. . . ဂျပန်နိုင်ငံ တိုချီဂီပြည်နယ် နစ်ကိုးအမျိုးသားဥယျဉ်ထဲမှာ ချူဇန်းဂျိဆိုတဲ့ ရေအိုင်ကြီးတစ်ခုရှိတယ်၊ အဲသည်ရေအိုင်ကြီးထဲက ရေတွေဟာ ပေ ၃၀၀ ကျော်နက်တဲ့ချောက်ကြီးထဲကို စီးထွက်သွားပြီး သိပ်ကိုလှပတဲ့ ရေတံခွန်ကြီး ဖြစ်နေတာပေါ့၊ အဲသည်ရေတံခွန်ကို ကီဂွန်တာကီလို့ခေါ်ပြီး ရေတံခွန်ကြီးကို ကြည့်လို့ရအောင် ချောက်နက်ကြီးထဲထိ ကျောက်သားလှိုင်ခေါင်းတူးပြီး ဓာတ်လှေခါးဆင်ပေးထားတယ်၊ ခရီးသွားလုပ်ငန်းအတွက် အင်မတန်ကို ဝင်ငွေရတဲ့ အစီအစဉ်တစ်ခုပါပဲ၊ ကိုယ်လည်း အဲသည် ရေတံခွန်ကို ကိုယ်တိုင်လည်းသွား ဧည့်သည်တွေလည်း ပို့ရင်း သုံးခေါက်လောက် ရောက်ဖြစ်ခဲ့တယ်။
.
. . . အဲသည် ချောက်ကြီးထဲကို မဆင်းခင်မှာလည်း ရေတံခွန်ကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ နေရာတွေ သေချာလုပ်ပေးထားတယ်၊ တစ်နေရာမှာ သစ်ပင်ကို ထွင်းထားတဲ့ ကဗျာတစ်ခုပုံတွေ့လို့ စပ်စုကြည့်တော့ လွန်ခဲ့တဲ့ ၁၉၀၃ ခုနှစ်က ဒီနေရာမှာ ချောက်ကြီးထဲကို ခုန်ချပြီး သေကြောင်းကြံသွားတဲ့ ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ သူမခုန်ချခင်မှာ သစ်ပင်မှာ ရေးထွင်းသွားတဲ့ ကဗျာလေးဆိုတာ သိရတယ်။ ဒီအကြောင်းကို အဲသည်ခေတ် သတင်းစာတွေမှာ ခေါင်းကြီးသတင်းအဖြစ် အကျယ်တဝင့် ရေးကြတာပေမယ့် စာရေးဆရာ Natsume Sōseki ရဲ့ အရေးအသားကြောင့် သူမရဲ့ အကြောင်းနဲ့ ကဗျာလေးဟာ အကြီးအကျယ် ပေါက်သွားပြီး နောက်ပိုင်း အသည်းကွဲတဲ့သူတွေ၊ ချစ်သူနဲ့ ဝေးခဲ့ရသူတွေအတွက် ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ ရဲ့လမ်းစဉ်ကို လိုက်ကြတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါသတဲ့။
.
. . . ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ က အစပြုလို့ လူငယ်လေးတွေ သူတို့ရဲ့ အသည်းကွဲဇာတ်လမ်းကို အဆုံးသတ်လေ့ရှိကြတဲ့ ဒီနေရာလေးမှာ ရပ်နေမိရင်း ဒီချောက်ကြီးထဲ ခုန်မချခင်အချိန်လေးမှာ သူတို့ရဲ့ နှလုံးသားတွေ ဘယ်လောက်တောင်များ နာကျင်နေပါလိမ့်မလဲဆိုတာ တွေးယောင်မိနေရင်း . . .
.
မောင်လွမ်းဝေ
၁၁ ဇူလိုင် ၂၀၂၀
No comments:
Post a Comment