Thursday, 19 March 2015
စာတမ်းနဲ့ မှတ်ချက်
ပြီးခဲ့တဲ့အတန်းတုန်းက တင်ရတဲ့ စာတမ်းတစ်စောင်နဲ့ ပတ်သက်ပြီး ဒီနေ့ ဆရာ့ကို သွားတွေ့ပါတယ်။ ဆရာ မှတ်ချက်ရေးထားတဲ့ မူရင်းစာတမ်းကို ပြန်ပေးလိုက်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာက Pogge ရဲ့ World Poverty and Human Rights စာအုပ်ထဲက Achieving Democracy ဆိုတဲ့ အခန်းကို ဝေဖန်သုံးသပ်တဲ့ စာတမ်းဖြစ်ပါတယ်။ မူရင်းပညာရှင် တင်ပြထားတဲ့ အယူအဆတွေနဲ့ ကိုက်ညီတာတွေရှိသလို မူရင်းပညာရှင် ရေးသားတင်ပြရာမှာ အားနည်းချက်ရှိတဲ့ လစ်ဟာချက်ရှိတဲ့ အချက်လေးတွေကို မြန်မာ့ဒီမိုကရေစီအကူးအပြောင်း အတွေ့အကြုံနဲ့ ချိန်ထိုးသုံးသပ် ရေးသားခဲ့တာပါ။ ဆရာ့မှတ်ချက်က ပုံမှာ ပါတဲ့အတိုင်းပါပဲ။ သိပ်ကောင်းတဲ့စာတမ်းတစ်စောင်ပဲ ဆိုတာကတော့ ကျောင်းသားတော်တော်များများကို ပေးလေ့ရှိတဲ့ မှတ်ချက်လားတော့ မသိပါဘူး။ ကျွန်တော်ရေးတဲ့ စာတမ်းမှာ ရှေ့နောက် မညီတာလေးတွေကိုလည်း ထောက်ပြထားပါတယ်။ အကြိုက်ဆုံး မှတ်ချက်ကတော့ ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်းတစ်လျှောက် အတန်းထဲမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့တာကို အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဆရာ့မှတ်ချက်အရ ထောက်ပြထားတဲ့ အချက်လေးတွေကို ပြန်လည်မွမ်းမံပြီးရင်တော့ စိတ်ဝင်စားတဲ့ မိတ်ဆွေများ ဖတ်နိုင်အောင် ကျွန်တော့် ဘလော့စာမျက်နှာမှာ တင်ထားပေးမယ်လို့ စိတ်ကူးထားပါတယ်။ လောလောဆယ်တော့ အမြည်းအဖြစ်နဲ့ ကျွန်တော့်စာတမ်း နိဂုံးလေးကို ဖတ်ကြည့်ကြပါအုံး။
In this small paper, I made my arguments based on the work of Pogge. Some of his ideas are agreeable and some of his proposals have weaknesses. I tried to point out the shortcomings of his arguments and I proposed my own arguments on achieving democracy. In the developing countries like Myanmar, we are facing many challenges as Pogge had suggested and we need to consider how we could develop our democratic culture, and how we could deter the enemies of democracy. This paper made me consider those important factors very critically based on the real experience of my own country’s former authoritarian regime and current democratic transition. My conclusion is that it would be very hard to build a democratic society without active participation of the people.
ရွင်လန်းချမ်းမြေ့ကြပါစေဗျ
သူနိုင်ကိုယ်နိုင် အာဆီယံ-ဂျပန်
မြန်မာစကားပုံမှာတော့ သူနိုင်ကိုယ်နိုင်ဆိုရင် အပြိုင်ကြဲကြတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ယူကြပေမယ့် အင်္ဂလိပ်လို ၀င်းဝင်း ဆိုရင်တော့ သူလည်းနိုင် ကိုယ်လည်းနိုင် ဘယ်သူမှ အရှုံးမရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒီနေ့ တိုကျိုမှာလုပ်တဲ့ အာဆီယံ-ဂျပန်ဆက်ဆံရေးဆိုင်ရာ ပညာရှင်များ နှီးနှောဖလှယ်ပွဲကို သွားတက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ပညာရှင်မဟုတ်ပါဘူး စာသင်သားအဖြစ် သွားတက်တာပါ။ ဦးစီးကျင်းပတာကတော့ ကျွန်တော်တို့နေတဲ့ နီဂါးတားပြည်နယ်ရဲ့ ပြည်နယ်တက္ကသိုလ်ကပါ။ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်ပါတီက ၀န်ကြီးချုပ်ဟောင်း ယာဆူအိုဖူကူဒါ၊ ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ မြန်မာသံအမတ်ကြီး၊ နီဂါးဒါးပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ပြီး ပညာရှင်တွေထဲကတော့ နီဂါးဒါးတက္ကသိုလ် ဥက္ကဌ နဲ့ ကျွန်တော်တို့ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာမျိုး အပါအ၀င် အခြား ပါမောက္ခတွေ ပညာရှင်တွေနဲ့ ကျွန်တော်တို့ ကျောင်းက အရှေ့တောင်အာရှ ဘာသာရပ် စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ကြပါတယ်။
မနက်ဆယ်နာရီမှာ စမယ့် အစီအစဉ်အတွက် ကျောင်းကနေ မနက် ခြောက်နာရီမှာ ကားစထွက်ပါတယ်။ ဆယ်နာရီမထိုးခင် ပွဲကျင်းပမယ့် International House of Japan ကိုရောက်ပါတယ်။ ရောက်ပြီး မကြာခင် ပွဲစပါတယ်။ မနက်ပိုင်းမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေက နှုတ်ခွန်းဆက်စကားပြောတာ စာတမ်းဖတ်တာတွေ လုပ်ကြပြီး နေ့ခင်းပိုင်းမှာ ဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းခွဲပြီး လုပ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းက ဂျပန်ဘာသာနဲ့ နှုတ်ခွန်းဆက်စကား ပြောတဲ့အခါ ပထမဆုံး ပြောတဲ့စကားက သူအင်္ဂလိပ်လို မပြောနိုင်တာ သူ့နိုင်ငံပညာရေးစနစ် အမှားအယွင်းကြောင့်ပါတဲ့။ ၀န်ကြီးချုပ်ဟောင်းတစ်ယောက် အဲလိုပြောတာ အံ့သြမိပါတယ်။ နေ့ခင်းပိုင်း ဆွေးနွေးပွဲမှာ ယဉ်ကျေးမှု၊ စီးပွားရေး နဲ့ နိုင်ငံတကာဆက်ဆံရေး ဆိုပြီး တစ်ပိုင်းကို တစ်နာရီလောက်စီ ပညာရှင်တွေ သံအမတ်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ အဓိကထားပြီး ဆွေးနွေးခဲ့တဲ့ မေးခွန်းတွေကတော့ စီးပွားရေးကဏ္ဍမှာဆိုရင် ၁) လွတ်လပ်စွာကုန်သွယ်ရေးကို အာဆီယံနဲ့ ဂျပန်တို့ ဘယ်လောက် ခိုင်ခိုင်မာမာ လက်တွဲ ရုန်းကန်နိုင်ကြမလဲ။ ၂) သက်ကြီးရွယ်အိုတွေ ဦးရေများလာပြီး အသက်အရွယ်အချိုးအစားတွေ မညီမမျှဖြစ်လာတာကို အာဆီယံ-ဂျပန်တို့ ဘယ်လောက် တုန့်ပြန်ဆောင်ရွက်နိုင်ကြမလဲ။ ၃) အာဆီယံစီးပွားရေး အသိုက်အ၀န်းအကြောင်း ပြောကြတဲ့အခါ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံရေး၊ ဥာဏပစ္စည်းမူပိုင်ခွင့်၊ အလုပ်သမားရေးရာ၊ ငွေကြေး၊ ခရီးသွားလုပ်ငန်း၊ အကောက်အခွန် စသည်ဖြင့် ကိစ္စရပ်တွေထဲမှာ ဘယ်ဟာကို ဦးစားပေး တိုးတက်အောင် လုပ်ဆောင်ကြမလဲ။ ယဉ်ကျေးမှု ကဏ္ဍမှာဆိုရင် ၁) အာဆီယံ-ဂျပန်ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွေကို ဘယ်အတိုင်းအတာထိ မြှင့်တင်ဆောင်ရွက်နိုင်မလဲ။ ၂) အပြန်အလှန် ဘာသာစကား သင်ကြားမှုတွေကို ဘယ်လိုမြှင့်တင်လုပ်ဆောင်ကြမလဲ။ ၃) ကိုယ့်သားသမီးတွေကို အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားတစ်ခုခု ထပ်သင်တော့မယ်ဆို ဘယ်ဘာသာစကားကို သင်ပေးမှာလဲ။ နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာဆိုရင် ၁) အာဆီယံဂျပန် သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ဘယ်လောက် ခိုင်ခိုင်မာမာ လုပ်ဆောင်ကြမလဲ။ ၂) နိုင်ငံစုံအဖွဲ့အစည်းများရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့ အာဆီယံဂျပန် ဘယ်လောက် ခိုင်ခိုင်မာမာ လက်တွဲကြမလဲ။ ၃) တရုတ်-ဂျပန်ဆက်ဆံရေး အနာဂတ်ကို ဘယ်လို ပုံပေါ်စေချင်သလဲ။ ဆိုတာတွေပဲ ဖြစ်ပါတယ်။
တစ်ခြား ကျောင်းသားအချို့လိုပဲ ကျွန်တော်လည်း မေးခွန်းတစ်ခု မေးခွင့်ရခဲ့ပါတယ်။ ယဉ်ကျေးမှုကဏ္ဍ ဆွေးနွေးလို့ မပြီးသေးတဲ့အချိန်မှာ စီးပွားရေးကဏ္ဍက မေးခွန်းကို ထမေးလိုက်တော့ အူကြောင်ကြောင် ဂွတီးဂွတနိုင်တာတော့ ဖြစ်တာပေါ့လေ။ ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်းတုန်းက စာသင်ခန်းထဲမှာ အာဆီယံဆိုင်ရာ တင်ဆက်မှုတစ်ခုအပြီး ကျွန်တော် အမေးခံခဲ့ရတဲ့ မေးခွန်းကို ပြန်မေးတာပါ။ စီးပွားရေး စွမ်းဆောင်နိုင်မှုတွေ မညီမမျှ ဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေထဲမှာ အခု ၂၀၁၅ နှစ်ကုန်မှာ တည်ထောင်ရတော့မယ့် အာဆီယံ စီးပွားရေးအသိုက်အ၀န်း ဆိုတာကို အောင်အောင်မြင်မြင် ထုထောင်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော် အမေးခံရတုန်းက အကောင်းမြင်စိတ်နဲ့ ဖြေခဲ့ပေမယ့် ကိုယ့်အဖြေကို သံသယရှိလာလို့ ပညာရှင်တွေ စုံတုန်း မေးကြည့်လိုက်တာပါ။ တကယ်ဖြေစေချင်တဲ့ ပါမောက္ခတွေက အဖြေမပေးဘဲ အာဆီယံထဲက ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ မြန်မာသံအမတ်ကြီးတို့က ဖြေကြားပေးခဲ့ပါတယ်။ နှစ်ယောက်စလုံးက အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ဖြေကြတာချင်း တူပေမယ့် မြန်မာသံအမတ်ကြီးအဖြေကို နားထောင်ရတာ အားမရှိလှပါဘူး။
နေ့လည်စာကို ကြိုတင်မှာကြားထားရင် ယန်းနှစ်ထောင်က ဈေးကြီးလို့ဆိုပြီး နေ့လည် ထမင်းစားနားချိန်မှာ မိုးထဲရေထဲ အနီးအနားက စားသောက်ဆိုင်ကို အပြေးအလွှား သွားစားရတာ၊ ဂျပန်လိုမတတ်တဲ့ နှစ်ယောက် အင်္ဂလိပ်လိုမတတ်တဲ့ စားသောက်ဆိုင်မှာ မီနူးစာအုပ်က စားစရာရုပ်ပုံကို လက်ညှိုးထိုးပြပြီး နေ့လည်စာ မှာစားခဲ့ရတာ၊ စားသောက်ဆိုင်က ယန်းတစ်ရာ့ငါးဆယ်တန် ရေနွေးကြမ်း တစ်ခွက် မေတ္တာလက်ဆောင်တိုက်လိုက်တာ၊ ဆွေးနွေးပွဲ ခန်းမထဲမှာ လေအေးစက်ကို အနွေးစက်နဲ့ မှားဖွင့်ထားလို့ တစ်မနက်လုံး အေးစိမ့်စိမ့်ထဲမှာ ထိုင်နေခဲ့ရတာ၊ ဆွေးနွေးပွဲမှာ အိပ်ငိုက်တဲ့သူတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ကျီစားခဲ့တာ၊ ကားပေါ်မှာ မနက်စာ စားဖို့ လုပ်တာတဲ့ ဂျပန်ထမင်းဆုပ်ကို ညနေအပြန်မှာ အာလူးကြော်နဲ့ စားခဲ့ရတာ၊ အပြန်ကားခဏရပ်နားတဲ့ နေရာမှာ ၀က်သားခေါက်ဆွဲပြုတ် ပူပူနွေးနွေးစားဖြစ်ခဲ့တာ၊ အဆောင်ပြန်ရောက်ပြီး မကြာဘူး ပါမောက္ခမျိုးက မနက်ဖြန် မနက်အတန်းကို ကင်းလွတ်ခွင့်ပေးတဲ့ အီးမေးကို ဖတ်ပြီး ပျော်သွားရတာတွေကတော့ ဒီကနေ့အတွက် အမှတ်တရလေးတွေပေါ့ဗျာ။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ###
အလံခေါက်
တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားတဲ့ ညီငယ်လေး ဗိုလ်ကြီးရဲစည်သူအောင်ရဲ့ ဈာပနကို ကြည့်မိတော့ ပြောပြစရာလေး တစ်ခု ရှိလာလို့ပါ။ တပ်မတော်သားတစ်ယောက်ရဲ့ ဈာပနကို စစ်အခမ်းအနားနဲ့ သဂြိုလ်တာကို ပထမဆုံး မြင်ဖူးခြင်းပဲ ဖြစ်ပါတယ်။ ကျဆုံးရဲဘော်အလေးပြုခရာသံနဲ့ သေနတ်မြေစိုက် အလေးပြုနေတဲ့အခမ်းအနားကို ကြည့်ပြီး ဘယ်သူမှတော့ စိတ်ကောင်းနိုင်ကြလိမ့်မယ် မထင်ပါဘူး။ ဒီလိုကိစ္စတစ်ခုကို အကြောင်းပြုပြီး ရေးသင့်ရဲ့လားလို့လည်း အကြိမ်ကြိမ် စဉ်းစားမိပါတယ်။ တကယ်လို့ ဒီစာကြောင့် တစ်ယောက်ယောက် စိတ်အနှောင့်အယှက် ဖြစ်သွားမယ်ဆိုရင်လည်း ပိုပြီးကောင်းစေချင်တဲ့ အကြံပြုချက်အဖြစ် နားလည်ခွင့်လွှတ်ပေးဖို့ ကြိုတင် ပန်ကြားလိုပါတယ်။
စစ်ဘက်ဆိုင်ရာ ဈာပန အစီအစဉ် လုပ်ထုံးလုပ်နည်းကို ဘယ်လို ပြဌာန်းသတ်မှတ်ထားသလဲဆိုတာတော့ သေချာ မသိပါဘူး။ နောက်ဆုံး အလေးပြုနေတဲ့ စစ်သည်တွေ တန်းဖြုတ်သွားပြီးချိန်မှာ ခေါင်းတလားပေါ် အုပ်ထားတဲ့ နိုင်ငံတော် အလံကို ပြန်ရုပ်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးတဲ့အချိန်မှာ နိုင်ငံတော်အလံအသုံးပြုခြင်းဆိုင်ရာ တပ်မတော် စည်းမျဉ်းတစ်ခု ထုတ်ပြန်ထားတာ ရှိပါတယ်။ (နိုင်ငံတော်အလံ နည်းဥပဒေကို ပြောတာမဟုတ်ပါဘူး) တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ နိုင်ငံတော်အလံ အသုံးပြုပုံနဲ့ ပတ်သက်ပြီး အသေးစိတ်ပြဌာန်းထားတဲ့ စည်းမျဉ်းဖြစ်ပါတယ်။ အဲသည် စည်းမျဉ်းထဲမှာ နိုင်ငံတော်အလံကို ဘယ်လို ခေါက်ပြီး သိမ်းရမယ်ဆိုတာ ပါပါတယ်။ ခေါက်ရမယ့်ပုံစံကိုလည်း အမေရိကန်ရေတပ်က နိုင်ငံတော်အလံ ခေါက်နည်းကို ရည်ညွှန်းကိုးကားထားတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ အမေရိကန် စစ်ကားတွေထဲမှာ မြင်ဖူးနေကျ သုံးမြှောင့်ပုံ အလံခေါက်နည်းနဲ့ ခေါက်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲသည်လို အလံခေါက်တာ တစ်ယောက်တည်း ခေါက်လို့ မရပါဘူး။ အနည်းဆုံး နှစ်ယောက်က အလံအလျားလိုက်မှာ တစ်ဘက်ထိပ်စီကနေ ကိုင်ပြီး ခေါက်ရတာပါ။ အမေရိကန် ဇာတ်ကားတွေ ထဲမှာတော့ အဲသည် သုံးမြှောင့်ပုံ အလံခေါက်လေးကို ကျန်ရစ်သူမိသားစုထံ တရိုတသေ ပေးပါတယ်။ ခေါက်ပေးတဲ့သူတွေကတော့ ခေါင်းတလားကို ထမ်းလာတဲ့ ကျဆုံးစစ်သည်နဲ့ အဆင့်တူ စစ်သည်တွေက ခေါင်းတလား ဘေးနှစ်ဘက်မှာ ရပ်ပြီး အလံကို ခေါက်တာပါ။
ကျဆုံးစစ်သည်ကို သေသေချာချာ အလေးပြု အမိန့်တွေဘာတွေ ကျကျနန ပြန်ပြီးချိန်မှာ အလံခေါက်ဖို့ အမိန့်စဉ်တစ်ခု လိုနေသေးတယ် ထင်မိပါတယ်။ မြန်မာ့တပ်မတော်သားအပေါင်း တရားသော စစ်ပွဲများကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြပါစေ။
အမေ့သီချင်းသံအေးအေးလေးတွေ
. . . ခေတ်လူငယ်တစ်ယောက်အနေနဲ့ မြန်မာသံစဉ်တေးသွားလေးတွေကို မြတ်မြတ်နိုးနိုးရှိလှတယ်ဆိုတာ မဆန်းပေမယ့် တစ်ချို့ကတော့ အထူးအဆန်း လုပ်ပြီး မေးကြတယ်။ ကိုယ်ကိုယ်တိုင်လည်း သေချာတော့ မသိပေမယ့် အမေ့ရဲ့ ကျေးဇူးနဲ့ အခုလို မြန်မာသံစဉ် သီချင်းလေးတွေကို မြတ်နိုးတတ်လာတာလို့ ထင်ပါတယ်။ အမေက အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် သီချင်းတွေ တော်တော်များများကို သံနေသံထားနဲ့ အမြဲ ဆိုလေ့ရှိတယ်။ မာမာအေး သီချင်းတွေ လေဘာတီမမြရင် သီချင်းတွေ တင်တင်မြ သီချင်းတွေဆိုတာ အမေဆိုပြနေတာနဲ့ပဲ ငယ်ငယ်ကတည်းက အလွတ်နီးပါး ရနေခဲ့တာကလား။ စန္ဒယားလှထွတ်တို့ဘာတို့ကတော့ ကြီးလာခါမှ ကိုယ့်ဘာသာ နားထောင်ရင်း ကြိုက်တတ်သွားခဲ့တာ။ အမေဆိုပြတဲ့အထဲမှာတော့ ယောက်ျားသီချင်းက နည်းနည်းပဲ ပါတာလေ။
မှတ်မှတ်ရရ ဆယ်တန်းတုန်းကဆိုရင် စာကျက်တာကို ထိုင်စောင့်တတ်တဲ့ အမေက လက်ဘက်သုပ်ပေးရင်း စာကျက်နားတဲ့အချိန်မှာ သီချင်းတွေ ဆိုဆိုပြတတ်တာလေ။ အခုလည်း စာတွေဖတ်တာများလို့ ခေါင်းတွေပူလာတဲ့အခါ အမေရဲ့ သီချင်းသံအေးအေးလေးကို တောင့်တမိပါရဲ့ . . .
Humming Mom
------------------
When I was young, my mother used to hum Myanmar old songs, and I was very familiar with those songs. Most of the guys in our age seem to prefer modern songs to those classic ones, but I still love Myanmar old songs. Sometimes, it is rather strange for some of my colleagues and they want to know why I have such an unusual favourite. I think that I might be a successor of my mother's favourite. I miss my mom's humming tunes . . .

ယဉ်ကျေးပျူငှာ ကျွန်းသာယာ
Published in GSIR Tribune
2014 Fall Term Issue
ကျွန်တော့်မွေးရပ်မြေ အမိမြန်မာနိုင်ငံတော်ဟာ တစ်ချိန်တုန်းက ဂျပန်တွေရဲ့ အုပ်ချုပ်မှုအောက်ကို နှစ်နှစ်လောက် ကျရောက်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ဖက်ဆစ်ဂျပန်တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတွေ ပြဇာတ်တွေ ဇာတ်ထုပ်တွေနဲ့ ကျွန်တော်တို့တွေ ကြီးပြင်းခဲ့ရတာပါ။ ဒါပေမယ့်ဗျာ ဒီကနေ့ ဂျပန်လူမျိုးတွေကတော့ ကျွန်တော်တို့ သိခဲ့ရတဲ့ ရုပ်ရှင်ထဲက ဂျပန်လူမျိုးတွေလို လုံးဝမဟုတ်တော့ဘူးဗျာ။ ကျွန်တော်တွေ့တဲ့ ဂျပန်လူမျိုးတွေကတော့ လက်ဖျားခါရလောက်အောင် ယဉ်ကျေးဖော်ရွေကြပါပေရဲ့။
ဂျပန်တွေက ယဉ်ကျေးသိမ်မွေ့တာ သူတစ်ဘက်သားကို ကူညီတာတွေ အများကြီးပေမယ့် ခက်တာက ဂျပန်လူမျိုးအများစုက အင်္ဂလိပ်လို မပြောကြဘူးဗျာ။ ကျွန်တော်ကတော့ ဒီဂျပန်တွေ အင်္ဂလိပ်လို မပြောတတ်ဘူးဆိုတာ ယုံကိုမယုံဘူးဗျို့။ ဂျပန်စကားသိပ်မတတ်တဲ့သူတွေ၊ တစ်ချို့ဆို ဂျပန်စကား လုံးလုံးမတတ်တဲ့ နိုင်ငံခြားသားတွေကို သူတို့တွေ အင်္ဂလိပ်လိုပြောဆိုဆက်ဆံဖို့ ဘာလို့ နောက်တွန့်နေကြသလဲဆိုတာ စဉ်းစားလို့ကို မရဘူး။
ဂျပန်ကိုရောက်ခါက ရက်တွေတုန်းကတော့ တကယ့်ကို နေရထိုင်ရတာ အကျဉ်းအကျပ်ထဲ ရောက်နေသလိုပါပဲဗျာ။ အရင်နေခဲ့ထိုင်ခဲ့တာနဲ့ အခုနေထိုင်နေရတဲ့ ပုံစံက လုံးလုံး မတူဘူးကိုးဗျ။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းရှိတဲ့ မြို့သေးသေးလေးမှာတောင် စည်းစနစ်က ကြီးလွန်းလှတယ်လို့ အောက်မေ့မိတယ်။ စည်းကမ်းတွေ ကလနားတွေက များမှများတဲ့အပြင် စည်းကမ်းလိုက်နာမှုကလည်း ကောင်းကြတာအမှန်ပဲ။ အမှိုက်ပစ်ရင်တောင် အမှိုက်ပုံးက အမျိုးအစား လေးမျိုးခွဲပစ်ရတယ်။ လုပ်ငန်းဆောင်တာတွေကလည်း အတိအကျစီစဉ်ထား၊ လမ်းစည်းကမ်းကလည်း သိပ်ကို တိကျ၊ အချိန်မှန်လုပ်တယ်ဆိုတာကလည်း သူတို့ ဂုဏ်ယူတဲ့ ဓလေ့ဖြစ်နေတာကိုး။
နေ့လည်စာ စားချိန်ကတော့ ကျွန်တော် အပျော်ဆုံး အချိန်ပေါ့ဗျာ။ နေ့လည်စာချိန်ကတော့ မီးဖိုထဲမှာ တကယ့် နိုင်ငံစုံ ယဉ်ကျေးမှုပြပွဲလား အောက်မေ့ရအောင် နိုင်ငံစုံက အစားအသောက် ပြင်ဆင်တာတွေကို ကြည့်ရှုခံစားလို့ ရတာကိုးဗျ။ အဲသည်အချိန်ကတော့ တက္ကသိုလ်ကျောင်းဆောင်မီးဖိုထဲမှာ တစ်ကမ္ဘာလုံး လာစုဝေးနေကြသလိုပါပဲဗျာ။
ကျွန်တော် ထင်ပါတယ်။ ဂျပန်လူမျိုးတွေ၊ ကမ္ဘာအရပ်ရပ်က ကျောင်းလာတက်တဲ့ စာသင်သားတွေ ပြီးတော့ တောအထပ်ထပ် တောင်အသွယ်သွယ်နဲ့ သိပ်လှတဲ့ ကျွန်းသာယာ နိုင်ငံလေးကနေပြီး ဗဟုသုတတွေ အများကြီး သယ်သွားနိုင်မှာပါ။

အမေ ခေသူမဟုတ်
ကိုယ်တို့အမေ လေးတန်း စကောလားရှစ်ရတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ ပုံထဲမှာ ပါတဲ့ ဆရာကြီး ဦးထွန်းခင်ကိုတော့ ကိုယ်တို့ မီလိုက်ပါသေးတယ်။ ဆရာကြီးကို ကြောက်ရချက်ကတော့ ညညများဆို ဆရာကြီးက တုတ်တစ်ချောင်းကိုင်ပြီး ရွာထဲ လှည့်သတဲ့။ စာကျက်သံမကြားတဲ့အိမ်ကို မှတ်ပြီး နောက်နေ့ကျ ရိုက်သတဲ့။ ဘယ်နှစ်ယောက်အရိုက်ခံရသလဲဆိုတာ သေချာ မသိပေမယ့် ဆရာကြီး ကိုယ့်အိမ်နားရောက်ရင် ကိုယ့်စာကျက်သံ ဆရာကြီး မကြားမှာစိုးလို့ စာကို အကျယ်ကြီး အော်ကျက်ရသတဲ့ဗျာတို့ရေ။ အမေ့ရဲ့ အမေ ကျွန်တော်တို့အဖွား ဒေါ်ရင်ကတော့ စာမတတ်ပါ။ ရွာကို အသုံးလုံး လာသင်တော့ ရှက်လို့ဆိုပြီး ပုန်းနေတယ်ဆိုလား။ စာသင်ရမှာကြောက်လို့တဲ့။ အဲသည် စာမတတ်တဲ့ အဖွားက အမေစကောလားရှစ်ရတော့ မိဘလက်မှတ်ထိုးပြီး ပိုက်ဆံ ထုတ်ရမယ်ဆိုတော့ အမေက အဖွားကို တစ်ညလုံး နာမည်ရေး သင်ပေးရသတဲ့။ အဖွားက စာရေးစာဖတ်ဆိုလို့ မရင် ဆိုတဲ့ နာမည်လေးတစ်လုံးပဲ ရေးတတ်ခဲ့တာပါ။ လေးတန်းမှာ စကောလားရှစ် ရခဲ့ပေမယ့် အမေက ကျောင်းဆက်တက်ခွင့် မရခဲ့ပါဘူး။ ခုနစ်တန်းအောင်ပြီး အထက်တန်းကျောင်း ပြောင်းရမယ်ဆိုတော့ အဖွားတို့က မိန်းကလေး သေစာရှင်စာတတ်ရင် တော်ပြီဆိုပြီး အမေ့ကို ကျောင်းနုတ်ခဲ့ပါသတဲ့။ ခုနစ်တန်းပဲအောင်တဲ့အမေက သားသမီးခုနစ်ယောက်ကို ဘွဲ့ရတွေဖြစ်အောင် ကျောင်းထားခဲ့ပါတယ်။ အမေက စာလည်းသိပ်ဖတ်ပါတယ်။ တစ်ခုခုဆို အမေ့ကို မေးရတာ အခုထိပါပဲ။ သတင်းစာလည်း ပုံမှန်ဖတ်တော့ ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဘယ်ဟာက ဖြစ်သင့်မဖြစ်သင့်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အမေရယ်ပါ။ အသက်ကြီးပေမယ့် ရှေးအဖွားကြီး မဖြစ်ဘဲ အမြဲခေတ်မီနေတဲ့ အမေပါ။ အမေက မှတ်ဥာဏ်လည်း ကောင်းပါတယ်။ အမေ့နားမှာ နေရသခိုက်မှာ ရွာကအကြောင်းတွေ ပြန်ပြန်ပြောခိုင်း သေသေချာချာကို ပြောပြတတ်ပါတယ်။ အမေ့ရှေးစကားမှာ ကျွန်တော်တို့အတွက် မှတ်သားစရာ ဆင်ခြင်စရာတွေ အများကြီးပေါ့။ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်ကတော့ အမေ့ကျန်းမာရေး မကောင်းဖြစ်ခဲ့ပေမယ့် အခုတော့ ဒေါင်ဒေါင်မြည်နေပါပြီ။ အခုမှပဲ အမေလည်း ကျိုက်ထီးရိုး ဘုရားသွားဖူးရတာနဲ့။ ဗိုလ်ချုပ်ရာပြည့်ပွဲကို နတ်မောက်သွားနွှဲရတာနဲ့။ ရွှေစက်တော် သွားရတာနဲ့ တော်တော် ဟန်ကျနေပါပြီ။ အမေ့ကို မဇ္ဈိမဘုရားဖူး ပို့ပေးချင်ပါသေးတယ်။ အရင်တုန်းက အမေ့ဆီကို စာရေးရင် အမေ မသေသေးနဲ့အုံးလို့ ထည့်ထည့် ရေးဖြစ်ပါတယ်။ ကျွန်တော့်ကို ချစ်တဲ့အမေက ကျွန်တော့်စကားကို နားထောင်ရှာပါတယ်။ ကျန်းမာရေးမကောင်းဖြစ်ပြီး အိပ်ယာထဲ လဲနေရာကနေ ထူထူထောင်ထောင် ဖြစ်လာလိုက်တာ အခုဆို ဒေါင်ဒေါင်ကို မြည်နေရော။ ဒါကြောင့်ပြောတာ ဗိုလ်ကောင်းအမေ ခေသူမဟုတ်ပါဘူးဆိုတာ။ စကားမစပ် အမေရေ့ ဒီပုံလေးကို ကူးပြီး ဦးလေးမြင့်အောင်တို့ကို ပေးလိုက်အုံး။ ဟိုတစ်ခါ ကျောင်းမှာ ထူးချွန်ကျောင်းသားပုံတွေ ချိတ်မယ်ဆိုလို့ ဒီပုံကိုတောင်းတော့ မတွေ့လို့။ အခုမှ ပြန်တွေ့လို့။
ကံ့ကော်တွေပွင့်ကြပြန်ပြီလား

ကံ့ကော်တွေ ပွင့်ကြပြန်ပြီလား
.
. . . ငယ်ငယ်တုန်းကတော့ ကံ့ကော်ပန်းဆိုတာ ကိုယ်တွေအတွက် သိပ်ကိုမွှေးတဲ့ ပန်းတစ်မျိုးထက် မပိုခဲ့ဘူး။ မိန်းကလေးတွေက ပန်းကိုအခြောက်ခံပြီး ဝတ်ဆံဝါဝါလေးတွေကို သနပ်ခါးထဲ ထည့်လိမ်းကြ။ ဘုန်းကြီးကျောင်းမှာ ဆရာတော်မသိအောင် ခိုးခူးကြ။ ပန်းသူခိုးအချင်းချင်း ဖော်ကောင်လုပ်ကြလို့ ဦးဇင်းလေး ကြိမ်လုံးစာနဲ့မိပြီး အချင်းချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ကြရ။ အော် ငယ်ငယ်ကတည်းက အတော်ဂြိုဟ်မွှေခဲ့တာပါပဲလား
.
. . . ကံ့ကော်တောလို့ ခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ် ရောက်ပြန်တော့လည်း ကံ့ကော်ပန်းက သိပ်ကိုမွှေးတဲ့ ပန်းတစ်မျိုး ဆိုတာထက် အများကြီးပိုလာခဲ့တယ်။ တစ်နည်းအားဖြင့် မှော်အစွမ်းရှိတဲ့ ပန်းလေးဖြစ်ခဲ့တယ်။ ဒီပန်းလေးတွေကပဲ လူကို ရင်ခုန်အောင် အိပ်မပျော်အောင် ငေးငေးငိုင်ငိုင်ဖြစ်အောင် စာမကျက်နိုင်အောင် နောက်ပြီး ဆပ်ပလီထိအောင် ပြုစားနိုင်တဲ့ပန်းလေးတွေ ဖြစ်ရပြန်ရော။ ငယ်ငယ်က ဂြိုလ်မွှေခဲ့တာထက် အဆရာထောင် ပိုဆိုးတဲ့ ပန်းလေးဖြစ်လာခဲ့တာပေါ့
.
. . . ဆိုသော်ငြားလည်း ဒီပန်းလေးကို မုန်းတော့ မမုန်းရက်နိုင်ခဲ့ပါဘူး၊ သူ့ကို မမုန်းဘဲ တွယ်တာနေအောင် ညှို့ငင်နိုင်တဲ့ မှော်အစွမ်းကလည်း ကြီးပေတာကိုး၊ ကဗျာတွေရေးရင် သူအမြဲပါတယ်။ စာရွက်ကြားထဲမှာလည်း ကံ့ကော်ပန်းခြောက်လေးတွေ ကံ့ကော်ရွက်ခြောက်လေးတွေ အမြဲနေတယ်။ ကံ့ကော်ပန်းတွေ အပင်ပေါ်မှာ ဘယ်လောက်ပေါပေါ ဆန်းမောင်လာရောင်းတဲ့ ပန်းတွေတွေ့ရင် တစ်စည်းတန်သည် နှစ်စည်းတန်သည် ဝယ်ဖြစ်အောင် ဝယ်လိုက်ချင်သေးတာပဲ။ ဟိုကောင်မလေးကို ကံ့ကော်ပန်းလေး သုံးလေးပွင့်ဗန်းပြပြီး စကားပြောခွင်လေး ဖန်လိုက်ချင်သေးတာပဲ
.
. . . ကုန်ကုန်ပြောရရင် အိပ်ယာထ ပျင်းတဲ့ကြားက စောစောစီးစီး ကံ့ကော်ပန်းစည်းလေး ကိုင်ပြီး အဆောင်ကဆင်းလာမယ့် ကောင်မလေးကို စောင့်လိုက်ချင်သေးတာပဲ။ နောက်ဆုံး ကိုယ်ပေးတဲ့ပန်း ဘယ်သူမှ လက်ခံမယ့်သူ မရှိတဲ့တိုင် ဦးချစ်ဆိုင်က ချောင်ကျကျ စားပွဲတစ်လုံးမှာ ကံ့ကော်ပန်းစည်းလေးတင် ရေနွေးကြမ်းလေးငါးအိုး ကုန်အောင်သောက်ရင်း အသည်းကွဲသလိုလို ဘာလိုလိုနဲ့ ကောင်မလေးတွေရဲ့ ကရုဏာကို ချူလိုက်ချင်သေးတာ။
.
. . . ကိုယ်တွေကို သားတွေလို အရိပ်တကြည့်ကြည့်နေတဲ့ တီချယ်ဝင်းအတန်းထဲမှာ မျက်နှာမကောင်းရင် ရည်းစားနဲ့အဆင်မပြေဘူးလားမေးတဲ့အခါ အဆင်မပြေစရာ ရည်းစား မရှိပေမယ့် တီချယ့်ရှေ့မှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြချင်သေးတာ။ တောင်ငူဆောင်နဲ့ သိပ္ပံဆောင်ကို အကြောင်းမရှိ အကြောင်းရှာ ကူးချည်သန်းချည်လုပ်ရင်း အဓိပတိလမ်းတစ်လျှောက်မှာ ကံ့ကော်ပန်းလက်ခံမယ့် ကောင်မလေး တစ်ယောက်ယောက်များ တွေ့လိုတွေ့ငြား ကျီးကန်းတောင်းမှောက် လျှောက်ကြည့်မိအောင်ဖြစ်ခဲ့ရတာလည်း အရင်းစစ်လိုက်ရင် ဒီပန်းတွေရဲ့ ပယောဂ မကင်းဘူးပေါ့လေ
.
. . . ဒီလိုနဲ့ မြကျွန်းညိုညိုမှာ သုံးနှစ်သာ ကွန်းခိုလာခဲ့တာ ကျောင်းဆင်းတော့ ဆပ်ပလီ ဘွဲ့ရတာကလွဲလို့ စုံသင့်တာ မစုံခဲ့တာဆိုရင်လည်း ဒီပန်းတွေကိုပဲ ရမယ်ရှာရမယ်ထင်တယ်။ တကယ်ဆို ရဲရင့်တဲ့သူတွေက ဘာမှ တွေဝေမနေဘဲ ကျောင်းလည်းပြီး ကြင်ယာလည်းစုံဖြစ်နေတဲ့အချိန်မှာ ကံ့ကော်မှိုင်းမိပြီး တွေဝေနေခဲ့မိတဲ့ ကိုယ်တွေကသာ ကျောင်းကိုလာတော့ တစ်ယောက်တည်း ကျောင်းကပြန်တော့လည်း တစ်ယောက်တည်းဇာတ်ကို ကခဲ့ရတာ။
.
. . . ပြီးခဲ့တဲ့ နာဂစ်တိုက်တုန်းက မိန်းထဲမှာ ကံ့ကော်ပင်တွေ တော်တော်များ ပါသွားတယ်ကြားတော့ အင်း ငါ့ကို ဒုက္ခပေးခဲ့တဲ့ အပင်တွေ မုန်တိုင်းထဲပါတာ နည်းတောင် နည်းသေးတယ် အောက်မေ့မိတယ်။ ဒါပေမယ့် ထင်သလို မဟုတ်ပါဘူး၊ နောက်တစ်ခေါက် ကျောင်းထဲရောက်လို့ ကြည့်မိတော့ အသက်ပြင်းတဲ့ ကံ့ကော်တွေ ကိုယ်တွေ နေခဲ့တုန်းကထက်တောင် ပိုပြီး ဝေနေသလိုလို။ ကံ့ကော်တောကို မျက်မှန်စိမ်းတပ်ပြီး ကြည့်မိတဲ့ ကိုယ့်ကိုတောင် လှောင်ချင်ပြောင်ချင်နေကြသလိုလို။
.
. . . အခုလည်း ကံ့ကော်တွေ ပွင့်ကြပြန်ပြီတဲ့လား၊ ဒီလောက်နှစ်တွေအကြာကြီး ပွင့်ပြီးတာတောင် ပွင့်စရာပန်းတွေ မကုန်နိုင်သေးဘူးတဲ့လား
.
မောင်လွမ်းဝေ
၁၉ မတ် ၂၀၁၅

Subscribe to:
Posts (Atom)