Saturday, 14 December 2013
Angle Black Angle
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★အမျိုးသားဆုံမှတ်-27th SEA Games ★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[12-12-13]
● ဒီကနေ့ ဒေသတွင်းမီဒီယာတွေ၊ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ မီဒီယာတွေရဲ့
Front Page တွေမှာ နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲသတင်းကို ဓါတ်ပုံတွေနဲ့
တခမ်းတနား ရေးသား ဖော်ပြထားကြတာ တွေ့ရပါတယ်။ တစ်ချို့ သတင်းအာဘော်တွေမှာ
ရေးသားဖော်ပြထားတာတွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
● တစ်ချိန်က အထီးကျန် သင်းကွဲနိုင်ငံကလေးဆီက ကမ္ဘာကို ထုတ်ပြလိုက်တဲ့
Message က မြန်မာတွေ လုပ်နိုင်တယ် ဆိုပါသတဲ့။ တစ်ချို့ဆိုရင်
ဒီလောက်ထင်မထားဘူး ဆိုပြီး ပြောင်ပဲ ရေးသားထားတာ တွေ့ရှိရပါတယ်။ ဘာပဲ
ဖြစ်ဖြစ် မြန်မာနိုင်ငံကို အပြုသဘောမြင်ကြသည် ဖြစ်စေ၊ အဆိုးမြင်ကြသည်
ဖြစ်စေ တလေးတစား ဖြစ်သွားကြရတာတော့ မငြင်းနိုင်ပါဘူး။
● တစ်ချို့က ဘာကို အသားပေးပြီး ရေးထားသလဲ ဆိုတော့ ဖွင့်ပွဲအခမ်းအနားမှာ
ပြသသွားတဲ့ မြန်မာ့ရိုးရာတူရိယာတွေနဲ့ တေးသွားသံစဉ်တွေကို စိတ်ဝင်တစား
ရေးသားပြီး မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းတွေကိုပါ
တို့ထိသွားခဲ့ပါတယ်။
● အာဆီယံနိုင်ငံတစ်ချို့က မီဒီယာတွေမှာဆိုရင် မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီတံခါးဖွင့်မှု၊ စီးပွားရေးထွန်းသစ်မှုတွေနဲ့ ဒီဆီးဂိမ်းဖွင့်ပွဲကို
နှိုင်းယှဉ်ရေးသားထားတာကိုလည်း တွေ့ရှိရပါတယ်။
● အာဆီယံနိုင်ငံတစ်နိုင်ငံက မီဒီယာတွေမှာဆိုရင် မိန်းမောတွေဝေ
မင်တက်မိသွားစေတဲ့ ဆီးဂိမ်းဖွင့်ပွဲ ဆိုပြီး ဂုဏ်ပြုချီးကျူးရေးသားထားတာ
တွေ့ရှိရပါတယ်။
● အနောက်နိုင်ငံက မီဒီယာတစ်ချို့မှာဆိုရင်
တရုတ်နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး လန်ဒန်အိုလံပစ်လည်း တရုတ်နည်းပညာ
သုံးခဲ့ရတာပဲ၊ ကမ္ဘာမှာ တရုတ်နည်းပညာနဲ့ ကင်းနိုင်တာ ဘယ်မှာ ရှိလို့လဲ
ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။
● မှန်ပါတယ်။ မြန်မာဆိုတာ အနှိမ်ခံ၊ အပယ်ခံ၊ အထီးကျန် နိုင်ငံငယ်လေး
တစ်နိုင်ငံပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မငြိမ်းနိုင်တဲ့ ပဋိပက္ခတွေ၊
ဆင်းရဲနွမ်းပါးမှုတွေနဲ့ ပြည့်လွှမ်းနေတဲ့ နိုင်ငံငယ်ကလေးပါ။
● ဒီနိုင်ငံငယ်လေးက ဆီးဂိမ်းတာဝန်ယူကျင်းပမယ် ဆိုတော့ ဟုတ်မှဟုတ်ပါ့မလား၊
လုပ်မှလုပ်နိုင်ပါရဲ့လား ဆိုတဲ့ သံသယမျက်ဝန်းတွေ၊ မျက်မှောင်ကျုံ့ပြီး
ကြည့်တာမျိုးတွေ၊ အထင်သေးအမြင်သေး အကြည့်တွေ ရှိခဲ့ကြတာဟာလည်း ရင်နာစရာပါ။
● တရုတ်နိုင်ငံဟာ ကမ္ဘာ့အဆင့်ကို တက်လှမ်းလိုက်ပြီ ဆိုတာကို
ဘေကျင်းအိုလံပစ်နဲ့ သက်စေပြခဲ့ပါတယ်။ တောင်အာဖရိကဟာ ကမ္ဘာ့အဆင့်
အခမ်းအနားတွေ အသင့်ဖြစ်နေပါပြီ ဆိုတာကို ကမ္ဘာ့ဖလားနဲ့ ပြသခဲ့ပါတယ်။
အိမ်နီးချင်းမိတ်ဆွေ လာအိုနိုင်ငံသည်ပင်လျှင် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်
လုပ်ပြခဲ့ပြီးပါပြီ။
● ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီးဂိမ်းအိမ်ရှင်နဲ့ ဝေးကွာခဲ့တာ
နှစ်ပေါင်း(၄၀)ကျော်ခဲ့ပါပြီ။ ဒီဆီးဂိမ်း ဖွင့်ပွဲကို
ကြည့်လိုက်ရတဲ့သူတိုင်း အပြုသဘော ရှုမြင်ကြသည်ဖြစ်စေ၊ ချီးကျူးဂုဏ်ယူကြသည်
ဖြစ်စေ အားလုံးရဲ့ရင်ထဲမှာ တူညီတဲ့ ခံစားချက်တစ်ခုစီတော့ သေချာပေါက်
ရှိနေပါတယ်။ "မြန်မာ" ဆိုတဲ့ ဇာတိပုညဂုဏ်မာနပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ
ဘယ်လိုပဲ ရှိရှိ တူညီတဲ့ ဆုံမှတ်တစ်ခုကတော့ အားလုံးရဲ့ ရင်ထဲ၊
နှလုံးသားထဲမှာ ရှိနေကြပါတယ်။
● ရက်ရှည်လများ အပင်ပန်းခံ လေ့ကျင့်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ၊
ဗော်လံတီယာ လူငယ်လေးတွေ၊ ဆီးဂိမ်းဖွင့်ပွဲကို အနယ်နယ်အရပ်ရပ်က
ကြည့်ရှုခဲ့ကြရတဲ့ မျိုးဆက်သစ်တွေ အားလုံးရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ
ကြုံကြုံ၊ ဘယ်လို စိန်ခေါ်မှုတွေပဲ တွေ့ရ တွေ့ရ "ငါတို့ လုပ်နိုင်တယ်" ဆိုတဲ့
ခံယူချက်၊ အမျိုးသားရေးစိတ်ဓါတ်ကလေး ခိုဝင်ကိန်းအောင်းသွားပြီ ဆိုရင်ပဲ
ကျေနပ်စရာပဲ။
● ဒီစိတ်ဓါတ်၊ ဒီခံယူချက်နဲ့ ဒီနိုင်ငံရဲ့ အနာဂတ်ကို သူတို့
တည်ဆောက်သွားနိုင်မှာပါ။ သူတို့ခေတ် သူတို့အခါမှာ ဒီကနေ့ထက် အဆများစွာ
သာလွန်တဲ့ အဆင့်အတန်းတွေကို ဖန်တီးသွားနိုင်မယ်ဆိုတာကို အသေအချာ
ယုံကြည်မိပါတယ်။
● ဆီးဂိမ်းအောင်မြင်ရေး အဖက်ဖက်မှ ကျရာအခန်းကဏ္ဍက
ပံ့ပိုးကူညီခဲ့ကြသူအားလုံးကို အထူးပဲ ဂုဏ်ယူချီးကျူးမိပါတယ်။
● ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment