Sunday, 29 January 2017

စီရင်ချက်


. . . ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်ထဲထွက်တဲ့ မြစ်ဝကျယ်တစ်ခုထဲ ဖိုင်ဘာစက်လှေလေးတစ်စီးပေါ်မှာ လှိုင်းဒဏ်လေဒဏ် လိမ့်နေအောင် ခံရတုန်းက သေဖို့အကြောင်း တစ်ခါတွေးမိဖူးတယ်။ ပင်လယ်ဆိုတာလဲ တစ်ခါမှ မမြင်ဖူး မရောက်ဖူးသူအတွက် ပင်လယ်ဝမှာ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတာကိုကပဲ ကမ်းမမြင် လမ်းမမြင်မဟုတ်လား။ ဒါတင်မက စီးလာတဲ့ လှေကလည်း အင်မတန် ပေါ့ပါးတဲ့ ဖိုင်ဘာလေ အသေးစားလေးဆိုတော့ လှိုင်းတွေကြားမှာ လူးချင်တိုင်း လူးနေတော့တာပေါ့။ ရေကူးလို့ရတယ် ဆိုအုံးတော့ ခုလို အခြေအနေမျိုးမှာ လှေသာမှောက်သွားလို့ကတော့ ကမ်းထိရောက်အောင် ကူးနိုင်ဖို့က မလွယ်၊ လှေနံနှစ်ဘက်ကို လက်နဲ့ တင်းတင်းဆုပ် ငြိမ်ငြိမ်လေး ထိုင်ပြီး ရတနာသုံးပါး အာရုံပြုရုံက လွဲလို့ ဘာမှလည်းလုပ်မရတဲ့အတူ အခုနေများ သေသွားရင် ဆိုတဲ့အတွေးကို ဘ၀မှာ ပထမဆုံး အကြိမ်အဖြစ် စိမ်ပြေနပြေ ထိုင်တွေးဖူးတာပါပဲ . . .
.
. . . အခုနေ သေမယ်ဆို သေလို့ရပြီလားလို့ တွေးတာပါ။ ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် လုပ်သင့်လုပ်ထိုက်တာတွေ ဘယ်လောက်အထိ လုပ်ခဲ့ပြီးပြီလဲ တာဝန်တွေ ကျေတန်သရွေ့ ကျေပြီလားပေါ့။ အဲသည်တုန်းက တွေးမိတာလေးတွေ အခုနေ ပြန်တွေးကြည့်ရင် ကောက်ချက်ချပုံ ကွဲလွဲကောင်းတော့ ကွဲလွဲနိုင်ပေမယ့် အဲသည်တုန်းက ကိုယ့်ဘ၀ကိုယ် ပြန်သုံးသပ်ပြီး ချလိုက်တဲ့ ကောက်ချက်က ငါသေလို့ရပြီဆိုတဲ့ ကောက်ချက်ပါပဲတဲ့ . . .
.
. . . ငယ်ငယ်တုန်းက စိတ်အခန့်မသင့်တဲ့အခါ အဖေအမေအပေါ် ညီအစ်ကို မောင်နှမတွေအပေါ် ဆိုးမိခဲ့တာမျိုး ရှိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ယေဘုယျအားဖြင့် မိသားစုအပေါ် လိမ္မာတယ် ယူဆထားပါတယ်။ ကျောင်းပြီးပြီ ဆိုကတည်းက အမေ့အိမ်က ပိုက်ဆံလုံးဝ မတောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင်နေခဲ့တယ်။ နောက်ပိုင်းမှာ အမေ့ကိုလည်း အထိုက်အသင့် ပြန်ကန်တော့ နိုင်ခဲ့တယ်။ ညီမလေးကို ကျောင်းပြီးအောင်ထားနိုင်ခဲ့တယ်။ အခု ညီမလေးက အမေ့ကို ပြန်စောင့်ရှောက်နိုင်ပြီ။ ကျွန်တော်မရှိလည်း ဖြစ်ပြီပေါ့ . . .
.
. . . ပန်းပွင့်လေးက အဲသည်တုန်းက လသားလောက် ရှိအုံးမှာ။ အခုနေ သေသွားရရင် ပန်းပွင့်လေးအပေါ် အဖေတာဝန် မကျေနိုင်တော့ပေမယ့် ပန်းပွင့်လေးမေမေကို စိတ်ချတယ်လေ။ ပန်းပွင့်လေးဟာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းခွင့်ရအောင် ပန်းပွင့်လေး မေမေရယ် ညီအစ်ကိုမောင်နှမတွေရယ်က ၀ိုင်းပြီး စောင့်ရှောက်ကြမှာပဲ။ ကျွန်တော်မရှိတော့ပေမယ့် လောကကြီးမှာ ကျွန်တော့်မျိုးဆက်ကလေးတော့ ကျန်နေရစ်ပြီလေ။ အမေတို့ မမတို့ ပန်းပွင့်လေးမေမေတို့ ကျွန်တော့်ကိုယ်စား ကြည့်စရာ ချစ်စရာ လောကကြီးမှာ ရှိနေပြီပဲ. . .
.
. . . နိုင်ငံအပေါ်မှာရော ဘယ်လောက်တာဝန်ကျေပြီလဲ။ ကျေတန်သရွေ့တော့ ကျေခဲ့ပြီလို့ ယူဆမိတယ်။ ကိုယ်ရောက်တဲ့နေရာမှာ စိတ်ကောင်းစေတနာနဲ့ ပညာနဲ့ လုံ့လနဲ့ စိုက်ထုတ်ပြီးတော့ အကောင်းဆုံးကြိုးစားကြီး လုပ်ခဲ့တယ်။ အဖျင်းဆုံးတော့ လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဆွေတွေကြားမှာ စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုရအောင် လုပ်ခဲ့ပြီပဲ. . .
.
. . . သံသရာ အတွက်ကရော . . .။ ငယ်ငယ်တုန်းကတော့ ရှေးဘ၀တွေ နောက်ဘ၀တွေကို စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ ရှေးဘ၀ နောက်ဘ၀ဆိုတာကို သိပ်စိတ်ဝင်စားတာ မရှိတော့သလိုပဲ။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းက ဆရာမတွေ ကျေးဇူးနဲ့ ချမ်းမြေ့ရိပ်သာမှာ တရားအားထုတ်နည်း သင်ဖူးတော့ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်တတ်ဖို့ လေ့ကျင့်ခန်း ရထားပြီး အလျဉ်းသင့်ရင်သင့်သလို ကိုယ့်စိတ်ကိုယ့်ခန္ဓာရဲ့ လက်ရှိအခြေအနေကိုပဲ စောင့်စောင့်ကြည့်နေတတ်တာမို့ နောက်ဘ၀တွေဘာတွေကို သိပ် အာရုံမထားမိတော့ဘူး။ အခုလည်း ရတနာသုံးပါးကို အာရုံလည်းပြု ကိုယ့်စိတ်မှာ ဖြစ်နေတာကိုလည်း သေချာမြင်အောင် ကြည့်နေရင်း အခုနေများ ဘ၀ကူးရရင် လောဘစိတ် ဒေါသစိတ်တွေ အပါးလျားဆုံးနဲ့ ကိုယ့်ကိုယ်ကို သတိကပ်ရင်း ဘ၀ကူးမယ်လို့ သတိခါးတောင်းကျိုက်ထားလိုက်တယ်။ ဒါပေမယ့် တကယ့်တကယ် ရေထဲပြုတ်ကျသွားရင် လူတို့ရဲ့ ပဋိသန္ဓေစိတ်အခံအရ ဒီလိုချည်းတော့ မလှုပ်မရှား အသေခံမယ်မဟုတ်ဘူးလေ။ မလွတ်နိုင်မှန်း သိရင်တောင် ဇနက္ကထုံး နှလုံးမူပြီး ရေတော့ ကူးရအုံးမယ် မဟုတ်လား။ ယောက်ျားတို့လုံ့လ သေခါမှ လျှော့ရမယ်မဟုတ်လား။ မဏိမေခလာတော့ ရောက်မလာနိုင်ပေမယ့် တံငါလှေလေးဘာလေးနဲ့ တွေ့နိုင်သေးတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေ လှေမှောက်လို့ ရေထဲ ကူးနေရပြီဆိုရင်တောင် အတတ်နိုင်ဆုံး သတိလက်မလွတ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးထားဖြစ်ခဲ့တယ်. . .
.
. . . အဲသည်တုန်းကလို အတွေးမျိုး အခုလည်း တစ်ခါတွေးမိပြန်တယ်။
.
. . . အခုက သေဘေးကြုံနေရတဲ့ အခြေအနေ မဟုတ်ပေမယ့် ငါသေသွားရရင်လို့ တွေးမိတိုင်း ပန်းပွင့်လေးမျက်နှာကိုပဲ ပြေးပြေး မြင်မိနေတော့တယ်။ ကိုယ်တွေ အချိန်တန်အရွယ်ရောက်လို့ ကိုယ့်လမ်းကိုလျှောက်တဲ့အချိန်ကျမှ အဖေမဲ့ရတဲ့ဘ၀ကို ရောက်ခဲ့တာတောင် နှလုံးသားထဲက လစ်လပ်သွားတဲ့ အဖေ့မေတ္တာဆိုတဲ့ ကွက်လပ်ကြီးကို ဘာနဲ့မှ ပြန်ဖြည့်ဆည်းလို့ မရနိုင်ခဲ့တာ အခုချိန်ထိ မဟုတ်လား။ လူမမယ် ပန်းပွင့်လေး အခုနေခါ အဖေသာ မရှိတော့ဘူးဆိုရင် ဘယ်လိုပင် ၀ိုင်းဝန်း ပြုစုပျိုးထောင် စောင့်ရှောက်ကြသော်လည်း အဖေဆိုတဲ့ ကွက်လပ်တစ်ခုကို ပြန်ဖြည့်ဆည်းဖို့ဆိုတာ လွယ်နိုင်ပါ့မလား။ လောကကြီးတစ်ခုလုံး ဘယ်သူ့ဘယ်သူအတွက်မှ ရှင်သန်ပေးနေဖို့ မလိုဘူး ဆိုရင်တောင် ပန်းပွင့်လေး တစ်ယောက်အတွက်ကတော့ အဖေအဖြစ် ဆက်နေပေးဖို့ မရှိမဖြစ် လိုအပ်နေသေးတာကြောင့်မို့ ငါသေလို့ မရသေးပါဘူးလေ လို့ပဲ ကိုယ့်တရားကို စီရင်လိုက်ပါတယ် . . .
.
၂၀၁၇ ဇန်န၀ါရီလ ၂၉ ရက်

Friday, 27 January 2017

အိုင်ဖုန်း ဆယ်နှစ်ပြည့်


အိုင်ပေါ့ရယ် မိုဘိုင်းဖုန်းရယ် အင်တာနက်ရယ် သုံးမျိုးပေါင်းထားတဲ့ လက်ကိုင်အရွယ်အပြားလေးကို အိုင်ဖုန်းလို့ နာမည်ပေးပြီး ထုတ်လုပ်ဖြန့်ချီလိုက်ကြောင်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ နည်းပညာ ပြပွဲတစ်ခုမှာ ကမ္ဘာကျော် အဲပဲကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ စတိဂျော့က စတင်မိတ်ဆက်ခဲ့တာနဲ့အတူ ကမ္ဘာ့မိုဘိုင်းဖုန်းလောက တစ်ခေတ် ဆန်းသစ်ခဲ့ပါတယ်။ အဲသည်လို အများပြည်သူရှေ့ တင်ဆက်ပြနိုင်ဖို့အတွက် စတိဂျော့က နှစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရပါသတဲ့။ အခုဆိုရင် အိုင်ဖုန်းပေါ်တာ ဆယ်နှစ်ပြည့်ပါပြီ။ ကျွန်တော် ဂျပန်ပြည်ကို စတင်ခြေချမိတဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ဂျပန်ပြည်မှာ အိုင်ဖုန်းမျိုးဆက် အမှတ်ခြောက် စတင်ဖြန့်ချိတဲ့ ရက်ဖြစ်ပါတယ်။
.
ဓာတ်ပုံထဲက ကျွန်တော်ဘေးမှာ ရပ်နေတဲ့ အိုင်ဖုန်းဖခင်ကြီး စတိဂျော့ ကတော့ အသက် ၅၆ နှစ်အရွယ်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ သူမရှိတော့ပေမယ့် သူမွေးဖွားပေးခဲ့တဲ့ အိုင်ဖုန်းကတော့ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် တိုးတက်ရှင်သန်နေဆဲ လူတွေအများကြီးရဲ့ နှလုံးသားကို ညှို့ယူဖမ်းစားနေနိုင်ဆဲပါပဲ . . .

Sunday, 18 December 2016

လှမေ


. . . ခုတစ်လော လှမေကိုပဲ သတိရရနေမိတယ်။ တိုက်ဆိုင်လို့လား ဆိုတော့လည်း မဟုတ်ဘူး။ လှမေနဲ့ ပတ်သက်တာလည်း တစ်ခုမှ ကြုံရကြားရတာ မရှိဘူး။ မရှိဆို လှမေနဲ့ နည်းနည်းလေးလောက် တူတာတောင်မှ ဒီအရပ်မှာ ရှိတာမဟုတ်။ ဒါနဲ့များ လှမေကို ဘာလို့ သတိရနေမိတာပါလိမ့်။
.
. . . ခါတိုင်းလည်း သတိရတဲ့အခါ ရှိပါတယ်။ ပန်းပွင့်လေး သိပ်ကြိုက်တဲ့ ဘာဘီကာတွန်းကားလေးထဲမှာ လှမေကို သတိရစရာလေးတွေရှိတယ်။ အခုတော့ ပန်းပွင့်လေးလည်း အနားမှာမရှိတော့ ဘာဘီကာတွန်းကားလည်း မရှိ၊ လှမေကို သတိရစရာလည်း မရှိ။ ဒါပေမယ့် လှမေကို ဘာကြောင့်များ သတိရရနေမိပါလိမ့် တွေးရခက်တယ်
.
. . . လှမေဆိုတာ အင်မတန်ချော အင်မတန်လှ အင်မတန် လိမ္မာတဲ့ ကိုပွကြီးရဲ့ သမီးလေးနာမည်။ ကိုပွကြီးကလည်း သူ့သမီးလေးဆို သိပ်ချစ်တဲ့ပုံပဲ။ ရိုက်ဟယ်နှက်ဟယ်ဆိုတာများ မမြင်ဖူးမကြားဖူး၊ တစ်ခါတစ်လေ ပြောမရ ဆိုမရ ဖြစ်ရင်တောင် သမီး လှမေ ဆိုပြီး လေအေးလေးနဲ့ ချော့လိုက်တာနဲ့ လှမေတို့က ချက်ချင်းကို လိမ္မာသွားတာ ဆိုတာမျိုး။ လှမေ ဆိုတဲ့ နာမည် ဘယ်သူပေးထားတာလဲ ဆိုတာတော့ မသိပေမယ့် နာမည်လိုပဲ ဒေါင်ကောင်းကောင်း ချောချောသန့်သန့်ကြီး။ လှမေဆိုတဲ့ နာမည်နဲ့ သိပ်လိုက်တယ်။
.
. . . လှမေ လှမေ နဲ့ တစ်လှမေတည်း လှမေနေတော့ လှမေဆိုတာ ရွာမှာ ကျန်ခဲ့တဲ့ ဗိုလ်ကောင်းရဲ့ ငယ်ကျွမ်းဆွေလေးတွေထဲက တစ်ယောက်လို့ ထင်နေအုံးမယ်။ ငယ်ကျွမ်းဆွေတော့ ငယ်ကျွမ်းဆွေပါ ဒါပေမယ့် လှမေက လူမဟုတ်ဘူးဗျ။ ကိုပွကြီးရဲ့ မြင်းမလေး နာမည်။ ကျွန်တော်တို့ရွာနီးချုပ်စပ်မှာ ရှိသမျှ မြင်းလှည်းတွေထဲမယ် ကိုပွကြီးမြင်းလှည်းလောက် စတိုင်ကျတဲ့ မြင်းလှည်း မရှိသလို ကိုပွကြီးသမီး လှမေလောက် ချောတဲ့ သန့်တဲ့ မြင်းလည်း မရှိဘူးဗျ။ မရှိဆို ကိုပွကြီးက ကိုယ်ကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့်နေတဲ့ လူချောလူလှ ဖြစ်တဲ့အပြင် သူ့မြင်းကိုလည်း တကယ့်သမီးလေးလို သဘောထားတာကိုး။ ညနေတိုင် မြင်းလှည်းဖြုတ်ပြီးလို့ နားပြီလားဆိုရင် ကိုပွကြီးက ဘယ်သူခေါ်ခေါ် မလိုက်တော့ဘူးဗျ။ ဘာလို့လည်း ဆိုတော့ သူ့သမီး စပါးတွေစားထားတာ အစာမကျေသေးတော့ ပြေးလိုက်ရင် ဗိုက်ထဲမှာ စူးမှာစိုးလို့တဲ့။ သူ့သမီးကို အဲသလောက် အရိပ်တကြည့်ကြည့် ဂရုစိုက်မှတော့ လှမေ လှတာပတာ သခင့်စကား နားထောင်တာ အဆန်းလားဗျာ
.
. . . ကျွန်တော်တို့ ရှင်ပြုတော့ လှမေကို စီးချင်လို့ လုရသေးတယ်။ အလှူမတိုင်ခင် အစောကြီးကတည်းက ကြိုပြောထားရတာ။ ကိုပွကြီး အနော်ရှင်ပြုရင် လှမေကို စီးမှာနော်။ ကိုပွကြီးက မြင်းထိန်းလုပ်ဆိုပြီး။ တကယ်လည်း ရှင်ပြုတော့ လှမေကို စီးခဲ့ရပါတယ်။ ကိုပွကြီးကတော့ မိုးချုပ်မျက်မှန်နဲ့ ကော်လာပြား အကျီင်္ဖြူနဲ့ ပလေကပ်ပုဆိုးနဲ့ မြင်းထိန်းကြီးပေါ့။ အနီးအနား ရေနီလောက်ဘာလောက် သာရေးနာရေး ရှိရင်လည်း လေးငါးဆယ်ယောက် စုသွားမယ်ဆို ကိုပွကို ခေါ်ရတယ်။ ခရီးထောက်တဲ့အခါကျတော့ မြင်းပိန်မြင်းကတ်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ လှမေလို လိမ္မာတဲ့မြင်းမျိုး ကိုပွကြီးလို စိတ်သဘောကောင်းတဲ့ မြင်းလှည်းသမားမျိုးမှ ခရီးဝေးခေါ်ရဲတာကလား။ နို့မဟုတ်ရင် လမ်းမှာ ကိုးတိုးကတ်တတ် လုပ်နေရင် ခက်ရချည်ရဲ့ ဆိုပြီး
.
. . . ကိုပွကြီးကလည်း ကိုပွကြီးပဲဗျ။ အသားညိုညို ပိန်ပိန် သွယ်သွယ် မျက်နှာချိုတဲ့အပြင် အားနေရင် သီချင်းလေး တညည်းညည်း လေကလေး တချွန်ချွန်နဲ့။ ဂီတနက်သန် ကိုစောညိမ်း သီချင်းတွေဆို ကိုပွကြီးရဲ့ အကြိုက်ဆုံးတွေထဲများ ပါမလားပဲ။ ငယ်ငယ်က အိမ်မှာ လေဒီယိုလေး တစ်လုံးပဲ ရှိတော့ သီချင်းတွေဘာတွေဆိုတာလည်း အကျအန သိပ်နားထောင်ဖြစ်တာ မဟုတ်။ ကိုပွကြီးကတော့ သီချင်းကို အသံနေအသံထားနဲ့ ဆိုလိုက် လေလေးချွန်ပြီး တီးလုံးလေးလိုက်လိုက် ဆိုတော့ ကိုပွကြီးတို့အိမ်မှာ သွားဆော့နေချိန် ကိုပွကြီးများ ရှိနေလို့ကတော့ သီချင်းသံလေးတွေ အကျအနကို နားထောင်ရတာ။ ရွာကြီးသူစံပယ်နွဲ့ ဆိုတဲ့သီချင်းကို ကိုပွကြီး ဆိုဆိုနေတာ အခုနေတောင် နားထဲမှာ ကြားယောင်နေမိပါသေးရဲ့
.
. . . ကိုပွကြီးကတော့ အေလာဘက်က အစ်မတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အေလာမှာပဲ လိုက်နေနေသလား၊ ကလေးတွေရော ဘယ်နှစ်ယောက်တောင် ရနေပြီလဲ၊ လှမေကြီးရော။ အခုနေ ရှိနေသေးရင် လှမေအသက်ကြီးလှရောပေါ့။ ဒီတစ်ခါ ကိုပွကြီးနဲ့တွေ့ရင် ကျွန်တော့်ရဲ့ ငယ်ကျွမ်းဆွေ လှမေကြီးအကြောင်း မေးအုံးမှပါ။ ဒီစာဖတ်မိတဲ့ သူတွေလည်း ကိုပွကြီး နဲ့ မိသားစု ကျန်းခန့်သာလို့ မာပါစေကြောင်း ကျွန်တော့်ရဲ့ မေတ္တာဆုတောင်းကို လက်ဆင့်ကမ်းပေးလိုက်ကြပါအုံးဗျာ

Friday, 16 December 2016

ဆနွင်းမကင်း စားချင်တယ်


. . . ငါးတန်းကျောင်းသားဖြစ်လို့ အထက်တန်းကျောင်းကြီးကို တက်ရတော့ အမေက တစ်နေ့ကို မုန့်ဖိုး တစ်ကျပ်ပေးတယ်။ တစ်ကျပ်ဆိုတာ ကျောင်းက ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ပွဲ စားလို့ ရပေမယ့် မကျွက် မုန့်ဟင်းခါးမှ မုန့်ဟင်းခါး ထင်နေတဲ့သူဆိုတော့ ဒေါ်သန်းလှရဲ့ တစ်ကျပ်တန်က ဘယ်လိုမှ ပါးစပ်ထဲ မတိုးဘူး။ တစ်ခြား ကိုယ်စားချင်တာ တစ်ခုရှိတယ်။ အဲဒါက အနည်းဆုံး ငါးကျပ်ဖိုးမှ ရောင်းတာဆိုတော့ တစ်ပတ်နေမှ တစ်ခါပဲ စားလို့ ရမှာ။ ဒါပေမယ့် ကိုယ်က သည်းခံပါတယ်။ အမေပေးတဲ့ မုန့်ဖိုးတစ်ကျပ်ကို အမေ့ ပြန်အပ်ထားပြီး ငါးရက်တစ်ဈေး ဈေးနေ့ကျမှ ဈေးထဲမှာ ဗန်းဝိုင်းကြီးတွေနဲ့ တည်ရောင်းတဲ့ ဆနွင်းမကင်းနဲ့ ကျောက်ကျောရောရာ ငါးကျပ်ဖိုး ၀ယ်ပေးဖို့ အမေ့ကို မှာပါတယ်။ အမေက ငါ့သား စားချင်ရင် အမေ၀ယ်ကျွေးပါ့မယ် တစ်နေ့တစ်ကျပ် မုန့်ဖိုးကို သုံးပါ ဆိုပေမယ့် မောင်နှမတွေကြားမှာ ဒီလို အခွင့်အရေးယူရင် မမျှတဘူး ထင်လို့ လက်မခံခဲ့ဘူး။ မုန့်ဖိုးတစ်ကျပ်ကို အမေ့ကို ပြန်အပ်သလို အမေကလည်း မမေ့မလျော့ ၀ယ်ဝယ်လာပေးပါတယ်။ နောက်ပိုင်းကျတော့ အမေ့ကို ဆနွင်းမကင်း ၀ယ်လာပေးဖို့ မမှာတော့ဘူး။ ခြောက်တန်း ခုနစ်တန်းလောက်ကစပြီး တစ်နေ့တစ်ကျပ် မုန့်ဖိုးကိုတောင် မတောင်းဖြစ်တော့တာ ဆယ်တန်းအောင်တဲ့အထိပဲ။
.
. . . ဘာရယ်မဟုတ်ဘူး ဒီအချိန်ဆို ဗိုက်က ဆာဆာလာတတ်လို့ စားချင်တာလေးတွေ လျှောက်တွေးမိရင် ငါးတန်းတုန်းက အကြောင်းကို သတိရသွားတာ။ လောလောဆယ်တော့ ဆနွင်းမကင်းလေး ရရင် စားချင်သား
.
(ဂျပန်စံတော်ချိန် မနက် လေးနာရီဆယ့်ငါး)

Wednesday, 7 December 2016


. .This is the class presentation of International Politics course. My topic is “Myanmar’s Reform and Opening”. To be specific, the topic is “Why the military leaders made a strategic decision to pursue reform and opening although they are believed to have enough capacity to control the authority of the state for many more years?” The photos on the screen simply show that the president is listening very attentively to the state counsellor in two different occasions, and the state counsellor alone is confidently smiling. The photos definitely reflect the current polity of Myanmar where the constitutional head of state has to listen to the person whose governmental post was artificially created out of the constitutional provisions.

Thursday, 17 November 2016

စိတ်ပျက်ခြင်းကြီးစွာ


. . . နိုင်ငံခြားရေးမူဝါဒချမှတ်ကျင့်သုံးခြင်းဆိုင်ရာစိစစ်လေ့လာရေး ဘာသာရပ် (Foreign Policy Analysis) မှာ ဒီကနေ့ ပို့ချတဲ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆရာက စဉ်းစားစရာ မေးခွန်းတစ်ခု မေးပါတယ်။ ပညာရေးနောက်ခံအခြေအနေချင်းတူတဲ့ မျိုးဆက်နှစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရာမှာ စဉ်းစားပုံချင်း တူသလားဆိုတဲ့ သဘောဆန်ဆန် မေးခွန်းဖြစ်ပါတယ်။ ဆရာက အဲသည်မေးခွန်းကို မေးတဲ့အချိန်မှာ (မေးခွန်းနဲ့ ဆိုင်လား မဆိုင်လားတော့ မသေချာပေမယ့်) ကျွန်တော့်ခေါင်းထဲ ကာလကြာရှည် စွဲစွဲမြဲမြဲ မှတ်မိနေတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြီး စဉ်းစားသွားမိပါတယ်။
.
. . . ကျွန်တော် ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့မရခင် တစ်နှစ်အလို ၂၀၀၄ ခုနှစ်လောက်တုန်းက ဝေသာလီဆောင် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှာ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်းတစ်ခု ဖွင့်ပါတယ်။ တစ်ခြား ဌာနအသီးသီးကလည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းတွေ အပြိုင်အဆိုင် ဖွင့်နေကြတဲ့အချိန်ပါ။ ကံအကြောင်းအားလျော်စွာ နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာ သင်တန်း အပတ်စဉ် တစ်မှာ တစ်ရက်ကို နှစ်နာရီနဲ့ တစ်နှစ်ကြာ တက်ခွင့်ရပြီးတဲ့နောက် ကျွန်တော့်နှလုံးသားထဲ ယုံကြည်ချက်တစ်ခု တစ်ခုရောက်လာပါတယ်။ အဲဒါကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ ၀ိဇ္ဇာပညာလို့ ကျွန်တော်တို့ခေါ်ကြတဲ့ ပထ၀ီ သမိုင်း နိုင်ငံတကာဆက်ဆံရေး စတဲ့ ပညာရပ်တွေ တတ်မြောက်ဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်ပဲ့ကိုင် မောင်းနှင်နေကြတဲ့ မူဝါဒချမှတ်သူများမှာ ဒီပညာရပ်ကို မလွဲမသွေ တတ်မြောက်ထားဖို့ လိုအပ်တယ်ဆိုတာ ယုံကြည်လာမိပါတယ်။
.
. . . တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာဆက်လက် ပါဝင်မယ်လို့ အမျိုးသားညီလာခံ ဦးတည်ချက်တွေ ချမှတ်တဲ့အထဲ ပါနေတော့ တပ်မတော်ကလည်း အဲသည်ဝိဇ္ဇာပညာတွေ သေသေချာချာ တတ်မြောက်ထားမှ ဖြစ်မယ်လို့ နားလည်ထားပါတယ်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ တက်နေတုန်းအချိန်က ရန်ကုန်မှာ ရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဆရာတစ်ယောက်နဲ့အတူ စာတွေလုပ်ကူဖူးတော့ အဲသည်မှာ သင်ကြားပို့ချ လေ့လာရတဲ့ ဘာသာရပ်တွေထဲမှာ အထက်က ပြောခဲ့တဲ့ ၀ိဇ္ဇာပညာရပ်တွေလည်း တော်တော်များများပါတယ်ဆိုတာ (ကျွန်တော်မြင်ခဲ့သလောက်) တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် စစ်မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့တွေမှာ ဌာနချုပ်တွေမှာ စစ်ဆင်ရေးအလုပ် အုပ်ချုပ်စီမံခန့်ခွဲရေးအလုပ် ဦးစီးအလုပ်တွေနဲ့ ကျင်လည်ခဲ့ရတာများတဲ့ အဆင့်မြင့်တပ်မှူးကြီးတွေ အဆင့်ရောက်မှ တက်ခွင့်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်လို နေရာမျိုးရောက်မှ တစ်နှစ်တာအတွင်း တက်သုတ်ရိုက် သင်ကြားပို့ချလေ့လာကြရတာက နောင်အခါမှာ ထမ်းဆောင်ရနိုင်ဖွယ်ရှိတဲ့ မူဝါဒပိုင်းဆိုင်ရာ တာဝန်တွေအတွက် အဆင်သင့် ပြင်ဆင်ပေးနိုင်ပါရဲ့လားဆိုတာ တွေးမိပါတယ်။ နောက်ပြီးတော့ ခုနင်က ပြောခဲ့တဲ့ တာဝန်တွေကို အပတ်တကုတ် ထမ်းဆောင်ရင်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ရတဲ့ အခြေအနေကို ရောက်လာခဲ့ကြတဲ့ တပ်မှူးကြီးများက ကိုယ့်ဘာသာ ၀ါသနာပါလို့ လေ့လာ ဖတ်မှတ်ခဲ့တာ မရှိခဲ့ဘူးဆိုရင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တစ်နှစ်တာအတွင်း ပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို ထိုက်တန်သရွေ့ ခံယူနိုင်ကြရဲ့လား ဆိုတာကိုလည်း အတွေးပွားမိပါတယ်။ စစ်တက္ကသိုလ်လို ကျောင်းမျိုးကနေ တက္ကသိုလ်အဆင့်လောက်က စသင်ပေးတာ၊ ဘွဲ့ရပြီးပြီ ဆိုရင်လည်း အကြောင်းအားလျော်စွာ ဆက်လက် ပညာဆည်းပူးဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာ စတာတွေကို စဉ်ဆက်မပြတ် လုပ်နေဖို့လိုအပ်နေတယ် ဆိုတာလည်း ထင်မြင်ယူဆမိပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆင်းရင် စစ်တက္ကသိုလ်မှာ ဆရာလုပ်ကြမယ်။ တို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို တတ်နိုင်သလောက် အကောင်အထည်ဖော်ကြမယ်ဆိုပြီး လက်တောက်လောက်ရှိတဲ့ ကိုယ့်ရာထူး ကိုယ့်အဆင့်မှ အားမနာ စိတ်တူကိုယ်တူ စေတနာတူ သူငယ်ချင်းတွေ တိုင်ပင်အိပ်မက် မက်ခဲ့ကြပါသေးတယ် . . .
.
. . . အဲသည်စိတ်ကူးတွေ အတွေးတွေ တွေးမိတယ်ဆိုတဲ့ ၂၀၀၅ ခုနှစ်လောက်က စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာသင်ကြားပို့ချတဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ ၁၉၉၉ ခုနှစ် အမှတ်စဉ် ၄၀ အထိ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့နဲ့ သိပ္ပံဘွဲ့ နှစ်မျိုး အပ်နှင်းပြီး ၂၀၀၀ ပြည့်နှစ် အမှတ်စဉ် ၄၁ နဲ့ ၄၂ အတူတူ ကျောင်းဆင်းကြတဲ့ နှစ်မှာ ကွန်ပျူတာသိပ္ပံဘွဲ့ ထပ်တိုး အပ်နှင်းတယ်လို့ မှတ်သားမိပါတယ်။ အမှတ်စဉ် ၄၃ ကျောင်းဆင်းတဲ့ ၂၀၀၁ ခုနှစ်က စပြီး ဘာသာရပ်အထူးပြုစနစ်နဲ့ ဘွဲ့အပ်နှင်းပြီး အမှတ်စဉ် ၄၃ ၄၄ ၄၅ သုံးပတ်စဉ်မှာ မြန်မာစာ အင်္ဂလိပ်စာ သမိုင်း ပထ၀ီ စတဲ့ ၀ိဇ္ဇာဘာသာရပ်လေးမျိုး အထူးပြု အပ်နှင်းပါတယ်။ အပတ်စဉ် ၄၆ ကစပြီး ၀ိဇ္ဇာဘာသာရပ်တွေ အထူးပြု သင်ကြားပို့ချတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီး သိပ္ပံပညာရပ်တွေကိုပဲ ဘာသာရပ်ခွဲတွေ တိုးမြှင့်ပြီး အထူးပြုစနစ်နဲ့ ဆက်လက် သင်ကြားပါတယ်။ ဗိုလ်လောင်းအင်အား ထောင်နဲ့ချီပြီး လက်ခံသင်ကြားနေတဲ့ ကာလမို့ ၀ိဇ္ဇာပညာရပ် အထူးပြု သင်ကြားခြင်းတွေကို လုံးလုံး ဖြုတ်ပယ်ပစ်မယ့်အစား တစ်ပတ်စဉ်ကို ဆယ်ဂဏန်းအစွန်းထွက်လောက်ပဲ ဖြစ်ဖြစ် ဆက်သင်ပေးနေရင် ကောင်းမှာပဲလို့ တောင့်တမိခဲ့ပါတယ်။ စစ်ရုံးမှာ ဦးစီးအရာရှိ တာဝန်ထမ်းဆောင်ရတဲ့ အခါမှာလည်း အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး လက်လှမ်းမီသရွေ့ မေးမြန်းစပ်စုကြည့်ခဲ့ပေမယ့် စိတ်ကျေနပ်လောက်တဲ့ အဖြေကို မရခဲ့ပါဘူး။
.
. . . နိုင်ငံရေးအခြေအနေဘက်မှာ အမျိုးသားညီလာခံလည်း ပြီးသွား၊ အခြေခံဥပဒေလည်း မူကြမ်းရေးဆွဲပြီးလို့ ၂၀၀၈ ခုနှစ် မေလလောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုလိုက်တဲ့အခါ၊ ကိုယ့်နိုင်ငံ ရှေ့ဆက်လျှောက်ရမယ့် ခရီးကို စိတ်ဝင်စားလို့ အခြေခံဥပဒေကို သေသေချာချာ လေ့လာဖြစ်ပါတယ်။ အပေါ်မှာတုန်းက တစ်ခါပြောခဲ့တဲ့ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေမယ်ဆိုတာကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မရှင်းလင်းတဲ့ မေးခွန်းက အခြေခံဥပဒေမှာအဲသလို ပြဌာန်းထားပါလျက်နဲ့ စစ်တက္ကသိုလ်လို နေရာမျိုးမှာ ၀ိဇ္ဇာပညာရပ်တွေ အထူးပြု ဘာလို့ မသင်တော့တာလဲ၊ ပြန်မသင်သေးတာလဲ ဆိုတဲ့အချက်ကို ဘယ်လိုမှ ဘ၀င်မကျနိုင်ခဲ့ပါဘူး။ အနည်းဆုံးတော့ တပ်မတော်အနေနဲ့ အစိုးရ သုံးလေးဆက်လောက်ဖြစ်ဖြစ် (ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်) နိုင်ငံရေးမှာ ပါနေရအုံးမယ်ဆိုတာ မှန်းဆထားမိတာကြောင့် အဲသည်တာဝန်ကို နောက်မျိုးဆက်တွေ ကောင်းကောင်းထမ်းဆောင်နိုင်အောင် စစ်တက္ကသိုလ်မှာတော့ ၀ိဇ္ဇာအထူးပြု သင်ကြားနေသင့်တယ်လို့လည်း စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့တာပါ။ ကိုယ်လိုလူကတောင် ဒီလောက် စဉ်းစားမိမှတော့ တပ်မတော်အကြီးအကဲတွေဆို ကိုယ့်ထက် အဆပေါင်းများစွာ စဉ်းစားမိမှာပဲ ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနှင့်နေတော့ တစ်နေ့နေ့မှာ ဒါကို အကောင်အထည် ဖော်မှာပါပဲလေလို့ပဲ တွေးပြီး အဲသည် တစ်နေ့နေ့ကိုသာ မျှော်လင့်စောင့်စားနေမိပါတော့တယ်
.
. . . ဒါပေမယ့် ကျွန်တော့်ရဲ့ သံသယတွေ ရှင်းသွားတာနဲ့အတူ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲခဲ့တဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပါတယ်။ စစ်တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်များမှာ ဖွင့်လှစ်ထားတဲ့ ဘွဲ့လွန်သင်တန်း ပါရဂူသင်တန်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို ဦးစီးအရာရှိ ပေါက်စနလေး ကျွန်တော် တက်ဖို့ အကြောင်းဖန်လာတဲ့ နေ့ပါပဲ။ အစည်းအဝေးကို ဦးစီးနေတာက အဲသည်တုန်းက နိုင်ငံတော်မှာ ဒုတိယအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူ့ထက်ကြီးတာဆိုလို့ ဒီနေ့ထိ လူတွေ တသသ ဖြစ်နေကြတဲ့ လူကြီးတစ်ယောက်ပဲ ရှိတော့ပါတယ်။ သူက ဘယ်လိုပြောသလဲ ဆိုတော့ " ၀ိဇ္ဇာပညာကွာ စစ်တိုက်လို့ ရတာမဟုတ်ဘူး သင်မနေနဲ့" တဲ့။ ကျွန်တော့်မှတ်မိသလောက် စကားလုံး အတိအကျ နီးပါးပါ။ အဲသည် စကားလုံးဟာ ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကို တစ်စစီ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော့်ကို ဒီအခြေအနေထိ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အထင်ကြီးလေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက အဲသည်စကားကို ပြောခဲ့တယ်ဆိုတာ တပ်မတော်ရဲ့ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍအတွက် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တဲ့ ကျွန်တော့်အတွက် ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရတာသာ မဟုတ်ရင် ဘယ်လိုမှ ယုံကြည်လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အဖြစ်မှန်ကို နဖူးတွေ့ဒူးတွေ့ ယုံကြည်လက်ခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေလည်း ယုံကြည်ဖို့ခက်ခဲစွာ၊ စိတ်ပျက်ခြင်းကြီးစွာနဲ့ ကျေမွပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် မေ့တော့ မမေ့ပစ်ခဲ့ပါဘူး။
.
. . . တပ်တော်အစိုးရက အာဏာစွန့်လွှတ်ပြီး ရွေးကောက်ခံအစိုးရကို တာဝန်လွှဲ၊ မြန်မာပြည်လည်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ တစ်ခေတ်ဆန်းလာခဲ့တဲ့အချိန်၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အရည်ပျော်ခဲ့ရပြီး လေးနှစ်ခန့်အကြာမှာ စစ်ရုံးထဲမှာပဲ ဦးစီးအရာရှိတာဝန်ကို နောက်တစ်ခေါက် ထပ်မံထမ်းဆောင်ခွင့် ရခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ လင်းလက်တောက်ပတဲ့ ခုနှစ်ပါ။ ကျွန်တော်စွန့်လွှတ်ခဲ့တဲ့ မျှော်လင့်ချက်တစ်ခုကလည်း မထင်မှတ်ပဲ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ အဲဒါကတော့ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာရပ် အထူးပြုစနစ် ပြန်လည် အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ သတင်းပါပဲ။ တကယ်လည်း အကောင်အထည် ဖော်ခဲ့လို့ အခုဆို ပထမဆုံး ပြန်လည်ဆန်းသစ်တဲ့ အပတ်စဉ်တောင် ဘွဲ့ရတော့မယ် ထင်ပါတယ်။
.
. . . ဒီစာရေးတဲ့ အဓိက ရည်ရွယ်ချက်ကို အခုပြောပါမယ်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်မယ်လို့ ဦးတည်ချက်ချင်းတူတဲ့ အခြေအနေ တစ်ခုတည်းမှာပဲ ပထမ ခေါင်းဆောင်တစ်ယောက်က ၀ိဇ္ဇာပညာကို ဘွဲ့ကြိုအဆင့်မှာ သင်ကြားတာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ခေါင်းဆောင်က ပြန်လည်သင်ကြားဖို့ ဆုံးဖြတ်လိုက်တာကို သုံးသပ်ကြဖို့ပါ။ လက်တစ်ဆုပ်စာလောက်ပဲ ကြာခဲ့တဲ့ နှစ်အပိုင်းအခြားအတွင်း ခေါင်းဆောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်အချက်တွေက လွှမ်းမိုးခဲ့ပါသလဲ။ လိုအပ်ချက် အတူတူပဲ ရှိနေတဲ့ အခြေအနေ၊ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်စွမ်းချင်း တူညီတဲ့ အခြေအနေမှာ ပထမ ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်မပြု မဖြည့်ဆည်းခဲ့ဘဲ နောက်ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်လည်းပြု ဖြည့်လည်းဖြည့်ဆည်းတဲ့ မတူကွဲပြားတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ ဖြစ်စဉ်နှစ်ခုကို စနစ်တကျ လေ့လာသုံးသပ် သုတေသန ပြုသင့်တယ်လို့ ထင်မြင်မိလို့ ဒီစာကို ရေးရပါကြောင်း . . .
.
၂၀၁၆ နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့

Thursday, 10 November 2016

သစ်ရွက်ကလေးတွေ


အဆောင်ပြန် နေ့လည်စာစားပြီး စာကြည့်ခန်းကို ပြန်လာတော့ စင်္ကြန်လမ်းရိုးအတိုင်း မသွားဘဲ အဆောင်သုံးဘက်ကနေ လှည့်လျှောက်ခဲ့တယ်။ မရောက်တာကြာတဲ့ ချယ်ရီပင်တန်းကို ကြည့်ချင်တာလည်း ပါတာပေါ့။ အဆောင် နှစ်နဲ့ အဆောင်သုံး ကူးတဲ့ ကော်ရစ်ဒါနားအရောက်မှာ ကျွန်တော့်ခြေလှမ်းတွေ တုန့်သွားခဲ့တယ်။ အပင်ခြေမှာ ကြွေကျနေတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေ တွေ့လိုက်လို့ . . .
အဲသည် မေဘယ်ဆိုတဲ့ အရွက်လေးတွေကို မမြင်ဖူးခင်ကတည်းက ရင်းနှီးနေခဲ့ပြီးသား။ ခုနစ်တန်းလောက်တုန်းက စဖတ်ဖူးတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့ ၀တ္ထုထဲမှာ အင်္ဂလန်ကို ဆေးကျောင်းသွားတက်တဲ့ မောင် က သူတို့ဆီက ဆောင်းဦးရွက်ကြွေ ရာသီအကြောင်းကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့သူငယ်ချင်းဆီကို ရေးတဲ့ စာထဲမှာ အဲသည်အရွက်လေးတွေအကြောင်း ပါတယ်။ အဲဒါ ဖတ်ပြီးကတည်းက မေဘယ်ရွက်ဝါလေးတွေကို အပြင်မှာ မြင်ဖူးချင်ခဲ့တာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ မေဘယ်ရွက်ဝါလေးတစ်ခု လက်ဆောင်ရဖူးတယ်။ ကျွန်တော့်လိုပဲ ရွက်ဝါလေးတွေ ချစ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်က မိုင်ပေါင်းထောင်ချီအရပ်ကနေ ပို့ပေးလိုက်တာ။ တို့ဆီမှာတော့ မေဘယ်ရွက်နဲ့ တူတာဆိုလို့ ချဉ်ပေါင်ရွက်ပဲ ရှိတာလေ။ ချဉ်ပေါင်ရွက်ကတော့ ဘယ်လိုမှ ကဗျာမဆန်တဲ့အရွက်။ ကြော်စားဖို့လောက်သာ ကောင်းတဲ့အရွက်။ ထားပါတော့လေ . . .
ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ၀တ္ထုထဲက ဇာတ်လိုက်ကျော် မောင် ရဲ့နေရာမှာထားပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် မောင့်လိုတော့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း ခိုင် မရှိခဲ့ဘူး။ ဒါပေမယ့် သစ်ရွက်ဝါ၀ါလေးတွေတွေ့ရင် တမြတ်တနိုး သိမ်းထားတဲ့ အကျင့်လေး ရလာခဲ့တာတော့ အခုထိပဲ။ အစတုန်းကတော့ ခိုင် လိုမျိုး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က ပေးတယ်လို့ စိတ်ကူးယဉ်ပြီး ကိုယ့်ဘာသာ ကောက်သိမ်းထားခဲ့ဖြစ်တာ။ နောက်ပိုင်းကျတော့ သစ်ရွက်ဝါ၀ါလေးတွေကို တကယ်ကို ချစ်တတ်လာခဲ့တယ် . . .
သစ်ရွက်ဝါလေးတွေကို ချစ်တာနဲ့အတူ သစ်ရွက်စိမ်းစိမ်းလေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်သစ်တော ရေမြေသဘာဝပတ်ဝန်းကျင် နဲ့ အင်းအိုင်ချောင်းမြောင်း ကြွယ်ဝတဲ့ ကိုယ့်နိုင်ငံကိုယ်လည်း မြတ်မြတ်နိုးနိုးကို ချစ်တတ်လာခဲ့တယ်။ နောက်ပြီး ပန်းပွင့်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သမီးလေးကိုတောင် ပန်းပွင့်လေးလို့ နာမည်ပေးထားတာသာကြည့်တော့ . . .
အခု နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေဘာတွေ ခေတ်စားလာတော့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ကို သတိရမိတယ်။ ဆရာကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ဘာတို့ဆိုတဲ့ စကားလုံး မတန်ရင်ကာကြီးတွေကို (ကျွန်တော်ဖတ်ဖူးသလောက်) တစ်ခါမှ မသုံးခဲ့ဘူး။ ဒါပေမယ့် သူ့စာလေးတွေ သူ့ကဗျာလေးတွေ သူ့ဝတ္ထုလေးတွေ ဖတ်နေရင်းနဲ့ အထက်က ပြောခဲ့သလိုပဲ ရွက်ဝါလေးတွေ လိပ်ပြာလေးတွေ ပန်းပွင့်လေးတွေ သစ်ပင်သစ်တော ရေမြေတောတောင်ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိုယ့်နှလုံးသားထဲမှာ အလိုလို ကိန်းအောင်းလာခဲ့တယ်။ ဒီလိုသာ သဘာဝရဲ့ အလှအပကို သတိထားမိပြီး ချစ်တတ်မြတ်နိုးတတ်တဲ့သူတွေ များနေမယ်ဆိုရင် ကျွန်တော်တို့ ရေမြေတောတောင်ကို ထိန်းသိမ်းကြပါ သစ်ပင်တွေ မခုတ်ကြပါနဲ့ ငှက်တွေကို ဘေးမဲ့ပေးကြပါ ဘာညာသာရကာ အခု လုပ်နေကြသလို လိုက်ပြီး ဆော်သြနေဖို့တောင် မလိုလောက်ဘူး။ ကိုယ်သာ တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုရင် ဘယ်သူကမှ ဖျက်လိုဖျက်ဆီးလုပ်ဖို့ စိတ်အားထက်သန်ကြမှာ မဟုတ်ဘူးလေ။ သစ်ပင်ကိုချစ်ရင် သစ်ပင်စိုက်ကြမယ်၊ ဒီလိုမဟုတ်လား . . .
အဲသည်တော့ လုပ်စရာရှိရင် ကိုယ့်အိမ်ထဲက စလုပ် ဆိုသလို ကျွန်တော်လုပ်နိုင်တဲ့ အလုပ်ကတော့ ချစ်သမီး ပန်းပွင့်လေးကို ရေမြေတောတောင် သစ်ပင်သစ်တော ပန်းပွင့်လိပ်ပြာလေးတွေ ကျေးငှက်သာရကာလေးတွေ ချစ်ခင်မြတ်နိုးတတ်အောင် သင်ပေးတဲ့ အလုပ်ပဲ။ သူချစ်လာအောင် ကိုယ်ကလည်း သူ့ရှေ့မှာ ချစ်ပြရတယ်။ တန်ဖိုးထားပြရတယ်။ ကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် တစ်နေရာရာ သွားတဲ့အခါ တယ်လီဖုန်းကို ပိတ်ပြီး ဘေးပတ်ဝန်းကျင်က တောင်တန်းကြီးတွေ တိမ်တွေ မိုးကောင်းကင်တွေ ပျံနေတဲ့ ငှက်ကလေးတွေကို ပန်းပွင့်လေးနဲ့ အတူတူ ကြည့်တယ်။ အရောင်တွေ သင်ပေးရင်းနဲ့ လမ်းဘေးမှာ တွေ့တဲ့အရောင်တွေကို ဦးသူပြောစတမ်း ကစားကြတယ်။ တိမ်တွေကိုကြည့်ပြီး စိတ်ကူးယဉ် ဇာတ်လမ်းဆင်ကြတယ်။ လမ်းဘေးက သစ်ပင်တွေ ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့ပေမယ့် တိမ်တွေနဲ့ တောင်တန်းကြီးကတော့ ကိုယ့်နောက်ကို လိုက်လာတာကိုကြည့်ပြီး ရယ်ပွဲဖွဲ့ကြတယ်။ စနစ်တကျ စိုက်ထားတဲ့ပန်းဆိုတာ မခူးရဘူးဆိုတဲ့ စည်းကမ်းကို နားလည်ထားပြီးသားမို့ အလေ့ကျ ပန်းလေးတွေ တွေ့တဲ့အခါ ဒီပန်းလေးကို သမီးသဘောကျသလို တစ်ခြားလူတွေလည်း သဘောကျမှာပဲ။ သမီးက ခူးလိုက်ရင် ကျန်တဲ့သူတွေ မကြည့်ရတော့ဘူး ဖြစ်သွားမှာပေါ့၊ သမီးက ခူးလိုက်ရင် ပန်းလေး နာသွားမှာပေါ့  စသည်ဖြင့် အလှအပကို အခြားသူတွေနဲ့ မျှဝေခံစားတတ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ ဥာည်ကလေး သူ့နှလုံးသားထဲမှာ ပျိုးပေးတယ်။ သစ်ရွက်ဝါလေးတွေ တွေ့တဲ့အခါ အတူတူ ကောက်ကြတယ်။ သစ်ရွက်ပေါ်က အရောင်လေးတွေကို သမီးကို ပြောပြခိုင်းတယ် . . .
အခုလည်း လမ်းမှာကောက်လာတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေရယ် အနီတစ်ချို့ အ၀ါတစ်ချို့ အစိမ်းတစ်ချို့ ရောင်စုံရောယှက်နေတဲ့ ချယ်ရီရွက်လေးတွေရယ်ကို ကောက်လာခဲ့တယ်။ စာရွက်ကြားထဲမှာ ညှပ်ပြီး သွေ့အောင်ထားမယ်။ အရောင်တွေ မပြယ်လွင့်ပဲ သွေ့ခြောက်သွားတဲ့အခါ မြန်မာပြည်က ပန်းပွင့်လေးဆီ ပို့ပေးမယ် . . .
စိတ်ကူးတွေ ယဉ်လို့တော့ အကောင်းသားရယ်ပါ။ သစ်ပင်သစ်တောထက် ကွန်ကရိတောထဲမှာသာ ရှင်သန်ကျင်လည်နေရတဲ့ ပန်းပွင့်လေးကတော့ ဖအေက အလှကြည့်စေချင်လို့ ပို့ပေးလိုက်တဲ့ သစ်ရွက်ရောင်စုံလေးတွေကို ထမင်းချက်တမ်း ဟင်းချက်တမ်း ကစားတဲ့အခါ ဟင်းတစ်ခွက်လုပ်ရင်လုပ်ပစ်လိုက်မှာ . . .