ တန်ဖိုးတွေကို ဖြည့်သွင်းတာပေါ့။ 4, 3.75, 3.5, 3.25, .... စသဖြင့်ပေါ့လေ။ အခု ငါဥပမာပြထားတဲ့ ပုံမှာဆိုရင် Total ဆိုတဲ့အကွက်မှာ CE 19 ဖြစ်နေတာကို မင်းတွေ့လိမ့်မယ်။ ငါရခဲ့ပြီးသား အမှတ်ပေါင်းက ၁၉ မှတ်ပေါ့ကွာ။ ဒါပေမယ့် မင်းမှတ်မိမလား မသိဘူး။ အင်္ဂလိပ်/ဂျပန် စတဲ့ ဘာသာစကား သင်တန်းတွေကရတဲ့ အမှတ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိဘူးဆိုတာလေ။ အဲဒီတော့ Fall 2013 ဆိုတဲ့ သင်တန်းကာလမှာ ပါဝင်နေတဲ့ Academic English I ကနေရတဲ့ အမှတ် ၁ မှတ်ကို ငါတို့ ထည့်တွက်လို့ မရဘူး။ ဒါ့အပြင် သူ့ရဲ့ Grade ကိုလည်း GPA မှာ ထည့်သွင်းတွက်ချက်ခြင်း မရှိဘူး။ အဲဒီတော့ သင်တန်းကာလ ၂ ခု ပြီးဆုံးချိန်မှာ ရရှိမယ့် အမှတ်ပေါင်းဟာ ၁၈ မှတ် ဖြစ်တယ်ဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ အနည်းဆုံးလိုအပ်ချက် အမှတ်ဖြစ်တဲ့ ၄၀ ပြည့်ဖို့အတွက် နောက်ထပ် ၂၂ မှတ်ရအောင် မှတ်ပုံတင်တက်ရောက်ဖို့ လိုတာပေါ့ကွာ။ သြော်... တစ်ခုပြောဖို့ မေ့နေခဲ့လေရဲ့။ အခြားမဟုတ်ပါဘူး။ သင်တန်းကာလတိုင်းမှာ GPA 3.3 မပြည့်မီတဲ့ ကျောင်းသားတိုင်းကို ဌာနက သတိပေးစာ ပေးပို့လေ့ရှိတယ်။ ငါတို့တွေကတော့ ရွှေပေလွှာလို့ ခေါ်တယ်။ ဆရာမျိုး တီထွင်ထားတဲ့ စကားလုံးပေါ့။ ငါ့စာကို ဒီနေရာမှာ နားပါရစေဦး။ ရွှင်လန်းချမ်းမြေ့ပါစေ။
( Ichiro Nyanmyokyaw @ IUJ)

အိုင်ယူဂျေမှ ရေးတဲ့စာ (၃၂)

သူငယ်ချင်း...၊
မင်းရေးလိုက်တဲ့စာကို မနေ့က ရပါတယ်။ မင်းဆီကို ရေးခဲ့တဲ့စာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စကား ဆိုတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရတယ်။ မင်းရေးလိုက်တဲ့စာထဲမှာ ဖတ်ရတဲ့ မေးခွန်းအချို့ကို အနှစ်ချုပ်လိုက်တဲ့အခါ မင်းအနေနဲ့ ဒီတက္ကသိုလ်မှာ သွားလာနေထိုင် စားသောက်ရမယ့် အခြေအနေတွေကို သိချင်နေတယ်လို့ ကောက်ချက်ချမိတယ်။ အဲဒါကြောင့် ငါတို့တွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနေကြရတဲ့ ဘ၀ရုပ်ပုံလွှာတွေကို မင်းသိရအောင် အနည်းအကျဉ်း ပြောပြချင်ပါတယ်။ မင်းသိချင်တာတွေနဲ့ ငါအခုရေးလိုက်တာတွေ လွဲချော်နေတယ် ဆိုခဲ့ရင်လည်း ပြန်ပြောပေါ့ကွာ။

ပထမဆုံးပြောပြချင်တဲ့ အကြောင်းအရာကတော့ သင်တန်းတက်ထောက်ပံ့ကြေးကိစ္စပေါ့ကွာ။ မင်းက မမေးပေမယ့် သိသင့်တယ်ထင်လို့ ပြောပါရစေ။ ငါတို့တွေ ဒီမှာနေထိုင် ပညာသင်ယူနေတဲ့ ကာလအတွင်း အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံးက စပွန်ဆာတွေကပေးတဲ့ ပညာသင်ထောက်ပံ့ကြေးပဲ မဟုတ်လား။ စပွန်ဆာတွေရဲ့ ထောက်ပံ့မှုသာ မရှိခဲ့ရင် ကျောင်းစရိတ် အင်မတန်ကြီးမြင့်တဲ့ ဒီလိုတက္ကသိုလ်ကြီးမှာ ငါတို့လို ၀န်ထမ်းတွေ လာတက်ဖို့ဆိုတာ အိပ်မက်တောင် မက်ဝံ့တဲ့ကိစ္စတွေ မဟုတ်ပါဘူးကွာ။ စပွန်ဆာပေးတဲ့ အဖွဲ့အစည်းအပေါ် မူတည်ပြီးတော့ ပညာသင်ဆုရတဲ့ ကျောင်းသားတွေကိုပေးတဲ့ ထောက်ပံ့ကြေးတွေကလည်း မတူညီကြဘူးကွ။ ငါသိသလောက် ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ထောက်ပံ့နေတဲ့ အဖွဲ့အစည်းအချို့ကတော့ World Bank, IMF, ADB, JICA, JDS, Nippon Foundation, AEON, Mitsubishi UFJ, စသဖြင့်ပေါ့ကွာ။ ငါတို့တက္ကသိုလ် IUJ အနေနဲ့လည်း သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီသူတွေကို ပညာသင်ဆု ပေးနေတာတွေ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းက ပညာသင်ထောက်ပံ့ကြေး ဘယ်လောက်ပေးတယ်ဆိုတာကို ပမာဏအနေနဲ့ အတိအကျ ငါမပြောနိုင်ပါဘူး။ တချို့လည်း ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းက တစ်ခုတည်းဖြစ်ပေမယ့် နိုင်ငံတွေအပေါ် မူတည်ပြီးတော့ ထောက်ပံ့ကြေးပမာဏ မတူညီကြတာတွေလည်း ရှိတတ်ပါတယ်။ ငါတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းသားတွေကိုတော့ ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ ပေးလေ့ရှိပါတယ်။ လက်ရှိတက်နေတဲ့ ငါတို့တွေကို ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းနဲ့ သူငယ်ချင်းတို့ အဖွဲ့တွေကို ပညာသင်ဆုပေးမယ့် အဖွဲ့အစည်းဟာ မတူညီဘူးလို့ ငါသိထားတယ်။ အဲဒီတော့ ငါတို့ရတဲ့ ပညာတော်သင် ထောက်ပံ့ကြေးနဲ့ မင်းတို့ရတာလည်း တူညီကြမယ် မထင်ဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဒီနိုင်ငံ၊ ဒီတက္ကသိုလ်မှာ ပညာသင်ယူနေစဉ် ကာလအတွင်း မင်းအတွက် မပူမပင်၊ မကြောင့်မကြ၊ အဆင်ပြေပြေနဲ့ နေထိုင်စားသောက် သွားလာလှုပ်ရှားလို့ရအောင် သင့်တင့်လောက်ငှတဲ့ ထောက်ပံ့ကြေး ပေးမယ်ဆိုတာပါပဲ။ ငါမြင်သလောက်ကတော့ ပညာတော်သင် ထောက်ပံ့ကြေး မလောက်မငှဖြစ်ပြီး အခက်အခဲကြုံနေရတဲ့ နိုင်ငံခြားကျောင်းသားရယ်လို့ မတွေ့မိသေးပါဘူး။ အချို့သော ဂျပန်ကျောင်းသားတွေမှာတော့ အဲဒီလို အခက်အခဲတွေ ရှိတတ်ကြတယ်။ သူတို့တွေကို ပညာတော်သင် ထောက်ပံ့ကြေး အပြည့်အ၀ပေးတဲ့ အဖွဲ့အစည်းဆိုတာ အင်မတန်ရှားပါးကြသလို၊ ဂျပန်ကျောင်းသားတစ်ယောက် ပညာတော်သင်ဆု ရဖို့ဆိုတာလည်း အင်မတန် ခက်ခဲတယ်ကွ။ တစ်ခါတလေတော့လည်း ငါတွေးကြည့်မိတယ်။ သူတို့တွေရဲ့ အခွန်ငွေတွေနဲ့ ငါတို့တွေလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းသားတွေက ပညာတော်သင်တွေအဖြစ် အဆင်ပြေပြေ ပညာသင်နေကြတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပညာသင်ကြားခွင့် ရဖို့အရေး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာ တရားနည်းလမ်းမှ ကျရဲ့လားလို့ပါ။

ပညာသင်ထောက်ပံ့ကြေးကို ဘယ်လိုပေးသလဲဆိုတော့ ကျောင်းသားတွေရဲ့ ဘဏ်အကောင့်တွေထဲကို သတ်မှတ်ချိန်အတိုင်း လွှဲပေးတာပါပဲ။ ငါတို့တွေရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ မင်းတို့အတွက် ဘဏ်တစ်ခုခုမှာ စာရင်းဖွင့်ပေးထားပြီး ဘဏ်ကဒ်တစ်ခု ထုတ်ပေးထားတယ်။ လစဉ်ပညာသင်ထောက်ပံ့ကြေးကို အဲဒီစာရင်းတွေထဲကို လွှဲပေးမယ်။ မင်းတို့တွေက အဲဒီဘဏ်ကဒ်နဲ့ ထုတ်ယူကြပေါ့။ ဒီတက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေအနေနဲ့ အဆောင်ခတွေနဲ့ အခြားအသုံးစရိတ်တွေ ပေးသွင်းနိုင်ဖို့ ငါတို့မြို့လေးမှာရှိတဲ့ HOKUETSU ဘဏ်ခွဲမှာ ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ထားရတယ်။ အဲဒီကိစ္စကိုလည်း ကျောင်းကနေပဲ စီစဉ်ဆောင်ရွက်ပေးပါတယ်။ မင်းတို့တွေ ဒီတက္ကသိုလ်ရောက်ပြီး ၂ ပတ်လောက်ကြာရင် အဲဒီဘဏ်မှာ မင်းတို့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေရယ်၊ မင်းအသုံးပြုရမယ့် Cash Card ရယ် ထုတ်ပေးပါလိမ့်မယ်။ အနှစ်ချုပ်လိုက်ရင် မင်းအနေနဲ့ ဘဏ်ကဒ် ၂ ခု ကိုင်ဆောင်အသုံးပြုရလိမ့်မယ်။ တစ်ခုက မင်းနဲ့ မင်းကို ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးမယ့်ဟာဖြစ်ပြီး နောက်တစ်ခုကတော့ မင်းနဲ့ ဒီတက္ကသိုလ်နဲ့ ချိတ်ဆက်လုပ်ဆောင်ရမယ့်ဟာ ဖြစ်တယ်။ ဘဏ်ကဒ်တွေ ရှိတာတော့ ဟုတ်ပါပြီ... အဲဒါတွေကို ဘယ်နေရာတွေမှာ သုံးလို့ရမလဲ၊ ထုတ်လို့ရမလဲဆိုတော့ ငါတို့တက္ကသိုလ်ဝန်းထဲမှာတင် ATM စက်တစ်ခု ရှိသလို စတိုးဆိုင်ကြီးတွေမှာလည်း အဲလိုစက်တွေ ရှိတတ်ပါတယ်။ စာနဲ့ရေးပြ၊ ရှင်းပြနေလို့သာ နည်းနည်းလေး ရှုပ်နေတာပါ။ မင်းရောက်တဲ့အခါ တစ်ခါလောက် နမူနာအနေနဲ့ ငွေထုတ်/ငွေသွင်း လုပ်ပြလိုက်ရင် ဘာမှခက်လှတာ မဟုတ်ပါဘူး။ မင်းအနေနဲ့ ကြိုတင်သိရှိအောင်သာ ရှင်းပြရခြင်းပါ။

ဒုတိယတစ်ခုအနေနဲ့ အဆောင်မှာ ဘယ်လိုနေထိုင် ချက်ပြုတ်စားသောက်ကြသလဲ ဆိုတာလေးကို အမြည်းသဘော ပြောပြချင်တယ်။ အဆောင် ဘယ်နှခုရှိတယ်၊ အခန်းတွင်းမှာ ဘယ်လိုအသုံးအဆောင်တွေ ထည့်သွင်းပေးထားတယ် စတဲ့အကြောင်းအရာတွေကိုတော့ ငါပြောပြခဲ့ပြီးဖြစ်ပြီး ထပ်ပြီးမပြောလိုတော့ပါဘူး။ အရင်ဆုံး မင်းအခန်းသန့်ရှင်းရေးအတွက် စဉ်းစားကြည့်ရအောင်။ အဆောင်တွေအားလုံးရဲ့ အထပ်တိုင်းမှာ ဖုန်စုပ်စက် တစ်လုံးစီ ထားရှိပေးထားတယ်။ မင်းအနေနဲ့ ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ပြီး သတ်မှတ်ထားတဲ့နေရာကို ပြန်ထားပေးဖို့ပဲဖြစ်တယ်။ အဆောင်တိုင်းမှာ မီးဖိုချောင်တစ်ခု၊ ဧည့်ခန်းမ/နားနေခန်း၊ အမှိုက်ပစ်ခန်း၊ ဆေးလိပ်သောက်ရန်နေရာ၊ အ၀တ်လျှော်စက်၊ အခြောက်ခံစက်၊ အလိုအလျောက် အရောင်းစက် စတာတွေ ရှိကြတယ်။ ဧည့်ခန်းမတွေမှာ ရုပ်မြင်သံကြားစက်တွေ ထားရှိပေးထားတယ်။ အမှိုက်ပစ်ခန်းမှာတော့ အမှိုက်တွေကို ခွဲခြားစွန့်ပစ်နိုင်ဖို့ အမှိုက်ပုံးတွေ ထားရှိပေးထားတယ်။ ပုလင်းလို၊ သံဗူးလို အမှိုက်တွေကို သီးသန့်စွန့်ပစ်ရပြီး အခြားသော လောင်ကျွမ်းနိုင်တဲ့ အမှိုက်တွေကိုတော့ သီးခြားစွန့်ပစ်ရတယ်။ မီးဖိုခန်းတိုင်းမှာ ရေခဲသေတ္တာတွေ၊ ထမင်းပေါင်းအိုးတွေ တင်ဆောင်ချက်ပြုတ်နိုင်ဖို့ စားပွဲစင်တွေ၊ အသား/ငါး ကင်နိုင်တဲ့ အကင်စက်၊ ဟင်းနွှေးနိုင်မယ့် မိုက်ခရိုဝေ့ဗ်မီးဖိုတွေ၊ တစ်ရှူးလိပ်အကြီးတွေ၊ ထမင်းစားစားပွဲနဲ့ ထိုင်ခုံတွေ ထားရှိပေးထားတယ်။

ထမင်းပေါင်းအိုးကို မင်းဘာသာမင်း ၀ယ်ရမယ်။ မင်းကြိုက်တဲ့ဟာ မင်းဝယ်ပေါ့ကွာ။ ထမင်းများများတည်ချင်ရင် ပေါင်းအိုးကြီးကြီးဝယ်၊ ထမင်းစားနည်းတယ် ဒါမှမဟုတ် စားခါနီးမှချက်ပြုတ်ပြီး ပူပူနွေးနွေး စားချင်တယ်ဆိုရင်တော့ ခပ်သေးသေးဝယ်ပေါ့။ အဲဒီအိုးကို ဘယ်မှာတည်လို့ ရသလဲဆိုတော့ မင်းကြိုက်တဲ့နေရာမှာ တည်လို့ရတယ်။ မင်းအခန်းမှာ သုံးလို့ရသလို၊ မီးဖိုခန်းထဲမှာလည်း သုံးလို့ရတယ်။ ကျောင်းသားအများစုက မီးဖိုခန်းမှာပဲ အသုံးပြုကြတယ်။ ဘာကြောင့်လဲဆိုတော့ မင်းအခန်းမှာ မင်းချက်တယ်ဆိုရင် မီတာယူနစ် တက်နေမှာဖြစ်ပြီး လကုန်လို့ အဆောင်ခထွက်လာရင် လျှပ်စစ်ဓာတ်အား အသုံးပြုခက အများကြီးပေးနေရမှာပေါ့။ အဲဒီတော့ မင်းရဲ့ ထမင်းပေါင်းအိုးကို မီးဖိုခန်းထဲမှာ အသုံးပြုတာဟာ အကောင်းဆုံးပါပဲ။ မင်းရဲ့ ထမင်းပေါင်းအိုးမှာ မင်းရဲ့ နာမည်လေးလည်း ကပ်ထားချင်မှာပေါ့။ မင်းဘာသာမင်း လုပ်စရာ မလိုပါဘူး။ Housekeeper ရုံးခန်းမှာ မင်းရဲ့ကျောင်းသားနံပါတ်နဲ့ အဆောင်နံပါတ်၊ အခန်းနံပါတ်ပြောပြီး စတစ်ကာ ထုတ်ခိုင်းလို့ရပါတယ်။ စောစောကပြောတဲ့ မင်းရဲ့ အချက်အလက်တွေကို မေးမြန်းပြီး ၂ မိနစ်လောက်အတွင်းမှာ မင်းရဲ့ထမင်းအိုးမှာ ကပ်ဖို့အတွက် နာမည်၊ အဆောင်နံပါတ်၊ အခန်းနံပါတ်ပါတဲ့ စတစ်ကာတစ်ခု ထုတ်ပေးပါလိမ့်မယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး။

မီးဖိုခန်းထဲမှာ ရေခဲသေတ္တာတွေ ရှိတဲ့အကြောင်း အပေါ်မှာ ငါပြောခဲ့တယ်နော်။ အသား/ငါးတွေကို ရေခဲရိုက် ခဲထားနိုင်မယ့် ရေခဲသေတ္တာတစ်ခုနဲ့ အသီးအရွက်နဲ့ အခြားအရာတွေ သိမ်းဆည်းသိုလှောင်နိုင်မယ့် ရေခဲသေတ္တာတစ်ခု ထားရှိပေးထားတယ်။ ကျောင်းသားတွေ ဒီလောက်အများကြီးပဲဟာ... သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်း ဘယ်လိုခွဲကြမလဲလို့ တွေးပူနေသလား။ မပူပါနဲ့ကွာ။ သူ့စနစ်နဲ့သူ ရှိပြီးသားပါ။ မင်းအနေနဲ့ အဲဒီရေခဲသေတ္တာတွေထဲမှာ မင်းရဲ့ပစ္စည်းတွေ သိမ်းဆည်းချင်တဲ့အခါ ဒီအတိုင်း သိမ်းဆည်းလို့မရဘူး။ သတ်မှတ်ထားတဲ့ စာရွက်ပုံစံလေးမှာ မင်းရဲ့နာမည်၊ မင်းသိမ်းဆည်းတဲ့ရက်စွဲ စတာတွေ ဖြည့်စွက်ပြီး မင်းရဲ့ပစ္စည်းမှာ တိပ်နဲ့ကပ်ပြီးမှ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းလို့ရတယ်။ အဲဒီလို မကပ်ထားရင် ဘာဖြစ်မလဲဆိုတော့ နေ့စဉ်သန့်ရှင်းရေးလုပ်တဲ့ ၀န်ထမ်းတွေက နာမည်ကပ်မထားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မှာပေါ့ကွာ။ အဲဒီလို ဖြည့်စွက်ရမယ့် စာရွက်ပုံစံလေးတွေရယ်၊ ဘောလ်ပင်ရယ်၊ ကပ်ရမယ့် တိပ်ခွေရယ်ကို ရေခဲသေတ္တာတွေဘေးမှာ အဆင်သင့် ချထားပေးပါတယ်ဗျာ။ အဲလောက်ဆို မင်းသဘောပေါက်မယ် ထင်ပါတယ်။ မီးဖိုခန်းထဲက မီးဖိုတွေကို ဘယ်အချိန် သုံးလို့ရသလဲဆိုတော့ နေ့စဉ် သန့်ရှင်းရေးလုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန် ၂၄ နာရီ အသုံးပြုနိုင်ပါတယ်။ ပန်းကန်ဆေးစင်မှာ ရေပူ၊ ရေအေး နှစ်မျိုးလုံး အသုံးပြုနိုင်ပြီး ၂၄ နာရီ သုံးနိုင်ပါတယ်။ စားကြွင်းစားကျန်တွေ၊ အမှိုက်သရိုက်တွေ စွန့်ပစ်ဖို့အတွက်လည်း မီးဖိုခန်းတွေထဲမှာ အမှိုက်ပုံးအကြီးတွေ ချထားပေးထားပါတယ်။ မီးဖိုတွေ၊ စားပွဲတွေ၊ ရေခဲသေတ္တာတွေ၊ အမှိုက်ပုံးတွေကို သန့်ရှင်းရေးဝန်ထမ်းတွေက နေ့စဉ် သန့်ရှင်းရေး လုပ်ပေးပါတယ်။

အ၀တ်လျှော်စက်တွေနဲ့ အခြောက်ခံစက်တွေကို သီးသန့်အခန့်တစ်ခု ပြုလုပ်ပေးထားတတ်တယ်။ ဆပ်ပြာမှုန့်ကိုတော့ မင်းကြိုက်တဲ့ဟာ မင်းဝယ်သုံးပေါ့ကွာ။ အ၀တ်လျှော်စက်ထဲကို မင်းလျှော်ချင်တဲ့ အ၀တ်တွေနဲ့ ဆပ်ပြာမှုန့်ထည့်ပြီး လျှော်နိုင်ပါတယ်။ ဒါပေမယ့် ဒီအတိုင်းတော့ မဟုတ်ဘူး။ မင်းအနေနဲ့ ယန်း ၁၀၀ တန် အကြွေစေ့လေးတစ်စေ့ ထည့်ပေးဖို့တော့ လိုတာပေါ့ကွာ။ အဆောင်-၂ နဲ့ အဆောင်-၃ မှာရှိတဲ့ အ၀တ်လျှော်စက် အကြီးတွေမှာဆိုရင်တော့ ယန်း ၁၀၀ တန် အကြွေစေ့ ၂ စေ့ ထည့်ပေးဖို့ လိုအပ်တယ်ကွ။ အဲဒီစက်တွေမှာဆိုရင် တစ်ချိန်တည်းမှာ အ၀တ်အစား အများကြီး ထည့်လျှော်နိုင်တာကိုး။ အ၀တ်လျှော်စက်တွေဟာ ပျမ်းမျှအားဖြင့် မိနစ် ၃၀ လောက် ကြာမြင့်တတ်တယ်။ လျှော်ပြီးတဲ့အခါ အဲဒီအ၀တ်တွေကို အခြောက်ခံချင်မှာပဲ မဟုတ်လား။ အခြောက်ခံစက်ထဲကို ပြောင်းထည့်လိုက်ပေါ့။ ဒါပေမယ့် ဒီအတိုင်းတော့ ဘယ်အလုပ်လုပ်လိမ့်မလဲ။ သူ့ကိုလည်း ယန်း ၁၀၀ တန် အကြွေစေ့လေး ထည့်ပေးဖို့ လိုအပ်တယ်။ အဲဒီလို ထည့်ပြီးရင်တော့ မိနစ် ၂၀ လောက် အခြောက်ခံစက်ထဲမှာ မွှေနေလိမ့်မယ်။ ကဲ... ဘယ်လောက်များ အဆင်ပြေလိုက်သလဲ။ မင်းအနေနဲ့ အ၀တ်အစားတွေကို ယန်း ၂၀၀ လောက် အကုန်ခံပြီး တစ်နာရီလောက်အတွင်းမှာ လျှော်နိုင်၊ အခြောက်ခံနိုင်တယ်လေကွာ။

အဆောင်တိုင်းမှာ ပစ္စည်းသယ်တွန်းလှည်းလေးတွေ ထားရှိပေးထားတယ်။ အလေးအပင် ပစ္စည်းတွေကို မင်းနေတဲ့အဆောင်ကနေ အခြားနေရာ တစ်ခုခုကို ရွှေ့ပြောင်းချင်တဲ့အခါ အဲဒီတွန်းလှည်းလေးတွေကို အသုံးပြုနိုင်တယ်။ သုံးပြီးတဲ့ အချိန်ကျရင်တော့ သတ်မှတ်ထားတဲ့ နေရာမှာ ပြန်ထားပေးပေါ့ကွာ။ အဆောင်တိုင်းမှာ ဆေးလိပ်သောက်ဖို့ လုပ်ပေးထားတဲ့ သီးသန့်နေရာလေးတွေ ရှိတယ်။ ထိုင်ခုံလေးတွေနဲ့ ဆေးလိပ်အစီခံ စွန့်ပစ်နိုင်တဲ့ ပုံလေးတွေ ချပေးထားတယ်။ ဒါ့အပြင် အဆောင်တိုင်းရဲ့ မြေညီထပ်တွေမှာ vending-machine လို့ခေါ်တဲ့ အရောင်းစက်လေးတွေ ထားရှိပေးထားတယ်။ မင်းအနေနဲ့ ဘီယာဗူး၊ ကိုကာကိုလာ၊ လဘက်ရည်ကြမ်း၊ လိမ္မော်ရည် စတဲ့ အအေး/ဘီယာတွေကို ၂၄ နာရီ ၀ယ်ယူသုံးဆောင်နိုင်တယ်။ ခြွင်းချက်အနေနဲ့ ပြောစရာဆိုလို့ ခေါက်ဆွဲခြောက်ဗူးတို့၊ အာလူးကြော်ထုပ်တို့ ၀ယ်ယူနိုင်တဲ့ food machine တွေဟာ အဆောင်-၂ နဲ့ အဆောင်-၃ မှာပဲရှိတာရယ်.... ဘိလိယက်ခန်းမဟာ အဆောင်-၂ တစ်ခုတည်းမှာပဲ ရှိတာရယ်... ကြိုက်တဲ့အချိန် ရေခဲတုံးယူနိုင်တဲ့ ice machine ဟာ အဆောင်-၃ တစ်ခုတည်းမှာပဲ ရှိတာရယ်... ၃ ထပ်ဆောင်ဖြစ်တဲ့ အဆောင်-၁ မှာ ဓာတ်လှေကား မရှိတာရယ်... အပတ်စဉ် အင်္ဂါနေ့တိုင်း မင်းအခန်းမှာ ငှားရမ်းထုတ်ပေးထားတဲ့ ခေါင်းအုံးစွပ်၊ စောင်စွပ်၊ အိပ်ရာခင်းတွေကို အသစ်လဲလှယ်နိုင်တာရယ်... ဒီလောက်ပဲ ပြောစရာရှိပါတယ်။

မင်းမျက်လုံးထဲမှာ ကြိုတင်ပုံဖော် စိတ်ကူးယဉ်ကြည့်နိုင်အောင် ရေးပြလိုက်တာပါ။ မင်းကိုယ်တိုင် ဒီရောက်တဲ့အခါ ကြုံရတွေ့ရမှာတွေ့မို့ ကြိုတင်သိထားရင် မစိမ်းတော့ဘူးလားလို့ပါ။ မင်းတို့တွေ ရောက်လာမယ့်ရက်တောင် အတော်နီးလာပြီနော်။ အချိန်တွေကလည်း ကုန်တာမြန်လိုက်ပါဘိ။ အဲဒါကြောင့်လည်း အချိန်တွေကို ပျံသန်းတယ်လို့ တင်စားသုံးနှုန်းကြတာဖြစ်မယ်။ ဂျပန်မြေကို ခြေချတာ တစ်နှစ်ပြည့်တော့မယ့် ငါတောင်မှ မနေ့တစ်နေ့ကမှ ဒီတက္ကသိုလ်ကို ရောက်လာသလိုမျိုး ခံစားနေရသေးတာပဲလေ။ နောက်စာတွေကျမှ တွေ့ကြသေးတာပေါ့။
(Ichiro Nyanmyokyaw @ IUJ)

Saturday, 12 July 2014

လျှို့ဝှက်ချက်အက်ဥပဒေ ? ? ?


          ယူနတီဂျာနယ်သတင်းထောက်တွေ ပြစ်ဒဏ်ချတဲ့သတင်းများကို ဖတ်ရပါတယ်။ ဥပဒေ နားမလည်တဲ့အတွက် ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီးတော့ မဝေဖန်လိုပါဘူး။ ရိုးရိုးသားသား ၀န်ခံရရင် ဝေဖန်နိုင်လောက်တဲ့ ဥပဒေ ဗဟုသုတလည်း မရှိပါဘူး။ တစ်ခုပဲ သိချင်တာက ဒီလို ဥပဒေမျိုး မြန်မာနိုင်ငံမှာဘဲ ရှိနေတာလား။ တစ်ခြားနိုင်ငံတွေမှာ မရှိဘူးလား။ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ လွတ်လပ်စွာ ရေးသားခွင့်နဲ့ ၀ိရောဓိများ ဖြစ်မနေဘူးလား စသည်ဖြင့် သံသယတစ်ခုကို အရင်းတည်ပြီး လေ့လာ ဖတ်မှတ်မိသမျှ ပြန်လည် မျှဝေလိုက်ပါတယ်။
ပထမဆုံးကတော့ အခြေခံဥပဒေကို ဖတ်ကြည့်ပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖြန့်ဝေခွင့် တွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေ အခန်း (၈) နိုင်ငံသား နိုင်ငံသားများ၏မူလအခွင့်အရေး နှင့် တာဝန်များ အခန်း၊ ပုဒ်မ ၃၅၄ မှာ အခုလို ပြဌာန်းထားတာ တွေ့ရပါတယ်-

၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်-
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်
(ခ) .....

မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ဖတ်ပြီးသကာလ ဒီမိုကရေစီ သက်တမ်း ၂၀၀ ကျော်ပါပြီဆိုတဲ့ အမေရိကန်အခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသား ဖြန့်ဝေခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုပြဌာန်းထားသလဲ ရှာကြည့်ပါတယ်။ အမေရိကန် အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ပြုခဲ့တုန်းက ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ မပါသေးပါဘူး။ အခြေခံဥပဒေကို အတည်ပြုပြီး လေးနှစ်အကြာ ၁၇၉၁ ခုနှစ်မှာ Bill of Rights လို့ နာမည်ကြီးတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်အဖြစ် လွတ်လပ်ခွင့် ပြဌာန်းချက်တွေကို ထပ်ဖြည့်ခဲ့ပါတယ်။ Bill of Rights ပြင်ဆင်ဖြည့်စွက်ချက် ဆယ်ချက်ထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ကို ပြင်ဆင်ချက် အမှတ် ၁ အဖြစ် အခုလို ဖြည့်စွက်ခဲ့ပါတယ်-

Amendment I (1791)
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the government for a redress of grievances. 

အမေရိကန် အခြေခံဥပဒေက ခုလို ခွင့်ပြုထားပုံမျိုးနဲ့ဆို အက်ဒ၀ပ်စနိုဒမ်တို့ ရုရှားတောင် ထွက်ပြေးစရာမလိုဘူးလို့ ကိုယ့်ဘာသာ စောဒက တက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ဘာတွေ တားမြစ်ထားသလဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးကို ဘယ်လိုဥပဒေတွေနဲ့ ကာကွယ်ထားသလဲ လိုက်ရှာကြည့်မိပါတယ်။ လျှို့ဝှက်ချက်တွေ ကာကွယ်တဲ့ ဥပဒေ နှစ်ခု တွေ့ပါတယ်။ ထပ်ပြီး ရှိချင်လည်း ရှိနိုင်ပါသေးတယ်။ အဲသည် နှစ်ခုကတော့ အမေရိကန် သမိုင်းမှာ လျို့ဝှက်ချက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေအဖြစ် ပထမဆုံး ပြဌာန်းခဲ့တဲ့ Defense Secrets Act of 1911 နဲ့ အဲသည်ဥပဒေထဲက အကြောင်းအရာတွေကိုပဲ ထည့်သွင်း ရေးသားပြီး ၁၉၁၇ ဇွန်လ ၁၅ ရက်နေ့မှာ အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့တဲ့ Espionage Act of 1917 တို့ပဲ ဖြစ်ပါတယ်။( ဥပဒေထဲက အကြောင်းအရာ အသေးစိတ်ကိုတော့ မတင်ပြတော့ပါဘူး။ စိတ်ဝင်စားသူများ ဆက်လက်ဖတ်ရှုနိုင်အောင် လင့်ချိတ်ပေးထားပါတယ် ) Defence Secret Act 1911 ပြဌာန်းချက်အချို့ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။




စိတ်ဝင်စားစရာကောင်းတာက အမေရိကန်တို့ ပြဌာန်းခဲ့တဲ့ အထက်ပါ ဥပဒေများဟာ ဗြိတိသျှတို့ရဲ့ Official Secrets Act ကို အခြေခံ ရေးသားထားတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာလည်း ဗြိတိသျှကိုလိုနီ ဘ၀က အင်္ဂလိပ်တွေ ရေးသားပြဌာန်းခဲ့တဲ့ Official Secrets Act ကို ခုထက်တိုင် လက်ခံကျင့်သုံးလျက်ရှိနေပါသေးတယ်။ မြန်မာဘာသာပြန် ရှိပေမယ့် တရားဝင်ပြဌာန်းချက်က အင်္ဂလိပ်လိုပဲ ရှိပါသေးတယ်။ တကယ်ပြဌာန်းတာက အိန္ဒိယမှာ ပြဌာန်းတာပါ။ India Act အဖြစ်ပြဌာန်းခဲ့ပြီး မြန်မာပြည် လွတ်လပ်ရေးရတော့ မြန်မာပြည်ဥပဒေအဖြစ် ဆက်လက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။


          အခု အရေးယူလိုက်တာဟာ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)(က) အရ လို့ သိရပါတယ်။ အဲသည်ပုဒ်မမှာ ဘာရေးထားသလဲ ဖတ်ကြည့်လိုက်တဲ့အခါအခုလို ပြဌာန်းထားတာ တွေ့ရပါတယ်။

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ
====================================
ပုဒ်မ ၃ မှ ကောက်နှုတ်ချက်
=================
၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊
နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ငှာ -
(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊
ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊
ထိုအရပ် အနီးအနားတွင် ရှိနေလျှင်သော် လည်းကောင်း ၊
ထိုအရပ်ကို ၀င်ရောက်လျှင်သော် လည်းကောင်း ။
(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။
(ဂဂ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကားကို ဖြစ်စေ ၊
စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊
မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်းတစ်ခုခုကို ဖြစ်စေ
ရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊
ပုံနှိပ်ထုတ်ဝေလျှင်သော် လည်းကောင်း ၊
အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော်လည်းကောင်း ၊
ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။
ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊
(ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊
၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊
မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊
စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍
ထိုပြစ်မှုကို ကျူးလွန်လျှင်သော်လည်းကောင်း ၊
(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍
အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း ၊
လျှို့ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍
ကျူးလွန်လျှင်သော်လည်းကောင်း ၊
ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။

          အဲသည်လို Official Secrets Act တွေကို နယူးဇီလန်၊ အိုင်ယာလန်၊ ယူကေ၊ ကနေဒါ၊ ဟောင်ကောင်၊ မလေးရှား နဲ့ သြစတေးလျတို့မှာလည်း ပြဌာန်းထားကြောင်း တွေ့ရှိရပါတယ်။ စကားစပ်လို့ ပြောရရင် စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကို ခံယူထားသူများ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖြန့်ဝေချင်တယ်ဆိုရင် အခွင့်အရေးကို အခြေခံဥပဒေက ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိတည်ဆဲ ၁၉၂၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ က တရားဥပဒေ မဟုတ်ဘဲ မတရားဥပဒေကြီးပါလို့ ယူဆကြတယ်ဆိုရင်ဖြင့် ဒီကနေ့ လွှတ်တော်ကြီးတွေ ရှိနေပါပြီ။ မတရားတဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့၊ တရားတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လွှတ်တော်ကြီးက အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် မကြိုက်တဲ့ ဥပဒေတွေများ ရှိရင် တရားဝင်လမ်းကြောင်းကနေ ဖျက်သိမ်းဖို့ ကြိုးစားကြပါ။ သတင်းစာ ဂျာနယ်တွေမှာ ပြူးတူးပြဲတဲတွေ လျှောက်ရေး၊ ဘုရားပေါ်သွားပြီး ဘုရားဖူးတွေ မျက်စိနာက်အောင် ဆုတောင်းပွဲတွေလုပ်၊ ကြေညာချက်လေးတွေထုတ်၊ ဗီနိုင်းလေးတွေရိုက်၊ တီရှပ်လေးတွေ ဝေ၊ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေရုံနဲ့လောက်နဲ့ကတော့ ဖုန်မထပါဘူးလို့ အားနာနာနဲ့ အကြံပေးပါရစေ။

Saturday, 5 July 2014

လူ့အခွင့်အရေး နှင့် စစ်သား


    ခုတစ်လော အခြေခံဥပဒေ ပြင်ဆင်ရေး လှုံ့ဆော်ပွဲတွေမှာ တပ်မတော်သားတစ်ဦးစ နှစ်ဦးစ ဆိုသလို ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အကြောင်း သတင်းတစ်ချို့ ကြားသိရပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် သူတို့မှာလည်း ပါဝင်ပတ်သက်ခွင့်ရှိတဲ့အကြောင်း ပြောကြဆိုကြတာလည်း မြင်ရကြားရပါတယ်။ ဒါကြောင့်မို့လို့ မသိသေးသူတွေလည်း သိရှိနိုင်အောင် သိရှိပြီးသားသူတွေလည်း ပိုမို မှတ်သားနိုင်စေဖို့ ဒီစာစုကို ပြုစုရေးသားလိုက်ပါတယ်။
    တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါဆိုရင် အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတစ်ဦးရဲ့ မူလအခွင့်အရေးတွေကို ခံစားခွင့် ရှိရမှာပေါ့ ဆိုရင်တော့ မှန်တယ်လို့ ပြောလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဖြစ်တဲ့ တပ်မတော်သားတွေရဲ့ နိုင်ငံသား မူလအခွင့်အရေး တစ်ချို့ကို လိုအပ်သလို ကန့်သတ်နိုင်အောင် အခြေခံဥပဒေက ခွင့်ပြုပေးထားလို့ပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခွင့်အရေးကို  တပ်မတော်သားတွေ ခံစားလို့ မရအောင် အခြေခံဥပဒေက ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း ပုဒ်မ ၃၈၂ မှာ အခုလို ပြဌာန်းထားတာကို လေ့လာကြည့်စေချင်ပါတယ်-

၃၈၂။    ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေ၀ပ်မှုများ ရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုရမည်။

    ဒါ့အပြင် ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် လက်မှတ်ရေးထိုး ပြဌာန်းခဲ့တဲ့ ယခုလက်ရှိ ကျင့်သုံးနေဆဲ တပ်မတော်အက်ဥပဒေ ပုဒ်မနှစ်ခုကိုလည်း တင်ပြလိုပါတယ်။ ပထမတစ်ခုက တပ်မတော်သားတွေရဲ့ မူလအခွင့်အရေး အချို့ကို တပ်မတော်အက်ဥပဒေ လိုက်နာရသူများနှင့် သက်ဆိုင်စေရာမှာ ပြောင်းလဲပိုင်ခွင့်အာဏာဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ အခွင့်အရေးကို ပြောင်းလဲပိုင်ခွင့်အာဏာဆိုတာ အခွင့်အရေး တိုးပေးဖို့ မဟုတ်ဘဲ အခွင့်အရေး လျှော့ချကန့်သတ်ဖို့ ဖြစ်ပါတယ်။ ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၉ မှာ အခုလို ပြဌာန်းထားပါတယ်-
   
    ၁၉။တပ်မတော် သို့တည်းမဟုတ် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုနှင့် စပ်လျဉ်း၍ တည်ဆဲ တရားဥပဒေ တစ်ရပ်ရပ်၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမိန့်ကြော်ငြာစာဖြင့် ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦး၏-
    (က) မည်သည့်ဝါဏိဇ္ဖသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ၀ါဏိဇ္ဖသမဂ္ဂအမျိုးအစား၊ အလုပ်သမားသမဂ္ဂအမျိုးအစား၊ အဖွဲ့၊ အဖွဲ့အစည်း၊ အသင်း၊ အဖွဲ့အမျိုးအစား၊ အဖွဲ့အစည်းအမျိုးအစား၊ သို့တည်းမဟုတ် အသင်းအမျိုးအစား တစ်ခုခုတွင်မဆို၊ အသင်းဝင်ဖြစ်ရန် အခွင့်အရေး၊ သို့တည်းမဟုတ် အဆိုပါ သမဂ္ဂ၊ သို့တည်းမဟုတ် အသင်းအဖွဲ့တစ်ခုခုနှင့် တစ်နည်းနည်း ဆက်သွယ်ရန် အခွင့်အရေး၊
    (ခ) နိုင်ငံရေး သို့တည်းမဟုတ် အခြားအရေးကိစ္စများအတွက် လူတစ်စုက ကမကထ ပြုလုပ်သည့် လူထုဆန္ဒပြပွဲ သို့တည်းမဟုတ် အစည်းအဝေးသို့ တက်ရောက်ရန် အခွင့်အရေး သို့တည်းမဟုတ် ထိုဆန္ဒပြပွဲတွင် သော်လည်းကောင်း၊ ထိုအစည်းအဝေးတွင် သော်လည်းကောင်း ဟောပြောရန် အခွင့်အရေး၊
    (ဂ) စာပုံနှိပ်တိုက်နှင့် ဆက်သွယ်ရန်၊ သို့တည်းမဟုတ် စာအုပ်၊ စာ၊ သို့တည်းမဟုတ် အခြား စာတမ်းအမှတ်အသား တစ်ခုခုကို ပုံနှိပ်ထုတ်ဝေရန်အခွင့်အရေး၊ သို့တည်းမဟုတ် ပုံနှိပ်ထုတ်ဝေစေရန် အခွင့်အရေး၊
ကို ကန့်သတ်လိုသည့် နည်းဖြင့် ကန့်သတ်လိုသမျှကန့်သတ်ရန် နည်းဥပဒေများ ပြုနိုင်သည်။


တပ်မတော် အက်ဥပဒေ ပုဒ်မ ၆၅ မှာလည်း အခုလို ပြဌာန်းထားပြန်ပါသေးတယ်

ပုဒ်မ (၆၅)
    ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးသည်၊ ဤအက်ဥပဒေတွင် သီးခြား ဖော်ပြမထားသော်လည်း စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိခိုက်သော ပြုလုပ်မှုကို ပြုလျှင်၊ သို့တည်းမဟုတ် စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်း ထိခိုက်အောင် ပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။
   

          ဒါတွေကို လေ့လာကြည့်ရင် တပ်မတော်သားတွေဟာ တပ်မတော်သားမဟုတ်တဲ့ ပြည်သူတွေ ရရှိခံစားနေရတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ခံစားလို့ မရကြောင်း၊ တစ်နည်းပြောရရင် စစ်သားဆိုတာ အရပ်သား မဟုတ်ကြောင်း ၊ နောက်တစ်နည်း ထပ်ပြောရရင် ကမ္ဘာပေါ်မှာ သိပ်ပြီး ခေတ်စားနေတဲ့ လူ့အခွင့်အရေးဆိုတာ စစ်သားတွေအတွက်တော့ အကန့်အသတ်ရှိကြောင်း၊  စစ်သားဆိုတာ အထူး အခွင့်အရေးကန့်သတ်ထားရတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း လက်လှမ်းမီသမျှ ပြုစုတင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ထားတာတွေကလည်း မြန်မာပြည်မှာတင်မဟုတ်ပါဘူး။ ဘယ် ဒီမိုကရေစီ နိုင်ငံပဲ ဖြစ်ဖြစ် အာဏာရှင်နိုင်ငံပဲ ဖြစ်ဖြစ် ကွန်မြူနစ်နိုင်ငံပဲ ဖြစ်ဖြစ် ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံပဲဖြစ်ဖြစ် ဒီလိုပဲ စစ်သားတွေကို အခွင့်အရေး ကန့်သတ်ထားရကြောင်း နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပေးပါ့မယ်။