Friday, 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၅)

သူငယ်ချင်း...၊
ဒီစာမှာတော့ ငါတို့တက္ကသိုလ်အကြောင်း သိသလောက်လေး ပြန်ပြီးတော့ ပြောပြချင်မိတယ်။ ငါတို့တက္ကသိုလ် IUJ ကို ၁၉၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေထဲမှာ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ကြားပေးတဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်ခဲ့တယ်။ ဒီတက္ကသိုလ်ကို စတင်တည်ထောင်သူအဖြစ် အသိအမှတ်ပြုထားသူက ဒေါက်တာ နာကာယာမ (Dr. Sohei Nakayama, Former advisor, The Industrial Bank of Japan) ဖြစ်တယ်။ အဲဒီ အိုင်ယူဂျေဖခင်ကြီးဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး သူကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ် ရှိပြီဖြစ်တယ်။ အိုင်ယူဂျေရဲ့ ပထမဆုံး ဥက္ကဋ္ဌကတော့ ဒေါက်တာ အိုကီတာ (Dr. Saburo Okita, Former Minister of Foreign Affairs) ဖြစ်တယ်။ အခုလက်ရှိ တက္ကသိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူကတော့ ဒေါက်တာ ကီတာအိုကာ (Dr. Shinichi Kitaoka) ဖြစ်တယ်။ သူဟာ တိုကျိုတက္ကသိုလ် (The University of Tokyo) ကနေ နိုင်ငံရေးသိပ္ပံ အထူးပြုနဲ့ ပါရဂူဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်တယ်။ လက်ရှိအချိန်မှာ ငါတို့တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေရုံသာမက National Graduate Institute for Policy Studies မှာလည်း ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဂျပန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်တယ်။ ငါတို့ လူငယ်တွေပြောတတ်တဲ့ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ခေသူမဟုတ် ပေါ့ကွာ။ ငါတို့တက္ကသိုလ်မှာ ဌာနကြီး ၂ ခုရှိတယ်ဆိုတာကို ငါရေးခဲ့တဲ့ စာတစ်စောင်မှာ ပြောခဲ့ပြီးသားမို့ မင်းသိပြီးဖြစ်ပါလိမ့်မယ်။ အကျဉ်းချုပ် ပြန်ပြောရရင် GSIR နဲ့ GSIM ဆိုတဲ့ ဌာနနှစ်ခုပေါ့ကွာ။ မင်းတက်ရမယ့် တစ်နည်း ငါအခုတက်နေတဲ့ ဌာနကတော့ GSIR ဌာနဖြစ်တယ်။ ငါတို့ဌာနမှူးက ပါမောက္ခ ကာကီနာကာ (Prof. Makoto Kakinaka) ဖြစ်တယ်။ အမေရိကန် Cornell University က စီးပွားရေးပါရဂူဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်တယ်။ ဒီတက္ကသိုလ်မှာ မင်းတက်ရောက်ခွင့် ရဖို့အတွက် မြန်မာပြည်မှာ လူတွေ့အင်တာဗျူး ဖြေရတဲ့အချိန်မှာ သူနဲ့မင်း တွေ့ခွင့်ရကောင်း ရနိုင်တယ်။ အများအားဖြင့် မြန်မာပြည်မှာလုပ်တဲ့ လူတွေ့အင်တာဗျူး စစ်မေးမှုတိုင်းမှာ သူပါလေ့ရှိတယ်။ သူသင်ကြားတဲ့ ဘာသာရပ်တွေကို ငါမယူဖူးသေးတာကြောင့် သူ့အကြောင်းကို သေသေချာချာ မသိပေမယ့် သူ့တပည့်တွေကတော့ စိတ်သဘောထားကောင်းသူအဖြစ် ညွှန်းဆိုကြတယ်။ ဒါပေမယ့် စာသင်တဲ့ နေရာမှာတော့ လောဘကြီးတယ်၊ အိမ်စာပေးတာ ကြမ်းတယ်လို့လည်း တစ်ပါတည်း ညည်းတတ်ကြတယ်ကွ။ ငါ့အမြင်ကတော့ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ခင်မင်နှစ်လိုဖွယ်ရာ ပါမောက္ခ တစ်ဦးပါကွာ။ GSIM ဌာနမှူးကတော့ ပါမောက္ခ ကာဆေး (Prof. Kimio Kase) ဖြစ်တယ်။ သူကတော့ အင်္ဂလန် The Univeristy of Manchester ကနေ စီးပွားရေးစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်တယ်။ ငါ့အနေနဲ့ သူ့အကြောင်းကို ဘာမျှ သေသေချာချာ မသိတဲ့အတွက် ထူးထူးထွေထွေ မပြောပြနိုင်တာကို နားလည်စေချင်တယ်။ နောက်ထပ်ပြောပြချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ပါမောက္ခ မျိုး (Prof. Maung Aung Myoe, Special Assistant to the President of IUJ, IRP Director) ဖြစ်တယ်။ တက္ကသိုလ်ဥက္ကဋ္ဌရဲ့ အထူးလက်ထောက်လို့ ပြောရမလား၊ အထူးအကြံပေးလို့ ဆိုရမလားဆိုတာ ငါ့အနေနဲ့ သေသေချာချာ မပြောနိုင်ပေမယ့် သူ့ရာထူးဟာ အပေါ်မှာ ငါပြောခဲ့တဲ့ ဌာနမှူး နှစ်ယောက်နဲ့ အဆင့်တူဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ သြစတြေးလျနိုင်ငံ Australian National University ကနေ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး ပါရဂူဘွဲ့ ရရှိခဲ့သူဖြစ်တယ်။ ဒီတက္ကသိုလ်မှာရှိတဲ့ ပါမောက္ခတွေ အများကြီးအနက်က ထူးခြားစွာပဲ နိုင်ငံတကာဆက်ဆံရေး မဟာဝိဇ္ဇာဘွဲ့ကို ဒီ IUJ ကနေ ရရှိခဲ့တဲ့ အိုင်ယူဂျေကျောင်းသားဟောင်း တစ်ဦးလည်း ဖြစ်တယ်ကွ။ ငါသိသလောက်ကတော့ ဒီအိုင်ယူဂျေကနေ မဟာဘွဲ့ရခဲ့ပြီး လက်ရှိဒီတက္ကသိုလ်မှာ ပြန်ပြီးတော့ စာသင်ကြားနေတဲ့ ပါမောက္ခက ရှားရှားပါးပါး ၂ ဦးပဲ ရှိတယ်ကွ။ ပါမောက္ခ မျိုး နဲ့ ပါမောက္ခ ကိုရေး တို့ဖြစ်ကြတယ်။ အော်... ငါပြောဖို့ မေ့နေခဲ့တဲ့ အဓိကအကြောင်းအရာတစ်ခု ရှိတယ်ကွ။ အခြားမဟုတ်ပါဘူးကွာ။ ပါမောက္ခ မျိုး ဆိုတာဟာ မြန်မာပါမောက္ခ တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်တယ် ဆိုတာကိုလည်း ငါက ဖြည့်စွက်ပြောပြချင်တယ်။ အနောက်နိုင်ငံအချို့ကလွှင့်တဲ့ ရေဒီယို အစီအစဉ်တွေမှာ မြန်မာ့အရေး ကျွမ်းကျင်သူ ဘယ်သူနဲ့ အင်တာဗျူးတို့ ဘာတို့ ငါတို့တွေ နားထောင်ခဲ့ကြဖူးတယ် မဟုတ်လား။ အဲဒီလူတွေဟာ မြန်မာ့အရေးမှာ ဘယ်လိုကျွမ်းကျင်ကြတယ်ဆိုတာကို ငါ့အနေနဲ့ သေသေချာချာ မသိလေတော့ မဝေဖန်လိုပါဘူး။ ဒါပေမယ့် ပါမောက္ခ မျိုး နဲ့ မင်းတွေ့ပြီးတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံအကြောင်း ငါတို့တွေ သိတယ်ဆိုတာဟာ အရပ်ထဲက ငါးစိမ်းသည် သိသလောက်သာ သိတယ်ဆိုတာ မင်းလက်ခံလာပါလိမ့်မယ်။ မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့တပ်မတော်အကြောင်း၊ မြန်မာ့အိမ်နီးချင်းတွေအကြောင်း၊ မြန်မာအစိုးရ အဆက်ဆက်အကြောင်း၊ မြန်မာအတိုက်အခံတွေအကြောင်း၊ မြန်မာ့နိုင်ငံခြားရေး မူဝါဒအကြောင်း စတာတွေကို ပညာရှင်ပီပီ ခရေစေ့တွင်းကျ အပ်ကျမတ်ကျ သိသူဖြစ်လေတော့ မင်းသာရောက်လာရင် ပြောမကုန် ဆွေးနွေးမကုန်နဲ့ ဆရာမျိုး အခန်းကနေတောင် ပြန်ပါ့မလားလို့ ငါဖြင့် စိတ်ပူမိတယ်။ ဒီတက္ကသိုလ် တက်ခွင့်ရဖို့အတွက် မြန်မာပြည်မှာ ဖြေရမယ့် အင်တာဗျူးမှာ မင်းအနေနဲ့ ပါမောက္ခ မျိုး ကို ပထမဆုံး စတွေ့ရမယ်။ အဲ.. ပြီးရင်တော့ ဒီတက္ကသိုလ်ကနေ ဘွဲ့ရပြီး မပြန်မချင်း အမြဲမပြတ် ထိတွေ့ဆက်ဆံ အားကိုးရမယ့် ဆရာတစ်ဦးဖြစ်ကြောင်း အမြည်းအနေနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်ကွာ။ ငါ့စာကို နိဂုံးမချုပ်ခင် ငါ့ခံစားချက်လေးကို ပြောပြပါရစေ။ မင်းနဲ့ငါဟာ စိတ်သဘောချင်း အင်မတန် နီးစပ်တာမို့ ငါ့စာကို ဖတ်နေရင်းနဲ့ ငါတွေးခဲ့မိသလို မင်းလည်း တွေးမိမယ်လို့ ယုံကြည်လို့ပါ။ ပါမောက္ခ မျိုးဟာ မြန်မာ့အရေးကို အင်မတန် ကျွမ်းကျင်ပါလျက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေ ဘာဖြစ်လို့ မရေးသလဲ ဆိုတာပါပဲ။ ငါ သူ့ကို တိုက်တွန်းခဲ့ဖူးပါတယ်။ သူ့အဖြေက ငါ့ကို ဘာမျှ ဆက်မပြောအောင် ဆွံ့အသွားစေခဲ့တယ်ကွ။ "မြန်မာ့နိုင်ငံရေးအကြောင်း သူမရေးချင်ဘူး၊ ဝေဖန်တဲ့လူတွေက ပညာရှင်ဆန်ဆန် မဟုတ်ဘဲ ငါးစိမ်းသည် ရန်တွေ့သလို၊ လိုင်းကားစပါယ်ယာ ရန်တွေ့သလို ပြောတတ်ကြလို့ လက်ရှောင်တာပါ" တဲ့။ သူပြောတာကို ငါဘယ်လို ပြန်ဖြေရမလဲကွာ။ ဆရာမောင်စူးစမ်းတို့၊ ဆရာကျော်ဝင်းတို့၊ ဆရာမောင်ဝံသတို့၊ ဆရာအောင်ထွဋ်တို့ကို ကြည့်ပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ စာရေးတဲ့လူဆိုတာ အင်မတန်မှ အရေထူရမယ်ဆိုတဲ့ သင်ခန်းစာ ငါတို့တွေ ရခဲ့ပြီးသားမဟုတ်လားကွာ။ ငါ့စာကို ဒီနေရာမှာ ခေတ္တရပ်နားပါရစေ။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၆)

သူငယ်ချင်း...၊
အရင်စာထဲမှာ ငါတို့တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ငါသိသလောက် ပြောပြခဲ့တယ်။ အထူးသဖြင့် ဒီတက္ကသိုလ်က ဥက္ကဋ္ဌနဲ့ ဌာနမှူးတွေအကြောင်း အဓိကထား ဇောင်းပေးပြီး ပြောဖြစ်ခဲ့တယ်။ ဒီစာမှာလည်း အိုင်ယူဂျေနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းအရာလေးတွေကို ဆက်ပြောပါရစေ။ အရင်စာရဲ့ အရှိန်လေးနဲ့ ဆက်လိမ့်တဲ့ သဘောပေါ့ကွာ။ ငါတို့တက္ကသိုလ်ဟာ နိုင်ငံတကာတက္ကသိုလ်တစ်ခု ဖြစ်တယ်ဆိုတာ မင်းသိပြီးသားမို့ အထူးအထွေ ထပ်ပြောနေဖို့ လိုမယ်မထင်ပါဘူး။ နှစ်စဉ် နိုင်ငံပေါင်း ၅၀ ခန့်က ကျောင်းသားတွေဟာ ပညာသင်ကြားဖို့အတွက် ဒီတက္ကသိုလ်ကို ရောက်လာလေ့ရှိတယ်။ အဲဒါကြောင့်လည်း ငါတို့တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကို "Where the World Gathers" လို့ သတ်မှတ်ထားတာ ဖြစ်မယ်ထင်တယ်။ မင်းလိုမျိုး စာရေးတဲ့ လက်စလက်နလည်းမရှိ၊ မြန်မာစာကိုလည်း သိပ်ပြီးတော့ မကျွမ်းကျင်လှတော့ အဲဒီဆောင်ပုဒ်လေးကို ငါ့နည်းငါ့ဟန်နဲ့ ငါတွေးမိသလောက် ဘာသာပြန်ထားတာလေး ရှိတယ်ကွ။ "ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများ စုရုံးရာမြေ အိုင်ယူဂျေ" တဲ့။ မင်းဆီမှာ ဒီထက်ကောင်းပြီး မြန်မာဆန်တဲ့ ဘာသာပြန်ဆိုမှု ရှိမယ်ဆိုတာ ငါလုံးဝ သံသယမရှိပါဘူးကွာ။ ဘယ်စာထဲမှာ ရေးခဲ့တယ်ဆိုတာ ငါမမှတ်မိတော့ပေမယ့် အိုင်ယူဂျေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက ချစ်စနိုးနဲ့ နောက်ပြောင်ပြီး ပေးထားကြတဲ့ နာမည်တွေ ရှိတယ်ဆိုတာကို မင်းကို ပြောပြခဲ့ဖူးတယ်လို့ ထင်ပါတယ်။ အခု ငါတို့တက္ကသိုလ်အကြောင်း ပြောနေတဲ့အချိန်မှာ အဲဒီ နာမည်လေးတွေကို ထူးထူးဆန်းဆန်း သတိရနေမိတဲ့အတွက် ထပ်ပြောပါရစေ။ ငါတို့တက္ကသိုလ် IUJ ရဲ့ မူလအမည်က International University of Japan ဆိုတာ မင်းသိပြီးသားပါ။ အဲဒီနာမည် အတိုကောက်ကိုပဲ ကျောင်းသားတွေက နောက်ပြောင်ထားကြတာ ရှိတယ်ကွ။ အလကားသက်သက်တော့ ဘယ်ဟုတ်လိမ့်မလဲကွာ... သူ့အကြောင်းနဲ့သူပေါ့။ တချို့က I and U in Jungle တဲ့။ တချို့ကျပြန်တော့ I and U in Jail လို့ ပြောကြပြန်ရော။ အချို့သော သူတွေကတော့ Isolated University of Japan လို့ ခပ်နာနာလေး နှက်ကြသဗျ။ သူတို့တွေ ပြောမယ်ဆိုလည်း ပြောချင်စရာပါကွာ။ ငါတို့တက္ကသိုလ်ဟာ လယ်ကွင်းတွေပတ်လည်ခြံ၊ တောတောင်တွေ ပတ်ခြာဝိုင်း၊ သစ်တောတွေ ပတ်လည်အုပ်နဲ့ တကယ့်ကို တောကြီးမျက်မည်းထဲက သီးခြားအထီးကျန် ကမ္ဘာလေး တစ်ခုပါကွာ။ ဆောင်းရာသီဆိုရင် စာသင်ခန်းနဲ့ အိပ်ဆောင်ကလွဲလို့ ဘယ်ကိုမှ သွားလို့လာလို့ မရတဲ့ အကျဉ်းထောင်ကြီးပေါ့။ အိပ်ဆောင်တစ်ခုနဲ့တစ်ခု ကူးတဲ့လမ်းတွေ၊ အိပ်ဆောင်တွေနဲ့ စာသင်ဆောင်ကို ကူးတဲ့လမ်းတွေမှာ ဘေးကနေ နံရံတွေကာပြီး လေမထိ၊ နေမထိ သွားကြလာကြရတယ်။ အပြင်ဘက်မှာတော့ လျှောက်လမ်းခေါင်မိုးနဲ့အညီ နှင်းထုတွေက ဖုံးလွှမ်းလို့ပေါ့ကွာ။ နွေဦးရာသီနဲ့ နွေရာသီ ရောက်ပြီဆိုတော့လည်း တောအုပ်ထဲရောက်သလို ဖြစ်သွားရပြန်တာပါပဲ။ ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ မြွေတွေ၊ အင်းဆက်တွေ၊ ပိုးကောင်တွေ၊ ပုရစ်တွေ၊ ဖားတွေက နေရာအနှံ့မှာ ရှောင်လို့ကို မလွတ်နိုင်ပါဘူးကွာ။ အေးတဲ့အချိန်တုန်းက နင့်နေအောင် အေးခဲ့ပြီး နွေရာသီ ပူတဲ့အချိန်ကျတော့လည်း သေလောက်အောင် ပူတယ်ကွ။ ဒီမြို့လေးရဲ့ နွေရာသီကာလ အပူချိန်က ရန်ကုန်နဲ့ ၂ ဒီဂရီပဲ ကွာတယ်ဆိုရင် ဘယ်လောက် ပူသလဲဆိုတာ မင်းသဘောပေါက်လောက်ပါတယ်။ ကဲ.. သူငယ်ချင်းရေ၊ ငါတို့တက္ကသိုလ်ကနေ ဘွဲ့ရပြီးသွားတဲ့ ကျောင်းသားဟောင်းတွေအကြောင်း နည်းနည်းလေး ဆက်ပြောပြချင်သေးတယ်။ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးတဲ့နောက် ဒီတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီးတဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၃,၅၉၂ ဦး ဖြစ်တယ်။ နောက်နှစ် ၂၀၁၅ ဒီလိုအချိန်ဆိုရင်တော့ ငါလည်း အိုင်ယူဂျေ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပြီပေါ့ကွာ။ ငါပြောခဲ့တဲ့ ၃,၆၀၀ နီးပါးသော ကျောင်းသားဟောင်းတွေဟာ နိုင်ငံပေါင်း တစ်နည်း ဒေသပေါင်း ၁၁၄ ခုက ဖြစ်ကြတယ်ကွ။ ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ ကိန်းဂဏန်းနဲ့ အချက်အလက်တွေလဲကွာ။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော် ရှိတဲ့အနက် နိုင်ငံပေါင်း ၁၁၀ ကျော်မှာ ဒီတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတွေ ရှိနေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ငါ့အနေနဲ့ ဒီတက္ကသိုလ်ကြီးမှာ တက်ခွင့်ရခဲ့တာကို ဂုဏ်ယူမဆုံး ဖြစ်မိတယ်ကွာ။ မြန်မာနိုင်ငံကနေ အိုင်ယူဂျေမှာ တက်ရောက်ပညာသင်ယူခဲ့ပြီး မဟာဘွဲ့ရရှိခဲ့ပြီးဖြစ်တဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၁၀၃ ဦး ရှိတယ်ဆိုရင် မင်းယုံပါ့မလားမသိဘူး။ အာဆီယံနိုင်ငံတွေထဲမှာ အတော်နည်းသေးတဲ့ ပမာဏလို့ ပြောရမယ်ကွ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက ကျောင်းသားဟောင်း အရေအတွက်က ငါတို့တွေထက် များနေသေးတယ်။ လာမယ့် ၂ နှစ်အတွင်းမှာတော့ ငါတို့နိုင်ငံဟာ ကျောင်းသားဟောင်း အရေအတွက်မှာ အင်ဒိုနီးရှားကလွဲပြီး ကျန်တဲ့နိုင်ငံတွေ အားလုံးကို ကျော်တက်တော့မယ်လို့ ပြောနိုင်နေပါပြီ။ အင်ဒိုနီးရှားကတော့ ဂျပန်နိုင်ငံပြီးရင် အခြားနိုင်ငံတွေ အကြားမှာ ကျောင်းသားဟောင်း အများဆုံး နိုင်ငံတစ်ခုပဲကွ။ အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာ အိုင်ယူဂျေ ကျောင်းသားဟောင်း ၅၀၀ နီးပါးရှိတယ်။ နောက်ထပ်ထူးခြားတာ တစ်ခုကတော့ (မင်းကလည်း အကုန်လုံး ထူးခြားနေတာပဲလို့တော့ အငေါ်မတူးနဲ့ပေါ့ကွာ) ဒီတက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ ၁၁ နိုင်ငံလုံးက ကျောင်းသားတွေ လာရောက်ပညာသင်ကြားခဲ့ဖူးတာပဲကွ။ ပိုပြီးအံ့သြဖို့ကောင်းတာက အခုအချိန်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ရန်ဘက်သဖွယ် ဖြစ်နေတဲ့ တရုတ်နိုင်ငံက အိုင်ယူဂျေမှာ မဟာဘွဲ့ရရှိခဲ့တဲ့ ကျောင်းသားဟောင်း အရေအတွက်ဟာ ၂၀၀ ကျော် ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာ ဂျပန်နဲ့ အင်ဒိုနီးရှားပြီးရင် တတိယအများဆုံး ပမာဏတစ်ခုပဲ။ လက်ရှိအချိန်အထိလည်း ငါတို့နဲ့အတူ ပညာသင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေ ရှိကြတယ်။ ငါတို့တက္ကသိုလ်မှာ အခမ်းအနားတွေ၊ အထိမ်းအမှတ်ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါ နိုင်ငံတကာအလံတွေ လွှင့်ထူတာ၊ ကိုင်ဆောင်ဝှေ့ယမ်းတာတွေ လုပ်တတ်ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်တာလုံး ငါ့အနေနဲ့ တရုတ်အလံကို တစ်ခုတလေမျှ မြင်တွေ့ခဲ့ခြင်း မရှိဘူး။ ဘယ်တရုတ်ကျောင်းသားကမျှလည်း အဲဒါကို ထောက်ပြဝေဖန်တာ မလုပ်ကြဘူး။ ပညာရေးနဲ့ နိုင်ငံရေးကို မရောထွေးတာလား၊ တရုတ်ကျောင်းသားတွေကပဲ နေတတ်ထိုင်တတ်တာလား၊ အခြားအကြောင်းကြောင့်လား ဆိုတာကိုတော့ ငါမတွေးတတ်တဲ့အတွက် မှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် မင်းအမြင် ဘယ်လိုရှိမယ်ဆိုတာကိုတော့ စိတ်ဝင်စားတယ်ဆိုတာ ငါဝန်ခံလိုတယ်။ နောက်စာတွေကျမှ တွေ့ကြသေးတာပေါ့ကွာ။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၇)

သူငယ်ချင်း...၊
မနေ့က ငါ့ဆီကို ထူးထူးခြားခြား အီးမေးလ်တစ်စောင် ၀င်လာတယ်ကွ။ အမှန်အတိုင်းပြောရရင် ငါ့ဆီကို အီးမေးလ်ပို့တဲ့လူကို တစ်ခါမျှ တွေ့ဆုံရင်းနှီးခဲ့ဖူးခြင်း မရှိတာပါပဲ။ ဒါပေမယ့် သူ့အီးမေးလ်ထဲမှာ သူ့ကိုယ်သူ မိတ်ဆက်စကား ပြောပါတယ်။ သူဘယ်သူဘယ်ဝါ ဆိုတဲ့အကြောင်း၊ ဘယ်ရုံးမှာ အလုပ်လုပ်နေတဲ့အကြောင်း စသဖြင့်ပေါ့။ တော်တော်လေး ဖတ်မိတော့မှ မင်းကတစ်ဆင့် ငါရေးတဲ့စာတွေကို ဖတ်ဖူးတဲ့လူဖြစ်ကြောင်း၊ မင်းလမ်းညွှန်လိုက်တဲ့အတွက် ငါ့အီးမေးလ်လိပ်စာကို ရခဲ့တဲ့အကြောင်းနဲ့ သူမေးချင်တာလေးတွေကို မေးမြန်းချင်တဲ့အတွက် ငါ့ဆီကို အီးမေးလ်ပို့လိုက်တာ ဖြစ်တဲ့အကြောင်း သိရတော့တယ်။ တစ်ဆက်တည်း သူလည်း မင်းတို့နဲ့အတူ အိုင်ယူဂျေကို လာတက်ဖို့အတွက် စီစဉ်နေတဲ့အကြောင်း ရှင်းပြရှာတယ်။ စာအရေးအသားအရတော့ အတော်လေးကို မွန်မွန်ရည်ရည်ရှိတဲ့ ညီငယ်တစ်ဦးကွ။ သူရေးတဲ့စာဟာ အရမ်းကာရောကြီး သကာရည်လောင်းထားတာမျိုး မဟုတ်သလို ငါမေးတာကို ဖြေပေးစမ်းပါဆိုတဲ့ အထက်စီးဆန်တဲ့ အရေးအသားမျိုးလည်း မဟုတ်ဘူးကွ။ ယဉ်ယဉ်ကျေးကျေး ပြေပြေပြစ်ပြစ်နဲ့ သူသိချင်တာလေးတွေကို အပိုဆာဒါးမပါဘဲ ရှင်းရှင်းလင်းလင်းပဲ ရေးထားတယ်။ သူ့အီးမေးလ်ကို ဖတ်နေရင်းနဲ့ မင်းကိုယ်တိုင်များ အခြားအီးမေးလ်လိပ်စာတစ်ခုနဲ့ ငါ့ဆီကို စာရေးခဲ့သလား၊ ဒါမှမဟုတ် အဲဒီညီလေးအတွက် မင်းကိုယ်တိုင်များ ရေးပေးခဲ့သလားလို့တောင် သံသယဖြစ်မိတဲ့အထိပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့အနေနဲ့ မင်းကို မနာလိုတဲ့ အချက်တွေထဲမှာ အဲဒါတွေလည်း ပါတယ်ကွ။ မင်းနဲ့အနီးကပ် ဆက်ဆံပေါင်းသင်း ရင်းနှီးကြတဲ့သူတွေဟာ ဘာလို့များ အဲဒီလိုမျိုး လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းကြရတာလဲ၊ အပြောအဆို လိမ္မာပြေပြစ်ကြရတာလဲကွာ။ မင်းကိုယ်တိုင်ကပဲ ကံကောင်းစွာနဲ့ အဲဒီလိုလူတွေနဲ့ချည်း ဆုံရတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က မင်းနဲ့ပြောဆိုဆက်ဆံပြီး မင်းဆီကနေ ကောင်းတဲ့အမူအကျင့်တွေကို ကူးစက်ကုန်ကြတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မရင်းနှီးတဲ့ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်က ချီးကျူးရလောက်တဲ့အထိ ပြောတတ်ဆိုတတ် ရေးတတ်သားတတ်တဲ့ အဲဒီညီလေးကို ငါက လေးစားအားကျမိတဲ့အကြောင်း မင်းနဲ့ကြုံတဲ့အခါ ပြောပေးပါကွာ။ ယဉ်ကျေးဖွယ်ရာခြင်းဆိုတာ လူတိုင်းမှာမရှိတတ်ကြတဲ့ ရှားပါးပစ္စည်းမို့ ငါက တန်ဖိုးထားကြောင်းလည်း ပြောပေးပါ။ သူ့မေးခွန်းလေးတွေကို ဖတ်ပြီးတဲ့အချိန်ကျမှ ငါ့အနေနဲ့ မင်းဆီကို စာတွေရေးခဲ့ပေမယ့် မင်းသိချင်တာတွေ ပါမှပါပါ့မလားလို့ ပထမဆုံးအကြိမ် စိုးရိမ်စိတ်ဖြစ်မိပြီး တွေဝေသွားမိတယ်။ ဟုတ်တယ်... ငါက ငါ့အရှိန်နဲ့ငါ ငါပြောချင်တာလေးတွေကို စီကာပတ်ကုံး ရေးနေပြောနေခဲ့ပေမယ့် လာတက်ရမယ့် မင်းအနေနဲ့ တကယ်သိချင်တာတွေက ငါပြောပြနေတာတွေ မဟုတ်ခဲ့ရင်ဆိုတဲ့ အတွေးလေးလည်း ၀င်မိတယ်။ အဲဒါကြောင့် မင်းရဲ့မိတ်ဆွေ ညီငယ်လေး မေးထားတဲ့ မေးခွန်းလေးတွေကို နည်းနည်းချင်း ငါသိသလောက် ဖြေသွားရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ သူမေးထားတဲ့ မေးခွန်းလေးတွေကို အနှစ်ချုပ်လိုက်တော့ အောက်မှာ ရေးပြထားတဲ့အတိုင်း ထွက်လာတယ်ကွ။

(၁) ဂျပန်ကို လာဖို့၊ အိုင်ယူဂျေမှာ ကျောင်းတက်ဖို့အတွက် ဘာတွေယူလာခဲ့ရမလဲ၊ ပြင်ဆင်လာခဲ့ရမလဲ။
(၂) ဘယ်လိုဘာသာရပ်တွေ သင်ကြားရသလဲ။
(၃) စာအုပ်စာတမ်းတွေ သယ်လာဖို့ လိုအပ်သလား။ လိုအပ်ရင် ဘယ်လိုစာအုပ်တွေ ယူလာရမလဲ။
(၄) ဘွဲ့ယူကျမ်းက ဘယ်လိုအကြောင်းအရာကို ရေးရမှာလဲ၊ ဘယ်လိုရွေးရမှာလဲ။
(၅) အခြားသော အထွေထွေ အကြောင်းအရာများ။

သူ့အတွက်သာ မဟုတ်ဘူး၊ ဒီကိုလာမယ့် လူတိုင်းအတွက် အဲဒီမေးခွန်းလေးတွေက သိချင်ကြမယ့် အကြောင်းအရာလေးတွေလို့ ငါထင်တယ်။ အဲဒီတော့ နောက်စာတွေထဲမှာ အဲဒီမေးခွန်းလေးတွေကို အဓိကထားပြီး ပြန်ဖြေပေးသွားဖို့ ငါစီစဉ်ထားတယ်။ ငါရေးတဲ့စာ မင်းဆီကို ရောက်တဲ့အခါ အဲဒီညီလေးကိုလည်း ပေးဖတ်လိုက်ပါကွာ။ ဒါပေမယ့် တစ်ခုတော့ ကြိုတင်ပြောထားလိုတယ်။ ကြက်သားဟင်းချက်တဲ့ ဥပမာလေးနဲ့ ပြောပါရစေ။ ကြက်သားဟင်းမှာ အဓိကအကျဆုံးက ကြက်သားဆိုတာ ကလေးတောင် သိတဲ့ကိစ္စမို့ အထူးအထွေ မပြောလိုတော့ပါဘူး။ ဒါပေမယ့် ကြက်သားဟင်းတစ်ခွက် ဖြစ်ဖို့အတွက် ချက်တဲ့ပုံစံ၊ ထည့်တဲ့ဟင်းအမယ်တွေ၊ ချက်ပုံချက်နည်းတွေ မတူညီကြဘူးဆိုတာ လူတိုင်းအသိပါ။ အနှစ်များများ လိုချင်တဲ့လူက ကြက်သွန်နီ များများထည့်မယ်၊ အစပ်ကြိုက်တဲ့လူက ငရုတ်သီးသီး များများထည့်မယ်၊ အငန်ကြိုက်တဲ့လူက ငံပြာရည် ပိုထည့်မယ်၊ အာလူးနဲ့ချက်တာကို ကြိုက်တဲ့လူက အာလူးနဲ့ရောချက်မယ်၊ စသဖြင့် စသဖြင့် အမျိုးမျိုး ချက်ကြတာပေါ့ကွာ။ ဒါပေမယ့် အဆုံးသတ်ကတော့ ကြက်သားဟင်းတစ်ခွက် ဖြစ်သွားတာပါပဲ။ အဲဒီလိုပါပဲ... ဒီတက္ကသိုလ်မှာ ပညာသင်ယူဖို့ လာရောက်ကြမယ့် လူတွေကို ဘာတွေသယ်ခဲ့ပါ၊ ဘယ်လိုပြင်ဆင်ခဲ့ပါ၊ ဘာတွေမလိုဘူး စသဖြင့် ငါ့အနေနဲ့ တိတိကျကျ လမ်းညွှန်နိုင်ခြင်း မရှိပါဘူး။ ကြက်သားဟင်းကိုတောင် တစ်ဦးနဲ့တစ်ဦး ပုံစံမတူဘဲ အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်ကြတာ ဖြစ်လေတော့ ငါ့အနေနဲ့ မင်းတို့မေးခွန်းတွေကို ဖြေတဲ့နေရာမှာ ဒါလေးတွေ လိုအပ်မယ်လို့ထင်တယ်၊ ငါတို့တုန်းက ဒီလိုအခက်အခဲလေးတွေ ကြုံခဲ့ရဖူးတယ်၊ ဒီပစ္စည်းလေးတွေကတော့ အသုံးဝင်တယ် စသဖြင့်ပဲ ငါ့အတွေ့အကြုံနဲ့ယှဉ်ပြီး အကြံပေးနိုင်တာမျိုးပါ။ ငါပြောတာကို မင်းနားလည်မယ်ဆိုတာ သံသယ မရှိပေမယ့် မင်းမိတ်ဆွေ ညီငယ်လေးကိုတော့ နားလည်အောင် ပြောပြလိုက်ပါကွာ။ မင်းအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့စာတွေ ဖြစ်ပေမယ့်လည်း မင်းဆိုတဲ့ကောင်က အခြားလူတွေကိုလည်း ပေးဖတ်တယ်ဆိုတော့ ငါ့အနေနဲ့ စာရေးတဲ့နေရာမှာ အရင်ကထက် ပိုပြီးတော့ တာဝန်ကြီးလာသလို ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ငါရေးတဲ့စာတွေကို မင်းအနေနဲ့ တလေးတစား ဖတ်ရှုတာ၊ အခြားလူတွေကိုလည်း တကူးတက ပြန်ပေးဖတ်တာ၊ အဲဒီလိုဖတ်စေလို့လည်း ငါ့အတွက် မိတ်ဆွေသစ်တွေ တိုးပွားလာရတာ၊ စတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေသူငယ်ချင်း။ အချင်းချင်းမို့ ပြောစရာမလိုပါဘူးလို့ မင်းပြောမယ်ဆိုတာ သိပေမယ့်လည်း ကေျးဇူးတင်တဲ့ အကြောင်းကိုတော့ ပြောခွင့်ပြုစေချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေကွာ။
( Ichiro Nyanmyokyaw @ IUJ ) 

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၈)

သူငယ်ချင်း...၊
အရင်စာထဲမှာ ငါပြောခဲ့သလိုပဲ ပညာတော်သင်လာမယ့် သူတွေအတွက် ဘာတွေယူလာခဲ့ဖို့ လိုမလဲဆိုတာတွေကို ငါအတွေ့အကြုံအရနဲ့ စဉ်းစားမိသလောက် အကြံပြုချင် ပြောပြချင်တယ်။ အဲဒီလို အတိအကျ ယူလာရမယ်လို့ မဆိုလိုပါဘူး၊ ငါရေးတဲ့စာကို ဖတ်ပြီးတော့ မင်းအနေနဲ့ ဒီမှာလိုအပ်ကောင်း လိုအပ်မယ်လို့ ထင်မိတာလေးတွေ တွေးမိ၊ မြင်မိသွားမယ်လို့တော့ မျှော်လင့်မိပါတယ်။

(၁) မြန်မာဝတ်စုံ 
 အထူးအထွေ ရှင်းပြစရာ လိုမယ်မထင်ပါဘူးကွာ။ ငါမမှာရင်လည်း မင်းဆိုတဲ့ကောင်က မပါမဖြစ် ပါလာအောင် သယ်လာမှာပဲ မဟုတ်လား။ ဗေဒင်ဆရာ မဟုတ်ပေမယ့် မင်းစိတ်ကိုသိနေတဲ့ အရင်းနှီးဆုံး လူတစ်ယောက်အနေနဲ့ မင်းသယ်လာမယ့် ၀တ်စုံကိုတောင် ကြိုပြီးတော့ ဟောကိန်းထုတ်လိုက်ချင်သေးတယ်။ တောင်ရှည်ပုဆိုး၊ ရင်ဖုံးတိုက်ပုံ၊ ခေါင်းပေါင်း၊ ကတ္တီပါဖိနပ်ထူတွေနဲ့ အခြားလူတွေကတော့ မင်းကို အမြင်ကတ်ကြဦးမယ်ကွာ။ မြန်မာဝတ်စုံကတော့ မင်းအတွက် အတော်ကြီးကို အသုံးဝင်မှာပါ။ ငါတို့တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ယဉ်ကျေးမှုအခမ်းအနားတွေ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားတဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေနဲ့ အခြားသော သင့်လျော်တဲ့ အခမ်းအနားကြီးတွေမှာ ကိုယ့်ရိုးရာဝတ်စုံနဲ့ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ၀တ်ဆင်နိုင်တာပေါ့ကွာ။

(၂) အနောက်တိုင်းဝတ်စုံ 
 ဒီနေ့ခေတ်ကြီးထဲမှာ အစိုးရ၀န်ကြီးဌာနတွေက အရာထမ်း၊ အမှုထမ်းတွေ အားလုံးနီးပါး အနောက်တိုင်းဝတ်စုံတွေ ပိုင်ဆိုင်ကြတယ်လို့ ငါထင်တာပဲ။ ဟိုးအရင်ကလို အိမ်တွင်းပုန်းမြန်မာတွေ မဟုတ်တော့ဘဲ ဟိုနိုင်ငံကို လေ့လာရေးသွားလိုက်၊ ဒီနိုင်ငံကို သင်တန်းတက်လိုက်နဲ့ ပြည်ပနိုင်ငံတွေကို ခရီးထွက်နေကြရတယ်ဆိုတော့ အနောက်တိုင်းဝတ်စုံ တစ်စုံတော့ ရှိကြမှာပါပဲ။ မဖြစ်မနေ ယူဆောင်လာဖို့ လိုအပ်သလားလို့ မေးမယ်ဆိုရင်တော့ ယူလာသင့်တယ်လို့ ငါက ပြန်ဖြေမှာပဲ။ မဖြစ်မနေ ၀တ်ဆင်ဖို့ လိုအပ်သလားဆိုရင်တော့ မလိုအပ်ဘူးလို့ ဖြေပါ့မယ်။ ငါတို့ဆရာ ပါမောက္ခမျိုး ငါတို့ကို ပြောဖူးတာလေး သတိရမိလို့ ထည့်ပြောပါရစေဦး။ ဒီတက္ကသိုလ်မှာ အနောက်တိုင်းဝတ်စုံကို ကြောင်လျှာသီးနဲ့ဘာနဲ့ ပြည့်ပြည့်စုံစုံ ၀တ်တာဆိုလို့ ကျောင်းဥက္ကဋ္ဌရယ်၊ ကျောင်းကားမောင်းတဲ့ ယာဉ်မောင်းရယ်ပဲ ရှိတယ်တဲ့။ အဲဒီကတည်းက ငါလည်း အနောက်တိုင်းဝတ်စုံကို သိမ်းထားလိုက်တာ တိုကျိုကို လေ့လာရေးခရီး သွားရတော့မှပဲ ပြန်ထုတ်ဝတ်ဖြစ်တော့တယ်။ တက္ကသိုလ်ဝန်းအတွင်း စာသင်ခန်းတွေ ၀င်တဲ့အချိန်၊ တက္ကသိုလ်ပြင်ပ ဈေးဝယ်ထွက်တာ၊ လျှောက်လည်တာ လုပ်တဲ့အချိန်တွေမှာ ကျောင်းသားတွေအနေနဲ့ ဘာဝတ်စုံ ၀ယ်ရမယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ ကြိုက်နှစ်သက်ရာ ၀တ်စုံတွေကို ၀တ်ဆင်ခွင့် ရှိကြပါတယ်။ ကုန်ကုန်ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားမှာတောင် ဘွဲ့ယူဝတ်စုံ မ၀တ်ကြဘဲ နိုင်ငံအလိုက် ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ဘွဲ့ယူသွားကြတဲ့ ကျောင်းသားတွေတောင် ငါ့မျက်စိရှေ့မှာတင် အများအပြား ရှိခဲ့ကြတယ်။ အဲဒီတော့ အနောက်တိုင်းဝတ်စုံကို သင့်လော်ျတဲ့ အခမ်းအနားတွေမှာ ၀တ်ဆင်ဖို့ အတွက် ယူဆောင်လာသင့်ပြီး မဖြစ်မနေ ၀တ်ဆင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိတဲ့အကြောင်း ပြောလိုတယ်။ မင်းအနေနဲ့ ဘယ်လောက်တန်ဝတ်စုံကို ၀တ်ထားတယ်၊ မင်းဝတ်စုံကတော့ အရမ်းစတိုင်လ်ကျတာပဲ စသဖြင့် ဘယ်သူကမျှ စိတ်ဝင်စားမှာ မဟုတ်သလို၊ ချီးကျူးနေမှာလည်း မဟုတ်ဘူး။ အမြင်သင့်လျော်ပြီး ထိုက်သင့်တဲ့ ၀တ်စုံတစ်ခု ဖြစ်ဖို့ပဲ လိုအပ်တယ်။ ငါ့အမြင်ကတော့ ၂ နှစ်တာ ကာလအတွင်း အနောက်တိုင်းဝတ်စုံ မဖြစ်မနေ ၀တ်ဆင်ပြီး တက်ရောက်ရမယ့် အခမ်းအနားဟာ လက်ဆယ်ချောင်းထက် မပိုဘူးဆိုတာပါပဲ။

(၃) အ၀တ်အစား 
 ခပ်လန်းလန်း၊ ခပ်မိုက်မိုက်လေးတွေ ၀တ်တတ်တဲ့ မင်းအတွက်တော့ ၀တ်ချင်တဲ့ အ၀တ်အထည်လေးတွေ မြန်မာပြည်ကနေပဲ ၀ယ်လာခဲ့တာ ပိုကောင်းမယ်လို့ ငါထင်တယ်။ ဒီနိုင်ငံက အ၀တ်အထည်တွေက ငါတို့ဆီကထက် ဈေးပိုကြီးတယ်လို့ ငါမြင်မိတယ်။ နောက်ပြီးတော့ သူတို့ဝတ်တဲ့ ဒီဇိုင်းတွေက ငါတို့ကြိုက်တဲ့ ပုံစံမျိုးတွေလည်း မဟုတ်တတ်ကြဘူး။ အဲဒီတော့ ရှပ်အင်္ကျီ ခပ်ကောင်းကောင်း ၄-၅ ထည်လောက်၊ ဘောင်းဘီရှည် ၃-၄ ထည်လောက်၊ စွပ်ကျယ် ၄-၅ ထည်လောက်၊ တီရှပ်လို အင်္ကျီမျိုး ၄-၅ ထည်လောက် ၀ယ်လာခဲ့မယ်ဆိုရင် မင်းအနေနဲ့ ဒီတက္ကသိုလ်မှာ ကောင်းကောင်းကြီး ရှိုးထုတ်လို့ရပြီလို့ ပြောချင်တယ်။ ဂျင်းဘောင်းဘီ ၀တ်တတ်တယ်ဆိုရင်တော့  မြန်မာပြည်က ၀ယ်လာပြီး ကိုယ့်အတိုင်းနဲ့ကိုယ် ဖြတ်လာခဲ့တာဟာ ဈေးလည်းသက်သာမယ်၊ ပိုပြီးတော့လည်း အဆင်ပြေမယ်လို့ ငါထင်တယ်။ အိပ်ဆောင်မှာ နေတဲ့အချိန် မင်းအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်တယ်ဆိုရင်လည်း ပုဆိုးခပ်ကြမ်းကြမ်း ၄-၅ ထည် ယူလာခဲ့ပေါ့ကွာ။ ဒီတက္ကသိုလ်မှာ မင်းဘာဝတ်ဝတ် ပြောမယ့်လူ၊ ဝေဖန်မယ့်လူ ဘယ်သူမှ မရှိဘူး။ စကားစပ်မိလို့ မင်းကို တစ်ခုလောက် သတိပေးထားရဦးမယ်။ မင်းဒီကို ရောက်တဲ့အခါ အချို့ပါမောက္ခတွေ ၀တ်ထားတာက မင်းရောက်ကာစကလည်း ဒီအင်္ကျီပဲ၊ နောက်တစ်လလောက် တွေ့တဲ့အချိန်မှာလည်း ဒီအင်္ကျီပဲ ဖြစ်နေတာမျိုးများ သတိထားခဲ့မိရင် "ဒီပါမောက္ခကလည်း ဒီအင်္ကျီတစ်ထည်တည်းကို တစ်လလောက် ၀တ်နေတာပဲ" လို့ ဘယ်သောအခါမျှ မတွေးမိပါစေနဲ့ကွာ။ တကယ်တမ်းက သူတို့က အဲဒီလိုမျိုး တစ်လလောက် မချွတ်တမ်း ၀တ်ကြတာ မဟုတ်ပါဘူး။ ၃ လ / ၄ လ လောက်အထိကို အင်္ကျီတစ်ထည်တည်းကို ၀တ်တတ်ကြတာတွေ ရှိတယ်ကွ။ ကျောင်းသားတွေက အဲဒီလို မျက်လုံးတွေနဲ့ ကြည့်တာများတဲ့အခါ အချို့ပါမောက္ခတွေဆိုရင် သူတို့အိမ်တွေရဲ့ ၀ရန်တာတွေမှာ တစ်ပုံစံတည်း ရှပ်အင်္ကျီတွေ ၄-၅ ထည်ကို လျှော်ပြီး လှမ်းပြတာမျိုးတွေအထိ လုပ်ပြကြတယ်ကွ။ သဘောကတော့ တစ်ထည်တည်းကို ၀တ်နေတာ မဟုတ်ဘူး၊ အဲဒီလို ဒီဇိုင်းကို ၄-၅ ထည် ၀ယ်ပြီးတော့ အလဲအလှယ်နဲ့ ၀တ်နေတာပေါ့ကွာ။ ဒါက မင်းအနေနဲ့ စိတ်ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် ထည့်ပြောလိုက်တာပါ။ ဒီတက္ကသိုလ်မှာ ပါမောက္ခတွေက သင်ကြားရေးနဲ့ သုတေသနအလုပ်တွေမှာပဲ အာရုံနှစ်ထားတတ်ကြတယ်။ အ၀တ်အစားတွေ၊ အပြင်အဆင်တွေ၊ ဟိတ်ဟန်တွေကို သူတို့တွေ လုံးဝအလေးမထားကြဘူး။ အဲဒါကြောင့် နိုင်ငံခြားရုပ်ရှင်တွေထဲမှာ ငါတို့ကြည့်ခဲ့ဖူးတဲ့ အနောက်တိုင်းဝတ်စုံ စမတ်ကျကျ၊ ဆံပင်ကိုကျော့နေအောင်ဖီး၊ ဟိတ်ဟန်ကြီးတစ်ခွဲသားနဲ့ မြင်တဲ့လူတိုင်းက ဟန့်သွားစေလောက်တဲ့ ပါမောက္ခမျိုးတွေကို ဒီနေရာမှာ မင်းတွေ့ရလိမ့်မယ် မဟုတ်ဘူး။ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပြီး သူတို့ကျွမ်းကျင်တဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်လို့ကတော့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာမေးဆိုတဲ့ ပါမောက္ခတွေကိုပဲ မင်းကြုံရမှာပါ။ အဲဒီတော့ အ၀တ်အစားနဲ့ ပတ်သက်လို့ မင်းဝတ်ချင်တဲ့ဟာကို မင်းသယ်လာခဲ့.. တစ်နေ့တစ်စုံ လဲဝတ်ချင်တယ်၊ ဒီဇိုင်းလေးလည်း မထပ်ချင်ဘူးဆိုရင်တော့ မင်းဘာသာမင်း တွက်ချက်ပြီး သယ်လာခဲ့ပေါ့ကွာ။ ငါဆိုတဲ့ကောင်ကတော့ အားကစား ၀တ်စုံဝတ်... ဘောလုံးသွားကန်... စာသင်ချိန်ရှိရင် အဲဒီဝတ်စုံနဲ့ပဲ အတန်းပြေးတက်... အတန်းပြီးလို့ ဘောလုံးကန်တဲ့လူ ရှိနေသေးရင် အဲဒီဝတ်စုံနဲ့ပဲ ပြန်ဝင်ကန်... ပြီးမှ အိပ်ဆောင်ပြန်... အဲဒါမျိုး ခဏခဏ လုပ်နေကျဆိုတော့ အ၀တ်အစားတွေနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ ဇာမချဲ့လှဘူး။

(၄) အနွေးထည်
 ဆောင်းတွင်းကာလ ဖြတ်သန်းဖို့အတွက် အနွေးထည်ကောင်းကောင်းတစ်ထည် မဖြစ်မနေ လိုအပ်တယ်။ စာသင်ခန်းသွားဖို့၊ အဆောင်မှာဝတ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဆောင်းတွင်းဆိုရင် အိပ်ဆောင်မှာ နေတဲ့အချိန်၊ စာသင်ခန်းမှာ ရှိနေတဲ့အချိန် အကုန်လုံးမှာ Heater တွေက အနွေးဓာတ် ပေးနေမှာမို့ မင်းအနေနဲ့ အခန်းတွင်းမှာ စွပ်ကျယ်ဝတ်နဲ့လည်း နေလို့ရတယ်။ နှင်းတွေထဲမှာ ဓာတ်ပုံထွက်ရိုက်ချင်တဲ့အခါ၊ တက္ကသိုလ်အပြင်ထွက်ပြီး ဈေးဝယ်သွားချင်တဲ့အခါ၊ အခြားမြို့တစ်ခုခုကို လေ့လာရေးခရီးဖြစ်စေ၊ အကြောင်းကိစ္စတစ်ခုနဲ့ဖြစ်စေ သွားဖို့ကြုံလာတဲ့အခါ ၀တ်ဆင်ဖို့အတွက် လိုအပ်တာဖြစ်တယ်။ နှင်းဒဏ်ခံနိုင်တဲ့ ခပ်ထူထူ၊ ခပ်ကောင်းကောင်း အနွေးထည် ၂ ထည်လောက် ပါလာတယ်ဆိုရင် မင်းအနေနဲ့ အတော်ကြီးကို အဆင်ပြေနေပါပြီကွာ။ မြန်မာပြည်မှာ ၀ယ်ရခက်၊ ရွေးရခက်နေလို့ ဒီရောက်မှ ၀ယ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အနွေးထည်တွေက ခရီးဆောင်အိတ်ထဲမှာ နေရာယူလွန်းတဲ့အတွက် မင်းအနေနဲ့ ဒီရောက်မှ ၀ယ်ဖို့အတွက် စဉ်းစားမယ်ဆိုရင်လည်း ငါကတော့ ဘာမှပြောစရာမရှိပါဘူးကွာ။

(၅) ဆေးဝါး 
 ဒီနေရာမှာ အမြင် ၂ မျိုး ကွဲပြားကြတယ်ကွ။ အချို့က ဂျပန်မှာဖျားတဲ့အဖျားဟာ ဂျပန်ဆေးနဲ့မှ ပျောက်တယ်တဲ့။ အချို့ကျတော့လည်း မြန်မာပြည်မှာ သောက်နေကျဆေး သောက်လိုက်ရမှ သက်သာတယ်တဲ့။ ငါ့အမြင်ကတော့ မင်းအနေနဲ့ ကိုယ်သောက်နေကျ ဆေးတွေကို အနည်းအကျဉ်း ဆောင်လာသင့်တယ်လို့ အကြံပြုလိုတယ်။ ရာသီပြောင်း၊ ဥတုပြောင်း၊ ရေပြောင်း၊ မြေပြောင်းမှာ နှာစေးချောင်းဆိုး ဖြစ်ခဲ့ရင်၊ ခေါင်းကိုက်ခဲ့ရင်၊ ဇက်ကြောတက်ရင်၊ ခေါင်းမူးခဲ့ရင်၊ ၀မ်းချုပ်ခဲ့ရင်၊ ၀မ်းပျက်ခဲ့ရင်၊ ကိုယ်လက်တွေ မအီမသာဖြစ်ခဲ့ရင်၊ စတဲ့ စတဲ့ အသေးစား အာဂန္တု ဝေဒနာလေးတွေအတွက် မင်းနဲ့အဆင်ပြေတဲ့ သောက်နေကျ ဆေးလေးတွေနဲ့ဆို အဆင်ပြေမယ်လို့ ငါထင်တယ်။ ညောင်းညာတတ်ရင်လည်း အကြောပြေလိမ်းဆေးတို့၊ ဒဏ်ကြေးလိမ်းဆေးတို့ ဆောင်လာခဲ့ပေါ့ကွာ။ ပတ်တီးလိပ်တို့၊ ဂွမ်းလိပ်တို့၊ ကတ်ကြေးသေးတို့ကိုတော့ အလေးခံပြီး သယ်မလာပါနဲ့၊ ဒီမှာလည်း လွယ်လွယ်ကူကူ ပေါပေါများများ ၀ယ်လို့ရပါတယ်။ အနာကပ် ပလာစတာလေး တစ်တွဲလောက် သယ်လာချင်လည်း သယ်လာခဲ့ပေါ့ကွာ။ ဟင်းချက်ရင်း မတော်တဆ ဓားထိတာတို့၊ အခြားချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိခိုက်မိလို့ ပွန်းပဲ့တာတို့ ဖြစ်တဲ့အခါ အရေးပေါ် ကပ်လို့ရတာပေါ့။ အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းထိလွယ်ရှလွယ်ဖြစ်တတ်တယ်၊ ၀မ်းပျက်တတ်တယ် ဆိုရင်တော့ ဓာတ်ဆားထုပ်လေးတွေလည်း ဆောင်လာသင့်တယ်။ သာမန်ကျန်းမာရေး အခြေအနေ ရှိတဲ့လူတစ်ယောက်အတွက်တော့ ဒီရောက်တဲ့အခါ ဖျားချင်လို့တောင် မဖျားပါဘူးကွာ။ ကိုယ့်မှာ နဂိုကတည်းက ရောဂါအခံတစ်ခုခု ရှိတယ်ဆိုရင်တော့ အဲဒီရောဂါအတွက် ကိုယ်သောက်နေကျ ဆေးဝါးတွေကို ပြည့်ပြည့်စုံစုံ ယူဆောင်လာတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ငါကတော့ အကြံပြုချင်တယ်။

(၆) အစားအသောက် 
 ဂျပန်ရောက်ရင် ဂျပန်လိုကျင့်မယ် ဆိုတဲ့စိတ်လေးနဲ့ လာတယ်ဆိုရင်တော့ ဘာအစားအသောက်မျှ ယူလာစရာ မလိုပါဘူးကွာ။ ထမင်းစားတဲ့အခါ ဟိုဟာလေးမပါရင် မစားတတ်ဘူး၊ ဒီဟာလေး မပါရင် ထမင်းမမြိန်ဘူး ဆိုတဲ့လူတွေအတွက်တော့ ကိုယ်စားချင်တဲ့ ငပိထောင်း၊ ငရုတ်သီးကြော်၊ သရက်သီးသနပ်၊ တို့ဟူးချဉ်၊ မုန်ညင်းချဉ် စတာတွေကို ဗူးလေးတွေနဲ့ဖြစ်ဖြစ်၊ အထုပ်လေးတွေနဲ့ဖြစ်ဖြစ် ဆီလုံအောင်ထုပ်ပိုးပြီး သယ်လာခဲ့ကြဖို့သင့်တယ်။ ငါက ဘယ်လိုပဲပြောပြော၊ မင်းတို့တွေက ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် မင်းတို့ရဲ့ မိသားစုတွေက မဖြစ်မနေ ထည့်ပေးကြမှာပဲ မဟုတ်လား။ အဲဒီတော့ သူတို့တွေ ထည့်ပေးမယ်ဆိုရင်လည်း ကော်ဖီမစ်ထုပ် ဒါမှမဟုတ် တီးမစ်ထုပ်၊ အသင့်စား မုန့်ဟင်းခါးထုပ်၊ အုန်းနို့ခေါက်ဆွဲထုပ်၊ ထမင်းသုပ်ထုပ်၊ ကြာဇံချက်ထုပ် အဲဒါတွေ ထည့်ခိုင်းပေါ့ကွာ။ လဘက်နဲ့ ပဲကြော်ကတော့ လူတိုင်းနီးနီး သယ်လာကြမှာမို့ အထူးအထွေ မမှာတော့ပါဘူး။ ကိုယ့်အိမ်ရှင်မတွေရဲ့ လက်ရာလေးတွေကိုပဲ စွဲမက်တယ်ဆိုတဲ့ လူတွေကတော့ ငရုတ်သီးကြော်တို့၊ ငါးခြောက်ကြော်တို့၊ ငါးပိကြော်တို့ စတာလေးတွေကို ကြော်ခိုင်းပြီး ပလတ်စတစ်ထုပ်လေးတွေနဲ့ ဆီလုံအောင်ထုပ်၊ သတင်းစာစက္ကူလေးတွေထပ်၊ တိပ်လေးတွေ ပတ်ပြီးတော့ ယူခဲ့ကြပေါ့ကွာ။ ဘာမှ မပါလာရင်လည်း အစားအသောက်အတွက် စိတ်မပူပါနဲ့ကွာ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ အာလူး၊ ငရုတ်၊ ဂျင်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုန်ညင်း၊ နံနံပင် စသဖြင့် အခြေခံစားသောက်ကုန်တွေ အကုန်လုံးကို အလွယ်တကူ ၀ယ်လို့ရပါတယ်ကွ။ ကြက်သား၊ ၀က်သား၊ အမဲသား၊ ကြက်မြစ်ကြက်သည်း၊ အသားစင်းကော၊ ငါး၊ ငါးခြောက်၊ ကြက်ဥ စတာတွေကိုလည်း မင်းစိတ်တိုင်းကျ ၀ယ်ယူနိုင်ပါတယ်။ ဆား၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ အချို့မှုန့်၊ ဟင်းခပ်မှုန့် စတာတွေလည်း လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တယ်။ ပြောရရင်တော့ကွာ... ဒီမှာ လွယ်လွယ်ကူကူ ၀ယ်လို့မရနိုင်တာဆိုလို့ ငါးပိရယ်၊ မန်းကျည်းသီးမှည့်ရယ်၊ ကုလားအော် ငရုတ်သီးစိမ်းရယ်၊ ချဉ်ပေါင်ရွက်ရယ်၊ မဆလာရယ်လောက်ပဲ ရှိတယ်ထင်တာပါပဲ။ ငါ့အနေနဲ့ကတော့ အစားအသောက်တွေကို အလေးခံပြီး တကူးတက အများကြီး သယ်မလာစေချင်ဘူး။

(၇) တစ်ကိုယ်ရေ အသုံးအဆောင်များ 
 လက်သည်းညှပ် တစ်ခုနဲ့ ခေါင်းဘီး တစ်ခုတော့ မဖြစ်မနေ ပါလာသင့်ပါတယ်ကွာ။ လက်ရှိသုံးလက်စ ရေမွှေးတို့၊ ချွေးနံ့ပျောက်ဆေးတို့၊ သွားပွတ်တံတို့၊ မုတ်ဆိတ်ရိတ်ဓားတို့၊ မျက်နှာသစ်ဆေးတို့၊ ခေါင်းလိမ်းဆီတို့ သယ်လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အသစ်တွေချည်း ၀ယ်လာစရာ မလိုပါဘူးကွာ။ ဒီရောက်တဲ့အချိန်ကျမှ လိုအပ်တာတွေ အကုန်လုံးကို လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။ တံဆိပ်ပေါင်းများစွာထဲကမှ မင်းကြိုက်တဲ့ဟာကို ရွေးပါလေ့ကွာ။ ဒီနေရာမှာ ငါ့တုန်းက မှားခဲ့တဲ့ အမှားတစ်ခု မင်းကို ပြောပြချင်တယ်။ အခြားမဟုတ်ဘူး... ငါလာတုန်းက ဆပ်ပြာခဲတွေ ၀ယ်လာခဲ့မိတယ်ကွ။ တကယ်တမ်း ဒီမှာက ဆပ်ပြာရည်နဲ့ ရေချိုးရတာ ပိုအဆင်ပြေတယ်။ ကျောင်းဈေးဆိုင်မှာတင် လွယ်လွယ်ကူကူ ၀ယ်နိုင်ပါတယ်ကွာ။ အဲဒီတော့ ဒီကိုရောက်ကာစ သုံးဖို့အတွက် ဆပ်ပြာခဲ ၀ယ်လာချင်တယ်ဆိုရင်တောင် တစ်ခဲလောက်ဆို လုံလောက်ပါပြီ။ အရေးတကြီး မှာချင်တာတစ်ခုက မင်းအနေနဲ့ မျက်မှန်တပ်နေရတဲ့ လူတစ်ယောက်ဆိုရင် ဒီကိုလာခါနီး တစ်ခေါက်လောက်ဖြစ်ဖြစ် မျက်စိမျက်မှန် ပြန်စစ်ပြီး ကိုက်ညီတဲ့ ပါဝါနဲ့ မျက်မှန် ၂ လက်လောက်တော့ လုပ်လာသင့်တယ်။ အကောင်းတစ်လက်၊ အကြမ်းတစ်လက်ပေါ့ကွာ။ ဒီမှာမျက်မှန်လုပ်ရတာ နည်းနည်းလေး ပိုဈေးကြီးတယ်လို့ ငါထင်မိတယ်။ အော်... နေကာမျက်မှန် တပ်တဲ့အကျင့် ရှိတယ်ဆိုရင်လည်း ယူလာခဲ့ပါကွာ။ နွေဦးရာသီနဲ့ နွေရာသီတွေမှာ နေကာမျက်မှန်တပ်ပြီး စက်ဘီးစီးရတာ ပိုအဆင်ပြေတယ်။

(၈) အီလက်ထရောနစ် ပစ္စည်းများ 
 အိတ်ဆောင်ကွန်ပျူတာတစ်လုံး မရှိမဖြစ် လိုအပ်တယ်လို့ ငါက အကြံပြုချင်တယ်။ စာဖတ်တာကစပြီး ကျမ်းရေးတဲ့အထိ ကွန်ပျူတာနဲ့ အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် မဖြစ်မနေ လိုအပ်တယ်လို့ ပြောရတာဖြစ်တယ်။ အခန်းတိုင်းမှာ အင်တာနက်သုံးနိုင်တဲ့ ၀န်ဆောင်မှုပါတာမို့ ၂၄ နာရီ အင်တာနက် သုံးခွင့်ဆိုတာကိုလည်း ကွန်ပျူတာရှိမှ အဆင်ပြေမှာဖြစ်တယ်။ မင်းမှာရှိပြီးသား အိတ်ဆောင်ကွန်ပျူတာကို သယ်လာရင် အဆင်ပြေသလို အသစ်သုံးချင်လို့ မြန်မာပြည်ကနေ ၀ယ်မလာဘဲ ဒီရောက်မှ ၀ယ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ မင်းကြိုက်တဲ့တံဆိပ်၊ မင်းလိုချင်တဲ့ ဈေးနှုန်းကို အွန်လိုင်းမှာ ရွေးချယ်ကြည့်ရှုပြီး မှာလို့ရပါတယ်။ အွန်လိုင်းဈေးဆိုင်ဖြစ်တဲ့ Amazon လိုဟာမျိုးက ၂-၃ ရက်အတွင်း မင်းမှာတဲ့ဟာကို အရောက်ပို့ပေးပါလိမ့်မယ်။ iPad လိုဟာမျိုးကို မင်းမှာရှိပြီးသားမို့ ယူလာမယ်ဆိုရင် အဆင်ပြေပေမယ့် အသစ်ဝယ်မယ်ဆိုရင်တော့ မြန်မာပြည်ကနေ ၀ယ်မလာဘဲ ဒီရောက်မှ ၀ယ်စေချင်တယ်။ ဖုန်းသုံးဖို့အတွက် ဟန်းဆက်ကိုတော့ မြန်မာပြည်ကနေ တကူးတက သယ်မလာစေချင်ဘူး။ ဒီမှာလုပ်တာက ပိုအဆင်ပြေမယ်လို့ ငါထင်တယ်။ iPhone ယူချင်သလား၊ Samsung လိုချင်သလား၊ ဂျပန်ဖုန်းတွေပဲ ကိုင်ချင်သလား မင်းစိတ်တိုင်းကျ ရွေးချယ်ခွင့်ရှိပါတယ်။ ရေဒီယိုလို ဟာမျိုးကတော့ အရူးထပြီး သယ်မလာခဲ့လေနဲ့။ ဖလမ်းဖလမ်းထနေတဲ့ အင်တာနက်မြန်နှုန်းနဲ့ မင်းလုပ်ချင်ရာမှန်သမျှကို အွန်လိုင်းကနေသာ လုပ်ပါကိုယ့်လူရေ။ အော်.. အရေးကြီးတာတစ်ခု မေ့တော့မလို့ဟေ့။ မင်းသယ်လာမယ့် ကွန်ပျူတာရဲ့ အားသွင်းကြိုးက ပလပ်ခေါင်းဟာ ပင်သုံးချောင်းတို့၊ အလုံးတို့ ဖြစ်နေတယ်ဆိုရင်တော့ ပလပ်အပြားနှစ်ချောင်းကို ပြောင်းပေးနိုင်မယ့် ကြားခံပလပ်ခေါင်း (Type A plug adapter) တစ်ခု မဖြစ်မနေ သယ်လာခဲ့ပေတော့ဟေ့။ ဂျပန်တစ်နိုင်ငံလုံး Plug (Type A) ကိုပဲ သုံးကြတယ်ကွ။ ငါတွဲပေးလိုက်တဲ့ ဓာတ်ပုံတွေကိုကြည့်ရင် Type A အမျိုးအစားဆိုတာ ဘယ်လိုဟာလဲ၊ မင်းဝယ်လာသင့်တာ ဘယ်လိုအမျိုးအစားလဲလို့ အလွယ်တကူ သိနိုင်ပါတယ်။

(၉) အထွေထွေ 
 မင်းအနေနဲ့ အခန်းတွင်းမှာ အလှဆင်ချင်တဲ့ နိုင်ငံတော်အလံအသေး၊ ရွှေချည်/ငွေချည်ထိုး ပန်းချီကားချပ်၊ မြန်မာ့ရိုးရာအရုပ်ကလေးတွေ၊ ပိုစတာတွေ၊ စားပွဲတင်အရုပ်ကလေးတွေ၊ အခြားသော အလှအပ ပစ္စည်းလေးတွေရှိရင် ကိုယ့်စိတ်ကူးနဲ့ကိုယ် သယ်လာခဲ့ပေါ့ကွာ။ ကိုယ်ပိုင်အိပ်ရာခင်းလေး၊ ခေါင်းအုံးစွပ်လေးတွေနဲ့ အိပ်ချင်သပဆိုရင်လည်း ယူလာခဲ့ပါလေ။ ခင်မင်ရင်းနှီးတဲ့ နိုင်ငံတကာက မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်လေးတွေ ပေးချင်တယ်ဆိုရင် ဈေးသိပ်မကြီးလှတဲ့ မြန်မာ့ရိုးရာ အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်လာခဲ့ပေါ့။ အခန်းတွင်းမှာ ဘုရားတရား လုပ်ချင်သပဆိုရင်လည်း ဆင်းတုတော် ခပ်သေးသေး ပင့်လာတာပဲဖြစ်ဖြစ်၊ ပုံတော်တစ်ခုခုကို သယ်လာတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ပန်းကန်ခွက်ယောက်တွေတော့ သယ်မလာပါနဲ့ကွာ။ သောက်ရေခွက်ကအစ ထမင်းပေါင်းအိုးအလယ် ရေခဲသေတ္တာအဆုံး ဒီရောက်မှပဲ ၀ယ်ပါကိုယ့်လူရေ။

ငါ့စိတ်ကူးနဲ့ငါ တွေးမိသမျှတော့ အကြံပြုရေးခဲ့တာပါပဲ။ စာထဲမှာမပါဘဲ မင်းသိချင်တာတွေရှိရင်လည်း ထပ်မေးပေါ့ကွာ။ အခုတော့ ငါ့စာလည်း အတော်ကြီးကို ရှည်လျားနေပြီမို့ ဒီနေရာမှာပဲ ခေတ္တရပ်နားပါရစေ။ အစစ အဆင်ပြေပါစေကွာ။
( Ichiro Nyanmyokyaw @ IUJ )

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၉)

သူငယ်ချင်း...၊
ပထမဆုံးအနေနဲ့ မင်းဆီကို ကြားထဲမှာ ၃ ရက်လောက် စာမရေးဖြစ်ဘဲ ပျောက်နေတာကို တောင်းပန်ရမှာပဲ။ ငါတို့ရဲ့ ပထမနှစ်ဘ၀ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဆိုတော့ ဖိအားတွေ အတော်အတန် လျော့ပါးသွားတာရယ်၊ ငါတို့ရဲ့ စီနီယာကျောင်းသားကြီးတွေ မြန်မာပြည်ပြန်တော့မှာမို့ နှုတ်ဆက်ပွဲလေးတွေလုပ်၊ သူတို့ဆီက အမွေတောင်းစရာ ရှိတာလေးတွေတောင်းနေတာရယ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ မြန်မာပြည်ကို ခွင့်ပြန်ကြမယ့် အချို့သော သူငယ်ချင်းတွေနဲ့ လူကြုံပါးဖို့အတွက် လက်ဆောင်ပစ္စည်းဝယ်၊ ထုပ်ပိုး၊ ထည့်ပေးလုပ်နေတာရယ်၊ စတဲ့ စတဲ့ အကြောင်းတွေကြောင့် စာရေးစားပွဲနဲ့ ဝေးနေခဲ့လို့ပါကွာ။ အရင်စာထဲမှာ ဂျပန်ကို လာတဲ့အခါ ယူဆောင်လာသင့်တဲ့ ပစ္စည်းစာရင်းတွေ ငါတွေးမိသလောက် အကြံပြုထားတာကို သဘောကျတယ်၊ မင်းအတွက် အထောက်အကူဖြစ်စေတယ်လို့ သိရတဲ့အတွက် ငါဝမ်းသာပါတယ်။ မနေ့က ငါ့ဆီကို မင်းရေးတဲ့စာထဲမှာ ဒီမှာခင်မင်ရမယ့် အခြားနိုင်ငံတွေက မိတ်ဆွေအပေါင်းအသင်းတွေအတွက် ဘယ်လိုလက်ဆောင်မျိုး ၀ယ်လာခဲ့ရင် ကောင်းမလဲလို့ မေးထားတာကို ဖတ်ရတဲ့အချိန်ကျမှ အရေးကြီးတာတစ်ခု ငါပြောဖို့ မေ့သွားပါလားဆိုပြီး သတိရသွားမိတယ်။ ငါ... ဒီကိုလာတုန်းကတော့ ငါ့စိတ်ကူးနဲ့ငါ လုပ်ခဲ့တာမို့ ဒီရောက်တဲ့အချိန်ကျမှ မှားမှန်းသိရတဲ့ သင်ခန်းစာလေး တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အခြားမဟုတ်ပါဘူးကွာ...။ လက်ဆောင်ပစ္စည်းနဲ့ ပတ်သက်လို့ပါ။ ငါတို့နိုင်ငံကနေ ၀ယ်လာတဲ့နေရာမှာ ဈေးနှုန်းလည်းသင့်တင့်၊ ပေါပေါများများလည်းရနိုင်၊ လက်ဆောင်ပေးလို့လည်း ကောင်းမယ်လို့ ငါတို့ထင်တတ်ကြတဲ့ ပစ္စည်းပစ္စယဟာ သိပ်မရှိလှဘူးကွ။ ပိုက်ဆံအများကြီး ပေးဝယ်ရမယ့် တန်ဖိုးကြီး လက်ဆောင်တွေတော့ ရှိတာပေါ့ကွာ။ ဒါပေမယ့် သူ့အိုးနဲ့သူ့ဆန် ဆိုသလိုပဲ လခစားဝန်ထမ်းတစ်ယောက်အတွက် သိပ်အဖိုးတန်တာကြီးတွေ ဘယ်ဝယ်နိုင်မလဲကွာ။ အဲဒီတော့ ငါတို့တွေ မျက်စိထဲမှာ လက်ဆောင်အဖြစ် ၀ယ်သွားဖို့ အသင့်လျော်ဆုံးလို့ ထင်တတ်ကြတာက ပို့စကတ်လေးတွေနဲ့ သော့ချိတ်လေးတွေပဲကွ။ င့ါရဲ့ ဗဟုသုတအားနည်းမှုရယ်၊ နှံ့နှံ့စပ်စပ် မသိတာရယ်ကြောင့် အခြားလက်ဆောင်တွေကို မသိတာ၊ မစဉ်းစားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါ့စကားကို ဆက်ပြောရရင် အဲဒီလို ပို့စကတ်တွေ၊ သော့ချိတ်တွေ ၀ယ်တဲ့အခါ ငါတို့မြန်မာမျက်စိနဲ့ ဘယ်အချိန်ကြည့်ကြည့် သဘောကျမိ၊ နှစ်သက်မိ၊ ကြည်နူးမိတဲ့ အမှတ်တရ ပစ္စည်းတွေက ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်၊ ပုဂံ၊ မြနန်းစံကျော်ရွှေနန်းတော် စတာတွေဖြစ်တတ်တယ်။ ငါတို့တွေက မွေးကတည်းက ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ လူလားမြောက်ခဲ့ကြရတာ ဖြစ်လေတော့ ရွှေတိဂုံကို ဘယ်အချိန်မြင်ရမြင်ရ၊ ဘယ်လိုပုံစံနဲ့ မြင်ရမြင်ရ ဘယ်တော့မျှ ရိုးသွားတယ်မရှိဘူး။ ကျိုက်ထီးရိုးဆိုလည်း အဲဒီလိုပဲ။ ပုဂံဆို ပိုလို့တောင် အကဲပိုတတ်ကြသေးတယ်။ အဲဒီတော့ အဲဒီနေရာတွေပါတဲ့ ပို့စကတ်လေးတွေ၊ အဲဒီနေရာတွေကို ပုံစံသွင်းထားတဲ့ သော့ချိတ်လေးတွေကို တမြတ်တနိုး ၀ယ်တတ်ကြတယ်။ အဲဒီလို ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ လက်ဆောင်လေးတွေကို ကိုယ်ချစ်တဲ့ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ပေးဖို့အတွက်လည်း စဉ်းစားတတ်ကြတယ်။ အဲဒီတော့ ငါတို့တွေ ၀ယ်လာတဲ့အခါ ရွှေတိဂုံပုံသော့ချိတ်လေးတွေ၊ ကျိုက်ထီးရိုးပုံ သော့ချိတ်လေးတွေ၊ မဟာမြတ်မုနိပုံပါ သော့ချိတ်လေးတွေ၊ ပုဂံဘုရားတွေပါတဲ့ ပို့စကတ်လေးတွေ၊ စသဖြင့် အများအပြား ပါလာတတ်ကြတယ်။ ငါတို့တွေ တစ်ခုစဉ်းစားဖို့ မေ့နေတာတစ်ခုက အဲဒီလက်ဆောင်ပစ္စည်းကို လက်ခံမယ့်လူဟာ အဲဒီပစ္စည်းတွေကို မြင်တဲ့အခါ ငါတို့လိုပဲ ကြည်နူးသွားမှာလား၊ သဘောကျသွားမှာလား၊ ပီတိဖြစ်သွားမှာလား ဆိုတာကိုဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး အမှတ်တရ လက်ဆောင်ပစ္စည်းပေးတာ အဲဒါတွေ မလိုပါဘူးလို့ ဆုံးဖြတ်ချက် မစောလိုက်ပါနဲ့ကွာ။ ငါတို့ရဲ့ လက်ဆောင်တွေဟာ ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့ဟာတွေ ဖြစ်နေတယ်ဆိုတာကို မမေ့နဲ့လေကွာ။ ကိုယ့်ကို အခြားဘာသာဝင် မိတ်ဆွေတွေက သူတို့ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့ လက်ဆောင်ပစ္စည်းတွေများ ပေးခဲ့ရင် ကိုယ့်စိတ်ထဲမှာရော ဘယ်လိုခံစားရမလဲဆိုတာ တွေးကြည့်စေချင်တယ်။ နောက်ဆုံးသူတို့က လက်ဆောင်ကို လက်ဆောင်လို သဘောထားပြီး တမြတ်တနိုး သုံးစွဲရင်တောင် ပေးတဲ့ငါတို့မှာ အဲဒီလက်ဆောင်ကိုမြင်တိုင်း စိတ်ဆင်းရဲနေရတာမျိုးလည်း ရှိတတ်တယ်ကွ။ ဥပမာကွာ... မင်းက မိတ်ဆွေတစ်ယောက်ကို ရွှေတိဂုံပုံ သော့ချိတ်လေး လက်ဆောင်ပေးလိုက်တယ် ဆိုကြပါစို့။ သူကမေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ မင်းက ရှင်းပြမှာပဲ။ အဲဒါက ကျွန်တော်တို့ဆီက ရွှေတိဂုံဘုရားပါ။ ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်ပါတယ် စသဖြင့်ပေါ့။ မင်းမိတ်ဆွေကလည်း သူသိရင် သိတဲ့အကြောင်း၊ မသိရင်လည်း မင်းပြောတာကို သဘောကျစွာ နားထောင်မှာပေါ့။ သူ့ခမျာ မင်းက ခင်မင်ရင်းနှီးစွာ ပေးထားတဲ့ လက်ဆောင်လေးကို မြတ်မြတ်နိုးနိုး သုံးရှာပါတယ်။ သူ့အခန်းသော့ကို အဲဒီသော့ချိတ်လေးနဲ့တွဲပြီး သွားလေရာ သယ်သွားလေတယ်။ အဲဒီမှာ ပြဿ     နာ စတော့တာပဲ။ သူ့အတွက်ကတော့ သော့ချိတ်ဟာ သော့ချိတ်ပဲလေ။ အဲဒီတော့ သူ့သော့တွဲကို ဘောင်းဘီတင်ပါးအိတ်ကပ်ထဲကို ထည့်ချင်လည်းထည့်မယ်၊ ထိုင်ခုံပေါ်မှာ တင်ထားချင်လည်း တင်ထားမယ်၊ တစ်ခါတလေ တိုက်မိပြီး အောက်ကိုလည်း ပြုတ်ကျချင် ပြုတ်ကျမယ်၊ အိမ်သာတွေဘာတွေ ၀င်တဲ့အခါ ပြုတ်ကျမှာစိုးတော့ အပြင်က လက်ဆေးကန်ဘောင်ပေါ်မှာ တင်ထားချင်လည်း တင်ထားခဲ့မယ်၊ ကားစီးရင်းနဲ့ ပြုတ်ကျပြီး ခြေထောက်နဲ့လည်း နင်းမိချင်နင်းမိမယ်၊ စသဖြင့်ပေါ့ကွာ။ တကယ်လို့များ လက်ဆောင်အပေးခံရသူဟာ အမျိုးသမီး ဖြစ်နေတယ်ဆိုရင် ငါတို့ တွေးနိုင်တာတွေဟာ ဒီထက်တောင် ပိုဆိုးနိုင်ပါသေးတယ်ကွာ။ ငါတို့က အဲဒါကို သော့ချိတ်လို့ မမြင်နိုင်ဘူးလေ။ ငါတို့စိတ်ထဲမှာ ရွှေတိဂုံပုံတော်က ဘောင်းဘီထဲရောက်ပြီး ဖင်ခုထိုင်ခံရ၊ ခြေထောက်အောက်ရောက်ရ၊ အိမ်သာထဲရောက်ရ၊ စသဖြင့် စသဖြင့် စိတ်နှလုံး မသာမယာ ဖြစ်စေတာပေါ့ကွာ။ တစ်ခါတလေမှာ လက်ဆောင်ပေးထားတဲ့ ကျိုက်ထီးရိုးလို၊ ပုဂံလို၊ မဟာမြတ်မုနိလို ပို့စကတ်တွေကို အမှိုက်ပုံးတွေထဲမှာ မြင်ရတဲ့အခါ ငါတို့စိတ်တွေ မကြည်မသာ ဖြစ်ရပြန်ရော။ ဒီလောက်ဆို ငါပြောချင်တဲ့ အကြောင်းအရာ၊ ငါပေးချင်တဲ့ မက်ဆေ့ခ်ျကို မင်းကောင်းကောင်းကြီး နားလည်တယ်လို့ ငါသိနေတယ်။ ငါတို့တက္ကသိုလ်မှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာတက်ကြတာဖြစ်လေတော့ ဘာသာပေါင်းစုံလည်း ရှိကြတာပေါ့ကွာ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ၊ နတ်၊ ဘာသာမဲ့ စသဖြင့် ဒီနေ့ကမ္ဘာမှာ ကိုးကွယ်နေကြတဲ့ ဘာသာအားလုံးကို ယုံကြည်တဲ့သူတွေ ရှိကြတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေဆိုလို့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စတာတွေလောက်ပဲ အမာခံရှိကြတယ်။ ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ မင်းစိတ်ထဲမှာ စဉ်းစားစရာ၊ တွေးတောစရာ၊ ပြန်လည်သုံးသပ်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်ကွာ။ မင်းနဲ့အတူ လာမယ့်လူတွေကိုလည်း ဒီအကြောင်းလေး ပြောပြလိုက်ပါဦး။ ငါတွေးမိတဲ့ ငါ့အမြင်သက်သက်ကိုသာ ပြောတာဖြစ်တာမို့ မင်းတို့တွေလည်း ငါ့လိုမြင်ရမယ်လို့ မဆိုလိုပါဘူး။ ဒီနိုင်ငံ ဒီတက္ကသိုလ်မှာ ပညာသင်ကြားဖို့ အရွေးခံထားရတဲ့ လူတွေဆိုတာ "ခေသူမဟုတ်" တွေမှန်း ငါသိပြီးသားပါ။ တစ်ထွာပြလိုက်တာနဲ့ ဆယ်မိုင်လောက် မြင်တဲ့လူတွေလို့ ယုံကြည်ထားကြောင်းပါ။ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေကွာ..။
(Ichiro Nyanmyokyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၀)

သူငယ်ချင်း...၊
နိုင်ငံတကာဆက်ဆံရေး အထူးပြု ကျောင်းသားတစ်ဦးအနေနဲ့ ဘာတွေသင်ရသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ငါဖြင့် အတော်ကြီးကို ခေါင်းခြောက်ရတယ်ကွာ။ မင်းတို့တွေက စိတ်ဝင်တစား၊ သိချင်စိတ်နဲ့ မေးမြန်းကြတာကို ကိုယ်ချင်းစာပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တက်မယ့် သင်တန်းတစ်ခုမှာ ဘယ်လိုဘာသာရပ်တွေ သင်ကြားတယ်ဆိုတာ သိချင်ကြတာပါပဲ။ သင်ယူရမယ့် ဘာသာရပ်တွေကို သိထားလေတော့ ကြိုတင်ရင်ခုန်လို့ရမယ်၊ အမြည်းသဘောအဖြစ် ကြိုတင်လေ့လာလို့လည်းရမယ်၊ လိုအပ်မယ်ထင်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ကြိုတင်စုဆောင်းလို့ရမယ် စတဲ့ မျှော်လင့်ချက်တွေနဲ့ မင်းတို့တွေ သိချင်ကြတယ်ဆိုတာကို ငါအနေနဲ့ အပြည့်အ၀ နားလည်ပါတယ်။ ငါ့အနေနဲ့ ပထမနှစ်ဘ၀မှာ ဘယ်လိုဘာသာရပ်တွေ သင်ရတယ်ကွဆိုပြီး ဘာသာရပ်နာမည်တွေကို တန်းစီပြီး ချရေးလိုက်ရင်တော့ လွယ်တာပေါ့ကွာ။ ဒါပေမယ့် အဲဒီဘာသာရပ်တွေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်၊ သင်ကြားပေးတဲ့ ပါမောက္ခက ဘယ်သူဘယ်ဝါ၊ စသဖြင့် ဝေေ၀ဆာဆာလေး ပြောပြချင်စိတ် ငါ့မှာရှိနေလေတော့ ဘယ်လိုရေးရမလဲလို့ စဉ်းစားရသေးတယ်ကွ။ မင်းအတွက်ဆိုရင်တော့ သိပ်ပြီးတော့ စိတ်အပင်ပန်းမခံဘဲ ငါရေးချင်သလို ရေးလိုက်မိမှာပဲဟေ့။ မင်းမရှင်းလင်းရင် ငါ့ကိုပြန်မေးလို့ရတာကိုး။ ဒါပေမယ့် မင်းဆိုတဲ့ကောင်က အခြားလူတွေကိုလည်း ပေးဖတ်မှာကို သိနေလေတော့ ဘယ်သူပဲဖတ်ဖတ် နားလည်လွယ်အောင် ငါအတတ်နိုင်ဆုံး ကြိုးစားပြီး ရေးလိုက်ပါတယ်ကွာ။ ဘယ်စာထဲမှာ ရေးမိတယ်ဆိုတာ ငါအတိအကျ မမှတ်မိပေမယ့် ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အမျိုးအစားတွေကို ရှင်းပြခဲ့ပြီးဖြစ်တယ်လို့ ငါထင်တယ်။ အကြမ်းသဘော ပြန်ပြောရရင် ဘာသာရပ်အမျိုးအစား ၃ မျိုးရှိတယ်။ မယူမနေရဘာသာရပ် (ရွေးချယ်ခွင့်မရှိ)၊ မယူမနေရ စိတ်ကြိုက်ဘာသာရပ် (ရွေးချယ်ခွင့်ရှိ) နဲ့ စိတ်ကြိုက်ဘာသာရပ်တို့ ဖြစ်ကြတယ်။ မယူမဖြစ်ယူရမယ့် ဘာသာရပ်တွေကလွဲရင် အခြားဘာသာရပ်တွေဟာ မင်းအနေနဲ့ ဘာသာရပ်ပေါင်း အများအပြားထဲကမှ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိတာမို့ အဲဒီဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အထူးအထွေ မရှင်းပြတော့ပါဘူး။

မဖြစ်မနေမှတ်ပုံတင်ရမယ့် မယူမနေရ ဘာသာရပ် ၈ ခု ရှိတယ်ဆိုတာ ငါရေးခဲ့တဲ့ စာတစ်စောင်မှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ အခု အဲဒီဘာသာရပ်နာမည်တွေကို အရင်ဆုံး ပြောပြလိုတယ်။

(၁) နိုင်ငံခြားရေးမူဝါဒ စိတ်ဖြာလေ့လာချက် (Foreign Policy Analysis)
(၂) နိုင်ငံတကာနိုင်ငံရေး (International Politics)
(၃) လူ့အခွင့်အရေးနှင့် ကမ္ဘာ့တရားမျှတမှု (Human Rights and Global Justice)
(၄) သံခင်းတမန်ခင်းနှင့် နိုင်ငံရေးပရိယာယ် (Diplomacy and Statecraft)
(၅) နိုင်ငံတကာအဖွဲ့အစည်းများ (International Organizations)
(၆) နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (International Political Economics)
(၇) နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ (Security and Strategy in International Relations)
(၈) နိုင်ငံတကာစီးပွားရေးစနစ်များနှင့်ပုံစံ (International Economic Systems and Order)

အပေါ်မှာ ငါပြောခဲ့တဲ့ ဘာသာရပ်တွေဟာ မင်းအနေနဲ့ ရွေးချယ်ခွင့်မရှိဘဲ မယူမနေရ မှတ်ပုံတင်ပြီး အောင်မြင်အောင် တက်ရောက်ရမယ့်၊ အမှတ်ယူရမယ့် ဘာသာရပ်တွေ ဖြစ်ကြတယ်။ ဘာသာရပ်တစ်ခုစီကနေ အမှတ် ၂ မှတ်နှုန်းနဲ့ ဘာသာရပ် ၈ ခုအတွက် ၁၆ မှတ် မဖြစ်မနေ မင်းရအောင် ယူရမယ်ဆိုတာ မမေ့ပါနဲ့။ ဒီဘာသာရပ်တွေထဲက တစ်ခုခုမှာများ ခြေချော်လက်ချော် ကျရှုံးခဲ့ရင် နောက်တစ်နှစ် အဲဒီဘာသာရပ် သင်တဲ့အချိန်မှာ မမေ့မလျော့ ပြန်ပြီးတော့ မှတ်ပုံတင်ပြီး အောင်မြင်အောင် တက်ပေတော့ပဲ။ ဘွဲ့ရဖို့အတွက် အနည်းဆုံးလိုအပ်ချက် ၄၀ မှတ် ရှိတယ်ဆိုတာ မင်းသိပြီး ဖြစ်လိမ့်မယ်။ မင်းအနေနဲ့ ဘာသာရပ်တွေ အများအပြား တက်ခဲ့တာမို့ အမှတ် ၅၀ ပဲ ရထားပါစေဦးတော့ အပေါ်မှာ ငါပြောခဲ့တဲ့ ဘာသာရပ် ၈ ခုထဲက တစ်ခုခုမှာများ ကျရှုံးနေခဲ့ရင်တော့ ဘွဲ့ရဖို့ မမျှော်လင့်နဲ့တော့ပဲဟေ့။ ဒီလောက်ဆို အဲဒီဘာသာရပ်တွေ ဘယ်လောက်အရေးကြီးကြောင်း မင်းမြင်လောက်ပြီထင်ပါတယ်။ အဲဒီ ဘာသာရပ်တွေအကြောင်း ဒီနေရာမှာ ရှင်းပြနေရင် စာရှည်နေမှာမို့ နောက်စာတွေကျမှပဲ အသေးစိတ် ရှင်းပြပါရစေ။ ဒီလောက် ခေါင်းစဉ်တွေကို သိထားတယ်ဆိုရင်ပဲ မင်းအနေနဲ့ အတော်ကြီးကို ရင်ခုန်လို့၊ ပြင်ဆင်လို့ ရနေပြီလို့ ငါထင်ပါတယ်ကွာ။ နောက်စာတွေမှာ တွေ့ကြသေးတာပေါ့။
(Ichiro Nyanmykyaw)

အိုင်ယူဂျေမှ ရေးတဲ့စာ (၂၁)

သူငယ်ချင်း...၊
သင်ကြားတဲ့ဘာသာရပ်တွေနဲ့ ပတ်သက်လို့ မယူမဖြစ် ယူရမယ့် ဘာသာရပ် ၈ ခုကို အရင်စာထဲမှာ ငါပြောခဲ့တယ်။ အခု အဲဒီဘာသာရပ်တွေနဲ့ ပတ်သက်ပြီး တစ်ခုချင်းစီရဲ့ အကြောင်းအရာလေးတွေကို ပြောပြချင်တယ်။ ငါ့အမြင်၊ ငါ့အသိလောက်သာ ပြောတာဖြစ်တာမို့ လိုအပ်ချက်တွေ ရှိနိုင်တယ်၊ ချွတ်ချော်မှုတွေ ရှိနိုင်တယ် ဆိုတာကိုတော့ ကြိုတင်ပြီး စကားပလ္လင် ခံထားချင်တယ်။ ပထမဆုံး ပြောပြချင်တဲ့ ဘာသာရပ်ကတော့ နိုင်ငံခြားရေးမူဝါဒ စိတ်ဖြာလေ့လာချက် (Foreign Policy Analysis) ဖြစ်တယ်။ မြန်မာလို စာသားအရှည်ကြီး ပြန်ရိုက်ရမယ့်ဒုက္ခနဲ့ အင်္ဂလိပ်လို မျက်စိနောက်အောင် ပြန်ပြန်ရေးရမယ့် ဒုက္ခတွေကနေ ကင်းဝေးရအောင် အဲဒီဘာသာရပ်နာမည်ကို ငါပြောတဲ့အခါတိုင်း FPA လို့ပဲ ရေးသွားမယ်။ ဒါဆိုရင် မင်းအနေနဲ့ ဖတ်ရတာ ရှင်းလင်းလွယ်ကူသလို ရေးရတဲ့ငါ့အဖို့လည်း နာမည်တစ်ခုကို ထပ်ခါထပ်ခါ ပြန်ရေးနေရတဲ့ အဖြစ်ကလည်း လွတ်သွားမယ်။ နိုင်ငံတကာဆက်ဆံရေးအကြောင်း ပြောမယ်ဆိုရင် နိုင်ငံခြားရေးမူဝါဒကို လုံးဝချန်လှပ်ထားလို့ မရဘူးဆိုတာ မင်းသိပြီးသားမို့ နွားရှေ့ထွန်ကျူး မလုပ်တော့ပါဘူးလေ (ဒီနေရာမှာ ငါ့အနေနဲ့ ဘုန်းကြီးစာချတို့၊ မိကျောင်းမင်း ရေခင်းပြတို့ ဆိုတဲ့စကားပုံတွေအစား အခုသုံးခဲ့တဲ့ဟာကို တမင်တကာ ရွေးသုံးခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိစေအပ်တယ်၊ ငါမရှင်းပြလည်း မင်းက သိမှာပါပဲ)။ လိုရင်းကိုပဲ ပြောရအောင်ပါ။ FPA ကို သင်ကြားပို့ချတဲ့ ဆရာကတော့ ပါမောက္ခ မျိုး ဖြစ်တယ်။ တစ်ပတ်ကို ၂ ချိန် (စာသင်ချိန် ၃ နာရီကြာ) သင်ကြားတယ်။ ပထမအချိန်က လက်ချာပေးတယ်။ ဒုတိယအချိန်ကတော့ ကျောင်းသားတွေရဲ့ ပါဝါပွိုင့်တင်ပြမှုနဲ့ အမေးအဖြေကဏ္ဍဖြစ်တယ်။ သင်တန်းကာလ (term) တစ်ခုမှာ စာသင်ကြားရတဲ့ ရက်သတ္တပတ် ၁၀ ခု ရှိတယ်ဆိုတာ အရင်စာတွေထဲမှာ ရှင်းပြပြီးသားမို့ အထူးအထွေ ပြန်မပြောတော့ပါဘူး။ ရက်သတ္တပတ် ၁၀ ခုစာလုံးအတွက် အပတ်စဉ် ဖတ်ရှုရမယ့် အိမ်စာဆောင်းပါးတွေကို အွန်လိုင်းက ဆရာမျိုးရဲ့ ဖိုင်ထဲမှာ ထည့်ပေးထားပြီးသားဖြစ်တယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကို ဆောင်းပါး ၃ ပုဒ်၊ သို့မဟုတ် ၄ ပုဒ် ဖတ်ကြရတယ်။ ပျမ်းမျှအားဖြင့် ဆောင်းပါးအများစုဟာ စာမျက်နှာ ၃၀ နဲ့ ၄၀ ကြားမှာ ရှိတတ်တယ်။ ဘယ်အပတ်မှာ ဘယ်ကျောင်းသားက ဘယ်ဆောင်းပါးကို ပါဝါပွိုင့်တင်ပြရမယ် ဆိုတာကိုလည်း တစ်ခါတည်း သတ်မှတ်ပေးထားပြီး ဖြစ်တတ်တယ်။ သေချာတာကတော့ ကျောင်းသားတိုင်းဟာ ကိုယ်တာဝန်ကျတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပါဝါပွိုင့် တင်ပြရတာပါပဲ။ ကံစမ်းမဲဖောက်သလို ရင်ခုန်ရတာ မဟုတ်ဘဲ လှေပေါ်ကနေ ဘယ်သူ့ကို တွန်းချရမလဲဆိုတဲ့ မဲလိပ်နှိုက်သလို ရင်ခုန်ရတာလည်း ရှိသေးတယ်။ အခြားမဟုတ်ဘူး... Summary Writing လို့ခေါ်တဲ့ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေအပေါ်မှာ ဘယ်လိုနားလည်သလဲ ဆိုတာကို အနှစ်ချုပ်ပြန်ရေးရတဲ့ အစီအစဉ်ပဲဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ပါမောက္ခ မျိုး ရဲ့ အဲဒီအစီအစဉ်ကို ငါတို့ ကျောင်းသားတွေ ကြောက်ကြတယ်ကွ။ အပတ်စဉ် ဖတ်ရှုဖို့အတွက် အိမ်စာပေးထားတဲ့ ဆောင်းပါးတွေကို သေသေချာချာ ရေရေလည်လည် နားလည်အောင် ဖတ်မထားရင်တော့ အခန်းထဲမှာ ရွာလည်ပြီပဲဟေ့။ စာအုပ်မကြည့်ရဘူးတို့၊ ပေးထားတဲ့ဆောင်းပါးတွေကို မကြည့်ရဘူးတို့ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပဲ Open Book System နဲ့ ကြိုက်တဲ့စာအုပ်ကို ကြည့်ရေးလို့ ကြည့်ဖြေလို့ ရပါတယ်ဗျာ။ ဒါပေမယ့် ဖတ်မထားရင်၊ နားမလည်ထားရင် ဘယ်စာရွက်ထဲက ဘယ်စာကို ကူးရမယ်ဆိုတာကို ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ဘူး။ ဆရာမေးတဲ့ မေးခွန်းအများစုကလည်း စာရွက်ထဲကနေ ပြန်ကူးပြီး ဖြေလို့ရတဲ့ဟာတွေ မဟုတ်တတ်ဘူး။ ဖတ်ထားတဲ့ ဆောင်းပါးထဲက အနှစ်ချုပ်ကို နားလည်မှသာလျှင် ကိုယ့်ဘာသာကိုယ် စဉ်းစားဆင်ခြင်ပြီး ပြန်ရေးရတာမျိုးတွေ ဖြစ်တတ်တယ်။ စာသင်နှစ် တစ်နှစ်သာပြီးသွားတယ်... ငါဖြင့် အခုအချိန်အထိ ဆရာမျိုးရေးခိုင်းတဲ့ အနှစ်ချုပ်ရေးသားခြင်းကို ကွက်တိမှန်အောင် ရေးနိုင်တဲ့ကျောင်းသား၊ ဆရာမျိုး ချီးကျူးရလောက်အောင် ဖြေနိုင်တဲ့ ကျောင်းသားရယ်လို့ တစ်ခါလေးမျှ မကြားဖူး၊ မတွေ့ဖူးသေးဘူး။ ဒါကလည်း ကျားနဲ့ဆင် လယ်ပြင်မှာ မတွေ့သေးလို့ ဖြစ်မှာပါ။ အခုလာမယ့် စာသင်နှစ်မှာတော့ ဆရာမျိုးဆီက ထူးခြားတဲ့ မှတ်ချက်စကားတွေ ကြားရတော့မယ်လို့ ငါဖြင့် အခုကတည်းက ကြိုပြီးတော့ သိနေသလိုပဲကွာ။ ပြီးခဲ့တဲ့နှစ်က အင်မတန်မှ စာကြိုးစားတဲ့၊ စာတော်တဲ့ ဒုတိယနှစ်ကျောင်းသားကြီး အချို့နဲ့ ဆရာမျိုးအတန်းတွေ အတူတက်ခွင့် ရခဲ့တယ်။ စာအုပ်နဲ့မျက်နှာမခွာအောင် စာကြည့်ကြတဲ့ အဲဒီကျောင်းသားကြီးတွေတောင်မှ ဆရာမျိုးရဲ့ Summary Writing ကို ကြောက်ကြတယ်ကွ။ ဆရာအမြဲတမ်း ပြောနေကျ စကားရှိတယ်ကွ။ သင်ပုန်းပေါ်မှာ မေးခွန်းရေးပြီးတိုင်း " " "လွယ်လွယ်လေး မေးထားတာ၊ စာဖတ်ထားရင် ၃ မိနစ်လောက်နဲ့ ရေးလို့ပြီးတယ်" " " တဲ့။ တကယ့်တကယ်ကျတော့ အဲဒီ ၃ မိနစ်အတွင်း ရေးဖို့နေနေသာသာ မေးတဲ့မေးခွန်းကို နားလည်အောင် ကြိုးစားရတာက ၃ မိနစ်၊ ဆောင်းပါးကို ဖင်ပြန်ခေါင်းပြန် ပြန်လှန်နေတာက ၅ မိနစ်လောက် ကြာတတ်တယ်။ သူ့အတွက်ကတော့ လွယ်လွယ်လေးပေါ့ကွာ။ ငါတို့အတွက်ကျတော့ ဆင်ကျီစားရာ ဆိတ်မခံသာ ဖြစ်နေတော့တာပေါ့။ အဲဒီတော့ သတ်မှတ်တဲ့အချိန် ၁၀ မိနစ်အတွင်းမှာ ငါတို့ထင်ရာမြင်ရာ ကူးချလိုက်တာပဲဟေ့။ အပတ်တိုင်းမှာ ရေးရတာ မဟုတ်လေတော့ ဘယ်အပတ်မှာ ရေးခိုင်းမှာလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ရင်ခုန်ရတာလည်း ရသတစ်ခုပဲ။ တစ်ခါတလေမှာ ဆရာက ငါတို့တွေကို စနောက်တတ်သေးတယ်ကွ။ စာသင်ဖို့အတွက် သူအတန်းထဲ ၀င်လာတဲ့အချိန် သူ့လက်ထဲမှာ Summary ရေးတဲ့အခါတိုင်း အသုံးပြုရတဲ့ အဖြေလွှာစာရွက်လွတ်တွေများ ပါလာခဲ့ရင် တစ်တန်းလုံး စကားသံတွေတိတ်သွားပြီး၊ မျက်နှာငယ်လေးတွေ ဖြစ်သွားတတ်ကြတယ်။ ဆရာက အဲဒီအဖြေလွှာစာရွက်လွတ်တွေကို စာရေးစားပွဲပေါ်ကို ဘုန်းကနဲ ပစ်ချလိုက်ပြီး " " " Summary ရေးဖို့အတွက် အသင့်ဖြစ်နေကြပြီမလား" " " လို့ မေးလိုက်ရင် တစ်တန်းလုံးက ဇာတ်တိုက်ထားစရာ၊ ကြိုတင်လေ့ကျင့်ထားစရာ မလိုဘဲ ပြာပြာသလဲပဲ တစ်ညီတစ်ညွတ်တည်း အကျယ်ကြီး ပြန်ဖြေတတ်ကြတယ်။ " " " No " " " တဲ့။ အဆိုတော် လေးဖြူနဲ့ သူ့ပရိသတ်တွေ စင်ပေါ်နဲ့စင်အောက် အတိုင်အဖောက် ညီတယ်ဆိုတာလောက်တော့ ငါတို့က သနားတာပေါ့ကွာ။ ဆရာက ဘာမျှဆက်မပြောဘဲ ပထမတစ်ချိန်လုံးကို လက်ချာပေးတယ်။ ငါတို့တွေမှာ လက်ချာကိုလည်း နားထောင်ရ၊ အတန်းရှေ့ဆုံးက စာရေးစားပွဲပေါ်မှာ တင်ထားတဲ့ အဖြေလွှာတွေကို ကြည့်မိချိန်ဆိုရင် သက်ပြင်းချရနဲ့ တကယ့်ကို ငရဲကျနေသလိုပါပဲကွာ။ စာသင်ချိန် တစ်ချိန်ပြီးလို့ ခေတ္တနားချိန်ဆိုရင် ကျောင်းသားတွေခမျာ မနေတတ်၊ မထိုင်တတ်၊ မျောက်မီးခဲကိုင်မိသလို ဖြစ်နေရပြီ။ ဒုတိယအချိန် ပြန်စတော့မယ် ဆိုတဲ့အချိန်မှာ ဆရာမျိုး မျက်နှာနဲ့ ပါးစပ်ကို လုံးဝကို အလွတ်မပေးတော့ဘူး။ သူဘာပြောမလဲ၊ သူဘာရေးမလဲ အကုန်လိုက်ကြည့်နေကြတော့တာပဲ။ အဲဒီအချိန်မှာ ဆရာမျိုးက " " " ပထမဆောင်းပါးကို ပါဝါပွိုင့်လုပ်မှာ ဘယ်သူတုန်း၊ စတော့... " " " လို့များ ပြောလိုက်ရင် တစ်တန်းလုံးရဲ့ ပြုံးသွားတဲ့မျက်နှာတွေကို မင်းကို ပြချင်လိုက်တာကွာ။ ငါတို့နိုင်ငံ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရပြီလို့ ရေဒီယိုက ကြေညာတဲ့အချိန်မှာ မြန်မာပြည်သူတွေ ဘယ်လောက်ပျော်ခဲ့ကြသလဲ ဆိုတာကို အဲဒီအချိန် ငါမမွေးသေးတော့ သေချာမသိဘူး။ အတန်းထဲမှာ စောစောပြောခဲ့တဲ့ အဖြစ်အပျက်နဲ့ ကြုံရတဲ့အခါမှာတော့ အတော်ပျော်တာဟေ့။ အဲဒီအချိန်ကျမှပဲ ကျောင်းသားတွေလည်း ပြုံးပြုံးပျော်ပျော်နဲ့ ဟိုလှုပ်ဒီလှုပ် လှုပ်နိုင်တော့တယ်။ ငါရေးတာတွေကို မင်းဖတ်ရတော့ အတိသယတွေ သိပ်များတာပဲလို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ မင်းကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အခု ငါရေးပြနေတဲ့အတိုင်း ခံစားရပါလိမ့်မယ်။ ကဲ... FPA နဲ့ ပတ်သက်ပြီး သင်ကြားရတဲ့ အကြောင်းအရာတွေကို အနှစ်ချုပ် ပြောပါရစေကွာ။ ငါ့သဘောနဲ့ငါ ရှင်းပြနေရင် မလိုလားအပ်တဲ့ လွဲချော်မှုတွေ ဖြစ်နိုင်တာမို့ ရက်သတ္တပတ်အလိုက် ဆွေးနွေးသင်ကြားပို့ချပေးတဲ့ ခေါင်းစဉ်တွေကို အောက်မှာ ငါရေးပြလိုက်ပါတယ်။ မင်းအနေနဲ့ အဲဒါတွေဖတ်ပြီး ဒီဘာသာရပ်ရဲ့ သဘောသဘာဝကို ဆ၀ါးမိနိုင်မယ်လို့ ငါယုံကြည်ပါတယ်။
( Ichiro Nyanmyokyaw)