Wednesday 5 March 2014

ပျဉ်းမငုတ်တို


ဖုထစ်ရွတ်တွ ငှက်လင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း။

ကုန်းမိုကမ်းပါး မြေပပ်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ခွဆုံအကွေး သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်

ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။ ။

( မင်းသုဝဏ် )

(ကဗျာတွေ တင်ပေးတဲ့ ကိုကြီးအောင်သူရိန်ကို ကျေးဇူးတင်ပါတယ်ဗျ)

No comments:

Post a Comment