Saturday 1 March 2014

လီကွမ်ယု ကျောင်းသားများနဲ့ စကားစမြည်


၂၅ ရက် ဖေဖေါ်ဝါရီ ၂၀၁၄ မနက်ပိုင်းမှာ စင်္ကာပူနိုင်ငံ Lee Kuan Yeu School of Public Policy က ကျောင်းသားတွေ ICoE ကို လာလည် ကြပါတယ်။ သူတို့ကျောင်းသားနဲ့ ကိုယ်တို့ကျောင်းသား၊ သူတို့ ဆရာမနဲ့ ကိုယ်တို့ဆရာဆရာမတွေ နေ့လည်စာ အတူစားကြပြီး စကားစမြည် ပြောကြ မေးကြမြန်းကြ ဖြေကြ အမြင်ချင်း ဖလှယ်ကြပေါ့။
ဗိုလ်ကောင်း စားပွဲမှာ တရုတ်ပြည်က ကျောင်းသားလေးတစ်ယောက်၊ မက္ကဆီကိုက ကျောင်းသူလေး တစ်ယောက်နဲ့ သီရိလင်္ကာက ကျောင်းသားတစ်ယောက်တို့ အတူတူ စကားပြောဖြစ်ကြပါတယ်။
မက္ကဆီကိုက ကျောင်းသူလေး မေးတာက မြန်မာ့တပ်မတော်ရဲ့ အကြီးမားဆုံး အပြောင်းအလဲက ဘာပါလဲ၊ မြန်မာ့တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာပါလဲတဲ့။
သီရိလင်္ကာ ကျောင်းသား မေးတာတွေက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအပေါ် တပ်မတော်ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ၊ ဒီမိုကရေစီ အိုင်ကွန်ဆိုသူအပေါ် ဘယ်လို မြင်ပါသလဲ ဆိုတာနဲ့ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ အဲဒီတာဝန်ကို ထမ်းဆောင်ရတာ စိတ်ကျေနပ်အားရမှု ရှိပါသလား ဆိုတာတွေ မေးကြပါတယ်။
သြစတေးလျနိုင်ငံ မားဒေါ့တက္ကသိုလ်က အင်ဒိုနီးရှား အရေး ကျွမ်းကျင်သူ ပါမောက္ခ ရစ်ချတ်ရော်ဘင်ဆင် ကတော့ မြန်မာ့လွှတ်တော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမတ်အရေအတွက် ကိုမေးပါတယ်။
ဒီမေးခွန်းတွေကို ကြည့်ရင် မြန်မာ့တပ်မတော်ရဲ့ လက်ရှိ ရပ်တည်ချက်များနဲ့ တော်တော်လေးကို ပတ်သက်တဲ့ မေးခွန်းတွေ ဖြစ်ပြီး စီကာပတ်ကုံး ပြောပြမှ လိပ်ပတ်လည်မယ့် မေးခွန်းတွေဆိုတာ သတိထားမိကြမှာပါ။
ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး စာရေးသူ ဘယ်လို ပြောပြဖြစ်ခဲ့တယ်ဆိုတာလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။ အောက်မှာ ကျွန်တော် ပြောပြခဲ့တာတွေကို စာဖတ်သူကို တိုက်ရိုက်ပြန်ပြောပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာက ကျွန်တော်ဟာ အိုင်စီအိုအီးရဲ့ ကျောင်းသားတစ်ယောက် သာဖြစ်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတစ်ယောက် မဟုတ်သလို တပ်မတော် ပြောရေးဆိုခွင့် ရှိသူတစ်ယောက်လည်း မဟုတ်ပါဘူး။ သာမန်ကျောင်းသား တစ်ယောက်အနေနဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်ကလေးတွေကိုပဲ ဆွေးနွေးသွားပါမယ်။
သြစတေးလျ ပါမောက္ခရဲ့ မေးခွန်းကတော့ အချက်အလက် သက်သက်မျှသာ ဖြစ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လွှတ်တော်အမတ် အရေအတွက် ဘယ်လို ရွေးကောက် ခန့်အပ်တယ်ဆိုတာကို တွက်ချက် ရှင်းပြလိုက်ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ အကြီးမားဆုံး အပြောင်းအလဲက ဘာပါလဲ ဆိုတာနဲ့ ပတ်သက်ပြီး ယေဘုယျ ပြောရရင် မြန်မာ့တပ်မတော်ဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်တော့ဘူး ဆိုတာပါပဲ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် အရင် တပ်မတော်အစိုးရ လက်ထက်မှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေ သိပ်မရခင်တုန်းက ပြည်ပအခြေစိုက် မီဒီယာများနဲ့ ပြည်တွင်း အတိုက်အခံများရဲ့ အဆိုးမြင် သဘောထားတွေ လွှမ်းမိုးနေတာ၊ နိုင်ငံပိုင် သတင်းစာတွေမှာလည်း တပ်တော်အစိုးရ ၀ါဒဖြန့်ချီရေး သဘောမျိုးတွေ ဖော်ပြတာတွေ ရှိခဲ့ပြီး အခုအခြေအနေမှာ လူတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့်တွေ ပိုရလာတာရယ် ဖေ့ဘုတ်လို လူမှုကွန်ယက်တွေ အားကောင်းလာတာရယ်က တစ်ဆင့် တပ်မတော်အပေါ် ထောက်ခံမှုတွေ ပြန်လည် မြင့်တက်လာတာ၊ တပ်မတော်အပေါ် အဆိုးမြင် တိုက်ခိုက်မှုတွေကို ပြန်လည်ချေပမှုတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာကို တွေ့မြင်နေရပါတယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံအုပ်ချုပ်ရေး ၀န်ထုပ်ဝန်ပိုး လျော့ပါးသွားတာကြောင့် တပ်မတော်ပိုင်းဆိုင်ရာတွေကို ပိုမို ဖိဖိစီးစီး လုပ်ဆောင်လာနိုင်ပြီး တပ်မတော် ရသုံးငွေကို လွှတ်တော်မှာ ဆွေးနွေးကြတာတွေ၊ တပ်မတော်ရဲ့ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းတွေကို ရုပ်သံတွေမှာ တင်ပြပေးတာတွေလိုမျိုး ပွင့်လင်းမြင်သာမှုတွေ ပိုမို ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက နယ်စွန်နယ်ဖျားတွေထိ သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးတာ၊ နိုင်ငံအတွင်းမှာ ကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရာယ်များမှာ ပြည်သူကို ၀င်ရောက် ကူညီပေးတာ၊ လုပ်ဆောင်ချက်များကိုလည်း ပြည်သူကို ပွင့်ပွင့်လင်းလင်း အသိပေး တင်ပြတာတွေကြောင့် ပြည်တွင်းရဲ့ အားပေး ထောက်ခံမှုတွေ ပိုရလာသလို တပ်မတော် ခေါင်းဆောင်များရဲ့ ပြည်ပ ခရီးစဉ်များ၊ မြန်မာပြည်ကို လာရောက်လေ့လာ လည်ပတ်တဲ့ ပြည်ပဧည့်သည်တော်များနဲ့ တွေဆုံရတဲ့ အခါမျိုးတွေ မှာလည်း မြန်မာ့တပ်မတော် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အသိပေးပြောကြား တာမျိုးတွေကြောင့် ပြည်ပနိုင်ငံများရဲ့ ယုံကြည်အားပေးမှုကိုလည်း ပိုမို ရရှိနေတာကို တွေ့ရပါတယ်။ ဒါတွေကတော့ မြန်မာ့တပ်မတော်ရဲ့ သိသာ ထင်ရှားတဲ့ အပြောင်းအလဲများလို့ ထင်မြင်မိပါတယ်။
မြန်မာ့တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာပါလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း စာရေးသူရဲ့ အမြင်လေးတွေကို ပြောပြချင်ပါတယ်။ တကယ့်တကယ်တော့ ပြုပြင်ပြောင်းလဲတာပဲ ဖြစ်ဖြစ် တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်တာပဲ ဖြစ်ဖြစ် အခက်အခဲ စိန်ခေါ်မှုတွေဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ မြန်မာ့တပ်မတော်ကလည်း ချွင်းချက်တစ်ခု မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ၀ိသေသ တစ်ခုက တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ လုပ်ငန်းတာဝန်တွေကို အောင်အောင်မြင်မြင် ဆောင်ရွက်လို့ ရတာ ဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေ တိုးပြီးရနေတဲ့ တစ်ချိန်တည်းမှာပဲ တပ်မတော်က ဘာပဲလုပ်လုပ် အဆိုးမြင်သဘောနဲ့ ပုတ်ခတ်နေတာ၊ မတစ်ရာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တပ်ဖွဲ့ဝင်တစ်ချို့ရဲ့ စည်းကမ်းဖောက် ဥပဒေချိုးဖောက်မှုတွေကို အကြောင်းပြုပြီး တပ်မတော်ကို ရစရာမရှိအောင် ပုတ်ခတ် တိုက်ခိုက်တာ၊ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ စည်းကမ်းချိုးဖောက်မှုကို ခွင့်မလွှတ်ဘဲ ထိထိရောက်ရောက် အပြစ်ပေး အရေးယူတာတွေကို မျက်ကွယ်ပြုပြီး စည်းကမ်းချိုးဖောက်မှုတွေကို တပ်မတော်က အားပေးအားမြှောက် ပြုနေသယောင်၊ လျစ်လျှူရှုနေသယောင် ပုတ်ခတ်ပြောကြားနေတဲ့ သူတစ်ချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးရှုံးနေတာကတော့ တပ်မတော် ဒီနေ့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုလို့ ထင်မြင်မိပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ပြင်စရာမလိုလောက်အောင် ပြည့်စုံပါတယ်လို့ ပြောတာ မတွေ့မိသလို ပြင်ဆင်ဖို့ကို ယေဘုယျ သဘောတူထားကြတာကို တွေ့ရပါတယ်။ ကိုယ်ပိုင် ထင်မြင်ချက် ပေးရရင်တော့ ကမ္ဘာပေါ်မှာ ပြင်စရာမလိုလောက်အောင် ကောင်းမွန်ပြည့်စံတဲ့ အခြေခံဥပဒေဆိုတာ မရှိသလို ဘယ်တော့မှလဲ ရှိလာမှာ မဟုတ်ပါဘူး။ မြန်မာ့ အခြေခံဥပဒေကို အဆောတလျင် ပြင်ဆင်ဖို့ ကြိုးစားတာထက်စာရင် လက်ရှိအခြေခံဥပဒေရဲ့ ပေးထားချက်တွေကို အသက်ဝင်အောင် အရင်ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။ တကယ်သာ အသက်မ၀င်ဘူးဆိုရင် ဘယ်လောက် ကောင်းအောင် ရေးထားရေးထား စက္ကူထပ်တစ်ခုထက် ပိုမှာ မဟုတ်ပါဘူး။          သီရိလင်္ကာကျောင်းသားက ဒီမိုကရေစီ အိုင်ကွန်ဆိုသူနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ကို မေးပါတယ်။ ကျွန်တော့် သဘော ပြောရလို့ရှိရင် မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် ဘယ်သူပဲ လုပ်လုပ် အားပေးပါတယ်။ လုပ်နိုင်တဲ့သူတွေ လုပ်ကြတာကိုလဲ လှိုက်လှိုက်လှဲလှဲ သာမက တိုက်တိုက်တွန်းတွန်းကို အားပေးထောက်ခံပါတယ်။ မြန်မာနိုင်ငံလို ပွင့်လင်းစ နိုင်ငံတစ်ခုမှာ လိုအပ်ချက်တွေကလည်း ဘက်ပေါင်းစုံမှာကို ရှိနေပါတယ်။ အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး စတဲ့ အစိုးရဒေါက်တိုင်ကြီးတွေ အားလုံးမှာ လုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင် ရှိနေပါတယ်။ ဆိုလိုတာကတော့ အုပ်ချုပ်ရေး အကြီးအကဲ ရာထူးလိုမျိုး နိုင်ငံအတွက် ထိထိရောက်ရောက် လုပ်နိုင်တဲ့ ရာထူးနေရာတွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အဲသည် အိုင်ကွန်ဆိုသူ အနေနဲ့ တကယ်လည်း စေတနာရှိတယ်ဆိုရင် အုပ်ချုပ်ရေးအကြီးအကဲ ရာထူးနေရာကို မရ ရအောင် နိုင်ငံရေး အကျပ်အတည်း ပြည်သူလူထု အကျပ်အတည်း အဖြစ်ခံပြီး လုပ်မယ်ဆိုရင် မြန်မာ့ဖွံ့ဖြိုးရေးအတွက်ရော၊ ဒီမိုကရေစီရေးအတွက်ရော အလျော်အစား ကြီးမားလွန်းလှပါတယ်။ နောက်တစ်ခုက တိုင်းတစ်ပါးသားနဲ့ ဆွေမျိုးတော်စပ်မှုအရ ပတ်သက်ဆက်နွယ်နေသူကို  မြန်မာ့ဥသျှောင်ရာထူးနေရာတစ်ခုမှာ တင်မြှောက်ပေးဖို့ဆိုတာ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အိုင်ကွန်ဆိုသူမှာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိရှိ တိုးတက်ရေးအတွက် အရည်အချင်းကောင်းတစ်ချို့ ရှိနေနိုင်တယ်လို့ ခန့်မှန်းမိပေမယ့် သန်းခြောက်ဆယ်ကျော်သော မြန်မာပြည်သားတို့ရဲ့ အထွတ်အထိပ် ရာထူးနေရာနဲ့ ထိုက်တန်သူတစ်ယောက်လို့ ယူဆထားခြင်းတော့ မရှိပါကြောင်း ပြောချင်ပါတယ်။
သီရိလင်္ကာကျောင်းသားရဲ့ ဒုတိယ မေးခွန်းဖြစ်တဲ့ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ အဲဒီတာဝန်ကို ထမ်းဆောင်ရတာ စိတ်ကျေနပ်အားရမှု ရှိပါသလား ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာမို့ သူတို့နဲ့ တွေ့မှသာ မေးကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အခြားသော ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ပုဂ္ဂိုလ်ရေး ဆက်ဆံရေးတွေလည်း ထူးထူးခြားခြား အခက်အခဲရှိတယ်လို့ မကြားမိပါဘူး။ အမျိုးသားလွှတ်တော် ဥက္ကဌရဲ့ မှတ်ချက်တစ်ခုကို ကိုးကားဖော်ပြရရင် တပ်မတော်သားဆိုတာ လွှတ်တော်အမတ်လုပ်ဖို့ လေ့ကျင့်ထားတဲ့သူတွေ မဟုတ်ပါဘူး။ တပ်ထဲမှာလည်း လုပ်စရာအလုပ်တွေ အများကြီးပါ၊ အချိန်တန်ရင် စစ်တန်းလျား ပြန်ကြမယ့် သူတွေပါ ဆိုတာရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြည်ပခရီးစဉ်တစ်ခုမှာ ပြောကြားခဲ့ သလို တပ်မတော်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်း နောက်ဆုတ်သွားမှာပါလို့ သဘောရတဲ့ စကားတွေရယ်ကို ဆက်စပ်ကြည့်လိုက်ရင် လွှတ်တော်ထဲက တပ်မတော်သားတွေက ထာဝရ ရှိနေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
ဒါတွေကတော့ သူတို့ မေးမြန်းချက်တွေနဲ့ စာရေးသူရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေပဲ ဖြစ်ပါတယ်။ ဒီလောက်တောင် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားရင် နေပြည်တော်သွားပြီး လွှတ်တော်ကို သွားလေ့လာသင့်တယ်လို့ ပြောတော့ မနက်ဖြန် လွှတ်တော်သွားပြီး လေ့လာမှာပါတဲ့။ လွှတ်တော်မှာ အထက်လွှတ်တော်ဥက္ကဌနဲ့လည်း တွေ့မယ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မယ်လို့ ဆိုပါတယ်။ ဒီမေးခွန်းတွေကို သူတို့ကိုလည်း မေးကြည့်သင့်တယ်လို့လည်း အကြံပေးလိုက်ပါသေးတယ်။

1 comment:

  1. စိတ်ဝင်စားစရာကောင်းတယ်.

    ReplyDelete