Sunday, 23 March 2014

သူလည်းလေ လောကီသားပေမို့



ဒီနေ့ မြို့ထဲမှာ ပိတောက်ပင်ကြီးတစ်ပင် ထိန်နေအောင်ပွင့်နေတာ မြင်ခဲ့တယ်။ တစ်ချို့ကလည်း ပြောကြတယ် ပိတောက်ပန်းတွေက သစ္စာမရှိတော့ဘူးတဲ့။ ပွင့်ချင်တဲ့အချိန် ပွင့်နေကြပြီတဲ့။ အော် ခမျာမှာလည်း သူ့အကြောင်းနဲ့သူ ရှိရှာပေမပေါ့။ ဘာပဲဖြစ်ဖြစ်လေ သစ္စာရှိလို့ပဲ ပွင့်ပွင့် သစ္စာမရှိလို့ပဲ ပွင့်ပွင့် ပိတောက်ပန်းလေးတွေ ပွင့်နေတာ မြင်ရင်တော့ ခူးချင်ကြတာပဲ မဟုတ်လား။ တစ်နှစ်မှာ တစ်ခါသာ ပွင့်ခွင့်ကြုံကြရှာတဲ့ ပိတောက်ပန်းလေးတွေ အပင်ပေါ်မှာ လှကြပါစေတော့ မော်ကြကြွားကြ ပါစေတော့လို့ ကိုယ်ချင်းစာစိတ်ကလေးနဲ့ စိတ်မှ ကူးမိကြရဲ့လား။ ကဗျာဆရာ ဇော်ဂျီကတော့ ပိတောက်ပန်းလေးတွေ လှလှပပ ပွင့်နေတာများ မြင်ကြရင် မခူးချင်ကြစမ်းပါနဲ့တဲ့။ သူတို့တွေလည်း လောကီသားတွေပေမို့ လှချင်ပချင် မော်ချင်ကြွားချင်ကြရှာပေလိမ့်မယ်တဲ့။ ဆရာကြီး ဇော်ဂျီရဲ့ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံးဗျာ

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပ
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပွင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်။

တ၀ါဝါ ဆင်းသင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါချယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ

ဇော်ဂျီ

No comments:

Post a Comment