Wednesday 27 March 2013

သူတို့ဆီက တပေါင်းပွဲ


    ဗိုလ်ကောင်းတို့ဆီက ပျဉ်းမနား တပေါင်းပွဲနဲ့ တူလို့ တပေါင်းပွဲလို့ နာမည်တပ်လိုက်ပါတယ်။ အမှန်ကတော့ သျှီဝနတ်ဘုရား မင်္ဂလာဆောင်ပွဲပါ။ ဒီမြို့မှာ သျှီဝနတ်ဘုရားကျောင်းတွေ တော်တော်များ ရှိပါတယ်။ နတ်ဘုရားကျောင်းဆိုလို့ ထရိုဂျန်ဇာတ်လမ်းထဲက နတ်ဘုရားကျောင်းကြီးတွေ ပြေးမမြင်လိုက်နဲ့အုံး။ ဗိုလ်ကောင်းတို့ မွေးရပ်မြေ အင်းသာရွာက ရှင်လောင်းလှည့်ရင် နတ်ပြတဲ့ နတ်ကွန်းထက် နည်းနည်းပဲ သာတယ်။ အဲဒီလိုပြောလို့လည်း အထင်မသေးလိုက်နဲ့အုံး။ ဒီနတ်ဘုရားကျောင်းလေးတွေကိုပဲ လာလိုက်ကြတဲ့ လူတွေဆိုတာ နည်းနည်းနောနောမှ မဟုတ်ဘဲ။ ဒါကြောင့် တပေါင်းပွဲလို့ ကင်ပွန်းတပ်တာပေါ့။
    ပွဲတော်ကွင်းက မြို့အဝင် ဗိုလ်ကောင်းတို့ စာသင်ကျောင်းနားမှာရှိတဲ့ ကြာသပတေးဈေးကွင်းကြီး။ ပွဲမစခင် တစ်ပတ်လောက်ကတည်းက လူတွေ တဖွဲဖွဲ လာကြတယ်။ တစ်ချို့လည်း ဈေးရောင်းဖို့ လာကြတယ်။ တစ်ချို့ကလည်း နတ်ဘုရားကျောင်းမှာ ဆုတောင်းဖို့ လာကြတယ်။ တစ်ချို့ကလည်း စီးပွားရှာဖို့ လာကြတယ်။ တစ်ချို့ကလည်း လိပ်ဥလေးဘာလေး တူးလို့ရရင် တူးမယ်ဆိုပြီးလာကြတယ်။ တစ်ချို့ကလည်း အချိုအချောင်လေးများ ရမလားဆိုပြီး လာတဲ့သူတွေ ရှိတယ်ဆိုပဲ။ လာပုံလာနည်းကလည်း အမျိုးမျိုးပဲ။ ဘုရားဖူးကားကြီးတွေနဲ့ အဖွဲ့လိုက် လာတဲ့သူတွေရှိတယ်။ စင်းလုံးငှား ကားလေးတွေနဲ့ မိသားစုလိုက် လာတာရှိတယ်။ တောတွေတောင်တွေ ပတ်ပတ်လည် ကျောက်တောင်တွေပတ်ပတ်လည် ကျားတွေမျောက်တွေရှိတဲ့ ဒီနေရာကို ကားနဲ့လာဖို့ မတတ်နိုင်လို့ မိသားစုလိုက် ခြေလျင်လာတဲ့သူတွေလည်း မနည်းလှဘူး။ တစ်ချို့က ဆိုင်ကယ်လေးတစ်စင်းပေါ်မှာ မိသားစုသုံးလေးယောက်တင်ပြီး လာကြတာတွေလည်း ရှိတယ်။ ဘုရားပွဲ ကွင်းမှာတော့ ကားတပ်ကြီးချလို့ပေါ့။

    သူတို့တွေ ဘယ်လိုများ တည်းကြခိုကြမှာပါလိမ့်လို့ ဗိုလ်ကောင်းက တွေးပူမိတယ်။ တောင်ပေါ်အပန်းဖြေစခန်း မြို့လေးမှာ ဟိုတယ်တွေ တည်းခိုခန်းတွေလည်း ရှိတန်သလောက်တော့ ရှိပါရဲ့။ ဒီလောက်များတဲ့သူတွေ ဒီလောက် ဆင်းရဲတဲ့သူတွေ ဘယ်လိုများ တည်းကြခိုကြမှာလိမ့်။ တို့ဆီကလို ဘုန်းကြီးကျောင်းလည်းမရှိ၊ ဇရပ်လည်း မရှိတဲ့ ဒီလိုအရပ်မျိုးမှာ။ သူတို့ တည်းခိုနည်းက မိုက်သဗျာ။ ကိုယ့်ဘာသာ တဲထိုးပြီး တည်းတဲ့နည်း။ တဲထိုးပြီး တည်းတယ်ဆိုတာ စကားလှအောင်သာ ပြောရတာ။ တော်တော်များများကတော့ တဲတောင် ဟုတ်တိပတ်တိ ထိုးကြတယ်လို့ မရှိပါဘူး။ သစ်ပင်လေးတွေအောက်မှာ အခင်းလေးခင်းပြီး ပါလာတဲ့ အိတ်တွေ ခေါင်းအုံး အိပ်ကြတာပဲ။ တစ်ရက်မဟုတ်ဘူးနော်။ လေးငါးရက် နေကြတာ။
    ကိုယ့်ဘာသာ တဲထိုးပြီး တည်းကြတယ် ဆိုမှတော့ အစားအသောက်ကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ ကိုယ့်စားအိုးစားခွက် ကိုယ့်ဘာသာ သယ်လာပြီး ချက်ပြုတ်စားသောက်ကြတာပါပဲ။ သောက်ရေကတော့ ကွင်းထဲမှာ လက်နှိပ်တွင်းလေးတွေ လုပ်ပေးထားတယ်ဗျ။ တစ်ခု သတိထားမိတာက သူတို့ဘုရားဖူးကာလ တစ်လျှောက်လုံး ရေချိုးကြပုံမပေါ်ဘူး။ မည်းမည်းတူးတူး ပေပေရေရေနဲ့ပဲ လျှောက်သွားလိုက်ကြ။ ချက်စားလိုက်ကြ၊ အိပ်လိုက်ကြ။ ဒီလိုပဲ နေကြတာပဲ။ မနက်မိုးလင်းရင် အရေးကြီးတဲ့ ကိစ္စဘယ်လိုများဖြေရှင်းကြသလဲ ဟုတ်လား။ မြို့တော်စည်ပင်က သူတို့ မလာခင်ကတည်းက အိမ်သာလေးတွေ တန်းစီဆောက်ပေးထားတာ အများကြီးဗျာ။
 ဒီလောက်အများကြီး ဆောက်ပေးထားတာတောင် ဘယ်လောက်နိုင်ပါ့မလဲ။ အဲသည်တော့ ဘုရားပွဲကွင်း ပတ်ပတ်လည်ဟာဆိုရင် မနက်ခင်း ကျောင်းသွားချိန်မှာ ထုံးတွေ အဖွေးသားပေါ့။ ဒီနေရာမှာ တစ်ခု ချီးကျူးစရာကောင်းတာက မြို့တော်စည်ပင် အလုပ်လုပ်ပုံပဲ။ ပွဲကွင်းပတ်ဝန်းကျင်မှာ အန္တရာယ် မလွယ်နိုင်သူတို့ရဲ့ ကိစ္စဝိစ္စတွေကို မနက်ခင်းရောက်တာနဲ့ လိုက်ရှင်းတယ်ဗျာ။ ထုံးလိုက်ဖြူးတယ်ဗျာ။ ဒါပေတဲ့ စည်ပင် ဘယ်လောက်လုပ်လုပ် ဒီလောက်များတဲ့ လူအုပ်ကို ဘယ်နိုင်နိုင်ပါ့မတုန်း။ ပထမရက်မှာ ထုံးလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်။ ငါးရက်လောက်နေတော့ ကွင်းတစ်ပြင်လုံး ထုံးတွေကို ဖွေးလို့ဗျား။
    အဲသည်လောက် လူတွေအများကြီးလာတာနော် ဗိုလ်ကောင်းတို့ ပျဉ်းမနား တပေါင်းပွဲလို ဖိုးချစ်တို့ မိုးကြိုးငှက်ငယ်တို့ ရွှေမန်းသဘင်တို့ သီတာဓာတ်ပုံဆိုင်တို့ ဘာမှ မရှိဘူး။ ဈေးဆိုင်တွေ အများကြီးတော့ ရှိပါရဲ့။ အများဆုံးက စောင်သည်။ ဒေသထွက် ဂွမ်းစောင်၊ သိုးမွေးစောင်၊ ချည်စောင် စတာတွေကို အဆင်အမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုး၊ အရွယ်အမျိုးမျိုး ရောင်းကြဝယ်ကြတာ။ တစ်ခုပဲရှိတယ်။ ဗိုလ်ကောင်းတို့ဆီမှာလို တစ်ထည်ဘယ်လောက် မဟုတ်ဘူးဗျ။ လိုချင်တဲ့စောင်ကို လက်ညှိုထိုး အသားကြည့်၊ ကြိုက်ပြီဆိုရင် ချိန်ခွင်ထဲ ထည့်ချိန်ပြီး အလေးချိန်နဲ့ ရောင်းတာ။ ဗိုလ်ကောင်းအတွက်ကတော့ အထူးအဆန်းပေါ့ဗျာ။

    ဒုတိယအများဆုံးကတော့ ဆွဲကြိုး လက်ကောက်သည်။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရောင်စုံပုတီးလုံး သေးသေးလေးတွေ သီထားတဲ့ ဆွဲကြိုးတွေ။ ကော်လက်ကောက် လက်လက် လက်လက် ကလေးတွေ ပေါချက်ဗျာ။ သူတို့ကလည်း အဲဒါကို မက်မက်စက်စက် ဝယ်ဝတ်ကြတာ။ နောက်တစ်မျိုးက ဘုရားကားဆိုင် နဲ့ ဘုရားသီချင်းအခွေဆိုင်။ ဘုရားကားဆိုတာဗျာ သျှီဝနတ်ဘုရားတို့ စန္ဒီမယ်တော်တို့ စတဲ့ ဟိန္ဒူနတ်ဘုရား ပုံတော်တွေပေါ့။ မှန်ဘောင်လေးတွေနဲ့ အရွယ်စုံ ပုံစံစုံ။ ဘုရားသီချင်းခွေဆိုင်တွေဆိုတာလည်း များမှများ။ ဖွင့်ထားလိုက်တာ။ ဗိုလ်ကောင်းတို့ဆီမှာ ဆိုရင်တော့ စိုးစန္ဒာထွန်းတို့၊ ရာဇာဝင်းတင့်တို့လို ရှိမှာပေါ့။ အကတွေကလည်း ပါသေး။ ပြီးတော့ ဘုရားဆင်းတုဆိုင်လည်း ရှိသေးတယ်။ ဆင်းတုတွေကလည်း အမျိုးမျိုးဗျ။ နားကိုမလည်ဘူး။ များလိုက်တဲ့ နတ်ဘုရားတွေဆိုတာ။ ထားပါတော့လေ ဒါက သူ့ယုံကြည်မှုနဲ့သူကိုး။ ကြေးထည်ပစ္စည်းဆိုင်လေးတွေ၊ အစားအသောက် ဆိုင်လေးတွေ၊ ကတ်ကြေး ပလာယာ စသည်ဖြင့် အတိုအထွာ စက်ပစ္စည်းဆိုင်လေးတွေ၊ တက်တူးထိုးတဲ့ဆိုင်၊ ဘုရားပန်း ရောင်းတဲ့ဆိုင်၊ ဘေထုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ ဒေသထွက် ဆေးမြစ်ဆေးဥရောင်းတဲ့ဆိုင်၊ သွားရင်းလာရင်း တီးကြခတ်ကြတဲ့ ဗုံလေးတွေ ရောင်းတဲ့ဆိုင်။ ဆိုင်လေးတွေလည်း တော်တော်ကို စုံပါတယ်။
    လူတွေကလည်း စုံသလားကို မမေးနဲ့။ ဗိုလ်ကောင်းတို့ဆီမှာ လူမျိုး ၁၃၅ မျိုးရှိတာ။ လူမျိုး ဆယ်မျိုးကို တစ်နေရာတည်း တွေ့ရဖို့ လွယ်မှတ်လို့။ ဒီမှာတော့ဗျို့ ဘုရားပွဲမှာ လူမျိုးပေါင်း ငါးဆယ်လောက်တောင် ရှိမလားမသိဘူး။ ခေါင်းမြီးခြုံတဲ့သူက ခြုံတယ်၊ အပေါ်က ခေါင်းမြီးခြုံပြီး အောက်က ထမိန်ကို ခါးတောင်းကြိုက်တဲ့သူက ကြိုက်တယ်။ (ဗိုလ်ကောင်းတို့ဆီက မိန်းမတွေက ထမိန် ခါးတောင်းကြိုက်ပစ်လိုက်မယ်တို့ ဘာတို့ လေသေနတ်ပဲ ပစ်ကြတာနော် ဒီမှာက တကယ် ခါးတောင်းကြိုက်တာဗျ)။ ဂါဝန်ဝတ်တဲ့သူက ဝတ်တယ်။ ခေတ်ပေါ်အကျီင်္ဘာညာ ဝတ်တဲ့ မိန်းကလေးတွေလည်း နည်းနည်းပါးပါးတော့ တွေ့တယ်ဗျ။ ယောက်ျားတွေဆိုရင်လည်း ခေါင်းပေါင်းတဲ့သူ၊ ခေါင်းမပေါင်းတဲ့သူ။ အမယ် ခေါင်းပေါင်းတဲ့ သူမှာတောင်မှ မတူဘူးဗျ။ ခေါင်းပေါင်းအမျိုးပေါင်း ဆယ်မျိုးလောက်တော့ ရှိမယ်ထင်တယ်။ သူတို့လည်း မိန်းမတွေလိုပဲ။ ဘောင်းဘီရှည် ခေတ်ပေါ် ဖင်ကျပ်ဝတ်တဲ့သူ၊ လုံချည်ဝတ်တဲ့သူ၊ လုံချည်ခါးတောင်ကြိုက်တဲ့သူ စုံနေတာပဲ။ ဖိနပ်စီးတာတောင် ကွဲသေးသဗျ။ ခြေစွပ်ဖိနပ်စီးတဲ့သူ၊ ခြေညှပ်ဖိနပ်စီးတဲ့သူ၊ ဖိနပ် လုံးလုံး မစီးတဲ့သူ။ တကယ်ဗျာ ဖိနပ်မစီးတဲ့သူကလည်း ဆိုင်ကယ်စီးတာတောင် ဖိနပ်ကို မစီးဘူးဗျာ အံ့ချက်။

    အဲသည်လို စုံလင်လှတဲ့ လူတန်းစားတွေ ဓလေ့ထုံးစံတွေ ရှိနေတာတောင် ဒီမိုကရေစီ နိုင်ငံကြီးအဖြစ် ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ် ရပ်တည်နေနိုင်နေတာကိုကြည့်ကြီး သူတို့ အစိုးရမင်းများကိုပဲ ချီးကျူးရမလား။ သူတို့ ပြည်သူတွေကိုပဲ ချီးကျူးရမလား၊ စနစ်ကိုပဲ ချီးကျူးရမလား။ ဗိုလ်ကောင်းအထင်ပြောရရင် သူတို့ အစိုးရမင်းများ တော်လို့လည်း မဟုတ်လောက်ဘူး၊ သူတို့ ပြည်သူတွေ စည်းကမ်းလိုက်နာလို့လည်း မဟုတ်လောက်ဘူး၊ နိုင်ငံရေးစနစ်တွေ ကောင်းလို့လည်း မဟုတ်လောက်ဘူး။ သူတို့နိုင်ငံက နတ်ဘုရားတွေ တန်ခိုးကြီးလို့ပဲ ဖြစ်မယ်။ ဗိုလ်ကောင်း ပြန်ရင်တောင် မြန်မာပြည် ဒီမိုကရေစီစနစ် တည်ဆောက်တဲ့နေရာမှာ ကူညီမန်းမှုတ်ပေးခိုင်းရအောင် နတ်ဘုရား နှစ်ပါး သုံးပါးလောက် ပင့်သွားရင် ကောင်းမလား စဉ်းစားမိတယ်။

No comments:

Post a Comment