Thursday, 16 July 2020

အမှောင်ထဲမှာ


 အမှောင်ထဲမှာပဲနေချင်တယ်
စမ်းတဝါးဝါးလျှောက်ရင်း
တစ်ချိန်ချိန်တော့ရောက်မှာပဲဆိုတဲ့
မျှော်လင့်ချက်ကိုမီးအိမ်လုပ်ပြီး
ယုံကြည်တဲ့ခြေလှမ်းတွေနဲ့
မမြင်မစမ်းလို့ပဲဆိုစေအုံးတော့
ပျော်ပျော်ရွှင်ရွှင်နဲ့
လျှောက်နေချင်တယ်


ဘွားကနဲပေါ်လာတဲ့အလင်းရောင်
ခဏတာမျက်စိကျိန်းပြီး
ပြန်ဖွင့်ကြည့်လို့
ဘေးဘီဝဲယာကြည့်ခါမှ
လမ်းမှားရောက်နေတာသိရသလိုမျိုးတော့
အလင်းလာမပြကြပါနဲ့


အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်
ဆက်လျှောက်နေပါရစေ


ထပ်ပြောပါမယ်


ချောက်ထဲကျခါမှကျရော
အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်ဆက်လျှောက်နေပါရစေ


လမ်းအပျောက်မှာ
ဆက်လျှောက်သူ

Saturday, 11 July 2020

ဇွဲကပင်တောင် Werther effect

 

. . . ဂျပန်နိုင်ငံ တိုချီဂီပြည်နယ် နစ်ကိုးအမျိုးသားဥယျဉ်ထဲမှာ ချူဇန်းဂျိဆိုတဲ့ ရေအိုင်ကြီးတစ်ခုရှိတယ်၊ အဲသည်ရေအိုင်ကြီးထဲက ရေတွေဟာ ပေ ၃၀၀ ကျော်နက်တဲ့ချောက်ကြီးထဲကို စီးထွက်သွားပြီး သိပ်ကိုလှပတဲ့ ရေတံခွန်ကြီး ဖြစ်နေတာပေါ့၊ အဲသည်ရေတံခွန်ကို ကီဂွန်တာကီလို့ခေါ်ပြီး ရေတံခွန်ကြီးကို ကြည့်လို့ရအောင် ချောက်နက်ကြီးထဲထိ ကျောက်သားလှိုင်ခေါင်းတူးပြီး ဓာတ်လှေခါးဆင်ပေးထားတယ်၊ ခရီးသွားလုပ်ငန်းအတွက် အင်မတန်ကို ဝင်ငွေရတဲ့ အစီအစဉ်တစ်ခုပါပဲ၊ ကိုယ်လည်း အဲသည် ရေတံခွန်ကို ကိုယ်တိုင်လည်းသွား ဧည့်သည်တွေလည်း ပို့ရင်း သုံးခေါက်လောက် ရောက်ဖြစ်ခဲ့တယ်။
.
. . . အဲသည် ချောက်ကြီးထဲကို မဆင်းခင်မှာလည်း ရေတံခွန်ကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ နေရာတွေ သေချာလုပ်ပေးထားတယ်၊ တစ်နေရာမှာ သစ်ပင်ကို ထွင်းထားတဲ့ ကဗျာတစ်ခုပုံတွေ့လို့ စပ်စုကြည့်တော့ လွန်ခဲ့တဲ့ ၁၉၀၃ ခုနှစ်က ဒီနေရာမှာ ချောက်ကြီးထဲကို ခုန်ချပြီး သေကြောင်းကြံသွားတဲ့ ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ သူမခုန်ချခင်မှာ သစ်ပင်မှာ ရေးထွင်းသွားတဲ့ ကဗျာလေးဆိုတာ သိရတယ်။ ဒီအကြောင်းကို အဲသည်ခေတ် သတင်းစာတွေမှာ ခေါင်းကြီးသတင်းအဖြစ် အကျယ်တဝင့် ရေးကြတာပေမယ့် စာရေးဆရာ Natsume Sōseki ရဲ့ အရေးအသားကြောင့် သူမရဲ့ အကြောင်းနဲ့ ကဗျာလေးဟာ အကြီးအကျယ် ပေါက်သွားပြီး နောက်ပိုင်း အသည်းကွဲတဲ့သူတွေ၊ ချစ်သူနဲ့ ဝေးခဲ့ရသူတွေအတွက် ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ ရဲ့လမ်းစဉ်ကို လိုက်ကြတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါသတဲ့။
.
. . . ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ က အစပြုလို့ လူငယ်လေးတွေ သူတို့ရဲ့ အသည်းကွဲဇာတ်လမ်းကို အဆုံးသတ်လေ့ရှိကြတဲ့ ဒီနေရာလေးမှာ ရပ်နေမိရင်း ဒီချောက်ကြီးထဲ ခုန်မချခင်အချိန်လေးမှာ သူတို့ရဲ့ နှလုံးသားတွေ ဘယ်လောက်တောင်များ နာကျင်နေပါလိမ့်မလဲဆိုတာ တွေးယောင်မိနေရင်း . . .
.
မောင်လွမ်းဝေ
၁၁ ဇူလိုင် ၂၀၂၀

ကြည်ညိုဖွယ်မဆောင်



အခု သာသနာရေးက လုပ်တဲ့ ကြည်ညိုဖွယ်အဆင်းမဆောင်တဲ့ ဆင်းတုတော်တွေကို ဖယ်ရှားသလို ရှေးဟောင်းဘုရားဆင်းတုတော်များ အသရေပျက်စီးစေတဲ့ ရွှေသင်္ကန်းကပ်ကြတဲ့ ကိစ္စကိုလည်း အစိုးရမင်းများ အာဏာစက်နဲ့ တစ်ခါတည်း တားမြစ်လိုက်စေချင်တာပါပဲ
.
. . . ဆင်းတုတော်တွေ ရွှေသင်္ကန်းကပ်တဲ့ကိစ္စ၊ ဖောင်တော်ဦးဘုရားများ ရွှေတွေနဲ့ ဖို့ထားလိုက်တာ ရုပ်တောင်မပေါ်တော့ဘူးမဟုတ်လား၊ ဘယ်လို သဒ္ဓါတရားကြောင့်ပဲဆိုဆို ဒါမျိုးဟာ လွဲမှားတဲ့ သဒ္ဓါပဲ၊ နောက်တစ်နည်းနဲ့ကြည့်ရင် ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးခြင်းတစ်မျိုးပဲ၊ မဟာမုနိကိုယ်တော်ကြီး မျက်နာတော်ရွှေသင်္ကန်းကပ်ခွင့်မပေးတာပဲ ကျေးဇူးတင်ရသေးတာပ၊ လုပ်ပါ သုံးစမ်းပါ၊ ဘုရားမှာ ရွှေဆိုင်းတွေ ကပ်နေတာထက်စာရင် ဒီဘုရားကြီးအတွက် တခြားသုံးစရာတွေ အများကြီးပါ၊ ဘုရားဖူးတွေ ချမ်းချမ်းသာသာ ဘုရားဖူးရအောင် လုပ်ရမယ့်ကိစ္စတွေ အများကြီးမှ အများကြီး သူများနိုင်ငံတွေမှာ ဘယ်လိုတွေ စီမံခန့်ခွဲနေသလဲလေ့လာစမ်းပါ၊ တို့နိုင်ငံက ဘုရားတော်တော်များများ ကိုယ်ရောက်ဖူးသလောက်မှာ ဘုရားတွေက တောရွာက အင်မတန်ကပ်စေးနဲပြီး ပိုက်ဆံစုနေတဲ့ သဌေးတွေလိုပဲ၊ ပိုက်ဆံတွေတော့ ချမ်းသာပါရဲ့၊ ပြောင်ပြောင်ရောင်ရောင်မရှိ၊ လာဖူးတဲ့သူတွေအတွက်လည်း ချမ်းချမ်းသာသာ ဖူးလို့ရအောင် စီစဉ်ပေးတာမရှိ၊ ရသမျှအလှူငွေတွေ ဘဏ်ထဲထည့်သိမ်းပြီး ထမင်းကြမ်းခဲစားနေတဲ့ တောကသဌေးကပ်စေးနဲလို့ဘုရားတွေမှ အများကြီး၊ ဘာကြောင့်များ ပြောင်ပြောင်ရောင်ရောင်ဖြစ်အောင် မလုပ်ကြလဲ စဉ်းစားမတတ်ဘူးရယ်.
.
ဗိုလ်ကောင်း
၁၁ ဇူလိုင် ၂၀၂၀
.
ပုံစာ။ ၂၀၁၉ အောက်တိုဘာ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဖောင်တော်ဦးဘုရားဆင်းတုတော်ကို ရွှေသင်္ကန်းကပ်နေတဲ့ပုံ

Sunday, 28 June 2020

Dress Well

 

. . . တစ်ခါတစ်လေ သေးငယ်ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကို အကြီးကြီးလို့ ထင်မိမှားတဲ့အခါမှာ တိုင်ပတ်တတ်တာတွေရှိတယ်၊ အခု စာတွေ ဖတ်ရတဲ့အခါ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ စကားအသုံးအနှုံးမျိုးကို ကာလဒေသကိုကြည့်ပြီး အနက်ကောက်မှားပြီးတော့မှ အမှန်ကို သိသွားတဲ့အခါတိုင်း အော် ဒါကိုးဆိုပြီး ပြုံးမိတိုင်းမှာ ငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက သင်ခန်းစာတစ်ခုကို သွားသတိရမိတယ်

.
. . . ပရိသတ်ရှေ့မှာ တင်ဆက်ခြင်းဆိုတာ အပြင်မှာ လူတွေသိပ်မပြောကြသေး၊ ရန်ကုန်တက္ကသိုလ်လို နေရာမျိုးမှာတောင် သိပ်ခေတ်မစားသေးတဲ့ အချိန်ပေါ့၊ မြန်မာနိုင်ငံရဲ့ အိုင်တီလောကရှေ့ဆောင်လို့ ပြောလို့ရတဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက MICT Park က ၂၀၀၁ ခုနှစ်မှာ စဖွင့်ပြီး ကိုယ်တွေက ၂၀၀၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဖြစ်ရတယ်ဆိုပေမယ့် အဲသည်တုန်းကမှ တည်ထောင်လိုက်တဲ့ အင်္ဂလိပ်ဘာသာစကား အမျိုးသား ဗဟိုဌာန (National Centre for English Language - NCEL) ရဲ့ ဥက္ကဌ ဆရာကြီး ဒေါက်တာမျိုးမြင့်က အင်မတန်မှ ကို ခေတ်မီပြီး အမြော်အမြင်ကြီးတဲ့ ဆရာကြီးတစ်ယောက်မို့ ကျနော်တို့သင်ခန်းစာထဲမှာ ဟောပြောတင်ဆက်ခြင်းအတတ်ပညာ (Presentation Skill) ကို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ခေတ်မီသင်ကြားရေးအထောက်အကူတွေကို အသုံးဆုံးလို့ ဆိုလို့ရတဲ့ အင်္ဂလိပ်စာဌာနမှာတောင် ဖလင်ပြားပေါ်စာရေးပြီး ပိတ်ကားပေါ်ဆလိုက်မီးနဲ့ထိုးတဲ့ Overhead Projector တွေပဲ အများစု သုံးနေတဲ့အချိန်၊ စာသင်ခန်းတိုင်းမှာတောင် PC တွေ မထားနိုင်သေးတဲ့ အချိန်မှာတောင် ကျနော်တို့ ဟောပြောတင်ဆက်ခြင်း လက်တွေ့သင်ခန်းစာတွေအတွက် ဆရာကြီးက သူ့ရဲ့ ခရီးဆောင်ကွန်ပြူတာကို ပေးသုံးခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုင်သုံးဖူးတဲ့ လက်ပ်တော့က ဆရာကြီး ဒေါက်တာမျိုးမြင့်ရဲ့ လက်ပ်တော့ပါပဲ၊ တီဗီဖန်သားပြင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကိုယ်ဟာ လက်တော့မျက်နှာပြင်က ပျော့စိစိလေးဖြစ်နေပါလားဆိုတာ ပထမဆုံး သိခဲ့ရတဲ့အချိန်ပေါ့
.
. . . Presentation Skill အတန်းကို တီချယ်လွင်လို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာမကြီး ဒေါ်လွင်လွင်စိုးက သင်ပါတယ်၊ အဲသည် အတန်းပြီးသွားပြီးတဲ့နောက်မှာ ကျတော်တို့ အတန်းတိုင်းမှာ Presentation assignment က မပါမဖြစ်ကို ပါတော့တာပါပဲ၊ စာသင်ခန်းတိုင်းနီးပါး စာသင်ဖို့ ပီစီတစ်လုံးစီနဲ့ ကွန်ပြူတာပရိုဂျက်တာတွေ ထားပေးထားတော့ ကိုယ်ဆိုရင် OHP လို့ခေါ်ကြတဲ့ ဖလင်ပြားနဲ့ မီးထိုးပြတဲ့ ကားချပ်တွေကို တစ်ခါမှ မသုံးဖြစ်ခဲ့ပဲ ကွန်ပြူတာ ပရိုဂျက်တာနဲ့ပဲ လုပ်ဖြစ်ခဲ့တာ၊ တစ်ခါတစ်လေတော့ ကိုယ်လုပ်ထားတဲ့ ဖလောပီဒစ် Floppy Disk လို့ခေါ်တဲ့ လေးထောင့်မှတ်ဉာဏ်ပြားလေးတွေထဲ ဆလိုက်တွေထည့်တာ ဆလိုက်တွေမပါလာပဲ Short cut ဖိုင်တွေပဲ ပါလာလို့ တိုင်ပတ်တာတွေလည်း ရှိဖူးတာပေါ့
.
. . . မဟာကြိုတန်း တစ်နှစ်ပြီးတော့ မဟာတန်း ပထမနှစ်မှာ သုတေသနဗေဒ ဘာသာရပ်ကို ဆရာဦးကြည်ရွှင်က သင်ပေးတယ်၊ အဲသည်တုန်းက လက်ထောက်ကထိကဖြစ်နေတဲ့ ဆရာက ကျနော်တို့ အသက်နှစ်ဆယ်ဝန်းကျင် ချာတိတ်လေးတွေကို သူငယ်ချင်းလို ညီအကိုလို သင်စရာရှိတာလည်းသင် လက်ဖက်ရည်တိုက် ထမင်းကျွေးတော့ ကျနော့်ရဲ့ အချစ်ဆုံး ဆရာတစ်ယောက်ပေါ့၊ ဆရာဦးကြည်ရွှင်ရဲ့ သုတေသနဗေဒ အတန်းမှာ သုတေသနကို ပြန်လည်ဟောပြောတင်ဆက်ဖို့ဆိုတဲ့ ကဏ္ဍတစ်ခုပါတယ်၊ အဲသည်မှာ အထက်က ခေါင်းစဉ်တင်ထားတဲ့ Dress Well ဆိုတဲ့ စကားလုံးနဲ့ ကျနော်တို့တိုင်ပတ်ခဲ့ကြတာ
.
. . . ကိုယ်ပြုစုထားတဲ့ သုတေသန တစ်ခုကို ပရိသတ်ရှေ့ ပြန်လည်ဟောပြောတင်ပြတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက် တစ်ခုအနေနဲ့ Dress Well ဆိုတာ ပါတယ်၊ ကျနော်တို့က သင်ခန်းစာထဲမှာ စကားလုံးအကြီးကြီးတွေပဲ ပိနေကြဆိုတော့ အဲသည်စကားလုံးကိုလည်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားကြတာပေါ့၊ တစ်တန်းလုံးပဲ ထင်ရာမြင်ရာတွေ တောပြောတောင်ပြောကြတာတွေကို ဆရာက ပြုံးပြုံးကြီးနဲ့ နားထောင်နေသေးတာ၊ ကျနော်တို့တွေ ရွှီးလို့ အားရလောက်ပြီဆိုတော့မှ ဆရာက မင်းတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူးတဲ့၊ Dress Well ဆိုတာ ဟောပြောတင်ဆက်တဲ့နေရာမှာ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတယ်ဆိုတာကို ပြောတာ ဆိုတော့မှ ကျနော်တို့မှာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရယ်လိုက်ရတာဆိုတာ
.
. . . dress well က ကျနော့်ဘဝအတွက် နေရာတိုင်းအကြီးကြီးတွေ လျှောက်မတွေးနဲ့လို့ သင်ခန်းစာတစ်ခု ပေးခဲ့ပေမယ့် သာမန်ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကို အကြီးကြီးတွေ လျှောက်လျှောက်တွေးလို့ တိုင်ပတ်ရတဲ့ အဖြစ်တွေက ကုန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်အတွင်းမှာ ကြိမ်ဖန်များစွာဖြစ်ခဲ့ရတယ်ဆိုသော်ငြား ကိုယ်ဆိုတဲ့လူကလည်း တစ်ခုခုဆို ကြီးကြီးကျယ်ကျယ် မထော်မနန်းတွေ လျှောက်တွေးလိုက်ရမှ
.
ဆရာဦးကြည်ရွှင်သာ သိရင်တော့ ကောင်းကောင်းအဟားခံရမှာ
.
ဗိုလ်ကောင်း
၂၈ ဇွန် ၂၀၂၀

Sunday, 24 May 2020

နေလောင်


. . . နေလောင်တယ်ဆိုတာ ပူမှပဲ လောင်တာပဲလို့ ထင်ထားခဲ့တာ၊ အေးမြနေတဲ့ နှင်းတွေကြားမှာ တစ်ပြင်လုံးဖြူဖွေးနေလို့ မျက်စိကျိန်းတာသက်သာအောင် နေကာမျက်မှန်တပ်ထားရင် ရပြီပဲ ထင်ခဲ့တာ၊ မျက်နာမှာ ဘာမှလည်း လိမ်းတာပြုတာ ဝါသနာမပါ၊ ကိုယ့်မျက်နာကိုယ်လည်း မှန်ထဲ သေချာမကြည့်မိတော့ တစ်ဆောင်းလုံး တမြည့်မြည့်လောင်နေတဲ့ အသားအရေတွေကို ဂရုမပြုမိဘဲ နှင်းတောထဲမှာပဲ အပေါ်တက်လိုက် အောက်ဆင်းလိုက် စကီစီးနေခဲ့မိတာ၊ စကီကွင်းရောက်ပြီဆိုလည်း မိုးလင်းမိုးချုပ်ဆိုသလို တတ်နိုင်သမျှ အစောဆုံးရောက်အောင်သွားတယ် နောက်ကျနိုင်သမျှ နောက်ကျပြီးနေတယ် အခေါက်ရေများနိုင်သမျှများအောင် စီးတယ် ကိုယ်က ပြန်သင်ပေးရမယ့်သူတွေပါရင်လည်း သူတို့ကိုသင်ရင်း စီးရင်းပေါ့
.
. . . ဆောင်းအစပိုင်းနဲ့ အလယ်ပိုင်းမှာ စကီကွင်းသွားတဲ့အချိန် နှင်းကျနေတာများပြီး နေသာတဲ့အချိန်က သိပ်မရှိတော့ မသိသာပေမယ့် ဆောင်းနှောင်းပိုင်း နှင်းတွေစဲသွားတဲ့အခါ နေသာတဲ့အချိန်တွေများလာတယ်၊ အအေးဓာတ်ကတော့ သိပ်မပြောင်းလဲတာမို့ အပေါ်ဆုံးက ဂျာကင်ကြီးတစ်ထည်ချွတ်ထားရတာကလွဲရင် ကျန်တာ ဒီဝတ်စုံအတိုင်းပဲ စီးနေတာမို့ တဖြည်းဖြည်းသာလာတဲ့ နေရောင်ခြည်ထဲက ခရမ်းလွန်ဓာတ်တွေက မျက်နာပေါ်က အရေပြားတွေကို တမြည့်မြည့်လောင်နေတာ မသိလိုက်ဘူး
.
. . . သိလည်း သိလိုက်ရတဲ့ အချိန်ရောက်ရော တော်တော်ကို နောက်ကျနေပြီ၊ မျက်နာပေါ်မှာ နေကာမျက်မှန်တပ်ထားတဲ့ မျက်လုံးတစ်ဝိုက်ပဲ ကွက်ပြီး နဂိုအရောင်အတိုင်းကျန်ခဲ့ပြီး မျက်နာတစ်ပြင်လုံးက အရေပြားတွေ မည်းခြောက်ပြီး အဖတ်အဖတ်တွေတောင်ကွာတယ်၊ ကြားသာကြားဖူး မကြုံဖူးတဲ့ အသားအရေ နေလောင်တယ်ဆိုတာ ဒါမျိုးပါလားလို့ သိလိုက်ရပြီးတဲ့နောက် တစ်ခြား အတူတူ နေပူခံနေတဲ့သူတွေက ဘာမှမဖြစ်ဘဲ ငါ့ကျမှဘာလို့ဖြစ်တာလဲ စပ်စုကြည့်တော့မှ သူတို့က မျက်နာကို တစ်ခုခုတော့ ပုံမှန်လိမ်းဖြစ်နေကြလို့ ခုသာခံသာရှိကြတာလို့ သိရတယ်၊ သိပ်လှချင်လွန်းတာ မဟုတ်ပေမယ့် ကိုယ့်မျက်နာလေး ပျက်စီးခြင်းငါးပါးဆိုက်နေရာက ပုံမှန်အခြေအနေပြန်ရောက်အောင် တော်တော်ကို အချိန်ယူပြီး ထိန်းသိမ်းလိုက်ရတယ်
.
. . . မျက်နာကို ပြန်ပြီး ကုစားနေတဲ့ ကာလထဲမှာ ကိုယ့်ဘဝကိုလည်း အထိတ်တလန့် ပြန်ဆန်းစစ်ကြည့်နေမိတယ်၊ ငါ့ဘဝမှာ နှင်းတွေရဲ့ အအေးဓာတ်ကြောင့် နေလောင်နေတာကို သတိမမူမိတဲ့ အဖြစ်မျိုးများ ဖြစ်နေသေးလား၊ အထိအတွေ့ ခံစားချက်အရ အဆင်ပြေနေပေမယ့် သတိလက်လွတ်နဲ့ မေ့မေ့လျော့လျော့နေမိရင် ငါ့မျက်နာက အရေပြားတွေ မည်းခြောက်တွန့်လိမ် ကွာကျကုန်သလိုဖြစ်မယ့် ကိစ္စမျိုး ငါ့ဘဝထဲ ရှိများရှိနေမလားဆိုပြီး ဆန်းစစ်ကြည့်လိုက်တော့ . . .
.
လွန်ခဲ့တဲ့ ငါးနှစ်
ပထမဆုံး နွေဦးပွင့်ဝေရာသီအစ
အမှတ်တရ

Wednesday, 20 May 2020

အိပ်ရာ


လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တုန်းက ကိုယ့်ရဲ့ အိပ်ယာလေး၊ အခန်းကြမ်းပြင်ကို ပြောင်လက်နေအောင် ကြမ်းတိုက်၊ ရေချိုးခန်းကိုလည်း ပြောင်လက်နေအောင်တိုက်၊ ပိတ်ရက်ဆို အဝတ်လျှော် မီးပူတိုက်၊ ညဆို ဧည့်ခန်းထဲက တီဗီကြီးမှာ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေသွားကြည့်၊ တစ်ခါတစ်လေ စိတ်တူသဘောတူ ညီကိုတွေ ကိစ္စတစ်ခုခုကို အသည်းအသန် ဆွေးနွေးမိကြပြီဆို ညနက်သွား၊ အခန်းထဲမှာ အပိုပစ္စည်းသိပ်မရှိ၊ ခုတင်ပေါ်မှာတောင် အညာစောင်ပါးလေးတစ်ထည်ပဲခင်းပြီး အပေါ်က အိပ်ရာခင်းစလေး ထပ်အုပ်ထားတာ၊ ဖေ့ဘုတ်ပွတ်စရာ တယ်လီဖုန်းမရှိ၊ ဟိုကြည့်ဒီကြည့်လုပ်စရာ လက်ပတော့မရှိ
.
အခု ဒီပုံကိုကြည့်ပြီး စဉ်းစားနေမိတာ
ငါ အားရင်ဘာတွေများ လုပ်နေခဲ့မိပါလိမ့်

Sunday, 17 May 2020

လူပျိုပေါက်အတွက်


ကိုယ့်ရဲ့လူပျိုမပေါက်တပေါက် သားတော်မောင်ကို ဒေါက်တာဖြိုးသီဟရဲ့ စာအုပ်ရှစ်အုပ် ဝယ်ပေးပြီး ကြုံရင်ကြုံသလို မေးခွန်းတွေမေးပြီး ဘယ်လောက်ထိ နားလည်လဲ စစ်ဆေးတယ်၊ ကျောင်းတွေက သင်မသင်တော့ မသိဘူး၊ ကိုယ်သင်နိုင်တာတော့ အဲဒါ အကောင်းဆုံးပဲ၊ သားနဲ့ အတူနေရရင်တော့ မိသားစု ထမင်းဝိုင်းမှာဖြစ်ဖြစ် စကားလေးဘာလေး ပြောလို့ရတာပေါ့၊ အခုကတစ်ခါတစ်လေမှ တွေ့၊ ဖုန်းဆက်ရင်လည်း မေးခွန်းတွေမေးလွန်းလို့ ပတ်ပတ်ပြေးနေတဲ့သား၊ စာတွေ ဖတ်တယ်လို့တော့ ပြောတာပဲ၊
.
နောက်တစ်နှစ် နှစ်နှစ်ဆို သမီးအတွက်ပါ စာအုပ်ရှာရတော့မယ်
.
လူပျိုပေါက်သားသမီး၊ အထူးသဖြင့် သားရှိတဲ့ အမေအဖေတွေ ဒေါက်တာဖြိုးသီဟပြောတာရေးတာတွေ အမြဲလေ့လာနေသင့်တယ်ဗျ၊ ကိုယ်တွေ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒေါက်တာမောင်မောင်ညိုတို့ထက် အများကြီး နားဝင်အောင်ရေးတတ်ပြောတတ်တဲ့သူပါ၊ အောက်မှာလင့်ပေးထားပါတယ်


https://web.facebook.com/phio.thiha