Sunday 8 December 2013

ကြိုတင်အသိပေးရင် ပြည်သူတွေ စိတ်ဆင်းရဲမှာ စိုးလို့လား


ဒီလို မမေးချင်ပေမယ့် အခု ဆီးဂိမ်း ဖွင့်ပွဲပိတ်ပွဲ လက်မှတ်ရောင်းတဲ့ အစီအမံနဲ့ ပတ်သက်ပြီး ဒီလိုပဲ မေးခွန်းထုတ်လိုက်ပါတယ်။ အနှစ်လေးဆယ်ကျော်မှ တစ်ခါလုပ်ခွင့်ထပ်ရတဲ့ ဒီပွဲကြီးကို အလုပ်တွေ မအားတဲ့ကြားတတည်းက ကြည့်ဖြစ်အောင်ကြည့်ပြီး ဂုဏ်ယူလိုက်မယ်ဆိုတဲ့ စိတ်နဲ့ သတင်းစာမှာ ဖွင့်ပွဲလက်မှတ်ရောင်းမယ်လို့ ကြေညာတဲ့နေ့ကတည်းက လက်မှတ်ဝယ်ဖို့ လုံးပန်းခဲ့ပါတယ်။ လက်မှတ်ဝယ်ရင် ဓာတ်ပုံတွေဘာတွေများ လိုအုံးမလားဆိုပြီး ကလေးတွေအကုန် ဓာတ်ပုံတွေရိုက် အရပ်အမြင့် ကိုယ့်အလေးချိန်တွေတိုင်းတကာကအစ ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ လက်မှတ် ၀ယ်တော့လည်း သေချာမေးပါတယ်။ ဘာတွေလိုအုံးမလဲဆိုတော့ ဒီလက်မှတ်ပါရင် ရပြီဆိုပြီး လက်မှတ်ဝယ်ထားတဲ့ ဖြတ်ပိုင်းလေး ယူပြီး ပြန်ခဲ့ရတယ်။ ဆီးဂိမ်း ဖွင့်ပွဲ ကြည့်ဖို့ လက်မှတ်ဝယ်ထားတဲ့သူတွေက ကွင်းထဲကိုဝင်ဖို့ ၀င်ခွင့်ကတ် ထပ်လုပ်ဖို့ လိုတယ်ဆိုတာ အစ်မတစ်ယောက်က ပြောလို့ လက်မှတ်ဝယ်ထားတဲ့နေရာကို လှမ်းမေးတော့ ဟုတ်ပါတယ်လို့ ပြောပါတယ်။ ဒါဆိုရင် ဘာလို့ မကြေညာတာလဲဆိုတော့ ခုနစ်ရက်နေ့ လက်မှတ်တွေ လာလဲမှ ပြောပြပေးဖို့ အားကစားဝန်ကြီးဌာနက မှာတယ်လို့ ပြောပါတယ်။ ဒါဆိုရင် လက်မှတ်ဖိုးက တစ်ယောက်ကို ငါးထောင် အပေါင်း ၀င်ခွင့်ကတ် နှစ်ထောင့်ငါးရာ ညီမျှခြင်း ခုနစ်ထောင့် ငါးရာ ကျပြီပေါ့။
တကယ်ဆို ဖွင့်ပွဲပိတ်ပွဲ ကြည့်ဖို့ လက်မှတ်ဝယ်ထားတဲ့သူတွေ လုံခြုံရေးအရ ၀င်ခွင့်ကတ် လုပ်ရမယ်ဆိုရင် တစ်ခါတည်း အပြီး လုပ်ပေးသင့်ပါတယ်။ ၀င်ခွင့်ကတ်အတွက် ပိုက်ဆံသပ်သပ် ထပ်ပေးရ လုပ်ပေးတဲ့နေရာကို သွားရ မဖြစ်စေသင့်ပါဘူး။
ဒီလိုမှ မဟုတ်ရင်လည်း ဖွင့်ပွဲပိတ်ပွဲ လက်မှတ်ရောင်းပြီလို့ ကြေညာကတည်းက ၀င်ခွင့်ကတ်သပ်သပ် လုပ်ရမယ်လို့ တစ်ပါတည်း ကြေညာသင့်ပါတယ်။ အခုတော့ အများပြည်သူသိအောင်လည်း သတင်းစာက မကြော်ငြာ။ ဖွင့်ပွဲ ပိတ်ပွဲ လက်မှတ်ဝယ်ထားတဲ့သူတွေကိုလည်း ကြိုတင်အသိမပေးနဲ့ ဟိုလူဒီလူပြောမှ သိရ မေးကြည့်မှ မရေမရာသိရ။ စိတ်ပျက်စရာ ကောင်းလှပါတယ်.
ဆီးဂိမ်းဖွင့်ပွဲ လက်မှတ် ၀ယ်ထားတဲ့သူတွေ ကွင်းဝင်ခွင့်လက်မှတ် လုပ်မယ့် အစီအမံ ကို တရားဝင်ကြေညာပေးဖို့ ဒီနေရာကနေ ဆန္ဒဖော်ထုတ်လိုက်ပါတယ်

No comments:

Post a Comment