Thursday, 29 September 2016

အလေ့ကျ


သည်းမခံနိုင်တော့တဲ့အဆုံး ဆောင်းတွင်းရောက်မှ ၀တ်မယ့် ဂျာကင်အကျီင်္အထူကိုထုတ် ၀တ်၊ ထီးတစ်လက်ဆောင်းပြီး ထွက်လာခဲ့တယ်။

နွေအနှောင်း ဆောင်းအကူးမှာ တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ တစိမ့်စိမ့်စွေနေတဲ့ မိုးကလည်း လုံးလုံးလျားလျား တိတ်သွားတယ်လို့ မရှိဘဲ နည်းနည်းလေးဖွဲလိုက် ခဏလေး ရပ်သွားလိုက်၊ ကောင်းကင်ကလည်း တိမ်ညိုတိမ်သား ကင်းစင်တယ်ရယ်လို့ မရှိဘဲ အုံ့တစ်ခါ မှိုင်းတစ်လှည့်နဲ့ ပျင်းစရာကောင်းလောက်အောင် စွေနေတာမို့၊ မိုးတိတ်သွားတဲ့အချိန် မိုးသားကင်းစင် ကြည်လင်တဲ့အချိန်မှ သွားမယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ ဘယ်လိုမှ စောင့်ဆိုင်းမနေနိုင်တော့တာနဲ့ပဲ စောစောစီးစီး မနက်စာစားပြီးတာနဲ့ ထီးတစ်လက်ဆောင်းပြီး ထွက်လာလိုက်တာ။

ဒီနေရာက အပြီးတိုင် စွန့်ခွာခြင်းမျိုးနဲ့ စွန့်ခွာခဲ့ပြီးတဲ့နောက် တစ်ခေါက် ပြန်လာရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ပထမဆုံး ရင်ခုန်မိတာက ကျွန်တော်စိုက်ခဲ့တဲ့ မျိုးစေ့လေးတွေအကြောင်းပါ။ ကျွန်တော် မြေချခဲ့တဲ့ မျိုးစေ့လေးတွေ အပင်မှပေါက်ရဲ့လား၊ အပင်တွေ ဘယ်လောက်တောင် ကြီးနေပြီလဲ၊ လောင်းရိပ်ကြီးတွေအောက်မှာ မထူနိုင်မထောင်နိုင်နဲ့ ခေါင်းငုံ့ မျက်နှာငယ်နေရပြီလား၊ ရေခံမြေခံမတူတဲ့ မိခင်တိုင်းပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ ဘယ်လောက်တောင် ရုန်းကန်ရှင်သန်နေနိုင်နေပြီလဲ၊ ဒါမှမဟုတ် အပင်ဘ၀တောင် မရောက်နိုင်တော့ဘဲ မြေဆွေးစာဖြစ်သွားပြီလား၊ ငှက်ကလေးတွေ စားလိုက်လို့ အပင်ပေါက်ဖို့တောင် အခွင့်အရေးရလိုက်ရဲ့လား၊ စတဲ့ လားပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ရတာ . . .

ဂျပန်ကို သွားတော့မယ်ဆိုတော့ အရင်ရောက်နေတဲ့ သူငယ်ချင်းကို မေးခဲ့မိတာကို သတိရတယ်။ ရောက်ရာအရပ်မှာ သစ်ပင်တစ်ပင်လောက်တော့ အနည်းဆုံး အမှတ်တရ စိုက်ခဲ့လေ့ရှိတဲ့ ကျွန်တော်ဟာ ရေခြားမြေခြားမှာလည်း ကိုယ့်ကိုယ်စား အပင်လေးတစ်ပင်လောက်တော့ ချန်ထားခဲ့ချင်တယ်။ တက္ကသိုလ်ဆိုတာ နေရာကျယ်မယ် မြေလွတ်မြေလပ်တွေ ပေါမယ်။ သစ်ပင်လေး တစ်ပင်စာလောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် နေရာရှိရမယ်လို့ ကိုယ့်ရှိနှင့်ပြီးသား ဗဟုသုတလေးကို အခြေခံပြီး မြန်မာလို တွေးမိတာကိုး။ အပင်စိုက်ဖို့ နေရာမရှိဘူး၊ တကယ်လို့ စိုက်တယ်ဆိုရင်တောင် မျိုးစေ့ကနေ တိုက်ရိုက်စိုက်ဖို့ မလွယ်လှဘူး၊ တစ်နှစ်မှာ လေးငါးလလောက် နှင်းဖုန်းနေတဲ့ ဒီအရပ်ဒေသမှာ မြန်မာနိုင်ငံလို အပူပိုင်းဒေသက အပင်တွေ ရှင်သန်ဖို့က သာမန်အားဖြင့် မဖြစ်နိုင်လောက်ဖူးလို့ သူပြောတုန်းက လက်မခံချင်ခဲ့ဘူး။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်သေးပါဘူး၊ နည်းလမ်းတော့ ရှိရမှာပေါ့ လို့ အထွန့်တက်တော့ ပျိုးခြံထဲမှာသေချာပျိုး အပင်ကြီးထွားမှု အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီဆိုမှ သေသေချာချာ သူတို့ စိုက်နေတဲ့ နည်းပညာနဲ့ အပင်ရွှေ့ပြီး ကိုယ်လိုချင်တဲ့နေရာမှာ စိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကဆိုတော့ ပိုလွန်းတယ် ထင်မိခဲ့တယ်။ ကဲ ဒါဆိုရင်လည်း ရှိစေတော့၊ နှစ်ပေါင်းများစွာ ရှိနေနိုင်မယ့် အပင်ကြီး မစိုက်ဖြစ်ရင်တောင် တစ်ရာသီခံ တစ်နှစ်ခံ သီးပင်စားပင်လေးတွေ စိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီး နည်းနည်း ဈေးဆစ်ကြည့်တော့ မင်းလုပ်ကြည့်ပေါ့ကွာ ဆိုလို့ လာခါနီးမှာ အမေ့ဆီက ခြံထွက်မျိုးစေ့လေးတွေ တောင်းယူလာခဲ့တယ်။ တကယ့်တကယ်ကျတော့ ဥပဒေအရ အဲဒီလို စိုက်ပျိုးဖို့ ရည်ရွယ်ချက်နဲ့ သစ်ပင်မျိုးစေ့တွေ သယ်လာတာကို နိုင်ငံတော်တော်များများက လက်ခံလေ့ မရှိပါဘူး။ နာရီတာ လေဆိပ်ရောက်တော့လည်း သစ်ပင်မျိုးစေ့တွေ ပါသလားလို့ လာမေးတာ ခံခဲ့ရပါသေးတယ်။

၂၀၁၄ စက်တင်ဘာလ ၁၉ ရက်နေ့ ညကြီးမိုးချုပ်မှာ ကျောင်းကို ရောက်ပြီး နောက်တစ်နေ့ မနက်မှာ ပထမဆုံး လုပ်တဲ့ အလုပ်က ကျောင်းဝင်းကို ပတ်ကြည့်တာပါပဲ။ အမေပေးလိုက်တဲ့ သစ်ပင်မျိုးစေ့လေးတွေ အတွက် နေရာလိုက်ရှာတာပါ။ ကျောင်းဝင်းကြီးက ကျယ်တယ်ဆိုပေမယ့် နေရာတော်တော်များများက ရာသီမရွေး မြက်ခင်းပြင်အဖြစ် ထိန်းသိမ်းထားပြီး မြက်ရိတ်ပေါင်းရှင်းတာကိုလည်း ပုံမှန် လုပ်တဲ့အတွက် အပင်တွေကို ဖာသိဖာသာ စိုက်ထားလို့ မရနိုင်ပါဘူး။ မြက်ဖြတ်တဲ့အထဲမှာ ပါသွားမှာပါ။ တောရိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ နေရာလေးတွေလည်း ရှိတန်သရွေ့ ရှိပေမယ့် အဲသည်နေရာတွေကလည်း အပင်ရိုင်းတွေ ဖုံးထားလို့ စိုက်ဖို့ မလွယ်ပါဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ မျိုးစေ့လေးတွေက ကျွန်တော့် ဗီရိုထဲမှာပဲ အိပ်ပျော်နေခဲ့ရတာ ကြာသွားခဲ့ပေမယ့် ဘယ်အချိန် ဘယ်လိုစိုက်ရပါ့မလဲ ဆိုတဲ့အတွေးကတော့ စိတ်ကူးထဲမှာ အမြဲ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဆောင်းအကုန် နှင်းတွေ ပျော်တဲ့အချိန်မှ မြေကြီးပေါ် ချမစိုက်ဖြစ်ရင်တောင် အိုးနဲ့ စိုက်တော့မယ်လို့ စိတ်ကူးပြီး ရေသန့်ဗူးခွံလေးတွေဖြတ်၊ သစ်ပင်တွေအောက်က သစ်ရွက်ဆွေးမြေတွေကို သွားကျုံးပြီး မျိုးစေ့လေးတွေ ချပါတယ်။ မကြာခင်မှာပဲ ချဉ်ပေါင်ပင်လေးတွေ အပင်ပေါက်လာပါတယ်။ ပုံမှန်ရေလောင်းပေါင်းသင်လုပ်ရင်း အပင်လေးတွေလည်း တဖြည်းဖြည်း ပင်လားမြောက်လာရင်း ကျွန်တော်လည်း ဒီမြေဒီရေကို အပြီးတိုင် စွန့်ခွာရတော့မယ့် အချိန်ရောက်လာပါတယ်။ နှစ်ပင်သုံးပင် ပေါက်နေတဲ့ ချဉ်ပေါင်ပင်လေးတွေကို တစ်ပင်ချင်းစီ အိုးခွဲစိုက်ပြီး မြန်မာပြည် ပြန်ခါနီးမှာ ဆရာ့အိမ်ကို သွားပို့ခဲ့ပါတယ်။ ဆရာ့အိမ်နားက မြေကွက်လပ်မှာ ထားခဲ့တဲ့ အပင်လေးတွေကို ကျောင်းမှာ ကျန်ခဲ့တဲ့ ညီငယ်လေးတစ်ယောက်က မြေချ ပြုစုပျိုးထောင်ပေးလို့ အပင်လေးတွေ လူလူသူသူ ကြီးထွားခွင့်ရခဲ့တာကို ခေတ်သစ်ဆက်သွယ်ရေးနည်းပညာနဲ့ မြန်မာပြည်ကနေ မြင်ခွင့်ရခဲ့တုန်းက တော်တော် ပျော်မိခဲ့တာပါ။

သစ်ပင်လေးတွေကို အိုးနဲ့ စိုက်တဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ ခုနင်က ပြောခဲ့တဲ့ တက္ကသိုလ်ဝင်းထဲက တောရိုင်းချန်ထားတဲ့ အပင်ကြီးတွေကြားမှာလည်း မျိုးစေ့တွေ သွားချထားခဲ့ပါသေးတယ်။ ပေါက်လိုပေါက်ငြားပေါ့။ အပင်ပေါက်ခဲ့တယ်ဆိုရင်လည်း ဆောင်းနှင်းထုဒဏ်ကို ခံနိုင်လို ခံနိုင်ငြားပေါ့။ တစ်နှစ်ပြီးတစ်နှစ် မျိုးဆက်တွေ ကျန်ခဲ့လိုကျန်ခဲ့ငြားပေါ့။ အိုးနဲ့သေချာစိုက် ရေလောင်းပေါင်းသင် မြေပေါ်ချစိုက်တဲ့ အပင်လေးတွေရဲ့ ဘ၀ကတော့ အနည်းဆုံး ဒီတစ်ရာသီစာ စိတ်ချရသွားပြီ ဆိုပေတဲ့ တောရိုင်းပင်တွေ ကြားထဲမှာ ချခဲ့တဲ့မျိုးစေ့လေးတွေရော ဘယ်လိုအခြေအနေရှိပါလိမ့်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီကို တစ်ခေါက်ပြန်လာရမယ်ဆိုကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့တာပါ။

ဒီတစ်ခေါက် ကျောင်းကို ရောက်ပြီဆိုကတည်းက တိုင်ဖွန်းမုန်တိုင်းတစ်ခါလာ၊ ပထမတစ်ခုက အရှိန်ပျော့ရုံရှိသေး နောက်ထပ်တိုင်ဖွန်းတစ်ခုက ထပ်ပြီးချဉ်းကပ်လာ၊ ကျောင်းမှာလည်း နေသာတဲ့ ရက်က လက်ချိုးရေလို့ရအောင် နည်းတယ်။ နေသာတဲ့ ရက်တွေမှာလည်း တစ်ခြားအလုပ်တွေနဲ့မို့ ဒီနေ့မနက်တော့ မိုးတွေ တစိမ့်စိမ့် စွေနေတဲ့ကြားက ထီးတစ်လက်ဆောင်းပြီး အပင်တွေ လိုက်ရှာဖို့ ထွက်လာခဲ့တယ်။ ဆောင်းဦးပွင့်ဝေရဲ့ ခြေခင်းလက်ခင်းသာတဲ့ ညနေခင်းတစ်ခုမှာ ပန်းပွင့်လေးတို့ သားအမိနဲ့အတူ မျိုးစေ့လေးတွေ လိုက်ချခဲ့တာမို့ ဘယ်နေရာရောက်ရောက် ဘာကိုပဲတွေ့တွေ့ အမေးအမြန်းထူတတ်တဲ့ ပန်းပွင့်လေးကို လွမ်းနေမိသေးတယ်။

တောရိုင်းပင်တွေကြားထဲမှာ အပင်ချခဲ့တဲ့ နေရာလေးတွေကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်တာတောင် တစ်ပင်တစ်လေတောင် မတွေ့ရဘဲ အိမ်ထောင်သည်အဆောင်နားက ထင်းရှူးပင်တွေအခြေမှာပဲ အပင်ပေါက်အရွယ် ချဉ်ပေါင်ပင် သေးသေးလေးတွေကို တွေ့ခဲ့ရတယ်။ နေ့စဉ်မှတ်တမ်းမှာ ပြန်ရှာကြည့်တော့ ၂၀၁၆ မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီလိုရေးထားတာ တွေ့တယ်။ "အိမ်ကယူလာတဲ့ မျိုးစေ့လေးတွေကို သစ်ပင် မရှင်းမယ့်နေရာမှာ မြေလေးတွေ တူးဆွပြီး စိုက်တယ်။ နှင်းဒဏ်ကို မခံနိုင်ဘူးလို့ ထင်ပေမယ့် တစ်ရာသီတော့ ရှင်ကြမှာပါ" လို့ ကျွန်တော် မျှော်လင့်ထားလေး အချည်းအနှီးမဖြစ်တော့ဘူးပေါ့။ သစ်ပင်သက်တမ်း ငါးလနီးပါး ရှိနေတာတောင် အပင်အမြင့် လေးငါးလက်မလောက်ပဲရှိနေကြသေးရှာတဲ့ အပင်ပေါင်း ဆယ့်လေးပင်တိတိ။ ဆယ့်ငါးပင်များ ပြည့်အုံးမလားဆိုပြီး စေ့စေ့စပ်စပ် ရှာပေမယ့် ထပ်မတွေ့တော့တာမို့ ဆယ့်လေးပင်နဲ့ပဲ ကျေနပ်လိုက်ရတယ်။

ဂျပန်ပြည်ဆိုတာ ရေခြားမြေခြားက ရောက်လာတဲ့ အလေ့ကျသစ်ပင်တွေ ရှင်သန်ကြီးထွားလေ့မရှိတဲ့ တိုင်းပြည်၊ စနစ်တကျလည်း ပြုစုပျိုးထောင်ပေးကြတဲ့ တိုင်းပြည်၊ ပြုစုပျိုးထောင်တိုင်းလည်း အောင်မြင် ဖြစ်ထွန်းတဲ့ တိုင်းပြည်။ ကံအကြောင်းတရား မျက်နာသာပေးလို့ ဒီမြေဒီရေမှာရောက်ခဲ့ရင်တောင် စနစ်တကျ ပြုစုပျိုးထောင်တာ မရှိရင် ထွန်းကားပေါက်ရောက်ဖို့ မျှော်လင့်စရာအခြေအနေမရှိတဲ့ တိုင်းပြည် . . .

Tuesday, 27 September 2016

ဂျပန်ပြည်သို့ နောက်တစ်ခေါက်


ကုန်ခဲ့တဲ့ နှစ်နှစ်တာ ဘွဲ့လွန်ကျောင်းသားအဖြစ် တက်ခဲ့တဲ့ တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဇွန်လက ကျောင်းဆင်းပြီး အခု စက်တင်ဘာလထဲမှာ ကျောင်းသားသစ်အဖြစ် ပြန်ရောက်လာခဲ့တယ်။ ကျောင်းသားသစ်ဆိုပေမယ့်လည်း ကြားထဲမှာ နွေရာသီကျောင်းပိတ်ရက်သာ ခြားတာမို့ ကျောင်းကို အရင်တုန်းက နွေရာသီခွင့်ပြန်ပြီး ပြန်လာရသလိုပါပဲ။ မနှစ်က ပြန်လာချိန်တုန်းက UNU Global Seminar တက်ပြီး ဟိုဟိုသည်သည် လျှောက်လည်ဖို့ တိုကျိုမှာ တစ်ပတ်လောက် နေဖြစ်ခဲ့သလို အခုလည်း တိုကျိုက ဂျိုက်ကာဆန်တာမှာ သုံးနှစ်တာ ပညာသင်ကာလအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာလေးတွေ ပြင်ဆင်ဖို့ တစ်ပတ်လောက် နေရပါတယ်။ ဆန်တာမှာ နေတဲ့ တစ်ပတ်အတွင်း ကိုယ်ပိုင်ချိန် များများကြီး ရတာမို့ အတူရောက်လာတဲ့ ကျောင်းသားသစ်တွေကို တိုကျိုမြို့က ရောက်သင့်ရောက်ထိုက်တဲ့ နေရာလေးတွေ လိုက်ပို့ သိသင့်သိထိုက်တာလေးတွေ မျှဝေရင်းနဲ့ စရိတ်လည်း တော်တော်ပွန်းသွားပါတယ်။ ဒါပေတဲ့ အသစ်ရောက်လာတဲ့ သူတွေ နောက်တစ်ခါ ကိုယ့်ဘာသာ တိုကျိုလာရင် သွားဖို့လာဖို့ ရထားစီးဖို့ ဈေးဝယ်ဖို့ ထမင်းစားဖို့ အခုလို ရောက်ရောက်ချင်းအချိန်မှာ တစ်ခြားဖိစီးမှုတွေ မရှိသေးတဲ့အချိန်မှာ လိုက်ပို့ခွင့်ရလိုက်လို့ သူတို့တွေ နောင်အခါ တိုကျိုကို ကိုယ့်ဘာသာ သွားဖို့လာဖို့ ယုံကြည်မှုလေးတွေ ရသွားတယ်ဆိုရင် ကျွန်တော် ပိုက်ဆံကုန်ရကျိုး နပ်တယ်လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။

တိုကျိုမှာနေတဲ့ တစ်ပတ်အတွင်း ဂျပန်-မြန်မာအသင်း ဥက္ကဌ မစ္စတာ ၀ါတာနာဘေးတည်ခင်းတဲ့ နေ့လည်စာစားပွဲ၊ သံအမတ်ကြီး ဖိတ်ခေါ်ကြိုဆိုပြီး တည်ခင်းတဲ့ နေ့လည်စာ၊ စစ်သံမှူး နဲ့ ဂျပန်မှာ သင်တန်းတက်နေတဲ့ အရာရှိကြီးတွေနဲ့အတူ ဆုံကြတဲ့ပွဲ၊ စစ်သံမှူးက စစ်သံရုံးကို ဖိတ်ခေါ်ပြီး ကြိုဆိုတဲ့ပွဲတွေ တက်ဖြစ်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာတောင် မဖူးဖြစ်တဲ့ ဆရာတော် အရှင်ဆေကိန္ဒရဲ့ လူငယ်များနဲ့ တွေ့ဆုံပွဲကိုလည်း ရောက်ဖြစ်အောင် ရောက်လိုက်ပါသေးတယ်။

တိုကျိုမှာ တစ်ပတ်လောက်နေပြီးတော့ ကျောင်းကို ချီတက်ကြပါတယ်။ ပထမဆုံး အခေါက် ကျောင်းကိုလာတုန်းကလိုပဲ စင်းလုံးငှား ဘတ်စ်ကားကြီးနဲ့ပါ။ အရင်တစ်ခေါက်တုန်းက ကျောင်းက ဆရာမျိုးနဲ့ စီနီယာကျောင်းသားတွေ လာကြိုတဲ့ ဘတ်စ်ကားဖြစ်ပြီး ဒီတစ်ခေါက်ကတော့ ဂျိုက်ကာက လိုက်ပို့တဲ့ ကားနဲ့ ဖြစ်ပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း အဆောင်တစ်မှာ ပစ္စည်းတွေချ အခန်းသော့ယူပြီး ကျောင်းသားရေးရာကို သတင်းပို့ရပါတယ်။ တစ်ခြားသူတွေက ဘဏ်စာရင်းအသစ် ဖွင့်ရပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် ဘဏ်စာရင်းကို ယန်းလေးရာလောက်ချန်ပြီး မပိတ်ဘဲ ထားခဲ့တာကြောင့် အဲသည်ဘဏ်စာရင်းကို ဆက်သုံးမယ်ဆိုတဲ့အကြောင်း ငွေစာရင်းဌာနကို အသိပေးရပါတယ်။ မိတ္တူကူးတဲ့အခါမှာ အသုံးပြုတဲ့ ကတ်ကလေးတစ်ခုကို ငွေစာရင်းဌာနက ကျောင်းသားတွေကို ထုတ်ပေးပါတယ်။  ညနေပိုင်းမှာ ကျောင်းသားရေးရာ ဌာနမှူး ဂရစ်ချန်ရဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ နေမှုထိုင်မှုဆိုင်ရာ ရှင်းလင်းပွဲကို နားထောင်ပြီး စီနီယာတွေ ပြင်ဆင်ထားပေးတဲ့ ညစာကို အဆောင်သုံးမှာ စားပါတယ်။

ကြားထဲက ရုံးပိတ်ရက်တစ်ရက်မှာ ဆရာ့အိမ်နောက် မြေကွက်လပ်မှာ ကျူးလစ်ပင်တွေ စိုက်ဖြစ်ပြီး ရုံးပြန်ဖွင့်တဲ့ သောကြ်ာနေ့မှာ နေရပ်လိပ်စာ နဲ့ ကျန်းမာရေးအာမခံ မှတ်ပုံတင်ကိစ္စအတွက် မြို့တော်ရုံးက လာလုပ်ပေးပါတယ်။ ဟီရိုရှီးမားတက္ကသိုလ်မှာ ကျွန်တော်တို့လိုပဲ ပါရဂူလာတက်တဲ့ အိုင်ယူဂျေ ကျောင်းသားဟောင်း အစ်ကိုကြီးတစ်ယောက် ရောက်နေလို့ ညပိုင်းမှာ ဆရာ့အိမ်မှာ ၀ိုင်းကြပါတယ်။ အသောက်အစားထက် စကားစမြည်ပြောကြတဲ့သဘောပါ။

စနေနေ့မနက် လာအိုကျောင်းသားတွေ လုပ်တဲ့ ပစ္စည်းဟောင်းဈေးပွဲတော် (Flea Market) ကိုတော့ အိပ်ယာထ ပျင်းတာရယ် အဲသည်က ပစ္စည်းတွေ မကြိုက်တာရယ်ကြောင့် မသွားဖြစ်တော့ဘဲ တစ်မြို့ကျော် မူအီကာမာချီမြို့က AEON ကို လိုက်ပို့ပေးတဲ့ ကျောင်းကားစီးဖို့ သွားတန်းစီပါတယ်။ ဒီလို ကျောင်းဖွင့်ရက်မျိုးမှာ ကျောင်းသားတိုင်းနီးပါး ဘ၀အသစ် စကြရတာမို့ သွားချင်တဲ့ ကျောင်းသားက ကားဆန့်တာထက် နှစ်ဆလောက် ဖြစ်နေတတ်ပါတယ်။ အဲဒါ နှစ်တိုင်း ဖြစ်နေကျကို ကျောင်းသားရေးရာက ဘာကြောင့် အဆင်ပြေအောင် မလုပ်ပေးမှန်း နားမလည်ပါဘူး။ တစ်နာရီခွဲလောက် တန်းစီအပြီး ဈေးကား ထွက်တဲ့အခါ ထုံးစံအတိုင်း ကျောင်းသားတစ်ဝက်လောက် ကျန်ခဲ့ပါတယ်။ AEON မှာ အခန်းအတွက် လိုအပ်တာတွေ ၀ယ်ခြမ်းပြီး ပြန်လာတော့ ကျောင်းကားကို မီတယ် ဆိုရုံလေးပါ။ နောက်များကျလို့ကတော့ မတွေးရဲစရာပါပဲ။ ကားနဲ့ ရထား တက္ကစီ သုံးဆင့်စီးပြီးမှ ပြန်လို့ရမှာမို့ ပိုက်ဆံကလဲ သောက်သောက်လဲ ကုန်မှာပါ။ လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေကို ယန်းတစ်ရာဆိုင်မှာ ၀ယ်တာတောင်မှ ယန်းခြောက်ထောင်ကျော်ဖိုး ဖြစ်သွားပါတယ်။ ဒါတောင် တိုကျိုမှာ ယန်းရှစ်ထောင်ကျော်ဖိုးလောက် ၀ယ်လာခဲ့ပြီးသားပါ။

တနင်္ဂနွေနေ့ မနက်ကျတော့လည်း ဟင်းချက်စရာဝယ်ဖို့ Rara ကို သွားရပါတယ်။ ထုံးစံအတိုင်း တစ်နာရီလောက် တန်းစီပြီးသကာလ၊ စည်းမရှိ ကမ်းမရှိ ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းတိုင်းပြည်တစ်ချို့ကလာတဲ့ ကျောင်းသားလက်တစ်ဆုပ်လောက်ကို အကြောင်းပြုပြီး ဒေါမနဿပွားပြီးသကာလမှာ Rara ကိုရောက်ပါတယ်။ အခြေခံစားသောက်ကုန် ဆန် ဆီ ဆား ကြက်သွန် ဖြူ နီ သကြား ကော်ဖီ နို့မှုန့် ပေါင်မုန့် အချိုမှုန့် အသားနည်းနည်း နဲ့ မုန်လာဥနီ နည်းနည်း ၀ယ်လာပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ အဟောင်းဆိုင်တစ်ခုကို သွားပါတယ်။ အဓိကက ရေခဲသေတ္တာ သင့်သင့်တော်တော် တစ်လုံးလောက် လိုချင်လို့ပါ။ ဒါပေမယ့် အဲသည်ဆိုင်က ပစ္စည်းတွေက ဈေးကြီးလွန်းတယ်ထင်လို့ ကြွေရေနွေးခရားလေးတစ်လုံးပဲ ၀ယ်လာဖြစ်ပါတယ်။

ညနေပိုင်းမှာ ဇူလိုင် သြဂုတ် စက်တင်ဘာ မွေးနေ့ရှင်တွေရဲ့ မွေးနေ့ပွဲမှာ ကာရာအိုကေ ဆိုနိုင်ဖို့ စက်ဆင်တာ ဆောင်းဘောက်ဆင်တာ အသံစမ်းတာတွေ လုပ်ပြီး ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေလိုက်တာ ပန်းပွင့်လေးတို့ သားအမိကို ဖုန်းဆက်ဖို့တောင် မေ့သွားပါတယ် . . .

ပါရဂူတန်း


ပါရဂူကျောင်းသားတွေကို ဒီနေ့ အကြိုမိတ်ဆက်ရှင်းလင်းပွဲ လုပ်တယ်။ ပါရဂူသင်တန်းဒါရိုက်တာ ဆရာမ ကူမာဂအိ က ရှင်းလင်းဆွေးနွေးတာပါ။ ဒီနှစ် ပါရဂူ သင်တန်းသား လေးယောက်နဲ့ မနှစ်က သင်တန်းသားတစ်ယောက်၊ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ရေးရာမူဝါဒ မဟာသင်တန်းသူတစ်ယောက် နဲ့အတူ ဆရာမျိုး ဆရာကိုရေး နဲ့ စာပေရေးရာက နှစ်ယောက်တက်ကြတယ်။ စီနီယာကျောင်းသားက အင်္ဂလန်သားပေမယ့် အမေရိကန်မှာလည်း အကြာကြီးနေဖူးတာမို့ အမေရိကန်လေသံပေါက်နေတဲ့ နစ် ဆိုတဲ့ အိုင်ယူဂျေ ကျောင်းဆင်း၊ အခုနှစ်တက်မယ့် ပါရဂူသင်တန်းသား လေးယောက်အနက် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ပါရဂူသင်တန်းသူက မြန်မာ၊ နိုင်ငံတကာဆက်ဆံရေးပညာအပိုင်းက ပါရဂူသင်တန်းသား သုံးယောက်ရှိတဲ့အထဲ နှစ်ယောက်က မြန်မာဖြစ်ပြီး တစ်ယောက်ကတော့ လီဆာလို့ခေါ်တဲ့ တောင်အာဖရိကက အဖြူမလေး။ သူလည်း မိခင်ဘာသာ အင်္ဂလိပ်စကား ဖြစ်ရုံမက အခုလက်ရှိ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာ သင်ကြားပို့ချနေတဲ့သူဆိုတော့ မွေးကတည်းက အင်္ဂလိပ်လို အူဝဲခဲ့တဲ့သူတွေနဲ့ အတူ အင်္ဂလိပ်လို သင်တဲ့ကျောင်းမှာတက်ရမှာ ဆိုတော့ စိန်ခေါ်ချက်က မသေးလှဘူးရယ်။
ဆရာမက သင်တန်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ရှင်းပြတယ်။ ပထမနှစ် သုံးတန်းမှာ အိုင်အာနဲ့ ပတ်သက်တဲ့ ဘာသာရပ်သုံးခုကို တစ်တန်းစီ ယူရမယ့်အပြင် ပြည်သူ့ရေးရာမူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း တစ်တန်းတက်ရမယ်။ ပထမနှစ် အပြီး နွေရာသီ အစပိုင်းရောက်ရင် ၀င်ခွင့်စာမေးပွဲ ဖြေရမယ်။ ပြီးတော့ ကိုယ်တင်မယ့် စာတမ်းခေါင်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ခုခံစာမေးပွဲ  ဖြေရမယ်တဲ့။ ပါရဂူစာတမ်းမှာ ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြဖို့ အဆင့်အတန်းရှိတဲ့ စာတမ်းသုံးစောင် (သုံးစောင်ပေါင်းရင် ပါရဂူစာတမ်းဖြစ်)  ရေးရမှာဖြစ်ပြီး ဘွဲ့ယူတဲ့ အချိန်မှာ အနည်းဆုံး စာတမ်းတစ်စောင်က နိုင်ငံတကာ ရည်ညွှန်းဂျာနည် တစ်စောင်စောင်မှာ ပုံနှိပ်ဖော်ပြပြီး ဖြစ်နေရမယ်လို့ ဆိုပါတယ်။
ရှင်းလင်းပွဲပြီးတော့ ဆရာမျိုးနဲ့ ဆရာကိုရေးက မှာစရာရှိတာလေးတွေ မှာ၊ ကျောင်းသားတွေက တစ်ယောက်ချင်း ကိုယ့်ကိုယ်ကို မိတ်ဆက်။ ပြီး ကျွန်တော်တို့ ပါရဂူသင်တန်းသားတွေအတွက် ပေးထားတဲ့ စာဖတ်ခန်းကို ခေါ်သွားတယ်။ အထဲမှာ မီးခလုတ် မီးချောင်း ပလပ်ပေါက် အပြည့်အစုံနဲ့ သီးသန့်စာကြည့်စားပွဲတစ်ခုစီရယ်၊ ကိုယ့်လျို့ဝှက်နံပတ်နဲ့ကိုယ် ဖွင့်ရတဲ့ ဗီရိုအရှည်တစ်လုံး အပုတစ်လုံးစီရယ် ပေးတယ်။ အခန်းထဲမှာ ပရင်တာတစ်လုံးရှိတယ်။ အင်တာနက် ၀ိုင်ဖိုင်နဲ့ လန်ကြိုးပေါက်တို့ကတော့ စာကြည့်တိုက်ထဲကလိုပေါ့။ အခန်းကိုလည်း လျို့ဝှက်နံပတ်နဲ့ ဖွင့်မှ ရတယ်။ ပါရဂူကျောင်းသားတွေကို ပေးထားတဲ့ စာကြည့်ခန်းကို ပါရဂူကျမ်းကြီးကြပ်သူ ဆရာကို ပေးမသိရင် ဆရာက ကိုယ့်ကျောင်းသားကို ဘယ်လို စောင့်ကြည့်လမ်းညွှန်လုပ်ရပါ့မလဲဆိုလို့ ဆရာ့ကိုပါ အခန်းလျို့ဝှက်နံပတ် ပေးတယ်။ ဓာတ်ခွဲခန်း ဆန်လှတဲ့ အဲသည်စာဖတ်ခန်းမှာ ထက် ကဗျာဆန်တဲ့ ကိုယ့်အခန်းထဲမှာကို စာဖတ်ရင် ပိုများ ကောင်းမလား တွေးမိတယ်။ 

ကျန်းမာပါစေ


အချိန်အတိုင်းအတာတစ်ခု လုံလုံလောက်လောက် ရခဲ့ပါလျက်ကနဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ပြုစုပျိုးထောင်ပြီး မျိုးဆက်သစ်ကို မွေးထုတ် ကိုယ့်နေရာမှာ အစားဝင်ပြီး ကိုယ်မရှိရင်တောင် ရပ်တည်ရှင်သန်နိုင်အောင် လုပ်ခဲ့သင့်ပါလျက်နဲ့ ကိုယ့်ကိုယ်ကို ဇမ်းတင်တဲ့အလုပ်၊ အရေးကြီးသော်လည်း ဦးစားမပေးသင့်တဲ့ အလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့တဲ့ အခါကျတော့ အခုနေများ ခေါက်ကနဲ ဖြစ်သွားလို့ကတော့ ကျန်ခဲ့တဲ့ ငတာတွေ အကုန် ခွေးဖြစ်မှာပဲ။ ငုတ်တုတ်ကြီး ရှိနေတာတောင်၊ အရှင်လတ်လတ် အာပေါက်မတတ် ပြောဟောဆုံးမပြီး ဘယ်သူ့ကိုမှ တာဝန်ခွဲမပေးဘဲ တစ်ယောက်တည်းဒိုင်ခံ သေလုမျောပါး အလုပ်တွေ လုပ်ပြနေတာတောင် အကွက်တွေ လှတယ်ဆိုတာလောက် တာတတ်တဲ့ ငတုံးတွေနဲ့သာ ဆက်စခန်းသွားရရင်၊ ကိုယ့်အရည်အချင်းကိုယ် ဖြည့်ဆည်းပြင်ဆင်ထားဖို့ထက် စစ်တပ်ထွက်သွားဆိုတာလောက် အော်တတ်တဲ့ ငဖျင်းတွေနဲ့သာ ဆက်စခန်းသွားရရင်၊ လွတ်လပ်ပြီဆိုပြီး လမ်းပေါ်ထွက် စပါးလှမ်းတဲ့ ပြည်သူဆိုသူတွေနဲ့သာ ဆက်စခန်းသွားရရင် . . .
.
.
.
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ကျန်းမာပါစေ

Monday, 26 September 2016

ရောမသောက်နဲ့


သူငယ်ချင်း မိဘ နဲ့ အိမ်ထောင်ဘက်တို့ဟာ

ရမ် ဗော့ဒကာ နဲ့ ဆာကေး တို့လိုပဲ

တစ်မျိုးချင်းစီဆို အရသာရှိပေမယ့်

ရောသောက်လိုက်မိလို့ကတော့

ငါးပါးကို မှောက်ကရော

Thursday, 22 September 2016

အီကွေနော့


. . . ဒီနေ့က 秋 分の日 (Autumnal Equinox Day) လို့ခေါ်တဲ့ ဆောင်းဦးရွက်ကြွေရာသီ အကြို - နေ့တာညတာ ထပ်တူအကျဆုံးနေ့ ဖြစ်ပါတယ်။ နေ့တာရှည်ပြီး ညတာတိုတဲ့ နွေရာသီဟာ မနေ့ကပဲ ကုန်ဆုံးပါပြီ။ ဒီနေ့မှာ နေ့တာနဲ့ညတာ အညီအမျှဖြစ်ပြီး နက်ဖြန်ကစလို့ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းနှင်းဝေရဲ့ ရှေ့ပြေးဖြစ်တဲ့ ဆောင်းဦးရွက်ကြွေရာသီ စပါပြီ။ နွေရာသီကို နုတ်ဆက်ပြီး ဆောင်းဦးရွက်ကြွေရာသီကို ကြိုဆိုတဲ့ အထိမ်းအမှတ်နဲ့ ဒီနေ့ ဆရာ့အိမ်မှာ ကျူးလစ်ပန်းတွေ စိုက်ကြတယ်။ ရောင်စုံကျူးလစ်ပန်း မျိုးဥတွေကို အကွက်ဖော်ပြီး စိုက်တာပါ။ ဒီပန်းဥတွေဟာ နက်ဖြန်ကစတဲ့ ဆောင်းဦးရွက်ကြွေ တစ်ရာသီလုံး ရော်ရွက်ဝါကြွေတွေ အောက်မှာနေ၊ ဆောင်းရာသီတစ်ခုလုံး နှင်းဖြူဖြူတွေ အောက်မှာ ပုန်းခိုပြီးရင် နွေဦးပေါက်လို့ ဆီးနှင်းတွေ ပျော်ဆင်းသွားပြီဆိုတာနဲ့ မြေကြီးအောက်က ပျော်ပျော်ရွှင်ရွှင် လန်းလန်းလှလှ ထွက်လာကြတော့မှာပါ။ တစ်ဆောင်းတွင်းလုံး နှင်းတွေပိတ်ဖုံးနေတဲ့ လောကကြီးကို ရောင်စုံတောက်ပတဲ့ ပန်းလေးတွေနဲ့ တန်ဆာဆင်ကြတော့မှာပါ။ အနွေးထည် ထူထူကြီးတွေရဲ့ ဖိစီးမှုအောက်က လွတ်မြောက်လာကြတဲ့ မိန်းမလှလေးတွေရဲ့ နုနယ်ပျိုမြစ်တဲ့ ကိုယ်ခန္ဓာအလှနဲ့ လုလင်ပျိုတွေကို ရူပါရုံဒါနပြုကြသလို ငွားငွားစွင့်စွင့်နဲ့ ပွင့်လာတဲ့ ကျူးလစ်ပန်းပွင့်လေးတွေကလည်း နွေဦးပွင့်ဝေရာသီရဲ့ အလှကို ပိုပြီး ပဏာတင့်စေတော့မှာပါ
.
. . . ဒီနေ့မှာ နေမင်းကြီးဟာ အီကွေတာမျဉ်းကြောင်းပေါ်ကို ထောင့်မှန်တည့်တည့်ကျလို့ နေ့တာနဲ့ ညတာ ထပ်တူညီသွားတာ ဖြစ်ပါတယ်။ ဒီနေ့လို နေ့မျိုး တစ်နှစ်မှာ နှစ်ခါ ဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နဲ့ စက်တင်ဘာလ ၂၂ ရက်တို့မှာ နေဟာ အီကွေတာပေါ်ကို ထောင့်မှန်ကျ ရောက်ရှိပါတယ်။ အလားတူစွာပဲ နေ့တာ အရှည်ဆုံးနဲ့ နေ့တာ အတိုဆုံးရက်တွေလည်း ရှိပါသေးတယ်။ ဒီနှစ်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ နေ့တာ အရှည်ဆုံးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကျရင် နေ့တာအတိုဆုံး ဖြစ်အုံးမှာပါ။ အင်္ဂလိပ်လိုတော့ Solstice လို့ ခေါ်ပါသတဲ့။
.
. . . အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာကြီးရဲ့ ၀င်ရိုးဟာ ၂၃ ဒီဂရီခွဲ တိမ်းစောင်းလည်ပတ်နေတာကြောင့် ဖြစ်ပါတယ်။ ၀င်ရိုးပေါ်မှာ တစ်ရက်ကို တစ်ပတ်နှုန်း လည်။ နေကိုလည်း တစ်နှစ်ကို တစ်ပတ်နှုန်းနဲ့ လှည့်ပတ်နေတဲ့ ကမ္ဘာကြီးသာ ၀င်ရိုးတည့်တည့်ပေါ်မှာ လည်နေရင် အခုလိုမျိုးတွေ ရှိမှာ မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း နေ့တာနဲ့ ညတာက ထပ်တူကျနေမှာပါ။ အခုတော့ ကမ္ဘာကြီးက နည်းနည်းလေး စောင်းနေတာကြောင့် နွေဦးပေါက်လိုက် နွေရောက်လိုက် ဆောင်းဦးရွက်ကြွေဖြစ်လိုက် ဆောင်းနှင်းဝေဖြစ်လိုက် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဒီလိုသာ မဟုတ်ရင် တစ်နှစ်လုံး ရာသီတွေက အတူတူပဲ ဖြစ်နေမလားတောင် မသိပါဘူး။
.
. . . ကျူးလစ်ပန်းလေးတွေ စိုက်တော့ ပန်းပွင့်လေးနဲ့ သူ့မေမေကို လွမ်းမိရပါသေးတယ်။ ကျူးလစ်ပန်းတွေ ပွင့်ရင် ပိုတောင်လွမ်းရအုံးမယ်ထင်ပါရဲ့။ အို ဒီလိုလည်း မဟုတ်သေးပါဘူး။ ဒီနေ့စိုက်တဲ့ ကျူးလစ်တွေ ဝေေ၀ဆာဆာ ပွင့်ပြီဆိုမှဖြင့် မြန်မာပြည်ခဏပြန်ပြီး ပန်းပွင့်လေးနဲ့ ကစားဖို့ ပုံတွေပြောပြဖို့ သစ်ပင်တွေ အတူစိုက်ဖို့ အရုပ်ကလေးတွေ အတူတူလုပ်ကြဖို့နဲ့ ပန်းပွင့်လေးမေးတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဖြေပေးဖို့ အခွင့်ရချင်ရအုံးမှာပါလေ . . .
.
၂၀၁၆ စက်တင်ဘာလ ၂၂ ရက်

စဆရက



သူများနည်းတူပဲ ဖွဘုတ်ကို သုံးနေပေမယ့် ဖွဘုတ် ဘာသာစကားထဲက ဝေါဟာရတွေကိုတော့ အကုန်လုံး မသိဘူးဗျ။ မသိလို့ မေးပြန်ရင်လည်း တုံးရာကျမှာစိုးလို့ ဘယ်သူ့မှ မမေးရဲ။ သူများတွေ ပြောနေကြတော့ ကိုယ်လည်း သိသလိုလို ဘာလိုလို လုပ်ရတာပေါ့။ အဲဒီထဲက ကြားဖူးတာ တော်တော်ကြာနေပေမယ့် အဓိပ္ပာယ်သိတာ သိပ်မကြာသေးတဲ့ စကားလုံးကတော့ စဆရကပဲ။

တကယ့်ကတယ်ကျတော့ ဖွဘုတ်ဆိုတာ စဆရက လောကကြီးပေပဲ။ ဖွဘုတ်မှာ တတ်သိနားလည်တဲ့သူ တော်တော် များတာကလား။ သူ့နယ်ပယ်နဲ့သူကတော့ စူ့ထက်စူလူစွမ်းကောင်းတွေချည်းပဲ ဆိုတာလိုပဲ။ ကမ္ဘာမှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်လိုက်ပြီလားဆိုရင် အဲသည် စဆရကများက အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး အစွဲအမျိုးမျိုးကနေ သုံးသပ်ပြတော့တာကလား။ ဆရာဆရာကြီးတွေ များလွန်းအားကြီးလို့ ဘယ်ဆရာက ပိုဆရာကျသလဲဆိုတာကိုတောင် မသိတတ်လောက်အောင်ကိုပါပဲ။

အင်း . . . သူများကို လက်ညှိုးတစ်ချောင်းထိုးတော့ ကိုယ့်ဘက်ကို သုံးချောင်းပြန်ထိုးတယ်ဆိုတာကလည်း ရှိသေးတာကိုး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကိုယ်လည်းပဲ ငယ်ရွယ်နုပျိုစဉ် အခါတုန်းများဆို တယ်လဲ စဆရက ဖြစ်ခဲ့တာပေပဲ။ သူများတွေ တစ်ခုခု ပြောနေပြီလားဆိုရင် အသာလေး နားထောင်နေတယ် ကိုယ်သိတဲ့အပိုင်းရောက်လို့ကတော့ ဘယ်လို ၀င်ပြီး စဆရက လုပ်ရမလဲ ချောင်းနေတော့တာ။ တစ်ခါတစ်လေ ကိုယ်လုံးလုံးမသိတဲ့ နယ်ပယ်က ကိစ္စတစ်ခုခု ပြောနေတယ်ဆိုရင်တောင် ကိုယ်သိထားတာလေးနဲ့ ဘယ်လိုဆက်စပ်ပြီး ဘယ်လို စဆရက လုပ်ရမလဲ ဆိုတာ ကြံဖန်ဝင်လုံးတတ်သေးတာ။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်သိထားတာတွေဘက်ကိုပဲ အတင်းဆွဲဆွဲပြောတတ်လွန်းလို့ သူငယ်ချင်းတစ်ယောက်ကဆို ကျွန်တော့်ကို ကြမ်းပိုးပုံပြင်ပြောပြပြီး သာသာနဲ့ နာနာနှက် ဆုံးမပါရောလား။ ကြမ်းပိုးပုံပြင်ဆိုလို့ ငယ်ငယ်က ပုံပြောကောင်းတဲ့ ဆရာမ ဒေါ်ဌေးအောင်ကို သတိရမိသေးတယ်။ အကောင်းသတိရတာတော့မဟုတ်ဘူး။ ဆရာမက မြန်မာစာသင်တာ၊ ပုံပြောလည်းကောင်းတယ်။ ဆရာမ ပုံပြောနေရင် ကိုယ်က ကြားက ဖြတ်ဖြတ်ပြောလို့ ဆရာမက ကဲမောင်ကောင်း မင်းဒီလောက် သိနေတယ်ဆိုရင်လည်း ငါမပြောတော့ဘူး အတန်းသားတွေကို မင်းပဲ ပြောပြလိုက်တော့ ဆိုပြီး အူတိအူကြောင်နဲ့ အတန်းထဲမှာ မတ်တပ်ရပ်နေရဖူးတာကို သတိရသွားတယ်ပြောတာ။

အခုတော့လည်း အသက်တွေကြီးလာလို့လား မသိဘူး။ တစ်ခုခုဆို သူများတွေပြောရင် ဘာမှကို ၀င်မပြောချင်တော့ဘူး။ ကိုယ်က အစီအစဉ်တကျလုပ်နေတုန်း ကိုယ့်လောက်လည်း မသိဘဲနဲ့ ကြားထဲကဖြတ်ပြီး စဆရက ၀င်လုပ်ရင် ငယ်ငယ်ကဆို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်မိတတ်ခဲ့ပေမယ့် အခုတော့လည်း အဲဒါမျိုးတွေ ကြုံရရင် ဘာမှကို ပြောချင်စိတ်မရှိဘဲ စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတတ်တော့တာ။ ကဲကဲ မင်းပဲလုပ်တော့ဆိုတဲ့ အထာနဲ့ အဲလိုလူမျိုးကို ရှေ့ကသွားခိုင်းချင်နေတော့တာ။ အဲဒီလို စိတ်ပျက်စရာတွေ များများ ကြုံလာရလေ ဆရာမကြီး ဒေါ်ဌေးအောင်ကို သတိရလေပဲ။ အင်း ကျွန်တော့် ဆရာသမား လူကြီးမိဘများ သူတို့လုပ်နေ ပြောနေတဲ့ နေရာတွေမှာ ကျွန်တော့်ရဲ့ မတောက်တခေါက် ဗဟုသုတလေးတွေနဲ့ စဆရက ၀င်လုပ်ခဲ့တဲ့ဒဏ်ကို ဘယ်လောက်တောင် ခံခဲ့ရတယ်မသိ . . .