Thursday 10 November 2016

သစ်ရွက်ကလေးတွေ


အဆောင်ပြန် နေ့လည်စာစားပြီး စာကြည့်ခန်းကို ပြန်လာတော့ စင်္ကြန်လမ်းရိုးအတိုင်း မသွားဘဲ အဆောင်သုံးဘက်ကနေ လှည့်လျှောက်ခဲ့တယ်။ မရောက်တာကြာတဲ့ ချယ်ရီပင်တန်းကို ကြည့်ချင်တာလည်း ပါတာပေါ့။ အဆောင် နှစ်နဲ့ အဆောင်သုံး ကူးတဲ့ ကော်ရစ်ဒါနားအရောက်မှာ ကျွန်တော့်ခြေလှမ်းတွေ တုန့်သွားခဲ့တယ်။ အပင်ခြေမှာ ကြွေကျနေတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေ တွေ့လိုက်လို့ . . .
အဲသည် မေဘယ်ဆိုတဲ့ အရွက်လေးတွေကို မမြင်ဖူးခင်ကတည်းက ရင်းနှီးနေခဲ့ပြီးသား။ ခုနစ်တန်းလောက်တုန်းက စဖတ်ဖူးတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့ ၀တ္ထုထဲမှာ အင်္ဂလန်ကို ဆေးကျောင်းသွားတက်တဲ့ မောင် က သူတို့ဆီက ဆောင်းဦးရွက်ကြွေ ရာသီအကြောင်းကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့သူငယ်ချင်းဆီကို ရေးတဲ့ စာထဲမှာ အဲသည်အရွက်လေးတွေအကြောင်း ပါတယ်။ အဲဒါ ဖတ်ပြီးကတည်းက မေဘယ်ရွက်ဝါလေးတွေကို အပြင်မှာ မြင်ဖူးချင်ခဲ့တာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ မေဘယ်ရွက်ဝါလေးတစ်ခု လက်ဆောင်ရဖူးတယ်။ ကျွန်တော့်လိုပဲ ရွက်ဝါလေးတွေ ချစ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်က မိုင်ပေါင်းထောင်ချီအရပ်ကနေ ပို့ပေးလိုက်တာ။ တို့ဆီမှာတော့ မေဘယ်ရွက်နဲ့ တူတာဆိုလို့ ချဉ်ပေါင်ရွက်ပဲ ရှိတာလေ။ ချဉ်ပေါင်ရွက်ကတော့ ဘယ်လိုမှ ကဗျာမဆန်တဲ့အရွက်။ ကြော်စားဖို့လောက်သာ ကောင်းတဲ့အရွက်။ ထားပါတော့လေ . . .
ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ၀တ္ထုထဲက ဇာတ်လိုက်ကျော် မောင် ရဲ့နေရာမှာထားပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် မောင့်လိုတော့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း ခိုင် မရှိခဲ့ဘူး။ ဒါပေမယ့် သစ်ရွက်ဝါ၀ါလေးတွေတွေ့ရင် တမြတ်တနိုး သိမ်းထားတဲ့ အကျင့်လေး ရလာခဲ့တာတော့ အခုထိပဲ။ အစတုန်းကတော့ ခိုင် လိုမျိုး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က ပေးတယ်လို့ စိတ်ကူးယဉ်ပြီး ကိုယ့်ဘာသာ ကောက်သိမ်းထားခဲ့ဖြစ်တာ။ နောက်ပိုင်းကျတော့ သစ်ရွက်ဝါ၀ါလေးတွေကို တကယ်ကို ချစ်တတ်လာခဲ့တယ် . . .
သစ်ရွက်ဝါလေးတွေကို ချစ်တာနဲ့အတူ သစ်ရွက်စိမ်းစိမ်းလေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်သစ်တော ရေမြေသဘာဝပတ်ဝန်းကျင် နဲ့ အင်းအိုင်ချောင်းမြောင်း ကြွယ်ဝတဲ့ ကိုယ့်နိုင်ငံကိုယ်လည်း မြတ်မြတ်နိုးနိုးကို ချစ်တတ်လာခဲ့တယ်။ နောက်ပြီး ပန်းပွင့်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သမီးလေးကိုတောင် ပန်းပွင့်လေးလို့ နာမည်ပေးထားတာသာကြည့်တော့ . . .
အခု နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေဘာတွေ ခေတ်စားလာတော့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ကို သတိရမိတယ်။ ဆရာကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ဘာတို့ဆိုတဲ့ စကားလုံး မတန်ရင်ကာကြီးတွေကို (ကျွန်တော်ဖတ်ဖူးသလောက်) တစ်ခါမှ မသုံးခဲ့ဘူး။ ဒါပေမယ့် သူ့စာလေးတွေ သူ့ကဗျာလေးတွေ သူ့ဝတ္ထုလေးတွေ ဖတ်နေရင်းနဲ့ အထက်က ပြောခဲ့သလိုပဲ ရွက်ဝါလေးတွေ လိပ်ပြာလေးတွေ ပန်းပွင့်လေးတွေ သစ်ပင်သစ်တော ရေမြေတောတောင်ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိုယ့်နှလုံးသားထဲမှာ အလိုလို ကိန်းအောင်းလာခဲ့တယ်။ ဒီလိုသာ သဘာဝရဲ့ အလှအပကို သတိထားမိပြီး ချစ်တတ်မြတ်နိုးတတ်တဲ့သူတွေ များနေမယ်ဆိုရင် ကျွန်တော်တို့ ရေမြေတောတောင်ကို ထိန်းသိမ်းကြပါ သစ်ပင်တွေ မခုတ်ကြပါနဲ့ ငှက်တွေကို ဘေးမဲ့ပေးကြပါ ဘာညာသာရကာ အခု လုပ်နေကြသလို လိုက်ပြီး ဆော်သြနေဖို့တောင် မလိုလောက်ဘူး။ ကိုယ်သာ တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုရင် ဘယ်သူကမှ ဖျက်လိုဖျက်ဆီးလုပ်ဖို့ စိတ်အားထက်သန်ကြမှာ မဟုတ်ဘူးလေ။ သစ်ပင်ကိုချစ်ရင် သစ်ပင်စိုက်ကြမယ်၊ ဒီလိုမဟုတ်လား . . .
အဲသည်တော့ လုပ်စရာရှိရင် ကိုယ့်အိမ်ထဲက စလုပ် ဆိုသလို ကျွန်တော်လုပ်နိုင်တဲ့ အလုပ်ကတော့ ချစ်သမီး ပန်းပွင့်လေးကို ရေမြေတောတောင် သစ်ပင်သစ်တော ပန်းပွင့်လိပ်ပြာလေးတွေ ကျေးငှက်သာရကာလေးတွေ ချစ်ခင်မြတ်နိုးတတ်အောင် သင်ပေးတဲ့ အလုပ်ပဲ။ သူချစ်လာအောင် ကိုယ်ကလည်း သူ့ရှေ့မှာ ချစ်ပြရတယ်။ တန်ဖိုးထားပြရတယ်။ ကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် တစ်နေရာရာ သွားတဲ့အခါ တယ်လီဖုန်းကို ပိတ်ပြီး ဘေးပတ်ဝန်းကျင်က တောင်တန်းကြီးတွေ တိမ်တွေ မိုးကောင်းကင်တွေ ပျံနေတဲ့ ငှက်ကလေးတွေကို ပန်းပွင့်လေးနဲ့ အတူတူ ကြည့်တယ်။ အရောင်တွေ သင်ပေးရင်းနဲ့ လမ်းဘေးမှာ တွေ့တဲ့အရောင်တွေကို ဦးသူပြောစတမ်း ကစားကြတယ်။ တိမ်တွေကိုကြည့်ပြီး စိတ်ကူးယဉ် ဇာတ်လမ်းဆင်ကြတယ်။ လမ်းဘေးက သစ်ပင်တွေ ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့ပေမယ့် တိမ်တွေနဲ့ တောင်တန်းကြီးကတော့ ကိုယ့်နောက်ကို လိုက်လာတာကိုကြည့်ပြီး ရယ်ပွဲဖွဲ့ကြတယ်။ စနစ်တကျ စိုက်ထားတဲ့ပန်းဆိုတာ မခူးရဘူးဆိုတဲ့ စည်းကမ်းကို နားလည်ထားပြီးသားမို့ အလေ့ကျ ပန်းလေးတွေ တွေ့တဲ့အခါ ဒီပန်းလေးကို သမီးသဘောကျသလို တစ်ခြားလူတွေလည်း သဘောကျမှာပဲ။ သမီးက ခူးလိုက်ရင် ကျန်တဲ့သူတွေ မကြည့်ရတော့ဘူး ဖြစ်သွားမှာပေါ့၊ သမီးက ခူးလိုက်ရင် ပန်းလေး နာသွားမှာပေါ့  စသည်ဖြင့် အလှအပကို အခြားသူတွေနဲ့ မျှဝေခံစားတတ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ ဥာည်ကလေး သူ့နှလုံးသားထဲမှာ ပျိုးပေးတယ်။ သစ်ရွက်ဝါလေးတွေ တွေ့တဲ့အခါ အတူတူ ကောက်ကြတယ်။ သစ်ရွက်ပေါ်က အရောင်လေးတွေကို သမီးကို ပြောပြခိုင်းတယ် . . .
အခုလည်း လမ်းမှာကောက်လာတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေရယ် အနီတစ်ချို့ အ၀ါတစ်ချို့ အစိမ်းတစ်ချို့ ရောင်စုံရောယှက်နေတဲ့ ချယ်ရီရွက်လေးတွေရယ်ကို ကောက်လာခဲ့တယ်။ စာရွက်ကြားထဲမှာ ညှပ်ပြီး သွေ့အောင်ထားမယ်။ အရောင်တွေ မပြယ်လွင့်ပဲ သွေ့ခြောက်သွားတဲ့အခါ မြန်မာပြည်က ပန်းပွင့်လေးဆီ ပို့ပေးမယ် . . .
စိတ်ကူးတွေ ယဉ်လို့တော့ အကောင်းသားရယ်ပါ။ သစ်ပင်သစ်တောထက် ကွန်ကရိတောထဲမှာသာ ရှင်သန်ကျင်လည်နေရတဲ့ ပန်းပွင့်လေးကတော့ ဖအေက အလှကြည့်စေချင်လို့ ပို့ပေးလိုက်တဲ့ သစ်ရွက်ရောင်စုံလေးတွေကို ထမင်းချက်တမ်း ဟင်းချက်တမ်း ကစားတဲ့အခါ ဟင်းတစ်ခွက်လုပ်ရင်လုပ်ပစ်လိုက်မှာ . . .

No comments:

Post a Comment