သွားချင်နေတာကတော့ အဲသည် အမြင့်ဆုံးတောင်ထွတ်ကို ထိပ်ထိ တက်လို့ ရတယ်ဆိုတာ သိကတည်းကပဲ။ ဒါပေမယ့် သွားရမယ့် ခရီးက ဝေးတယ်။ ရှိတာက စက်ဘီးပဲ ရှိတယ်။ ပြီးတော့ တစ်ယောက်တည်း သွားလို့ကလည်း မရဲ။ တောထဲက ကျားထွက်လာ ဘယ့်နှယ်လုပ်မတုံး။
အခန်းဖော် သူငယ်ချင်းကို အဖော်စပ်တော့လည်း မရ။ ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ နောက်ဆုံး ဘယ်သူမှ မလိုက်လည်း တစ်ယောက်တည်းပဲ သွားတော့မယ်ဆို ဆုံးဖြတ်ပြီး သကာလ။ သွားမယ့်နေ့ မနက်မှာ မနက်စာစားပြီး အဆောင်ပြန်လာတော့ ဗီယက်နမ်က သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တယ်။ သယ်ရင်း မင်း ဒီနေ့ ဘယ်သွားဖို့ ရှိလဲ ဆိုတော့ အထွေအထူး ရှိပါဘူးတဲ့။ မင်းရောတဲ့။ အတော်ပဲ ငါနဲ့ လိုက်မလားလို့။ ဒီနယ်မှာ အမြင့်ဆုံးတောင်ကို ဒီနေ့ တက်မလို့ ဆိုတော့ အဲဒီမှာ ဘာရှိလဲတဲ့။ ဟိန္ဒူ ဘုရားကျောင်းတစ်ခု ရှိတယ်ပြောတာပဲလို့။ ဂူးဂယ်အာ့မှာတော့ လမ်းကြောင်း ကြည့်ထားပြီးပြီဆိုတော့ သူတို့လည်း လိုက်မယ်တဲ့။ ဒါနဲ့ ပဲ နေ့လည်စာစားပြီးမှ စထွက်မယ်လို့ မှန်းထားရာကနေ မနက်စာစားပြီး စထွက်လာခဲ့တယ်။
ပထမဆုံး အဆောင်နဲ့ ငါးကီလိုမီတာလောက်မှာရှိတဲ့ ရှုခင်းသိပ်လှတဲ့ ဟင်ဒီခို့ ချောက်ကြီးကို အရင်ဝင်ကြည့်တယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်ပေါ့။ ပြီးတော့ ဆက်ထွက်လာခဲ့တယ်။ အဲသည် ချောက်ကြီးကို ကျော်ပြီး ခဏနေတော့ ကုန်းဆင်းတွေချည်းပဲ ဆင်းရတော့ သက်တောင့် သက်သာပေါ့။ အင်း အခုသာ သက်တာတာ ပြန်ခါကျရင်တော့ ကုန်းရုန်းပြီးပဲ နင်းရမလား။ စက်ဘီးပဲ ဆင်းတွန်းရမလားပေါ့။ လမ်းဘေး ရှုခင်းလေးတွေကြည့် သစ်ရွက်ဝါလေးတွေ ကြည့်၊ ကျော်တက်သွားတဲ့ ကားတွေကို လက်ပြ အော်ဟစ်နှုတ်ဆက်။ ဒီလိုနဲ့ သာသာယာယာ ထိုင်စီးနေရင်းကနေ တောင်ခြေ ချိုင့်ဝှမ်းထဲ ရောက်သွားရော။ ဟာ ရှေ့မှာ အတက်ကြီးဟ။ ဒါနဲ့ပဲ သူငယ်ချင်းတွေ တိုင်ပင်ရပြန်တယ်။ ဆက်သွားမှာလားပေါ့။ သွားကြမယ်တဲ့။ အခု ခရီးက ဘယ်လောက် ပေါက်သွားပြီလဲတဲ့။ မြေပုံအရဆိုရင်တော့ သုံးပုံတစ်ပုံလောက် ပေါက်ပြီလို့။ ဆက်သွားမယ်လေတယ် အစောကြီး ရှိသေးတာတဲ့။ ကောင်းပြီ ဆိုပြီး စက်ဘီးကို နင်းတလှည့် တွန်းတစ်ခါနဲ့ ခရီးဆက်ကြတယ်။
သွားရင်းသွားရင်းနဲ့ တောင်ကလည်း တဖြည်းဖြည်း မြင့်လာ။ ရှုခင်းတွေကလည်း တဖြည်းဖြည်း လှလာ။ နေလေးကလည်း တဖြည်းဖြည်း ပူလာ၊ ချွေးလေးကလည်း တဖြည်းဖြည်း ထွက်လာ။ ဟိုနေရာဆိုလည်း လှလို့ဆိုပြီး ဓာတ်ပုံရိုက်လိုက်။ ဒီနေရာဆိုလည်း လှလို့ဆိုပြီး ဓာတ်ပုံရိုက်လိုက်။ သွားရင်းသွားရင်းနဲ့ အဲသည် တောင်ထိပ်ကို ရောက်လာပြန်ရော။ ရှေ့မှာက တောင်အဆင်းလမ်းကြီး။ ကဲ ဘယ်လိုလုပ်ကြမလဲ တစ်ခါ စည်းဝေးထိုင်ရပြန်တယ်။ အချိန်ကလည်း နေ့လည် ထမင်းစားချိန် ရောက်တော့မယ်။ ရှေ့မှာက ဘာရှိမှန်း မသိ။ ဘာမရှိမှန်းလည်းမသိ။ အိတ်ထဲပါလာတာက ရေတစ်ဗူးစီပဲ ထည့်လာတာ။ တောင်ထိပ်မှာ ခဏနားပြီး လူရိပ်လူချည် ကြည့်ရတယ်။ ခဏနေတော့ မျက်နာချင်းဆိုင်က တက်လာတဲ့ ဆိုင်ကယ်ကို တားပြီး မေးကြည့်တော့ သုံးကီလိုမီတာလောက် ဆက်သွားရင် သဘာဝလှိုဏ်ဂူ ဘုရားကျောင်းတစ်ခု ရောက်မယ်တဲ့။ ချော်ရဂါ့ တောင်ထွတ်ကတော့ အဲသည်ကနေ ဆက်သွားရမှာတဲ့။ နောက်ထပ် ခရီး သုံးပုံတစ်ပုံလောက် လိုသေးတယ်တဲ့။ တော်ပါသေးရဲ့ ကိုယ်မေးတဲ့သူက အင်္ဂလိပ်စကား လည်လည်ပတ်ပတ် ပြောတတ်တဲ့သူမို့လို့။ ဒါနဲ့ တိုင်ပင်ရပြန်ရော ဆက်သွားမလား ပြန်လှည့်မလား။ ဒီနားထိ ရောက်မှတော့ ဆက်သွားကြမယ်တဲ့။
ကုန်းဆင်းဆိုတော့ သာသာယာယာပေါ့ဗျာ။ လေလေးချွန်ပြီး စက်ဘီးလေးပေါ် ထိုင်စီး။ အဆင်းက နည်းနည်းတော့ ကြမ်းတယ်ဗျ။ ဘရိတ်ကို နှစ်ဘက်လုံး သေချာ ထိန်းထားရတယ်။ သဘောကတော့ အပြန်ခရီးကျရင် ကုန်းရုန်း နင်းပေတော့ဆိုတဲ့ သဘော။ သက်သာပေမယ့် သိပ်တော့ မပျော်နိုင်ဘူး။ အပြန်ခရီးကို တွေးမိပြီး။ ဟော တွေ့ပါပြီး လျှိုကြီးတစ်ခုထဲမှာ ကားတွေဆိုင်ကယ်တွေ ရပ်ထားတာ။ လူတွေ တစ်ချို့ ထမင်းတွေ ချက်ပြုတ်နေကြတာ။ လျှိုအတွင်းပိုင်းမှာ ဘုရားကျောင်းတစ်ခုဗျ၊ ဟော ဟိုဘက်နားမှာ သဘာဝလှိုဏ်ဂူ ထင်ပါရဲ့။ လမ်းမှာ ရပ်ပြီး ငေးနေတုန်း။ ဘာလုပ်ရမလဲ စဉ်းစားနေတုန်း။ လူတစ်ယောက်က လာပြောတယ်ဗျ။ အစ်ကိုတို့ ဒီကဆက်သွားရင် စက်ဘီးစီးလို့ မရတော့ဘူးတဲ့။ စက်ဘီးတွေ ကားတွေ အကုန်လုံး ဒီနေရာမှာ ထားခဲ့ပြီး ခြေလျင် ဆက်သွားမှ ရမှာတဲ့။ စက်ဘီးတွေကတော့ ဟောဟို ဘုရားကျောင်းဘေးက ဆိုင်တန်းမှာ အပ်ထားခဲ့လို့ ရတယ်တဲ့။ သူပြောတဲ့စကားကို နံဘေးက အငေးသားကြည့်နေတဲ့ ဗီယက်နမ်နှစ်ယောက်ကို ပြန်ရှင်းပြတော့ ဟင် မင်း ဘယ်တုန်းက ဟင်ဒီစကား တတ်သွားတာလဲတဲ့။ ငါလည်း နားမလည်ဘူးဟလို့ ၊ သူပြောတဲ့ လေသံနဲ့ ခြေဟန်လက်ဟန်ကြည့်ပြီး ဘာသာပြန်လိုက်တာလေ ဆိုတော့ သူတို့ တော်တော် သဘောကျသွားတယ်။ ဟုတ်တယ်ဗျ အံ့တော့ အံ့သြစရာပဲ။ ဟင်ဒီစကား တစ်လုံးမှ နားမလည်တဲ့ ဗိုလ်ကောင်းက သူရှင်းပြတာတွေ အကုန်နားလည်တယ်ဗျ။ ကိုယ်နားလည်တာတွေလည်း မှန်နေတယ်ဆိုတာ ပြီးတော့ သိရတာပဲ။
အဲသည်ကိုရောက်တော့ နေ့လည်စာ စားချိန် ဆယ့်နှစ်နာရီခွဲလောက် ရှိနေပြီ၊ ဗိုက်ကလည်း သိပ်တော့ မဆာသေးတာနဲ့ မစားတော့ဘူးပေါ့။ အအေး တစ်ဗူးလောက် သောက်ဖို့ ဝယ်လာခဲ့မယ် ဆိုပြီး ဆိုင်တန်းလေးကို သွားတယ်။ ဈေးရောင်းတဲ့ ကောင်လေးတွေက အင်္ဂလိပ်ကို တတ်တာနဲ့ သူတို့ကို သေချာ မေးကြည့်တော့ ခုန ကားသမားလေး လာပြောတာ အမှန်ပဲဗျ။ စက်ဘီးတွေ သူတို့ ဆိုင်မှာ အပ်ခဲ့ပြီး အရင်ဆုံး ဘုရားကျောင်း လှိုဏ်ဂူထဲ ဝင်တယ်။ မဝင်ခင် ပန်းလေးတွေ ဖက်နဲ့ ထုပ်ထားတာလေးတွေ တစ်ထုပ် ငါးရူပီးတဲ့။ ဝယ်လာခဲ့ပြီး လှိုဏ်ထဲ ဝင်လာခဲ့တယ်။ တို့ဆီက ပင်းတယလို လှိုဏ်မျိုးပါပဲ၊ အထဲမှာ သူတို့ ဘုရားပေါ့။ ရှေ့မှာ ဘုရား ကပ္ပိယလုပ်တဲ့သူကို ပန်းထုပ်လေး ပေးလိုက်တော့ ဘုရားကို လှူပြီး ဆုတွေ တောင်းပေးနေတာပဲ။ ဘာတွေလဲတော့ နားမလည်ဘူး။ ကိုယ်ကတော့ အမေမှာလိုက်တဲ့အတိုင်း ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေကို ပြန်အောက်မေ့ပြီး အဲသည် နတ်ဘုရားကို အမျှအတန်း ပေးဝေခဲ့ပါတယ်။ မေတ္တာများ ပို့သခဲ့ပါတယ်။
လှိုဏ်ဂူထဲက ထွက်လာပြီးတော့ ကဲဘယ်လိုလဲ ဆက်သွားကြမှာလား ဆိုတော့ ထောက်ခံမဲ သုံးမဲ ကန့်ကွက်မဲ မရှိနဲ့ ချော်ရဂါ့ တောင်ထွတ်ကို စတက်ပါတော့တယ်။ သွားတဲ့ ခရီးလမ်းကတော့ ကျိုက်ထီးရိုးတောင် တက်ရသလိုပါပဲ။ မြင်တော့ မြင်နေရတယ် မရောက်နိုင်ဘူး ဆိုသလိုပဲ။ တောင်ထိပ်ကို မြင်နေရပေမယ့် နီးလာလိုက် ဝေးသွားလိုက် ဘယ်ဘယ်က မြင်ရလိုက် ညာဘက်က မြင်ရလိုက်။ ဒီတောင်တစ်လုံး ဆုံးရင်တော့ ရောက်ပြီပဲလို့ ထင်ရပေမယ့် တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသေး ဆိုသလိုပဲ။ တက်လိုက်ရတဲ့ တောင်၊ လျှောက်လိုက်ရတဲ့လမ်း၊ တောင်က တကယ်မြင့်နေပြီဆိုတော့ ရှုခင်းတွေ လှချက်ကလည်း ခုခေတ်စကားနဲ့ဆိုရင် ကိုးလောက်ရှိတယ်။
နေကလည်းမြင့်လာ ချွေးတွေကလည်း ထွက်လာ ခြေလှမ်းတွေကလည်း နှေးလာ၊ လမ်းမှာလည်း လူတွေ ပိုများလာ။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြ ဓာတ်ပုံတွဲရိုက်လိုက်ကြ။ တစ်ခုတော့ မကျေနပ်ဘူးဗျ။ ဗိုလ်ကောင်းကို တွေ့တဲ့ သူတိုင်းက နီပေါလားလို့ မေးကြတယ်။ မဟုတ်ပါဘူး မြန်မာပါလို့ ပြောရင် တစ်ချို့ မသိကြဘူးဗျ။ အရင်တုန်းက ဘားမားဆိုတာ ကြားဖူးလား အရှေ့ဘက်က အိမ်နီးချင်း နိုင်ငံလေဆိုတော့မှ သိတာ။ အေး မှတ်ထားကြ အခု ငါတို့ နိုင်ငံက မြန်မာနိုင်ငံလို့ ခေါ်တယ် မှတ်ထားနော် ဆိုပြီး နာမည်ကြော်ငြာလည်း လုပ်ရသေးတယ်ဗျ။ အမယ်သူတို့က သူတို့ ဘုရားကျောင်းကို အခုလို တကူးတက လာကြတာကို သိပ်ဂုဏ်ယူတယ်ဗျ။ မင်းတို့ နိုင်ငံမှာ ဒါမျိုး ရှိလားလို့လည်း မေးကြတယ်။ ဟင်း ပေါလွန်လွန်လို့ ဒီထက်တောင် လှသေးလို့ အားနာလို့ မပြောတော့ပါဘူး။ ရှိတာပေါ့လို့ပဲ ပြောခဲ့တယ်။ အတူသွားတဲ့ ဗီယက်နမ် သူငယ်ချင်း နှစ်ယောက်ကိုတော့ ကျိုက်ထီးရိုးဘုရားတက်တဲ့အကြောင်း ပြောပြလိုက်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံး တောင်ထွတ်ရဲ့ လမ်းခုလတ်ကိုရောက်တော့ မြန်မာပြည်က ချစ်သမီး ပန်းပွင့်လေးနဲ့ ဖုန်းရတယ်။ အို ပန်းပွင့်လေး ကျန်းမာပါစေလို့ ဆုတောင်းရသေးတာပေါ့။ တောင်ထိပ်ကိုရောက်တော့ ဘုရားကျောင်း တစ်ခုတွေ့တယ်။ သိပ်သားသား နားနားတော့ ဟုတ်ပါဘူး။ ဒါပေမယ့် တို့ မြန်မာအခေါ် သုံးချောင်းခွ လှံတွေ သူတို့ နတ်ဘုရားကို ဆက်ထားကြတာ နည်းနည်းနောနာ မှတ်လို့။ အဲဒါတော့ မှတ်တမ်းတင်ခဲ့ပါတယ်။
တောင်ထိပ် ရောက်တော့ နှစ်နာရီ ခွဲလောက်ရှိပြီဗျ။ တောင်ထိပ်မှာ ဂျီပီအက်စ်နဲ့ မှတ်တမ်းတင် မှတ်သားစရာတွေ လုပ်ပြီးတော့ ဘေးဘီ ရှုခင်းကိုကြည့်။ ဟောဗျာ စောစောက ကိုယ်တွေ တက်ခဲ့တဲ့ တောင်တွေ အားလုံးက အခုတော့ မျက်စိအောက်မှာ ငုံ့ကြည့်ရလို့ပါလား။ အော် ဒါကြောင့်လည်း တောင်တက်သမားတွေ အရည်မရ အဖတ်မရ အပင်ပန်း ခံပြီး တောင်တွေ လျှောက်တက်ကြတာပါလားလို့ နားလည်မိတယ်။ မြင့်လှပါတယ်ဆိုတဲ့ တောင်တွေကို အပေါ်စီးက ငုံကြည့်ရတဲ့ အရသာနော်။ လေယာဉ်ပေါ်က ကြည့်တာဟုတ်ဘူးနော်။ ကိုယ့်ခြေထောက်နဲ့ကိုယ် တက်လာပြီး အပေါ်ရောက်တော့မှ ငုံ့ကြည့်ရတဲ့ အရသာ။ မကြုံဖူးရင် မသိဘူး။ တောင်မြင့်မြင့် တက်ကြည့်ကြဗျနော်။
တို့မြန်မာမှာ ဆိုရိုးစကား တစ်ခုရှိတယ်။ ဘာတဲ့ ပွဲသွားကျော့ကျော့ ပွဲပြန်မော့မော့တဲ့။ အသွားမှာ စိတ်အားထက်သန်စွာနဲ့ ကျော့နေသလောက် အပြန်လည်းကျရော ပင်ပန်းပြီး ပြိုင်းပြီး ပြန်လာတယ် ဆိုမလား။ အခုလည်း ဒီလိုပဲဗျို့။ အပြန်ကျရောက် အတူပါလာတဲ့ ဗီယက်နမ် နှစ်ယောက် အသံကို မထွက်တော့ဘူးဗျို့၊ ဗိုက်ထဲမှာကလည်း အချိုရည်နဲ့ ရေပဲ ရှိတာလေ။ ဓာတ်ပုံရိုက်မယ်ဆိုတာတောင် အပြန်မှာ မရိုက်ချင်ကြတော့ဘူးဗျ။ အခု ပင်ပန်းနေတော့ လှတော့ဘူး ရိုက်ချင်ဘူးတဲ့ဗျ။
ဆင်းလာရင်း တောင်ခြေက ဘုရားကျောင်း ဈေးတန်းမှာ ရေခဲမုန့်ဝင်စား။ စက်ဘီးလေးတွေ ကိုယ်စီတွန်းပြီး ပြန်လာပြီပေါ့ဗျာ။ အပြန်ကျတော့လား။ စက်ဘီးက စီးရတယ်ကို မရှိပါဘူး။ တွန်းချည်းနေရတော့တာပါပဲ။ အဆောင်ပြန်ရောက်တော့ လေးနာရီလောက် ရှိပြီဗျ။ တော်သေးတာပေါ့ နေ့လည်စာစားပြီးမှများ အဆောင်က စထွက်ရင် အပြန် နေမီမယ်တောင် မထင်ဘူး။ ဗိုလ်ကောင်းနဲ့ လိုက်လာတဲ့ ဗီယက်နမ် သူငယ်ချင်း နှစ်ယောက်လည်း သင်ခန်းစာ ရသွားတယ်ထင်ပါရဲ့။ နောက် ဘယ်ကိုခေါ်ခေါ် မလိုက်တော့ဘူးဗျ။ ပေါင်တွေ ခြေသလုံးတွေ တောင့်လို့ နှစ်ရက်လောက်တောင် ဆေးလိမ်းယူရတယ် ဆိုပဲ၊ သွားခဲ့တဲ့ ခရီးကလည်း နည်းမှမနည်းပဲဗျ။ အသွားအပြန် မိုင်သုံးဆယ်မှ မကဘဲကို။
No comments:
Post a Comment