Thursday, 19 March 2015
သားသိပါပြီ အမေတို့ရယ်
တစ်သက်လုံး အမေ့အိမ်မှာတုန်းက အမေနဲ့ အစ်မတွေ ချက်ကျွေးတာစား၊ ရိပ်သာရောက်တော့ ရိပ်သာရဲဘော် ချက်ကျွေးတာစား၊ အိမ်ထောင်ကျတော့ မိန်းမနဲ့ မိဘတွေ ချက်ကျွေးတာစားရင်း ဒီအသက်ဒီအရွယ် ရောက်လာခဲ့ရတဲ့ ကျွန်တော်ဟာ ထမင်းဟင်း ကိုယ့်ဘာသာချက်စားဖို့ကို ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးသလို ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ရမယ့်အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့လည်း တစ်ခါမှ စိတ်ကူးမကြည့်မိခဲ့ဖူးပါဘူး။ မဇ္ဈိမတိုင်းမှာ နှစ်ဝက်လောက် သွားနေတုန်းကတောင် အတူတူပါလာတဲ့ သူငယ်ချင်းတွေက ချက်ကျွေးတာမို့ နံဘေးကနေ အငယ်တုန်းက အမေထမင်းချက်ရင် မီးဖိုထဲ သွားရှုပ်သလို ကြက်သွန်ကလေးသင် ငရုတ်သီးလေးထောင်းနဲ့ သာသာယာယာ ကျော်ဖြတ်ခဲ့ရတာပါ။ အခု နိပွန်ပြည်ကို ရောက်တော့မှပဲ ကိုယ့်ဘာသာကိုယ် မဖြစ်မနေ ချက်စားရပါတော့တယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဈေးဝယ် စီစဉ် ချက်ပြုတ်ရပြီ ဆိုတော့မှ ထမင်းဟင်းချက်ရတဲ့ အမေတွေရဲ့ဘ၀ကို လက်တွေ့ကျကျ စာနာနားလည်လာမိပါတယ်။
တစ်ပတ်တစ်ပတ် ဈေးဝယ်ပြီဆိုရင် ဒီအသားလေးက ဘယ်လိုနေမလဲ ဒီအသီးအရွက်က ဘယ်နှစ်ရက်လောက်အတွင်း ချက်စားမှ ရမှာလဲ ကြက်သွန်ထပ်ဝယ်ရတော့မလား သကြားကျန်သေးလားမသိဘူး စသည်ဖြင့်။ အမေတို့ ပြောတာ ကြားဖူးတယ် ဈေးကို သက်စေ့ပတ်တယ်ဆိုတာလေ။ ခုမှ တကယ် ဈေးကို သက်စေ့ပတ်နေရပါတယ်။ စိတ်ကူးတည့်တာတွေ လျှောက်ဝယ်လာပြီးရင် အခန်းထဲက ရေခဲသေတ္တာထဲ ထည့်တန်တာထည့်။ အခြောက်အခြမ်းဆို အစားအသောက် ဗူးထဲ ထည့်တန်တာထည့်။ တစ်ချို့ကိုလည်း အောက်က ဘုံရေခဲသေတ္တာထဲမှာ သိမ်းတန်တာသိမ်း။
ဟင်းတစ်ခါချက်တော့မယ်ဆို တော်တော် စဉ်းစားရပါတယ်။ ချက်စရာအစုံအလင် ရှိနေတယ်ဆိုပေမယ့် ဘယ်လိုဟင်းမျိုး ချက်စားရမလဲ စဉ်းစားရတာ တော်တော် ခေါင်းစားပါတယ်။ အလွယ်ဆုံးကတော့ ကြက်ဥကြော်ပေါ့။ ဒါတောင် ကြော်ခါစက ကြက်ဥအချပ်ကို ပြောင်းပြန် မလှန်တတ်လို့ အချပ်ကြော်ကနေ အမွကြော်ဖြစ်ခဲ့သေးတာပဲ။ ထမင်းဆိုလည်း အဲလိုပဲ။ ရေကို လက်တစ်လုံး ထည့်ရတယ်တဲ့။ လက်တစ်လုံး ထည့်လိုက်တော့ ထမင်းက ပျော့သွားရော။ နောက်တစ်ခါ ရေလျှော့လိုက်တော့ မာသွားပြန်ရော။ ဒီလိုပဲ ပျော့လိုက် မာလိုက် အကြိမ်ကြိမ်စားပြီးတော့မှ ဂျပန်ဆန်ဆိုဘယ်လို ယိုးဒယားဆန်ဆို ဘယ်လို အကြောင်းသိသွားတာ။ ဒါတောင် ဆန်ဆေးနေရင်း မီးဖိုထဲ အတူတူ ထမင်းချက်နေတဲ့ ဗီယက်နမ်မလေးတွေ တရုတ်မလေးတွေနဲ့ ပွားတာနည်းနည်းများပြီး ရေအချိန်အဆ မမှန်ရင် ပျော့တာမာတာတွေ ဖြစ်တဲ့အခါ ဖြစ်နေတုန်း။ အဟိ။
ရောက်ခါစက ထမင်းဟင်း စချက်တော့မယ်ဆိုပြီး အစုံအလင်ဝယ်ခြမ်းလာ။ တကယ်ချက်ပြီဆိုတော့မှ တစ်ခုခုတော့ လိုနေသလိုပဲလို့ စိတ်ထဲ အောက်မေ့မိတယ်။ လက်စသတ်တော့ ဆား မေ့လာတာကိုး။ မီးဖိုထဲ ထမင်းဟင်း အခုမှ စချက်ကာစ။ သူများဆီကလည်း မတောင်းချင်။ ကျောင်းဈေးဆိုင်မှာလည်း ၀ယ်ရကောင်းမှန်း မသိဆိုတော့ ဆားမပါတဲ့ဟင်းကို တစ်ပတ်လောက် စားလိုက်ရတယ်။ တကယ်။ ပထမဆုံး ချက်တဲ့ဟင်းက ကြက်သားဟင်း။ ဂျပန်ပြည်မှာ အပေါဆုံးက ကြက်သားလို့ ပြောလို့ရတယ်။ ခဏခဏလည်း ချက်စားဖြစ်တယ်။ ကြက်သားကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မယ်ပေါ့။ ဆီနည်းနည်း ဆားပေါ့ပေါ့ အချိုမှုန့်မပါ။ ငန်ပြာရည်မပါ။ အရောင်တင်မှုန့်မပါ။ ချက်လိုက်ရော။ ဟင်းလည်းဖြစ်ရော အရောင်အဆင်းကလည်း မလှ အရသာကလည်း မရှိ။ ထမင်းဝိုင်းမှာ အတူတူစားတဲ့ သူငယ်ချင်းတွေလည်း ဘယ်သူကမှ မစား။ ကိုယ့်ဘာသာ မနည်းကုန်အောင် စားလိုက်ရတယ်။ သူများတွေ ဟင်းကို အရသာရှိအောင် ဘယ်လိုများ ချက်ပါလိမ့်ဆိုပြီး အဲသည်ကျတော့မှ ဆရာမပြ နည်းမကျဆိုတာ တယ်မှန်ပါလား သိရတော့တယ်။
တစ်ခါတစ်လေ။ တစ်ခါတစ်လေဆိုပေမယ့် ခဏခဏပါပဲ။ ဗိုက်ကဆာနေပြီ။ ထမင်းအိုးလေးတော့ တည်ထားလို့ ရှိပါရဲ့။ ဟင်းကမရှိ။ ရေခဲသေတ္တာလှပ်ကြည့်တော့လည်း အာသာပြေ စားစရာမရှိ။ ဟင်းချက်စရာလေးတွေ ခြင်းထဲထည့်ပြီး မီးဖိုထဲသွား။ သူများတွေက ၀ိုင်းဖွဲ့စားသောက်နေကြပြီ။ ဘာဟင်းချက်လဲ ဘာညာနဲ့ ၀င်ရောကြိတ်လိုက်ရတဲ့ အခါတွေလည်း မနည်းဘူးပေါ့ တစ်ခါတစ်လေတော့လည်း ဟင်းချက်ကောင်းတဲ့သူတွေ မီးဖိုထဲ ချက်ပြုတ်နေပြီဆိုရင် သူတို့နဲ့ ၀င်ရောချက်။ သူတို့တွေ တိုက်ရိုက်ညွန်ကြားချက်နဲ့ ချက်။ အဲသည်အခါမျိုးဆိုလည်း အပေါက်အလမ်း တည့်သွားပြန်ရော။
နွေရာသီတုန်းက အသီးအရွက်တွေ ဈေးချိုသလောက် ဆောင်းတွင်းရောက်တော့ အသီးအရွက်က ဈေးအင်မတန် ကြီးတာ။ ဈေးကြီးလည်း စားစရာရှိတာတော့ စားရမှာပဲ ဆိုပြီး ၀ယ်တော့ ၀ယ်ဖြစ်ပါရဲ့။ တစ်ခါတစ်လေ အသီးအရွက်တွေ ၀ယ်ထား ချက်မစားဖြစ် လွန်ကုန်လို့ ပစ်လိုက်ရတာတွေလည်း ရှိ။ တစ်ခါတစ်လေလည်း မလွန်ခင် ကုန်အောင်စားမယ်ကွာ ဆိုပြီး ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ ဟင်းအမယ်သစ်တွေ ထွင်ချက်။ ဘယ်သူမှလည်း ကူမစားပေးတော့ တစ်ယောက်တည်း မကုန်နိုင် မခမ်းနိုင်တွေစား။
ဟင်းချက်စရာ အမယ်တွေကတော့ စုံစုံလင်လင် ၀ယ်လို့ရပါရဲ့။ သေသေချာချာ ချက်မစားတတ်တာ အမှန်က ချက်စားရမှာ ပျင်းတာတွေကြောင့် ထမင်းဟင်း ကောင်းကောင်းစားရဖို့ အရေးဟာ တစ်ခါတစ်လေဆို တကယ့် အရေးတော်ပုံပဲ။ ဒါတောင် မြန်မာလူမျိုးက ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ သူငယ်ချင်းတွေ အများကြီး ရှိနေလို့ တော်သေးတယ် ပြောရမယ်။ သူတို့တွေကျေးဇူးကြောင့် ဖွယ်ဖွယ်ရာရာလေးတွေ စားနေရတာ။
ဒီတစ်ခါ မြန်မာပြည်ပြန်ရောက်ရင် ထမင်းဟင်းနဲ့ ပတ်သက်ပြီး ဂျီမကျတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆီများများ ဆားငန်ငန် အချိုမှုန့်နဲ့ပဲ ချက်ချက် အဓိက စားကောင်းရင် တော်ပြီပေါ့ဗျာ။ အမေရယ် မမတို့ရယ် ကျွန်တော့်ကို ချက်ကျွေးဖူးတဲ့ ရဲဘော်တွေရယ် ကျွန်တော့်မိန်းမရယ် အမေရယ် ဒီစာဖတ်ပြီး ရယ်မောနေကြမလား ပြုံးနေကြမလား သနားနေကြမလား မသိ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment