သူ့အတွက် အလွမ်းပြေ ပန်းတွေ တစ်ပွင့်စီချွေကာ မြေမှာ စုထားရရင်ကွယ်
ခုများဆို စကားဥပမာ ပြောလို့နှိုင်းရင်
တောညို့မှိုင်းတဲ့ မောတို့တိုင်းရဲ့ ရှမ်းတောင်တန်းသဖွယ်
လွမ်းယောင်သန်းတဲ့ ပန်းတောင်တန်းတွေ ဖြစ်နေမယ်ထင်တယ်
ဒါကတော့ မာမာအေး ဆိုခဲ့တဲ့ မေ့ဘဝခဏဘယ်သူယူပါ့မယ် ဆိုတဲ့ သီချင်းထဲက စာသားတစ်ချို့ ဖြစ်ပါတယ်။ တစ်ခြားသူတော့ မသိဘူးဗျ။ ဗိုလ်ကောင်းကတော့ ပန်းတောင်တန်းဆိုတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ပန်းမြို့တော်လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်တောင်မှ ပန်းတောင်တန်းလို့ ခေါ်ထိုက်တယ်လို့ မထင်ဘူး။ သီချင်းထဲကလို ပန်းတောင်တန်းမျိုး အပြင်မှာ တကယ်ရှိမယ်လို့လဲ မထင်မိပါဘူး။ ဒါကတော့ သီချင်းရေးဆရာ တမင်သက်သက် ဥာဏ်ကွန့်မြူးပြီး ရေးထားတဲ့ အတိဿယဝုတ္တိ အလင်္ကာ သက်သက်ပဲ လို့ ထင်ပါတယ်။ ဒါပေမယ့် သီချင်းလေးကိုတော့ အကြိုက်သားဗျ။ သူ့ကို တစ်ခါလွမ်းတိုင်းသာ ပန်းတစ်ပွင့် ချွေချွေပြီး ပုံထားရင် ပန်းပုံကြီးက ရှမ်းတောင်တန်းကြီးလောက်တောင် ဖြစ်သွားမယ်ဆိုပြီး သူ့အလွမ်းအင်အား ဘယ်လောက်ကြီးမားသလဲ ဆိုတာကို ဖွဲ့ထားတာလေ။
ဗိုလ်ကောင်းကတော့ တစ်ခါမှ မမြင်ဖူးတဲ့ ပန်းတောင်တန်းကြီးကို စိတ်ကူးနဲ့ မတင်စားချင်ဘူးဗျ။ အခု မြက်စိရှေ့မှာ မြင်နေရတဲ့ သစ်ရွက်ဝါ ပင်လယ်ကြီးကို ကြည့်ပြီးတော့ပဲ ပြောပြချင်ပါတယ်။
ဗိုလ်ကောင်းတစ်ခါလွမ်းတိုင်းမှာ သစ်ရွက်ဝါလေးတစ်ရွက် ကြွေကျပါတယ်ဆိုပါစို့။ ဗိုလ်ကောင်းကလည်း အချိန်ရှိတိုင်း လွမ်းနေလို့ သစ်ရွက်တွေကလည်း အချိန်ရှိတိုင်း ကြွေနေတယ် ဆိုပါစို့။ ဗိုလ်ကောင်းရဲ့ အလွမ်းတွေဟာ သစ်တောအုပ်ထဲမှာ ကြွေကျနေတဲ့ သစ်ရွက်ဝါတွေလောက်ကို များပါတယ်။ ချစ်သူရေ မင်းမယုံရင် မင်းနဲ့ အနီးဆုံး သစ်ပင်ကြီးနားကို သွားကြည့်လိုက်ပါ ဆိုပြီး ချစ်တဲ့သူကို သစ်ရွက်ကြွေတွေနဲ့ သက်သေပြလိုက်ချင်ပါရဲ့။ ဗိုလ်ကောင်းရဲ့ အလွမ်းလှိုင်းဒဏ်ကြောင့် ချစ်သူရပ်နေတဲ့ နေရာက သစ်ပင်တွေကပါ အရွက်တွေ ကြွေကျလာမှာပါ။ အဲဒါ ဗိုလ်ကောင်းရဲ့ အလွမ်းတွေပါ။ သစ်ရွက်တွေကို ဆက်ပြီး မကြွေစေချင်တော့ဘူး။ အလွမ်းသစ်ရွက်ဝါလေးတွေကို အတောင်ပံလုပ်ပြီး ချစ်သူဆီကို အပြေးသာ ပျံလာလိုက်ချင်ပါတော့တယ်။
(26-3-2013)
No comments:
Post a Comment