Thursday 19 March 2015

ဆရာကြီးဦးလှိုင်


မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဆရာကြီး ဦးလှိုင်နဲ့ ညနေက ဖုန်းပြောဖြစ်ပါတယ်။ ဆရာကြီး ကျန်းကျန်းမာမာ ရှိတယ်ဆိုတာ သိရလို့ ၀မ်းသာမိပါတယ်။ ဆရာကြီးက အခုတော့ ပင်စင်ယူပြီးလို့ ကန်တော့ခံဆရာကြီးတောင် ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကိုလည်း ကြုံတိုင်းပြောတယ်လို့ အမေတို့က ပြောပြပါတယ်။
ဆရာကြီးက ကျွန်တော်တို့ ကိုးတန်း ဆယ်တန်းတုန်းက အင်္ဂလိပ်စာ သင်တာပါ။ ဆယ်တန်းအရောက်မှာ ပိုက်ဆံတတ်နိုင်တဲ့ သူငယ်ချင်းတွေ မြို့ကျောင်းကို ပြောင်းကုန်ကြတော့ ဆရာကြီးက စာသင်ခန်းထဲမှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့လို တပည့်တွေကို အခုလို အားပေးပါတယ်။ ဟေ့ မြို့ကျောင်းမှာလည်း ဒီစာသင်တာ ငါတို့ကျောင်းမှာလည်း ဒီစာသင်တာ။ တတ်နိုင်လို့ အင်္ဂလန်ပဲ သွားသင်သင် ကိုယ့်ဘာသာ မကြိုးစားရင် မတတ်ဘူး။ ကြိုးစားရင် ဒီမှာသင်လည်း တတ်တာပဲတဲ့။ ဆရာကြီး ပြောတာ ဘယ်လောက်မှန်ကြောင်း ကျွန်တော်က သက်သေထူပြသလို ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းမှာ ကျူရှင်မယူဘဲ ကျောင်းက ဆရာ ဆရာမတွေ သင်ပေးတာ သက်သက်နဲ့ နှစ်ချင်းပေါက် အောင်ခဲ့တယ်။ ဆရာကြီးသင်တဲ့ အင်္ဂလိပ်စာ ၆၃ မှတ် ရခဲ့တယ်။ ဘယ်ဝိုင်း ဘယ်ကျူရှင်မှ မတက်ဘဲ သာဝတ္ထိလို ကျောင်းမျိုးကနေ ၁၉၉၆ ခုနှစ်မှာ အင်္ဂလိပ်စာ ၆၃ မှတ်ရတယ်ဆိုတာ သူ့နေရာနဲ့သူတော့ အဲသည်တုန်းက တော်တော်များတဲ့ အမှတ်ပါပဲ။ တက္ကသိုလ်တက်တော့ အင်္ဂလိပ်စာ အဓိကယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ဘွဲ့လွန် ဆက်တက်ဖြစ်ခဲ့တယ်။ အခုလည်း နောက်တစ်ဘွဲ့အတွက် ဂျပန်နိုင်ငံက နိုင်ငံတကာ တက္ကသိုလ်မှာ ကျောင်းတက်နေနိုင်တာ။ ဆရာကြီးရဲ့ အားပေးခဲ့တာတွေကြောင့်ပေါ့။
မှတ်မှတ်ရရ ဆယ်တန်းတုန်းက ဆရာကြီးဦးလှိုင်ပေးတဲ့ မုန့်ဖိုး ငါးကျပ် ရဖူးတယ်ဗျ။ ကျောင်းဈေးတန်းက ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ကျပ်နဲ့ စားလို့ ရတဲ့ခေတ်မှာ ငါးကျပ်ဆိုတာ မုန့်ဟင်းစား ငါးပွဲဖိုးစာပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်အောင် တန်ဖိုးရှိတဲ့ အဆောင်ယတြာ တစ်ခုလိုပါပဲ။ အဲသည်ပိုက်ဆံလေးကို ရည်းစားဓာတ်ပုံလေးလို တယုတယ သိမ်းထားခဲ့တာ အခုထိပဲပေါ့။ (ငယ်ငယ်တုန်းက ရည်းစားပုံတွေကတော့ မဒမ်ကောင်းနဲ့ ညားပြီးကတည်းက လက်စဖျောက်လိုက်ရပြီ နှမြောတာဗျာ)။ ဘာလို့ အဲလောက်တောင် တန်ဖိုးရှိသလဲ သိချင်ကြမှာပဲနော်။ ဒီလိုဗျ။ တစ်နေ့သားမှာ ဆရာကြီးက အင်္ဂလိပ်စာ လေ့ကျင့်ခန်းပေးတယ်ဗျ။ သင်ပုန်းပေါ်မှာ ရေးပေးတာပါ။ တိုက်ရိုက်ပြောတဲ့ဝါကျကနေ သွယ်ဝိုက်ပြောတဲ့ ၀ါကျကို ပြောင်းရေးရတဲ့ လေ့ကျင့်ခန်း။ ဆရာကြီးက သင်ပုန်းမှာလည်း စာကြောင်းငါးကြောင်း ရေးပြီးရော အိပ်ကပ်ထဲက ပိုက်ဆံငါးကျပ်တန်တစ်ရွက်ထုတ်ပြီး ထောင်ပြတယ်။ အရင်ဆုံးလည်းပြီးတယ် မှန်လည်း မှန်တယ်ဆိုရင် ဒီငါးကျပ်ဆုချမယ် ကျောင်းလည်းဆင်းပေးမယ်တဲ့။ ဘာရမလဲ ငါဟဲ့မောင်ကောင်း။ လက်ကို မော်တာတပ်ဖြေပြီး အရင်ဆုံးသွားပြတော့ မှန်တယ်ဗျာ။ ဆရာကြီးလည်း ကတိအတိုင်း ပေးရတော့တာပေါ့။ ကဲ ပြန်လို့ ရပြီတဲ့။ ကျောင်းဆင်းဖို့တော့ ဆယ်မိနစ် ဆယ့်ငါးမိနစ် လိုအုံးမှာပေါ့။ အမယ် အထက်တန်းကျောင်းသား ကျောင်းမဆင်းသေးဘဲ တရားဝင် ပြန်ခွင့်ရတာ ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းလဲနော့။ သူများတွေက စဉ်းစားတုန်း ရေးတုန်း ဖျက်တုန်း ပုံသေနည်းတွေ ပြန်လှန်ကြည့်တုန်း။ မောင်ကောင်းတို့က ဆင်းပြီ လွယ်အိတ်ကြီးလွယ်လို့ ကော့ကော့ကြီး ကျောင်းဆင်းလာခဲ့ရတာ မှတ်မှတ်ရရ။
ဆရာကြီး စာသင်တာကို တစ်ချို့က မရှင်းဘူးလို့ ပြောကြတယ်ဗျ။ အင်္ဂလိပ်စာပေါ့ဗျာ။ မောင်ကောင်းကတော့ ဘယ်လို လမိုင်းကပ်တယ်မသိဘူး။ ဆရာကြီးသင်တာ ရှင်းထွက်နေတာပဲဗျာ။ မောင်ကောင်းတို့ဆီမှာ သာမန်အားဖြင့်ဆို စာစီစာကုံးတို့ ပေးစာတို့ကို အလွတ်ကျက်ကြတာ များတယ်။ ကိုယ့်ဘာသာ ရေးကြတာ ရှိသလားဆိုတော့ သိရသလောက်ဆိုရင်တော့ ရေးကြဘူးဗျ။ ကျက်ကြတာပဲ တွေ့တယ်။ ဒါပေမယ့် မောင်ကောင်းက စာကျက် ပျင်းတယ်လေ။ အဲသည်တော့ ကိုယ့်ဘာသာ လျှောက်ရေးတာပေါ့။ အမှန်ကတော့ ဆရာကြီးကို ပြသင့်ခဲ့တာဗျ။ အဲဒါမှ မှားတာတွေဘာတွေ ပြင်ပေးလို့ ရမှာပေါ့။ မပြရဲလို့ မပြဖြစ်ခဲ့ပါဘူး။ ဆယ်တန်းဖြေတဲ့အချိန်မှာ ကိုယ့်အတွေးတွေကို အင်္ဂလိပ်လို ရေးနိုင်နေပြီဗျ။ မှန်မမှန်တော့ မသိဘူးလေ။ တစ်ခါတစ်လေ ကိုယ့်ခံစားချက်လေးတွေကို အင်္ဂလိပ်လိုလေးရေးပြီး ထရံမှာ ကပ်ထား။ ကိုယ့်ကိုယ်ကို အားပေးတဲ့ စာလေးတွေပေါ့ဗျာ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က စာအုပ်ပုံရှင်းတော့ အဲသည်စာရွက်လေးတစ်ရွက် တွေ့မိတယ်။ ရက်စွဲက ဆယ်တန်းတုန်းက ရက်စွဲတပ်ထားတဲ့ စာလေး။ အားပါးပါး ကိုယ့်ကိုယ်ကို (အဲသည်တုန်းက မောင်ကောင်းလေးကို) တော်တော် လေးစားသွားတယ်ဗျာ။ ဆယ်တန်းနှစ်စကနေ ဆယ်တန်းနှစ်ဆုံး တစ်နှစ်အတွင်း အင်္ဂလိပ်စာ တိုးတက်နှုန်းအတိုင်းသာ အခုထိ တိုးတက်လာခဲ့မယ်ဆိုရင် မောင်ကောင်းတို့ အင်္ဂလန်တိုင်းပြည်တောင် ရောင်းစားလို့ ရလောက်နေပြီ (ထင်တာပဲ)။ တော်ပြီတော်ပြီ ပြောရင်းပြောရင်း မသူတော်ဖြစ်မှန်းမသိ ဖြစ်နေပြီ။ ဆရာကြီးအကြောင်း ဆက်ပြောမယ်။
မနှစ်က ဆရာကန်တော့ပွဲတုန်းက ဆရာကြီး စကားပြောတော့ ကျွန်တော့်အကြောင်း ထည့်ပြောတယ်တဲ့။ ဒီပုံအတိုင်းဆို ဒီနှစ်လည်း ထည့်ပြောအုံးမယ့်ပုံပဲ။ ဘာပဲပြောပြောလေ ရွာကျောင်းကဆယ်တန်းအောင်လည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်ပါတယ်ဆိုတာ ကလေးတွေစိတ်ထဲ ယုံကြည်ချက်တစ်ခု ရသွားတယ်ဆိုရင်တောင် ဆရာကြီး ပြောရကျိုးနပ်မှာပါ။ ဆရာကြီးဦးလှိုင် ကျန်းကျန်းမာမာနဲ့ ဆရာကန်တော့ပွဲပေါင်းများစွာ ဆက်လက် တက်ရောက်အကန်တော့ခံနိုင်ပါစေလို့ မေတ္တာပို့သရင်း ကန်တော့လိုက်ပါတယ်ခင်ဗျား။

No comments:

Post a Comment