Thursday, 28 March 2013

ဆေးရောင်စုံပွဲတော်


 ဒီနှစ် မတ်လ ၂၇ ရက်နေ့ဟာ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကစားကြတဲ့ ဟိုလီပွဲတော်နေ့ ဖြစ်ပါတယ်။ ဟိုလီ ပွဲတော်ဆိုတာ ဟိန္ဒူတွေရဲ့ ရှေးဟောင်း ဘာသာရေး ဇာတ်လမ်းတစ်ပုဒ်ကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တစ်ခါက နတ်ဘုရင်တစ်ပါး ရှိသတဲ့။ ဗြဟ္မာတွေက အဲသည်နတ်ဘုရင်ကို ဘယ်သူသတ်သတ် မသေနိုင်တဲ့ ဆုလာဘ်ကိုလည်း ပေးထားသတဲ့။ သူရထားတဲ့ ဆုလာဘ်အရဆိုရင် သူ့ကို နေ့မှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ်၊ အိမ်ထဲမှာ ဖြစ်ဖြစ် အိမ်ပြင်မှာဖြစ်ဖြစ်၊ ကောင်းကင်မှာဖြစ်ဖြစ် မြေပြင်ပေါ်မှာဖြစ်ဖြစ်၊ လူသားကပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် သတ်လို့ မရနိုင်ဘူးပေါ့။ ဒီလိုဆုလာဘ်ကို ရထားတဲ့ နတ်ဘုရင်တစ်ပါးဟာ ဘယ်မှာ စိတ်ကြီးမဝင်ဘဲ နေပါတော့မလဲ။ ဒါနဲ့ပဲ သူဟာ လူသားတွေနေထိုင်ရာ လောကနဲ့ ကောင်းကင်ဘုံကို တိုက်ခိုက်ရန်ပြုတော့တာပဲ။ လူတွေက ဘုရားသခင်ကို ကိုးကွယ်နေရာက သူ့ကို ပြောင်းပြီး ကိုးကွယ်စေချင်လာပါတော့သတဲ့။
    ဒါပေမယ့် သူရဲ့ သားဖြစ်တဲ့ ပရာလာဒါ ကတော့ ဗိဿနိုး နတ်ဘုရားကိုပဲ ယုံယုံကြည်ကြည် ကိုးကွယ်နေတဲ့သူ ဖြစ်နေပါတယ်။ သူ့အဖေက ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် သားဖြစ်သူကတော့ သူ့အဖေကို ကိုးကွယ်ဖို့ ငြင်းဆန်ပြီး ဗိဿနိုးနတ်ဘုရားကိုပဲ ဆက်လက် ကိုးကွယ်နေပါတယ်။ ဒါနဲ့ပဲ အဖေလုပ်တဲ့ နတ်ဘုရင်ကြီးက သူ့သားအရင်း ပရာလာဒါကို အဆိပ်ခတ် သတ်တော့တာပေါ့။ ဗိဿနိုး နတ်ဘုရားကို ကိုးကွယ်တဲ့ ပရာလာဒါရဲ့ ပါးစပ်ထဲမှာတော့ အဆိပ်ရည်ဟာ ပန်းဝတ်ရည်အဖြစ် ပြောင်းလဲသွားပြီး ဘာမှ မဖြစ်ဘူးပေါ့။ ဒါကြောင့် နောက်တစ်ခါ ဆင်နဲ့ နင်းသတ်ပေမယ့် သူ့သားကို သတ်လို့ မရပြန်ဘူးတဲ့။ နောက်တစ်ခါကျတော့ အဆိပ်ပြင်းတဲ့ မြွေတွေထည့်ထားတဲ့ အခန်းထဲ ပစ်ထည့်ပြီး သတ်ပေမယ့် သူ့သားက မသေဘူးတဲ့။
    ဖအေလုပ်သူက ဘယ်လိုပဲလုပ်လုပ် သားဖြစ်သူကို သတ်လို့မရတဲ့ အဆုံးမှာ နောက်ဆုံး အစ်မတော်ရဲ့ ရင်ခွင်ထဲမှာ ထားပြီး မီးဖိုထဲ ဆင်းခိုင်းတော့တာပဲ။ ဒါပေမယ့် အစ်မတော်ကလည်း မီးလောင်ပြီး မသေနိုင်တဲ့ ဆုလာဘ်ကို ရထားတော့ ဒီနည်းနဲ့လည်း သားဖြစ်သူကို မသတ်နိုင်ပြန်ဘူး။ ဒါနဲ့ သားဖြစ်သူက ဖခင် နတ်ဘုရင်ရဲ့ အမိန့်ကို နာခံပြီး မီးပုံထဲကို ခုန်ဆင်းတော့တယ်။ ဒါပေမယ့် ဒီတစ်ခါလည်း လွတ်မြောက်သွားပြန်တယ်။ အဲသည်လို မီးဖိုထဲ ခုန်ဆင်းတာက လွတ်မြောက်လာတဲ့ အထိန်းအမှတ်နဲ့ ဟိုလီပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။
    နှစ်စဉ်နှစ်တိုင်းမှာ ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာဟာ ဟိုလီပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။ ပွဲတော်လုပ်တဲ့ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးပေါ့။ ရှေးအကျဆုံး ရည်ရွယ်ချက်ကတော့ နွေဦးပေါက်ရာသီကို ကြိုဆိုကြတာပါ။ မူလကတော့ ကောက်နှံတွေ ရိတ်သိမ်းဖို့နဲ့ လယ်ယာတွေ မြေသြဇာကောင်းစေတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီချိန်ဒီအခါဟာဆိုရင် ဆောင်းရာသီကို နုတ်ဆက်ခွဲခွာပြီး အရောင်အသွေး အစုံအလင်နဲ့ လှပတဲ့ နွေဦးကို ကြည်နူးခံစားရတဲ့ အချိန်အခါပဲလို့ ဟိန္ဒူတွေက ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခု အနေနဲ့လည်း ဒီပွဲကို ကျင်းပကြပါတယ်။ ဘာသာရေးပွဲတော် ဖြစ်ပေမယ့် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားရတဲ့ ပျော်စရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်တွင်းမှာ မီးဖိုကြီးဖိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အရောင်စုံတွေနဲ့ ပက်ဖျန်းကြတယ်။ တကယ့်ကို သည်းသည်းမဲမဲ ပျော်ကြရတဲ့ ပွဲတော်ပါပဲ။
    နေရာတော်တော်များများမှာတော့ ဟိုလီပွဲတော်ကို နှစ်ရက်လောက် ကျင်းပကြပါတယ်။ ဟိုလီပွဲတော်ဟာ အသက်အရွယ်ကွာခြားတာတွေ၊ ကျားမ ကွာခြားတာတွေ၊ လူမှုရေးအဆင့်အတန်း ကွာခြားတာတွေ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားတာတွေ ကို ပယ်ရှားပေးပါတယ်။ ဆင်းရဲသားတွေ လူချမ်းသာတွေ ယောက်ျားတွေ မိန်းမတွေဟာ ဟိုလီပွဲတော်ကို အတူတကွ ဆင်နွှဲကြပါတယ်။ ပွဲတော်ရက်မှာတော့ ဘယ်သူမှ သိမ်သိမ်မွေ့မွေ့ မရှိကြပါဘူး။ အားလုံးဟာ ကြမ်းကြမ်းတမ်းတမ်း တွန်းတွန်းတိုက်တိုက် အသည်းအသန် ပျော်ရွှင်ကြတာပါ။ ဟိုလီပွဲတော်မှာ အဓိကကတော့ ရောင်စုံဆေးမှုန့်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ပက်ဖျန်း ကစားကြတာမို့ ဟိုလီပွဲတော်ကို အရောင်စုံပွဲတော်လို့လည်း ခေါ်ကြပါတယ်။
    ဗိုလ်ကောင်းတို့ ရိပ်သာမှာလည်း ဆေးရောင်စုံပွဲကို စားရိပ်သာရှေ့ မြက်ခင်းပြင်မှာ လုပ်ပါတယ်။ ဆရာမတွေက မှာလိုက်တယ်။ ဆေးရောင်စုံပွဲတက်ရင် အဝတ်အစား ဟောင်းတာဝတ်သွားပါတဲ့။ တစ်ချို့ဆေးတွေက ချွတ်ရခက်ပါတယ်တဲ့။ ဗိုလ်ကောင်းတို့အားလုံး အိမ်နေရင်း အဝတ်အစားနဲ့ပဲ သွားကြပါတယ်။ ခဏနေတော့ ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်ကြီးက ဆေးရောင်စုံခြယ်သထားတဲ့ မျက်နှာတွေနဲ့ ရောက်လာကြပြီး အားလုံးကို အပြန်အလှန် ဆေးခြယ်ကြပါတော့တယ်။ အစတုန်းက ဒီပွဲတက်ရင် ဆေးခြယ်တာ မခံဘူးကွဆိုပြီး ပတ်ပြေးနေတဲ့ သူငယ်ချင်းတွေလည်း နောက်ဆုံးတော့ ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်တော့ဘဲ အားလုံး ဆေးဆိုးပန်းရိုက်မျက်နှာတွေ ဖြစ်ကုန်ကြပါတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ပျော်စရာကောင်းတဲ့ ဆေးရောင်စုံပွဲပါလို့ ပြောပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆေးခြယ်ကြတာပါ။ ဧည့်သည်အားလုံး ဆေးရောင်စုံ ဖြစ်ကုန်ကြတော့ အခမ်းအနားမှာ ဧည့်ခံနေတဲ့ စားပွဲထိုးတွေ အကူတွေပါမကျန် ဆေးလိုက်ခြယ်ကြပါတယ်။ တော်ကြာနေတော့ မိသားစုတွေ ကလေးတွေ မိန်းမတွေ ရောက်လာကြပါတယ်။ သူတို့ကိုလည်း ဆေးခြယ်ပေးကြတာပေါ့။ ဆေးခြယ်တယ်ဆိုပေမယ့် များသောအားဖြင့်တော့ ဆေးမှုန့်ကိုပဲ သုံးကြတာပါ။ ရေမထိဘူးဆိုရင် သန့်ရှင်းရ လွယ်ပါတယ်။ ဒါပေမယ့် ကလေးတွေကတော့ ရေပြွတ်တွေနဲ့ ဆေးမှုန့်တွေ ရေဖျော်ပြီး ပက်ကြတော့ အဝတ်အစားတွေ စွန်းကုန်ရော။ ဒါတောင် တစ်ချို့က တော်တော်စွဲတဲ့ ဆေးမှုန့်တွေကို ပုလင်းထဲ ရေဖျော်ပြီး လိုက်လောင်းကြတော့ အဲသည်ဆေးတွေဟာ တော်တော်နဲ့ မကျွတ်တော့ပါဘူး။
    သောက်ကြ စားကြ။ ဆေးမှုန့်တွေနဲ့ လိုက်သုတ်လိုက်ကြ။ သီချင်းတွေဖွင့်ပြီး ကလိုက်ကြနဲ့ တော်တော်လေး အရှိန်ရလာတဲ့အခါ ကျောင်းသားတွေက ကျောင်းအုပ်ကြီးကို ဝိုင်းဖမ်းပြီး အနားက ရေကန်ထဲ ပစ်ချကြပါတော့တယ်။ သူတို့မို့လို့ လုပ်ရဲတာနော်။ ဗိုလ်ကောင်းတို့ဆိုရင် အာစရိယဂိုဏ်းဝင် ကျောင်းအုပ်ကြီး ကို အဲသလို သွားလုပ်လို့ကတော့ ကျောကော့ သွားမှာပေါ့နော။ ဒီလိုနဲ့ ဒုကျောင်းအုပ်ကြီး ပြီးတော့ ကျောင်းသားတွေ အချင်းချင်းလည်း ရေကန်ထဲ ပစ်ချကြနဲ့ ပျော်စရာလည်း ကောင်းပါရဲ့။ ပြီးတော့ နေ့လည်စာ စားကြတယ်။ သတ်သတ်လွတ်ဆိုတော့ သိပ်စားမကောင်းဘူး။ ပြီးတော့ အဆောင်ပြန်လာ။ လျှော်လိုက်ရတဲ့ အဝတ်။ မျက်နှာက ဆေးတွေ မပြောင်လို့ တိုက်လိုက်ရတဲ့ ဆပ်ပြာ။ ဒါပေမယ့် ပျော်ရတာကတော့ တန်ပါတယ်။
(၂၇-၃-၂၀၁၃)

No comments:

Post a Comment