Thursday 19 March 2015

ကံ့ကော်တွေပွင့်ကြပြန်ပြီလား



ကံ့ကော်တွေ ပွင့်ကြပြန်ပြီလား
.
. . . ငယ်ငယ်တုန်းကတော့ ကံ့ကော်ပန်းဆိုတာ ကိုယ်တွေအတွက် သိပ်ကိုမွှေးတဲ့ ပန်းတစ်မျိုးထက် မပိုခဲ့ဘူး။ မိန်းကလေးတွေက ပန်းကိုအခြောက်ခံပြီး ဝတ်ဆံဝါဝါလေးတွေကို သနပ်ခါးထဲ ထည့်လိမ်းကြ။ ဘုန်းကြီးကျောင်းမှာ ဆရာတော်မသိအောင် ခိုးခူးကြ။ ပန်းသူခိုးအချင်းချင်း ဖော်ကောင်လုပ်ကြလို့ ဦးဇင်းလေး ကြိမ်လုံးစာနဲ့မိပြီး အချင်းချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ကြရ။ အော် ငယ်ငယ်ကတည်းက အတော်ဂြိုဟ်မွှေခဲ့တာပါပဲလား
.
. . . ကံ့ကော်တောလို့ ခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ် ရောက်ပြန်တော့လည်း ကံ့ကော်ပန်းက သိပ်ကိုမွှေးတဲ့ ပန်းတစ်မျိုး ဆိုတာထက် အများကြီးပိုလာခဲ့တယ်။ တစ်နည်းအားဖြင့် မှော်အစွမ်းရှိတဲ့ ပန်းလေးဖြစ်ခဲ့တယ်။ ဒီပန်းလေးတွေကပဲ လူကို ရင်ခုန်အောင် အိပ်မပျော်အောင် ငေးငေးငိုင်ငိုင်ဖြစ်အောင် စာမကျက်နိုင်အောင် နောက်ပြီး ဆပ်ပလီထိအောင် ပြုစားနိုင်တဲ့ပန်းလေးတွေ ဖြစ်ရပြန်ရော။ ငယ်ငယ်က ဂြိုလ်မွှေခဲ့တာထက် အဆရာထောင် ပိုဆိုးတဲ့ ပန်းလေးဖြစ်လာခဲ့တာပေါ့
.
. . . ဆိုသော်ငြားလည်း ဒီပန်းလေးကို မုန်းတော့ မမုန်းရက်နိုင်ခဲ့ပါဘူး၊ သူ့ကို မမုန်းဘဲ တွယ်တာနေအောင် ညှို့ငင်နိုင်တဲ့ မှော်အစွမ်းကလည်း ကြီးပေတာကိုး၊ ကဗျာတွေရေးရင် သူအမြဲပါတယ်။ စာရွက်ကြားထဲမှာလည်း ကံ့ကော်ပန်းခြောက်လေးတွေ ကံ့ကော်ရွက်ခြောက်လေးတွေ အမြဲနေတယ်။ ကံ့ကော်ပန်းတွေ အပင်ပေါ်မှာ ဘယ်လောက်ပေါပေါ ဆန်းမောင်လာရောင်းတဲ့ ပန်းတွေတွေ့ရင် တစ်စည်းတန်သည် နှစ်စည်းတန်သည် ဝယ်ဖြစ်အောင် ဝယ်လိုက်ချင်သေးတာပဲ။ ဟိုကောင်မလေးကို ကံ့ကော်ပန်းလေး သုံးလေးပွင့်ဗန်းပြပြီး စကားပြောခွင်လေး ဖန်လိုက်ချင်သေးတာပဲ
.
. . . ကုန်ကုန်ပြောရရင် အိပ်ယာထ ပျင်းတဲ့ကြားက စောစောစီးစီး ကံ့ကော်ပန်းစည်းလေး ကိုင်ပြီး အဆောင်ကဆင်းလာမယ့် ကောင်မလေးကို စောင့်လိုက်ချင်သေးတာပဲ။ နောက်ဆုံး ကိုယ်ပေးတဲ့ပန်း ဘယ်သူမှ လက်ခံမယ့်သူ မရှိတဲ့တိုင် ဦးချစ်ဆိုင်က ချောင်ကျကျ စားပွဲတစ်လုံးမှာ ကံ့ကော်ပန်းစည်းလေးတင် ရေနွေးကြမ်းလေးငါးအိုး ကုန်အောင်သောက်ရင်း အသည်းကွဲသလိုလို ဘာလိုလိုနဲ့ ကောင်မလေးတွေရဲ့ ကရုဏာကို ချူလိုက်ချင်သေးတာ။
.
. . . ကိုယ်တွေကို သားတွေလို အရိပ်တကြည့်ကြည့်နေတဲ့ တီချယ်ဝင်းအတန်းထဲမှာ မျက်နှာမကောင်းရင် ရည်းစားနဲ့အဆင်မပြေဘူးလားမေးတဲ့အခါ အဆင်မပြေစရာ ရည်းစား မရှိပေမယ့် တီချယ့်ရှေ့မှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြချင်သေးတာ။ တောင်ငူဆောင်နဲ့ သိပ္ပံဆောင်ကို အကြောင်းမရှိ အကြောင်းရှာ ကူးချည်သန်းချည်လုပ်ရင်း အဓိပတိလမ်းတစ်လျှောက်မှာ ကံ့ကော်ပန်းလက်ခံမယ့် ကောင်မလေး တစ်ယောက်ယောက်များ တွေ့လိုတွေ့ငြား ကျီးကန်းတောင်းမှောက် လျှောက်ကြည့်မိအောင်ဖြစ်ခဲ့ရတာလည်း အရင်းစစ်လိုက်ရင် ဒီပန်းတွေရဲ့ ပယောဂ မကင်းဘူးပေါ့လေ
.
. . . ဒီလိုနဲ့ မြကျွန်းညိုညိုမှာ သုံးနှစ်သာ ကွန်းခိုလာခဲ့တာ ကျောင်းဆင်းတော့ ဆပ်ပလီ ဘွဲ့ရတာကလွဲလို့ စုံသင့်တာ မစုံခဲ့တာဆိုရင်လည်း ဒီပန်းတွေကိုပဲ ရမယ်ရှာရမယ်ထင်တယ်။ တကယ်ဆို ရဲရင့်တဲ့သူတွေက ဘာမှ တွေဝေမနေဘဲ ကျောင်းလည်းပြီး ကြင်ယာလည်းစုံဖြစ်နေတဲ့အချိန်မှာ ကံ့ကော်မှိုင်းမိပြီး တွေဝေနေခဲ့မိတဲ့ ကိုယ်တွေကသာ ကျောင်းကိုလာတော့ တစ်ယောက်တည်း ကျောင်းကပြန်တော့လည်း တစ်ယောက်တည်းဇာတ်ကို ကခဲ့ရတာ။
.
. . . ပြီးခဲ့တဲ့ နာဂစ်တိုက်တုန်းက မိန်းထဲမှာ ကံ့ကော်ပင်တွေ တော်တော်များ ပါသွားတယ်ကြားတော့ အင်း ငါ့ကို ဒုက္ခပေးခဲ့တဲ့ အပင်တွေ မုန်တိုင်းထဲပါတာ နည်းတောင် နည်းသေးတယ် အောက်မေ့မိတယ်။ ဒါပေမယ့် ထင်သလို မဟုတ်ပါဘူး၊ နောက်တစ်ခေါက် ကျောင်းထဲရောက်လို့ ကြည့်မိတော့ အသက်ပြင်းတဲ့ ကံ့ကော်တွေ ကိုယ်တွေ နေခဲ့တုန်းကထက်တောင် ပိုပြီး ဝေနေသလိုလို။ ကံ့ကော်တောကို မျက်မှန်စိမ်းတပ်ပြီး ကြည့်မိတဲ့ ကိုယ့်ကိုတောင် လှောင်ချင်ပြောင်ချင်နေကြသလိုလို။
.
. . . အခုလည်း ကံ့ကော်တွေ ပွင့်ကြပြန်ပြီတဲ့လား၊ ဒီလောက်နှစ်တွေအကြာကြီး ပွင့်ပြီးတာတောင် ပွင့်စရာပန်းတွေ မကုန်နိုင်သေးဘူးတဲ့လား
.
မောင်လွမ်းဝေ
၁၉ မတ် ၂၀၁၅

No comments:

Post a Comment