Friday, 3 July 2015

အချိန်ဇယား

ဇွန်လ ၃ ရက် အိုင်တီတန်း တင်ဆက်မှု
ဇွန်လ ၅ ရက် သွားဆရာဝန်နဲ့တွေ့
ဇွန်လ ၆ ရက် အားကစားပြိုင်ပွဲများ နောက်ဆုံးရက်နဲ့ ညနေ ဘာဘီကျူး ဖာတီ
ဇွန်လ ၇ - ၈ ရက်၊ တိုယိုတာ ကားစက်ရုံ လေ့လာရေးခရီး
ဇွန်လ ၉ ရက် ပါမောက္ခကလန်စမစ် စာတမ်းအပြီးသတ်
ဇွန်လ ၁၀ ရက် ၄င်းစာတမ်းတင်
ဇွန်လ ၁၁ ရက် အက်ဒဗန့် ဆီမီနာ နောက်ဆုံးရက်
ဇွန်လ ၁၂ ရက် လုံခြုံရေးနှင့် မဟာဗျူဟာ ဘာသာရပ်စာမေးပွဲနှင့် စာတမ်းတင်ရက်
ဇွန်လ ၁၂ ရက် စစ်ပြီးခေတ် ဂျပန်စီးပွားရေးဘာသာရပ် စာတမ်းတင်
ဇွန်လ ၁၃ ရက် ခရီးစထွက် ယိုကိုဆူကာရောက် ဟာဘာဟိုတယ်မှာတည်း
ဇွန်လ ၁၄ ရက် ယိုကိုဆူကာ ဂျပန်ရေတပ်စခန်း သွားလည် ဟာမမဆု ဟိုတယ်မှာတည်း
ဇွန်လ ၁၅ ရက် ဟာမမဆု လေတပ်စခန်းသွားလည်
ဇွန်လ ၁၅ ရက် ဗိုလ်မှူးကြီး ဆူဇူကီး အိမ်သွား။ သူ့သမီး မိသားစုနှင့်တွေ့ဆုံ၊ သချိုင်းဂူသွား။ ဂျပန်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်ကျောက်တိုင် သွားလည်
ဟာမမဆုဟိုတယ်မှာ တည်း
ဇွန်လ ၁၅ ရက် အိုင်တီစာတမ်းတင်ရမည့်ရက်
ဇွန်လ ၁၆ ရက် တိုကျိုသွား ကောင်းကင်သစ်ပင်ပေါ် နောက်တစ်ခေါက်တက်
ဇွန်လ ၁၆ ကျောင်းကိုပြန် ညမှာ ကျောင်းဆင်းနုတ်ဆက်ပါတီပွဲတက်
-
-
-
-
-
-
-
ရန်ကုန်လေဆိပ်မှာ ပန်းပွင့်လေးနဲ့တွေ့

ယုမိပြောတဲ့ ဟာကိုင်းစံ


           ဆောင်းနှင်းဝေတန်းတုန်းကဆို ညနေ သုံးနာရီခွဲတာနဲ့ နေ၀င်သွားခဲ့ပေမယ့် အခု နွေဦးပွင့်ဝေတန်းမှာတော့ နေက ခုနစ်နာရီလောက်မှ နေ၀င်တော့တာ။ ဒီနေ့ နောက်ဆုံးအတန်းချိန် ခြောက်နာရီလောက်မှ ပြီးတာတောင် ခြေခင်းလက်ခင်းသာသာနဲ့ လမ်းလျှောက်လို့ ကောင်းတုန်း။ ပြာလွင့်လွင့် ကောင်းကင်ကြီးရဲ့အောက်က စိမ်းညို့ညို့ဖြစ်နေတဲ့ တောင်တန်းကြီးပေါ် တအိအိ နိမ့်ဆင်းလာတဲ့ နေလုံးနီနီကြီးကို တောက်ပနေတဲ့ ရောင်စုံတိမ်တွေက ၀န်းရံထားတယ်။ တိမ်တောက်တဲ့ ညနေခင်း သိပ်လှတဲ့ ညနေခင်း။ ဒါပေမယ့် ကျွန်တော့်အတွက် ဒီညနေက ဘယ်လိုမှ မလှပနိုင်ပါဘူး။ နောက်ပြီး ကျွန်တော်သူ့ကို လွမ်းမနေသင့်ဘူးလေ။ သူဆိုတာ ကျွန်တော်နဲ့ လမ်းအတူလျှောက်နေတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းမလေး။ သူ့ကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာလေးက ခါတိုင်းလိုပဲ ကြည်လင်ရွှင်လန်းလို့။ အကျည်းတန်သူတွေတောင် လှပါတယ်ဆိုတဲ့ နေညိုချိန်တိမ်တောက်နေတဲ့ အရောင်တွေဟပ်ပြီး ပိုလှနေသလားတောင် ထင်ရတယ်။

"သိပ်ပျော်နေသလား ယုမိစံ"
"ရှင်"
ပါးစပ်က ထွက်သွားပြီးမှ မမေးသင့်တဲ့ မေးခွန်းမှန်း သတိရတယ်။
"အော် ယုမိလေး ဒီနေ့ ပျော်နေမှာပေါ့လို့"
"ပျော်တာပေါ့ မိုမိုရယ် ယုမိက အရှေ့တောင်အာရှနိုင်ငံတစ်ခုခုကို သိပ်သွားချင်နေတာ ကြာပါပြီ။ အခု သွားရတော့မယ်ဆိုတော့ မပျော်ဘဲ နေပါ့မလား"
"ယုမိက ပျော်နေ။ မိုမိုက နောက်နှစ် ဆောင်းဦးရွက်ကြွေတန်းမှာ ဘယ်သူနဲ့ နေရမှာလဲ ပြော"
"မိုမိုကလည်း ကလေးကျနေတာပဲ။ အတန်းထဲက အိုကီနဲ့ ယူရီကို ရှိတာပဲ သူတို့လဲ မိုမိုကို ခင်ကြပါတယ်"
"ဟင်း သူတို့များ အားကိုးလို့ သူတို့နှစ်ယောက်တည်းနဲ့တင်ကို အချိန်ဇယားက ပြည့်နေတာ"
ကျွန်တော်က အဲလိုပြောတော့ ယုမိက ခိုးခိုးခစ်ခစ် ရယ်ပါတယ်။
"သူတို့က သမီးရည်းစားတွေပဲ မိုမိုရယ်။ ဒါပေမယ့် သူတို့လည်း ဘယ်သွားသွား မိုမို့ကို ခေါ်တာပဲ မလား"
"မဟုတ်ပါဘူး မိုမိုပြောတာ အဲဒါ မဟုတ်ပါဘူး"
"အဲဒါ မဟုတ်ရင် ဘာလဲ ပြော"
"ဟူးးးးးးးး........."
"ဘာတွေ သက်ပြင်းတွေ ချနေတာလဲ ဆရာကြီးရယ် ယုမိလေးကို လွမ်းနေတော့မှာပဲ လို့ ပြောအုံးမလို့လား။ အဲသည်အပြောလေးတွေ ခဏခဏ ကြားချင်နေလို့ ယုမိခုထိ ရည်းစားမထားပဲ မိုမိုနဲ့ တွဲနေတာပေါ့။ မိုမို့ကိုလည်း ယုမိက မလွမ်းဘဲ နေပါ့မလား။ မိုမိုကျတော့ နွေဦးပေါက်တာနဲ့ မြန်မာပြည်ကို ပြန်အုံးမှာပဲ မဟုတ်လားလို့"
"အမှန်ကတော့ မပြန်ချင်ပါဘူး ယုမိရယ်။ ပန်းပွင့်လေးကို အရမ်းလွမ်းလို့သာရယ် နောက်ပြီးတော့ ဘ၀တွေဆိုတာ ပြောလို့ ရတာ မဟုတ်ဘူးလေ။ အဖေရယ် အမေရယ် သမီးလေးရယ် အတူနေခွင့်ရှိတဲ့အချိန်လေး ရှိတုန်းမှာ အတူနေနေချင်လို့ပါ။ နောက်ပြီးတော့ ကိုယ့်စာတမ်းအတွက်လည်း မြန်မာပြည်မှာ အချက်အလက်တွေ စုရဆောင်းရအုံးမယ်မဟုတ်လား။ နေချင်တာကတော့ တစ်နွေလုံး ဒီမှာပဲ နေချင်တာပေါ့ ယုမိလေးရယ်"
ကျွန်တော်ထင်တဲ့အတိုင်းပဲ အပိုတွေဆိုတဲ့ မျက်နှာပေးနဲ့ မျက်စောင်းလှလှလေးတစ်ခု ၀ဲပျံလာတယ်။
"အဲဒါကျတော့ ယုမိက မလွမ်းရတော့ဘူးလားလို့"
အော် ဒီကလေးမနှယ် ပိုလွမ်းအောင် လုပ်နေပြန်ပါပြီ။
"ကိုယ်ပြန်မှာက ဇူလိုင် သြဂုတ် နှစ်လ ဒါတောင် စက်တင်ဘာလ စာတမ်းဖတ်ပွဲတက်ရမှာမို့သာရယ်။ နောက်ပြီး ယုမိသွားမှာက အောက်တိုဘာ နိုဝင်ဘာကနေ ဒီဇင်ဘာလ၀က်လောက်ထိဆိုတော့။ အကြာကြီးပဲ။ စက်တင်ဘာလထဲမှာ ယုမိစံ တိုကျိုမှာ ရှိနေအုံးမှာမလား။ အဲဒီကျရင် တွေ့ကြအုံးမယ်နော်။ ယုမိ ပုန်းမနေနဲ့အုံး"
"အမယ်လေး ကိုယ်တော်ချော ကိုယ့်အချိန်ဇယားသာ ကိုယ့်ဘာသာ မပြည့်နေပါစေနဲ့ ဆုတောင်း။ သူကဖြင့် တိုကျိုရောက်တာနဲ့ မိုးလင်းမိုးချုပ် လျှောက်သွားနေမှာများ"
"ဒီတစ်ခါ ယုမိလေး ရှိတယ်ဆိုတော့ ယုမိလေးနဲ့ အတူတူသွားမယ်လေ"
လမ်းလျှောက်နေရင်းနဲ့ ယုမိလေးက ရပ်ပြီး ဟိုးအရှေ့ဘက်က ဟာကိုင်းစံတောင်တန်းကြီးကိုငေးနေပြန်တယ်။
"မိုမို ဟာကိုင်းစံတောင်ကြီးကို ကြည့်ပါအုံး ဘာရောင်ဖြစ်နေလဲ"
"စိမ်းညို့နေပြီလေ"
"ပြီးခဲ့တဲ့ နှစ်လလောက်ကရော"
"အဲသည်တုန်းကတော့ နှင်းတွေဖုံးထားလို့ အဖြူရောင်ပေါ့"
"မိုမိုတို့ ရောက်ခါစကရော"
"အဲသည်တုန်းကတော့ ဆောင်းဦးရွက်ကြွေချိန်ဆိုတော့ အရောင်မျိုးစုံနဲ့ သိပ်လှနေတာပေါ့ ယုမိရယ်"
"မိုမို့ကို မေးမယ် စဉ်းစားပြီးဖြေနော်။ ခုနက ဟာကိုင်းစံတောင်ကြီး အရောင်တွေ အမျိုးမျိုးပြောင်းသွားတဲ့အထဲမှာ ဘယ်အချိန်က အကောင်းဆုံးလဲ။ မိုမို့ကို တစ်ခုပဲ ရွေးချယ်ဖို့ ဘုရားသခင်က ခွင့်ပြုမယ်ဆိုရင် မိုမို ဘယ်ဟာကို ရွေးမလဲ"
"အင်း ဖြေရတော့ ခပ်ခက်ခက်ပါပဲ ယုမိရယ်။ ရောက်ခါစက ကြွေခါနီးအရွက်တွေ အရောင်စုံနဲ့မို့ ပန်းချီကားတစ်ချပ်လို လှနေလို့ သဘောကျမိတယ်။ ဟော သစ်ရွက်တွေကုန်ပြီး ဆောင်းရောက်လာပြန်တော့လည်း နှင်းတွေတဖွေးဖွေးနဲ့ လှနေပြန်ရော။ ခုကျပြန်တော့လည်း စိမ်းညို့နေတော့ ကိုယ်တို့မြန်မာပြည်က တောင်တန်းကြီးတွေနဲ့တူလို့ သဘောကျပြန်တယ်။ တစ်ခုပဲ ရွေးရမယ်ဆိုရင်တော့ ခပ်ခက်ခက်ပဲ"
"အမယ်လေး တော်ပါသေးရဲ့ ။ အဲလိုမှ ဖြေပါ့မလားလို့ စိတ်ပူလိုက်ရတာ"
"ဘာများပါလိမ့် ဧကန္တတော့ စာဆိုသခင်မလေးက ကဗျာတစ်ပုဒ်ပုဒ်ရွတ်ပြဖို့ အကြောင်းရှာနေပြန်ပြီ ထင်ပါရဲ့"
ကဗျာတွေ စာတွေ စိတ်ဝင်စားတဲ့ ယုမိလေးက ကျွန်တော့်ကို ကဗျာတွေ ခဏခဏ ရွတ်ပြလေ့ရှိတယ်။ ဂျပန်ကဗျာလေးတွေနဲ့ မြန်မာကဗျာတစ်ချို့လည်း ကောင်းကောင်း အရသာခံတတ်ပြီး သဘာဝအလှအပ သစ်ရွက်လေးတွေ စမ်းချောင်းတွေ ကျေးငှက်လေးတွေ ပန်းပွင့်လေးတွေအကြောင်း ကဗျာတွေ ရေးလေ့ရှိတဲ့ ၀ီလျံဝါ့သ်ဝပ်ရဲ့ ကဗျာတွေကို မြတ်နိုးတတ်တဲ့နေရာမှာလည်း ကျွန်တော်နဲ့ တူနေပြန်တယ်။
"ဒီတောင်ကြီးကို ကြည့်ပြီးကဗျာရွတ်တော့မယ်ဆိုတော့ မဟုတ်မှလွဲရော ၀ါ့သ်ဝပ်ကဗျာပဲ ဖြစ်မယ်"
"မိုမိုကတော့ ရွှီးပြန်ပြီ။ ယုမိ ဒီတစ်ခါပြောပြမှာ ဂျပန်ကဗျာပါ။ ကဗျာက အရှည်ကြီးဆိုတော့ အလွတ်တော့ မရွတ်ပြတတ်ဘူး။ ပြောတော့ ပြောပြတတ်တယ်"
"လွဲတဲ့အခါလည်း လွဲတာပေါ့ ယုမိရယ် ကဲ ပြောပြပါအုံး တောင်တန်းကြီးအကြောင်း ရေးထားတဲ့ ကဗျာဆိုတာ"
ကျွန်တော်တို့ ညနေခင်းလမ်းလျှောက်ဖြစ်ရင် ထိုင်နေကျ တံတားဘောင်လေးမှာ ထိုင်လိုက်ကြပြီး သူရွတ်ပြမယ့် ဟာကိုင်းတောင်ကြီးအကြောင်း ရေးထားတဲ့ကဗျာက ဘယ်လိုများပါလိမ့်လို့ စိတ်ဝင်တစား နားစွင့်မိပါတယ်။
"ကဗျာက အရှည်ကြီးပေမယ့် အဓိပ္ပာယ်ကတော့ ခုန မိုမိုပြောပြတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ကဗျာရှည်နေတာက ရာသီတစ်ခုချင်းမှာ ဒီတောင်တန်းကြီး ဘယ်လို အရောင်တွေပြောင်းတယ်ဆိုတာ ဘာကောင်လေးတွေ ရှိတယ်ဆိုတာ ဘာပန်းတွေ ပွင့်တယ်ဆိုတာရယ် နောက်ပြီးတော့ တောင်ကြားတွေမှာ စီးနေတဲ့စမ်းချောင်းလေးတွေ ရာသီအလိုက် ဘယ်လို စီးကြတယ်ဆိုတာရယ်ကို အသေးစိတ်ဖွဲ့ထားတာပါ။ မိုမိုတို့ဆီက ဂါထာခြောက်ဆယ်ပျို့လိုပေါ့"
ဟုတ်ပါပြီ မယ်မင်းကြီးမရယ် မြန်မာပြည်မှာသာ မွေးရင် ခုလောက်ဆို ကမ္မ၀ါတောင် အလွတ်ရွတ်အုံးမလားမသိဘူးလို့ ခပ်ငေါ့ငေါ့တွေးပြီး ပြုံးမိပါသေးတယ်
"ကဗျာအဆုံးမှာ ဘာပြောထားလဲ ဆိုတော့ ဒီလောကကြီးကလည်း ဟာကိုင်းတောင်တန်းကြီးလိုပါပဲတဲ့။ သူ့အချိန်အခါနဲ့သူ ပြောင်းလဲနေတယ်ဆိုပေမယ့် ကြည့်တတ်ရင် အလှတရားတွေ ပြည့်လို့နေပါတယ်တဲ့။ ဒီရာသီရောက်ရင် ဒီရာသီရဲ့ အလှအပကိုပဲ ခံစားပါတဲ့။ မရှိတော့တဲ့ အလှအပနဲ့ မရှိသေးတဲ့ အလှအပကို စိတ်ကူးယဉ်နေမယ်ဆိုရင် လက်ရှိအလှအပတွေကိုလည်း လက်လွတ်ရပါလိမ့်မယ်တဲ့"
"အဲသည်တော့ ယုမိပြောချင်တာက"
"ယုမိမရှိလည်း နောက်နှစ်ရောက်လာမယ့် သူတွေထဲမှာ ယုမိကို ခင်သလို မိုမို ခင်ရမယ့်သူတွေ ပါလာအုံးမှာပါ။ သူတို့နဲ့ပဲ ပျော်အောင်နေပါ မိုမိုရယ်။ ယုမိကို လွမ်းပြီး အချိန်တွေ မကုန်ပါစေနဲ့နော်၊ ပြောမယ့်သာ ပြောရတာပါလေ မိုမိုတို့က ဆောင်းနှင်းဝေတန်း ယုမိပြန်လာချိန်ကျရင် သူငယ်ချင်းအသစ်တွေရလို့ ယုမိတို့ကိုတောင် ခင်ချင်မှ ခင်တော့မှာပါ"

အော် တတ်လည်းတတ်နိုင်တဲ့ ယုမိစံရယ်
----------------------------------------------------------------
တနင်္ဂနွေညနေခင်း ရွှေအိုရောင်နေခြည်အောက်မှာ စိတ်အေးလက်အေး လမ်းလျှောက်နေနိုင်ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို စာကြည့်တိုက်ပြတင်းပေါက်ကနေ အားကျစိတ်နဲ့ ငေးကြည့်ရင်း ဒီစာကို ရေးဖြစ်ပါတယ်။ (ကျောင်းစာကျတော့ တစ်နေကုန်ထိုင်ရေးတာတောင် အလုံး နှစ်ထောင်မပြည့်ဘူး။ ဒါမျိုးများ မဟုတ်တမ်းတရားတွေ လျှောက်ရေးရမလားဆို လက်က တဖြောင်းဖြောင်းနဲ့နေတာပဲ။ လေပါ့)

ရေးရာဆောင်က ပါတီဧည့်ခန်းလား


လွှတ်တော်က ရေးရာ ကော်မတီ ဥက္ကဌဖြစ်တော့ ကော်မတီရုံးစိုက်ဖို့ အဆောင်တစ်ဆောင်ရတယ်။ ကော်မတီ လုပ်ငန်းတွေလည်း လုပ်ပါရဲ့။ နောက်ပြီး ဘာဧည့်သည် ညာဧည့်သည်တွေ လာရင် ပါတီခေါင်းဆောင်အနေနဲ့ ပါတီဝင်တွေ ခြံရံပြီး ကော်မတီရေးရာဆောင်မှာ ခပ်တည်တည်နဲ့ တွေ့နေတာတွေက အခြေခံဥပဒေနဲ့ မငြိစွန်းဘူးလားလို့။ ရွေးကောက်ပွဲ ကော်မရှင်က မျက်နှာကြီးအမျိုးအရင်းမို့ မပြောရဲလို့ မပြောသာလို့ မပြောချင်လို့ လွှတ်ထားတော့ရော ငါတော့ ပြောမယ့်သူ မရှိဘူးဆိုပြီး ထင်ရာစိုင်းနေတော့မှာလားလို့။ ဥပဒေကို မကြောက်ဘူးဆိုရင်တောင် ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်လိပ်ပြာကို သန့်ပါရဲ့လားလို့ မေးလည်း မေးချင်ရဲ့။

ဆင်စမ်းကြသူများ


          ဂျပန်ပြည်မှာ ဘာလုပ်နေတာလဲတဲ့။ ကျောင်းတက်တယ်ဆိုပြီး ကျောင်းတက်တာ စာလုပ်တာ မတွေ့ဘဲ လတ်လျားလတ်လျား လျှောက်သွားတာတွေ ဟိုပွဲသည်ပွဲ တက်နေတာတွေ ဓာတ်ပုံတွေ လျှောက်ရိုက်နေတာတွေ ကောင်မလေးတွေနဲ့ ကျူနေတာတွေပဲ တွေ့နေရပါသတဲ့။

          ကျွန်တော်တို့ကို စီးပွားရေးဘာသာရပ်သင်တဲ့ ဆရာကိုရေးရဲ့ စကားလေးတစ်ခွန်းကို ကိုးကားချင်ပါတယ်။ ဆရာက စာသင်မယ်ဆိုတာနဲ့ အဲသလို မှတ်သားစရာကောင်းတဲ့ စကားလေးတွေနဲ့ သင်ခန်းစာကို ဖွင့်တတ်ပါတယ်။ ဆရာကပြောပါတယ်။ ဘယ်တော့မှ မသေတော့ဘူးလို့ ခံယူပြီး ပညာကိုကြိုးစားသင်ပါတဲ့။ နက်ဖြန်သေတော့မယ်လို့ ခံယူပြီး လောကကြီးရဲ့ အလှအပကို ခံစားပါတဲ့။ ဒီစကားနှစ်ခွန်းဟာ တစ်ခွန်းနဲ့တစ်ခွန်း အစွန်းတစ်ဘက်စီမှာ ရှိနေကြပေမယ့် အတူတူတွဲပြီး ပြောထားတာမို့ လောကကြီးမှာ လေ့လာသင်ယူမှုတွေ ကြိုးစားအားထုတ်မှုတွေကို ပျော်ရွှင်ခံစားမှုတွေနဲ့ ဟန်ချက်ညီအောင် ထိန်းညှိနေထိုင်ဖို့ သတိပေးတဲ့ စကားလို့ပဲ ခံယူမိပါတယ်။

          တက္ကသိုလ်ကို ရောက်လာတဲ့ အဓိက ရည်ရွယ်ချက်က ဒီတက္ကသိုလ်ကနေ ပညာတွေ ဆည်းပူးသင်ယူပြီး အဲသည်ပညာတွေကို အသုံးချလို့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံကို တည်ဆောက်မြှင့်တင်ဖို့ပါ။ ဒီအချက်ကိုတော့ ဘယ်တော့မှ မျက်ခြေမပြတ်သင့်သလို အရေးကြီးဆုံးအရာအဖြစ် အမြဲ စောင့်ထိန်းလိုက်နာနေရပါတယ်။

          အဲသည်တော့ တက္ကသိုလ်ကနေ ဘာတွေ သင်ယူကြမလဲ။ စာတစ်ခုတည်း မဟုတ်တာကတော့ သေချာပါတယ်။ သူ့နိုင်ငံရောက်တုန်းရောက်ခိုက် သူ့နိုင်ငံက လေ့လာသင်ယူစရာတွေ အပုံကြီး ရှိနေပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာ ကျောင်းသားတွေ စုစည်းတွေ့ဆုံကြတဲ့ ဒီလိုနေရာမျိုးမှာ သူ့နိုင်ငံကိုယ့်နိုင်ငံ ယဉ်ကျေးမှုတွေ ဓလေ့တွေ အတုယူစရာ သင်ခန်းစာယူစရာတွေ ပြည့်နှက်လို့ နေပါတယ်။ ဒီလို သင်ယူဖို့ဆိုတာ ဒီအတိုင်း သူများလုပ်တာ ထိုင်ကြည့်နေရုံနဲ့ မပြီးပါဘူး။ အခြေအနေ အချိန်အခါ ကိုယ့်ရဲ့ အဆင်ပြေမှုကို မူတည်ပြီး ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ရတယ်။ အပေါင်းအသင်းလုပ်ရတယ်။ စကားတွေ ပြောရတယ်။ ငြင်းရခုန်ရတယ်။ ဆွေးနွေးညှိုနှိုင်း တိုင်ပင်ရတယ်။ အတူသွား အတူလာရတယ်။ အတူစားရတယ်။ အတူကစားရတယ် စသည်ဖြင့်ပေါ့လေ။ ကိုယ်ယူနိုင်ရင် ယူနိုင်သလောက် ပညာတွေ များများရနိုင်တဲ့ နေရာမျိုးလို သဘောထားပါတယ်။

         အဲသည်တော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ အခွင့်အရေးကို အသုံးချပြီးတော့ အပေါ်မှာ ပြောခဲ့တဲ့ ရနိုင်သမျှ ပညာတွေ အတွေ့အကြုံတွေကို ယူပါတယ်။ ဒါပေမယ့် သေချာတာကတော့ အချိန်နဲ့ ကြိုးစားအားထုတ်မှု ရဲ့ ရာခိုင်နှုန်း အများဆုံးကတော့ သင်ကြားနေတဲ့ ပညာရပ်အပေါ်မှာ မြှပ်နှံထားပါတယ်။ ဘယ်လောက်ပဲ ဘယ်တွေကို လတ်လျားလတ်လျား သွားသွား အချိန်တန် အခန်းပြန်ရောက်ရင် ကျောပိုးအိတ်လွယ်ပြီး စာကြည့်တိုက်ကို ပြေးရပါတယ်။ ဘယ်လောက်ပဲ ဘယ်လို လှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်နေနေ စာသင်ချိန် စာဆွေးနွေးချိန် စာရေးစာဖတ်ချိန်ကို အထိခိုက် ခံလို့ မရပါဘူး။

          ညနေ စာသင်ချိန်ပြီး ခြေခင်းလက်ခင်းသာလို့ နေညိုချိန် ရွှေရောင်တောက်တဲ့ နေခြည်အောက်မှာ စိတ်အေးလက်အေးလမ်းလျှောက်ချင်လျှောက်မယ်။ အားကစားခန်းသွားပြီး ကယ်လိုရီ သုံးလေးရာလောက်ကုန်အောင် ကစားမယ်။ အဆောင်ရှေ့ မြက်ခင်းမှာ သူငယ်ချင်းတွေနဲ့ ကစားမယ်။ ညနေစာကို ထမင်းနည်းနည်းနဲ့ အသီးအရွက် များများစားမယ်။ ထမင်းစားပြီး သွားတိုက်ပြီးတာနဲ့ ကျောပိုးအိတ် ကောက်ထမ်းပြီး စာကြည့်တိုက်ကို ဒိုးရပါတယ်။ စာကြည့်တိုက်ရောက်တော့မှ စာကြည့်စားပွဲပေါ် မှောက်ပြီး အိပ်ပျော်သွားတာလည်း တစ်ပိုင်းပေါ့လေ။

          တစ်ခါတစ်လေ ညပိုင်းမှာလည်း ဟိုအတန်း ဒီအတန်းက ရှိတတ်သေးတာကိုး။ အတန်းမရှိလည်း ဂီတကလပ်က သီချင်းတိုက်ဖို့ ရှိတာ၊ အိုင်အာကောင်စီက အစည်းအဝေးရှိတာ၊ စာအတူလုပ်တဲ့အဖွဲ့က စာဆွေးနွေးဖို့ ရှိတာ၊ ဒါမှမဟုတ် ချယ်ရီပင်တန်းမှာ ဂစ်တာသွားတီးကြဖို့ရှိတာ ဒါလေးတွေတော့ ရှိတတ်ပါတယ်။ ရှားတောင့်ရှားခဲ့ပေါ့။ ဒါတွေကလွဲရင် ကျန်တဲ့အချိန်တွေ အကုန်လုံးနီးပါးက စာကြည့်တိုက်ထဲက စာကြည့်စားပွဲမှာပဲ ရှိနေတာ များပါတယ်။ စာကြည့်တိုက်က ည ဆယ့်နှစ်နာရီ ထိုးခါနီးမှာ ပိတ်လို့ ပြန်လာရပေမယ့် အခန်းပြန်ရောက်တော့လည်း ချက်ချင်းအိပ်ဖြစ်တယ်ဆိုတာ မရှိပါဘူး။ တစ်ခါတစ်လေ အိမ်နဲ့ စကားပြော။ မပြီးတဲ့စာ ဆက်ကြည့်။ တစ်ခါတစ်လေတော့လည်း မီးဖိုထဲ လူရှင်းချိန်မို့ ဟင်းဆင်းချက်။ တစ်ခါတစ်လေတော့လည်း အ၀တ်လျှော်ပေါ့။

          ဒါကြောင့် လတ်လျားလတ်လျား လုပ်နေတာတွေ ရှိသလို အဲသလို အချိန်တွေလည်း ရှိပါတယ်လို့။ ဖေ့ဘုတ်ပေါ်တက်လာတဲ့ ပုံတွေက အနော်တို့ လက်တွေ့ဘ၀ရဲ့ မဆိုသလောက် ရာခိုင်နှုန်း နည်းနည်းလေးသာ ရှိပါသေးတယ်လို့ ပြောလည်း ပြောချင်တယ် 

ရင်ထဲမှာ ဟာတာတာ


          မနက်က ကျွန်တော်တို့မြို့လေးရဲ့ စီတီအော့ဖစ် မြန်မာလိုဆို ထွေအုပ်ရုံးခေါ်မလား အဲဒီကို ရောက်သွားပါတယ်။ ဒီတက္ကသိုလ် ကျောင်းဆောင်မှာနေတယ် ဆိုတဲ့ ထောက်ခံချက်လေး သွားယူတာပါ။ မနက် ကိုးနာရီ ရုံးဖွင့်မှာမို့ ကိုးနာရီ အရောက်သွားပါတယ်။ ဟိုလည်းရောက်ရော စားပွဲတိုင်းမှာ အားလုံးကိုယ်စီ ထိုင်အလုပ်လုပ်နေကြပါပြီ။ ကိုးနာရီ အတိလောက်ပဲ ရှိသေးတာပါ။ ဧည့်သည်ထိုင်ဖို့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်တာနဲ့ အဲဒီရှေ့စားပွဲမှာ ထိုင်နေတဲ့ ၀န်ထမ်းမလေးက ပျာပျာသလဲ ထလာပြီး ဘာကူညီပေးရမလဲလို့ ပြုံးပြုံးလေး မေးပါတယ်။ ပြုံးပြုံးလေး မေးတာနော်။ ဧည့်ကောင်းစောင်ကောင်းလာလို့ ထွက်ကြိုတဲ့ နှစ်လိုဖွယ် အပြုံးလေးနဲ့။ အံ့သြဘ။ အဲဒါနဲ့ အနော်လည်း ကိုယ့်ကိုယ်ကို မိတ်ဆက်၊ ဂျပန်ပြည်မှာ နေထိုင်ခွင့် ကတ်ပြား (နိုင်ငံခြားသား မှတ်ပုံတင်) နဲ့ ကျောင်းသားကတ် ထုတ်ပြပြီး နိုင်ငံတကာတက္ကသိုလ်က ကျောင်းသားဆောင်မှာနေထိုင်ကြောင်း ထောက်ခံစာ လိုချင်လို့ပါဆိုတော့ ခဏလေးနော်ဆိုပြီး စာရွက်တစ်ရွက် ယူလာပါတယ်။ စာရွက်မှာက ဂျပန်လိုတွေ ရေးထားပေမယ့် ဖြည့်ရမှာတွေကို သေချာ ပြောပြပါတယ်။ ဖြည့်ရမှာကတော့ နာမည်ရယ် တက္ကသိုလ် လိပ်စာရယ် အဆောင်အခန်းနံပတ်ရယ် သုံးခုလောက်ပဲ ပေမယ့် တစ်ခုချင်းစီကို သေချာ လက်လေးနဲ့ ထောက်ပြီး ဒီနေရာလေးမှာတော့ ဘာလေးဖြည့်ပေးပါ စသည်ဖြင့် စိတ်ရှည်ရှည် တစ်ခုချင်း ဖြည့်ခိုင်းပါတယ်။ ဖြည့်လည်း ပြီးရော ခဏလေး စောင့်နော်ဆိုပြီး သူ့စားပွဲက ကွန်ပြူတာမှာ နှစ်မိနစ်လောက် တဂျောက်ဂျောက် ရိုက်ပါတယ်။ ဘယ်နှစ်စုံ လိုချင်ပါလဲတဲ့ ဆိုတော့ တစ်စုံဆို ရပါပြီလို့လည်း ဖြေလိုက်ရော ကီးဘုတ်က အန်းတာခလုတ်ကို ဂျောက်ဆို ခေါက်ထည့်လိုက်တာ စာရွက်တစ်ရွက် ချက်ချင်း ထွက်လာပါလေရော။

          ကျွန်တော့်အထင် - ထွက်လာတဲ့ စာရွက်ကို ၀င်စာဖိုင်မှာ တင်မယ် ဟိုဘက်စားပွဲကို သွားပို့မယ်။ ဟိုဘက်စားပွဲက ၀န်ထမ်းက လက်ဖက်ရည်သောက်က ပြန်လာရင် ခုန တင်လိုက်တဲ့ ၀န်ထမ်းကို ဘာဘာညာညာခေါ်မေးမယ်။ စာရွက်ကို ဘယ်ပြန်ညာပြန် အခေါက်ခေါက်အခါခါ ကြည့်ပြီးမှ လက်မှတ် မထိုးချင်ထိုးချင် ထိုးပြီး နောက်ထပ်စားပွဲတစ်ခုကို ပို့လိုက်မယ်။ အဲသည်နောက် . . .။ နောက်ဆုံးကျမှ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူ လက်ထဲ ရောက်သွားပြီး ကျွန်တော့်ကို ခေါ်တွေ့မယ် ဘာဘာညာညာတွေ မေးမယ်။ ပြီးရင် လက်မှတ်ထိုးပေးမယ်။ လက်မှတ်ထိုးပေးပြီးရင် လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးပြီး ၀မ်းမြောက်ဝမ်းသာ အော် ငါ့အတွက် တော်တော်ကို အပင်ပန်းခံ လုပ်ပေးလိုက်ကြရှာတာပါလား ဆိုတဲ့ ကျေးဇူးတင်စိတ်ကြီးနဲ့ စာရွက်ကြီးကို ကိုင်ပြီး ပြန်လာခဲ့ရမယ်ပေါ့။ အနည်းဆုံး နာရီအနည်းငယ်ခန့်တော့ စောင့်ရမှာပေါ့ ၊ ဒါမှမဟုတ်လည်းနောက်နေ့ ပြန်လာဆိုလည်း လာရတော့မှာပေါ့။ အထင်ကို ပြောတာ။

          တကယ့်လက်တွေ့ - ခုန စာရွက်လေးတစ်ရွက် ရယ် နောက်ထပ် ငွေလက်ခံ ဖြတ်ပိုင်းလေးရယ် ကိုင်ပြီး နာမည်နဲ့ လူနဲ့ မှန်အောင် စစ်ပြီးတာနဲ့ အဲသည်စာရွက်ကိစ္စက ပြီးသွားရောဗျာ။ ယန်းသုံးရာ ကျသင့်ပါတယ်ရှင်တဲ့။ ကောင်းလိုက်တဲ့ ၀န်ဆောင်မှုဗျာ ယန်းသုံးရာမဟုတ်ဘူး အဲသလောက် မြန်မြန်ဆန်ဆန် စိတ်ချမ်းချမ်းသာသာနဲ့သာ ရလို့ကတော့ ယန်းတစ်ထောင်လည်း ပေးဖို့ ၀န်မလေးပါဘူးဗျာ။
သုံးသပ်ချက် - အပိုတွေ တစ်ခုမှ မလုပ်ဘူး။ ကျွန်တော်တို့ ဒီကျောင်းရောက်ပါပြီ ဆိုကတည်းက အရင်ဆုံးလုပ်ရတာ ကိုယ်နေတဲ့နေရာလိပ်စာကို ဒီမှာ မှတ်ပုံတင်ရတာပဲ။ အခန်းပြောင်းတိုင်း ပြန်ပြောင်းရတယ်။ အဲဒါကြောင့်မို့ လိပ်စာက သူတို့မှာ ရှိနေပြီးသား။ နောက်ပြီးတော့ ကျွန်တော်နေတဲ့နေရာမှာ ကျွန်တော်နေပါတယ်ဆိုတာ အတည်ပြုပေးဖို့အတွက် ဘယ်သူမှ မလိုဘူး။ တကယ်ကို မလိုတာဗျာ။ ပြောရရင် စက်ထဲကနေ ဂျောက်ကနဲ ထုတ်ပေးလိုက်တာပဲ။ ဘယ်စားပွဲမှလည်း သွားစရာမလိုဘူး။ ဘယ်သူ့လက်မှတ်မှလည်း ထိုးစရာမလိုဘူး။ ထစ်ကနဲ ရှိရင် အထက်ဆုံးထိတက်ပြီး အဆုံးအဖြတ်ခံရတဲ့ အကျင့်ရှိတဲ့ မြန်မာပြည်ကိုတောင် တော်တော်လွမ်းမိတယ်။
ဆယ်မိနစ်လောက်အတွင်းမှာ လိုချင်တဲ့ထောက်ခံစာကို စိတ်ချမ်းချမ်းသာသာ ချောချောမောမော ရလာခဲ့ပြီး အပြင်ထွက်လာတော့ ဘာလို့ အဲလောက်အမြန်ကြီး လုပ်ပေးရတာပါလိမ့်လို့ တွေးမိပြီး ရင်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု လိုနေသလိုမျိုး

Friday, 19 June 2015

တရားသူကြီးချုပ် ခန့်ထားပုံအပြောင်းအလဲ

           ပြီးခဲ့တဲ့ စာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို သမ္မတသက်တမ်းနဲ့ အတူတူဖြစ်အောင် ပြင်ဆင်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းထဲက အကြောင်းကို သက်တော်ရှည်ဘွဲ့ရုပ်သိမ်းပြီလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ပါတယ်။ အခုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပတ်သက်တဲ့ နောက်ထပ်ပြင်ဆင်ချက် အချို့ကို ဆက်လက် တင်ပြပါ့မယ်။

           ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ ရွေးချယ်ခန့်ထားတဲ့ ပုံစံ ပြောင်းသွားပါတယ်။ မူလက ပြည်ထောင်စု တရားသူကြီးချုပ် ရဲ့ အမည်စာရင်းကို သမ္မတက လွှတ်တော်ကို တင်သွင်းရပါတယ်။ လွှတ်တော်က သဘောတူလို့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ခန့်ပြီးတဲ့အခါကျမှ သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ညှိနှိုင်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ အမည်စာရင်းကို လွှတ်တော်ကို သမ္မတက တင်ရတာပါ။ အခု ပြင်ဆင်ထားချက် ဥပဒေကြမ်းအရဆိုရင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ် သုံးယောက် အမည်စာရင်းကို သမ္မတနဲ့ လွှတ်တော်ဥက္ကဌနှစ်ယောက်က တစ်ယောက်စီ လွှတ်တော်ကို တင်ပြရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဲသည် သုံးယောက်ထဲက တစ်ယောက်ကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ရွေးချယ်ပေးရမှာပါ။ ပြီးတော့မှ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ဒုတိယပြည်ထောင်စု တရားသူကြီးချုပ် နှစ်ဦးတို့ ညှိနှိုင်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို တင်ပြအတည်ပြုချက် ရယူခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါလောက်ပါပဲ။

Tuesday, 2 June 2015

School Visit

I have visited three primary and secondary schools in the area as a member of #CAT and I could learn a lot about how the Japanese kids are raised very systematically. I had a great opportunity to talk about my country, to have lunch and play with them, and to see how they clean their classrooms, corridors and toilets. It made me surprised how the kids are so responsive and analytical to my talk. The most amazing personality of the school children was their soldier-like obedience and smartness when they had an assembly to take farewell bow to the guests (us).
.
In this photo, all the kids’ faces are deliberately blurred since it is prohibited to upload the picture of the children on social media without the prior consent of the guardians in order to protect their privacy and personal security.
.
#CAT is a volunteer group of students willing to support the local community in such activities as school visits, introductions to your country and culture to off campus groups, participation in local festivals including stage performances, and helping with other requests from the city to promote international awareness. Participants are often gifted a coupon that can be used in our local community (shops around Urasa Station). For those actively participating in CAT activities, a certificate of appreciation is awarded at the time of graduation.
.
2 June 2015 at Nakanoshima Elementary School