Thursday, 19 March 2015
သူနိုင်ကိုယ်နိုင် အာဆီယံ-ဂျပန်
မြန်မာစကားပုံမှာတော့ သူနိုင်ကိုယ်နိုင်ဆိုရင် အပြိုင်ကြဲကြတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ယူကြပေမယ့် အင်္ဂလိပ်လို ၀င်းဝင်း ဆိုရင်တော့ သူလည်းနိုင် ကိုယ်လည်းနိုင် ဘယ်သူမှ အရှုံးမရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒီနေ့ တိုကျိုမှာလုပ်တဲ့ အာဆီယံ-ဂျပန်ဆက်ဆံရေးဆိုင်ရာ ပညာရှင်များ နှီးနှောဖလှယ်ပွဲကို သွားတက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ပညာရှင်မဟုတ်ပါဘူး စာသင်သားအဖြစ် သွားတက်တာပါ။ ဦးစီးကျင်းပတာကတော့ ကျွန်တော်တို့နေတဲ့ နီဂါးတားပြည်နယ်ရဲ့ ပြည်နယ်တက္ကသိုလ်ကပါ။ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်ပါတီက ၀န်ကြီးချုပ်ဟောင်း ယာဆူအိုဖူကူဒါ၊ ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ မြန်မာသံအမတ်ကြီး၊ နီဂါးဒါးပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ပြီး ပညာရှင်တွေထဲကတော့ နီဂါးဒါးတက္ကသိုလ် ဥက္ကဌ နဲ့ ကျွန်တော်တို့ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာမျိုး အပါအ၀င် အခြား ပါမောက္ခတွေ ပညာရှင်တွေနဲ့ ကျွန်တော်တို့ ကျောင်းက အရှေ့တောင်အာရှ ဘာသာရပ် စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ကြပါတယ်။
မနက်ဆယ်နာရီမှာ စမယ့် အစီအစဉ်အတွက် ကျောင်းကနေ မနက် ခြောက်နာရီမှာ ကားစထွက်ပါတယ်။ ဆယ်နာရီမထိုးခင် ပွဲကျင်းပမယ့် International House of Japan ကိုရောက်ပါတယ်။ ရောက်ပြီး မကြာခင် ပွဲစပါတယ်။ မနက်ပိုင်းမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေက နှုတ်ခွန်းဆက်စကားပြောတာ စာတမ်းဖတ်တာတွေ လုပ်ကြပြီး နေ့ခင်းပိုင်းမှာ ဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းခွဲပြီး လုပ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းက ဂျပန်ဘာသာနဲ့ နှုတ်ခွန်းဆက်စကား ပြောတဲ့အခါ ပထမဆုံး ပြောတဲ့စကားက သူအင်္ဂလိပ်လို မပြောနိုင်တာ သူ့နိုင်ငံပညာရေးစနစ် အမှားအယွင်းကြောင့်ပါတဲ့။ ၀န်ကြီးချုပ်ဟောင်းတစ်ယောက် အဲလိုပြောတာ အံ့သြမိပါတယ်။ နေ့ခင်းပိုင်း ဆွေးနွေးပွဲမှာ ယဉ်ကျေးမှု၊ စီးပွားရေး နဲ့ နိုင်ငံတကာဆက်ဆံရေး ဆိုပြီး တစ်ပိုင်းကို တစ်နာရီလောက်စီ ပညာရှင်တွေ သံအမတ်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ အဓိကထားပြီး ဆွေးနွေးခဲ့တဲ့ မေးခွန်းတွေကတော့ စီးပွားရေးကဏ္ဍမှာဆိုရင် ၁) လွတ်လပ်စွာကုန်သွယ်ရေးကို အာဆီယံနဲ့ ဂျပန်တို့ ဘယ်လောက် ခိုင်ခိုင်မာမာ လက်တွဲ ရုန်းကန်နိုင်ကြမလဲ။ ၂) သက်ကြီးရွယ်အိုတွေ ဦးရေများလာပြီး အသက်အရွယ်အချိုးအစားတွေ မညီမမျှဖြစ်လာတာကို အာဆီယံ-ဂျပန်တို့ ဘယ်လောက် တုန့်ပြန်ဆောင်ရွက်နိုင်ကြမလဲ။ ၃) အာဆီယံစီးပွားရေး အသိုက်အ၀န်းအကြောင်း ပြောကြတဲ့အခါ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံရေး၊ ဥာဏပစ္စည်းမူပိုင်ခွင့်၊ အလုပ်သမားရေးရာ၊ ငွေကြေး၊ ခရီးသွားလုပ်ငန်း၊ အကောက်အခွန် စသည်ဖြင့် ကိစ္စရပ်တွေထဲမှာ ဘယ်ဟာကို ဦးစားပေး တိုးတက်အောင် လုပ်ဆောင်ကြမလဲ။ ယဉ်ကျေးမှု ကဏ္ဍမှာဆိုရင် ၁) အာဆီယံ-ဂျပန်ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွေကို ဘယ်အတိုင်းအတာထိ မြှင့်တင်ဆောင်ရွက်နိုင်မလဲ။ ၂) အပြန်အလှန် ဘာသာစကား သင်ကြားမှုတွေကို ဘယ်လိုမြှင့်တင်လုပ်ဆောင်ကြမလဲ။ ၃) ကိုယ့်သားသမီးတွေကို အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားတစ်ခုခု ထပ်သင်တော့မယ်ဆို ဘယ်ဘာသာစကားကို သင်ပေးမှာလဲ။ နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာဆိုရင် ၁) အာဆီယံဂျပန် သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ဘယ်လောက် ခိုင်ခိုင်မာမာ လုပ်ဆောင်ကြမလဲ။ ၂) နိုင်ငံစုံအဖွဲ့အစည်းများရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့ အာဆီယံဂျပန် ဘယ်လောက် ခိုင်ခိုင်မာမာ လက်တွဲကြမလဲ။ ၃) တရုတ်-ဂျပန်ဆက်ဆံရေး အနာဂတ်ကို ဘယ်လို ပုံပေါ်စေချင်သလဲ။ ဆိုတာတွေပဲ ဖြစ်ပါတယ်။
တစ်ခြား ကျောင်းသားအချို့လိုပဲ ကျွန်တော်လည်း မေးခွန်းတစ်ခု မေးခွင့်ရခဲ့ပါတယ်။ ယဉ်ကျေးမှုကဏ္ဍ ဆွေးနွေးလို့ မပြီးသေးတဲ့အချိန်မှာ စီးပွားရေးကဏ္ဍက မေးခွန်းကို ထမေးလိုက်တော့ အူကြောင်ကြောင် ဂွတီးဂွတနိုင်တာတော့ ဖြစ်တာပေါ့လေ။ ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်းတုန်းက စာသင်ခန်းထဲမှာ အာဆီယံဆိုင်ရာ တင်ဆက်မှုတစ်ခုအပြီး ကျွန်တော် အမေးခံခဲ့ရတဲ့ မေးခွန်းကို ပြန်မေးတာပါ။ စီးပွားရေး စွမ်းဆောင်နိုင်မှုတွေ မညီမမျှ ဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေထဲမှာ အခု ၂၀၁၅ နှစ်ကုန်မှာ တည်ထောင်ရတော့မယ့် အာဆီယံ စီးပွားရေးအသိုက်အ၀န်း ဆိုတာကို အောင်အောင်မြင်မြင် ထုထောင်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော် အမေးခံရတုန်းက အကောင်းမြင်စိတ်နဲ့ ဖြေခဲ့ပေမယ့် ကိုယ့်အဖြေကို သံသယရှိလာလို့ ပညာရှင်တွေ စုံတုန်း မေးကြည့်လိုက်တာပါ။ တကယ်ဖြေစေချင်တဲ့ ပါမောက္ခတွေက အဖြေမပေးဘဲ အာဆီယံထဲက ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ မြန်မာသံအမတ်ကြီးတို့က ဖြေကြားပေးခဲ့ပါတယ်။ နှစ်ယောက်စလုံးက အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ဖြေကြတာချင်း တူပေမယ့် မြန်မာသံအမတ်ကြီးအဖြေကို နားထောင်ရတာ အားမရှိလှပါဘူး။
နေ့လည်စာကို ကြိုတင်မှာကြားထားရင် ယန်းနှစ်ထောင်က ဈေးကြီးလို့ဆိုပြီး နေ့လည် ထမင်းစားနားချိန်မှာ မိုးထဲရေထဲ အနီးအနားက စားသောက်ဆိုင်ကို အပြေးအလွှား သွားစားရတာ၊ ဂျပန်လိုမတတ်တဲ့ နှစ်ယောက် အင်္ဂလိပ်လိုမတတ်တဲ့ စားသောက်ဆိုင်မှာ မီနူးစာအုပ်က စားစရာရုပ်ပုံကို လက်ညှိုးထိုးပြပြီး နေ့လည်စာ မှာစားခဲ့ရတာ၊ စားသောက်ဆိုင်က ယန်းတစ်ရာ့ငါးဆယ်တန် ရေနွေးကြမ်း တစ်ခွက် မေတ္တာလက်ဆောင်တိုက်လိုက်တာ၊ ဆွေးနွေးပွဲ ခန်းမထဲမှာ လေအေးစက်ကို အနွေးစက်နဲ့ မှားဖွင့်ထားလို့ တစ်မနက်လုံး အေးစိမ့်စိမ့်ထဲမှာ ထိုင်နေခဲ့ရတာ၊ ဆွေးနွေးပွဲမှာ အိပ်ငိုက်တဲ့သူတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ကျီစားခဲ့တာ၊ ကားပေါ်မှာ မနက်စာ စားဖို့ လုပ်တာတဲ့ ဂျပန်ထမင်းဆုပ်ကို ညနေအပြန်မှာ အာလူးကြော်နဲ့ စားခဲ့ရတာ၊ အပြန်ကားခဏရပ်နားတဲ့ နေရာမှာ ၀က်သားခေါက်ဆွဲပြုတ် ပူပူနွေးနွေးစားဖြစ်ခဲ့တာ၊ အဆောင်ပြန်ရောက်ပြီး မကြာဘူး ပါမောက္ခမျိုးက မနက်ဖြန် မနက်အတန်းကို ကင်းလွတ်ခွင့်ပေးတဲ့ အီးမေးကို ဖတ်ပြီး ပျော်သွားရတာတွေကတော့ ဒီကနေ့အတွက် အမှတ်တရလေးတွေပေါ့ဗျာ။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ###
Subscribe to:
Post Comments (Atom)
No comments:
Post a Comment