Thursday, 17 November 2016
စိတ်ပျက်ခြင်းကြီးစွာ
. . . နိုင်ငံခြားရေးမူဝါဒချမှတ်ကျင့်သုံးခြင်းဆိုင်ရာစိစစ်လေ့လာရေး ဘာသာရပ် (Foreign Policy Analysis) မှာ ဒီကနေ့ ပို့ချတဲ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆရာက စဉ်းစားစရာ မေးခွန်းတစ်ခု မေးပါတယ်။ ပညာရေးနောက်ခံအခြေအနေချင်းတူတဲ့ မျိုးဆက်နှစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရာမှာ စဉ်းစားပုံချင်း တူသလားဆိုတဲ့ သဘောဆန်ဆန် မေးခွန်းဖြစ်ပါတယ်။ ဆရာက အဲသည်မေးခွန်းကို မေးတဲ့အချိန်မှာ (မေးခွန်းနဲ့ ဆိုင်လား မဆိုင်လားတော့ မသေချာပေမယ့်) ကျွန်တော့်ခေါင်းထဲ ကာလကြာရှည် စွဲစွဲမြဲမြဲ မှတ်မိနေတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြီး စဉ်းစားသွားမိပါတယ်။
.
. . . ကျွန်တော် ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့မရခင် တစ်နှစ်အလို ၂၀၀၄ ခုနှစ်လောက်တုန်းက ဝေသာလီဆောင် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှာ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်းတစ်ခု ဖွင့်ပါတယ်။ တစ်ခြား ဌာနအသီးသီးကလည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းတွေ အပြိုင်အဆိုင် ဖွင့်နေကြတဲ့အချိန်ပါ။ ကံအကြောင်းအားလျော်စွာ နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာ သင်တန်း အပတ်စဉ် တစ်မှာ တစ်ရက်ကို နှစ်နာရီနဲ့ တစ်နှစ်ကြာ တက်ခွင့်ရပြီးတဲ့နောက် ကျွန်တော့်နှလုံးသားထဲ ယုံကြည်ချက်တစ်ခု တစ်ခုရောက်လာပါတယ်။ အဲဒါကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ ၀ိဇ္ဇာပညာလို့ ကျွန်တော်တို့ခေါ်ကြတဲ့ ပထ၀ီ သမိုင်း နိုင်ငံတကာဆက်ဆံရေး စတဲ့ ပညာရပ်တွေ တတ်မြောက်ဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်ပဲ့ကိုင် မောင်းနှင်နေကြတဲ့ မူဝါဒချမှတ်သူများမှာ ဒီပညာရပ်ကို မလွဲမသွေ တတ်မြောက်ထားဖို့ လိုအပ်တယ်ဆိုတာ ယုံကြည်လာမိပါတယ်။
.
. . . တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာဆက်လက် ပါဝင်မယ်လို့ အမျိုးသားညီလာခံ ဦးတည်ချက်တွေ ချမှတ်တဲ့အထဲ ပါနေတော့ တပ်မတော်ကလည်း အဲသည်ဝိဇ္ဇာပညာတွေ သေသေချာချာ တတ်မြောက်ထားမှ ဖြစ်မယ်လို့ နားလည်ထားပါတယ်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ တက်နေတုန်းအချိန်က ရန်ကုန်မှာ ရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဆရာတစ်ယောက်နဲ့အတူ စာတွေလုပ်ကူဖူးတော့ အဲသည်မှာ သင်ကြားပို့ချ လေ့လာရတဲ့ ဘာသာရပ်တွေထဲမှာ အထက်က ပြောခဲ့တဲ့ ၀ိဇ္ဇာပညာရပ်တွေလည်း တော်တော်များများပါတယ်ဆိုတာ (ကျွန်တော်မြင်ခဲ့သလောက်) တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် စစ်မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့တွေမှာ ဌာနချုပ်တွေမှာ စစ်ဆင်ရေးအလုပ် အုပ်ချုပ်စီမံခန့်ခွဲရေးအလုပ် ဦးစီးအလုပ်တွေနဲ့ ကျင်လည်ခဲ့ရတာများတဲ့ အဆင့်မြင့်တပ်မှူးကြီးတွေ အဆင့်ရောက်မှ တက်ခွင့်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်လို နေရာမျိုးရောက်မှ တစ်နှစ်တာအတွင်း တက်သုတ်ရိုက် သင်ကြားပို့ချလေ့လာကြရတာက နောင်အခါမှာ ထမ်းဆောင်ရနိုင်ဖွယ်ရှိတဲ့ မူဝါဒပိုင်းဆိုင်ရာ တာဝန်တွေအတွက် အဆင်သင့် ပြင်ဆင်ပေးနိုင်ပါရဲ့လားဆိုတာ တွေးမိပါတယ်။ နောက်ပြီးတော့ ခုနင်က ပြောခဲ့တဲ့ တာဝန်တွေကို အပတ်တကုတ် ထမ်းဆောင်ရင်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ရတဲ့ အခြေအနေကို ရောက်လာခဲ့ကြတဲ့ တပ်မှူးကြီးများက ကိုယ့်ဘာသာ ၀ါသနာပါလို့ လေ့လာ ဖတ်မှတ်ခဲ့တာ မရှိခဲ့ဘူးဆိုရင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တစ်နှစ်တာအတွင်း ပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို ထိုက်တန်သရွေ့ ခံယူနိုင်ကြရဲ့လား ဆိုတာကိုလည်း အတွေးပွားမိပါတယ်။ စစ်တက္ကသိုလ်လို ကျောင်းမျိုးကနေ တက္ကသိုလ်အဆင့်လောက်က စသင်ပေးတာ၊ ဘွဲ့ရပြီးပြီ ဆိုရင်လည်း အကြောင်းအားလျော်စွာ ဆက်လက် ပညာဆည်းပူးဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာ စတာတွေကို စဉ်ဆက်မပြတ် လုပ်နေဖို့လိုအပ်နေတယ် ဆိုတာလည်း ထင်မြင်ယူဆမိပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆင်းရင် စစ်တက္ကသိုလ်မှာ ဆရာလုပ်ကြမယ်။ တို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို တတ်နိုင်သလောက် အကောင်အထည်ဖော်ကြမယ်ဆိုပြီး လက်တောက်လောက်ရှိတဲ့ ကိုယ့်ရာထူး ကိုယ့်အဆင့်မှ အားမနာ စိတ်တူကိုယ်တူ စေတနာတူ သူငယ်ချင်းတွေ တိုင်ပင်အိပ်မက် မက်ခဲ့ကြပါသေးတယ် . . .
.
. . . အဲသည်စိတ်ကူးတွေ အတွေးတွေ တွေးမိတယ်ဆိုတဲ့ ၂၀၀၅ ခုနှစ်လောက်က စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာသင်ကြားပို့ချတဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ ၁၉၉၉ ခုနှစ် အမှတ်စဉ် ၄၀ အထိ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာဘွဲ့နဲ့ သိပ္ပံဘွဲ့ နှစ်မျိုး အပ်နှင်းပြီး ၂၀၀၀ ပြည့်နှစ် အမှတ်စဉ် ၄၁ နဲ့ ၄၂ အတူတူ ကျောင်းဆင်းကြတဲ့ နှစ်မှာ ကွန်ပျူတာသိပ္ပံဘွဲ့ ထပ်တိုး အပ်နှင်းတယ်လို့ မှတ်သားမိပါတယ်။ အမှတ်စဉ် ၄၃ ကျောင်းဆင်းတဲ့ ၂၀၀၁ ခုနှစ်က စပြီး ဘာသာရပ်အထူးပြုစနစ်နဲ့ ဘွဲ့အပ်နှင်းပြီး အမှတ်စဉ် ၄၃ ၄၄ ၄၅ သုံးပတ်စဉ်မှာ မြန်မာစာ အင်္ဂလိပ်စာ သမိုင်း ပထ၀ီ စတဲ့ ၀ိဇ္ဇာဘာသာရပ်လေးမျိုး အထူးပြု အပ်နှင်းပါတယ်။ အပတ်စဉ် ၄၆ ကစပြီး ၀ိဇ္ဇာဘာသာရပ်တွေ အထူးပြု သင်ကြားပို့ချတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီး သိပ္ပံပညာရပ်တွေကိုပဲ ဘာသာရပ်ခွဲတွေ တိုးမြှင့်ပြီး အထူးပြုစနစ်နဲ့ ဆက်လက် သင်ကြားပါတယ်။ ဗိုလ်လောင်းအင်အား ထောင်နဲ့ချီပြီး လက်ခံသင်ကြားနေတဲ့ ကာလမို့ ၀ိဇ္ဇာပညာရပ် အထူးပြု သင်ကြားခြင်းတွေကို လုံးလုံး ဖြုတ်ပယ်ပစ်မယ့်အစား တစ်ပတ်စဉ်ကို ဆယ်ဂဏန်းအစွန်းထွက်လောက်ပဲ ဖြစ်ဖြစ် ဆက်သင်ပေးနေရင် ကောင်းမှာပဲလို့ တောင့်တမိခဲ့ပါတယ်။ စစ်ရုံးမှာ ဦးစီးအရာရှိ တာဝန်ထမ်းဆောင်ရတဲ့ အခါမှာလည်း အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး လက်လှမ်းမီသရွေ့ မေးမြန်းစပ်စုကြည့်ခဲ့ပေမယ့် စိတ်ကျေနပ်လောက်တဲ့ အဖြေကို မရခဲ့ပါဘူး။
.
. . . နိုင်ငံရေးအခြေအနေဘက်မှာ အမျိုးသားညီလာခံလည်း ပြီးသွား၊ အခြေခံဥပဒေလည်း မူကြမ်းရေးဆွဲပြီးလို့ ၂၀၀၈ ခုနှစ် မေလလောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုလိုက်တဲ့အခါ၊ ကိုယ့်နိုင်ငံ ရှေ့ဆက်လျှောက်ရမယ့် ခရီးကို စိတ်ဝင်စားလို့ အခြေခံဥပဒေကို သေသေချာချာ လေ့လာဖြစ်ပါတယ်။ အပေါ်မှာတုန်းက တစ်ခါပြောခဲ့တဲ့ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေမယ်ဆိုတာကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မရှင်းလင်းတဲ့ မေးခွန်းက အခြေခံဥပဒေမှာအဲသလို ပြဌာန်းထားပါလျက်နဲ့ စစ်တက္ကသိုလ်လို နေရာမျိုးမှာ ၀ိဇ္ဇာပညာရပ်တွေ အထူးပြု ဘာလို့ မသင်တော့တာလဲ၊ ပြန်မသင်သေးတာလဲ ဆိုတဲ့အချက်ကို ဘယ်လိုမှ ဘ၀င်မကျနိုင်ခဲ့ပါဘူး။ အနည်းဆုံးတော့ တပ်မတော်အနေနဲ့ အစိုးရ သုံးလေးဆက်လောက်ဖြစ်ဖြစ် (ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်) နိုင်ငံရေးမှာ ပါနေရအုံးမယ်ဆိုတာ မှန်းဆထားမိတာကြောင့် အဲသည်တာဝန်ကို နောက်မျိုးဆက်တွေ ကောင်းကောင်းထမ်းဆောင်နိုင်အောင် စစ်တက္ကသိုလ်မှာတော့ ၀ိဇ္ဇာအထူးပြု သင်ကြားနေသင့်တယ်လို့လည်း စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့တာပါ။ ကိုယ်လိုလူကတောင် ဒီလောက် စဉ်းစားမိမှတော့ တပ်မတော်အကြီးအကဲတွေဆို ကိုယ့်ထက် အဆပေါင်းများစွာ စဉ်းစားမိမှာပဲ ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနှင့်နေတော့ တစ်နေ့နေ့မှာ ဒါကို အကောင်အထည် ဖော်မှာပါပဲလေလို့ပဲ တွေးပြီး အဲသည် တစ်နေ့နေ့ကိုသာ မျှော်လင့်စောင့်စားနေမိပါတော့တယ်
.
. . . ဒါပေမယ့် ကျွန်တော့်ရဲ့ သံသယတွေ ရှင်းသွားတာနဲ့အတူ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲခဲ့တဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပါတယ်။ စစ်တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်များမှာ ဖွင့်လှစ်ထားတဲ့ ဘွဲ့လွန်သင်တန်း ပါရဂူသင်တန်းတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို ဦးစီးအရာရှိ ပေါက်စနလေး ကျွန်တော် တက်ဖို့ အကြောင်းဖန်လာတဲ့ နေ့ပါပဲ။ အစည်းအဝေးကို ဦးစီးနေတာက အဲသည်တုန်းက နိုင်ငံတော်မှာ ဒုတိယအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူ့ထက်ကြီးတာဆိုလို့ ဒီနေ့ထိ လူတွေ တသသ ဖြစ်နေကြတဲ့ လူကြီးတစ်ယောက်ပဲ ရှိတော့ပါတယ်။ သူက ဘယ်လိုပြောသလဲ ဆိုတော့ " ၀ိဇ္ဇာပညာကွာ စစ်တိုက်လို့ ရတာမဟုတ်ဘူး သင်မနေနဲ့" တဲ့။ ကျွန်တော့်မှတ်မိသလောက် စကားလုံး အတိအကျ နီးပါးပါ။ အဲသည် စကားလုံးဟာ ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကို တစ်စစီ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော့်ကို ဒီအခြေအနေထိ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အထင်ကြီးလေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက အဲသည်စကားကို ပြောခဲ့တယ်ဆိုတာ တပ်မတော်ရဲ့ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍအတွက် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တဲ့ ကျွန်တော့်အတွက် ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရတာသာ မဟုတ်ရင် ဘယ်လိုမှ ယုံကြည်လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အဖြစ်မှန်ကို နဖူးတွေ့ဒူးတွေ့ ယုံကြည်လက်ခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေလည်း ယုံကြည်ဖို့ခက်ခဲစွာ၊ စိတ်ပျက်ခြင်းကြီးစွာနဲ့ ကျေမွပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် မေ့တော့ မမေ့ပစ်ခဲ့ပါဘူး။
.
. . . တပ်တော်အစိုးရက အာဏာစွန့်လွှတ်ပြီး ရွေးကောက်ခံအစိုးရကို တာဝန်လွှဲ၊ မြန်မာပြည်လည်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ တစ်ခေတ်ဆန်းလာခဲ့တဲ့အချိန်၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အရည်ပျော်ခဲ့ရပြီး လေးနှစ်ခန့်အကြာမှာ စစ်ရုံးထဲမှာပဲ ဦးစီးအရာရှိတာဝန်ကို နောက်တစ်ခေါက် ထပ်မံထမ်းဆောင်ခွင့် ရခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ လင်းလက်တောက်ပတဲ့ ခုနှစ်ပါ။ ကျွန်တော်စွန့်လွှတ်ခဲ့တဲ့ မျှော်လင့်ချက်တစ်ခုကလည်း မထင်မှတ်ပဲ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ အဲဒါကတော့ စစ်တက္ကသိုလ်မှာ ၀ိဇ္ဇာပညာရပ် အထူးပြုစနစ် ပြန်လည် အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ သတင်းပါပဲ။ တကယ်လည်း အကောင်အထည် ဖော်ခဲ့လို့ အခုဆို ပထမဆုံး ပြန်လည်ဆန်းသစ်တဲ့ အပတ်စဉ်တောင် ဘွဲ့ရတော့မယ် ထင်ပါတယ်။
.
. . . ဒီစာရေးတဲ့ အဓိက ရည်ရွယ်ချက်ကို အခုပြောပါမယ်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်မယ်လို့ ဦးတည်ချက်ချင်းတူတဲ့ အခြေအနေ တစ်ခုတည်းမှာပဲ ပထမ ခေါင်းဆောင်တစ်ယောက်က ၀ိဇ္ဇာပညာကို ဘွဲ့ကြိုအဆင့်မှာ သင်ကြားတာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ခေါင်းဆောင်က ပြန်လည်သင်ကြားဖို့ ဆုံးဖြတ်လိုက်တာကို သုံးသပ်ကြဖို့ပါ။ လက်တစ်ဆုပ်စာလောက်ပဲ ကြာခဲ့တဲ့ နှစ်အပိုင်းအခြားအတွင်း ခေါင်းဆောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်အချက်တွေက လွှမ်းမိုးခဲ့ပါသလဲ။ လိုအပ်ချက် အတူတူပဲ ရှိနေတဲ့ အခြေအနေ၊ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်စွမ်းချင်း တူညီတဲ့ အခြေအနေမှာ ပထမ ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်မပြု မဖြည့်ဆည်းခဲ့ဘဲ နောက်ခေါင်းဆောင်က လိုအပ်ချက်ကို အသိအမှတ်လည်းပြု ဖြည့်လည်းဖြည့်ဆည်းတဲ့ မတူကွဲပြားတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ ဖြစ်စဉ်နှစ်ခုကို စနစ်တကျ လေ့လာသုံးသပ် သုတေသန ပြုသင့်တယ်လို့ ထင်မြင်မိလို့ ဒီစာကို ရေးရပါကြောင်း . . .
.
၂၀၁၆ နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့
Thursday, 10 November 2016
သစ်ရွက်ကလေးတွေ
အဆောင်ပြန် နေ့လည်စာစားပြီး စာကြည့်ခန်းကို ပြန်လာတော့ စင်္ကြန်လမ်းရိုးအတိုင်း မသွားဘဲ အဆောင်သုံးဘက်ကနေ လှည့်လျှောက်ခဲ့တယ်။ မရောက်တာကြာတဲ့ ချယ်ရီပင်တန်းကို ကြည့်ချင်တာလည်း ပါတာပေါ့။ အဆောင် နှစ်နဲ့ အဆောင်သုံး ကူးတဲ့ ကော်ရစ်ဒါနားအရောက်မှာ ကျွန်တော့်ခြေလှမ်းတွေ တုန့်သွားခဲ့တယ်။ အပင်ခြေမှာ ကြွေကျနေတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေ တွေ့လိုက်လို့ . . .
အဲသည် မေဘယ်ဆိုတဲ့ အရွက်လေးတွေကို မမြင်ဖူးခင်ကတည်းက ရင်းနှီးနေခဲ့ပြီးသား။ ခုနစ်တန်းလောက်တုန်းက စဖတ်ဖူးတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့ ၀တ္ထုထဲမှာ အင်္ဂလန်ကို ဆေးကျောင်းသွားတက်တဲ့ မောင် က သူတို့ဆီက ဆောင်းဦးရွက်ကြွေ ရာသီအကြောင်းကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့သူငယ်ချင်းဆီကို ရေးတဲ့ စာထဲမှာ အဲသည်အရွက်လေးတွေအကြောင်း ပါတယ်။ အဲဒါ ဖတ်ပြီးကတည်းက မေဘယ်ရွက်ဝါလေးတွေကို အပြင်မှာ မြင်ဖူးချင်ခဲ့တာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ မေဘယ်ရွက်ဝါလေးတစ်ခု လက်ဆောင်ရဖူးတယ်။ ကျွန်တော့်လိုပဲ ရွက်ဝါလေးတွေ ချစ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်က မိုင်ပေါင်းထောင်ချီအရပ်ကနေ ပို့ပေးလိုက်တာ။ တို့ဆီမှာတော့ မေဘယ်ရွက်နဲ့ တူတာဆိုလို့ ချဉ်ပေါင်ရွက်ပဲ ရှိတာလေ။ ချဉ်ပေါင်ရွက်ကတော့ ဘယ်လိုမှ ကဗျာမဆန်တဲ့အရွက်။ ကြော်စားဖို့လောက်သာ ကောင်းတဲ့အရွက်။ ထားပါတော့လေ . . .
ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ၀တ္ထုထဲက ဇာတ်လိုက်ကျော် မောင် ရဲ့နေရာမှာထားပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် မောင့်လိုတော့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း ခိုင် မရှိခဲ့ဘူး။ ဒါပေမယ့် သစ်ရွက်ဝါ၀ါလေးတွေတွေ့ရင် တမြတ်တနိုး သိမ်းထားတဲ့ အကျင့်လေး ရလာခဲ့တာတော့ အခုထိပဲ။ အစတုန်းကတော့ ခိုင် လိုမျိုး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က ပေးတယ်လို့ စိတ်ကူးယဉ်ပြီး ကိုယ့်ဘာသာ ကောက်သိမ်းထားခဲ့ဖြစ်တာ။ နောက်ပိုင်းကျတော့ သစ်ရွက်ဝါ၀ါလေးတွေကို တကယ်ကို ချစ်တတ်လာခဲ့တယ် . . .
သစ်ရွက်ဝါလေးတွေကို ချစ်တာနဲ့အတူ သစ်ရွက်စိမ်းစိမ်းလေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သစ်ပင်သစ်တော ရေမြေသဘာဝပတ်ဝန်းကျင် နဲ့ အင်းအိုင်ချောင်းမြောင်း ကြွယ်ဝတဲ့ ကိုယ့်နိုင်ငံကိုယ်လည်း မြတ်မြတ်နိုးနိုးကို ချစ်တတ်လာခဲ့တယ်။ နောက်ပြီး ပန်းပွင့်လေးတွေကိုလည်း ချစ်တတ်လာတယ်။ သမီးလေးကိုတောင် ပန်းပွင့်လေးလို့ နာမည်ပေးထားတာသာကြည့်တော့ . . .
အခု နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေဘာတွေ ခေတ်စားလာတော့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ကို သတိရမိတယ်။ ဆရာကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ဘာတို့ဆိုတဲ့ စကားလုံး မတန်ရင်ကာကြီးတွေကို (ကျွန်တော်ဖတ်ဖူးသလောက်) တစ်ခါမှ မသုံးခဲ့ဘူး။ ဒါပေမယ့် သူ့စာလေးတွေ သူ့ကဗျာလေးတွေ သူ့ဝတ္ထုလေးတွေ ဖတ်နေရင်းနဲ့ အထက်က ပြောခဲ့သလိုပဲ ရွက်ဝါလေးတွေ လိပ်ပြာလေးတွေ ပန်းပွင့်လေးတွေ သစ်ပင်သစ်တော ရေမြေတောတောင်ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိုယ့်နှလုံးသားထဲမှာ အလိုလို ကိန်းအောင်းလာခဲ့တယ်။ ဒီလိုသာ သဘာဝရဲ့ အလှအပကို သတိထားမိပြီး ချစ်တတ်မြတ်နိုးတတ်တဲ့သူတွေ များနေမယ်ဆိုရင် ကျွန်တော်တို့ ရေမြေတောတောင်ကို ထိန်းသိမ်းကြပါ သစ်ပင်တွေ မခုတ်ကြပါနဲ့ ငှက်တွေကို ဘေးမဲ့ပေးကြပါ ဘာညာသာရကာ အခု လုပ်နေကြသလို လိုက်ပြီး ဆော်သြနေဖို့တောင် မလိုလောက်ဘူး။ ကိုယ်သာ တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုရင် ဘယ်သူကမှ ဖျက်လိုဖျက်ဆီးလုပ်ဖို့ စိတ်အားထက်သန်ကြမှာ မဟုတ်ဘူးလေ။ သစ်ပင်ကိုချစ်ရင် သစ်ပင်စိုက်ကြမယ်၊ ဒီလိုမဟုတ်လား . . .
အဲသည်တော့ လုပ်စရာရှိရင် ကိုယ့်အိမ်ထဲက စလုပ် ဆိုသလို ကျွန်တော်လုပ်နိုင်တဲ့ အလုပ်ကတော့ ချစ်သမီး ပန်းပွင့်လေးကို ရေမြေတောတောင် သစ်ပင်သစ်တော ပန်းပွင့်လိပ်ပြာလေးတွေ ကျေးငှက်သာရကာလေးတွေ ချစ်ခင်မြတ်နိုးတတ်အောင် သင်ပေးတဲ့ အလုပ်ပဲ။ သူချစ်လာအောင် ကိုယ်ကလည်း သူ့ရှေ့မှာ ချစ်ပြရတယ်။ တန်ဖိုးထားပြရတယ်။ ကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် တစ်နေရာရာ သွားတဲ့အခါ တယ်လီဖုန်းကို ပိတ်ပြီး ဘေးပတ်ဝန်းကျင်က တောင်တန်းကြီးတွေ တိမ်တွေ မိုးကောင်းကင်တွေ ပျံနေတဲ့ ငှက်ကလေးတွေကို ပန်းပွင့်လေးနဲ့ အတူတူ ကြည့်တယ်။ အရောင်တွေ သင်ပေးရင်းနဲ့ လမ်းဘေးမှာ တွေ့တဲ့အရောင်တွေကို ဦးသူပြောစတမ်း ကစားကြတယ်။ တိမ်တွေကိုကြည့်ပြီး စိတ်ကူးယဉ် ဇာတ်လမ်းဆင်ကြတယ်။ လမ်းဘေးက သစ်ပင်တွေ ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့ပေမယ့် တိမ်တွေနဲ့ တောင်တန်းကြီးကတော့ ကိုယ့်နောက်ကို လိုက်လာတာကိုကြည့်ပြီး ရယ်ပွဲဖွဲ့ကြတယ်။ စနစ်တကျ စိုက်ထားတဲ့ပန်းဆိုတာ မခူးရဘူးဆိုတဲ့ စည်းကမ်းကို နားလည်ထားပြီးသားမို့ အလေ့ကျ ပန်းလေးတွေ တွေ့တဲ့အခါ ဒီပန်းလေးကို သမီးသဘောကျသလို တစ်ခြားလူတွေလည်း သဘောကျမှာပဲ။ သမီးက ခူးလိုက်ရင် ကျန်တဲ့သူတွေ မကြည့်ရတော့ဘူး ဖြစ်သွားမှာပေါ့၊ သမီးက ခူးလိုက်ရင် ပန်းလေး နာသွားမှာပေါ့ စသည်ဖြင့် အလှအပကို အခြားသူတွေနဲ့ မျှဝေခံစားတတ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ ဥာည်ကလေး သူ့နှလုံးသားထဲမှာ ပျိုးပေးတယ်။ သစ်ရွက်ဝါလေးတွေ တွေ့တဲ့အခါ အတူတူ ကောက်ကြတယ်။ သစ်ရွက်ပေါ်က အရောင်လေးတွေကို သမီးကို ပြောပြခိုင်းတယ် . . .
အခုလည်း လမ်းမှာကောက်လာတဲ့ မေဘယ်ရွက်နဲ့တူတဲ့ ရွက်ဝါလေးတွေရယ် အနီတစ်ချို့ အ၀ါတစ်ချို့ အစိမ်းတစ်ချို့ ရောင်စုံရောယှက်နေတဲ့ ချယ်ရီရွက်လေးတွေရယ်ကို ကောက်လာခဲ့တယ်။ စာရွက်ကြားထဲမှာ ညှပ်ပြီး သွေ့အောင်ထားမယ်။ အရောင်တွေ မပြယ်လွင့်ပဲ သွေ့ခြောက်သွားတဲ့အခါ မြန်မာပြည်က ပန်းပွင့်လေးဆီ ပို့ပေးမယ် . . .
စိတ်ကူးတွေ ယဉ်လို့တော့ အကောင်းသားရယ်ပါ။ သစ်ပင်သစ်တောထက် ကွန်ကရိတောထဲမှာသာ ရှင်သန်ကျင်လည်နေရတဲ့ ပန်းပွင့်လေးကတော့ ဖအေက အလှကြည့်စေချင်လို့ ပို့ပေးလိုက်တဲ့ သစ်ရွက်ရောင်စုံလေးတွေကို ထမင်းချက်တမ်း ဟင်းချက်တမ်း ကစားတဲ့အခါ ဟင်းတစ်ခွက်လုပ်ရင်လုပ်ပစ်လိုက်မှာ . . .
Wednesday, 2 November 2016
တော်တော်လိမ္မာလာပြီ
မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ဖန်တီးရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ပြည်ခရီးစဉ် ပွဲဦးထွက် မြန်မာပြည်သူများနဲ့ တွေ့ဆုံပွဲအပြီးမှာ ဒီစာကို ရေးပါတယ်။ ဂျပန်ပြည်ဧည့်သည်တော်ကြီး ပြောခဲ့ဆိုခဲ့တဲ့ စကားတွေကို လုံးစေ့ပတ်စေ့ မှတ်တမ်းတင်တဲ့ စာမဟုတ်ဘဲ ပြောသွားတဲ့ စကားတစ်ချို့နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်။
ပထမဆုံး ချီးကျူးလိုတာကတော့ ဧည့်သည်တော်ရဲ့ မြန်မာစကားပြေစွမ်းရည် ဖြစ်ပါတယ်။ ပြောချင်တဲ့ အချက်အလက်လေးတွေ တေးမှတ်လာပြီး လက်တန်း ပြောသွားတဲ့ အထဲမှာ မြန်မာစကားကို ချောချောမွေ့မွေ့ပြောသွားတဲ့ အချက်ကို အခြားသော မြန်မာအစိုးရ အရာရှိကြီးများ မှတ်သား အတုယူစေချင်ပါတယ်။ ကျွန်တော်က မြန်မာစာ မြန်မာစကားကို တန်ဖိုးထားတဲ့သူလို့ကိုယ့်ကိုယ်ကို ခံယူထားပြီး မြန်မာစကားပြောရင် မြန်မာစာရေးရင် မြန်မာလိုပဲ ချောချောမွေ့မွေ့ရေးနိုင်ပြောနိုင်အောင် အမြဲ ၀ါယမစိုက်ထုတ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောတာကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ အစိုးရလူကြီးမင်းများ နဲ့ အခြားသော အဖွဲ့အစည်းခေါင်းဆောင်များ အရေးကြီး တာဝန်ထမ်းဆောင်နေသူများ စကားပြောတဲ့အခါမှာလည်း မြန်မာစကားကို မြန်မာလို ချောချောမွေ့မွေ့ ပြောကြစေချင်ပါတယ်။ အလွယ်တကူပဲဖြစ်ဖြစ် အကျင့်ပါနေလို့ပဲ ဖြစ်ဖြစ် အင်္ဂလိပ်စကားလုံးတွေ ညှပ်ညှပ်ပြောတာကို ရှောင်ကျဉ်ပြီး ကြွယ်ဝလှတဲ့ မြန်မာဝေါဟာရတွေကို အချက်ကျကျ သုံးကြစေချင်ပါတယ်။ ဧည့်သည်တော်ဟာ မြန်မာစကားကို ပြေပြေပြစ်ပြစ် ပြောတတ်တဲ့နေရာမှာ ကျွန်တော်သဘောကျတဲ့ အစိုးရလူကြီးမင်းတစ်ယောက်ဖြစ်ပါတယ်။
အခမ်းအနား စစချင်း ပရိတ်သတ်ကို နုတ်ခွန်းဆက်စကားပြောတဲ့ နေရာမှာ တည်တည်တံ့တံ့ သိမ်သိမ်မွေ့မွေ့ ပြောသွားသလောက် မေးခွန်းတွေကို ဖြေတဲ့ နေရာမှာတော့ ဧည့်သည်တော်ရဲ့ ရှင်းရှင်းဗွင်းဗွင်း ပြောတတ်တဲ့ ဥာဉ်ကလေးကို လှစ်ကနဲ လှစ်နဲ မြင်ခဲ့ရပါတယ်။ ဥပမာ တစ်ယောက်က မေးတဲ့ ဘွဲ့ရပညာတတ်တွေဖြစ်ဖို့ ဘာလုပ်ပေးပါမလဲ ဆိုတဲ့ မေးခွန်းကို တုန့်ပြန်တာမျိုးပေါ့။ သူဖြေလိုက်တာက ဘွဲ့နဲ့ ပညာဆိုတာ တိုင်းတာလို့ မရကြောင်း ပညာတတ်ဖို့ အရေးကြီးကြောင်းပေါ့။ ရှင်တို့ ဘွဲ့ရဆိုတာကြီးကို အဲလောက် မရူးကြပါနဲ့ တဲ့။ မရှင်းပေဘူးလား။ နောက်ပြီးတော့ သူပြောသွားတဲ့အထဲမယ် အစွန်းလွတ်အောင် ရှောင်ပြောတတ်တာကလည်း စကားပြောအနုပညာတစ်ခု ပါပဲ။ ဥပမာ အစိုးရထဲမယ် နေရာရချင်လို့ လုပ်တဲ့သူတွေလည်း ရှိချင်ရှိမှာပဲ ဆိုတာမျိုးပေါ့။ ဒါတွေကတော့ ကျွန်တော်တို့ ကြားနေကျစကားတွေဖြစ်လို့ သိပ်မဆန်းကြပါဘူး။ ဗိုလ်ချုပ်သမီးပဲ ဒီလောက်တော့လည်း တဲ့တိုးနိုင်ပေလိမ့်မပေါ့။ မေးခွန်းတွေကို မဖတ်ခင် သူပြောတာက တစ်ချို့က ကိုယ်သိချင်လို့ မေးတာထက် သူများကို ဆော်ချင်နှက်ချင်လို့ မေးတာ တိုင်တာတွေလည်း ရှိပါတယ်တဲ့။ အဲဒီလို တိုင်စာမျိုးဆိုရင်တော့ ကျွန်မ မဖြေဘူးနော် တဲ့။
မြန်မာနိုင်ငံရဲ့ အစိုးရခေါင်းဆောင်တစ်ယောက်အနေနဲ့တော့ ဧည့်သည်တော်ကြီး တော်တော် လိမ္မာလာတာ ပိုသေချာသွားတဲ့ စကားတွေကိုလည်း ဒီနေ့ကြားခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လိမ္မာလာတယ် ဆိုတာထက် အာဏာရပါတီ အစိုးရအဖွဲ့ကြီး လိမ္မာလာတယ် ဆိုရင် ပိုများ ဆီလျော်မလား မသိပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေကို အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒ သုံးရပ်နဲ့ ကြွေးကြော်ပြီး တက်ရောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အခြေခံဥပဒေကို ပြင်ဆင်ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက ရတဲ့နည်းနဲ့ မောင်းထုတ်ဖို့ အမျိုးမျိုး ကြိုးပမ်းခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လွှတ်တော်ထဲ ၀င်ထိုင်တော့မယ်ဆဲဆဲ မှာတောင်မှ အခြေခံဥပဒေက သတ်မှတ်ပြဌာန်းထားတဲ့ ကတိသစ္စာကို မပြုနိုင်ပါဘူးဆိုပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဂယ်ပေါက်ကို ဖွင့်ဖို့ သူမကိုယ်တိုင် ကြိုးစားခဲ့သေးတာ မဟုတ်လား။ ဒီနည်းနဲ့တော့ အလုပ်မဖြစ်မှန်း ရိပ်မိသွားမှသာ အရင်က အခြေခံဥပဒေကို သေချာ မလေ့လာထားမိလို့ပါဆိုပြီး ချော်လဲရောထိုင်နဲ့ ကတိသစ္စာပြု လွှတ်တော်ထဲ ရောက်လာခဲ့တာ။ တစ်ခါ ၂၀၁၄ ခုနှစ်ကလည်း အခြေခံဥပဒေ ပြင်မလား အသစ်ရေးမလား ဆိုပြီး လက်မှတ်စုဆောင်းတဲ့ လူထုလှုပ်ရှားမှုတွေကို စီမံဦးဆောင်ပြီး အခြေခံဥပဒေကို ချက်ချင်းဆိုသလို ပြင်ဖြစ်အောင် နိုင်ငံရေးဖိအားပေးခဲ့ပါသေးတယ်။ လွှတ်တော်ထဲမှာကျတော့ အင်အားကြီးတဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စလုပ်လိုက်တော့ မျှော်လင့်ထားတဲ့အတိုင်း တပ်မတော်ရဲ့ ထောက်ခံမှု မရလို့ အခြေခံဥပဒေ ပြင်ဆင်ရေး အရေးနိမ့်ခဲ့ရတာလေ။
ဒီနေ့ မေးတဲ့ မေးခွန်းထဲမှာ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေ ကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု ရှိပါသလား ဆိုတဲ့ မေးခွန်းကို ပြန်ဖြေတဲ့ အဖြေမှာ ခုနင်က ကျွန်တော်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လိမ္မာလာတယ်ဆိုတာ ပိုပြီး သေချာတဲ့ စကားတွေကို ကြားခဲ့ရတာပါ။ မေးခွန်းကို တိုက်ရိုက် မဖြေပေမယ့် နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေမှု နဲ့ ပတ်သက်တဲ့ သဘောတရားကို ပြောသွားတာ ဖြစ်ပါတယ်။ အလားတူ သဘောတရားမျိုးကို ကြားရတာ အခုက ပထမဆုံး မဟုတ်ပါဘူး။ ဒီနှစ်ထဲမှာပဲ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က လွှတ်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကလည်း ဒီသဘောထားမျိုးကို ပြောသွားခဲ့ပြီဖြစ်ပါတယ်။ အခု အာဏာရလာပြီဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဘယ်လို ဆက်လုပ်မှာလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အချိန်ဇယား သတ်မှတ်ချက်ကို သတင်းထောက်တစ်ယောက်ကမေးတောကို ဦးဝင်းမြင့်က ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဦးဝင်းမြင့် ဖြေတာက အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးမှသာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ အခြေခံဥပဒေကို အလောတကြီး ပြင်ဖို့ ကြိုးစားရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများသွားနိုင်တယ် ဆိုတာကို "စစ်ကျွံရင် စစ်ရှုံးမယ်" ဆိုတဲ့ စကားလုံးဥပမာနဲ့ ဦးဝင်းမြင့်က ဖြေကြားခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြည်ပ ရုပ်သံတစ်ခုက အင်တာဗျူးတုန်းက တပ်ချုပ်ကြီး ဖြေခဲ့တဲ့ အဖြေနဲ့ ဦးဝင်းမြင့် ဖြေခဲ့တဲ့ အဖြေက တစ်ထပ်တည်းနီးပါး ဖြစ်နေတာပါပဲ။ အရင်တုန်းက တပ်မတော်ကို နိုင်ငံရေးထဲကနေ အမြန်ဆုံးထွက်ပြီး စစ်တန်းလျားပြန်သွားဖို့ နည်းမျိုးစုံနဲ့ မောင်းထုတ်ဖို့ အားကြိုးမာန်တက်လုပ်ခဲ့တဲ့ နိုင်ငံရေးပါတီကြီးတစ်ခုဟာ အစိုးရတာဝန်ထမ်းဆောင်တဲ့ သက်တမ်းသုံးလ မပြည့်ခင်မှာပဲ မိမိတို့ မူလက ကြွေးကြော်ခဲ့တဲ့ မူဝါဒကြီး သုံးရပ်ထဲက တစ်ရပ်ကို အခုလို ဖြေလျှော့လိုက်တာဟာ မြန်မာ့နိုင်ငံရေးရဲ့ လက်တွေ့အရှိတရားကို ထင်ဟပ်တာကြောင့် ကျွန်တော်က ကြိုဆိုခဲ့ပါတယ်။
ဒီနေ့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဧည့်သည်တော်ပြောတာက ရွေးကောက်ခံကိုယ်စားလှယ်တွေချည်းပဲ ရာနှုန်းပြည့်နဲ့ ဖွဲ့စည်းထားတဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ဦးတည်ထားပေမယ့် ကိုယ်လိုချင်တာကို ချက်ချင်း မရမက လုပ်လိုက်လို့ ဖြစ်လာမယ့် ဒဏ်ရာဒဏ်ချက်တွေ ပြန်လည်ကုစားဖို့က အချိန်ပိုကြာတတ်ပါသတဲ့။ လက်ရှိအနေအထားအတိုင်း ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ကြရင်း ဖြည်းဖြည်းမှန်မှန်နဲ့ ရည်မှန်းချက်ကို သွားတာဟာ အချိန်ပိုကြာပေမယ့် ဒဏ်ရာဒဏ်ချက်တွေ မဖြစ်စေတာကြောင့် ဒဏ်ရာတွေပျောက်ဖို့ ကြာတဲ့အချိန်ပါ ထည့်တွက်ရင် ဒီနည်းက ပိုတောင်မြန်တယ်ပါတယ် ဆိုတာကို ပြောသွားတာပါ။ နိုင်ငံရေး ပညာရှင်လည်းဖြစ် မိမိနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံခြားက ပုဂ္ဂိုလ်ကြီးတစ်ယောက်က သူမကို ဒီသဘောတရား ပြောပြသွားတာလို့ ဆိုပါတယ်။( အဲဒီလို ပြောသွားတာ ဘယ်သူများပါလိမ့် ????? ) သူ့ရဲ့အတွေ့အကြုံနဲ့ ပြောသွားတဲ့ ဒီသဘောတရားကို သူမကိုယ်တိုင်ကလည်း ယုံကြည်ပါသတဲ့။ "အမြန် ကိုယ်လိုချင်တာရဖို့ ဘယ်လိုနည်းနဲ့ရရ ဆိုတဲ့ စိတ်ဓာတ်ဟာ တကယ်တော့ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက်ကို ထည့်ပြီး မစဉ်းစားတဲ့ စိတ်ဓာတ်တွေပဲလို့ ကျွန်မယုံကြည်ပါတယ်" လို့ ပြောလိုက်သံကြားတော့ အရင်တုန်းက ဧည့်သည်တော်ကြီး အတိုက်အခံဘ၀က ပြောခဲ့တဲ့ စကားတစ်ချို့ကိုတောင် ပြန်လည် ကြားယောင်မိလို့ ပြုံးလိုက်မိပါသေးတယ်။ ဂျပန်ပြည်ဧည့်သည်တော်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ အစ်မကြီး အစ်မကြီးဆိုပြီး စည်းရုံးသိမ်းသွင်းတာ အောင်မြင်သွားတာလား၊ အစ်မကြီးကိုယ်တိုင်ကပဲ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ဒီလိုသဘောထားတွေ ပြောင်းသွားတာလား ဆိုတာကတော့ ကာယကံရှင်တွေကိုယ်တိုင်သာ သိနိုင်ပါပေလိမ့်မယ်။
မေးတဲ့ မေးခွန်းတွေထဲမှာ မောင်မောင်တာ မေးခွန်းတွေလည်း ပါလာတာကို တွေ့ရပါသေးတယ်။ ဥပမာ မေးခွန်းတစ်ခု၊ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို ဘယ်လိုပြုပြင်ပေးရမှာလဲ အမေစုပြုပြင်ပေးမှ ရမှာပါ ဆိုတာမျိုးပေါ့။ ဧည့်သည်တော်ကြီးကတော့ သိတဲ့အတိုင်း ဘွင်းဘွင်းပဲ ကိုယ့်ကိုယ်ကို ပြုပြင်မှ ရမယ် . တဲ့. . .
အကြိမ်ရေအများဆုံး တိုက်တွန်းသွားတဲ့ စကားလုံးကတော့ မြန်မာနိုင်ငံကို အစိုးရကို တတ်နိုင်တဲ့ အကူအညီ ပေးကြဖို့ ငွေကြေးတတ်နိုင်တတ်နိုင် လုပ်အားတတ်နိုင်တတ်နိုင် စတာတွေ ဖြစ်ပါတယ်။
ခြုံငုံ သုံးသပ်ရရင် ရှင်းရှင်းဘွင်းဘွင်းနဲ့ နားထောင်နေသူတွေ လက်ခုပ်သြဘာသံတွေ ညံနေအောင် စကားပြောကောင်းတဲ့ အပြောကောင်းသမားကြီးတစ်ယောက် အခုတော့ လက်တွေ့နဲ့ ထင်ဟပ်တဲ့ စကားတွေကို ချင့်ချင့်ချိန်ချိန် ပြောတတ်လာပြီမို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လိမ္မာလာပြီလို့ပဲ မှတ်ချက်ပြုလိုက်ပါတယ် . . .
.
၂၀၁၆ နိုဝင်ဘာလ ၂ ရက်
RIHGA Royal Hotel
Monday, 24 October 2016
ဖနွမ်ပင်လက်ဆောင်
. . . မြန်မာပြည်ကပဲဖြစ်ဖြစ် တစ်ခြားနိုင်ငံတစ်ခုခုကပဲဖြစ်ဖြစ် ပြန်လာတိုင်း ကျွန်တော်တို့အတွက် တစ်ခုခုတော့ ၀ယ်လာပေးလေ့ရှိတဲ့ ဆရာဟာ ဒီတစ်ခေါက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံကအပြန် ကျွန်တော်တို့အတွက် ကော်ဖီမစ်ထုပ်လေးတွေ ၀ယ်လာပြီး အဆောင်အောက်ဆုံးထပ်က တစ်ကိုယ်ရည်သုံး စာတိုက်ပုံးလေးတွေထဲကို လိုက်ထည့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ဆရာ ကျောင်းကိုပြန်မရောက်ခင်မှာပဲ ရှေ့ပြေး လက်ဆောင်တစ်ခုက ကျွန်တော့်တို့ဆီကို ရောက်နှင့်ပြီးသားပါ။ အဲဒါကတော့ "ကျွန်တော်တို့ဟာ အရှေ့တောင်အာရှမှာ အားလုံးထက် နောက်ကျ ကျန်ရစ်ခဲ့တယ်ဆိုတာ သေချာသွားပြီ" ဆိုတဲ့ ဖေ့ဘုတ်ပေါ်က စာလေးတစ်ကြောင်းဖြစ်ပါတယ်။ ဂျပန်ကို ပြန်မလာခင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်လေဆိပ်ထဲကနေ ရေးတင်လိုက်တဲ့ပုံပါပဲ။
.
. . . ဒီလိုမှတ်ချက်မျိုးကို ဒီလိုလေးစားရတဲ့ ဆရာတစ်ယောက်ဆီက ကြားရတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ကုန်ခဲ့တဲ့ ဆယ့်သုံးနှစ်နီးပါးက ရန်ကုန်မြို့မှာ ကြားခဲ့ရတာပါ။ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တက်နေတဲ့၊ စစ်တက္ကသိုလ်တုန်းက ကျွန်တော်တို့ နည်းပြမှူးချုပ်တာဝန်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး ယုလွင်အောင် ပြောခဲ့တာဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဗိုလ်မှူးကြီးရေးနေတဲ့ စာတမ်းတစ်စောင်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းကိစ္စလေးတွေ ၀ိုင်းလုပ်ပေးနေရင်း အလားတူ မှတ်ချက်ကို ကြားခဲ့ရတာပါ။ ကျွန်တော့်ကို ပြောတာတော့ မဟုတ်ပါဘူး။ အိမ်ကို ခဏလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေရင်း "ဗီယက်နမ်က ကျွန်တော်တို့ကို ကျော်တက်သွားပြီ" လို့ မချိတင်ကဲလေသံနဲ့ ပြောပြနေတာကို နံဘေးက ကြားခဲ့ရတာပါ။ ဘယ်လိုအချက်အလက်တွေကို အခြေခံပြီး ပြောခဲ့တာလည်း မသိခဲ့ပေမယ့် စာတွေအများကြီး ဖတ်နေတဲ့သူတစ်ယောက် ပြောတဲ့စကားဖြစ်တဲ့အတွက် အဲသည်မှတ်ချက်ကို အလေးအနက်ထား မှတ်မိနေခဲ့ပါတယ်။ အဲသည်မှတ်ချက်ဟာလည်း ကျွန်တော်တို့တွေ အချင်းများနေခဲ့ကြတဲ့ ကုန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တဖြည်းဖြည်း မှန်လာခဲ့ပါတယ်။
.
. . . အခုလည်း ဆရာက ကမ္ဘောဒီးယားကို သုံးရက်လောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်အဆုံးမှာ ဒီလိုမှတ်ချက်မျိုး ပြုခဲ့တာဆိုတော့ ကျွန်တော်တို့နဲ့ မတိမ်းမယိမ်း ကျွန်တော်တို့ထက်တောင်မှ နောက်ကျနေသေးတယ်လို့ ကျွန်တော်တို့ ထင်နေတဲ့ အဲသည်နိုင်ငံထဲက ကျွန်တော်တို့ကို ကျော်တက်နေတဲ့ တိုးတက်တဲ့ အလားအလာကောင်းတွေကို တွေ့ခဲ့မြင်ခဲ့တဲ့ပုံပါပဲ။ သိပ်မကြာခင်မှာလည်း ဆရာနဲ့ စကားတွေ ပြောဖြစ်တဲ့အခါ ကမ္ဘောဒီးယားမှာ ဆရာတွေ့ခဲ့မြင်ခဲ့ ကြားခဲ့ရတာတွေနဲ့ ဆရာ့သုံးသပ်ချက်တွေ နောက်ပြီး ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေကို နားထောင်ရဖို့ မျှော်လင့်ပါတယ်။
.
. . . ကိုယ့်နိုင်ငံချမ်းသာအောင် တိုးတက်အောင် လုပ်ရမယ့်အချိန် ညီညီညွတ်ညွတ်နဲ့ နိုင်ငံမျက်နာပဲ ကြည့်ရမယ့်အချိန် တက်ညီလက်ညီကြိုးစားကြရမယ့် အချိန်တွေကို ဘယ်လို သောက်ရေးမပါတဲ့ အရှုပ်ထုပ်တွေရှင်းရင်း ငါတို့တွေ အချိန်ဖြုန်းခဲ့မိပါလိမ့်လို့ တွေးမိရင်း ဆရာ့ကိုတော့ လေးစားပေမယ့် ဆရာ ဖနွမ်ပင်လေဆိပ်မှာရေးခဲ့တဲ့ မှတ်ချက် တဖြည်းဖြည်း မှားသွားပါစေလို့ ဆုတောင်းမိပါတယ် . . .
Third Victory Over Mount Hakkaisan
. . . တောင်တွေပတ်လည်ဝိုင်းနေတဲ့ မီနာမီအွန်နူမာ မြို့လေးရဲ့ အထင်ကရ တောင်တစ်လုံးဖြစ်တဲ့ ဟာကိုင်းစံတောင်ကို ဒီနေ့ တတိယအကြိမ် အနိုင်ယူဖို့ သွားခဲ့တယ်။ သုံးနှစ်ဆက်တိုက် ဒီလို ဆောင်းဦးရွက်ကြွေရာသီ တောတောင်တစ်ခုလုံး ဆေးရောင်စုံ ခြယ်ထားတဲ့အချိန်မှာ တောင်ထိပ်ကို ရောက်အောင်တက်ရတာ တောင်ထိပ်ရောက်တဲ့အခါမှာ ၀န်းကျင်တောတောင်တွေရဲ့ အသွေးအရောင်စုံ ပန်းချီကားကြီးကို အမြင့်ကနေ စီးမိုးကြည့်ရတာက ဒီတောင်ထိပ်ထိ ရောက်အောင် တက်နိုင်ခဲ့ပါလားဆိုတဲ့ အရသာတွေကို ခံစားပြီး ဘ၀အတွက် ခွန်အားသစ်တွေမွေးဖွားပေးတဲ့ ဒီခရီးစဉ်ကို တတိယအကြိမ် သွားခဲ့တယ်။ အရင်တက်နေကျ နေရာထက် ပိုဝေးတဲ့ နေရာကို သွားဖို့ကြံရွယ်ခဲ့ပေမယ့် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုရယ် အတူပါလာတဲ့ မရောက်ဖူးသေးသူတွေရယ်ကို လက်တွဲခေါ်ဖို့အတွက် ခရီးပြင်း မနှင်တော့ဘဲ အရင်က နှစ်ခေါက်တိတိ ရောက်ခဲ့ဖူးတဲ့ တောင်ထိပ်ကိုပဲ သုံးကြိမ်မြောက် ရောက်ခဲ့ပါတယ်။
.
. . . ခါတိုင်းတော့ တောင်ထိပ်ရောက်ပြီဆိုတာနဲ့ ပါလာတဲ့ နေ့လည်စာကို သူငယ်ချင်းတွေနဲ့ အတူတူစား ပတ်ဝန်းကျင်ကို တစ်ဝကြီးရှုစား ဓာတ်ပုံတွေ သေချာရိုက်ပြီးမှ ပြန်ဆင်းတာပေမယ့် ဒီနေ့တော့ ဘယ်ကိုမှလည်း ကောင်းကောင်း မမြင်ရအောင် လွှမ်းထားတဲ့ မြူတိမ်တွေ၊ တဖွဲဖွဲကျနေတဲ့ မိုး၊ တ၀ုန်းဝုန်းတိုက်နေတဲ့ လေနဲ့ တစ်ကိုယ်လုံး မိုးစိုပြီး ခိုက်ခိုက်တုန်နေတာမို့ ဓာတ်ပုံကိုတောင် ကသောကမျော ရိုက်ပြီး အမြန် ပြန်ဆင်းလာခဲ့ရတယ်။ စခန်းတစ်ထောက်ရောက်မှ နားနေဆောင်ပေါ်တက် အ၀တ်ရေစိုတွေလဲ၊ အသင့်ပေးထားတဲ့ စောင်ကိုခြုံပြီး ပါလာတဲ့ ထမင်းဆုပ်နဲ့ ကြက်သားကြော်ကို သူငယ်ချင်းတွေနဲ့အတူစားရပါတယ်။
.
. . . အသွားတုန်းက တစ်တက်တည်း တက်နေရသလောက် အပြန်ကျတော့လည်း တစ်ဆင်းတည်း ဆင်းနေရတော့ ငါတို့ အလာတုန်းက ဒီနေရာတွေကို ဘယ်လိုများ တက်ခဲ့မိပါလိမ့်ဆိုပြီး အရင်နှစ်တွေတုန်းက အခုလို အပြန်ခရီးမှာ တွေးမိတဲ့ အတွေးကိုပဲ တွေးဖြစ်အောင် တွေးမိပါသေးတယ်။
.
. . . နောင်နှစ်တွေ ကျရင်တော့ ဟာကိုင်းစံရဲ့ အမြင့်ဆုံးတောင်ထိပ် ရှစ်ခုလုံးကို ရောက်ဖြစ်အောင် သွားပြီး မြန်မာနိုင်ငံတော်အလံ တက်လွှင့်ပါဦးမယ်
Wednesday, 5 October 2016
မီးလာပြီဟေ့
. . . ပစိဖိတ်သမုဒ္ဒရာထဲက ၂၀၁၆ ခုနှစ်ရဲ့ ၁၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်း (Chaba) က အောက်တိုဘာလ ၅ ရက်နေ့မှာ ကျွန်တော်တို့နေတဲ့ ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းက နိဂါးတား ပြည်နယ်ကို ဒီနေ့ည ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပါတယ်။ အရင့်အရင်တုန်းကဆို ပစိဖိတ်သမုဒ္ဒရာထဲက တိုင်ဖွန်းမိုင်တိုင်းတွေဟာ အရှေ့ဘက် ကမ်းခြေကနေပဲ ၀င်ရောက်လေ့ရှိခဲ့ပေမယ့် ဒီတစ်ခေါက် မုန်တိုင်းကတော့ ထူးထူးခြားခြား ဆိုသလို ဂျပန်နဲ့ကိုရီးယားကျွန်းဆွယ်ကြားထဲကနေ ၀င်လာပြီး အနောက်ဘက်ကို ဆက်မရွေ့၊ မြောက်ဘက်တည့်တည့်ကိုလည်း ဆက်မရွေ့ဘဲ ဂျပန်ရဲ့ အနောက်ဘက် ကမ်းခြေ နိဂါးတားပြည်နယ်ဘက်ကနေ ကွေ့ဝင်လာပြီး ဂျပန်ကို ခါးလည်ကနေ ဓားလွယ်ခုတ်ဖြတ်ပြီးတော့ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲ ပြန်ထွက်သွားမယ့် အခြေအနေ ရှိပါတယ်။ အခု ဒီစာရေးနေချိန် ဂျပန်စံတော်ချိန် ကိုးနာရီ သတင်းတွေအရ ကျွန်တော်တို့နေရာကို ညသန်းခေါင်မှာ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ် . . .
.
. . . နေ့လည်တုန်းက တစ်ချက်တစ်ချက် လေပြေလေညင်းတွေ ဝေ့ကနဲ ဝေ့ကနဲ မွေ့လိုက်ပြီး စတင်အချက်ပြခဲ့တဲ့ ဒီမုန်တိုင်းဟာ ညနေ ငါးနာရီလောက်မှာတော့ လေပြင်းတွေ သိသိသာသာ စတိုက်လာပါတယ်။ မုန်တိုင်းလာတော့မယ်ဆိုကာမှ အနောက်ဘက် တောင်တန်းတွေပေါ်က ၀င်လုဆဲ နေရောင်နဲ့ ခြယ်သထားတဲ့ တိမ်ရောင်စုံကလည်း လှချင်တိုင်း လှနေတော့တာပါ။ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာလည်း တိမ်နီတွေ တောက်လို့ပေါ့။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြောနေတဲ့ လေနီကြမ်းဆိုတာကြီး စလာတဲ့ အချိန်က တကယ့်ကို လှပနေပါသေးတယ်။
.
. . . ညဘက်မှာ အခန်းပြတင်းတံခါးကို တစ်ဝက်တစ်ပျက် ဖွင့်ထားပြီး တ၀ုန်းဝုန်းတိုက်နေတဲ့ လေပြင်းကို ခံစားကြည့်ရင်း ဟိုးပြီးခဲ့တဲ့ တစ်နှစ်ကျော်က အခုလို လေကြမ်းတွေတိုက်တဲ့ တစ်ညနေကို သွားသတိရမိပါတယ် . . .
.
. . . အဲသည်နေ့က နုတ်ဆက်ပွဲလုပ်တဲ့နေ့ပါ။ ကျောင်းဆင်းတော့မယ့် စီနီယာကျောင်းသားတွေကို နုတ်ဆက်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတဲ့ ညနေခင်းပေါ့။ လေတွေတိုက်တာ တိုက်ချင်သလောက်တိုက် မမှုပေမယ့် ညနေ ငါးနာရီလောက်မှာ ဗြုန်းဆို မီးပြတ်သွားတော့မှ အဆင်က လှပါတော့တယ်။ ညပွဲမှာ ကျွေးဖို့ ပြင်ဆင်ထားတဲ့ စားစရာတွေ ကျက်ပြီိဆိုပေမယ့် အထူးဟင်းလျာ ငါးကင်ကတော့ ကင်နေတုန်းပဲ ရှိသေးတာပါ။ ကင်တာမှ အစပဲ ရှိသေးတာပါ။ ကင်တယ်ဆိုတာလည်း မီးဖိုပြီး ကင်တာမဟုတ်ဘဲ လျှပ်စစ် ကင်စက်နဲ့ ကင်နေတာဆိုတော့ မီးလည်း ပြတ်သွားရော ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ နောက်ဆုံး ဆရာ့အိမ်မှာ ဟိုတစ်လောက အသားကင်စားကြတုန်းက မီးသွေးတွေ ပိုသေးတာနဲ့ မီးသွေးမီးဖိုပြီး ကင်တော့မယ်ဆိုမှ အကင်ပြဿနာ စိတ်အေးသွားရပါတယ်။ အဲသည် အကင်တွေ ဆရာ့အိမ်ရောက်ဖို့ကတော့ တော်တော့်ကို ပြေးရလွှားရ ပြောရဆိုရသေးတာပါ။ ဘာလို့လဲ ဆိုတော့ မီးလည်း ပြတ်ရော အင်တာနက် ၀ိုင်ဖိုင်တွေလည်း အကုန်ပြတ်ပြီး ညပွဲအတွက် အဆောင်သုံးဆောင်ခွဲပြီး ပြင်ဆင်နေတဲ့သူတွေ အကုန် အဆက်အသွယ် ပြတ်ကုန်ပါရောလား။ ကိုယ်တိုင် သွားမယ်လည်း ဆိုရော အခန်းတက်သွားတယ်ဆိုလို့ အခန်းကို လိုက်သွားမယ်လုပ်တော့ ဓာတ်လှေခါးက သုံးမရပြန်ပါဘူး။ အဆောင် တစ် မှာဆိုရင်လည်း ရဲတိုက်တစ်ခုလို လှေခါးတွေက မျက်စိလည်စရာဖြစ် အဆောင်သုံးမှာဆိုရင်လည်း လှေခါးတွေက တစ်ခါမှ မသုံးဖူးတော့ လှေခါးရှာရတာနဲ့တင် တော်တော်မောခဲ့ရပါတယ် . . .
.
. . . ငါးကင်တဲ့ ကိစ္စ ငြိမ်းသွားပြန်တော့ ညကျရင် ပါတီပွဲကို အမှောင်ကြီးထဲမှာ ဘယ်လို ကျင်းပရပါ့မလဲ ဆိုတာ ခေါင်းစားပြန်ပါတယ်။ ဖယောင်တိုင်မီးထွန်းဖို့လည်း ခွင့်ပြုထားတာမရှိ၊ မြန်မာပြည်လိုလည်း မီးစက်ပြေးနှိုးစရာမရှိ၊ ဖယောင်းတိုင်မီးထွန်း လုပ်မယ်ဆိုရင်တောင် ဖယောင်းတိုင်က မရှိနဲ့ အားလုံး ပြင်ဆင်ပြီး အသင့်ဖြစ်ကာမှ နောက်တစ်နာရီကျော်လောက်နေရင် စရတော့မယ့် နုတ်ဆက်ပွဲကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ခေါင်းခဲခဲ့ရတာပါ။ နောက်ဆုံးမှ အကြံတစ်ခုရပြီး ကျွန်တော်တို့ အခန်းတွေမှာ ကိုယ်စီပေးထားတဲ့ အရေးပေါ်အခြေအနေကျရင် ထုတ်သုံးရမယ့် အိတ်ကလေးတွေထဲမှာ ဓာတ်မီးလေးတွေ ရှိတာပဲ။ ကဲ ကဲ ခုမှတော့ မတတ်နိုင်ဘူး။ ကိုယ်စီကိုယ်စီ ဓာတ်မီးလေးတွေ ယူလာခဲ့ကြ။ အဲသည် ဓာတ်မီးအလင်းရောင်နဲ့ ပွဲကျင်းပမယ်လို့ စီစဉ်လိုက်ရပါတယ်။ အဲသည်လို ဟိုပြေးသည်ပြေး ရွာဆော်ကြီးခွေးလို လူကလည်း ဖတ်ဖတ်မော၊ ညပွဲအတွက် မီးအလင်းရောင်လည်း စီစဉ်လို့ ရပြီဆိုတော့မှ ကိုရွှေလျှပ်စစ်မီးက ဗြုန်းဆို ပြန်လာပါလေရော . . .
.
ဝမ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဆိုတာလေ
မြန်မာပြည်မှာတောင် မီးလာရင် အဲသည်လောက် တစ်ခါမှ မပျော်ခဲ့ဖူးဘူး
.
. . . နေ့လည်တုန်းက တစ်ချက်တစ်ချက် လေပြေလေညင်းတွေ ဝေ့ကနဲ ဝေ့ကနဲ မွေ့လိုက်ပြီး စတင်အချက်ပြခဲ့တဲ့ ဒီမုန်တိုင်းဟာ ညနေ ငါးနာရီလောက်မှာတော့ လေပြင်းတွေ သိသိသာသာ စတိုက်လာပါတယ်။ မုန်တိုင်းလာတော့မယ်ဆိုကာမှ အနောက်ဘက် တောင်တန်းတွေပေါ်က ၀င်လုဆဲ နေရောင်နဲ့ ခြယ်သထားတဲ့ တိမ်ရောင်စုံကလည်း လှချင်တိုင်း လှနေတော့တာပါ။ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာလည်း တိမ်နီတွေ တောက်လို့ပေါ့။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြောနေတဲ့ လေနီကြမ်းဆိုတာကြီး စလာတဲ့ အချိန်က တကယ့်ကို လှပနေပါသေးတယ်။
.
. . . ညဘက်မှာ အခန်းပြတင်းတံခါးကို တစ်ဝက်တစ်ပျက် ဖွင့်ထားပြီး တ၀ုန်းဝုန်းတိုက်နေတဲ့ လေပြင်းကို ခံစားကြည့်ရင်း ဟိုးပြီးခဲ့တဲ့ တစ်နှစ်ကျော်က အခုလို လေကြမ်းတွေတိုက်တဲ့ တစ်ညနေကို သွားသတိရမိပါတယ် . . .
.
. . . အဲသည်နေ့က နုတ်ဆက်ပွဲလုပ်တဲ့နေ့ပါ။ ကျောင်းဆင်းတော့မယ့် စီနီယာကျောင်းသားတွေကို နုတ်ဆက်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတဲ့ ညနေခင်းပေါ့။ လေတွေတိုက်တာ တိုက်ချင်သလောက်တိုက် မမှုပေမယ့် ညနေ ငါးနာရီလောက်မှာ ဗြုန်းဆို မီးပြတ်သွားတော့မှ အဆင်က လှပါတော့တယ်။ ညပွဲမှာ ကျွေးဖို့ ပြင်ဆင်ထားတဲ့ စားစရာတွေ ကျက်ပြီိဆိုပေမယ့် အထူးဟင်းလျာ ငါးကင်ကတော့ ကင်နေတုန်းပဲ ရှိသေးတာပါ။ ကင်တာမှ အစပဲ ရှိသေးတာပါ။ ကင်တယ်ဆိုတာလည်း မီးဖိုပြီး ကင်တာမဟုတ်ဘဲ လျှပ်စစ် ကင်စက်နဲ့ ကင်နေတာဆိုတော့ မီးလည်း ပြတ်သွားရော ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ နောက်ဆုံး ဆရာ့အိမ်မှာ ဟိုတစ်လောက အသားကင်စားကြတုန်းက မီးသွေးတွေ ပိုသေးတာနဲ့ မီးသွေးမီးဖိုပြီး ကင်တော့မယ်ဆိုမှ အကင်ပြဿနာ စိတ်အေးသွားရပါတယ်။ အဲသည် အကင်တွေ ဆရာ့အိမ်ရောက်ဖို့ကတော့ တော်တော့်ကို ပြေးရလွှားရ ပြောရဆိုရသေးတာပါ။ ဘာလို့လဲ ဆိုတော့ မီးလည်း ပြတ်ရော အင်တာနက် ၀ိုင်ဖိုင်တွေလည်း အကုန်ပြတ်ပြီး ညပွဲအတွက် အဆောင်သုံးဆောင်ခွဲပြီး ပြင်ဆင်နေတဲ့သူတွေ အကုန် အဆက်အသွယ် ပြတ်ကုန်ပါရောလား။ ကိုယ်တိုင် သွားမယ်လည်း ဆိုရော အခန်းတက်သွားတယ်ဆိုလို့ အခန်းကို လိုက်သွားမယ်လုပ်တော့ ဓာတ်လှေခါးက သုံးမရပြန်ပါဘူး။ အဆောင် တစ် မှာဆိုရင်လည်း ရဲတိုက်တစ်ခုလို လှေခါးတွေက မျက်စိလည်စရာဖြစ် အဆောင်သုံးမှာဆိုရင်လည်း လှေခါးတွေက တစ်ခါမှ မသုံးဖူးတော့ လှေခါးရှာရတာနဲ့တင် တော်တော်မောခဲ့ရပါတယ် . . .
.
. . . ငါးကင်တဲ့ ကိစ္စ ငြိမ်းသွားပြန်တော့ ညကျရင် ပါတီပွဲကို အမှောင်ကြီးထဲမှာ ဘယ်လို ကျင်းပရပါ့မလဲ ဆိုတာ ခေါင်းစားပြန်ပါတယ်။ ဖယောင်တိုင်မီးထွန်းဖို့လည်း ခွင့်ပြုထားတာမရှိ၊ မြန်မာပြည်လိုလည်း မီးစက်ပြေးနှိုးစရာမရှိ၊ ဖယောင်းတိုင်မီးထွန်း လုပ်မယ်ဆိုရင်တောင် ဖယောင်းတိုင်က မရှိနဲ့ အားလုံး ပြင်ဆင်ပြီး အသင့်ဖြစ်ကာမှ နောက်တစ်နာရီကျော်လောက်နေရင် စရတော့မယ့် နုတ်ဆက်ပွဲကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ခေါင်းခဲခဲ့ရတာပါ။ နောက်ဆုံးမှ အကြံတစ်ခုရပြီး ကျွန်တော်တို့ အခန်းတွေမှာ ကိုယ်စီပေးထားတဲ့ အရေးပေါ်အခြေအနေကျရင် ထုတ်သုံးရမယ့် အိတ်ကလေးတွေထဲမှာ ဓာတ်မီးလေးတွေ ရှိတာပဲ။ ကဲ ကဲ ခုမှတော့ မတတ်နိုင်ဘူး။ ကိုယ်စီကိုယ်စီ ဓာတ်မီးလေးတွေ ယူလာခဲ့ကြ။ အဲသည် ဓာတ်မီးအလင်းရောင်နဲ့ ပွဲကျင်းပမယ်လို့ စီစဉ်လိုက်ရပါတယ်။ အဲသည်လို ဟိုပြေးသည်ပြေး ရွာဆော်ကြီးခွေးလို လူကလည်း ဖတ်ဖတ်မော၊ ညပွဲအတွက် မီးအလင်းရောင်လည်း စီစဉ်လို့ ရပြီဆိုတော့မှ ကိုရွှေလျှပ်စစ်မီးက ဗြုန်းဆို ပြန်လာပါလေရော . . .
.
ဝမ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဆိုတာလေ
မြန်မာပြည်မှာတောင် မီးလာရင် အဲသည်လောက် တစ်ခါမှ မပျော်ခဲ့ဖူးဘူး
Thursday, 29 September 2016
အလေ့ကျ
သည်းမခံနိုင်တော့တဲ့အဆုံး ဆောင်းတွင်းရောက်မှ ၀တ်မယ့် ဂျာကင်အကျီင်္အထူကိုထုတ် ၀တ်၊ ထီးတစ်လက်ဆောင်းပြီး ထွက်လာခဲ့တယ်။
နွေအနှောင်း ဆောင်းအကူးမှာ တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ တစိမ့်စိမ့်စွေနေတဲ့ မိုးကလည်း လုံးလုံးလျားလျား တိတ်သွားတယ်လို့ မရှိဘဲ နည်းနည်းလေးဖွဲလိုက် ခဏလေး ရပ်သွားလိုက်၊ ကောင်းကင်ကလည်း တိမ်ညိုတိမ်သား ကင်းစင်တယ်ရယ်လို့ မရှိဘဲ အုံ့တစ်ခါ မှိုင်းတစ်လှည့်နဲ့ ပျင်းစရာကောင်းလောက်အောင် စွေနေတာမို့၊ မိုးတိတ်သွားတဲ့အချိန် မိုးသားကင်းစင် ကြည်လင်တဲ့အချိန်မှ သွားမယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ ဘယ်လိုမှ စောင့်ဆိုင်းမနေနိုင်တော့တာနဲ့ပဲ စောစောစီးစီး မနက်စာစားပြီးတာနဲ့ ထီးတစ်လက်ဆောင်းပြီး ထွက်လာလိုက်တာ။
ဒီနေရာက အပြီးတိုင် စွန့်ခွာခြင်းမျိုးနဲ့ စွန့်ခွာခဲ့ပြီးတဲ့နောက် တစ်ခေါက် ပြန်လာရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ပထမဆုံး ရင်ခုန်မိတာက ကျွန်တော်စိုက်ခဲ့တဲ့ မျိုးစေ့လေးတွေအကြောင်းပါ။ ကျွန်တော် မြေချခဲ့တဲ့ မျိုးစေ့လေးတွေ အပင်မှပေါက်ရဲ့လား၊ အပင်တွေ ဘယ်လောက်တောင် ကြီးနေပြီလဲ၊ လောင်းရိပ်ကြီးတွေအောက်မှာ မထူနိုင်မထောင်နိုင်နဲ့ ခေါင်းငုံ့ မျက်နှာငယ်နေရပြီလား၊ ရေခံမြေခံမတူတဲ့ မိခင်တိုင်းပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ ဘယ်လောက်တောင် ရုန်းကန်ရှင်သန်နေနိုင်နေပြီလဲ၊ ဒါမှမဟုတ် အပင်ဘ၀တောင် မရောက်နိုင်တော့ဘဲ မြေဆွေးစာဖြစ်သွားပြီလား၊ ငှက်ကလေးတွေ စားလိုက်လို့ အပင်ပေါက်ဖို့တောင် အခွင့်အရေးရလိုက်ရဲ့လား၊ စတဲ့ လားပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ရတာ . . .
ဂျပန်ကို သွားတော့မယ်ဆိုတော့ အရင်ရောက်နေတဲ့ သူငယ်ချင်းကို မေးခဲ့မိတာကို သတိရတယ်။ ရောက်ရာအရပ်မှာ သစ်ပင်တစ်ပင်လောက်တော့ အနည်းဆုံး အမှတ်တရ စိုက်ခဲ့လေ့ရှိတဲ့ ကျွန်တော်ဟာ ရေခြားမြေခြားမှာလည်း ကိုယ့်ကိုယ်စား အပင်လေးတစ်ပင်လောက်တော့ ချန်ထားခဲ့ချင်တယ်။ တက္ကသိုလ်ဆိုတာ နေရာကျယ်မယ် မြေလွတ်မြေလပ်တွေ ပေါမယ်။ သစ်ပင်လေး တစ်ပင်စာလောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် နေရာရှိရမယ်လို့ ကိုယ့်ရှိနှင့်ပြီးသား ဗဟုသုတလေးကို အခြေခံပြီး မြန်မာလို တွေးမိတာကိုး။ အပင်စိုက်ဖို့ နေရာမရှိဘူး၊ တကယ်လို့ စိုက်တယ်ဆိုရင်တောင် မျိုးစေ့ကနေ တိုက်ရိုက်စိုက်ဖို့ မလွယ်လှဘူး၊ တစ်နှစ်မှာ လေးငါးလလောက် နှင်းဖုန်းနေတဲ့ ဒီအရပ်ဒေသမှာ မြန်မာနိုင်ငံလို အပူပိုင်းဒေသက အပင်တွေ ရှင်သန်ဖို့က သာမန်အားဖြင့် မဖြစ်နိုင်လောက်ဖူးလို့ သူပြောတုန်းက လက်မခံချင်ခဲ့ဘူး။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်သေးပါဘူး၊ နည်းလမ်းတော့ ရှိရမှာပေါ့ လို့ အထွန့်တက်တော့ ပျိုးခြံထဲမှာသေချာပျိုး အပင်ကြီးထွားမှု အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီဆိုမှ သေသေချာချာ သူတို့ စိုက်နေတဲ့ နည်းပညာနဲ့ အပင်ရွှေ့ပြီး ကိုယ်လိုချင်တဲ့နေရာမှာ စိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကဆိုတော့ ပိုလွန်းတယ် ထင်မိခဲ့တယ်။ ကဲ ဒါဆိုရင်လည်း ရှိစေတော့၊ နှစ်ပေါင်းများစွာ ရှိနေနိုင်မယ့် အပင်ကြီး မစိုက်ဖြစ်ရင်တောင် တစ်ရာသီခံ တစ်နှစ်ခံ သီးပင်စားပင်လေးတွေ စိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီး နည်းနည်း ဈေးဆစ်ကြည့်တော့ မင်းလုပ်ကြည့်ပေါ့ကွာ ဆိုလို့ လာခါနီးမှာ အမေ့ဆီက ခြံထွက်မျိုးစေ့လေးတွေ တောင်းယူလာခဲ့တယ်။ တကယ့်တကယ်ကျတော့ ဥပဒေအရ အဲဒီလို စိုက်ပျိုးဖို့ ရည်ရွယ်ချက်နဲ့ သစ်ပင်မျိုးစေ့တွေ သယ်လာတာကို နိုင်ငံတော်တော်များများက လက်ခံလေ့ မရှိပါဘူး။ နာရီတာ လေဆိပ်ရောက်တော့လည်း သစ်ပင်မျိုးစေ့တွေ ပါသလားလို့ လာမေးတာ ခံခဲ့ရပါသေးတယ်။
၂၀၁၄ စက်တင်ဘာလ ၁၉ ရက်နေ့ ညကြီးမိုးချုပ်မှာ ကျောင်းကို ရောက်ပြီး နောက်တစ်နေ့ မနက်မှာ ပထမဆုံး လုပ်တဲ့ အလုပ်က ကျောင်းဝင်းကို ပတ်ကြည့်တာပါပဲ။ အမေပေးလိုက်တဲ့ သစ်ပင်မျိုးစေ့လေးတွေ အတွက် နေရာလိုက်ရှာတာပါ။ ကျောင်းဝင်းကြီးက ကျယ်တယ်ဆိုပေမယ့် နေရာတော်တော်များများက ရာသီမရွေး မြက်ခင်းပြင်အဖြစ် ထိန်းသိမ်းထားပြီး မြက်ရိတ်ပေါင်းရှင်းတာကိုလည်း ပုံမှန် လုပ်တဲ့အတွက် အပင်တွေကို ဖာသိဖာသာ စိုက်ထားလို့ မရနိုင်ပါဘူး။ မြက်ဖြတ်တဲ့အထဲမှာ ပါသွားမှာပါ။ တောရိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ နေရာလေးတွေလည်း ရှိတန်သရွေ့ ရှိပေမယ့် အဲသည်နေရာတွေကလည်း အပင်ရိုင်းတွေ ဖုံးထားလို့ စိုက်ဖို့ မလွယ်ပါဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ မျိုးစေ့လေးတွေက ကျွန်တော့် ဗီရိုထဲမှာပဲ အိပ်ပျော်နေခဲ့ရတာ ကြာသွားခဲ့ပေမယ့် ဘယ်အချိန် ဘယ်လိုစိုက်ရပါ့မလဲ ဆိုတဲ့အတွေးကတော့ စိတ်ကူးထဲမှာ အမြဲ ရှိနေခဲ့တာပါ။
ပြီးခဲ့တဲ့ ဆောင်းအကုန် နှင်းတွေ ပျော်တဲ့အချိန်မှ မြေကြီးပေါ် ချမစိုက်ဖြစ်ရင်တောင် အိုးနဲ့ စိုက်တော့မယ်လို့ စိတ်ကူးပြီး ရေသန့်ဗူးခွံလေးတွေဖြတ်၊ သစ်ပင်တွေအောက်က သစ်ရွက်ဆွေးမြေတွေကို သွားကျုံးပြီး မျိုးစေ့လေးတွေ ချပါတယ်။ မကြာခင်မှာပဲ ချဉ်ပေါင်ပင်လေးတွေ အပင်ပေါက်လာပါတယ်။ ပုံမှန်ရေလောင်းပေါင်းသင်လုပ်ရင်း အပင်လေးတွေလည်း တဖြည်းဖြည်း ပင်လားမြောက်လာရင်း ကျွန်တော်လည်း ဒီမြေဒီရေကို အပြီးတိုင် စွန့်ခွာရတော့မယ့် အချိန်ရောက်လာပါတယ်။ နှစ်ပင်သုံးပင် ပေါက်နေတဲ့ ချဉ်ပေါင်ပင်လေးတွေကို တစ်ပင်ချင်းစီ အိုးခွဲစိုက်ပြီး မြန်မာပြည် ပြန်ခါနီးမှာ ဆရာ့အိမ်ကို သွားပို့ခဲ့ပါတယ်။ ဆရာ့အိမ်နားက မြေကွက်လပ်မှာ ထားခဲ့တဲ့ အပင်လေးတွေကို ကျောင်းမှာ ကျန်ခဲ့တဲ့ ညီငယ်လေးတစ်ယောက်က မြေချ ပြုစုပျိုးထောင်ပေးလို့ အပင်လေးတွေ လူလူသူသူ ကြီးထွားခွင့်ရခဲ့တာကို ခေတ်သစ်ဆက်သွယ်ရေးနည်းပညာနဲ့ မြန်မာပြည်ကနေ မြင်ခွင့်ရခဲ့တုန်းက တော်တော် ပျော်မိခဲ့တာပါ။
သစ်ပင်လေးတွေကို အိုးနဲ့ စိုက်တဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ ခုနင်က ပြောခဲ့တဲ့ တက္ကသိုလ်ဝင်းထဲက တောရိုင်းချန်ထားတဲ့ အပင်ကြီးတွေကြားမှာလည်း မျိုးစေ့တွေ သွားချထားခဲ့ပါသေးတယ်။ ပေါက်လိုပေါက်ငြားပေါ့။ အပင်ပေါက်ခဲ့တယ်ဆိုရင်လည်း ဆောင်းနှင်းထုဒဏ်ကို ခံနိုင်လို ခံနိုင်ငြားပေါ့။ တစ်နှစ်ပြီးတစ်နှစ် မျိုးဆက်တွေ ကျန်ခဲ့လိုကျန်ခဲ့ငြားပေါ့။ အိုးနဲ့သေချာစိုက် ရေလောင်းပေါင်းသင် မြေပေါ်ချစိုက်တဲ့ အပင်လေးတွေရဲ့ ဘ၀ကတော့ အနည်းဆုံး ဒီတစ်ရာသီစာ စိတ်ချရသွားပြီ ဆိုပေတဲ့ တောရိုင်းပင်တွေ ကြားထဲမှာ ချခဲ့တဲ့မျိုးစေ့လေးတွေရော ဘယ်လိုအခြေအနေရှိပါလိမ့်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီကို တစ်ခေါက်ပြန်လာရမယ်ဆိုကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့တာပါ။
ဒီတစ်ခေါက် ကျောင်းကို ရောက်ပြီဆိုကတည်းက တိုင်ဖွန်းမုန်တိုင်းတစ်ခါလာ၊ ပထမတစ်ခုက အရှိန်ပျော့ရုံရှိသေး နောက်ထပ်တိုင်ဖွန်းတစ်ခုက ထပ်ပြီးချဉ်းကပ်လာ၊ ကျောင်းမှာလည်း နေသာတဲ့ ရက်က လက်ချိုးရေလို့ရအောင် နည်းတယ်။ နေသာတဲ့ ရက်တွေမှာလည်း တစ်ခြားအလုပ်တွေနဲ့မို့ ဒီနေ့မနက်တော့ မိုးတွေ တစိမ့်စိမ့် စွေနေတဲ့ကြားက ထီးတစ်လက်ဆောင်းပြီး အပင်တွေ လိုက်ရှာဖို့ ထွက်လာခဲ့တယ်။ ဆောင်းဦးပွင့်ဝေရဲ့ ခြေခင်းလက်ခင်းသာတဲ့ ညနေခင်းတစ်ခုမှာ ပန်းပွင့်လေးတို့ သားအမိနဲ့အတူ မျိုးစေ့လေးတွေ လိုက်ချခဲ့တာမို့ ဘယ်နေရာရောက်ရောက် ဘာကိုပဲတွေ့တွေ့ အမေးအမြန်းထူတတ်တဲ့ ပန်းပွင့်လေးကို လွမ်းနေမိသေးတယ်။
တောရိုင်းပင်တွေကြားထဲမှာ အပင်ချခဲ့တဲ့ နေရာလေးတွေကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်တာတောင် တစ်ပင်တစ်လေတောင် မတွေ့ရဘဲ အိမ်ထောင်သည်အဆောင်နားက ထင်းရှူးပင်တွေအခြေမှာပဲ အပင်ပေါက်အရွယ် ချဉ်ပေါင်ပင် သေးသေးလေးတွေကို တွေ့ခဲ့ရတယ်။ နေ့စဉ်မှတ်တမ်းမှာ ပြန်ရှာကြည့်တော့ ၂၀၁၆ မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီလိုရေးထားတာ တွေ့တယ်။ "အိမ်ကယူလာတဲ့ မျိုးစေ့လေးတွေကို သစ်ပင် မရှင်းမယ့်နေရာမှာ မြေလေးတွေ တူးဆွပြီး စိုက်တယ်။ နှင်းဒဏ်ကို မခံနိုင်ဘူးလို့ ထင်ပေမယ့် တစ်ရာသီတော့ ရှင်ကြမှာပါ" လို့ ကျွန်တော် မျှော်လင့်ထားလေး အချည်းအနှီးမဖြစ်တော့ဘူးပေါ့။ သစ်ပင်သက်တမ်း ငါးလနီးပါး ရှိနေတာတောင် အပင်အမြင့် လေးငါးလက်မလောက်ပဲရှိနေကြသေးရှာတဲ့ အပင်ပေါင်း ဆယ့်လေးပင်တိတိ။ ဆယ့်ငါးပင်များ ပြည့်အုံးမလားဆိုပြီး စေ့စေ့စပ်စပ် ရှာပေမယ့် ထပ်မတွေ့တော့တာမို့ ဆယ့်လေးပင်နဲ့ပဲ ကျေနပ်လိုက်ရတယ်။
ဂျပန်ပြည်ဆိုတာ ရေခြားမြေခြားက ရောက်လာတဲ့ အလေ့ကျသစ်ပင်တွေ ရှင်သန်ကြီးထွားလေ့မရှိတဲ့ တိုင်းပြည်၊ စနစ်တကျလည်း ပြုစုပျိုးထောင်ပေးကြတဲ့ တိုင်းပြည်၊ ပြုစုပျိုးထောင်တိုင်းလည်း အောင်မြင် ဖြစ်ထွန်းတဲ့ တိုင်းပြည်။ ကံအကြောင်းတရား မျက်နာသာပေးလို့ ဒီမြေဒီရေမှာရောက်ခဲ့ရင်တောင် စနစ်တကျ ပြုစုပျိုးထောင်တာ မရှိရင် ထွန်းကားပေါက်ရောက်ဖို့ မျှော်လင့်စရာအခြေအနေမရှိတဲ့ တိုင်းပြည် . . .
Subscribe to:
Posts (Atom)