Monday, 15 April 2013

သူငယ်ချင်းများနှင့် နေ့လည်စာ


ငယ်ငယ်တုန်းက ကျောင်းတက်ရင်း သူငယ်ချင်းတွေနဲ့ အတူ နေ့လည်စာ ၀ိုင်းဖွဲ့ စားရတဲ့ အရသာမျိုး လူတော်တော်များများ ကြုံဖူးကြမှာပါ။ ကျွန်တော်လည်း ငယ်ငယ်တုန်းကလို့ မဆိုနိုင်ပေမယ့် ရန်ကုန် တက္ကသိုလ်မှာ ဘွဲ့လွန်တက်နေတုန်း သူငယ်ချင်းတွေနဲ့ နေ့လည်စာ အတူစားခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။
          ကျွန်တော်နဲ့ နေ့လည်စာ အတူစားခဲ့တဲ့သူတွေဟာ တစ်တန်းတည်းသားချင်းမို့ သူငယ်ချင်းလို့ ဆိုပေမယ့် တကယ်တော့ ကျွန်တော် ရိုသေချစ်ခင်ရတဲ့ အစ်မတွေ ဖြစ်ပါတယ်။ တေဘုမ္မာ သ်ီချင်းကြီးကို ရေးသွားတဲ့ ဦးပြုံးချိုတို့ ကျိုက်လတ်မြို့က မဇင်မာလွင်၊ ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မိထိလာဆိုတဲ့ ကြည်တစ်ခြမ်း နောက်တစ်ခြမ်း ရေကန်ကြီး ရှိတဲ့ မိတ္ထီလာမြို့ သူ မမေသူထွေး၊ စာဆိုတော် အကျော်အမော် န၀ဒေးကြီးတို့ရဲ့အရပ် ပြည်မြို့က မလွင်သန္တာထား။ နာမည်ကြားလိုက်တာနဲ့ ( တံတားဦးက ကွမ်းနုဝါ)ဆိုတဲ့ စာချိုးလေးကို သတိရသွားစေတဲ့ မခင်ဝါနု။ ခရမ်းကနေ ရန်ကုန်တက္ကသိုလ်ထိ ကားတမေ့တမောစီးပြီး ကျောင်းလာတက်ရတယ်ဆိုတဲ့ မငြိမ်းသွဲ့ခိုင် တို့ဟာ ကျွန်တော်နဲ့ နေ့လည်စာ အတူစားဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ မပါပေမယ့် ကျွန်တော့်အတွက် ဟင်းတွေ တကူးတကချက် ယူလာပေးတတ်တဲ့ သူကတော့ အင်္ဂလိပ်လို ပြောတဲ့အခါ အသံစူးစူးလေးနဲ့ နားနားပြီး ပြောတတ်တဲ့ မဆွေနိုင်ထွန်း ဖြစ်ပါတယ်။
          ရိပ်သာက လာပို့ပေးတဲ့ ထမင်းဗူးဟာ နေ့တိုင်း အသားဟင်း ဆိုပေမယ့် စားချင့်စဖွယ် နည်းနည်းလေးမှ မကောင်းတဲ့ဟင်းပါ။ စပြီး စားရခါစကတော့ မဆိုးပါဘူးလို့ ထင်ခဲ့ပေမယ့် ကြာလာတော့ နေ့တိုင်း စားနေရတဲ့ ဒီထမင်းဗူးဟာ ဖွင့်လိုက်လို့ ဟင်းနဲ့ ရတာနဲ့ကို စားချင်စိတ် ပျောက်သွားမတတ်ပါ။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော့် သူငယ်ချင်းများ ကိုယ်တိုင် စောစောထ ချက်ပြုတ်ကြော်လှော်လာတဲ့ ဒါမှမဟုတ် သူတို့အိမ်တွေက ချက်ပြုတ် ကြော်လှော် ပေးလိုက်တဲ့ ဟင်းတွေဟာဆိုရင် ကျွန်တော့်အတွက် နတ်သုဒ္ဓါတမျှပါပဲ။ ကျွန်တော့် အစ်မများက သူတို့ ကြော်လှော် ချက်ပြုတ်လာတာတွေကို ရက်ရက်ရောရော ကျွေးရုံသာမကဘူး ကျွန်တော့် ထမင်းဗူးထဲက ဟင်းတွေကိုပါ စိတ်ဝင်တစား စားပေးတဲ့အတွက် ကျေးဇူးတင်ရပါသေးတယ်။
ကျွန်တော့် သူငယ်ချင်း မမများဟာ ထမင်းစားရင် ဟင်းထည့်ကျွေးရုံသာမက ထမင်းစားပြီးရင်လည်း လက်ဖက်ရည်တို့ ကော်ဖီတို့ တိုက်ပါသေးတယ်။ အမြဲတမ်းလိုလို ဘိုင်ပြတ်နေတဲ့ ကျွန်တော်ဟာ သူတို့တိုက်တဲ့ လက်ဖက်ရည် ကော်ဖီတွေသာ ခဏခဏ သောက်ပြီး သူတို့ကိုရော ဘယ်နှခါ ကော်ဖီတိုက်ဖူးသလဲလို့ အခု စဉ်းစားကြည့်တာ ခေါင်းထဲမှာ ပေါ်မလာပါဘူး။ အဲဒီလို ထမင်းလည်းကျွေး လက်ဖက်ရည်လည်းတိုက်တာကို ပြန်သတိရမိရင် ငယ်ငယ်တုန်းက မြန်မာ့သမိုင်းမှာ သင်ရတဲ့ သင်္ဘောသဌေး ဦးနာအောက်နဲ့ အပြိုင် (ထမင်းလည်းကျွေး ပုဝါ တစ်ပိုင်စီကိုလည်း လက်ဆောင်အဖြစ်ပေးတဲ့) ဗြိတိသျှ အရင်းရှင်တို့ရဲ့ ဧရာဝတီ သင်္ဘော ကုမ္ပဏီကို သွား သတိရမိပါတယ်။
ထမင်းစားရင်း စကားတွေ ပြောတဲ့အခါ ကျွန်တော်က အတန်းထဲက ကျွန်တော်ကြိုက်နေတဲ့ မမ တစ်ယောက်အကြောင်း ပြောရင် သူတို့ က သည်းခံ နားထောင်ပေးသလို သူတို့ပြောတဲ့ ဟိုမင်းသားနဲ့ ဟိုမင်းသမီးက ဘာဖြစ်ပြန်ပြီတဲ့ ဆိုရင်လည်း ကျွန်တော်က နားထောင်ပေးရပါတယ်။ ထမင်းဝိုင်းမှာ အများဆုံး ကြားရတာကတော့ မဇင်မာရဲ့ သားလေးအကြောင်း၊ မလွင်သန္တာ (တိတ်တိတ်ပုန်းအခေါ် ကြောင်လေး) ရဲ့ အမေအကြောင်း၊ မငြိမ်းရဲ့ မောင်လေးအကြောင်း၊ မမေသူရဲ့ အွန်နရီတို့ ဘာတို့ ပါတဲ့ ဘောလုံးပွဲအကြောင်း တွေပဲ ဖြစ်ပါတယ်။
          လွန်ခဲ့တဲ့ သုံးနှစ်က အခုထိုင်နေတဲ့ နေရာရဲ့ တောင်ဘက် မိုင်နှစ်ရာ့ငါးဆယ်အကွာမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေ့လည်စာ စားခဲ့ကြတာဟာ စိတ်ထဲမှာတော့ဖြင့် အခုလေးတင် စားပြီးခါစလို့ပဲ အောက်မေ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာ ကျောင်သားဘ၀ဟာ မကြာခင်မှာပဲ အဆုံးသတ်သွားခဲ့ပြီး ချစ်လှစွာသော မမများကလည်း တက္ကသိုလ် ဆရာမတွေဖြစ်။ ကျွန်တော်လည်း ဦးစီးအရာရှိဖြစ်နဲ့။ တစ်နယ်စီ ဝေးသွားကြတဲ့အခါ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်ရင် ဖုန်းလေးဘာလေးဆက်လိုက် ရယ်လိုက်မောလိုက်နဲ့ ။
          စိတ်ကူးလေး ယဉ်ကြည့်မိပါတယ်။ တစ်နေ့နေ့မှာ သားတွေ သမီးတွေ အိမ်ထောင်ဘက်တွေ မပါပဲ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ဦးချစ်ဆိုင်ရှေ့က မဟော်ဂနီပင်ကြီးအောက်မှာ ကျွန်တော်တို့ ထမင်းဝိုင်းလေး ပြန်ကျင်းပဖြစ်တယ်ဆိုရင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ ။ ရယ်လို့မောလို့ ။ လွမ်းစရာလေးတွေ ရှက်စနိုးစရာလေးတွေ ဂုဏ်ယူစရာလေးတွေ စားမြုံ့ပြန်လို့ ။ မသေကြခင် တစ်ခါလောက်ပဲဖြစ်ဖြစ်ပေါ့။ ( ၃-၇-၂၀၀၈)

အိန္ဒိယနိုင်ငံ ပြည်နယ်လွှတ်တော်များ



    အိန္ဒိယနိုင်ငံမှာ ပြည်နယ်ပေါင်း ၂၈ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေပေါင်း ၇ ခုရှိပြီး ပြည်နယ်တွေမှာ ဥပဒေပြုရေးအတွက် ပြည်နယ်လွှတ်တော်တွေ ဖွဲ့စည်းထားပါတယ်။ တစ်ခု ထူးခြားတာက ဘီဟာပြည်နယ်၊ မဟာရာရှတြာ ပြည်နယ်၊ ကာနာတကပြည်နယ် နဲ့ ဥတ္တရာပရာဒက်ရှ် ပြည်နယ်တို့မှာ လွှတ်တော် နှစ်ရပ်စီ ရှိနေပြီး ကျန်ပြည်နယ်တွေမှာတော့ လွှတ်တော်တစ်ရပ်စီပဲ ရှိနေတာ ဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်ပဲ ရှိတဲ့ ပြည်နယ်မှာ လွှတ်တော်ကို ဥပဒေပြုညီလာခံ လို့ခေါ်ပြီး လွှတ်တော်နှစ်ရပ် ရှိတဲ့ ပြည်နယ်တွေမှာတော့ ကျန်တစ်ခုကို ဥပဒေပြု ကောင်စီလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် အဲသည် ဥပဒေပြုကောင်စီတွေ ဖွဲ့စည်းခွင့် ဖျက်သိမ်းခွင့်တွေကို ပါလီမန်က ဥပဒေပြဌာန်း ဆောင်ရွက်နိုင်ပါတယ်။ သဘောကတော့ ပြည်နယ်တစ်ခုမှာ ဥပဒေပြုကောင်စီ မရှိသေးလို့ လိုအပ်မယ်ထင်ရင် ပါလီမန်က ဥပဒေပြဌာန်း ဖွဲ့စည်းပေးနိုင်ပြီး ရှိနေပြီးသား ဥပဒေပြုကောင်စီတွေကိုလည်း မလိုဘူးထင်ရင် ဖျက်သိမ်းပယ်ဖျက်ခွင့် ပါလီမန်မှာ ရှိနေတဲ့ သဘော ဖြစ်ပါတယ်။

       
  ပထမဆုံး ပြည်နယ်တိုင်းမှာ ရှိနေတဲ့ ဥပဒေပြုညီလာခံတွေအကြောင်း စပြောပါ့မယ်။ အခြေခံဥပဒေ ပုဒ်မ ၃၃၃ အရ ဥပဒေပြု ညီလာခံမှာ မဲဆန္ဒနယ်အလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်ဦးရေ အနည်းဆုံး ၆၀ ကနေ အများဆုံး ၅၀၀ ရှိရပါမယ်။ ဒီထက်တော့ ပိုလို့ မရပါဘူး။ လူဦးရေနဲ့ အမတ်ဦးရေကို အခါအားလျော်စွာ ပြန်လည် သတ်မှတ်ရမယ် ဆိုပေမယ့် ၂၀၀၀ ပြည်နှစ်နောက်ပိုင်း ပထဆုံး ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ သတ်မှတ်ထားတဲ့ အမတ်ဦးရေကို ထပ်ပြင်ဖို့ မလိုတော့ဘူးလို့လဲ ပြဌာန်းထားပါသေးတယ်။


    ပြည်နယ်အချို့မှာပဲ ရှိတဲ့ ဥပဒေပြုကောင်စီ ဖွဲ့စည်းပုံကတော့ ဥပဒေပြုညီလာခံနဲ့ မတူပါဘူး။ သူကတော့ မဲဆန္ဒနယ်တွေက ရွေးကောင်တင်မြှောက်ရတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေက ရွေးချယ်တင်မြှောက်တာ ဖြစ်ပါတယ်။ အမတ်ဦးရေကလည်း သက်ဆိုင်ရာ ပြည်နယ်ဥပဒေပြုညီလာခံ အမတ်ဦးရေရဲ့ သုံးပုံတစ်ပုံထက် မပိုရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အမတ် ဦးရေ ၄၀ ထက်လည်း မနည်းရဘူးလို့ ဆိုပြန်ပါတယ်။ အဲသည် သတ်မှတ်ထားတဲ့ အမတ်ဦးရေရဲ့ သုံးပုံတစ်ပုံကို သက်ဆိုင်ရာ မြို့နယ် ခရိုင် စည်ပင်သာယာရေးအဖွဲ့တွေ အုပ်ချုပ်ရေးအဖွဲ့တွေ အာဏာပိုင်အဖွဲ့အစည်းတွေကနေ ရွေးကောက် တင်မြှောက်ပေးရပါတယ်။ အမတ်ဦးရေရဲ့ ဆယ့်နှစ်ပုံတစ်ပုံကိုတော့ ဘွဲ့ရသက်တမ်း အနည်းဆုံး သုံးနှစ်ရှိနေတဲ့သူတွေ ဥပဒေအရ သတ်မှတ် အရည်အချင်း ပြည့်မီသူတွေကနေ ရွေးကောက်တင်မြှောက်ပေးရပါသတဲ့။ အမတ်ဦးရေရဲ့ ဆယ့်နှစ်ပုံ တစ်ပုံကို အလယ်တန်းအဆင့်ကနေအထက် ပညာသင်ကြားပေးနေတဲ့ ဆရာဆရာမတွေကနေ ရွေးကောက် တင်မြှောက်ပေးရပါတယ်တဲ့။ နောက်ထပ် သုံးပုံတစ်ပုံကို ပြည်နယ်ဥပဒေပြုညီလာခံကနေ ရွေးကောက်တင်မြှောက်ပေးရပါမယ်တဲ့။ ကျန်တဲ့ အမတ်တွေ အားလုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ခန့်အပ်ရပါတယ်။ အဲသည်လို တိုက်ရိုက်အမည်စာရင်း တင်သွင်းခံရတဲ့ အမတ်များဟာ စာပေပညာ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ စတဲ့ ပညာရပ်များနဲ့ ပတ်သက်တဲ့ ပညာရှင်များ ဖြစ်ရပါမယ်တဲ့။ တော်တော် ခေါင်းစားမယ့် အမတ်ရွေးစနစ်ပါဗျာ။


  ပြည်နယ်လွှတ်တော်တွေရဲ့ သက်တမ်းက စတင်ကျင်းပတဲ့ အချိန်ကစလို့ ငါးနှစ်သက်တမ်း ရှိတာ၊ အရေးပေါ်ကာလတွေမှာ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးလို့ ရတာ၊ အရေးပေါ်ကာလ ကုန်ဆုံးသွားရင် ခြောက်လထက် ပိုနေလို့ မရတာ စတာတွေကတော့ ပြည်ထောင်စုအဆင့် ပါလီမန်လွှတ်တော်နဲ့ အတူတူပါပဲ။ တို့မြန်မာပြည်နဲ့ မတူတဲ့အချက်က မြန်မာပြည်မှာ လွှတ်တော်တွေ အားလုံးရဲ့ သက်တမ်းကို ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့ တန်းညှိထားတာဖြစ်ပြီး သူတို့ ဆီမှာတော့ လွှတ်တော်တစ်ခုချင်းစီက သက်တမ်းကို သီးခြားစီ ရေတွက်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဆီက ပြည်နယ်လွှတ်တော်တွေမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးကို ထည့်သွင်း ဖွဲ့စည်းထားတာကလည်း တို့ဆီကနဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။


    ပြည်နယ် ဥပဒေပြုညီလာခံ အမတ်ဖြစ်ဖို့က အသက် ၂၅ နှစ် ပြည့်ဖို့ လိုပြီး ပြည်နယ်ဥပဒေပြုကောင်စီ အမတ်ဖြစ်ဖို့က အသက် ၃၀ ပြည့်ဖို့ လိုပါတယ်။ ကျန်တဲ့အရည်အချင်းတွေကတော့ ပါလီမန်အမတ်တွေရဲ့ အရည်အချင်းနဲ့ အတူတူပဲမို့လို့ ထပ်ပြီး မတင်ပြလိုတော့ပါဘူး။
    လွှတ်တော်တွေကို ပြည်နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူကျင်းပစေနိုင်တာ၊ အချိန်ရွှေ့ဆိုင်းစေနိုင်တာ။ ပြည်နယ် ဥပဒေပြုညီလာခံကို ဖျက်သိမ်းနိုင်ခွင့်ရှိတာ စတာတွေကတော့ ပါလီမန်လွှတ်တော်နဲ့ သဘောသဘာဝ အတူတူပါပဲ၊ နောက်ပြီးတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးက လွှတ်တော်ကို မိန့်ခွန်းပြောခွင့်ရှိတာ သဝဏ်လွှာပို့ခွင့်ရှိတာ၊ ပြည်နယ် ဝန်ကြီးတွေနဲ့ ပြည်နယ် စာရင်းစစ်ချုပ်တို့က လွှတ်တော် ဥပဒေပြုလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ဆွေးနွေးပြောဆိုခွင့် ရှိတာတွေကလည်း ပါလီမန်လွှတ်တော်နဲ့ အတူတူပါပဲ။

       
           ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌကို လွှတ်တော်ကပဲ ရွေးကောင်တင်မြှောက်ခန့်ထားပါတယ်။ ဒါ့အပြင် လွှတ်တော် အုပ်ချုပ်မှု လုပ်ငန်းစဉ်တွေအတွက် လွှတ်တော် အတွင်းရေးမှူးတစ်ယောက်ကိုလည်း ခန့်အပ်ရပါသေးတယ်။
           အခုတင်ပြခဲ့တာတွေကတော့ ပြည်နယ်ဥပဒေပြု လွှတ်တော်များနဲ့ ပတ်သက်ပြီး လေ့လာဖတ်ရှုမိတာလေးတွေကို ပြန်လည် ဝေမျှပေးခြင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ကောင်းလည်း ဥပဒေပညာရှင် မဟုတ်လေတော့ အခြေခံဥပဒေကို ဖတ်ရှုရာမှာ အကောက်အယူ ချွတ်ချော်တိမ်းပါးတာများ ရှိနိုင်ပါတယ်။ အဲသလိုများ ရှိခဲ့ရင် သိတဲ့သူများက ပြင်ဆင်တည့်မတ်ပေးတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံပါကြောင်း တင်ပြရင်း ဒီစာစုကို အဆုံးသတ်လိုက်ပါတယ်။ ပြည်နယ် လွှတ်တော်တွေမှာ ဥပဒေပြုစုပုံ လုပ်ငန်းစဉ်များကို ဆက်လက် တင်ပြပေးသွားပါအုံးမယ်။ စကားမစပ်ဗျာ သူတို့ ပြည်နယ် လွှတ်တော်တွေကလည်း သားနားလိုက်တာနော်။ ဗိုလ်ကောင်းတို့လည်း နောင်များကျရင် ဒီလို ခမ်းနားတဲ့ ပြည်နယ်လွှတ်တော်ကြီးတွေ ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

Sunday, 14 April 2013

အိန္ဒိယပါလီမန်တွင်ဥပဒေကြမ်းတင်သွင်းအတည်ပြုပုံအဆင့်ဆင့်


    ဥပဒေကြမ်းတွေမှာ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ အခြားကိစ္စများဆိုင်ရာ ဥပဒေကြမ်းဆိုပြီး လုပ်ထုံးလုပ်နည်း ကွဲပြားပါတယ်။ ပထမဆုံး ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းကို အရင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ မြန်မာပြည်မှာတော့ ဒီလို ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းတွေကို အစိုးရက တင်သွင်းတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်တင်သွင်း ရပါတယ်။ သူတို့ ဆီမှာတော့ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ဘဏ္ဍာရေး ဥပဒေကြမ်းတစ်ခုကို အထက်လွှတ်တော်က စတင် တင်သွင်းခွင့် မရှိဘဲ အောက်လွှတ်တော်ကသာ စတင် တင်သွင်းရတာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဆွေးနွေးပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးတဲ့အခါမှာ အထက်လွှတ်တော်ကို ပေးပို့ရပါတယ်။ အထက်လွှတ်တော်ကို ရောက်တဲ့ နေ့ကနေ ဆယ့်လေးရက်အတွင်းမှာ အထက်လွှတ်တော်က အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သုံးသပ်မှတ်ချက်ပြုကာ အောက်လွှတ်တော်ကို ပြန်လည် ပေးပို့ရပါတယ်။ အထက်လွှတ်တော်ရဲ့ သုံးသပ်မှတ်ချက် ပြုမှုတွေကို အောက်လွှတ်တော်က အားလုံးပဲ ဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် လက်ခံချင်လည်း ရပါတယ်။ လက်မခံဘဲ ပယ်ချချင်လည်း ရပါတယ်။ တကယ်လို့ အထက်လွှတ်တော်က ဆယ့်လေးရက်အတွင်း ပြီးအောင် မဆွေးနွေးလို့ ပြန်မပို့ရင်လည်း အောက်လွှတ်တော်မှာတင် အတည်ပြုလိုက်ရတာပါ။ ဥပဒေကြမ်းတစ်ခုဟာ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်း ဟုတ်မဟုတ် အငြင်းပွားခဲ့ရင် အောက်လွှတ်တော် ဥက္ကဌရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လာရင် အောက်လွှတ်တော်ကပဲ လုံးလုံး စီမံခန့်ခွဲခွင့် ရှိတဲ့ အခြေအနေကို တွေ့ရပါတယ်။
          အပေါ်မှာ ပြောထားတဲ့အတိုင်း ဘဏ္ဍာရေးဥပဒေကြမ်းတစ်ခုကို လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် သမ္မတဆီ ပေးပို့ ရပါတယ်။ ပို့လိုက်တဲ့ ဥပဒေကြမ်းကို သမ္မတက ပြင်ဆင်ချက်လုပ်ချင်တယ်ဆိုရင် လုပ်ချင်တဲ့ ပြင်ဆင်ချက်ကို ရေးသားပြီး လွှတ်တော်ကို အမြန်ဆုံး ပြန်ပို့ ပေးရပါတယ်။ မြန်မာပြည်မှာတော့ ဘယ်ဥပဒေကြမ်းမဆို သမ္မတဆီ ပို့ပေးရင် သမ္မတက ဆယ့်လေးရက်အချိန်ရပါတယ်။ ဆယ့်လေးရက်အတွင်း လွှတ်တော်ကို ပြန်မပို့ရင် ဥပဒေက အာဏာတည်ပါတယ်။ သူတို့ ဆီမှာတော့ အချိန်ကန့်သတ်ချက် မရှိပါဘူး။ အမြန်ဆုံးလို့ ပြန်ပို့ရမယ်လို့ပဲ ပြဌာန်းထားတာပါ။ သမ္မတက မှတ်ချက် ပြင်ဆင်ချက်တွေနဲ့ ဥပဒေကြမ်းကို လွှတ်တော်ကို ပြန်ပို့လိုက်ရင် သမ္မတရဲ့ မှတ်ချက်တွေကို လွှတ်တော်မှာ ဆွေးနွေးရပါတယ်။ သဘောတူတာ မတူတာကတော့ လွှတ်တော်ရဲ့ သဘောထားပါပဲ။ သမ္မတရဲ့ မှတ်ချက်ကို လွှတ်တော်က သဘောတူလို့ပဲ ဖြစ်ဖြစ် သဘောမတူလို့ပဲ ဖြစ်ဖြစ် သမ္မတဆီ နောက်တစ်ကြိမ် ပြန်ပို့လိုက်ပြီဆိုရင် သမ္မတက မဖြစ်မနေ အတည်ပြုရတော့တာပါ။ တို့ မြန်မာပြည်မှာဆိုရင် ဥပဒေကြမ်းကို သမ္မတဆီ ဒုတိယအကြိမ် ပြန်ပို့လိုက်ပြီဆိုရင် သမ္မတက ခုနစ်ရက် အချိန်ရပါတယ်။ ဒါပေမယ့် သမ္မတက ငြင်းခွင့် မရှိတော့တာချင်းတော့ အတူတူပါပဲ။
    ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေတွေကလွဲရင် ကျန်တဲ့ ဥပဒေကြမ်းတွေကို အထက်လွှတ်တော်မှာဖြစ်ဖြစ် အောက်လွှတ်တော်မှာ ဖြစ်ဖြစ် စတင် တင်သွင်းလို့ ရပါတယ်။ လွှတ်တော် နှစ်ရပ်လုံးက သဘောတူမှ သာလျင် လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားလို့ ပါလီမန်မှာ ဥပဒေကြမ်းတစ်ခု ဆိုင်းငံ့ ဖြစ်နေရင်လည်း အဲသည်ဥပဒေကြမ်း မပျက်ပြယ်ပါဘူး။ အထက်လွှတ်တော်မှာ ဆွေးနွေးနေတုန်းမှာ အောက်လွှတ်တော် ဖျက်သိမ်းသွားရင်လည်း အဲသည်ဥပဒေကြမ်း မပျက်ပြယ်ပါဘူး။


    ဗိုလ်ကောင်းတို့ မြန်မာပြည်မှာ အထက်လွှတ်တော်နဲ့  အောက်လွှတ်တော်နဲ့ ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုတာ ကျင်းပသလို သူတို့ ဆီမှာလည်း တစ်ချို့သော ကိစ္စတွေအတွက် လွှတ်တော်နှစ်ရပ် ပေါင်းပြီး စည်းဝေးကျင်းပရတာ ရှိပါတယ်။ လွှတ်တော်တစ်ရပ်က ဥပဒေကြမ်းတစ်ခုကို အတည်ပြုပေးလိုက်တာကို တစ်ခြားလွှတ်တော်တစ်ရပ်က ပယ်ချလိုက်တဲ့အခါ၊ ဥပဒေကြမ်းပြင်ဆင်ချက်တွေကို လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတဲ့အခါ၊ လွှတ်တော်တစ်ရပ်က ပေးပို့လာတဲ့ ဥပဒေကြမ်းတစ်ခုကို လက်ခံပြီး ခြောက်လကြာတဲ့အထိ အတည်ပြု မပေးနိုင်တဲ့အခါမျိုးတွေမှာ လွှတ်တော်နှစ်ရပ်ပေါင်းပြီး စည်းဝေးရပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ သဘောကွဲလွဲချက်တွေကို ညှိနှိုင်းလို့ မရဘူးဆိုရင် မဲခွဲပြီး ဆုံးဖြတ်ပါတယ်။ အဲသည် လွှတ်တော် နှစ်ရပ်ပေါင်း စည်းဝေးဖို့ကို သမ္မတက ဆင့်ခေါ်ပေးရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကတော့ ဗိုလ်ကောင်းတို့ မြန်မာပြည်က ပြည်ထောင်စု လွှတ်တော် လုပ်ငန်းစဉ်တွေနဲ့ သဘောတရားချင်း အတူတူပဲလို့ ဆိုနိုင်ပါတယ်ဗျာ။
    အစိုးရရဲ့ နှစ်စဉ် ရသုံး မှန်းခြေ ငွေစာရင်း ဥပဒေကြမ်းနဲ့ ပတ်သက်ရင်တော့ လုပ်နည်းလုပ်ဟန်က နည်းနည်း ကွဲပြားပါတယ်။ ဆက်လက် လေ့လာတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Saturday, 13 April 2013

အိန္ဒိယနိုင်ငံပါလီမန်အကြောင်း တစေ့တစောင်း


    ကမ္ဘာပေါ်မှာ နိုင်ငံရေးစနစ် အမျိုးမျိုး ရှိတဲ့အနက် လွှတ်တော်တစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိသလို လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံကတော့ လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ ပါလီမန်လွှတ်တော်ကို သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်မှာ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲ သမ္မတကို ထည့်သွင်း ဖွဲ့စည်းထားတာကလည်း မှတ်သားစရာ တစ်ခု ဖြစ်ပါတယ်။ ပြည်နယ်တွေမှာလည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေ ရှိပြီး ထူးခြားတာက တစ်ချို့ပြည်နယ်က လွှတ်တော်တစ်ရပ်တည်း ရှိပြီး တစ်ချို့ပြည်နယ်တွေက လွှတ်တော်နှစ်ရပ် ရှိနေတာ ဖြစ်ပါတယ်။ တို့ မြန်မာပြည်မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကို ထည့်သွင်း ဖွဲ့စည်းထားခြင်း မရှိဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လွှတ်တော် တစ်ရပ်စီသာ ရှိပါတယ်။
    မြန်မာပြည်မှာ အမျိုးသားလွှတ်တော်လို့ ခေါ်တဲ့ အထက်လွှတ်တော်ကို သူတို့က ပြည်နယ်များ ကောင်စီလို့ ခေါ်ပါတယ်။ အထက်လွှတ်တော်မှာ သမ္မတက အမည်စာရင်းတင်သွင်းပြီး တိုက်ရိုက်ခန့်တဲ့ ပညာရှင် လွှတ်တော်အမတ် ၁၂ ဦး၊ ပြည်နယ်တွေ ပြည်ထောင်စုနယ်မြေတွေကနေ အခြေခံ ဥပဒေ ဇယား ၄ အရ ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၃၈ ယောက်ထက်မပိုတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ မြန်မာပြည်နဲ့ အမေရိကန်တို့မှာ ဆိုရင် အထက်လွှတ်တော် အမတ်ကို ပြည်သူက တိုက်ရိုက် ရွေးကောက် တင်မြှောက်ပြီး ပြည်နယ်အားလုံးက အရေအတွက် အတူတူပဲ စေလွှတ်ရတာပါ။ အိန္ဒိယမှာတော့ အခြေခံဥပဒေ ဇယား ၄ မှာ ဖော်ပြထားတဲ့ အရေအတွက်အတိုင်း စေလွှတ်ရတာမို့ ပြည်နယ်တစ်ခုနဲ့ တစ်ခု အမတ် အရေအတွက် မတူပါဘူး။ ပြီးတော့ အထက်လွှတ်တော်အမတ်ကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်ရတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များကနေ အချိုးကျ ရွေးကောက်တင်မြှောက် စနစ်နဲ့ ရွေးကောက်တင်မြှောက် စေလွှတ်ရတာကလည်း ထူးခြားပါတယ်။
    မြန်မာပြည်မှာ ပြည်သူ့လွှတ်တော်လို့ ခေါ်တဲ့ အောက်လွှတ်တော်ကို သူတို့ကလည်း ပြည်သူ့လွှတ်တော်လို့ပဲ ခေါ်ပါတယ်။ အဲဒီမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကနေ တိုက်ရိုက်ရွေးကောက် တင်မြှောက်လိုက်တဲ့ အရေအတွက် ၅၃၀ ဦးထက်မပိုတဲ့ အမတ်တွေ၊ ပြည်ထောင်စု နယ်မြေတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၀ ဦးထက်မပိုတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုရှိတာက မဲဆန္ဒနယ်တွေရဲ့ လူဦးရေဟာ တတ်နိုင်သမျှ တူညီနေဖို့ လိုပြီး မဲဆန္ဒနယ် ဖွဲ့စည်းမှုကိုလည်း နောက်ဆုံးထုတ်ပြန်လိုက်တဲ့ သန်းခေါင်စာရင်းပေါ် မူတည်ပြီး ဖွဲ့စည်းပေးဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
    မြန်မာပြည်မှာတော့ လွှတ်တော်နှစ်ရပ်လုံးရဲ့ သက်တမ်းတွေက အတူတူပဲ ဖြစ်ပေမယ့် အိန္ဒိယပါလီမန်မှာတော့ အထက်လွှတ်တော်ဟာ သက်တမ်းကုန်ဆုံးတယ်ရယ်လို့ မရှိဘဲ နှစ်နှစ်တစ်ခါ အမတ် သုံးပုံတစ်ပုံကို အသစ်ရွေးကောက်တင်မြှောက်ရပါတယ်။ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ပုံစံမျိုးပါပဲ။ အောက်လွှတ်တော်ရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ပေမယ့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အရေးပေါ်ကာလမှာဆိုရင် လွှတ်တော်သက်တမ်းကို တစ်ကြိမ် တစ်နှစ်ထက် မပိုစေပဲ သက်တမ်းတိုးထားလို့ ရပါတယ်။ အရေးပေါ်အခြေအနေ ပြန်လည်း ရုပ်သိမ်းပြီးဆိုရင်တော့ သက်တမ်းကုန်ပြီး ခြောက်လထက် ပိုနေလို့ မရပါဘူး။


    လွှတ်တော်အမတ်အရည်အချင်းတွေကတော့ အကြမ်းဖျင်းအားဖြင့် အိန္ဒိယ နိုင်ငံသားဖြစ်ရင် ရပါပြီ။ ဥပဒေပြဌာန်းထားတယ် ဆိုပေမယ့် အခြေခံဥပဒေမှာတော့ ဒီလောက်ပဲ ဖော်ပြထားပါတယ်။ အထက်လွှတ်တော်အမတ်ဖြစ်ဖို့ အနည်းဆုံး အသက်သုံးဆယ် ပြည့်ဖို့ လိုပြီး အောက်လွှတ်တော် အမတ်ဖြစ်ဖို့ အနည်းဆုံး အသက်နှစ်ဆယ့်ငါးနှစ် ပြည့်ဖို့ လိုပါတယ်။ မြန်မာပြည်နဲ့ အတူတူပါပဲ။ လွှတ်တော် အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြားကာလဟာ တို့ဆီမှာဆိုရင် တစ်နှစ်ထက် မပိုစေရလို့ ပြဌာန်းထားပြီး သူတို့ဆီမှာတော့ ခြောက်လထက် မပိုစေရလို့ ပြဌာန်းထားပါတယ်။ သမ္မတဟာ လိုအပ်တယ်ထင်ရင် လွှတ်တော်ကို အချိန်မရွေး နေရာမရွေး ခေါ်ယူကျင်းပစေနိုင်တဲ့ အာဏာရှိပါတယ်။ လွှတ်တော်အစည်းအဝေးတွေကို အချိန်ရွေ့ဆိုင်းနိုင်ပြီး အောက်လွှတ်တော်ကိုလည်း အချိန်မရွေး ဖျက်သိမ်းနိုင်ခွင့် ရှိပါတယ်။
    သမ္မတဟာ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပို့ခွင့် ရှိပါတယ်။ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ စာရင်းစစ်ချုပ်တို့ဟာ လွှတ်တော် အစည်းအဝေးတွေ၊ သူတို့ ပါဝင်တဲ့ လွှတ်တော် ကော်မတီတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရှိပေမယ့် မဲပေးခွင့်တော့ မရှိကြပါဘူး။
    ဒုသမ္မတဟာ ရာထူးအရ အထက်လွှတ်တော် ဥက္ကဌတာဝန်ကို အလိုအလျောက် ထမ်းဆောင်ရပြီး ဒုဥက္ကဌကိုတော့ အထက်လွှတ်တော်ကပဲ ရွေးချယ်ပါတယ်။ အထက်လွှတ်တော် ဥက္ကဌ ရာထူးတာဝန်ရပ်စဲတာနဲ့ ပတ်သက်ပြီး ပြဌာန်းထားခြင်း မရှိဘဲ ဒုဥက္ကဌကတော့ နုတ်ထွက်လို့ပဲ ဖြစ်ဖြစ်၊ အမတ်တွေက မဲခွဲပြီး ဖြုတ်ချလို့ပဲ ဖြစ်ဖြစ် ဒုဥက္ကဌရာထူးက ဆင်းပေးရပြီဆိုရင် လွှတ်တော်အမတ်အဖြစ်ကပါ ရပ်စဲသွားပါတယ်။ ဒုတိယ သမ္မတကို ရာထူးတာဝန်က ရပ်စဲဖို့ အဆိုကိုဆွေးနွေးရင်ဖြစ်ဖြစ်၊ ဒုဥက္ကဌကို ရာထူးက ရပ်စဲဖို့ ဆွေးနွေးတာပဲ ဖြစ်ဖြစ် အချိန်တွေမှာ သက်ဆိုင်ရာ ဒုသမ္မတနဲ့ ဒုဥက္ကဌတို့ဟာ လွှတ်တော်ကို ဦးစီးခွင့် မရှိပါ။
    အောက်လွှတ်တော်မှာတော့ ဥက္ကဌနဲ့ ဒုဥက္ကဌကို လွှတ်တော်ကပဲ ရွေးပါတယ်။ ကျန်တဲ့ အချက်အလက်တွေကတော့ အထက်လွှတ်တော်နဲ့ အတူတူပါပဲ။ တစ်ခုရှိတာက အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ လွှတ်တော် အတွင်းရေးမှူးတစ်ယောက်စီကို ခန့်အပ်ရပါတယ်။ ခန့်အပ်ဖို့ စည်းမျဉ်းကမ်းတွေကိုတော့ လွှတ်တော်ဥက္ကဌတွေ့ရဲ့ အကြံပြုချက်နဲ့ သမ္မတက ထုတ်ပြန်ရတာပါ။


    ကတိသစ္စာပြုတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာတော့ လွှတ်တော်အမတ်တွေဟာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌ ရှေ့မှောက်မှာ ကတိသစ္စာ ပြုရတာ ဖြစ်ပေမယ့် သူတို့ကတော့ သမ္မတ သို့မဟုတ် သမ္မတကိုယ်စားလှယ်ရဲ့ ရှေ့မှာ ကတိသစ္စာ ပြုရတာပါ။ ဆုံးဖြတ်ချက်တွေ ချဖို့ မဲခွဲရင်လည်း သာမန်အားဖြင့် တက်ရောက်မဲပေးသူတွေရဲ့ များရာဆန္ဒမဲနဲ့ ဆုံးဖြတ်ချက်တွေ ချပါတယ်။ ဥက္ကဌတာဝန် ထမ်းဆောင်တဲ့သူကတော့ မဲဝင်ပေးခွင့် မရှိဘဲ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ အရေအတွက် တူနေမှသာ အနိုင်မဲ ပေးခွင့်ရှိတာပါ။ လွှတ်တော်အမတ်ဦးရေရဲ့ အနည်းဆုံး ဆယ်ပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေးတွေ ထမြောက်ပါတယ်။ အရေအတွက် မပြည့်ရင် အစည်းအဝေးကို ရွှေ့ဆိုင်းရပါတယ်။
    လွှတ်တော်အမတ်တစ်ယောက် နုတ်ထွက်ချင်ရင် သက်ဆိုင်ရာ ဥက္ကဌဆီမှာ နုတ်ထွက်ခွင့် တင်လို့ ရပါတယ်။ ဥက္ကဌက ခွင့်မပြုရင် နုတ်ထွက်ခွင့် မရှိပါဘူး။ အမတ်တစ်ယောက်က ရက်ပေါင်းခြောက်ဆယ် ခွင့်မဲ့ ပျက်ကွက်ရင်တော့ အမတ်နေရာ လစ်လပ်ကြောင်း ကြေညာရပါတယ်။
    လွှတ်တော်အမတ်တစ်ယောက်ဟာ အစိုးရရာထူးတစ်ခုခုကို လက်ခံရင်၊ စိတ်ပေါ့သွပ်နေရင်၊ ဒေဝါလီခံရင်၊ အခြားနိုင်ငံသား ခံယူသွားရင် ဒါမှမဟုတ် ဥပဒေအရ အရည်အချင်း မမီတော့ရင် လွှတ်တော်အမတ်အဖြစ်က ရပ်စဲရပါတယ်။
    အခု ရေးသားခဲ့တာတွေကတော့ အိန္ဒိယနိုင်ငံ ပါလီမန် လွှတ်တော် ဖွဲ့စည်းပုံနဲ့ လွှတ်တော် အမတ်များရွေးကောက် တင်မြှောက်ပုံတို့ကို ဗိုလ်ကောင်းတို့ မြန်မာပြည် စနစ်နဲ့ ယှဉ်ထိုး တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပါလီမန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ဥပဒေပြု လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ငန်းစဉ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြသလဲဆိုတာ ဆက်လက် လေ့လာတင်ပြပေးပါမယ်။

Friday, 12 April 2013

အိန္ဒိယနိုင်ငံ သမ္မတ နှင့် ဒုသမ္မတ အကြောင်း

     
 အိန္ဒိယနိုင်ငံသမ္မတဟာ လက်တွေ့မှာ နိုင်ငံရေးအာဏာမရှိပေမယ့် အခြေခံ ဥပဒေမှာတော့ သမ္မတရဲ့ အခန်းကဏ္ဍကို တော်တော်လေး ဇောင်းပေး ဖော်ပြထားတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးအာဏာကို သမ္မတကို အပ်နှင်းထားပြီး သမ္မတဟာ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးရဲ့ စစ်သေနာပတိချုပ်ရာထူးကိုလည်း ရရှိထားပါတယ်။
    သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ် တင်မြှောက်တာ ဖြစ်ပါတယ်။ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှာ ပါတဲ့သူတွေကတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များ၊ ပြည်နယ် လွှတ်တော်အမတ်များပဲ ဖြစ်ပါတယ်။ ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲနဲ့ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ် တင်မြှောက်တာက မြန်မာပြည်နဲ့ တူပါတယ်။ မတူတာက ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းပုံပါပဲ။ မြန်မာပြည်မှာ ဒီအဖွဲ့ကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များနဲ့ပဲ ဖွဲ့စည်းထားပေမယ့် သူတို့ ဆီမှာကတော့ ပြည်နယ် လွှတ်တော် အမတ်တွေပါ ထည့်ပြီး ဖွဲ့စည်းထားတာပါ။ မြန်မာပြည်မှာ သမ္မတရွေးချယ်ရေးအဖွဲ့က ဒုသမ္မတလောင်း သုံးယောက်ကို သုံးဖွဲ့ခွဲပြီး ရွေးချယ်တာ ဖြစ်ပေမယ့် သူတို့ အဖွဲ့ကတော့ သမ္မတ တစ်ယောက်တည်းကိုပဲ ရွေးတာဖြစ်ပြီး ဒုသမ္မတကိုတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ပေါင်းပြီး ရွေးချယ်တင်မြှောက်တာပါ။
    နောက် မတူတာတစ်ခုက မြန်မာပြည်မှာ ရွေးချယ်ရေးအဖွဲ့ဝင်တွေဟာ မဲတစ်မဲစီပဲ ပေးခွင့်ရှိပေမယ့် သူတို့ဆီကတော့ ကိုယ်စားပြုတဲ့ လူဦးရေးပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မဲအရေအတွက် မတူပါဘူး။ မြန်မာပြည်မှာ ဟိုတစ်လောက အသံနည်းနည်း ထွက်လာခဲ့တဲ့ အချိုးကျ မဲပေးစနစ်ဖြစ်ပါတယ်။ မဲပေးနည်းကတော့ လျှို့ဝှက်မဲပေးစနစ်ပါ။ အဖွဲ့ဝင်တစ်ဦးစီရဲ့ မဲတန်ဖိုးကိုတွက်နည်းက
အဖွဲ့ဝင်တစ်ဦး၏မဲတန်ဖိုး = (စုစုပေါင်းပြည်နယ်လူဦးရေ ÷ ရွေးကောက်ခံအမတ်ဦးရေ) ÷ ၁၀၀၀
ပြည်နယ်လူဦးရေကို ၁၉၇၁ခုနှစ်မှာကောက်ခံတဲ့ သန်းခေါင်စာရင်းကိုယူပါတယ်။ ဥပမာ- အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ ၁၉၇၁ခုနှစ်ကကောက်ခံတဲ့သန်းခေါင်းစာရင်းအရ စုစုပေါင်းလူဦးရေဟာ ၄၃၅၀၂၇၀၈ ရှိပြီး ရွေးကောက်ခံထားရတဲ့အမတ်ဦးရေဟာ ၂၉၄ ဦးရှိတယ်ဆိုရင် (၄၃၅၀၂၇၀၈ ÷ ၂၉၄) ÷ ၁၀၀၀ ဆိုရင် ၁၄၈ ရပါတယ်။ အဲဒီ ၁၄၈ ဟာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ အဖွဲ့ဝင်အမတ်တစ်ဦးရဲ့ မဲတန်ဖိုးဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးရဲ့ မဲတန်ဖိုးကိုတော့ ၂၉၄ X ၁၄၈ = ၄၃၅၁၂ ဆိုပြီးတွက်ယူပါတယ်။
          
    သမ္မတ သက်တမ်းက ငါးနှစ်ဖြစ်ပြီး တာဝန်ထမ်းဆောင်မှု အကြိမ်အရေအတွက် ကန့်သတ်ထားတာ မရှိပါဘူး။ မြန်မာပြည်မှာတော့ နှစ်ကြိမ်ထက် ပိုထမ်းဆောင်ခွင့် မရှိပါ။ သူတို့ဆီမှာ အသက် သုံးဆယ့်ငါးနှစ်ဆိုရင် သမ္မတ လုပ်စားလို့ ရပါပြီ။ တို့ဆီမှာတော့ လေးဆယ့်ငါးနှစ်လို့ သတ်မှတ်ထားပါတယ်။ လွှတ်တော်အမတ် တစ်ယောက် ဖြစ်ထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အိန္ဒိယ နိုင်ငံသားတစ်ယောက်ဖြစ်ရင် သမ္မတဖြစ်ထိုက်တဲ့ အရည်အချင်း ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။ ကန့်သတ်ချက် များများစားစား မရှိပါ။ သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုတာကလည်း တို့ဆီကလိုပါပဲ။


 သမ္မတက လွှတ်တော်အမတ် ဖြစ်ခွင့်မရှိတာ၊ သမ္မတာဝန်ယူထားရင် ဘယ်လခရတဲ့အလုပ်ကိုမှ လုပ်ခွင့် မရှိတာ၊ သမ္မတလစာနဲ့ အဆောင်အယောင်ရတာ စတာတွေကတော့ တို့ဆီကလိုပါပဲ။ တစ်ခုရှိတာက သမ္မတက သူ့လစာသူ လျှော့ချင်ရင် သူ့သက်တမ်းအတွင်း လျှော့ခွင့်မရှိပါဘူး။ သမ္မတက နုတ်ထွက်ချင်ရင် ဒုသမ္မတဆီကို နုတ်ထွက်စာတင်ပြီး ထွက်ခွင့် ရှိပါတယ်။
    သမ္မတကို စွပ်စွဲပြစ်တင်တာနဲ့ ရာထူးဖြုတ်ချတာတွေကတော့ တို့ဆီကနဲ့ အတူတူနီးပါးပါပဲ။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကသာ သမ္မတကို စွပ်စွဲပြစ်တင်ခွင့် ရှိပြီး လွှတ်တော်တစ်ခုက စွပ်စွဲရင် လွှတ်တော်တစ်ခုက စုံစမ်းစစ်ဆေးရပါတယ်။ နောက်ဆုံး စုံစမ်း စစ်ဆေးတွေ့ရှိချက်ကို လွှတ်တော်ကို တင်ပြပြီး မဲခွဲလို့ သမ္မတ အပြစ်ရှိတာ မှန်တယ်ဆိုရင် တို့ဆီမှာတော့ ပြည်ထောင်စု လွှတ်တော် နာယကက သမ္မတကို ရာထူးတာဝန်က ရပ်စဲကြောင်း ကြေညာပေးရပေမယ့် သူတို့ကတော့ ဘယ်သူက ကြေညာပေးရမယ်လို့ မပါပါဘူး။
    သမ္မတက သေဆုံးလို့ပဲ ဖြစ်ဖြစ်၊ နုတ်ထွက်လို့ပဲ ဖြစ်ဖြစ်၊ ရာထူးက ရပ်စဲခံရလို့ပဲ ဖြစ်ဖြစ် နေရာလပ်သွားရင် သမ္မတအသစ်ကို အမြန်ဆုံး ပြန်လည် တင်မြှောက်ရပြီး အသစ်တက်လာတဲ့ သမ္မတက ငါးနှစ်သက်တမ်းအပြည့် တာဝန်ထမ်းဆောင် ရပါတယ်။ တို့ဆီမှာတော့ အဲသည်လို ကြားဖြတ်တက်လာတဲ့ သမ္မတ ဆိုရင် မူလသမ္မတရဲ့ကျန်တဲ့သက်တမ်းပဲ တာဝန်ထမ်းဆောင်ခွင့် ရှိတာပါ။
    သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတာကတော့ တို့ဆီကနဲ့ အတူတူပါပဲ။
    ဒုတိယ သမ္မတကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ရွေးကောက် တင်မြှောက်ပြီး သူက လွှတ်တော်အမတ် မဟုတ်ပေမယ့် အထက်လွှတ်တော် ဥက္ကဌရာထူးကို အလိုအလျောက် ရရှိပါတယ်။ ဒါကတော့ တို့ဆီကနဲ့ မတူဘဲ အမေရိကန် စနစ်နဲ့ သွားတူတာကို တွေ့ရပါတယ်။
    သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာရင် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးတဲ့အတိုင်း အတည်ဖြစ်ပါတယ်။ သမ္မတ တာဝန်ထမ်းဆောင်နေတာ ကာလတစ်ခုရှိမှ တရားလွှတ်တော်က သမ္မတကို တရားမဝင်ပါဘူးလို့ ကြေညာခဲ့ရင်လည်း အရင် ဆောင်ရွက်ခဲ့သမျှတွေက မပျက်ပြယ်ပါဘူး။ သမ္မတကတော့ တရားလွှတ်တော် ဆုံးဖြတ်ချက်အတိုင်း နာခံရပါတယ်။
    ဒါတွေကတော့ အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတ ဒုသမ္မတတို့ အကြောင်းပဲ ဖြစ်ပါတယ်။ (အချက်အလက်များ ကူညီဖြည့်စွက်ပေးတဲ့ ကိုဇော်မင်းဦးကို ကျေးဇူးအများကြီးတင်ပါတယ်)

အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေ မိတ်ဆက်


         ယဉ်ကျေးမှုတွေ အမျိုးမျိုး၊ ဇာတ်နိမ့်ဇာတ်မြင့်တွေ ဓလေ့ထုံးစံအကွဲကွဲ အပြားပြားတွေနဲ့ ရှုပ်ထွေးလှတဲ့ အိန္ဒိယနိုင်ငံကြီးမှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုများ ကျင့်သုံးနေသလဲဆိုတာ စိတ်ဝင်စားလို့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်က အချုပ်အခြာအာဏာပိုင် နိုင်ငံများ ကျင့်သုံးနေတဲ့ စာနဲ့ ရေးထားတဲ့ အခြေခံ ဥပဒေတွေအထဲမှာ အရှည်လျားဆုံး လို့ဆိုပါတယ်။ အဲသည်မှာ ပုဒ်မပေါင်း ၄၄၈ ခု၊ အပိုင်းပေါင်း ၂၂ ပိုင်း၊ ဇယားပေါင်း ၁၂ ခု ပါရှိပြီး ယနေ့အထိ ပြင်ဆင်ချက်ပေါင်း ၁၁၈ ခု ပြုလုပ်ပြီး ဖြစ်ပါတယ်။ ရေးသားတုန်းက အင်္ဂလိပ်လို ရေးသားခဲ့ပေမယ့် ဟင်ဒီဘာသာနဲ့ တရားဝင် ဘာသာပြန်ချက်လည်း ရှိနေပါတယ်။ အခြေခံဥပဒေရေးသားပြုစုရေး ကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာ ဘီအာ အမ်ဘက်ခါ ကို အခြေခံဥပဒေရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။                        အခြေခံဥပဒေကို ရေးဆွဲရေးညီလာခံက ၁၉၄၉ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ၁၉၅၀ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ပါတယ်။ အဲသည်နေ့ကစပြီး  အိန္ဒိယနိုင်ငံဟာ ကိုယ်ပိုင်အခြေခံ ဥပဒေရှိတဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့ကို သမ္မတနိုင်ငံတော်နေ့အဖြစ် တခမ်းတနား ကျင်းပကြပါတယ်။
    နောက်ခံသမိုင်းကြောင်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ဗြိတိသျှတို့ လက်အောက်မှာ ၁၇၅၇ ကနေ ၁၉၄၇ အထိ နှစ်ပေါင်း နှစ်ရာနီးပါး နေခဲ့ရတာပါ။ လွတ်လပ်ရေးကို ကြိုးပမ်းကြရင်းနဲ့ ၁၉၄၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ဒိုမီနီယံအဆင့် လွတ်လပ်ရေးကို ပါကစ္စတန်နဲ့အတူ ရခဲ့ပြီး ကိုယ်ပိုင် အခြေခံဥပဒေကို စတင်ရေးဆွဲတာမှာ ၁၉၅၀ ဇန်နဝါရီလ ၂၆ ရက်နေ့ကျမှ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ စတင်အာဏာတည်တဲ့အချိန်တုန်းက အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၃၉၅ ခု၊ အပိုင်းပေါင်း ၂၂ ပိုင်း နဲ့ ဇယား ၈ ခု ပါဝင်ခဲ့ပါတယ်။ စကားလုံးပေါင်း ရှစ်သောင်းနီးပါး ပါဝင်တဲ့ အခြေခံဥပဒေကို ၂ နှစ် ဆယ့်တစ်လနဲ့ ၁၈ ရက်ကြာအောင် ရေးဆွဲခဲ့ရပါတယ်။ အခြေခံ ဥပဒေဟာ ဖယ်ဒရယ်စနစ်ပုံစံ သဘောဆောင်ပေမယ့် တစ်ပြည်ထောင်စနစ်ဘက်ကို အကဲသာတယ်လို့ ပြောစမှတ်ရှိပါတယ်။
အခြေခံ ဥပဒေမှာ အပိုင်းပေါင်း ၂၂ ပိုင်းပါဝင်ပါတယ်။ အဲဒါတွေကတော့
နိဒါန်း
အပိုင်း ၁    ပြည်ထောင်စုနှင့် နယ်မြေအပိုင်းအခြား
အပိုင်း ၂    နိုင်ငံသားဖြစ်ခြင်း
အပိုင်း ၃    မူလအခွင့်အရေး
အပိုင်း ၄    နိုင်ငံတော် အခြေခံမူများ
အပိုင်း ၄က    မူလတာဝန်များ
အပိုင်း ၅    ပြည်ထောင်စု
အပိုင်း ၆    ပြည်နယ်များ
အပိုင်း ၇    ပယ်ဖျက်ပြီးဖြစ်သည်
အပိုင်း ၈    ပြည်ထောင်စု၏ နယ်နိမိတ်
အပိုင်း ၉    ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး
အပိုင်း ၉က    မြို့ပြအုပ်ချုပ်ရေး
အပိုင်း ၉ခ    ပူးပေါင်းလူမှုအဖွဲ့အစည်းများ
အပိုင်း ၁၀     မျိုးနွယ်စုဒေသများ
အပိုင်း ၁၁    ပြည်ထောင်စုနှင့် ပြည်နယ်များဆက်သွယ်ရေး
အပိုင်း ၁၂    ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု၊ စာချုပ်များ
အပိုင်း ၁၃    ပြည်တွင်း ကူးသန်းရောင်းဝယ်ရေး
အပိုင်း ၁၄    ပြည်ထောင်စုနှင့် ပြည်နယ်များတွင် ဝန်ထမ်းများ ခန့်ထားရေး
အပိုင်း ၁၄က    တရားစီရင်ရေး
အပိုင်း ၁၅    ရွေးကောက်ပွဲများ
အပိုင်း ၁၆    သီးခြားလူတန်းစားများအတွက် အထူးပြဌာန်းချက်များ
အပိုင်း ၁၇    ဘာသာစကားများ
အပိုင်း ၁၈    အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ
အပိုင်း ၁၉    အထွေထွေပြဌာန်းချက်များ
အပိုင်း ၂၀    အခြေခံဥပဒေပြင်ဆင်ခြင်း
အပိုင်း ၂၁    ကူးပြောင်းရေးကာလဆိုင်ရာ ပြဌာန်းချက်များ
အပိုင်း ၂၂    အမည်၊ အာဏာတည်ခြင်း၊ တရားဝင်ဟင်ဒီစာမူ နှင့် ပယ်ဖျက်ခြင်း
ပါဝင်တဲ့ ဇယားတွေကတော့
ဇယား ၁    ပြည်နယ်များ နှင့် နယ်နိမိတ်များ
ဇယား ၂    အစိုးရအရာရှိများ၏ လစာများ
ဇယား ၃    ကတိသစ္စာပြုချက်များ နှင့် ကျမ်းသစ္စာကျိန်ဆိုချက်များ
ဇယား ၄    အထက်လွှတ်တော် အမတ်နေရာသတ်မှတ်ချက်များ
ဇယား ၅    တိုင်းရင်းသားမျိုးနွယ်စုနယ်မြေဆိုင်ရာ စီမံခန့်ခွဲခြင်း
ဇယား ၆    အာသံ၊ မဟလယ၊ တရိပူရ နှင့် မီဇိုရမ်ပြည်နယ်တို့ရှိ တိုင်းရင်းသားများကို စီမံခန့်ခွဲခြင်း
ဇယား ၇    ပြည်ထောင်စု နှင့် ပြည်နယ်ဥပဒေပြုစာရင်း
ဇယား ၈    ရုံးသုံးဘာသာစကား
ဇယား ၉    မူလအခွင့်အရေးကို ထိပါးသည်ဟု အငြင်းပွားဖွယ်ရာ ဥပဒေများ စာရင်း
ဇယား ၁၀    လွှတ်တော်အမတ်များ ပါတီကူးပြောင်းမှုကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များ
ဇယား ၁၁    ကျေးလက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ
ဇယား ၁၂ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ
    အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေဟာ ဖယ်ဒရယ်စနစ်ပုံစံ ရေးဆွဲထားတာကို ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းများ ခွဲခြားထားမှုမှာ တွေ့နိုင်ပါတယ်။ ပြည်ထောင်စုရော ပြည်နယ်များပါ ဥပဒေပြုနိုင်တဲ့ ဇယားတစ်ခုလည်း ပါဝင်ပြီး ဒီဇယားသုံးခုစလုံးမှာ မပါဝင်တဲ့ ကိစ္စများ ဥပဒေပြုခွင့်ကိုတော့ ပြည်ထောင်စုကို အပ်နှင်းထားပါတယ်။ အခြေခံဥပဒေအရ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပါတယ်။ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲ ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်များက ရွေးကောက်တင်မြှောက်တာ ဖြစ်ပါတယ်။ သမ္မတဟာ နိုင်ငံ့အကြီးအကဲ ဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကိစ္စများမှာ သမ္မတအမည်နဲ့ ဆောင်ရွက်ရတာဖြစ်ပေမယ့် တကယ့်တကယ်ကျတော့ သမ္မတက နာမည်ခံပဲ ရှိတာပါ။ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အကြံပြုချက်အတိုင်းသာ သမ္မတက ဆောင်ရွက်ခွင့် ရှိပါတယ်။
    ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တို့ဟာ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အောက်လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အုပ်ချုပ်ရေးကိစ္စရပ်များကို စီမံခန့်ခွဲပါတယ်။ ဝန်ကြီးတွေက လွှတ်တော်နှစ်ရပ်လုံးကို တာဝန်ခံရပါတယ်။ ပြီးရင်လည်း ဝန်ကြီးတွေက လွှတ်တော်နှစ်ရပ်ရဲ့ အမတ်တွေ ဖြစ်ရပါတယ်။ ဒါကြောင့် လွှတ်တော်က အုပ်ချုပ်ရေးကို လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်နယ်များမှာလည်း ထို့အတူပါပဲ။ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်နယ်လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရတို့ကို ထိန်းချုပ်ထားပါတယ်။
    တရားစီရင်ရေးကတော့ အုပ်ချုပ်ရေးရော ဥပဒေပြုရေးရော နှစ်ခုလုံးရဲ့ လောင်းရိပ်က လွတ်ကင်းပါတယ်။ အခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အာဏာဟာ တရားစီရင်ရေးရဲ့ လက်ထဲမှာ ရှိပြီး ပြည်နယ်အချင်းချင်း ဖြစ်တဲ့ အငြင်းပွားမှု၊ ပြည်နယ်နဲ့ ပြည်ထောင်စုတို့ ဖြစ်တဲ့ အငြင်းပွားမှုတွေကိုလည်း ဆုံးဖြတ်ပေးရပါတယ်။ လွှတ်တော်တွေက ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို သုံးသပ်နိုင်ပြီး အခြေခံဥပဒေကို ဖောက်ဖျက်တယ်ဆိုရင် အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း ကြေညာလို့ ရပါတယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားပြီး လွှတ်တော်နှစ်ရပ်လုံးက သုံးပုံနှစ်ပုံ ထောက်ခံချက်နဲ့ ပြင်ဆင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဖယ်ဒရယ်သဘောသဘာဝကို ထိပါးတဲ့ ပြင်ဆင်ချက်မျိုးဆိုရင်တော့ ပြည်နယ်လွှတ်တော် အများစုရဲ့ ထောက်ခံချက်လည်း လိုအပ်ပါသေးတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ အခြေခံဥပဒေပြင်ဆင်ချက်ပေါင်း ၁၁၈ ခု လွှတ်တော်ကို တင်သွင်းခဲ့ပြီး ၉၇ ခုသာလျှင် ပြင်ဆင်ချက် ဥပဒေများအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို နှစ်ကြိမ်လောက် ပြင်ဆင်ချက် တင်တဲ့သဘောပါပဲ။ တရားလွှတ်တော်ချုပ်ကတော့ ပြင်ဆင်ချက်တိုင်းကို ခွင့်မပြုခဲ့ပါဘူး။ ပြင်ဆင်ချက်တွေဟာ ပြည်ထောင်စုရဲ့ အခြေခံမူများကို လေးစားရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက အခြေခံဥပဒေ သုံးသပ်ရေးအတွက် အမျိုးသားအဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း သုံးသပ်မှု ပြုခဲ့ပါသေးတယ်။
အခု ရေးသားချက်များဟာ ဗိုလ်ကောင်း ကိုယ့်ဘာသာ စိတ်ဝင်စားလို့ ဖတ်ရင်းနဲ့ နားလည်သလို ရေးသားထားတာဖြစ်ပါတယ်။ ဥပဒေပညာရှင်မဟုတ်တဲ့အတွက် အကောက်အယူ ချွတ်ချော်တိမ်းစောင်းတာတွေ ရှိနိုင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေထဲက စိတ်ဝင်စားဖွယ်ရာများကို ထပ်မံ ရေးသားတင်ပြသွားဖို့ ရှိပါသေးတယ်။

Wednesday, 10 April 2013

သူတို့ဆီက တယ်လီဖုန်း


    မြန်မာပြည်မှာ တယ်လီဖုန်းတွေကို ၁၅၀၀ နဲ့ ရောင်းမယ်လို့ ကြေညာလိုက်တော့ တော်တော်လေးကို ပျော်သွားပါတယ်။ သမ္မတကြီးကိုလည်း အများကြီး ကျေးဇူးတင်မိပါတယ်။ သူများတွေက ဖုံးအကြောင်းတွေ ပြောနေတာ ခေတ်စားလို့ ဗိုလ်ကောင်းလည်း ခေတ်မီအောင်ဆိုပြီး ဖုံးအကြောင်းလေး ဝင်ပြောချင်မိပါတယ်။
     ဒီကို ရောက်ရောက်ချင်း ဖုံးဆိုင်မှာ ဖုံးကတ် သွားဝယ်ပါတယ်။ ဒီနိုင်ငံမှာ တယ်လီဖုန်း ကုမ္ပဏီပေါင်း ၁၅ ခုလောက် ရှိပေမယ့် ဗိုလ်ကောင်းတို့နေတဲ့ တောင်ပေါ် အပန်းဖြေစခန်း မြို့လေးမှာတော့ ဘီအက်စ်အန်အယ်လ် လို့ခေါ်တဲ့ ကွန်ယက်တစ်ခုပဲ ရှိပါတယ်။ တယ်လီဖုန်းကတ်လျှောက်လွှာမှာ နာမည် နိုင်ငံကူးလက်မှတ် အမှတ်၊ နေရပ်လိပ်စာ စတာတွေ တွေ ဖြည့်ပြီး ဓာတ်ပုံနှစ်ပုံ ပေးရပါတယ်။ တယ်လီဖုန်းကတ်ခ မြန်မာငွေ ၂၂၅၀ လောက် ကျပါတယ်။  ဖုံးကတ်ဝယ်ပြီးတာနဲ့ ချက်ချင်း ဆက်လို့ မရသေးပါဘူး။ အတည်ပြုဖို့ဆိုပြီး တစ်ပတ်လောက် စောင့်ရပါတယ်။ တစ်ပတ်လောက် ရှိတော့မှ ဖုံးစသုံးလို့ ရပါတယ်။

. . . တယ်လီဖုန်း ပျောက်ရင် ရဲစခန်းမှာ ချက်ချင်း တိုင်ချက်ဖွင့်ရပါတယ်။ ကိုယ့်တယ်လီဖုန်းကို တစ်ယောက်ယောက်က ယူပြီး မသမာမှု ကျူးလွန်ရင် ကိုယ့်ကို အမှုမပတ်ရအောင် ရဲကို သတင်းပေးထားရတဲ့ သဘောပါပဲ။ ပျောက်တဲ့ ဖုန်းကတ်ကိုလည်း ရဲစခန်းထောက်ခံချက်နဲ့ ချက်ချင်း သွားပိတ်ရပါတယ်။ နို့မဟုတ်ရင် ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းကတ်နဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ရင် ကိုယ့်မှာပဲ တာဝန်ရှိမှာ မို့လို့ပါ။

အင်တာနက်ကို သီးခြား ထပ်လျှောက်စရာ မလိုပါဘူး။ အင်တာနက် အသုံးပြုခ သွင်းလိုက်တာနဲ့ သုံးလို့ ရပါတယ်။ အင်တာနက် အသုံးပြုခက အချိန်နဲ့ မဟုတ်ဘဲ ပမာဏနဲ့ ဖြစ်ပါတယ်။ မြန်မာငွေ ၁၅၀၀ ဖိုးကို တစ်ဂစ် နဲ့ ၂၂၆ မီဂါဘိုက် ရပါတယ်။ တစ်လအတွင်း ကုန်အောင်သုံးစနစ် ဖြစ်ပါတယ်။ ကုန်သွားရင် ထပ်ဝယ်ထည့်လို့ ရပါတယ်။ ကြိုက်သလောက်သုံး ကျသလောက်ရှင်း စနစ် ဖြစ်ပါတယ်။ ဒါက တူးဂျီအတွက်ပါ။ သရီးဂျီဆိုရင် ဈေးကြီးပေမယ့် ဒီမြို့မှာတော့ သုံးရတာချင်း သိပ်မကွာလို့ တူးဂျီပဲ သုံးပါတယ်။ ဖုန်းဆက်ခက ပြည်တွင်း ကွန်ယက်တူချင်းဆိုရင် တစ်မိနစ်ကို မြန်မာငွေ ခုနစ်ကျပ်ခွဲလောက်ကျသင့်ပြီး ပြည်တွင်း တစ်ခြားကွန်ယက်ကို ဆက်မယ်ဆိုရင် တစ်မိနစ်ကို မြန်မာငွေ ဆယ့်ရှစ်ကျပ်လောက် ကျသင့်ပါတယ်။ မြန်မာပြည်ကို ဆက်ရင်တော့ တစ်မိနစ်ကို ၂၇၀ ကျပ်လောက် ကျသင့်ပါတယ်။ စာတိုပို့ရင် ပြည်တွင်း စာတိုတစ်စောင် ၃၀ ကျပ်လောက်ကျသင့်ပြီး မြန်မာပြည်ကိုပို့ရင် ၇၅ ကျပ်လောက် ကျပါတယ်။ တယ်လီဖုန်း ငွေဖြည့်တဲ့ စနစ်က မြန်မာပြည်မှာလို ကတ်စနစ်မျိုး မဟုတ်ဘဲ နီးစပ်ရာ စတိုးဆိုင် ကွမ်းယာဆိုင် တို့မှာ ပိုက်ဆံပေးပြီး ဖြည့်လို့ ရပါတယ်။ များသောအားဖြင့် ငွေ နှစ်ရာ့နှစ်ဆယ်ဖိုး ဖြည့်ရင် နှစ်ရာဖိုး စာရင်းဝင်ပါတယ်။ တစ်ခါတစ်လေတော့ အရောင်းမြှင့်ကာလဆိုရင် ကိုယ်ဖြည့်ရင် ဖြည့်တဲ့အတိုင်း စာရင်းဝင်ပြီး ဖြည့်တဲ့ပိုက်ဆံများရင် များသလို ပိုရတာလည်း ရှိပါတယ်။ တယ်လီဖုန်းအတွက် သတ်သတ်၊ အင်တာနက်အတွက် သတ်သတ် ဖြည့်ရတာပါ။
    တစ်ခုဆိုးတာက အင်တာနက် သုံးရင်း အင်တာနက် ပိုက်ဆံ ကုန်သွားတဲ့အခါ သုံးလက်စဆို ဘာသတိပေးချက်မှ မလုပ်ဘဲ တယ်လီဖုန်းငွေစာရင်းထဲက ပိုက်ဆံ ယူသုံးတာပဲ ဖြစ်ပါတယ်။ မြန်မာငွေ တစ်ထောင့်ငါးရာကို အင်တာနက် စာရင်းထဲကဆိုရင် တစ်ဂစ်ကျော် သုံးရပေမယ့် တယ်လီဖုန်းအကောင့်ထဲကဆိုရင် တော်တော်ကုန်လွယ်ပါတယ်။ ဒါကြောင့် အင်တာနက် ပိုက်ဆံကို ကုန်ခါနီးရင် သတိထားရပါတယ်။ နို့မဟုတ်ရင် တယ်လီဖုန်းစာရင်းထဲက ပိုက်ဆံက လျှောကနဲ ထွက်သွားတာ တော်တော်လေး နှမြောဖို့ ကောင်းပါတယ်။ ပထမဆုံး အဲသလို ကြုံရတုန်းက တယ်လီဖုန်းမဆက်ဘဲ ပိုက်ဆံတွေ ဖြတ်တယ်ဆိုပြီး တယ်လီဖုန်းဆိုင်ကို  သွားပြောတော့ စကားများရပါသေးတယ်။ သူတို့ကလည်း လိပ်ပတ်လည်အောင် မရှင်းပြနိုင်။ ကိုယ်ကလည်း သဘောသဘာဝကို မသိဆိုတော့ တော်တော်လေး တိုင်ပတ်ပါတယ်။ နောက် သိသွားတော့မှာ ဆင်ခြင်ရတော့တာပါ။ တကယ့်တကယ်တော့ ဒီမြို့မှာ တယ်လီဖုန်း ဆက်စရာက မယ်မယ်ရရ မရှိလှပါဘူး။ မြို့လေးကလည်း သေးသေးလေးဆိုတော့ တယ်လီဖုန်းဆက်ပြီး ပြောလောက်စရာ အကြောင်းအရာလည်း မရှိ၊ မြန်မာပြည်ကိုလည်း ဗိုင်ဘာနဲ့ပဲ ဆက်လို့ ရနေတော့ ဖုန်းဖိုးက တစ်ခါဖြည့်ထားရင် အင်တာနက်က ဆွဲမသုံးမချင်း မကုန်တော့ပါဘူး။ တယ်လီဖုန်းကိုင်တာလည်း မနက်အိပ်ယာထ နှိုးစက်ပေးဖို့ရယ်၊ အင်တာနက် သုံးဖို့ရယ်၊ ဟိုနားဒီနား သွားတဲ့အခါ ဂျီပီအက်စ် သုံးဖို့ရယ်၊ မြန်မာပြည်ကို ဗိုင်ဘာဖုန်းခေါ်ဖို့ရယ်ပဲ သုံးဖြစ်ပါတော့တယ်။
     တယ်လီဖုန်းလိုင်းတစ်ခုကို ဒီနေ့ ၁၅၀၀ ကျပ်နဲ့ ပေးနိုင်တယ်ဆိုတာ အရင်တုန်းက တယ်လီဖုန်းတစ်လိုင်းကို ဆယ့်ငါးသိန်း ပေးခဲ့တဲ့သူတွေ၊ ဆယ်သိန်း ပေးခဲ့တဲ့သူတွေ၊ ငါးသိန်း ပေးခဲ့တဲ့သူတွေ၊ နှစ်သိန်းခွဲ ပေးခဲ့တဲ့သူတွေ၊ နှစ်သိန်း ပေးခဲ့တဲ့သူတွေရဲ့ ကျေးဇူး မကင်းပါဘူး။ အဲသည် ပိုက်ဆံတွေနဲ့ တယ်လီဖုန်း အခြေခံ အဆောက်အအုံတွေကို တည်ဆောက်နိုင်ခဲ့လို့ ဒီနေ့မှာ ဒီဈေးနဲ့ ရောင်းနိုင်တာပါ။ ဗိုလ်ကောင်းအမြင် ပြောရရင် အရင်တုန်းက ဈေးကြီးကြီး ပေးခဲ့တဲ့သူတွေဟာ တယ်လီဖုန်း ကဏ္ဍမှာ အစုရှယ်ယာ ထည့်ဝင်ထားတဲ့ သဘောပါပဲ။ ဒါကြောင့် သူတို့ ထည့်ဝင်ထားတဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး အကျိုးခံစားခွင့် ရှိသင့်ပေမယ့် မရှိခဲ့ကြပါဘူး။ ဘာပဲပြောပြော သူတို့ကို အများကြီး ကျေးဇူးတင်သင့်ကြပါတယ်။ ဒီကြားထဲမှာ မသမာမှုတွေလည်း ရှိတန်သရွေ့ ရှိခဲ့မှာပါပဲ။ မသမာတဲ့သူတွေကတော့ သူတို့စိုက်တဲ့အသီး သူတို့စားရမှာပါ။ ဘာပဲ ပြောပြော ဒီကနေ့တော့ဖြင့် တယ်လီဖုန်းကတ်တွေကို နိုင်ငံတကာ စံချိန်မီတဲ့ဈေးနဲ့ ရောင်းချနိုင်ပါပြီ။ သိပ်မကြာတော့ခင် ကာလမှာ တယ်လီဖုန်းကွန်ယက်တွေ အများကြီး ဖြစ်လာတဲ့အခါ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် လုပ်ကြရင်း တယ်လီဖုန်း ခေါ်ဆိုခတွေ ပိုပြီး ဈေးချိုလာတော့မယ်လို့ ယုံကြည်ပါတယ်။ (9-4-2013)