ကျွန်တော်တို့မြို့ဟာ ကျားထိန်းသိမ်းရေး ကာကွယ်တော အမျိုးသားဥယျာဉ်ကြီးထဲမှာ ရှိနေတဲ့မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ကျားကို ထိန်းသိမ်းသလို မျောက်ကိုလည်း ကာကွယ်ထိန်းသိမ်းထားပါတယ်။ မြို့ထဲမှာ ဘေးမဲ့ပေးထားတဲ့ နွားတွေ၊ ကဲချင်တိုင်း ကဲနေတဲ့ မျောက်တွေ မတွေ့ချင် မမြင်ချင်တဆုံးပါပဲ။ မျောက်အမျိုးအစားကလည်း တော်တော်စုံပါတယ်။ တစ်ခါတစ်ခါ မြို့ထဲပြထဲမှာ မျောက်တွေ များလာလို့ အကုန်လုံးဖမ်းပြီး တောထဲ ပြန်ပြန်ပို့ရပါသတဲ့။ ပြန်ပို့လည်း တဖြည်းဖြည်းနဲ့ ပြန်ရောက်လာတာပါပဲတဲ့။ ဒီနေရာမှာ ကျားကို သတ်ခွင့် မရှိသလို မျောက်ကိုလည်း သတ်ခွင့် မရှိပါဘူး။ လူ့ပယောကကြောင့် မျောက်တစ်ကောင် သေတယ်ကြားရင် ရုပ်ရှင်ထဲကလို ရဲတွေ ရောက်လာမှာပါ။ ပြီးခဲ့တဲ့ အပတ်စဉ်က ကျောင်းသားတစ်ယောက် ခဲနဲ့ ခြောက်ပစ်ပစ်လိုက်တာ မျောက်ကိုမှန်ပြီး သေသွားလို့ ရဲစခန်းက မလာခင် အသာလေး မြေမြှပ်ပစ်လိုက်ရတယ်ဆိုပဲ။
မျောက် သူ့ဘာသာ နေတာ ဘာလို့ ခဲနဲ့ ပစ်ရသလဲလို့ မေးချင်တာလား။ မျောက်က သူ့ဘာသာ မနေပါဘူး။ အဆောင်နားပတ်ဝန်းကျင် သစ်ပင်တွေမှာ သူတို့ပဲ ကြီးစိုးနေတာပါ။ မနက် မိုးမလင်းသေးဘူး ကိုယ်တော်တို့က ခေါင်မိုးပေါ်မှာ တဂျိမ်းဂျိမ်း ပြေးလွှားနေကြပါပြီ။ မနက်စောစောများ အိပ်ယာထချင်ရင် နှိုးစက်ပေးစရာ မလိုပါဘူး။ ကျေးဇူးရှင်တွေက အလိုက်တသိ နှိုးပေးပါတယ်။ ပန်းခြံထဲမှာလည်း သူတို့ပါပဲ။ သူတို့ဘာသာ အေးအေးလူလူ ဆော့နေရရင် ကဲချင်တိုင်း ကဲနေရရင်သာ အသံမထွက်တာပါ။ သူတို့ကိုများ သွားစရင် လူကိုတောင် ရန်ပြန်လုပ်ချင်တဲ့ အကောင်တွေပါ။ မျောက်ဆိုတဲ့အကောင်က လူနဲ့တူလို့လားမသိဘူး။ သိပ်ကို လည်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အိမ်တစ်အိမ်ထဲကိုများ ဝင်တော့မယ်ဆိုရင် အရင်ဆုံး ချောင်းကြည့်လိုက်ပါသေးတယ်။ အိမ်ထဲမှာ မိန်းမသားချည်းပဲ ရှိတယ်ဆိုရင် ပိုင်စိုးပိုင်နင်း ဝင်ပြီး လုပ်ချင်ရာလုပ်တော့တာပါ။ မိန်းမတွေက သူတို့ကို ကြောက်တတ်တယ်ဆိုတာ သိနေလေတော့ အိမ်ထဲဝင်ရင်တောင် ခိုးကြောင်ခိုးဝှက် မဝင်ပါဘူး။ အိမ်ကြီးရှင်ဟန်ပန်နဲ့ဝင်ပြီး တစ်အိမ်လုံးကို စိမ်ပြေနပြေ မွှေနှောက်တော့တာပါပဲ။ မွှေလို့နှောက်လို့ အားရမှ စားစရာရှိတာစားပြီးလို့ ဝမှ လက်ထဲမှာ နိုင်သလောက်သယ်ပြီး အေးအေးလူလူ ပြန်ထွက်ပါသတဲ့။ အိမ်ထဲမှာ ယောက်ျားသားများရှိရင်တော့ မောင်မင်းကြီးသားတို့က အနားတောင် မသီဘူးဆိုပဲ။
မြို့ပတ်ဝန်းကျင်မှာက လည်စရာပတ်စရာ လှလှပပနေရာတွေ အများကြီး ရှိပါတယ်။ တစ်နေရာသွားလည်တော့မယ်ဆိုရင် အဲသည်နေရာမှာ ကျားရှိသလား မျောက်သောင်းကျန်းသလား အရင်စုံစမ်းရပါတယ်။ ကျားကတော့ လူတွေနားကို လာခဲလို့ ကိစ္စမရှိဘူးဆိုပေမယ့် မျောက်ကတော့ ကိစ္စရှိပါတယ်။ မျောက်ကိုသတ်ရင်သာ မျောက်သတ်မှုဆိုပြီး ဖမ်းပေမယ့် ခင်ဗျား ပိုက်ဆံအိတ် ဒါမှမဟုတ် ကျောပိုးအိတ် ဒါမှမဟုတ် စားစရာမုန့်ထုပ်ကို မျောက်က အလစ်သုတ်သွားရင် အဲသည်မျောက်ကို ဖမ်းပြီး တရားစွဲနိုင်တဲ့ ဥပဒေ ဒီမှာ မရှိပါဘူး။ သူတို့ကမှ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ တကယ့် ဒီမိုကရေစီ မျောက်တွေဖြစ်ပါတယ်။ မျောက်တို့စံပျော်ရာ ဒီမိုကရေစီ လောကကြီးမှာ အကာအကွယ်ပေးတဲ့ ဥပဒေသာရှိပြီး ဖိနှိပ်တဲ့ ဥပဒေ မရှိလို့ ဒီမိုကရေစီ နိုင်ငံရေးသမားတွေ လာရောက်လေ့လာလှည့်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။
မျောက်တို့ရဲ့ ဒီမိုကရေစီထွန်းကားရာအရပ်မှာ လာနေမိတဲ့ လူများအဖို့ကတော့ ဘာပဲလုပ်လုပ် မျောက်ရန်က လွတ်အောင် လုပ်ရပါတယ်။ သစ်ပင်စိုက်ရင် သံဇကာနဲ့ လုံအောင် ကာရတယ်။ ခေါင်မိုးပေါ်မှာ ဂြိုဟ်တုစလောင်းတင်ရင် အပေါ်က သံဇကာတွေ သံဆူးကြိုးတွေ အုပ်ရတယ်။ ကင်းသမားတစ်ယောက်ဟာ မသမာသူကို စောင့်ကြည့်ရုံသာမက မျောက်မောင်းတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ရတာပါ။ ကင်းသမားမှန်လျှင် တုတ်ရှည်ရှည်တစ်ချောင်း ကိုင်ဆောင်ထားရမည်လို့များ တည်မြဲအမိန့်ထဲ ထည့်ရေးထားသလားတော့ မသိပါဘူး။ တုတ်ကိုင်ကင်းသမားရဲ့ အဓိက လုပ်ငန်းတာဝန်ကြီးနှစ်ရပ် ရှိတဲ့အနက် အရာရှိတွေ့ရင် အလေးပြု။ မျောက်တွေ့ရင် မောင်း ဆိုတဲ့ တာဝန်တွေကို အလေးအနက်ထား ထမ်းဆောင်ကြတာ တွေ့ရပါတယ်။ ကင်းသမားတွေ မျောက်မောင်းတာကလည်း တစ်ခါတစ်လေ ရယ်စရာလည်း ကောင်းသလို တစ်ခါတစ်လေကျတော့ သနားစရာကောင်းပါတယ်။ ဟိုကျေးဇူးရှင်က ဖတ်ဖတ်ဆို သစ်ပင်ပေါ် တက်ပြေးတော့ တုတ်ကိုင်ထားတဲ့ စစ်သားရင့်မာကြီးတွေခမျာ သစ်ပင်ပေါ်ပဲ လိုက်တက်ရတော့မလို ခဲနဲ့ပဲ ကောက်ပစ်ရတော့မလို ဗျာများတာတွေကို ဗိုလ်ကောင်းသာ သစ်ပင်ပေါ်တက်ပြေးတဲ့ မျောက်ဆိုရင် ဟားတိုက်ပြီး ရယ်မိမှာပဲ။ အခုတော့ ဗိုလ်ကောင်းက အောက်က လိုက်နေတဲ့ တုတ်ကိုင်စစ်သားကြီးနဲ့ မျိုးနွယ်တူ လူဖြစ်နေတော့ ရယ်စရာကောင်းပေမယ့် ကိုယ့်အမျိုးချင်းပဲ ဘက်လိုက်ပြီး သနားနေမိပါတော့တယ်။
ဒီမှာ မျောက်ကို နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ကြတာလည်း ရှိပါတယ်။ ဗိုလ်ကောင်းတို့ စွဲလမ်း နှစ်ခြိုက်ခဲ့ရတဲ့ ရာမ လက္ခဏာ သီတာဒေဝီတို့ ဒသဂီရိတို့ ဇာတ်လမ်းထဲမှာ ပါတဲ့ ဟာနုမာန်မျောက်ကို ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ အဲသည် ယုံကြည်မှုတစ်ခု ရှိနေလို့လည်း မျောက်တွေ ဒီလောက်ထိ ကဲချင်တိုင်း ကဲခွင့် ရနေတာထင်ပါရဲ့။ သြော် လူတွေများ ယုံမိပြီဆိုရင် ဘယ်လိုမှကို အဆိုးမမြင်ကြတော့ပါလားလို့တောင် တရားကျမိပါတယ်။ (28-2-2013)
No comments:
Post a Comment