Thursday 19 March 2015

ကံ့ကော်တွေ ပွင့်ပြန်ပြီလား


          အိုင်ယူဂျေမှာ နှင်းဖြူဖြူတွေမှ မစဲသေးခင် မြန်မာပြည်မှာ ကံ့ကော်တွေ ပွင့်ပြန်ပြီလား။
ကံ့ကော်ပန်းဆိုတာ ငယ်ငယ်တုန်းကတော့ သိပ်ကို မွှေးတဲ့ပန်း။ ပန်းကိုအခြောက်ခံပြီး ၀တ်ဆံဝါ၀ါလေးတွေကို သနပ်ခါးထဲ ထည့်လိမ်းရတဲ့ပန်း။ ဘုန်းကြီးကျောင်းမှာ ဆရာတော်မသိအောင် ခိုးခူးရတဲ့ပန်း။ ပန်းသူခိုးအချင်းချင်း ဖော်ကောင်လုပ်ကြလို့ ဦးဇင်းလေး ကြိမ်လုံးစာနဲ့မိပြီး အချင်းချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ရတဲ့ပန်း။
ကံ့ကော်တောကို ရောက်ပြန်တော့ ဒီပန်းလေးတွေကပဲ လူကို ရင်ခုန်အောင် အိပ်မပျော်အောင် ငေးငေးငိုင်ငိုင်ဖြစ်အောင် စာမကျက်နိုင်အောင် နောက်ပြီး ဆပ်ပလီထိအောင် ပြုစားနိုင်တဲ့ပန်းလေးတွေ ဖြစ်ရပြန်ရော။ တော်တော်ဆိုးတဲ့ ပန်းပါဗျာ။ ဆိုးတယ်ဆိုပေတဲ့ ဒီပန်းလေးကို မုန်းကို မမုန်းနိုင်ခဲ့ပါဘူး။ ခုနကလိုတွေ ဖြစ်အောင် ပြုစားနိုင်တဲ့အပြင် သူ့ကိုပဲ အမြဲတွယ်တာနေအောင်လည်း ညှို့ငင်နိုင်သေးတာကိုး။ ကဗျာတွေရေးရင် သူအမြဲပါတယ်။ စာရွက်ကြားထဲမှာလည်း ကံ့ကော်ပန်းခြောက်လေးတွေ ကံ့ကော်ရွက်ခြောက်လေးတွေ အမြဲနေတယ်။ ကံ့ကော်ပန်းတွေ အပင်ပေါ်မှာ ဘယ်လောက်ပေါပေါ ဆန်းမောင်လာရောင်းတဲ့ ပန်းတွေတွေ့ရင် တစ်စည်းတန်သည် နှစ်စည်းတန်သည် ၀ယ်ဖြစ်အောင် ၀ယ်လိုက်ချင်သေးတာပဲ။ ဟိုကောင်မလေးကို ကံ့ကော်ပန်းလေး သုံးလေးပွင့်ဗန်းပြပြီး စကားပြောခွင်လေး ဖန်လိုက်ချင်သေးတာပဲ။ နောက်ဆုံး အိပ်ယာထ ပျင်းတဲ့ကြားက စောစောစီးစီး ကံ့ကော်ပန်းစည်းလေး ကိုင်ပြီး အဆောင်ကဆင်းလာမယ့် ကောင်မလေးကို စောင့်လိုက်ချင်သေးတာပဲ။ နောက်ဆုံး ကိုယ်ပေးတဲ့ပန်း ဘယ်သူမှ လက်ခံမယ့်သူ မရှိတဲ့တိုင် ဦးချစ်ဆိုင်က ချောင်ကျကျ စားပွဲတစ်လုံးမှာ ကံ့ကော်ပန်းစည်းလေးတင် ရေနွေးကြမ်းလေးငါးအိုး ကုန်အောင်သောက်ရင်း အသည်းကွဲသလိုလို ဘာလိုလိုနဲ့ ကောင်မလေးတွေရဲ့ ကရုဏာကို ချူလိုက်ချင်သေးတာ။ ဗိုလ်ကောင်းတို့ကို သားတွေလို အရိပ်တကြည့်ကြည့်နေတဲ့ တီချယ်ဝင်းအတန်းထဲမှာ မျက်နှာမကောင်းရင် ရည်းစားနဲ့အဆင်မပြေဘူးလားမေးတဲ့အခါ အဆင်မပြေစရာ ရည်းစား မရှိပေမယ့် တီချယ့်ရှေ့မှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြချင်သေးတာ။ တောင်ငူဆောင်နဲ့ သိပ္ပံဆောင်ကို အကြောင်းမရှိ အကြောင်းရှာ ကူးချည်သန်းချည်လုပ်ရင်း အဓိပတိလမ်းတစ်လျှောက်မှာ ကံ့ကော်ပန်းလက်ခံမယ့် ကောင်မလေး တစ်ယောက်ယောက်များ တွေ့လိုတွေ့ငြား ကျီးကန်းတောင်းမှောက် လျှောက်ကြည့်မိအောင်ဖြစ်ခဲ့ရတာလည်း အရင်းစစ်လိုက်ရင် ဒီပန်းတွေက တရားခံပဲ။ ဒီလိုနဲ့ မြကျွန်းညိုညိုမှာ သုံးနှစ်သာ ကွန်းခိုလာခဲ့တာ ကျောင်းဆင်းတော့ မဟာဝိဇ္ဇာ ကွင်းစကွင်းပိတ် ဆပ်ပလီ ဘွဲ့ရတာကလွဲလို့ ဟိုဒင်း မစုံခဲ့တာလည်း ဒီပန်းတွေ ပယောဂ မကင်းဘူးပြောရမယ်။ တကယ်ဆို ရဲရင့်တဲ့သူတွေက ဘာမှ တွေဝေမနေဘဲ ကျောင်းလည်းပြီး ကြင်ယာလည်းစုံဖြစ်နေတဲ့အချိန်မှာ ကံ့ကော်မှိုင်းမိပြီး တွေဝေနေခဲ့မိတဲ့ ဗိုလ်ကောင်းကသာ ကျောင်းကိုလာတော့ တစ်ယောက်တည်း ကျောင်းကပြန်တော့လည်း တစ်ယောက်တည်းဇာတ်ကို ကခဲ့ရတာ။ ပြီးခဲ့တဲ့ နာဂစ်တိုက်တုန်းက မိန်းထဲမှာ ကံ့ကော်ပင်တွေ တော်တော်များ ပါသွားတယ်ကြားတော့ အင်း ငါ့ကို ဒုက္ခပေးခဲ့တဲ့ အပင်တွေ နည်းတောင် နည်းသေးတယ် အောက်မေ့မိတယ်။ ဒါပေမယ့် ထင်သလို မဟုတ်ဘူးဗျ။ အသက်ပြင်းတဲ့ ကံ့ကော်တွေ နောက်တစ်ခေါက် ကျောင်းထဲရောက်လို့ ကြည့်မိတော့ ကိုယ်တွေ နေခဲ့တုန်းကထက်တောင် ပိုပြီး ဝေနေသလိုလို။ ကံ့ကော်တောကို မျက်မှန်စိမ်းတပ်ပြီး ကြည့်မိတဲ့ ဗိုလ်ကောင်းကိုတောင် လှောင်ချင်ပြောင်ချင်နေကြသလိုလို။
အခုလည်း ကံ့ကော်တွေ ပွင့်ပြန်ပြီတဲ့လား။ ဒီလောက်နှစ်တွေအကြာကြီး ပွင့်ပြီးတာတောင် ပွင့်စရာပန်းတွေ မကုန်နိုင်သေးဘူးတဲ့လား။ ဒီလောက်တောင် ပွင့်ချင်လှချင်ဝေပြချင်နေတဲ့ ကံ့ကော်ပန်းတွေကိုပဲ ဘုရားမှာလှူပြီး ဆုတောင်းလိုက်ချင်သေးတာ။ ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ကံ့ကော်ပန်းတွေရဲ့ အပြုစားခံရခြင်းဘေးက ကင်းဝေးပါရစေဘုရား. . . ဆိုပြီး

No comments:

Post a Comment