Thursday, 19 March 2015

ကိုယ်လုံးတီးပွဲတော်


အမှန်ကတော့ နွေဦးပေါက်တော့မယ်ဆိုပြီး ကြိုဆိုကြတဲ့ သဘောရယ်၊ ဆန်ရေစပါး ပေါများအောင်ရယ် ဆုတောင်းကြတဲ့ပွဲပါ။ ဆုတောင်းကြတဲ့သူတွေက ပျော်လွန်းအားကြီးလို့ အ၀တ်အစားတောင် မကပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်လုံးတီးပွဲတော်လို့ ခေါ်ကြတာပါ။ စခဲ့တာကတော့ မေဂျီ ခုနစ် လောက်တုန်းကလို့ ပြောပါတယ်။ မေဂျီ ခုနစ်ဆိုတာ ခရစ်သက္ကရာဇ် ၁၈၇၄ ခုနှစ်ပါ။ ခါတိုင်းနှစ်တွေကတော့ ဇန်န၀ါရီ ဖေဖေါ်ဝါရီလောက်မှာ ကျင်းပပေမယ့် ဒီနှစ်တော့ မတ်လ ၃ ရက်နေ့မှာ ကျင်းပပါတယ်။ ကျွန်တော်တို့နေတဲ့ အူရာဆာ မြို့လေးက ဘစ်စရာမွန်ဒူ နတ်ကွန်းမှာပါ။ ကျွန်တော်တို့ အိုင်ယူဂျေ ကျောင်းသားတွေလည်း ဒေသခံတွေနဲ့အတူ တပျော်တပါး ၀င်ရောက် ဆင်နွှဲကြပါတယ်။ ပွဲရက်မတိုင်ခင်ကတည်းက ပါဝင်ဆင်နွှဲမယ့်သူတွေ နာမည်ကောက်ပြီး အ၀တ်အစားတွေ ပေးထားပါတယ်။ အ၀တ်အစားကတော့ မြင်တဲ့အတိုင်းပဲ။ အောက်ခံ ဘောင်းဘီပါးလေးတစ်ထည်။ အဲဒီအပေါ်က ပတ်တဲ့ အ၀တ်ရှည်စတစ်ခု။ ဟာရှီမာကီခေါ်တဲ့ အူရာဆာမြို့တံဆိပ်ပါတဲ့ နဖူးပတ်တစ်ခု၊ တာဘီလို့ခေါ်တဲ့ ရိုးရာခြေစွပ် နဲ့ ကောက်ရိုးညှပ်ဖိနပ် တစ်ရံတို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆာကေလို့ခေါ်တဲ့ ဂျပန်ရိုးရာ ဆန်အရက်ဖြစ်ပါတယ်။ သုညလောက်အေးနေတဲ့ ရာသီဥတုမှာ နှင်းတွေတဖွေးဖွေးထဲ အ၀တ်ပိုင်းလေးနဲ့ နေဖို့၊ ရေခဲရေလောက်အေးနေတဲ့ ရေထဲကို ဆင်း တစ်ကိုယ်လုံးနှစ်ပြီး ဆုတောင်းဖို့ ဆိုတာ တော်ရုံတန်ရုံ သာမန်သတ္တိနဲ့ လွယ်တာမှတ်လို့။
ကျောင်းကနေ ကားနဲ့သွားပြီး ဟိုမှာ ဓမ္မာရုံတစ်ခုထဲမှာ အ၀တ်လဲတယ်။ စောစောကပြောတဲ့ အ၀တ်အစားလဲရတာပေါ့။ အ၀တ်အစားလဲတဲ့ ဓမ္မာရုံပေါ်မှာလည်း ဆာကေးတွေ အများကြီးဗျာ ဆာကေးသောက် ဓာတ်ပုံရိုက်။ ဓာတ်ပုံထဲမှာ ပါတဲ့ ကုတ်အင်္ကျိနဲ့ပုဂ္ဂိုလ်က အိုင်ယူဂျေ တက္ကသိုလ် ဥက္ကဌ ရှိနီရှီ ကီတာအိုကာ လည်း ကျောင်းသားတွေကို လာအားပေးပါတယ်။

“Naked Man Festival 2015”
Naked Man Festival 2015 was held at Bisya-mon-do, Urasa and a lot of IUJ students joined it. They drank sake and yelled “IUJ! IUJ.”
Shinichi Kitaoka who is president of IUJ came and encouraged students.
 This festival notice spring coming and people pray a good harvest. From Meiji 7, this festival has been held in March 3. Before that, it had been held January or February.
【裸押し合い祭り】
 昨日、3月3日(火)に開催された浦佐の裸押し合い祭りにIUJの学生が多数しました!!
練り歩く寸前まで参加者は杯を交わし、「IUJ!IUJ!」とかけ声をかけて盛り上がっていました。本学の北岡学長も学生を激励するためかけつけ言葉を交わしました。
 このお祭りは、南魚沼に春を迎えて1年の豊作と安寧を毘沙門天に祈願し,その加護を得ようと,裸になった人々が堂内で押合う祭りで、多くの人で賑わいます。祭り日が3月3日になったのは明治7年からでそれ以前は1月や2月に行われていました。
Photos and Japanese Script credit to IUJ President Office, Reiko Iriuchijima
ဟေ့ရောင် မင်းခေါင်းကြီးက ဘေးဖယ်အုံး ငါ့ပုံ မပါတော့ဘူး။ ဟိုကောင် ဆာကေးခွက် သေချာကိုင်ထား ငါ့ပေါ်ဖိတ်ကျကုန်ပြီ
ဟေ့ရောင် မင်းဘောင်းဘီတော်လား။ ငါ့ဟာက ကွက်တိပဲ။ ဒီဖိနပ်က ဘယ်လို စီးရတာတုန်း။ ဒီမှာလေကွာ ခြေထောက်စွပ်ပြီး ကြိုးလေးစည်းလိုက်။ ဒီအ၀တ်ကြီးက ဘာလုပ်ရမှာတုန်း။ ဘောင်းဘီပေါ်ကနေ အုပ်ပြီး ပတ်ဖို့လေကွာ။ မြန်မြန်ဝတ်ဟေ့ရောင် ဆာကေးကုန်သွားလို့ မသောက်ရဘဲ နေအုံးမယ်
ကဲ ကဲ သွားကြမယ်ဟေ့။ လေးယောက်တန်း တန်းစီ။ ဖယောင်းတိုင်ကြီး ဒီဘက်လာအုံးဟ။ ဖယောင်းရည် နည်းနည်း သုတ်လိုက်အုံးမယ်။ အပြင်မှာ တော်တော် အေးတာပဲဟ။
ဟေ့ရောင် ဘာတွေ အော်နေကြတာလဲ။ ငါလဲသိဘူး။ စံရာကိုဆွဲ ဆိုလား။ မသိလည်း ကိစ္စမရှိဘူးဟေ့ရောင် အာ့အတိုင်းသာ လိုက်အော်
ဟာ ဟာ ရှေ့ရေကန်က ဘာလုပ်ဖို့တုန်း။ အာ့ထဲ ဆင်းရမှာလေ။ အမငီး။ မင်း အရင်ဆင်း။ မင်းအရင်ဆင်းကွာ။ အေးတယ်ကွ။ ဟေ့ရောင် ဒီနားရောက်မှ နောက်ပြန်ဆုတ်လို့ မရတော့ဘူးကွ။ ဟေ့ရောင် ဟိုမှာ မင်းကျူနေတဲ့ ကပ္ပလီမလေး ကင်မရာကြီးချိန်ထားတယ် မင်းကို။ သိပ်ဟန်မပျက်စေနဲ့ကွာ။ ဒါအခွင့်အရေးပဲ။ မင်းသတ္တိရှိရှိနဲ့ ရေထဲ ဆင်းပြလိုက် ရှေ့ဆုံးကနေ။ ငါတို့ကို ချိန်ထားတဲ့ ကင်မရာတွေက အများကြီးပဲ။ သောက်ရမ်းများနေပြီကွာ။ သူတို့ ရေထဲ မဆင်းရတိုင်း ရေထဲဆင်းမယ့်သူတွေကို ကြည့်ပြီး ပျော်သလိုလို ဘာလိုလိုနဲ့။
နတ်ရုပ်
အမယ်ငီး။ အေးလိုက်တာ။ ငါ့ဟာတော့ ပျောက်ပါပြီဗျ။ တစ်ကိုယ်လုံးနှစ်ရမှာတဲ့ဟ။ လာမိတာ မှားပါပြီကွာ။
မရတော့ဘူး ဆုမတောင်းရရင် နေပေ့စေတော့ ပြန်တက်တော့မယ်။ ဟေ့ရောင် ငါ့ကို စောင့်အုံးလေ။ မင်းက နောက်ဆုံးမှ ဆင်းပြီး အရင်ဆုံး ပြန်တက်လို့ ရမလားကွ။
အစ်ကိုကြီးရယ် ကျွန်တော့်ကို ဆွဲတင်ပေးပါအုံးဗျာ။ အေးလွန်းလို့ ပြန်မတက်နိုင်တော့ဘူးဗျ။ ကျေးဇူးတင်လိုက်တာဗျာ။
ဝင်မပြောသေးဘူး ။ ကြည်နေ့တယ်။ ဘယ်လောက် အရူးထနိုင်ကြမလဲဆိုတာ။
အာ့လူအုပ်ထဲ တိုးလို့ ဖြစ်ပါ့မလား။ မတိုးချင်ရင် အပြင်မှာနေလေ။ ဟာ အပြင်မှာနေလို့တော့ ဖြစ်ဖူးဟ အေးလွန်းလို့ သေလိမ့်မယ်။ ဒါဆိုလာတိုးလှည့်။ တိုးပြီး ဘာလုပ်ရမှာတုန်း။ ဟိုမှာလေ မင်းကို စောင့်နေကြတယ်။ ဆွဲတင်ပေးလိမ့်မယ်။ အပေါ်ရောက်ရင် ဆုတောင်းပေါ့။
လာကြပြန်ပြီ နောက်တစ်ဖွဲ့
ချမ်းလိုက်တာဗျာ ။ ချမ်းလိုက်တာဗျာ။ ဒီဖယောင်းရည်တွေသာ တစ်ကိုယ်လုံး လောင်းချပလိုက်ချင်တယ်

ကံ့ကော်တွေ ပွင့်ပြန်ပြီလား


          အိုင်ယူဂျေမှာ နှင်းဖြူဖြူတွေမှ မစဲသေးခင် မြန်မာပြည်မှာ ကံ့ကော်တွေ ပွင့်ပြန်ပြီလား။
ကံ့ကော်ပန်းဆိုတာ ငယ်ငယ်တုန်းကတော့ သိပ်ကို မွှေးတဲ့ပန်း။ ပန်းကိုအခြောက်ခံပြီး ၀တ်ဆံဝါ၀ါလေးတွေကို သနပ်ခါးထဲ ထည့်လိမ်းရတဲ့ပန်း။ ဘုန်းကြီးကျောင်းမှာ ဆရာတော်မသိအောင် ခိုးခူးရတဲ့ပန်း။ ပန်းသူခိုးအချင်းချင်း ဖော်ကောင်လုပ်ကြလို့ ဦးဇင်းလေး ကြိမ်လုံးစာနဲ့မိပြီး အချင်းချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ရတဲ့ပန်း။
ကံ့ကော်တောကို ရောက်ပြန်တော့ ဒီပန်းလေးတွေကပဲ လူကို ရင်ခုန်အောင် အိပ်မပျော်အောင် ငေးငေးငိုင်ငိုင်ဖြစ်အောင် စာမကျက်နိုင်အောင် နောက်ပြီး ဆပ်ပလီထိအောင် ပြုစားနိုင်တဲ့ပန်းလေးတွေ ဖြစ်ရပြန်ရော။ တော်တော်ဆိုးတဲ့ ပန်းပါဗျာ။ ဆိုးတယ်ဆိုပေတဲ့ ဒီပန်းလေးကို မုန်းကို မမုန်းနိုင်ခဲ့ပါဘူး။ ခုနကလိုတွေ ဖြစ်အောင် ပြုစားနိုင်တဲ့အပြင် သူ့ကိုပဲ အမြဲတွယ်တာနေအောင်လည်း ညှို့ငင်နိုင်သေးတာကိုး။ ကဗျာတွေရေးရင် သူအမြဲပါတယ်။ စာရွက်ကြားထဲမှာလည်း ကံ့ကော်ပန်းခြောက်လေးတွေ ကံ့ကော်ရွက်ခြောက်လေးတွေ အမြဲနေတယ်။ ကံ့ကော်ပန်းတွေ အပင်ပေါ်မှာ ဘယ်လောက်ပေါပေါ ဆန်းမောင်လာရောင်းတဲ့ ပန်းတွေတွေ့ရင် တစ်စည်းတန်သည် နှစ်စည်းတန်သည် ၀ယ်ဖြစ်အောင် ၀ယ်လိုက်ချင်သေးတာပဲ။ ဟိုကောင်မလေးကို ကံ့ကော်ပန်းလေး သုံးလေးပွင့်ဗန်းပြပြီး စကားပြောခွင်လေး ဖန်လိုက်ချင်သေးတာပဲ။ နောက်ဆုံး အိပ်ယာထ ပျင်းတဲ့ကြားက စောစောစီးစီး ကံ့ကော်ပန်းစည်းလေး ကိုင်ပြီး အဆောင်ကဆင်းလာမယ့် ကောင်မလေးကို စောင့်လိုက်ချင်သေးတာပဲ။ နောက်ဆုံး ကိုယ်ပေးတဲ့ပန်း ဘယ်သူမှ လက်ခံမယ့်သူ မရှိတဲ့တိုင် ဦးချစ်ဆိုင်က ချောင်ကျကျ စားပွဲတစ်လုံးမှာ ကံ့ကော်ပန်းစည်းလေးတင် ရေနွေးကြမ်းလေးငါးအိုး ကုန်အောင်သောက်ရင်း အသည်းကွဲသလိုလို ဘာလိုလိုနဲ့ ကောင်မလေးတွေရဲ့ ကရုဏာကို ချူလိုက်ချင်သေးတာ။ ဗိုလ်ကောင်းတို့ကို သားတွေလို အရိပ်တကြည့်ကြည့်နေတဲ့ တီချယ်ဝင်းအတန်းထဲမှာ မျက်နှာမကောင်းရင် ရည်းစားနဲ့အဆင်မပြေဘူးလားမေးတဲ့အခါ အဆင်မပြေစရာ ရည်းစား မရှိပေမယ့် တီချယ့်ရှေ့မှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြချင်သေးတာ။ တောင်ငူဆောင်နဲ့ သိပ္ပံဆောင်ကို အကြောင်းမရှိ အကြောင်းရှာ ကူးချည်သန်းချည်လုပ်ရင်း အဓိပတိလမ်းတစ်လျှောက်မှာ ကံ့ကော်ပန်းလက်ခံမယ့် ကောင်မလေး တစ်ယောက်ယောက်များ တွေ့လိုတွေ့ငြား ကျီးကန်းတောင်းမှောက် လျှောက်ကြည့်မိအောင်ဖြစ်ခဲ့ရတာလည်း အရင်းစစ်လိုက်ရင် ဒီပန်းတွေက တရားခံပဲ။ ဒီလိုနဲ့ မြကျွန်းညိုညိုမှာ သုံးနှစ်သာ ကွန်းခိုလာခဲ့တာ ကျောင်းဆင်းတော့ မဟာဝိဇ္ဇာ ကွင်းစကွင်းပိတ် ဆပ်ပလီ ဘွဲ့ရတာကလွဲလို့ ဟိုဒင်း မစုံခဲ့တာလည်း ဒီပန်းတွေ ပယောဂ မကင်းဘူးပြောရမယ်။ တကယ်ဆို ရဲရင့်တဲ့သူတွေက ဘာမှ တွေဝေမနေဘဲ ကျောင်းလည်းပြီး ကြင်ယာလည်းစုံဖြစ်နေတဲ့အချိန်မှာ ကံ့ကော်မှိုင်းမိပြီး တွေဝေနေခဲ့မိတဲ့ ဗိုလ်ကောင်းကသာ ကျောင်းကိုလာတော့ တစ်ယောက်တည်း ကျောင်းကပြန်တော့လည်း တစ်ယောက်တည်းဇာတ်ကို ကခဲ့ရတာ။ ပြီးခဲ့တဲ့ နာဂစ်တိုက်တုန်းက မိန်းထဲမှာ ကံ့ကော်ပင်တွေ တော်တော်များ ပါသွားတယ်ကြားတော့ အင်း ငါ့ကို ဒုက္ခပေးခဲ့တဲ့ အပင်တွေ နည်းတောင် နည်းသေးတယ် အောက်မေ့မိတယ်။ ဒါပေမယ့် ထင်သလို မဟုတ်ဘူးဗျ။ အသက်ပြင်းတဲ့ ကံ့ကော်တွေ နောက်တစ်ခေါက် ကျောင်းထဲရောက်လို့ ကြည့်မိတော့ ကိုယ်တွေ နေခဲ့တုန်းကထက်တောင် ပိုပြီး ဝေနေသလိုလို။ ကံ့ကော်တောကို မျက်မှန်စိမ်းတပ်ပြီး ကြည့်မိတဲ့ ဗိုလ်ကောင်းကိုတောင် လှောင်ချင်ပြောင်ချင်နေကြသလိုလို။
အခုလည်း ကံ့ကော်တွေ ပွင့်ပြန်ပြီတဲ့လား။ ဒီလောက်နှစ်တွေအကြာကြီး ပွင့်ပြီးတာတောင် ပွင့်စရာပန်းတွေ မကုန်နိုင်သေးဘူးတဲ့လား။ ဒီလောက်တောင် ပွင့်ချင်လှချင်ဝေပြချင်နေတဲ့ ကံ့ကော်ပန်းတွေကိုပဲ ဘုရားမှာလှူပြီး ဆုတောင်းလိုက်ချင်သေးတာ။ ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ကံ့ကော်ပန်းတွေရဲ့ အပြုစားခံရခြင်းဘေးက ကင်းဝေးပါရစေဘုရား. . . ဆိုပြီး

ဆရာကြီးဦးလှိုင်


မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဆရာကြီး ဦးလှိုင်နဲ့ ညနေက ဖုန်းပြောဖြစ်ပါတယ်။ ဆရာကြီး ကျန်းကျန်းမာမာ ရှိတယ်ဆိုတာ သိရလို့ ၀မ်းသာမိပါတယ်။ ဆရာကြီးက အခုတော့ ပင်စင်ယူပြီးလို့ ကန်တော့ခံဆရာကြီးတောင် ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကိုလည်း ကြုံတိုင်းပြောတယ်လို့ အမေတို့က ပြောပြပါတယ်။
ဆရာကြီးက ကျွန်တော်တို့ ကိုးတန်း ဆယ်တန်းတုန်းက အင်္ဂလိပ်စာ သင်တာပါ။ ဆယ်တန်းအရောက်မှာ ပိုက်ဆံတတ်နိုင်တဲ့ သူငယ်ချင်းတွေ မြို့ကျောင်းကို ပြောင်းကုန်ကြတော့ ဆရာကြီးက စာသင်ခန်းထဲမှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့လို တပည့်တွေကို အခုလို အားပေးပါတယ်။ ဟေ့ မြို့ကျောင်းမှာလည်း ဒီစာသင်တာ ငါတို့ကျောင်းမှာလည်း ဒီစာသင်တာ။ တတ်နိုင်လို့ အင်္ဂလန်ပဲ သွားသင်သင် ကိုယ့်ဘာသာ မကြိုးစားရင် မတတ်ဘူး။ ကြိုးစားရင် ဒီမှာသင်လည်း တတ်တာပဲတဲ့။ ဆရာကြီး ပြောတာ ဘယ်လောက်မှန်ကြောင်း ကျွန်တော်က သက်သေထူပြသလို ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းမှာ ကျူရှင်မယူဘဲ ကျောင်းက ဆရာ ဆရာမတွေ သင်ပေးတာ သက်သက်နဲ့ နှစ်ချင်းပေါက် အောင်ခဲ့တယ်။ ဆရာကြီးသင်တဲ့ အင်္ဂလိပ်စာ ၆၃ မှတ် ရခဲ့တယ်။ ဘယ်ဝိုင်း ဘယ်ကျူရှင်မှ မတက်ဘဲ သာဝတ္ထိလို ကျောင်းမျိုးကနေ ၁၉၉၆ ခုနှစ်မှာ အင်္ဂလိပ်စာ ၆၃ မှတ်ရတယ်ဆိုတာ သူ့နေရာနဲ့သူတော့ အဲသည်တုန်းက တော်တော်များတဲ့ အမှတ်ပါပဲ။ တက္ကသိုလ်တက်တော့ အင်္ဂလိပ်စာ အဓိကယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ဘွဲ့လွန် ဆက်တက်ဖြစ်ခဲ့တယ်။ အခုလည်း နောက်တစ်ဘွဲ့အတွက် ဂျပန်နိုင်ငံက နိုင်ငံတကာ တက္ကသိုလ်မှာ ကျောင်းတက်နေနိုင်တာ။ ဆရာကြီးရဲ့ အားပေးခဲ့တာတွေကြောင့်ပေါ့။
မှတ်မှတ်ရရ ဆယ်တန်းတုန်းက ဆရာကြီးဦးလှိုင်ပေးတဲ့ မုန့်ဖိုး ငါးကျပ် ရဖူးတယ်ဗျ။ ကျောင်းဈေးတန်းက ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ကျပ်နဲ့ စားလို့ ရတဲ့ခေတ်မှာ ငါးကျပ်ဆိုတာ မုန့်ဟင်းစား ငါးပွဲဖိုးစာပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်အောင် တန်ဖိုးရှိတဲ့ အဆောင်ယတြာ တစ်ခုလိုပါပဲ။ အဲသည်ပိုက်ဆံလေးကို ရည်းစားဓာတ်ပုံလေးလို တယုတယ သိမ်းထားခဲ့တာ အခုထိပဲပေါ့။ (ငယ်ငယ်တုန်းက ရည်းစားပုံတွေကတော့ မဒမ်ကောင်းနဲ့ ညားပြီးကတည်းက လက်စဖျောက်လိုက်ရပြီ နှမြောတာဗျာ)။ ဘာလို့ အဲလောက်တောင် တန်ဖိုးရှိသလဲ သိချင်ကြမှာပဲနော်။ ဒီလိုဗျ။ တစ်နေ့သားမှာ ဆရာကြီးက အင်္ဂလိပ်စာ လေ့ကျင့်ခန်းပေးတယ်ဗျ။ သင်ပုန်းပေါ်မှာ ရေးပေးတာပါ။ တိုက်ရိုက်ပြောတဲ့ဝါကျကနေ သွယ်ဝိုက်ပြောတဲ့ ၀ါကျကို ပြောင်းရေးရတဲ့ လေ့ကျင့်ခန်း။ ဆရာကြီးက သင်ပုန်းမှာလည်း စာကြောင်းငါးကြောင်း ရေးပြီးရော အိပ်ကပ်ထဲက ပိုက်ဆံငါးကျပ်တန်တစ်ရွက်ထုတ်ပြီး ထောင်ပြတယ်။ အရင်ဆုံးလည်းပြီးတယ် မှန်လည်း မှန်တယ်ဆိုရင် ဒီငါးကျပ်ဆုချမယ် ကျောင်းလည်းဆင်းပေးမယ်တဲ့။ ဘာရမလဲ ငါဟဲ့မောင်ကောင်း။ လက်ကို မော်တာတပ်ဖြေပြီး အရင်ဆုံးသွားပြတော့ မှန်တယ်ဗျာ။ ဆရာကြီးလည်း ကတိအတိုင်း ပေးရတော့တာပေါ့။ ကဲ ပြန်လို့ ရပြီတဲ့။ ကျောင်းဆင်းဖို့တော့ ဆယ်မိနစ် ဆယ့်ငါးမိနစ် လိုအုံးမှာပေါ့။ အမယ် အထက်တန်းကျောင်းသား ကျောင်းမဆင်းသေးဘဲ တရားဝင် ပြန်ခွင့်ရတာ ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းလဲနော့။ သူများတွေက စဉ်းစားတုန်း ရေးတုန်း ဖျက်တုန်း ပုံသေနည်းတွေ ပြန်လှန်ကြည့်တုန်း။ မောင်ကောင်းတို့က ဆင်းပြီ လွယ်အိတ်ကြီးလွယ်လို့ ကော့ကော့ကြီး ကျောင်းဆင်းလာခဲ့ရတာ မှတ်မှတ်ရရ။
ဆရာကြီး စာသင်တာကို တစ်ချို့က မရှင်းဘူးလို့ ပြောကြတယ်ဗျ။ အင်္ဂလိပ်စာပေါ့ဗျာ။ မောင်ကောင်းကတော့ ဘယ်လို လမိုင်းကပ်တယ်မသိဘူး။ ဆရာကြီးသင်တာ ရှင်းထွက်နေတာပဲဗျာ။ မောင်ကောင်းတို့ဆီမှာ သာမန်အားဖြင့်ဆို စာစီစာကုံးတို့ ပေးစာတို့ကို အလွတ်ကျက်ကြတာ များတယ်။ ကိုယ့်ဘာသာ ရေးကြတာ ရှိသလားဆိုတော့ သိရသလောက်ဆိုရင်တော့ ရေးကြဘူးဗျ။ ကျက်ကြတာပဲ တွေ့တယ်။ ဒါပေမယ့် မောင်ကောင်းက စာကျက် ပျင်းတယ်လေ။ အဲသည်တော့ ကိုယ့်ဘာသာ လျှောက်ရေးတာပေါ့။ အမှန်ကတော့ ဆရာကြီးကို ပြသင့်ခဲ့တာဗျ။ အဲဒါမှ မှားတာတွေဘာတွေ ပြင်ပေးလို့ ရမှာပေါ့။ မပြရဲလို့ မပြဖြစ်ခဲ့ပါဘူး။ ဆယ်တန်းဖြေတဲ့အချိန်မှာ ကိုယ့်အတွေးတွေကို အင်္ဂလိပ်လို ရေးနိုင်နေပြီဗျ။ မှန်မမှန်တော့ မသိဘူးလေ။ တစ်ခါတစ်လေ ကိုယ့်ခံစားချက်လေးတွေကို အင်္ဂလိပ်လိုလေးရေးပြီး ထရံမှာ ကပ်ထား။ ကိုယ့်ကိုယ်ကို အားပေးတဲ့ စာလေးတွေပေါ့ဗျာ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က စာအုပ်ပုံရှင်းတော့ အဲသည်စာရွက်လေးတစ်ရွက် တွေ့မိတယ်။ ရက်စွဲက ဆယ်တန်းတုန်းက ရက်စွဲတပ်ထားတဲ့ စာလေး။ အားပါးပါး ကိုယ့်ကိုယ်ကို (အဲသည်တုန်းက မောင်ကောင်းလေးကို) တော်တော် လေးစားသွားတယ်ဗျာ။ ဆယ်တန်းနှစ်စကနေ ဆယ်တန်းနှစ်ဆုံး တစ်နှစ်အတွင်း အင်္ဂလိပ်စာ တိုးတက်နှုန်းအတိုင်းသာ အခုထိ တိုးတက်လာခဲ့မယ်ဆိုရင် မောင်ကောင်းတို့ အင်္ဂလန်တိုင်းပြည်တောင် ရောင်းစားလို့ ရလောက်နေပြီ (ထင်တာပဲ)။ တော်ပြီတော်ပြီ ပြောရင်းပြောရင်း မသူတော်ဖြစ်မှန်းမသိ ဖြစ်နေပြီ။ ဆရာကြီးအကြောင်း ဆက်ပြောမယ်။
မနှစ်က ဆရာကန်တော့ပွဲတုန်းက ဆရာကြီး စကားပြောတော့ ကျွန်တော့်အကြောင်း ထည့်ပြောတယ်တဲ့။ ဒီပုံအတိုင်းဆို ဒီနှစ်လည်း ထည့်ပြောအုံးမယ့်ပုံပဲ။ ဘာပဲပြောပြောလေ ရွာကျောင်းကဆယ်တန်းအောင်လည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်ပါတယ်ဆိုတာ ကလေးတွေစိတ်ထဲ ယုံကြည်ချက်တစ်ခု ရသွားတယ်ဆိုရင်တောင် ဆရာကြီး ပြောရကျိုးနပ်မှာပါ။ ဆရာကြီးဦးလှိုင် ကျန်းကျန်းမာမာနဲ့ ဆရာကန်တော့ပွဲပေါင်းများစွာ ဆက်လက် တက်ရောက်အကန်တော့ခံနိုင်ပါစေလို့ မေတ္တာပို့သရင်း ကန်တော့လိုက်ပါတယ်ခင်ဗျား။

ပန်းပွင့်လေးအတွက် ပန်းလက်ဆောင်

. . . ရန်ကုန်တက္ကသိုလ်ကို ဒုတိယမ္ပိ ခြေချမိတဲ့အချိန်မှာ ပန်းပွင့်လေးရဲ့ ဖေဖေ ဖြစ်နေတဲ့ ဗိုလ်ကောင်းဟာ ညနေ ကျောင်းဆင်းလို့ အိမ်ပြန်တော့မယ်ဆိုရင် ပန်းပွင့်လေးအတွက် ပန်းလက်ဆောင်လေးတွေ အမြဲလိုလို ယူသွားဖြစ်ပါတယ်။ ဒီပန်းပွင့်လေးတွေက ရန်ကုန်တက္ကသိုလ်မှာ တော်တော်ကို ဝေေ၀ဆာဆာနဲ့ လှိုက်လှိုက်လှဲလှဲ ပွင့်ကြသလို သည်းသည်းလှုပ်အောင်လည်း ကြွေတတ်တဲ့ ပန်းဝါ၀ါလေးတွေပါ။ ညနေခင်းဆိုရင် ထမင်းဗူးထည့်တဲ့ အိတ်လေးကို ပန်းတွေ အပြည့်ထည့်ပြီး အိမ်ရောက်လို့ ပန်းပွင့်လေးက ဖေဖေ ဘာပါလဲ ဆိုရင် ဖေဖေ့ပန်းပွင့်လေးအတွက် ဖေဖေက ပန်းဝါ၀ါလေးတွေ ကောက်လာတယ် ချစ်လေးရေ ဆိုပြီး . . .

Present for my Flower
**************************
. . . When I has been a student at the University of Yangon for the second time, I always brought flowers for my beloved daughter from the campus. My lunch box bag served as a flower basket in the evening which was filled with yellow flowers collected from the green grass. My beloved daughter has never been taught to pick up flowers directly from the plant, but just to collect flowers naturally dropped to the ground. My daughter knows very well how to enjoy the nature without being destroyed. . . . .

ဆောင်းနှင်းဝေချိန်ရောက်လုပြီ

Winter is Coming Up
Published in IUJ Alumni News
January 2015, The 40th Edition

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ခါနီး နွေနှောင်းပိုင်းရက်တွေတုန်းက အမှတ်မထင် ရိုက်ထားမိတဲ့ ဓာတ်ပုံလေး တစ်ပုံကို အခု ၂၀၁၅ ခုနှစ် ဇန်န၀ါရီလထုတ် ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဟောင်းများ စာစောင်မှာ ဖော်ပြထားတာကို တွေ့လို့ ပျော်နေမိပါတယ်။ စာစောင်မှာ ပါတယ်ဆိုတာတောင် နေ့လည် ထမင်းစာချိန်က တယ်လီဖုန်း ဖွင့်လိုက်တော့ သူငယ်ချင်း ကျောင်းသားတစ်ယောက်က စာတိုလေးပို့ပြီး ပြောပြလို့ သိရတာပါ။ သိသိချင်းပဲ ကျောင်းသားရေးရာဌာနကို ပြေးကြည့်တော့ တစ်ကမ္ဘာလုံးက အိုင်ယူဂျေ ကျောင်းသားဟောင်း ၃၆၀၀ ကျော်ကို ပို့ပေးဖို့ စာစောင်တွေ ပြင်ဆင်ထုပ်ပိုးနေတာကို တွေ့ပါတယ်။ အဲသည်ထဲက တစ်စောင်လောက် ယူလို့ရမလား ဆိုတော့ ကျောင်းသားရေးရာဌာနမှူး ဒေါ်ဂရစ်ချန်က မရသေးဘူးလို့ပြောပါတယ်။ ဒါနဲ့ပဲ စာစောင်ထဲမှာ ပါတဲ့ ပုံကိုပြပြီး ဒီမှာလေ ကျွန်တော့်ဓာတ်ပုံပါနေတာ တစ်စောင်လောက်တောင် မပေးချင်ဘူးလား ဆိုတော့မှ အော် အဲဒါ မင်းဓာတ်ပုံလား ယူပါယူပါတဲ့။ သူလည်း အခုမှ လူနဲ့ နာမည်နဲ့ တွဲသိပုံရတယ်။ ဟုတ်တယ်လေ ဒေါ်ဂရစ်ချန်ဆိုတာ ကျွန်တော့်ဓာတ်ပုံတွေကို အမြဲ လိုက်ပေးနေကျ မှတ်ချက် ၀င်ရေးနေကျ။ သူအက်ဒမင်လုပ်တဲ့ အိုင်ယူဂျေ စာမျက်နှာမှာတောင် ကျွန်တော့်ပုံတွေ ပရိုဖိုင်လုပ်ပါရစေဆိုပြီး ယူသုံးနေကျပဲကို။ ဒီပုံကို တင်လိုက်တုန်းက ဒီလိုပုံမျိုးအရင်က မတွေ့ဖူးပါဘူးတဲ့။ တကယ့်ကို အသစ်စက်စက်ရိုက်ချက်လေးပါလို့ သူပဲ မှတ်ချက်ဝင်ရေးထားခဲ့တာလေ။
ဒီပုံလေးရိုက်ဖြစ်ခဲ့ပုံကို ပြောပြပါ့မယ်။ ပြီးခဲ့တဲ့ နွေနှောင်း နေသာတဲ့ ညနေတစ်ခုမှာ အပြင်ကို လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ အဆောင်အပြင်ရောက်တော့ မြင်ကွင်းဆန်းတစ်ခုကို မြင်ရပါတယ်။ ကျောင်းရဲ့ လမ်းတွေအားလုံးက ရေတွေပန်းထွက်နေတာပါ။ တကယ်တော့ ဒီကျောင်းမှာတင်မဟုတ်ဘဲ နှင်းကျတဲ့ မြို့တော်တော်များများမှာ ဒီလို ရေဖြန်းစနစ်ရှိပါတယ်။ လမ်းထဲမှာ ရေပိုက်မြှပ်ထားပြီး ခုမြင်နေရသလို ရေထုတ်ဖြန်းပေးတာပါ။ နှင်းကျတဲ့အချိန် နှင်းတွေ လမ်းမှာ ခဲမနေစေပဲ ပျော်ကျသွားအောင် ရေနဲ့ ဖျော်ချတာပါ။ အဲသည်အချိန်က နွေနှောင်းရာသီပဲ ဆိုတော့ နှင်းမကျသေးပါဘူး။ အခုလို ရေတွေပန်းထွက်နေတာကတော့ မကြာခင် နွေရာသီကုန်ဆုံးပြီး ဆောင်းနှင်းဝေတော့မှာမို့ သက်ဆိုင်ရာဝန်ထမ်းတွေက နှင်းဖျော်ရေဖြန်းစနစ်တွေ စစ်ဆေးတဲ့အနေနဲ့ ရေပိုက်တွေ ဖွင့်ပြီး စမ်းနေကြတာပါ။ ဒီပုံလေးတွေက အမြင်ဆန်းလှတယ်ဆိုပြီး ပါလာတဲ့ အိုင်ဖုန်းလေးနဲ့ ဓာတ်ပုံတွေ လျှောက်ရိုက်မိပါတယ်။ အခုဓာတ်ပုံမှာ ပါတဲ့နေရာကတော့ အိုင်ယူဂျေ အဓိပတိလမ်းမကြီးထိပ်ကနေ တက္ကသိုလ်ပင်မဆောင်ဘက်ကို ချိန်ပြီး ရိုက်ထားတာပါ။ ညနေဘက် ကျနေကို မျက်နှာမူပြီး ရိုက်ရတာမို့ အရောင်အသွေး အစုံအလင်ကို မဖမ်းဆုပ်နိုင်တော့ပါဘူး။ ဖုန်းကင်မရာရဲ့ စွမ်းရည်အကန့်အသတ်ကြောင့်လည်း ပါတာပေါ့လေ။ ဒါပေမယ့် ဆောင်းနှင်းဝေရာသီရောက်တော့မယ့် အမှတ်လက္ခဏာတွေဖြစ်တဲ့ အရွက်တွေ ကြွေကျသွားပြီး အရိုးပြိုင်းပြိုင်းကျနေတဲ့ ချယ်ရီပင်ကြီးတွေရယ် နှင်းဖျော်ရေပန်းတွေရယ်ကို အရအမိ မှတ်တမ်းတင်လိုက်နိုင်တာမို့ ဒီဓာတ်ပုံလေးကို "ဆောင်းနှင်းဝေချိန် ရောက်လုပြီ" လို့ နာမည်တပ်ပြီး တက္ကသိုလ်ဖေ့ဘုတ် စာမျက်နှာမှာ တင်လိုက်ပါတယ်။
အခုတော့ ကျွန်တော့်ပုံလေးကို တက္ကသိုလ်ကျောင်းသားဟောင်းများထံ ပေးပို့နေတဲ့ သတင်းလွှာမှာ ဖော်ပြပေးလိုက်ပါပြီ။ ကျွန်တော့်ပုံလေးကို အခုလို အသိအမှတ်ပြုဖော်ပြပေးတဲ့အတွက် စာစောင်စီစဉ်သူများကို အများကြီးကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ ###

သားသိပါပြီ အမေတို့ရယ်


တစ်သက်လုံး အမေ့အိမ်မှာတုန်းက အမေနဲ့ အစ်မတွေ ချက်ကျွေးတာစား၊ ရိပ်သာရောက်တော့ ရိပ်သာရဲဘော် ချက်ကျွေးတာစား၊ အိမ်ထောင်ကျတော့ မိန်းမနဲ့ မိဘတွေ ချက်ကျွေးတာစားရင်း ဒီအသက်ဒီအရွယ် ရောက်လာခဲ့ရတဲ့ ကျွန်တော်ဟာ ထမင်းဟင်း ကိုယ့်ဘာသာချက်စားဖို့ကို ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးသလို ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ရမယ့်အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့လည်း တစ်ခါမှ စိတ်ကူးမကြည့်မိခဲ့ဖူးပါဘူး။ မဇ္ဈိမတိုင်းမှာ နှစ်ဝက်လောက် သွားနေတုန်းကတောင် အတူတူပါလာတဲ့ သူငယ်ချင်းတွေက ချက်ကျွေးတာမို့ နံဘေးကနေ အငယ်တုန်းက အမေထမင်းချက်ရင် မီးဖိုထဲ သွားရှုပ်သလို ကြက်သွန်ကလေးသင် ငရုတ်သီးလေးထောင်းနဲ့ သာသာယာယာ ကျော်ဖြတ်ခဲ့ရတာပါ။ အခု နိပွန်ပြည်ကို ရောက်တော့မှပဲ ကိုယ့်ဘာသာကိုယ် မဖြစ်မနေ ချက်စားရပါတော့တယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဈေးဝယ် စီစဉ် ချက်ပြုတ်ရပြီ ဆိုတော့မှ ထမင်းဟင်းချက်ရတဲ့ အမေတွေရဲ့ဘ၀ကို လက်တွေ့ကျကျ စာနာနားလည်လာမိပါတယ်။
တစ်ပတ်တစ်ပတ် ဈေးဝယ်ပြီဆိုရင် ဒီအသားလေးက ဘယ်လိုနေမလဲ ဒီအသီးအရွက်က ဘယ်နှစ်ရက်လောက်အတွင်း ချက်စားမှ ရမှာလဲ ကြက်သွန်ထပ်ဝယ်ရတော့မလား သကြားကျန်သေးလားမသိဘူး စသည်ဖြင့်။ အမေတို့ ပြောတာ ကြားဖူးတယ် ဈေးကို သက်စေ့ပတ်တယ်ဆိုတာလေ။ ခုမှ တကယ် ဈေးကို သက်စေ့ပတ်နေရပါတယ်။ စိတ်ကူးတည့်တာတွေ လျှောက်ဝယ်လာပြီးရင် အခန်းထဲက ရေခဲသေတ္တာထဲ ထည့်တန်တာထည့်။ အခြောက်အခြမ်းဆို အစားအသောက် ဗူးထဲ ထည့်တန်တာထည့်။ တစ်ချို့ကိုလည်း အောက်က ဘုံရေခဲသေတ္တာထဲမှာ သိမ်းတန်တာသိမ်း။
ဟင်းတစ်ခါချက်တော့မယ်ဆို တော်တော် စဉ်းစားရပါတယ်။ ချက်စရာအစုံအလင် ရှိနေတယ်ဆိုပေမယ့် ဘယ်လိုဟင်းမျိုး ချက်စားရမလဲ စဉ်းစားရတာ တော်တော် ခေါင်းစားပါတယ်။ အလွယ်ဆုံးကတော့ ကြက်ဥကြော်ပေါ့။ ဒါတောင် ကြော်ခါစက ကြက်ဥအချပ်ကို ပြောင်းပြန် မလှန်တတ်လို့ အချပ်ကြော်ကနေ အမွကြော်ဖြစ်ခဲ့သေးတာပဲ။ ထမင်းဆိုလည်း အဲလိုပဲ။ ရေကို လက်တစ်လုံး ထည့်ရတယ်တဲ့။ လက်တစ်လုံး ထည့်လိုက်တော့ ထမင်းက ပျော့သွားရော။ နောက်တစ်ခါ ရေလျှော့လိုက်တော့ မာသွားပြန်ရော။ ဒီလိုပဲ ပျော့လိုက် မာလိုက် အကြိမ်ကြိမ်စားပြီးတော့မှ ဂျပန်ဆန်ဆိုဘယ်လို ယိုးဒယားဆန်ဆို ဘယ်လို အကြောင်းသိသွားတာ။ ဒါတောင် ဆန်ဆေးနေရင်း မီးဖိုထဲ အတူတူ ထမင်းချက်နေတဲ့ ဗီယက်နမ်မလေးတွေ တရုတ်မလေးတွေနဲ့ ပွားတာနည်းနည်းများပြီး ရေအချိန်အဆ မမှန်ရင် ပျော့တာမာတာတွေ ဖြစ်တဲ့အခါ ဖြစ်နေတုန်း။ အဟိ။
ရောက်ခါစက ထမင်းဟင်း စချက်တော့မယ်ဆိုပြီး အစုံအလင်ဝယ်ခြမ်းလာ။ တကယ်ချက်ပြီဆိုတော့မှ တစ်ခုခုတော့ လိုနေသလိုပဲလို့ စိတ်ထဲ အောက်မေ့မိတယ်။ လက်စသတ်တော့ ဆား မေ့လာတာကိုး။ မီးဖိုထဲ ထမင်းဟင်း အခုမှ စချက်ကာစ။ သူများဆီကလည်း မတောင်းချင်။ ကျောင်းဈေးဆိုင်မှာလည်း ၀ယ်ရကောင်းမှန်း မသိဆိုတော့ ဆားမပါတဲ့ဟင်းကို တစ်ပတ်လောက် စားလိုက်ရတယ်။ တကယ်။ ပထမဆုံး ချက်တဲ့ဟင်းက ကြက်သားဟင်း။ ဂျပန်ပြည်မှာ အပေါဆုံးက ကြက်သားလို့ ပြောလို့ရတယ်။ ခဏခဏလည်း ချက်စားဖြစ်တယ်။ ကြက်သားကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မယ်ပေါ့။ ဆီနည်းနည်း ဆားပေါ့ပေါ့ အချိုမှုန့်မပါ။ ငန်ပြာရည်မပါ။ အရောင်တင်မှုန့်မပါ။ ချက်လိုက်ရော။ ဟင်းလည်းဖြစ်ရော အရောင်အဆင်းကလည်း မလှ အရသာကလည်း မရှိ။ ထမင်းဝိုင်းမှာ အတူတူစားတဲ့ သူငယ်ချင်းတွေလည်း ဘယ်သူကမှ မစား။ ကိုယ့်ဘာသာ မနည်းကုန်အောင် စားလိုက်ရတယ်။ သူများတွေ ဟင်းကို အရသာရှိအောင် ဘယ်လိုများ ချက်ပါလိမ့်ဆိုပြီး အဲသည်ကျတော့မှ ဆရာမပြ နည်းမကျဆိုတာ တယ်မှန်ပါလား သိရတော့တယ်။
တစ်ခါတစ်လေ။ တစ်ခါတစ်လေဆိုပေမယ့် ခဏခဏပါပဲ။ ဗိုက်ကဆာနေပြီ။ ထမင်းအိုးလေးတော့ တည်ထားလို့ ရှိပါရဲ့။ ဟင်းကမရှိ။ ရေခဲသေတ္တာလှပ်ကြည့်တော့လည်း အာသာပြေ စားစရာမရှိ။ ဟင်းချက်စရာလေးတွေ ခြင်းထဲထည့်ပြီး မီးဖိုထဲသွား။ သူများတွေက ၀ိုင်းဖွဲ့စားသောက်နေကြပြီ။ ဘာဟင်းချက်လဲ ဘာညာနဲ့ ၀င်ရောကြိတ်လိုက်ရတဲ့ အခါတွေလည်း မနည်းဘူးပေါ့ တစ်ခါတစ်လေတော့လည်း ဟင်းချက်ကောင်းတဲ့သူတွေ မီးဖိုထဲ ချက်ပြုတ်နေပြီဆိုရင် သူတို့နဲ့ ၀င်ရောချက်။ သူတို့တွေ တိုက်ရိုက်ညွန်ကြားချက်နဲ့ ချက်။ အဲသည်အခါမျိုးဆိုလည်း အပေါက်အလမ်း တည့်သွားပြန်ရော။
နွေရာသီတုန်းက အသီးအရွက်တွေ ဈေးချိုသလောက် ဆောင်းတွင်းရောက်တော့ အသီးအရွက်က ဈေးအင်မတန် ကြီးတာ။ ဈေးကြီးလည်း စားစရာရှိတာတော့ စားရမှာပဲ ဆိုပြီး ၀ယ်တော့ ၀ယ်ဖြစ်ပါရဲ့။ တစ်ခါတစ်လေ အသီးအရွက်တွေ ၀ယ်ထား ချက်မစားဖြစ် လွန်ကုန်လို့ ပစ်လိုက်ရတာတွေလည်း ရှိ။ တစ်ခါတစ်လေလည်း မလွန်ခင် ကုန်အောင်စားမယ်ကွာ ဆိုပြီး ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ ဟင်းအမယ်သစ်တွေ ထွင်ချက်။ ဘယ်သူမှလည်း ကူမစားပေးတော့ တစ်ယောက်တည်း မကုန်နိုင် မခမ်းနိုင်တွေစား။
ဟင်းချက်စရာ အမယ်တွေကတော့ စုံစုံလင်လင် ၀ယ်လို့ရပါရဲ့။ သေသေချာချာ ချက်မစားတတ်တာ အမှန်က ချက်စားရမှာ ပျင်းတာတွေကြောင့် ထမင်းဟင်း ကောင်းကောင်းစားရဖို့ အရေးဟာ တစ်ခါတစ်လေဆို တကယ့် အရေးတော်ပုံပဲ။ ဒါတောင် မြန်မာလူမျိုးက ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ သူငယ်ချင်းတွေ အများကြီး ရှိနေလို့ တော်သေးတယ် ပြောရမယ်။ သူတို့တွေကျေးဇူးကြောင့် ဖွယ်ဖွယ်ရာရာလေးတွေ စားနေရတာ။
ဒီတစ်ခါ မြန်မာပြည်ပြန်ရောက်ရင် ထမင်းဟင်းနဲ့ ပတ်သက်ပြီး ဂျီမကျတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆီများများ ဆားငန်ငန် အချိုမှုန့်နဲ့ပဲ ချက်ချက် အဓိက စားကောင်းရင် တော်ပြီပေါ့ဗျာ။ အမေရယ် မမတို့ရယ် ကျွန်တော့်ကို ချက်ကျွေးဖူးတဲ့ ရဲဘော်တွေရယ် ကျွန်တော့်မိန်းမရယ် အမေရယ် ဒီစာဖတ်ပြီး ရယ်မောနေကြမလား ပြုံးနေကြမလား သနားနေကြမလား မသိ။

သတင်းထောက်များနဲ့သက်ဆိုင်လာမယ့်ဥပဒေ

မြန်မာပြည်က သတင်းထောက်များနဲ့ ပတ်သက်ပြီး ပြောရမှာဖြင့် ၀န်လေးလှပါတယ်။ သို့သော်လည်း မပြောမပြီး မတီးမမြည် ဆိုသလို ပြောဖို့ လိုအပ်လာတယ်ထင်လို့ ပြေလိုက်ပါအုံးမယ်။ အခုနေအခါမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းသမားများ ထိတွေ့ဆက်ဆံလာကြပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သတင်းထောက်များဟာ တပ်မတော် စစ်ကြောင်းများနဲ့အတူ ရှေ့တန်းစစ်မျက်နှာများမှာ လိုက်ပါ သတင်းရယူနိုင်မယ့် အခွင့်အရေးတွေ ရကောင်း ရလာမှာပါ။ ဒီလို အခွင့်အရေးမျိုးရလို့ တပ်မတော် စစ်ကြောင်းများနဲ့အတူ လိုက်ပါ သတင်းယူကြမယ့် သတင်းထောက်များအနေနဲ့ တပ်မတော်သားများ လိုက်နာကျင့်သုံးရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာကျင့်သုံးဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သတင်းထောက်များနဲ့ သတင်းထောက်များကို ရှေ့တန်းစစ်မျက်နှာကို လိုက်ပါခွင့်ပေးကောင်းပေးကြမယ့် အရာရှိများ သတိမူနိုင်အောင် အခုလို တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။
၁၉၅၉ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၂ (၁) အောက်တွင် ဖော်ပြထားသူများသည် မည်သည့်နေရာအရပ်၌မဆို ရောက်ရှိနေစေကာမူ ဤအက်ဥပဒေကို လိုက်နာကြရမည်။
(က) တပ်မတော်တွင် အမှုထမ်းနေကြသော အရာရှိများ၊
(ခ) ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူများ၊
(ဂ) -------------------
(ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ တန်းပြည့်စစ်မှုထမ်းချိန်၌ စစ်စခန်းတွင် စစ်ချီနေသည့်အခါတွင် သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤကိစ္စအလို့ငှာ အမိန့်ကြော်ငြာစာဖြင့် သီးခြား သတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်း တစ်ခုခုတွင် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုက စေခိုင်းခြင်းခံရသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေရသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါ ဖြစ်ကြသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများ။