Monday, 24 March 2014
တရုတ်ရဲ့ ဦးဆောင်မှုကို ကမ္ဘာကြီးက လိုအပ်နေပြီလား
  နိုင်ငံတကာရေးရာမှာ ဘာသိဘာသာနေခဲ့တဲ့ တရုတ်ဟာ အခုတော့ တက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။
    တရုတ်သမ္မတ ဇီကျင့်ဖျင်က ပိုပြီးတက်တက်ကြွကြွ လုပ်ရမယ် ပိုပြီးဦးဆောင်ဦးရွက် ပြုရမယ် ကမ္ဘာကြီးကို မျှဝေရမယ် စသည်ဖြင့် ပြောကြားခဲ့တာတွေ။ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက နိုင်ငံခြားအကူအညီတွေပေးဖို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့၊ နျူမပြန့်ပွားရေး လုပ်ဆောင်ဖို့ နဲ့ ဒေသတွင်း လုံခြုံရေးလုပ်ငန်းစဉ် စတာတွေအတွက် တရုတ်တို့က ပိုမိုတာဝန်ယူသွားဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့တာတွေဟာ သိပ်မကြာသေးခင်ကမှပါ။
    တစ်ခြားကိစ္စရပ်တွေမှာလည်း အလားတူပါပဲ။ အရှေ့အာရှဒေသ မှာ လုံခြုံရေး လုပ်ငန်းစဉ်တစ်ခု တည်ထောင်ဖို့ ၀န်ကြီးချုပ် Li Kequang က မကြာသေးခင်က ပြောကြားခဲ့တာတွေ၊ အီရန် နဲ့ မြောက်ကိုရီးယား နျူကလီးယား  အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် တရုတ်အရာရှိကြီးတွေ ကြိုးပမ်းခဲ့တာတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်တို့ကို ပခုံးချင်းယှဉ်နိုင်ဖို့အတွက် BRICS နိုင်ငံတွေနဲ့ လက်တွဲပြီး ကိုယ်ပိုင်ဘဏ်တစ်ခု တည်ထောင်ဖို့ ကြိုးစားနေတာတွေအပြင် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ လက်တွဲပြီး နိုင်ငံတကာ လုံခြုံရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ကာကွယ်ဖို့အတွက် တာဝန်ယူ လုပ်ဆောင်တာတွေကိုလည်း တွေ့နေရပါတယ်။
    အမေရိကန်အနေနဲ့လည်း ဘဏ္ဍာရေးလိုငွေပြနေတာ နိုင်ငံတကာ နိုင်ငံရေးကနေ ဆုတ်ခွာနေရတာ တွေကြောင့် အမေရိကန် ထီးရိပ်အောက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့တယ်ဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ။ အမေရိကန်ကလည်း ကမ္ဘာကြီးကို ဦးဆောင်မယ့်သူတွေ လိုချင်နေတာပါ။ ဥရောပအနေနဲ့ကလည်း သူ့အကြွေးပြဿနာတွေနဲ့ နစ်နေပြီး ဂျပန်ကလည်း နှစ်နှစ်ဆယ်ကျော်ကြာ စီးပွားရေးရပ်တန့်နေရာက နာလံထခါစ ရှိနေပါသေးတယ်။ တရုတ်ကတော့ ၂၀၀၈ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကနေ မြန်မြန်ဆန်ဆန် ရုံးထနိုင်ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်နေပါပြီ။   
    တရုတ်ရဲ့ ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးရာ ပညာရှင်တွေအားလုံးကတော့ တညီတညွတ်တည်း သဘောတူကြတာ မဟုတ်ပါဘူး
    ပထမတစ်ချက်အနေနဲ့ ပြောရရင် ဦးဆောင်မှုယူတယ်ဆိုတာ လွှမ်းမိုးချယ်လှယ်တာနဲ့ ကွာခြားလှပါတယ်။ တရုတ်က ဦးဆောင်မှု ယူတယ်ဆိုတာ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးကို လွှမ်းမိုးခြယ်လှယ်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တရုတ်ရဲ့ သဘောဆန္ဒတွေကို တစ်ခြားနိုင်ငံတွေကို မသွတ်သွင်းသင့်သလို လုပ်မှာလည်း မဟုတ်ပါဘူး။
အဲသည်လို လုပ်ဆောင်မှုမျိုးတွေရဲ့ နာကျင်စရာ သင်ခန်းစာတွေကို ၁၈၄၀ ကတည်းကစပြီး အနောက်နဲ့ ဂျပန်နိုင်ငံတွေဆီက ရခဲ့ပြီးပါပြီ။ နောက်ပြီး  သပ္ပနပေါင်းစုံ ပြဿနာတွေ ရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့အတူ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့အပြင် တရုတ်ကိုယ်တိုင်ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုသာ ဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့လို့ တရုတ်ဟာ တစ်ခြား ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး
    ဒုတိယတစ်ချက်ကတော့ တရုတ်ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဦးဆောင်ဖြေရှင်းနိုင်စွမ်း မရှိသေးပါဘူး။သူ့မှာ ရှိတဲ့ စွမ်းရည်နဲ့ အရင်းအမြစ်တွေဟာ နှစ်ပေါင်းများစွာတိုင် အကန့်အသတ် ရှိနေအုံးမှာပါ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ အရှေ့အာရှလူမှုအဖွဲ့အစည်း တည်ထောင်ခြင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကူအညီ အထောက်အပံ့များပေးခြင်း နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတဲ့ နယ်ပယ်တွေမှာပဲ စတင်ပြီး ဦးဆောင်မှု ယူမယ်ဆို ယူနိုင်မှာပါ။
    တတိယတစ်ချက်အနေနဲ့ တရုတ်က ဦးဆောင်မှုတော့မယ်ဆိုရင် ပဋိပက္ခတွေများ ဖြစ်တော့မလားလို့ စိုးရိမ်ကြတာလည်း ရှိနေပါတယ်။ တရုတ်ရဲ့ ဦးစီးဦးဆောင် လုပ်ရပ်တွေကို အမေရိကန်က ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင်တော့ ဒီလို ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တရုတ်ရဲ့ ဦးဆောင်ဦးရွက်ပြုမှုတွေက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကောင်းရာကောင်းကျိုးတွေ ပိုမိုဖြစ်ထွန်းစေမှာ ဖြစ်ပြီး အာရှတိုက်ကို ပိုမိုတည်ငြိမ် ငြိမ်းချမ်းစေမယ့်အပြင် တရုတ်ပြည်ကြီးကိုလည်း ပိုမိုလုံခြုံစေပြီး ပိုမို ယုံကြည်မှု ရှိစေမှာ ဖြစ်ပါတယ်။
    စတုတ္ထအချက်အနေနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ တရုတ်က သိပ်ပြီး တက်တက်ကြွကြွ လုပ်နေရင် တရုတ်ပြည်တွင်း လူမှုရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို လစ်ဟင်းသွားမှာလား စိုးရိမ်နေကြသူတွေက တရုတ်ပြည်ထဲမှာကို ရှိနေပါတယ်။ ဒီအကြောင်းပြချက်ကတော့ သိပ်ပြီး လက်ခံနိုင်စရာ မရှိလှပါဘူး။ တာဝန်ယူမှလည်း သြဇာအာဏာဆိုတာ ရှိလာမှာပဲလေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တရုတ်ရဲ့ ပါဝါက သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြစ်ထွန်းမှုနဲ့ စီးပွားရေး ပွင့်လန်းမှုတို့ကနေပြီး အမြတ်အများဆုံး ထွက်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုအချိန်ဟာဆိုရင် တရုတ်အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည်မျှဝေရမယ့် အခါကောင်း ကျရောက်နေပါပြီ။     
    ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ ဦးဆောင်မှု ယူတော့မယ်ဆိုရင် တရုတ်အနေနဲ့ ပြည်တွင်း စီးပွားရေး၊ နိုင်ငံရေး နဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်လိုပဲ ပြည်တွင်းအောင်မြင်ဖြစ်ထွန်းမှုတွေကနေ အစပြုပြီး ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ရယူရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်တွင်းမှာ ဂျီဒီပီ တိုးတက်ရေး ဇောင်းပေးလုပ်ဆောင်နေရာက စိတ်အားတက်ကြွမှုတွေ အားကောင်းမောင်းသန်ဖြစ်လာစေရေး ပြောင်းလဲ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းကာက လက်ရှိသမ္မတ ရှီကျင့်ဖျင်ဟာ ဒီပြဿနာတွေကို ကောင်းကောင်း နားလည် သဘောပေါက်ပြီး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားပြီး ဖြစ်ခြင်း ဖြစ်ပါတယ်။
    အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ပေါင်းလိုက်ရင် တရုတ်ရဲ့ ဦးဆောင်မှုကို တစ်ချို့နိုင်ငံတွေက လိုလားချင်မှ လိုလားမယ်ဆိုတာ ပေါ်လွင်ပါတယ်။အလျင်အမြန် ဖွံ့ဖြိုးလာတဲ့ တရုတ်ဟာ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တစ်ခုကို ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရသွားပြီဆိုတာကို  နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အသိအမှတ်ပြုဖို့ လိုပါတယ်။ ပိုမိုတည်ငြိမ်ပြီး ပိုမို ကြွယ်ဝချမ်းသာလာတဲ့ ကမ္ဘာကြီးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံရဲ့ တက်တက်ကြွကြွ လိုလိုလားလား ဦးဆောင်မှုတွေကို လိုအပ်လာမှာ ဖြစ်ပါတယ်။
( ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက် The Diplomats မဂ္ဂဇင်းပါ ဆောင်းပါးရှင် Dinagding Chen ရေးသားသော The World Needs China's Leadership ဆောင်းပါးကို ပြန်ဆိုပါသည်)
Sunday, 23 March 2014
သူလည်းလေ လောကီသားပေမို့
ဒီနေ့ မြို့ထဲမှာ ပိတောက်ပင်ကြီးတစ်ပင် ထိန်နေအောင်ပွင့်နေတာ မြင်ခဲ့တယ်။ တစ်ချို့ကလည်း ပြောကြတယ် ပိတောက်ပန်းတွေက သစ္စာမရှိတော့ဘူးတဲ့။ ပွင့်ချင်တဲ့အချိန် ပွင့်နေကြပြီတဲ့။ အော် ခမျာမှာလည်း သူ့အကြောင်းနဲ့သူ ရှိရှာပေမပေါ့။ ဘာပဲဖြစ်ဖြစ်လေ သစ္စာရှိလို့ပဲ ပွင့်ပွင့် သစ္စာမရှိလို့ပဲ ပွင့်ပွင့် ပိတောက်ပန်းလေးတွေ ပွင့်နေတာ မြင်ရင်တော့ ခူးချင်ကြတာပဲ မဟုတ်လား။ တစ်နှစ်မှာ တစ်ခါသာ ပွင့်ခွင့်ကြုံကြရှာတဲ့ ပိတောက်ပန်းလေးတွေ အပင်ပေါ်မှာ လှကြပါစေတော့ မော်ကြကြွားကြ ပါစေတော့လို့ ကိုယ်ချင်းစာစိတ်ကလေးနဲ့ စိတ်မှ ကူးမိကြရဲ့လား။ ကဗျာဆရာ ဇော်ဂျီကတော့ ပိတောက်ပန်းလေးတွေ လှလှပပ ပွင့်နေတာများ မြင်ကြရင် မခူးချင်ကြစမ်းပါနဲ့တဲ့။ သူတို့တွေလည်း လောကီသားတွေပေမို့ လှချင်ပချင် မော်ချင်ကြွားချင်ကြရှာပေလိမ့်မယ်တဲ့။ ဆရာကြီး ဇော်ဂျီရဲ့ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံးဗျာ
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပ
ကြွားချင်လှ ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပွင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်။
တ၀ါဝါ ဆင်းသင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါချယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ
ဇော်ဂျီ
Wednesday, 19 March 2014
နွေဦးကာလ မြူထသောခါ
နွေဦးကာလ မြူထသောခါ
ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေေ၀
စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုံပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ်ယုန်ခါ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ ၀ံပုလွေ
မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်း သောင်းပြောင်းရော၍လွယ်
လင်ကတသွယ် ယုန်ငယ်ကစ
တောသတ္တ၀ါ တွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ ချသည်နှင့်လေး။
သို့နှင့်ရောက်က ခဏအောင့်လျှင်
တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင် အကင်ခတ်ပြီး
အိုးကင်းနှင့်လှော် ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ
သမီးနှင့်သား များလို့ မ၀င်သာ
ဒူးတဘက်ဟာ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ
ခွေးသာကျွေးတော့သည်။
တျာချင်း ၀န်ကြီးပဒေသရာဇာ
လတပေါင်း
ငွေသဲစိန်မှုန် စေတီဆင့်တဲ့ တပေါင်းလဘွဲ့လေးပါ
မြသွေးအခံ ပင်ယံပိန်းမှာ
ရွှေလိမ်းပြန်ကြ ဂုဏ်ပြိုင်ပြိုင်
သွေယိမ်းဟန်ပြ ပုံအကိုင်ဝယ်
လေသိမ်းမခိုင် ကြွေစလု
မရီတစ်ခါ့ ရီတစ်ခါငယ်
ကလီကမာ ညိုမင်းလွင်သို့စု
ကြိုင်ကြိုင်သင်းပျံ့ အင်ကြင်းချီသည်
ပင်မင်းရွှေဖီ ခါရတု
မြင်ကွင်းပီပီ လောင်စာနုနှင့်
တောင်ယာအပြု ခေတ်တစ်ပုံ
ပုလဲငွေရောင် သောင်ဗွေမော့မှာ
မောင်ဆွေမယ်ကြော့ ငှက်ပေါင်းညီလာစုံ။
ဖြေမရဲပ ကြေကွဲကြုံအောင်
ငွေသဲစိန်ခုံ စေတီဆင့်လို့
ဘရဂဏ္ဏီပွင့် ယုန်နှင့် ချိန်တာယာ
မိန်ဦးသာတင့်စွာ
ကာဠုဒါ့ကြောက်ဖွယ့်လျှာငယ်
ခြောက်ဆယ့်ဂါထာ စီကုံးပေရလေး။
ဦးပုည           တေးထပ်
တပေါင်းညှာကျင်
သရဖီရွှေခိုင်က လှိုင်ရှာလေကော ဆိုတဲ့ ကဗျာလေးပါခင်ဗျာ
တပေါင်းငယ်မှ ညှာကျင်
နွေဦးဆန်းသစ် ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ။
ဝန်းကျင်ငယ်မှပတ်ကုံး
တွန်ထူးဘာသာ ငှက်တို့မှာလည်း
စုကာရုံးလို့ ခြိမ့်အုံးငယ်ကျူးသီ
အမသံညောင်း သိုက်နန်းငယ်အောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က လှိုင်ရှာလေကော။
ညှာကြောငယ်မှဖူးသစ်
ရဂုံတခွင် သာပေါင်းငယ်ရှင်သည်
မင်းလွင်လှစ်လို့ မူးမြစ်ကယ် ကမ်းယံ
ငါးထွေငါးမြင်း ငါးပူတင်းတို့
သောင်ရင်းငယ်ဆန်သည် ငါးတန်ငယ်ဝဲခိုလို့
ပိုက်ခြေကိုဆင်း။
ပျော်ခင်းငယ်မှသာလှ သည်ချိန်ကျလျှင်
တောဝဂနိုင် စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျှံငွေ့ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ အလို သေရချည့်
စိတ်ဖြေလို့ မရနိုင် ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင် ရှင်သိကြားတို့ မာန်ထားရင်းလေ။
အဲချင်း                    ဦးယာ
Thursday, 6 March 2014
ပိတောက်ပန်း
ပိတောက်ပန်း
--------------
လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ
တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖန်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
 အေးရိပ်ဆာယာ
တစ်နှစ်တွင် သည်တစ်လပေပ
တစ်လတွင်တစ်ရက်တည်း 
ခက်ခဲတဲ့ ရက်ဗုဒ္ဓာ ပွင့်ရှာကြစုံမြိုင်တွင်း
မြူမင်းလွင်ထန် ကြူးသင်းတာချိန်ယံမတော့
ခါသင်္ကြန် ဂိန်မာန်ရောက်ပြီမို့
သိန်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပါဘိ
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း
(ရေးသူ မေ့နေလို့ပါဗျာ)
မျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြုံ
လတ်တုံမူ၊ တုံ့မယူလို၊ (စိတ်မြဲသို၍) ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။ ။
အနန္တသူရိယအမတ်ကြီး
(ကဗျာတွေ တင်ပေးတဲ့ ကိုကြီးအောင်သူရိန်ကို ကျေးဇူးတင်ပါတယ်ဗျ)