Sunday 3 March 2013

ရွာကိုလွမ်းတဲ့ တပို့တွဲလ


.............................................
ပေါက် လဲ ငုံ ကင်း ထန်းယာဉ်နင်းသည် နှင်းစီစီငယ်နှင့်လေ
ရာသီငယ်မှ မှိုင်းမို့ ဆိုင်းဆိုင်းညို့လို့
တပို့တွဲဆို တမာလည်းနု ကျေးလည်းဥလို့ ရှုတိုင်းငယ်စိုသည်
 မြင်းမိုရ်တောင်ထိပ်က လွမ်းရိပ်ကိုခင်း
ပျော်ခင်းငယ်မှသာလှ သည်ချိန်ကျလျင်
တောဝဂနိုင် စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျှံငွေ့ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ အလို သေရချည့်
စိတ်ဖြေလို့ မရနိုင် ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင် ရှင်သိကြားတို့ မာန်ထားရင်းလေ။


    ဒါကတော့ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ တပို့တွဲလဘွဲ့ ကဗျာတစ်ပုဒ်ပါ။
    ဒီနေ့ တပို့တွဲ လပြည့်ကျော် ၁၂ ရက်။ လာမယ့် တနင်္လာနေ့ဆို တပို့တွဲလ ကွယ်လေပြီပဲ။ အမေ့အိမ်မှာ ဆိုရင်တော့ ဒီအချိန် ထမင်းနဲတွေ ထိုးလို့ပေါ့။ တစ်အိမ်က ထမင်းနဲနဲ့ တစ်အိမ်က ထမင်းနဲနဲ့ လဲစားကြလို့ပေါ့။ အေးတဲ့ရာသီဆိုတော့ အဆီအဆိမ့်များတဲ့ ထမင်းနဲကို စားရတယ်သားရဲ့ ဆိုတဲ့ အမေရဲ့ မရိုးနိုင်တဲ့ ဆေးကျမ်းတွေကို နားထောင်ပြီး ထမင်းနဲတွေ စားလို့ပေါ့။ လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ် ဆယ်တန်း ကျောင်းသားဘဝကတော့ ဒီလိုအချိန်မျိုးဟာ လွမ်းစရာ ကောင်းတယ် ဆိုပေတဲ့ ဘယ်မှာ လွမ်းနိုင်ပါ့မလဲ။ ဆယ်တန်းစာမေးပွဲ ဆိုတာကလည်း အင်မတန် နတ်ကြီးတာကလား။ ကျူရှင်တွေဘာတွေ မတက်နိုင်တဲ့ ဗိုလ်ကောင်းတစ်ယောက်၊ စက်ဘီးတွေဘာတွေ မစီးနိုင်တဲ့ ဗိုလ်ကောင်းတစ်ယောက်၊ သူများတွေက ကျောင်းမတက်တော့ဘူး ကျူရှင်က စာပဲ ကျက်တော့မယ်ဆိုပြီး ကျောင်းကို မလာတော့တဲ့ အချိန်မှာတောင် စာမေးပွဲဖြေဖို့ ခုံစီတဲ့နေ့အထိ ကျောင်းကိုသွားပြီး ဆရာတွေ နောက်ဆုံးအချိန်ထိ သင်ကြားပြသပေးတဲ့ စာလေးတွေ ဖတ်မှတ်ပြီး ဆယ်တန်း အောင်ခဲ့ရတဲ့ ဗိုလ်ကောင်း။ အိမ်နောက်က ကမ်းပါးကြီးကဆင်း ကမ်းပါးခြေက သရဲခြောက်တယ်ဆိုတဲ့ တမာပင်ကြီးနားရောက်ရင် သုတ်သုတ် သုတ်သုတ်လျှောက်၊ ရေစပ်စပ်ပဲ ရှိတော့တဲ့ ချောင်းကို ဖိနပ်ကလေးချွတ် လက်မှာကိုင်၊ ပုဆိုးစလေး အသာမလို့ မြေပဲခင်းတွေ ကြံခင်းတွေ ဖြတ်ပြီး ကျောင်းသွားခဲ့ရတဲ့ဗိုလ်ကောင်း။ ရဲရဲနီအောင် ပွင့်နေတဲ့ ပေါက်ပင်တွေ လက်ပံပင်တွေရဲ့ အလှတွေကိုတောင် မခံစားနိုင်ဘဲ ကျက်ထားတဲ့စာတွေကို ပြန်စဉ်းစားရင်း ခွေးကိုက်တတ်တယ်ဆိုတဲ့ တဲစုနားကနေ ကျီးလန့်စာစား ကျောင်းသွားခဲ့ရတဲ့ ဗိုလ်ကောင်း။
    အဲသည် ကောင်လေးဟာ နောင် ဆယ့်ခုနစ်နှစ် ကြာပြီးနောက်မှာတော့ တောင်တောင်ရေမြေ သဘာဝ အလှအပတွေ၊ တောဘွဲ့တောင်ဘွဲ့ ကဗျာလေးတွေ၊ သစ်ရွက်ဝါလေးတွေ၊ ငှက်အော်သံလေးတွေ၊ လိပ်ပြာလေးတွေ၊ မှိုင်းမှုန်ပြာဝေနေတဲ့ တောင်ပြာတန်းကြီးတွေ၊ ရေပြင်ပေါ်ကို သစ်ရွက်ဝါလေးတစ်စ ကြွေကျသွားလို့ ဖြစ်လာတဲ့ ရေလှိုင်းလေးတွေ၊ လူတွေ့ရင် လန့်လန့်ပြီး ပြေးတတ်တဲ့ ရှဥ့်ကလေးတွေကို ချစ်တတ်တဲ့ ဗိုလ်ကောင်းဖြစ်လာခဲ့ပါပြီ။ ဒီလို ချစ်တတ်ခဲ့တာလည်း တက္ကသိုလ် ဘုန်းနိုင်တို့ မောင်စိန်ဝင်းတို့ ဇော်ဂျီတို့ ဝီလီယံဝပ်သ်ဝပ်တို့ ခင်နှင်းယုတို့ ဂျူးတို့ ရဲ့ စာတွေပေတွေ ပယောက မကင်းသလို သိပ်လှတဲ့ ချောင်းလေးရယ် သိပ်လှတဲ့ လယ်ယာကွင်းပြင်တွေရယ် နွေဦးပေါက်ရင် ပွင့်တတ်တဲ သိပ်လှတဲ့ ပန်းတွေရယ်ရှိတဲ့ သိပ်လှတဲ့ ရွာလေးမှာ မွေးဖွားကြီးပြင်းခဲ့တာအပြင် စာကျက်တာငြီးငွေ့လာရင် သီချင်းဆိုပြီး အငြီးဖြေပေးတတ်တဲ့ အမေ့ရဲ့ ကျေးဇူးတွေကြောင့်လည်း ပါတာပေါ့။ ဒါတင်မက ပန်းမြို့တော်လို့ တင်စားကြတဲ့ မြို့လေးမှာ သုံးနှစ်သုံးမိုး ပညာသင်ကြား ခဲ့ရတာ၊ ကန့်ကော်တောတွေ အဓိပတိလမ်းတွေ ပုဂံလမ်းတွေ တောင်ငူဆောင်တွေ ဂျပ်ဆင်တွေနဲ့ တန်ဆာဆင်ထားတဲ့ အိပ်မက်ထဲက တက္ကသိုလ်ကြီးကိုလည်း သုံးနှစ်သုံးမိုး တက်ခွင့် ကြုံခဲ့တာတွေကြောင့် ကိုယ့်သူငယ်ချင်း ရဲဘော်ရဲဘက်တွေ ပင်ပင်ပန်းပန်း တာဝန်ထမ်းဆောင် နေကြချိန်မှာ ဗိုလ်ကောင်းတို့က သက်တောင့်သက်သာနဲ့ စာပေအရသာ သဘာဝတောတောင်ရေမြေ အရသာတွေကို ကောင်းကောင်း မြည်းစမ်းခွင့် ရခဲ့တာမို့ ဗိုလ်ကောင်းမရှိတဲ့အချိန်မှာ ဗိုလ်ကောင်းအလုပ်ကို ပိုလုပ်ပေးတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ကျေးဇူးတွေလည်း အများကြီး ပါသပေါ့။
    မွေးရပ်မြေက လှသလို အခု ရောက်နေတဲ့ နေရာကလည်း တော်တော်ကို လှတဲ့ နေရာတစ်ခုပါပဲ။ အင်္ဂလိပ်မင်းများ အုပ်စိုးစဉ်အခါက တောင်ပေါ် အပန်းဖြေစခန်း မြို့လေးအဖြစ် တည်ခဲ့တဲ့ နေရာဆိုတော့ မလှဘဲ နေပါ့မလားဗျာ။ ရေတံခွန်တွေ တောင်ကမ်းပါးတွေ ကုန်းဆင်းကုန်းတက်တွေ ရေကန်တွေ သစ်တောတွေ ပြီးတော့ သစ်တောထဲကို လှည့်ပတ်သွားလာလို့ရတဲ့ ချောမွေ့ပြေပြစ်တဲ့ လမ်းတွေ တောင်ကုန်းမြင့်မြင့်တွေထက်မှာ ဆောက်ထားတဲ့ အိမ်လှလှလေးတွေ၊ ကျောက်ဂူတွေ၊ ရှေးရှေးအခါက သချိုင်းဂူတွေ၊ အေးမြသာယာတဲ့ ရာသီဥတု၊ ပုံမှန်လည်ပတ်နေတဲ့ အချိန်ဇယား၊ စတဲ့ အကြောင်းပေါင်းစုံ တိုက်ဆိုင်လာတဲ့အခါကျတော့ တောအလှ တောင်အလှကို ကောင်းကောင်း ခံစားလို့ရတဲ့ အနေအထားကို ရောက်လာပါတော့တယ်။
    မနက်အိပ်ယာနိုး ရေမိုးချိုး၊ သိုးဆောင်းတို့ဓလေ့အတိုင်း မနက်စာစားပြီးတဲ့အခါ ကျောင်းကားပေါ်တက် ကျောင်းသွား၊ နေ့လည် ဆယ့်တစ်နာရီထိုးရင် မုန့်တစ်ခုနဲ့ လက်ဖက်ရည်တစ်ခွက်သောက်၊ အတန်းဆက်တက်၊ နေ့လည် နှစ်နာရီအတန်းပြီးတဲ့အခါ အဆောင်ပြန်လာ နေ့လည်စာစား။ ဒါပြီးရင်တော့ ဗိုလ်ကောင်းရဲ့ ကိုယ်ပိုင်ချိန် ရောက်ပါပြီ။ အဆောင်မှာ ခဏတဖြုတ် နားပြီးတာနဲ့ ညနေ သုံးနာရီခွဲလောက်ဆို စက်ဘီးလေးစီးပြီး ဗိုလ်ကောင်း စထွက်ပါလေပြီ။ သူငယ်ချင်းတွေနဲ့ အတူတူသွား တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်းသွား။ တစ်ခါကတော့ သွားရင်းသွားရင်းနဲ့ ဆက်သွားခွင့်မပြုတဲ့ နေရာအထိ ရောက်သွားတယ်။ ဘာလို့ ဆက်သွားလို့ မရတာလဲ ဆိုတော့ ကျားအန္တရာယ် ရှိလို့ပါတဲ့။ ဟုတ်သားပဲ ကျားထိန်းသိမ်းတဲ့ အမျိုးသားဥယျာဉ်ကြီးထဲမှာ တည်ထားတဲ့ မြို့ဆိုတော့ ကျားရှိပေမပေါ့။ ဟဲဟဲ မသိလို့နော်လို့ ပြောပြီး ခပ်သုတ်သုတ် ပြန်ပြေးလာရတယ်။ ဆပ်ကပ်ထဲက ကျားဟုတ်ဘူးနော် တောထဲမှာ သဘာဝအတိုင်းနေတဲ့ ကျားဆိုတော့ သိတယ်မလား၊ ဗိုလ်ကောင်း သဘာဝအလှအပကို ချစ်တတ်ပေမယ့် ကျားတော့ ကြောက်တယ်ဗျ။ နောက်နေ့ ကျောင်းရောက်တော့ ဆရာမကိုပြောပြတာ ဒေသခံ ဆရာမက စိုးရိမ်တကြီး သတိပေးရှာတယ် သတိထားပါ ဗိုလ်ကောင်းတဲ့။ နောက်နေ့ကျတော့ အဲဒီလို လျှောက်သွားရအောင်ဆိုပြီး သူငယ်ချင်းကို ခေါ်တာ လိုက်တော့ဘူးဗျ။
    အခုတော့ ဗိုလ်ကောင်း လွမ်းနေရပါပြီ။ အိမ်မှာ ကျန်ခဲ့တဲ့ ကဗျာစာအုပ်လေးကို လွမ်းတာပါ။ တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်အတွက် ပြဌာန်းတဲ့ မြန်မာကဗျာလက်ရွေးစင် ဆိုတဲ့ စာအုပ်လေးကို လွမ်းတာပါ။ အိမ်မှာတုန်းက ခေါင်းအုံးဘေးမှာ ထားအိပ်တဲ့ စာအုပ်လေး အခုလို စိတ်အေးချမ်းသာ ရှိတုန်းမှာ ဖတ်ချင်လိုက်တာ။ အေးချမ်းဆိတ်ငြိမ်တဲ့ တောအုပ်ထဲသွားပြီး ကဗျာစာအုပ်လေးနဲ့ ငြိမ့်နေချင်တာ အခုတော့ ကဗျာစာအုပ်လေးကိုပဲ လွမ်းနေရပါတော့တယ်။

No comments:

Post a Comment