Thursday 17 November 2016

စိတ်ပျက်ခြင်းကြီးစွာ


. . . နိုင်ငံခြားရေးမူဝါဒချမှတ်ကျင့်သုံးခြင်းဆိုင်ရာစိစစ်လေ့လာရေး ဘာသာရပ် (Foreign Policy Analysis) မှာ ဒီကနေ့ ပို့ချတဲ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆရာက စဉ်းစားစရာ မေးခွန်းတစ်ခု မေးပါတယ်။ ပညာရေးနောက်ခံအခြေအနေချင်းတူတဲ့ မျိုးဆက်နှစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရာမှာ စဉ်းစားပုံချင်း တူသလားဆိုတဲ့ သဘောဆန်ဆန် မေးခွန်းဖြစ်ပါတယ်။ ဆရာက အဲသည်မေးခွန်းကို မေးတဲ့အချိန်မှာ (မေးခွန်းနဲ့ ဆိုင်လား မဆိုင်လားတော့ မသေချာပေမယ့်) ကျွန်တော့်ခေါင်းထဲ ကာလကြာရှည် စွဲစွဲမြဲမြဲ မှတ်မိနေတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြီး စဉ်းစားသွားမိပါတယ်။
.
. . . ကျွန်တော် ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့မရခင် တစ်နှစ်အလို ၂၀၀၄ ခုနှစ်လောက်တုန်းက ဝေသာလီဆောင် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှာ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်းတစ်ခု ဖွင့်ပါတယ်။ တစ်ခြား ဌာနအသီးသီးကလည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းတွေ အပြိုင်အဆိုင် ဖွင့်နေကြတဲ့အချိန်ပါ။ ကံအကြောင်းအားလျော်စွာ နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာ သင်တန်း အပတ်စဉ် တစ်မှာ တစ်ရက်ကို နှစ်နာရီနဲ့ တစ်နှစ်ကြာ တက်ခွင့်ရပြီးတဲ့နောက် ကျွန်တော့်နှလုံးသားထဲ ယုံကြည်ချက်တစ်ခု တစ်ခုရောက်လာပါတယ်။ အဲဒါကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ ၀ိဇ္ဇာပညာလို့ ကျွန်တော်တို့ခေါ်ကြတဲ့ ပထ၀ီ သမိုင်း နိုင်ငံတကာဆက်ဆံရေး စတဲ့ ပညာရပ်တွေ တတ်မြောက်ဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်ပဲ့ကိုင် မောင်းနှင်နေကြတဲ့ မူဝါဒချမှတ်သူများမှာ ဒီပညာရပ်ကို မလွဲမသွေ တတ်မြောက်ထားဖို့ လိုအပ်တယ်ဆိုတာ ယုံကြည်လာမိပါတယ်။
.
. . . တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာဆက်လက် ပါဝင်မယ်လို့ အမျိုးသားညီလာခံ ဦးတည်ချက်တွေ ချမှတ်တဲ့အထဲ ပါနေတော့ တပ်မတော်ကလည်း အဲသည်ဝိဇ္ဇာပညာတွေ သေသေချာချာ တတ်မြောက်ထားမှ ဖြစ်မယ်လို့ နားလည်ထားပါတယ်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ တက်နေတုန်းအချိန်က ရန်ကုန်မှာ ရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဆရာတစ်ယောက်နဲ့အတူ စာတွေလုပ်ကူဖူးတော့ အဲသည်မှာ သင်ကြားပို့ချ လေ့လာရတဲ့ ဘာသာရပ်တွေထဲမှာ အထက်က ပြောခဲ့တဲ့ ၀ိဇ္ဇာပညာရပ်တွေလည်း တော်တော်များများပါတယ်ဆိုတာ (ကျွန်တော်မြင်ခဲ့သလောက်) တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် စစ်မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့တွေမှာ ဌာနချုပ်တွေမှာ စစ်ဆင်ရေးအလုပ် အုပ်ချုပ်စီမံခန့်ခွဲရေးအလုပ် ဦးစီးအလုပ်တွေနဲ့ ကျင်လည်ခဲ့ရတာများတဲ့ အဆင့်မြင့်တပ်မှူးကြီးတွေ အဆင့်ရောက်မှ တက်ခွင့်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်လို နေရာမျိုးရောက်မှ တစ်နှစ်တာအတွင်း တက်သုတ်ရိုက် သင်ကြားပို့ချလေ့လာကြရတာက နောင်အခါမှာ ထမ်းဆောင်ရနိုင်ဖွယ်ရှိတဲ့ မူဝါဒပိုင်းဆိုင်ရာ တာဝန်တွေအတွက် အဆင်သင့် ပြင်ဆင်ပေးနိုင်ပါရဲ့လားဆိုတာ တွေးမိပါတယ်။ နောက်ပြီးတော့ ခုနင်က ပြောခဲ့တဲ့ တာဝန်တွေကို အပတ်တကုတ် ထမ်းဆောင်ရင်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ရတဲ့ အခြေအနေကို ရောက်လာခဲ့ကြတဲ့ တပ်မှူးကြီးများက ကိုယ့်ဘာသာ ၀ါသနာပါလို့ လေ့လာ ဖတ်မှတ်ခဲ့တာ မရှိခဲ့ဘူးဆိုရင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တစ်နှစ်တာအတွင်း ပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို ထိုက်တန်သရွေ့ ခံယူနိုင်ကြရဲ့လား ဆိုတာကိုလည်း အတွေးပွားမိပါတယ်။ စစ်တက္ကသိုလ်လို ကျောင်းမျိုးကနေ တက္ကသိုလ်အဆင့်လောက်က စသင်ပေးတာ၊ ဘွဲ့ရပြီးပြီ ဆိုရင်လည်း အကြောင်းအားလျော်စွာ ဆက်လက် ပညာဆည်းပူးဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာ စတာတွေကို စဉ်ဆက်မပြတ် လုပ်နေဖို့လိုအပ်နေတယ် ဆိုတာလည်း ထင်မြင်ယူဆမိပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆင်းရင် စစ်တက္ကသိုလ်မှာ ဆရာလုပ်ကြမယ်။ တို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို တတ်နိုင်သလောက် အကောင်အထည်ဖော်ကြမယ်ဆိုပြီး လက်တောက်လောက်ရှိတဲ့ ကိုယ့်ရာထူး ကိုယ့်အဆင့်မှ အားမနာ စိတ်တူကိုယ်တူ စေတနာတူ သူငယ်ချင်းတွေ တိုင်ပင်အိပ်မက် မက်ခဲ့ကြပါသေးတယ် . . .
.
. . . အဲသည်စိတ်ကူးတွေ အတွေးတွေ တွေးမိတယ်ဆိုတဲ့ ၂၀၀၅ ခုနှစ်လောက်က စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာသင်ကြားပို့ချတဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ ၁၉၉၉ ခုနှစ် အမှတ်စဉ် ၄၀ အထိ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့နဲ့ သိပ္ပံဘွဲ့ နှစ်မျိုး အပ်နှင်းပြီး ၂၀၀၀ ပြည့်နှစ် အမှတ်စဉ် ၄၁ နဲ့ ၄၂ အတူတူ ကျောင်းဆင်းကြတဲ့ နှစ်မှာ ကွန်ပျူတာသိပ္ပံဘွဲ့ ထပ်တိုး အပ်နှင်းတယ်လို့ မှတ်သားမိပါတယ်။ အမှတ်စဉ် ၄၃ ကျောင်းဆင်းတဲ့ ၂၀၀၁ ခုနှစ်က စပြီး ဘာသာရပ်အထူးပြုစနစ်နဲ့ ဘွဲ့အပ်နှင်းပြီး အမှတ်စဉ် ၄၃ ၄၄ ၄၅ သုံးပတ်စဉ်မှာ မြန်မာစာ အင်္ဂလိပ်စာ သမိုင်း ပထ၀ီ စတဲ့ ၀ိဇ္ဇာဘာသာရပ်လေးမျိုး အထူးပြု အပ်နှင်းပါတယ်။ အပတ်စဉ် ၄၆ ကစပြီး ၀ိဇ္ဇာဘာသာရပ်တွေ အထူးပြု သင်ကြားပို့ချတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီး သိပ္ပံပညာရပ်တွေကိုပဲ ဘာသာရပ်ခွဲတွေ တိုးမြှင့်ပြီး အထူးပြုစနစ်နဲ့ ဆက်လက် သင်ကြားပါတယ်။ ဗိုလ်လောင်းအင်အား ထောင်နဲ့ချီပြီး လက်ခံသင်ကြားနေတဲ့ ကာလမို့ ၀ိဇ္ဇာပညာရပ် အထူးပြု သင်ကြားခြင်းတွေကို လုံးလုံး ဖြုတ်ပယ်ပစ်မယ့်အစား တစ်ပတ်စဉ်ကို ဆယ်ဂဏန်းအစွန်းထွက်လောက်ပဲ ဖြစ်ဖြစ် ဆက်သင်ပေးနေရင် ကောင်းမှာပဲလို့ တောင့်တမိခဲ့ပါတယ်။ စစ်ရုံးမှာ ဦးစီးအရာရှိ တာဝန်ထမ်းဆောင်ရတဲ့ အခါမှာလည်း အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး လက်လှမ်းမီသရွေ့ မေးမြန်းစပ်စုကြည့်ခဲ့ပေမယ့် စိတ်ကျေနပ်လောက်တဲ့ အဖြေကို မရခဲ့ပါဘူး။
.
. . . နိုင်ငံရေးအခြေအနေဘက်မှာ အမျိုးသားညီလာခံလည်း ပြီးသွား၊ အခြေခံဥပဒေလည်း မူကြမ်းရေးဆွဲပြီးလို့ ၂၀၀၈ ခုနှစ် မေလလောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုလိုက်တဲ့အခါ၊ ကိုယ့်နိုင်ငံ ရှေ့ဆက်လျှောက်ရမယ့် ခရီးကို စိတ်ဝင်စားလို့ အခြေခံဥပဒေကို သေသေချာချာ လေ့လာဖြစ်ပါတယ်။ အပေါ်မှာတုန်းက တစ်ခါပြောခဲ့တဲ့ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေမယ်ဆိုတာကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မရှင်းလင်းတဲ့ မေးခွန်းက အခြေခံဥပဒေမှာအဲသလို ပြဌာန်းထားပါလျက်နဲ့ စစ်တက္ကသိုလ်လို နေရာမျိုးမှာ ၀ိဇ္ဇာပညာရပ်တွေ အထူးပြု ဘာလို့ မသင်တော့တာလဲ၊ ပြန်မသင်သေးတာလဲ ဆိုတဲ့အချက်ကို ဘယ်လိုမှ ဘ၀င်မကျနိုင်ခဲ့ပါဘူး။ အနည်းဆုံးတော့ တပ်မတော်အနေနဲ့ အစိုးရ သုံးလေးဆက်လောက်ဖြစ်ဖြစ် (ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်) နိုင်ငံရေးမှာ ပါနေရအုံးမယ်ဆိုတာ မှန်းဆထားမိတာကြောင့် အဲသည်တာဝန်ကို နောက်မျိုးဆက်တွေ ကောင်းကောင်းထမ်းဆောင်နိုင်အောင် စစ်တက္ကသိုလ်မှာတော့ ၀ိဇ္ဇာအထူးပြု သင်ကြားနေသင့်တယ်လို့လည်း စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့တာပါ။ ကိုယ်လိုလူကတောင် ဒီလောက် စဉ်းစားမိမှတော့ တပ်မတော်အကြီးအကဲတွေဆို ကိုယ့်ထက် အဆပေါင်းများစွာ စဉ်းစားမိမှာပဲ ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနှင့်နေတော့ တစ်နေ့နေ့မှာ ဒါကို အကောင်အထည် ဖော်မှာပါပဲလေလို့ပဲ တွေးပြီး အဲသည် တစ်နေ့နေ့ကိုသာ မျှော်လင့်စောင့်စားနေမိပါတော့တယ်
.
. . . ဒါပေမယ့် ကျွန်တော့်ရဲ့ သံသယတွေ ရှင်းသွားတာနဲ့အတူ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲခဲ့တဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပါတယ်။ စစ်တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်များမှာ ဖွင့်လှစ်ထားတဲ့ ဘွဲ့လွန်သင်တန်း ပါရဂူသင်တန်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို ဦးစီးအရာရှိ ပေါက်စနလေး ကျွန်တော် တက်ဖို့ အကြောင်းဖန်လာတဲ့ နေ့ပါပဲ။ အစည်းအဝေးကို ဦးစီးနေတာက အဲသည်တုန်းက နိုင်ငံတော်မှာ ဒုတိယအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူ့ထက်ကြီးတာဆိုလို့ ဒီနေ့ထိ လူတွေ တသသ ဖြစ်နေကြတဲ့ လူကြီးတစ်ယောက်ပဲ ရှိတော့ပါတယ်။ သူက ဘယ်လိုပြောသလဲ ဆိုတော့ " ၀ိဇ္ဇာပညာကွာ စစ်တိုက်လို့ ရတာမဟုတ်ဘူး သင်မနေနဲ့" တဲ့။ ကျွန်တော့်မှတ်မိသလောက် စကားလုံး အတိအကျ နီးပါးပါ။ အဲသည် စကားလုံးဟာ ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကို တစ်စစီ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော့်ကို ဒီအခြေအနေထိ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အထင်ကြီးလေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက အဲသည်စကားကို ပြောခဲ့တယ်ဆိုတာ တပ်မတော်ရဲ့ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍအတွက် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တဲ့ ကျွန်တော့်အတွက် ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရတာသာ မဟုတ်ရင် ဘယ်လိုမှ ယုံကြည်လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အဖြစ်မှန်ကို နဖူးတွေ့ဒူးတွေ့ ယုံကြည်လက်ခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေလည်း ယုံကြည်ဖို့ခက်ခဲစွာ၊ စိတ်ပျက်ခြင်းကြီးစွာနဲ့ ကျေမွပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် မေ့တော့ မမေ့ပစ်ခဲ့ပါဘူး။
.
. . . တပ်တော်အစိုးရက အာဏာစွန့်လွှတ်ပြီး ရွေးကောက်ခံအစိုးရကို တာဝန်လွှဲ၊ မြန်မာပြည်လည်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ တစ်ခေတ်ဆန်းလာခဲ့တဲ့အချိန်၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အရည်ပျော်ခဲ့ရပြီး လေးနှစ်ခန့်အကြာမှာ စစ်ရုံးထဲမှာပဲ ဦးစီးအရာရှိတာဝန်ကို နောက်တစ်ခေါက် ထပ်မံထမ်းဆောင်ခွင့် ရခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ လင်းလက်တောက်ပတဲ့ ခုနှစ်ပါ။ ကျွန်တော်စွန့်လွှတ်ခဲ့တဲ့ မျှော်လင့်ချက်တစ်ခုကလည်း မထင်မှတ်ပဲ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ အဲဒါကတော့ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာရပ် အထူးပြုစနစ် ပြန်လည် အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ သတင်းပါပဲ။ တကယ်လည်း အကောင်အထည် ဖော်ခဲ့လို့ အခုဆို ပထမဆုံး ပြန်လည်ဆန်းသစ်တဲ့ အပတ်စဉ်တောင် ဘွဲ့ရတော့မယ် ထင်ပါတယ်။
.
. . . ဒီစာရေးတဲ့ အဓိက ရည်ရွယ်ချက်ကို အခုပြောပါမယ်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်မယ်လို့ ဦးတည်ချက်ချင်းတူတဲ့ အခြေအနေ တစ်ခုတည်းမှာပဲ ပထမ ခေါင်းဆောင်တစ်ယောက်က ၀ိဇ္ဇာပညာကို ဘွဲ့ကြိုအဆင့်မှာ သင်ကြားတာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ခေါင်းဆောင်က ပြန်လည်သင်ကြားဖို့ ဆုံးဖြတ်လိုက်တာကို သုံးသပ်ကြဖို့ပါ။ လက်တစ်ဆုပ်စာလောက်ပဲ ကြာခဲ့တဲ့ နှစ်အပိုင်းအခြားအတွင်း ခေါင်းဆောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်အချက်တွေက လွှမ်းမိုးခဲ့ပါသလဲ။ လိုအပ်ချက် အတူတူပဲ ရှိနေတဲ့ အခြေအနေ၊ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်စွမ်းချင်း တူညီတဲ့ အခြေအနေမှာ ပထမ ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်မပြု မဖြည့်ဆည်းခဲ့ဘဲ နောက်ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်လည်းပြု ဖြည့်လည်းဖြည့်ဆည်းတဲ့ မတူကွဲပြားတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ ဖြစ်စဉ်နှစ်ခုကို စနစ်တကျ လေ့လာသုံးသပ် သုတေသန ပြုသင့်တယ်လို့ ထင်မြင်မိလို့ ဒီစာကို ရေးရပါကြောင်း . . .
.
၂၀၁၆ နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့

No comments:

Post a Comment