Thursday, 13 July 2023

ထိုင်းဝန်ကြီးချုပ်ရွေးပွဲ

ကိုလူချော ဖီတာတို့ကတော့ အခုအချိန်မှာ အတော်ကို ရင်ခုန်နေရမယ့်ပုံပဲ၊ မနေ့ကတင် သူ့ကို လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ထားဖို့ကိစ္စကို ရွေးကော်က ခြေဥခုံရုံးကိုတင်လိုက်တယ်၊ ရွေးကောက်ပွဲမဲဆွယ်တုန်းက ထိုင်းဘုရင်စနစ်ကို ပြင်ဆင်ဖို့တို့ဘာတို့ ဆင်ဖမ်းမယ်ကျားဖမ်းမယ် ကြွေးကြော်သံတွေက လက်ရှိဘုရင်စနစ်ကို ထိပါးတယ်ဆိုပြီး စွပ်စွဲထားတဲ့ ကိစ္စကိုလည်း ခြေဥခုံရုံးက စစ်ဆေးဖို့ လက်ခံလိုက်ပြီ၊ ထိုင်းစစ်ဘက်ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေကလည်း ဒီနေ့ ဝန်ကြီးချုပ်ရွေးပွဲ အစည်းအဝေးကို မတက်ကြဘူးတဲ့၊ သူတို့က တခြားအလုပ်ရှိလို့ မတက်ကြတာ ဘာမှမထင်ကြပါနဲ့လို့ ပြောပေမယ့် အစဉ်အလာ သာဓကတွေက တစ်ကြိမ်မက ရှိနေပြီးသားဆိုတော့ လူတွေက ထင်ကြတာပေါ့
.
. . . ဒီနေ့ ဝန်ကြီးချုပ်ရွေးပွဲက အထက်/အောက်လွှတ်တော်နှစ်ရပ်ပေါင်း တက်ရမယ့်သူ ၇၅၀ မှာ တကယ်တက်တာက ၆၆၅ ယောက်ဆိုတော့ ပျက်ကွက်က ၈၅ ယောက်တောင်ရှိတယ်၊ ဒီလိုအရေးကြီးတဲ့နေ့မှာ အစည်းအဝေးလာမတက်ကြတာ ဘာသဘောများပါလိမ့်
.
. . . ရဲတွေကတော့ လွှတ်တော်ပတ်ဝန်းကျင်က ဆန္ဒမပြရ ဧရိယာ မီတာငါးဆယ်ပတ်လည်မှာ အတားအဆီးတွေချ၊ ရေကားတွေချထားပြီး ရုတ်ရုတ်လုပ်လုပ် မလုပ်ကြအောင် တားဆီးထားတာ တင်းကျပ်လွန်းတယ်ဆိုပြီး Move Forward party က လွှတ်တော်ဒုက္ကဌကတောင် အပြင်ထွက်ကြည်ပြီး အပြစ်တင်တဲ့လေသံနဲ့ပြောနေတာတွေ့တယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် လွှတ်တော်တက်နေတဲ့ အမတ်တွေကို ချောင်ဖရာ့မြစ်ထဲကနေ ရေလမ်းကြောင်းက ဆွဲထုတ်ပြီး ကယ်သွားနိုင်အောင် စီစဉ်ထားတာတွေလည်းရှိတယ်
.
. . . အထက်လွှတ်တော်အမတ်တွေအတွက် ဆွေးနွေးချိန် နှစ်နာရီ၊ အောက်လွှတ်တော်အမတ်တွေအတွက် ဆွေးနွေးချိန် လေးနာရီ ပြီး၊ ဘန်ကောက်စံတော်ချိန် ညနေငါးနာရီမှာ ဝန်ကြီးချုပ်ရွေးပွဲကို အမတ်တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး မဲပေးခိုင်းမှာဆိုတော့ နေမဝင်ခင်တော့ ရလဒ်သိရလောက်ပါတယ်၊ ဝန်ကြီးချုပ်လောင်း အမည်စာရင်းက သူတစ်ယောက်တည်းဆိုတော့ လိုအပ်တဲ့ ၃၇၆ မဲ မပြည့်ရင် ဘာဆက်လုပ်ကြမယ်မသိ
.
ကျနော်ဗိုလ်ကောင်းပါ

နေပြည်တော်က တိုက်ရိုက်တင်ဆက်နေတာဖြစ်ပါတယ်

:P

စရိုက်ကျတဲ့နိုင်ငံရေးသမား


ထိုင်းရဲ့ ဒီနေ့သတင်းတွေကြည့်နေရင်း ဘာသွားတွေ့လဲဆိုတော့ နိုင်ငံရေးသမားဆိုသူတွေရဲ့ စရိုက်ကျတဲ့ လုပ်ရပ်တွေ ရုပ်ပျက်ဆင်းပျက် ထွက်လုပ်လာတာ တွေ့တယ်
.
. . . လွှတ်တော်ထဲ အစည်းအဝေးတွေ မစခင် အောက်လွှတ်တော် ဒုဥက္ကဌ Padiphat Santipada ဆိုသူက လွှတ်တော်ပတ်လည်က လုံခြုံရေးချထားတာတွေ လိုက်ကြည့်ပြီး အာ့မှာရှိနေတဲ့ သတင်းသမားတွေကို ဘာပြောသလဲဆိုတော့ လုံခြုံရေးတွေက တအားတင်းကျပ်လွန်းတယ်၊ ပြည်သူတွေကို ထိပ်တိုက်တွေ့မယ့်ပုံမျိုး ပေါက်နေတယ်လို့ ပြောတယ်
.
. . . စဉ်းစားကြည့်ပါအုံး၊ ဒီလူဟာ လွှတ်တော်လုံခြုံရေးနဲ့ပတ်သက်ပြီး တာဝန်တစ်ခုခု ရှိသူဆို ဒီလိုပြောပါ့မလား၊ သူ့တာဝန် မရှိဘဲနဲ့ အပြင်လျှောက်ပတ်ကြည့်ပြီး ဒီလိုပြောတယ်ဆိုတာ လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့ လိုအပ်တာထက်ပိုလုပ်နေတယ်ပေါ့၊ သောက်ပိုတွေ လုပ်နေတယ်ပေါ့၊ ကျနော်တို့ပြည်သူတွေက အာ့လောက် စည်းကမ်းမပျက်ပါဘူးပေါ့၊ ဒီလိုလုပ်တာ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူကို ခြိမ်းခြောက်ရာကျတယ်ဆိုတဲ့ သဘောမျိုးလို့ ကိုယ်က နားလည်တယ်
.
. . . သူနဲ့ မဆိုင်တဲ့ကိစ္စကို သူ့ဘာသာ လျှောက်ပတ်ကြည့်ပြီး အာ့လိုပြောအပြီးမှာ ဘာဆက်ပြောသလဲဆိုတော့ အခုလို လုံခြုံရေးတွေ မတန်တဆ တင်းကျပ်ထားတာ လွှတ်တော်က လုပ်တာမဟုတ်ပါဘူးတဲ့၊ ဆိုလိုတာက သူတို့ပြည်သူတွေကို ဒီလောက်ကြီး ကြပ်ထားတာ သူတို့မဟုတ်ဘဲ လုံခြုံရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက လုပ်နေတာပေါ့၊ သူတို့ကို သွားအပြစ်တင်ကြပါပေါ့၊ ဒီလိုလေသံနဲ့
.
. . . ဒီလူ့လုပ်ရပ်ကို ကြည့်ရင် နိုင်ငံရေးသမားဆိုသူတွေရဲ့ အခွင့်ရရင်ရသလို အမှတ်ယူတတ်တာ၊ ကျင့်ဝတ်မရှိဘဲ မဆိုင်တဲ့ကိစ္စတွေမှာ ဝင်အာချောင်တာ၊ သူတစ်ဖက်သားကို တတ်နိုင်သမျှ နင်းချေ အပြစ်တင်ပြီး ကိုယ့်ကိုယ်ကို ဇမ်းတင်တာ စတဲ့ ဓလေ့တွေ တွေ့တယ်
.
. . . ဒါကို လုံခြုံရေးတာဝန်ရှိတဲ့သူ၊ အဲသည်လုံခြုံရေးစီစဉ်တဲ့သူနေရာက ဝင်ကြည့်စမ်းပါအုံး၊ သူတို့လုံခြုံရေးအတွက်လည်း လုပ်ပေးရသေးတယ်၊ အပြစ်တင်လည်းခံရသေးတယ်ဆိုတော့ ထိုင်းစစ်ဘက်က ဒီလိုနိုင်ငံရေးသမားတွေကို အယုံအကြည်မရှိဘဲ ခဏခဏ အာဏာထသိမ်းနေတာ မဆန်းဘူးလို့ ဆိုရမယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်တယ်ဆိုပေမယ့် အချင်းချင်း နားလည်မှုရှိရှိ ကိုယ်ရောစိတ်ပါ သန့်ရှင်းတဲ့ စေတနာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောရှိမယ်ဆိုရင် ဒီလို အပြစ်တင်တဲ့ စကားမျိုး ထွက်လာမှာ မဟုတ်ဘူး၊ ရွံစရာကောင်းတဲ့ နိုင်ငံရေးသမားစရိုက်ပဲ
.
အောက်က ကွန်းမင့်ဘောက်မှာ လင့်ပေးထားတယ် ထိုင်းလို နားလည်ရင် သူပြောတာ နားထောင်ကြည့် မျက်နာအမူအရာ၊ ကိုယ်ဟန်အမူအရာ နဲ့ လေသံကအစ သူများကို အပြစ်တင်ပြီး အမှတ်ယူမယ်ဆိုတဲ့ တစ်ဘို့တည်းသမားပုံမျိုး

Monday, 10 July 2023

လက်ရည်တပြင်တည်း

. . . ထိုင်ခုံတွေ အရေးကြီးတဲ့အကြောင်းကိုတော့ လူတိုင်းပြောပြီးသားကြီးမို့ ထပ်မပြောတော့ပါဘူး၊ ထိုင်ခုံအရေးကြီးတယ်ဆိုတာ ကိုယ်လည်း သဘောပေါက်တာမို့ အခန်းထဲမှာဆို ထိုင်ခုံတေွ များကြီး ဝယ်ထားတာ
.
. . . ကိုယ့်လုပ်ငန်းခွင်ကို ရောက်ခါစက အခန်းထဲမှာ ကိုယ်တွေထိုင်ဖို့ထိုင်ခုံတွေပဲ ရှိပြီး ကိုယ့်အဖွဲ့သားတွေ လာကြတဲ့အခါ သူတို့ခမျာ မတ်တပ်ရပ်ပြီး ကိုယ်တွေစကားကို နားထောင်ရတယ်၊ ပြောတဲ့သူက ထိုင်ပြောပြီး နားထောင်တဲ့သူက မတ်တပ်ရပ်နားထောင်ရတယ်ဆိုတာ တစ်ချို့သော အခြေအနေတွေမှာ လိုအပ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်လုပ်ငန်းခွင်မှာ အာ့လိုဖြစ်နေတာက အဆင်ပြေတယ်လို့ မထင်ဘူး
.
 . . ကိုယ့်လုပ်ငန်းခွင်ရဲ့ သဘောသဘာဝကိုက သိုးဆောင်းစကားနဲ့ဆို Think Tank ၊ ကိုယ်ငယ်ငယ်က သဘောကျခဲ့တဲ့ စာရေးဆရာဖေမြင့်စကားနဲ့ဆို “ဉာဏ်ကြီးရှင်အဖွဲ့” ဆန်တဲ့ လုပ်ငန်းခွင်မျိုးမို့လို့ ကိုယ်တို့ လုပ်ငန်းခွင်မှာ အထက်အောက် အဆင့်ဆင့် တာဝန်ယူတာဝန်ခံ လုပ်ရတယ်ဆိုတဲ့ သဘောမျိုး အထိုက်အလျောက် ရှိနေပေမယ့် တကယ့်အနှစ်သာရကတော့ ဉာဏ်ပညာတွေ တိုးပွားအောင်၊ ထက်မြက်အောင်၊ ဖတ်ရ မှတ်ရ ရေးသားရ တိုင်ပင်ရ ဆွေးနွေးရတဲ့ လုပ်ငန်းသဘောဆောင်နေတာကိုး
.
. . . လုပ်ဖော်ကိုင်ဖက်တွေအားလုံးရဲ့ အသိဉာဏ်ပညာနဲ့ အပ်စပ်တဲ့ ဗဟုသုတ ရှာမှီးမှုတွေဟာ တစ်ဦးတစ်ယောက်ချင်းစီ အရေးကြီးတဲ့အပြင် ရှိရင်းစွဲဝမ်းစာပညာအပေါ်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အဲသည် အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုက်လိုက်မတ်တပ် လေ့လာသုံးသပ်သူတွေရဲ့ သဘောအယူ နဲ့ အထင်အမြင် အမျိုးမျိုးတွေကို လိုက်လံဖတ်ရှုနေရတဲ့သူတွေ ဖြစ်တာမို့ အင်တာနက်ခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ်မသိသေးတဲ့ သဘောတရားအတွေးအခေါ်တွေကို အနည်းဆုံး တစ်ရက်တစ်မနက်ဖြစ်ဖြစ် ဖတ်ရှုပြီးသားဆိုရင် သူ့ဆီက ပြန်ပြီးသင်ယူဖို့ ကိုယ့်စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ တော်ကာကျတဲ့ လုပ်ငန်းခွင်မျိုးမို့
.
. . . ဘယ့်နှယ် ဗိုလ်ကောင်းရ ၊ တို့ကြားဖူးတာတော့ စိတ်ကိုဖွင့်ထားဖို့ပဲ ကြားဖူးတာပါ၊ ဘယ့်နှယ့် “စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ” ဆိုတာကြီးက ဘာလဲဆိုရင် အခုပြောမှာ အဲသည်အကြောင်းအရာပါပဲခင်ဗျာ
.
. . . အထက်မှာ တင်ပြခဲ့သလို ကိုယ့်ထက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အတွေ့အကြုံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊ သတင်းအချက်အလက်နဲ့အတွေးအခေါ်တွေက အပေါ်အောက်စီးဆင်းနေတာမျိုး မဟုတ်ဘဲ ရေစီးကြောင်းတွေ မျဉ်းပြိုင်စီးဆင်းနေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်တိုင်လေ့လာသင်ယူနေမှုကို ကိုယ့်ရဲ့ အဖွဲ့သားတွေဆီကပါ လုပ်ဆောင်နေနိုင်ဖို့ဆိုတာ စိတ်ကို ဖွင့်ထားဖို့ အရေးကြီးတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ဖွင့်ထားဖို့ အရေးကြီးပါကောလား
.
. . . ကိုယ်က သူ့ဆီက သင်ယူဖို့ဆိုရင် ကိုယ်က ဆရာကြီးစတိုင်နဲ့ ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး ကိုယ့်ကို သင်ပေးမယ့်သူက ကိုယ့်စားပွဲရှေ့မှာ ရို့ရို့လေး ရပ်နေရရင် သူ့ဆီက သင်ပေးစရာတွေက ဘယ်မှာ အလိုက်သင့်အလျားသင့် ထွက်လာနိုင်မလဲခင်ဗျာ၊ ကိုယ်ကလည်း စိတ်ထဲက ဘယ်လောက်ပဲ ခံယူနိုင်ပါစေအုံးတော့ ဒီလိုပုံစံမျိုးနဲ့ သင်ယူသူကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား၊ တစ်ခြားသူတွေတော့ မသိပေမယ့် ကိုယ့်အတွက်ကတော့ အာ့လိုမျိုးကြီး အဆင်မပြေပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ဒီလုပ်ငန်းခွင်ကို တစ်ကျော့ပြန်ရောက်လာချိန်မှာ ထိုင်ခုံတွေ ထပ်ဖြည့်ပါတယ်။ ဝိုင်းဖွဲ့ဆွေးနွေးတဲ့အခါ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ဆီလာသူတွေပါ သက်တောင့်သက်သာဖြစ်စေမယ့် နေရာထိုင်ခင်းမျိုးအပြင် ဒီအခင်းအကျင်းအပေါ်မှာ ထားရှိတဲ့သဘောထား၊ ကိုယ့်စိတ်ရဲ့ ခံယူချက်နဲ့ နွေးထွေးမှုတွေကို အထင်းသားပေါ်လွင်နေအောင် ကိုယ့်စိတ်နဲ့ခန္ဓာကို ပြင်ဆင်ထားမှသာ ကိုယ်နဲ့ဝိုင်းဖွဲ့ထိုင်နေသူဆီက အတွေးအမြင်ဗဟုသုတ တွေ ကိုယ့်ဆီစီးဆင်းလာနိုင်မယ် မဟုတ်လား
.
. . . လက်ရည်တစ်ပြင်တည်းဆိုတဲ့ စကားနဲ့ သဘောတရားဟာ ထမင်းဝိုင်းဖွဲ့စားတဲ့နေရာမှာတင်မဟုတ်ဘဲ အသိပညာဗဟုသုတဖလှယ်ကြဖို့ များများကြီးကို အရေးတကြီးလိုအပ်တဲ့ ကိုယ်တွေလို လုပ်ငန်းခွင်မှာလည်း အလွန်ကို တန်ဖိုးထားအပ်တဲ့အကြောင်း
.
ဗိုလ်ကောင်း
၁၀ ဇူလိုင် ၂၀၂၃

Sunday, 9 July 2023

ကိုယ်ဖတ်ဖို့ပဲရေးတဲ့စာ

. . . ကိုယ်က စာရေးရင် စံနှုန်းသတ်မှတ်ချက် တစ်ခုပဲ ထားတယ်၊ အဲဒါက ဘာလဲ ဆိုရင် ကိုယ်ဒီနေ့ရေးထားတဲ့စာကို လိုအပ်လာရင် မနက်ဖြန်မှာ ပြန်ပြီး ကိုးကားနိုင်ရမယ်ဆိုတာပဲ၊ ကိုယ့်စာကို ဘယ်သူမှ ဖတ်ဖတ် မဖတ်ဖတ် တယ်စိတ်မဝင်စားလှဘူး၊ ကိုယ့်စာကို ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ မနက်ဖြန်မှာ ပြန်ကိုးကားနိုင်ရင် ကျနော်သတ်မှတ်ထားတဲ့ စံနှုန်းကို မီပြီ၊ စာတိုင်းကို အဲသည်စံနှုန်းဘောင်ဝင်အောင်ရေးတယ်၊ စာတွေဘာကြောင့်ရေးသလဲဆိုရင်လည်း သူများတွေ ဖတ်ဖို့ဆိုတာထက် ကိုယ်ကိုယ်တိုင် အကြောင်းအရာတစ်ခုကို သေချာသိချင်လို့ ရေးတယ်လို့ ပြောရမှာပဲ၊ ဘာလို့လဲဆို စာတစ်ပုဒ် ရေးမယ်ဆိုလိုက်ရင် လိုက်ဖတ်ရတဲ့စာတွေ၊ သေချာအောင် ပြန်စစ်ရတဲ့ အကြောင်းခြင်းရာတွေ သဘောတရားတွေ လိုက်ဖတ်နေရတာ နည်းမှ မနည်းပဲကိုး။ ကိုယ်ရေးတဲ့စာမှန်သမျှက ကိုယ့်အတွက် ခိုင်မာတဲ့မှတ်စုပဲ၊ လူက မေ့ချင်မေ့မယ်၊ စာကတော့ မမေ့ဘူးလေ။ နောက်တစ်ခုက ဖေ့ဘုတ်ပေါ်တင်ဖို့တော့ စာရေးလေ့မရှိဘူး၊ ရေးမိတဲ့စာကိုပဲ ဖေ့ဘုတ်ပေါ်တင်ဖြစ်တာ။ ကိုယ့်စာလေးတွေ သူများဖတ်တော့လည်း ပျော်တာကိုး။.
.
. . . ကိုယ်ရေးတဲ့ စာတွေနဲ့ ပတ်သက်ပြီး ကိုယ်စောင့်စည်းတဲ့ သစ္စာတရားကလည်း တစ်ခုပဲ ရှိတယ်၊ အဲဒါက ကိုယ့်နှလုံးသားက လက်ခံတဲ့စာကိုပဲ လက်ကချရေးတယ်၊ ကိုယ်သိတာဆို သိတယ်လို့ရေးတယ်၊ ကိုယ်ထင်တာကို ထင်တယ်လို့ရေးတယ်၊ ကိုယ်မြင်တာကို မြင်တယ်လို့ရေးတယ်၊ ကိုယ်သိတာ မှားကောင်းမှားမယ်ဆိုတာကိုလည်း လက်ခံထားပေမယ့် အဲဒီစာရေးတဲ့အချိန်မှာ ကိုယ်တကယ်သိတယ်လို့ ယုံကြည်တာကိုပဲ သိတယ်လို့ ရေးဝံ့တယ်၊ ထင်တာကို သိတယ်လို့ မရေးသလို ထင်တာကိုလည်း ကိုယ်မမြင်ခဲ့ရဘဲ မြင်တယ်လို့ မရေးဘူး၊ ဒီနေ့ရေးတဲ့စာက မနက်ဖြန်မှာ ပြန်ဖတ်ကြည့်တဲ့အခါ အော်အခု ငါအတွေးမတူတော့ပါလားဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အဲသည်အချိန်တုန်းက အဲလိုတွေးခဲ့တာ သေချာတယ်ဆိုတာကိုတော့ လိပ်ပြာလုံတဲ့ သစ္စာတရားမျိုးပေါ့၊ အထူးသဖြင့် ကျနော့်ရဲ့ ရသစာတွေမှာ အဲသည်သစ္စာတရားကို အများဆုံးတွေ့နိုင်မယ်လို့ထင်တယ်
.
. . . တကယ်ရေးချင်တဲ့ အကြောင်းအရာက သပ်သပ်ပါ အခုက စိတ်ဖြေရာတစ်ခုအနေနဲ့ ဒီအကြောင်းတွေ ပြောပြမိတာပါ။ ဘယ်လောက်ပဲ လွတ်လပ်တဲ့ လောကကြီးဖြစ်ပါစေ ကိုယ်သိတာတေွ ကိုယ်မြင်တာတွေ ကိုယ်တွေးတာတွေ အကုန်လုံးကိုတော့ လူတွေကို လျှောက်ပြောနေဖို့ မသင့်ဘူးဆိုတဲ့ စောင့်စည်းရတာတွေ ရှိတယ်မို့လား၊ တစ်ချို့စောင့်စည်းမှုတွေကို ကာလအပိုင်းအခြားတစ်ခုရောက်တဲ့အခါ ထုတ်ပြောပြဖြစ်မယ်ထင်တယ်၊ တစ်ချို့စောင့်စည်းမှုတွေကိုတော့ သေတဲ့အထိတောင် ပြောခွင့်ကြုံပါတော့မလား မသိနိုင်ပါဘူးလေ
.

ဗိုလ်ကောင်း

၉ ဇူလိုင် ၂၀၂၃

Saturday, 8 July 2023

မှတ်စုချုပ်

. . . သိပ်မကြာခင်တော့ The Trend News Journal မှာ ၃၁ ပတ် ဆက်တိုက်ပါခဲ့တဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ် ထုတ်နိုင်မယ်ထင်တယ်။ ဒီထဲမှာတော့ ကိုယ်တိုင် ဂဃနဏ သိဖို့ လိုမယ့် စာတွေကို မှတ်စုသဘောလည်းဖြစ်အောင် ဆောင်းပါးတွေရေးထားတာ၊ သိပ်တတ်လို့ရေးတာ မဟုတ်ပေမယ့် ရေးရင်းနဲ့တော့ တတ်လာမလား အတွေးနဲ့ အနည်းဆုံးတော့ မြန်မာလို ကိုယ်တိုင်ရေးထားတဲ့ ခိုင်မာတဲ့ မှတ်စုလေးတွေ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့၊ ကိုယ်တိုင်ရေးတယ်ဆိုပေမယ့် တွဲပြီးရေးပေးတဲ့သူတွေလည်းပါတယ်၊ တခြားသူရေးထားတာကို ကိုယ်က စာပြန်ချောပေးတာလောက်နဲ့ ကိုယ်က Co-author နာမည်ခံလိုက်တာလည်း ရှိပါတယ်၊ အမှန်က Co-author ဆိုတာထက် Editor ဆိုရင်တော့ ပိုမှန်ပါတယ်။
.
. . . ဆောင်းပါးလို့ နာမည်တပ်ထားတဲ့ ဒီမှတ်စုတွေထဲမှာ တရုတ်ကွန်မြူနစ်ပါတီ ပြီးခဲ့တဲ့ပါတီညီလာခံကြီးနဲ့ပတ်သက်တဲ့ မှတ်စုတစ်ခု၊ ဒီခေါင်းစဉ်ကတော့ ကိုယ့်ဘာသာစီကာစဉ်ကာ ရေးသားတာ ဆိုပေမယ့် ဒီအကြောင်းလေ့လာပြီး ရေးထားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ မှတ်စုကို အများကြီး ကိုးကားထားပြီး သူ့နဲ့ Co-author အနေနဲ့ရေးတာ
.
. . . ကိုယ့် ညီငယ်ညီမငယ်တွေကို လက်တွဲခေါ်ပြီး ကိုယ်က ဦးဆောင်ရေးခဲ့တဲ့ ခေါင်းစဉ်တွေက Thycucydidas Trap လို့ခေါ်တဲ့ စစ်နွံထောက်ချောက်၊ Multipolar World Order လို့ လူပြောများနေကြတာပေမယ့် Multiplex World Order ဆိုတဲ့ ကဏ္ဍစုံကမ္ဘာဆိုတဲ့ အယူအဆတစ်ခုလည်း ခိုင်ခိုင်မာမာ ရှိနေသေးတဲ့အကြောင်း၊ အခုနှစ်ပိုင်း ပိုပြီးခြေစွာလာတဲ့ Global South ကမ္ဘာ့တောင်ခြမ်းနိုင်ငံများလို့ သညာပြုထားကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအစုအဖွဲ့၊ အရင်တုန်းက ပြောနေကြတဲ့ Soft Powe, Hard Power ကနေ အခု တရုတ်ကြီးကို သိက္ခာချဖို့သက်သက်သဘော ထွင်ထားတယ်ထင်ရတဲ့ Sharp Power ဆိုတဲ့သဘောသဘာဝ၊ Sovereignty ဆိုတဲ့ အချုပ်အခြာအာဏာ အယူဓလေ့တွေ ပြောင်းလဲလာတဲ့ ရေစီး၊ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ငွေကြေးရေစီးတွေ ပြောင်းလဲလာတဲ့အကြောင်း စတာတွေပေါ့။
.
. . . ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အစအဆုံး လေ့လာရေးထားတာကို ကိုယ်က နှမ်းဖြူးပေးပြီး Co-author နာမည်ခံခဲ့တဲ့ အပုဒ်တွေက အိန္ဒိယယရဲ့ အိန္ဒိယသမုဒ္ဒရာဆိုင်ရာ SAGAR Doctrine, အာဖရိကမှာ ခြေရှုပ်နေကြတဲ့ အင်အားကြီးနိုင်ငံတွေအကြောင်း၊ အမေရိကန်နဲ့ အိန္ဒိယတို့ အားပြိုင်မှုတွေကြားက အရှေ့တောင်အာရှ စသည်ဖြင့်ပေါ့လေ
.
. . . စာအုပ်ထုတ်ဖြစ်လို့ ထွက်လာရင် ပြောပါ့မယ်၊ စာအုပ်ရောင်းတာတော့ မလုပ်ပါဘူး၊ ရောင်းမယ့်သူက သပ်သပ်ရှိတယ် :P
.

ဗိုလ်ကောင်း
၈ ဇူလိုင် ၂၀၂၃

Thursday, 6 July 2023

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကို လိုအပ်နေဆဲလား

. . . ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ခုခေတ်အခါမှာ ဘာကြောင့် ဆက်လက်လိုအပ်နေသေးဆိုတာကို ဆွေးနွေးထားတဲ့ ဆောင်းပါးတစ်ပုဒ် Foreign Affiars ရဲ့ ဇူလိုင်-ဩဂုတ်လထုတ်မှာ ပါလာတယ်။ ရေးတဲ့သူက အရင်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၁၁-၂၀၁၅ တာဝန်ယူခဲ့ဖူးတဲ့သူဖြစ်ပြီး အခုလက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က Director General တာဝန်ထမ်းဆောင်နေတဲ့သူ၊ Ngozi Okonjo-Iweala ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးက မရှိမဖြစ် လိုအပ်နေသေးတဲ့အကြောင်းကို အဓိကဇောင်းပေးပြီး ရှင်းပြထားတာ
.
. . . ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း နိုင်ငံတကာစီးပွားရေးအထိုင်ချဖို့ ကြိုးစားကြတဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့အပြင် နောက်ပိုင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုတာပါ ပေါ်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ရာမှာ အခုအချိန်အထိ ၇၅ နှစ်တာကာလအတွင်း တိုးတက်မှုတွေ အများကြီးရခဲ့တယ်လို့ ဆောင်းပါးအဖွင့်မှာ ပြောထားပါတယ်။ ဒီလိုတိုးတက်မှုတွေကြောင့် ဆင်းရဲမွဲတွေမှုတွေကိုလည်း အတိုင်းအတာကြီးကြီးမားမား လျှော့ချနိုင်ခဲ့တာ၊ ကုန်သွယ်ရေးတွေတိုးလာခဲ့တာ နဲ့ တစ်ဦးချင်းဝင်ငွေတွေ တိုးလာခဲ့တဲ့အကြောင်း ကိန်းဂဏန်းတွေနဲ့ ပြောထားပါတယ်။
.
. . . ဒီလိုတိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် သိပ်မကြာခင်နှစ်တွေအတွင်းက ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြုံရတာ၊ ကိုဗစ်ကပ်ဘေးဖြစ်တာ နဲ့ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွေကြောင့် အရင်တုန်းက ယုံကြည်ခဲ့တာတွေကို စွန့်ပယ်လိုက်ရတော့မှာလားလို့ သံသယတွေတိုးပွားလာခဲ့တဲ့အကြောင်း၊ လက်ရှိ အမြင်သစ်တွေအရဆို အစဉ်အလာ လက်ခံလာခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားတွေက နိုင်ငံတွေကို အင်အားသန်စွမ်းလာဖို့ နေနေသာသာ ပိုပြီးအန္တရာယ်ရှိတဲ့ အနေအထားကို တွန်းပို့နေသလို ဖြစ်နေကြောင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန်မှီခိုနေရမှု သဘောတရားထက် မိမိဘာသာလွတ်လပ်စွာရှင်သန်ရပ်တည်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေထက် ကိုယ့်နိုင်ငံနဲ့ပလဲပနံသင့်တဲ့ နိုင်ငံ လက်တစ်ဆုပ်စာလောက်နဲ့ပဲ စခန်းသွားကြမလားဆိုတာ တွေးလာကြတဲ့အကြောင်း ရေးထားပါတယ်။
.
. . . စာရေးသူကတော့ ဒီအတွေးတွေကို လက်မခံပါဘူး။ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာရယ်၊ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်လို ရှုပ်ထွေးပွေလီနေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မှန်ပေမယ့် ရာသီဥတုပြောင်းလဲမှု၊ တန်းတူညီမျှမှု မရှိခြင်းနဲ့ ကပ်ဘေးတွေ ကို တိုက်ဖျက်ပစ်ဖို့ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေက အရင်ကထက်တောင် ပိုပြီး လိုအပ်နေသေးတာကြောင့်လို့ ဆိုပါတယ်။ သူ့စကားလုံးအရဆို ကမ္ဘာကြီးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို နောက်ပြန်ဆုတ်တဲ့ De-Globalization လုပ်ရမှာမဟုတ်ဘဲ ပြန်လည်သုံးသပ်ပြုပြင်မွမ်းမံပြင်ဆင်တဲ့ Re-Globalization လုပ်ရမှာဖြစ်တယ်လို့ ဆိုတာပါ။ လက်ရှိအားနည်းချက်တွေလို့ မြင်နေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို တစ်နည်းတစ်ဖုံပြန်လည်ပြင်ဆင်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရအုံးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
.
. . . ပြောရမယ်ဆိုလို့ရှိရင် De-Globalization သဘောတရားဆိုတာ ကိုဗစ်ကပ်ဘေးမတိုင်ခင်ကတည်းက De-Coupling လို့ခေါ်တဲ့ ကမ္ဘာကြီးနှစ်ခြမ်းကွဲတဲ့ အခြေအနေနဲ့အတူ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ မဟာဗျူဟာမြောက်အရေးပါတယ်ဆိုတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို တင်ပို့တင်သွင်းမှုတွေ ကန့်သတ်ကြရင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ Tit for tat ဝါဒတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြရင်းက ကိုဗစ်ကပ်ဘေး နဲ့ ယူကရိန်းစစ်ရေးပဋိပက္ခတွေက အဲသည်အကွဲအပြဲကို လောင်စာထည့်လိုက်သလိုဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
.
. . . အပြင်ပန်းအမြင်မှာတော့ ဆိုခဲ့ပါအတိုင်းဖြစ်နေပေမယ့် ကမ္ဘာ့ကုန်သွယ်ရေး ကိန်းဂဏန်းတွေအရတော့ ၂၀၂၂ ဟာ စံချိန်တင်ကုန်သွယ်ရေးနှစ်ဖြစ်ခဲ့ပါသတဲ့။ အမေရိကန်ရဲ့ ကုန်သွယ်မှုတန်ဖိုးဟာလည်း ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်းများတဲ့ ၆၉၁ ဘီလီယံဖိုးအထိ ရောက်ခဲ့ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကုန်သွယ်ရောင်းဝယ်ကြတဲ့ ထောက်ပံ့ရေးကွင်းဆက်ဟာလည်း အရင့်အရင်တုန်းကလိုပဲ မပြောင်းမလဲ ရှိနေသေးတာကို ပြသနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက စီးပွားရေးသမားတွေအနေနဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေ အရည်အသွေးတွေကိုသာ ထည့်သွင်းစဉ်းစားရောင်းဝယ်ခွင့် ရခဲ့ပြီး နိုင်ငံရေးဆိုင်ရာသဘောတရားတွေကို သိပ်ထည့်တွက်စရာ မလိုခဲ့ဘူးဆိုတဲ့ သဘောပါပဲ။
.
. . . ကိုဗစ်ကပ်ဘေးကြီးအတွင်းမှာလည်း ၂၀၂၀ ပြည့်နှစ်မှာ ကုန်သွယ်မှုပမာဏ ရှစ်ရာခိုင်နှုန်း လျော့ကျခဲ့ပေမယ့် ဆေးနဲ့ ဆေးပစ္စည်းတွေ ကုန်သွယ်မှုတန်ဖိုးကတော့ ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ နာခေါင်းစည်းအထည်တွေ ရောင်းဝယ်မှုက ငါးဆ တိုးလာခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးတွေလည်း အကြိမ်ရေဘီလီယံနဲ့ချီ ထုတ်လုပ်ရောင်းချနိုင်ခဲ့တာကြောင့်မို့လို့ ကမ္ဘာ့ကုန်သွယ်ရေးဆိုတာကြီးသာ မရှိခဲ့ရင် ကိုဗစ်ကနေ ပြန်ပြီးအခုလောက်မြန်မြန် နာလံထူနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
.
. . . အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရတဲ့သဘောသဘာဝရှိတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းသဘောတရားကို နောက်ပြန်ဆုတ်ပြီး ကိုယ့်နိုင်ငံကိုယ်ပဲအားကိုး၊ ကိုယ်နဲ့ မိတ်ဘက်လက်တစ်ဆုပ်စာကိုပဲ အားကိုးတဲ့ De-Globalization လမ်းကြောင်းကိုသွားမလား၊ ဒါမှမဟုတ် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်မွမ်းမံဖြည့်စွက်ပြီး Re-Globalization သဘောတရားနဲ့ ဆက်သွားမလားဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ ကမ္ဘာ့ဘဏ်ပညာရှင်တွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်မှီခိုရမှု သဘောတရားကို အလွန်အကျွံမဖြစ်စေဘဲ ကျင့်သုံးမယ်ဆိုရင် ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်တဲ့အပြင် အရင်တုန်းက ကမ္ဘာ့ထုတ်လုပ်ရေးကွင်းဆက် အပြင်ဘက်ရောက်နေတဲ့ နိုင်ငံတွေကိုပါ ထုတ်လုပ်ရေးကွင်းဆက်ထဲ ရောက်လာအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့
.
. . . ဒီနေရာမှာ ရှင်းပြထားတဲ့ သဘောတရားတစ်ခုကတော့ Re-Shoring နဲ့ Near-Shoring ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပါတယ်။ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ရလဒ်အဖြစ် အမေရိကန်က တရုတ်မှာ ထားရှိတဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်နိုင်ငံထဲ ပြန်လာအောင် လုပ်ဆောင်ခဲ့တာတွေကို ပြောတာပါ။ တချို့ကိစ္စတွေမှာ ဒီလိုလုပ်ဆောင်ချက်တွေကို မလွှဲမရှောင်သာ ကြုံရပေမယ့် အချို့ကဏ္ဍတွေမှာတော့ ဒီလိုလုပ်တာကြောင့် ကုန်ကျစရိတ်တွေ မတန်တဆ တက်လာစေပါတယ်တဲ့။ တကယ်လို့သာ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင် ရေရှည်မှာ အရည်အသွေးနဲ့ နည်းပညာအခြေပြု ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝင်ငွေနိမ့်နိုင်ငံတွေမှာ ဝင်ငွေလျော့ကျတာ၊ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ ထိခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
.
. . . ကုန်ထုတ်လုပ်ငန်းတွေ နေရာပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး မိတ်ဖက်နိုင်ငံတွေဆီပြောင်းရွှေ့မယ်ဆိုလို့ရှိရင်လည်း မေးစရာရှိတာက မိတ်ဖက်နိုင်ငံဆိုတာဘာလဲ၊ ကုန်စည်ထုတ်လုပ်တင်ပို့ရောင်းချရေးနဲ့ ပတ်သက်လာရင် မိတ်ဖက်ဆိုတာ ရှိရောရှိရဲ့လားလို့ မေးစရာဖြစ်လာပါတယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်ရင် အဖေအရင်းတောင် ဓားနဲ့လိုက်တယ်လို့ ဆိုရလောက်အောင် နိုင်ငံတွေက ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြလွန်းလို့ ကုန်သွယ်ရေးမှာ မိတ်ဖက်မရှိ ပြိုင်ဘက်သာရှိ၏လို့ ဆိုရမလိုတောင်ပါပဲ
.
. . . ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး နဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စအဆက်အစပ်ကို ပြောရမယ်ဆိုရင် ကုန်သွယ်ရေးဆိုတာ ရထားတတန်၊ ကားတတန်၊ သင်္ဘောတတန်၊ လေယာဉ်တတန်နဲ့ တစ်နေရာကနေတစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံ ရွှေ့ပြောင်းသယ်ယူကုန်စည်ကူးသန်းရောင်းဝယ်ရတဲ့ကိစ္စမို့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု များပြားတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တာနဲ့အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာနဲ့ကျတော့ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ဆိုရမယ့်ကိစ္စပါ။ ဒါပေမယ့်
.
. . . ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကဏ္ဍမပါဘဲနဲ့တော့ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးကို လုပ်ဆောင်နိုင်ဖို့ လမ်းမမြင်ပါဘူး။ ကာဗွန်ကင်းစင်ရေးနည်းလမ်းတွေနဲ့ နည်းပညာတွေ ကုန်စည်တွေ တင်ပို့တင်သွင်းနိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်းက ကမ္ဘာ့ကုန်သွယ်ရေးသာဖြစ်တာမို့ ဒီနည်းပညာတွေ အပြိုင်အဆိုင် တိုးတက်ကြံဆထုတ်လုပ်တင်ပို့ကြတာတွေကသာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာဖြစ်တာမို့ ကုန်သွယ်ရေးကို ပစ်ပယ်လို့ မဖြစ်သေးပါဘူးတဲ့
.
. . . ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိစ္စတွေမှာ ကုန်သွယ်ရေးရဲ့ အဓိကအနှစ်သာရ သဘောတရားတစ်ခုဖြစ်တဲ့ အခွင့်အလမ်းစရိတ် (Opportunity Cost) နဲ့ နှိုင်းရအားသာချက် ( Comparative Advantage) ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ စရိတ်စက အသက်သာဆုံး၊ အကျိုးအမြတ်အများဆုံးကိစ္စတွေကို လုပ်ဆောင်တဲ့အခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှိရင်းစွဲ ပေးထားချက်တွေကို ထည့်သွင်းတွက်ဖို့ မဖြစ်မနေကို လိုအပ်လာပါတယ်။
.
. . . ဒါနဲ့ပတ်သက်ပြီး အားနည်းချက်က ဘာလဲဆိုရင် နိုင်ငံတစ်နိုင်ငံချင်းစီက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ မူဝါဒတွေကို သီးခြားစီ ချမှတ်ကြတဲ့အခါမှာ မူဝဒါတွေ အချင်းချင်း ထိပ်တိုက်တွေ့ကြပြီး နိုင်ငံတိုင်းက ကုန်သွယ်ရေးအတားအဆီးတွေ ပိုပြီး ချမှတ်လာကြရင် အထက်မှာတင်ပြခဲ့တဲ့ အခွင့်အလမ်းစရိတ်တွေတက်ကုန်တာ၊ နှိုင်းရအားသာချက်တွေ နည်းသွားတာတွေကြောင့် ရင်းနှီးမြှပ်နှံမှုအပိုင်းကိုပါ ထိခိုက်လာနိုင်တာကြောင့်မို့လို့ ဒီလိုတွေမဖြစ်အောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့လို နေရာမျိုးကနေ မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းတာတွေ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။
.
. . . နောက်တစ်ချက်ပြောတာက သမိုင်းတစ်လျှောက် ကမ္ဘာ့ကုန်သွယ်ရေးက ဆင်းရဲမွဲတေမှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့တယ်ဆိုပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ ယူကရိန်းစစ်ရေးပဋိပက္ခတို့က ကမ္ဘာ့ပြည်သူ သန်းကိုးဆယ်ကို အလွန်အမင်း ဆင်းရဲမွဲတွေမှုဆိုတဲ့ နွံအတွင်း သက်ဆင်းစေခဲ့တဲ့အပြင် ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေ စောစောထိုး၊ ပိုက်ဆံတွေသုံးပြီး စီးပွားရေးနှိုးဆွမှု အစီအစဉ်တွေလုပ် နဲ့ လုပ်နိုင်ကြတာကြောင့် ဆင်းရဲ့ချမ်းသာကွာဟချက်ကလည်း ပြန်ပြီး ကြီးသွားတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို သုံးပြီးတော့ပဲ ဆင်းရဲတဲ့နိုင်ငံတွေကို ပြန်ပြီးချမ်းသာလာအောင် လုပ်နိုင်မယ်လို့ ဆိုပါတယ်။
.
. . . ကုန်သွယ်ရေးနဲ့ ပြန်ပြီးကြီးပွားကြအောင် လုပ်မယ်ဆိုပေမယ့် အရင့်အရင်တုန်းက ကုန်သွယ်ရေးကြောင့် ချမ်းသာလာတဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်အောင်လုပ်နိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ လမ်းစဉ်တွေအတိုင်း လိုက်ဖို့တော့ သိပ်ပြီး အလားအလာမရှိလှပါဘူး။ အခုခေတ်မှာ လုပ်ငန်းတော်တော်များများကို လူအစား စက်နဲ့ အစားထိုးလုပ်နိုင်ကြတာကြောင့် ကုန်စည်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုကဏ္ဍမှာ ပိုပြီးတိုးတက်အောင်လုပ်ဆောင်ကြဖို့ အကြံပေးထားပါတယ်။ ဝန်ဆောင်မှုဆိုရာမှာ ဒီဂျစ်တယ်လုပ်ငန်းတွေ၊ အွန်လိုင်းပေါ်က ဆက်စပ်လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေလည်း ပါတာကြောင့် ဒီအပိုင်းမှာ ပိုပြီးလုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုတာဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီဂျစ်တယ် ကုန်သွယ်ရေးနဲ့ပတ်သက်ရင်လည်း ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေသေးတာကြောင့် တချို့ကလည်း ရရှိပြီး၊ တစ်ချို့နိုင်ငံတွေကလည်း ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
.
. . . ကုန်သွယ်ရေးက ကောင်းတယ်လို့ တစ်လျှောက်လုံး ပြောလာခဲ့ပေမယ့် အဖွင့်မှာ တင်ပြခဲ့သလိုပဲ ကုန်သွယ်ရေးကို လက်နက်သဖွယ်သုံးနေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကိုယ့်နိုင်ငံအတွက် လိုအပ်တဲ့ ကုန်ထုတ်လုပ်ရေးကွင်းဆက်က သွင်းအားစုတွေ ကို တစ်နေရာတည်းက ပုံအော အားကိုးတာထက်စာရင် နေရာများနိုင်သမျှ များများက ရယူနိုင်ဖို့လိုတယ်လို့ အကြံပြုထားပါတယ်။
.
. . . နိဂုံးချုပ်အနေနဲ့ ပြောထားတာက နိုင်ငံတကာကုန်သွယ်ရေးဆိုတာ ကမ္ဘာ့လုံခြုံရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တဲ့ မှော်ဓာတ်လုံး မဟုတ်သလို လက်ရှိလုံခြုံရေးဆိုင်ရာ အခင်းအကျင်းရဲ့ ပျော့ကွက်အားနည်းချက်တစ်ခုလည်း မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးက ဆိုးကျိုးတွေရှိလို့ဆိုပြီး ပိတ်ပင်လိုက်မယ်ဆိုရင် ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေပဲ ရလာနိုင်စရာရှိပါတယ်။ နိုင်ငံတွေအနေနဲ့ တစ်နိုင်နဲ့တစ်နိုင်ငံ အကျိုးစီးပွားဆက်စပ်နေလို့သာ လက်တွဲပူးပေါင်းဆောင်ရွက်ရင်း နိုင်ငံအတွင်းပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။
.
. . . အကြံပြုချက်အနေနဲ့ကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့လို နိုင်ငံတကာကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ကြိုးကိုင်စီမံနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းရာမှာ ပိုပြီးတည်ငြိမ်တဲ့၊ ပိုပြီး ကြိုတင်တွက်ဆရလွယ်ကူတဲ့၊ ပိုပြီးပွင့်လင်းမြင်သာရှိတဲ့ အခြေအနေတွေဖြစ်အောင် စုပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။
.
. . . ခြုံငုံပြီးပြောရရင် ဒီဆောင်းပါးမှာ တင်ပြထားတာက ကမ္ဘာ့ကုန်သွယ်ရေးကြောင့် ကမ္ဘာကြီးက အရင်ကထက် ပိုပြီးချမ်းသာကြွယ်ဝလာတယ်၊ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့်တော့ ကမ္ဘာ့ကုန်သွယ်ရေးကို စွန့်ပစ်လိုက်စရာမလိုဘူး၊ အဲသည်အစား ပြန်လည်သုံးသပ်ပြင်ဆင်ကျင့်သုံးရမယ်၊ စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းပြန်လည်ရေးဆွဲကြ၊ လိုက်လည်းလိုက်နာကြပေါ့
.
ဗိုလ်ကောင်း

၆ ဇူလိုင် ၂၀၂၃

Tuesday, 25 April 2023

တရုတ်ရဲ့ မဟာဗျူဟာမြောက်နည်းပညာ ၃ ရပ်




တရုတ်ရဲ့ မဟာဗျူဟာမြောက် နည်းပညာကြီး သုံးရပ် (၁)
.
. . . တရုတ်ဟာ နည်းပညာအရာမှာ အမေရိကန်ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နည်းပညာနယ်ပယ်ကြီးသုံးရပ်ကို မဟာဗျူဟာမြောက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒီနည်းပညာ နယ်ပယ်ကြီး သုံးရပ်ကတော့ အာကာသဆိုင်ရာနည်းပညာနယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာနယ်ပယ် နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တို့ ဖြစ်ပါသတဲ့၊ ဒီနည်းပညာနယ်ပယ်သုံးခုမှာ တရုတ်က ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ
.
. . . တရုတ်ဟာ မကြာသေးမီကပဲ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာဗဟိုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အာဏာစက်ပြင်းလှတဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာကတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ကွန်မြူနစ်ပါတီကနေ တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ဖို့ ပါပဲ။ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အားပေးထောက်ခံမှုနဲ့ လုပ်ဆောင်လိုက်တဲ့ ဒီလုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ ပြိုင်ဆိုင်နေရတဲ့ နည်းပညာဆိုင်ရာပြိုင်ပွဲကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းက တိုက်ရိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။
.
. . . ဒီအပြောင်းအလဲကို နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံရဲ့ နှစ်စဉ်အစည်းအဝေးတွေနဲ့ နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) တို့က ဒီအပြောင်းအလဲကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေကနေ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့၊ လိုအပ်တဲ့ ဘဏ္ဍာငွေသုံးစွဲပိုင်ခွင့်တွေပေးဖို့တွေ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
.
. . . တရုတ်သမ္မတရှီကျင့်ဖျင်က ဒီအစည်းအဝေးတွေမှာ ပြောကြားခဲ့တာက တရုတ်နိုင်ငံရဲ့ အမျိုးသားမဟာဗျူဟာတွေကို မဟာဗျူဟာစွမ်းဆောင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကိုတက်လှမ်းနိုင်မယ်ဆိုတဲ့ ဩဝါဒစကားနဲ့ အခုလို အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံဟာ ၂၀၄၉ ခုနှစ်ရောက်တဲ့အခါ အထက်မှာ တင်ပြခဲ့တဲ့ မဟာဗျူဟာနည်းပညာကြီးသုံးရပ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီက ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ၏ ခေတ်သစ်အမျိုးသားကာကွယ်ရေး” စက္ကူဖြူစာတမ်းမှာ အင်အားကြီးနိုင်ငံအဖြစ်ရောက်ရှိရေးအတွက် အဓိကကျတဲ့ နည်းပညာရပ်တွေမှာပြိုင်ဆိုင်နိုင်ရေးကိစ္စကို အလေးပေးဖော်ပြခဲ့တဲ့အပြင် ဒီနည်းပညာရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အလွန်ကိုအရေးပါတဲ့အခြေခံအဆောက်အအုံများအဖြစ် ဖော်ပြခဲ့ပါတယ်။
.
. . . သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကလည်း သိပ္ပံနဲ့နည်းပညာတိုးတက်မှု (Comprehensive National Power – CNP) က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိစေဖို့ အရေးကြီးတယ်ဆိုတဲ့ အမြင်သဘောထားမျိုး ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံမှာ အင်အားကောင်းဖို့ လိုတယ်ဆိုတာအထဲမှာ သိပ္ပံနဲ့နည်းပညာက ရှေ့တန်းက အရေးကြီးတယ်ဆိုတာ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။
.
. . . အထက်က ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် နည်းပညာကြီးတွေတစ်ခုချင်းဆီမှာ တရုတ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကြည့်ကြရအောင်
.
အာကာသနည်းပညာ
.
. . . တရုတ်ရဲ့ အာကာသနည်းပညာနဲ့ပတ်သက်ရင် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက အစီအစဉ်တွေနဲ့တင် လုံလောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၃၆ ခုနှစ်မှာ လကမ္ဘာမှာ အမြဲတမ်းအခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ်မှာ ဂစ်ဂါဝပ်ပမာဏ ထုတ်လုပ်နိုင်မယ့် အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်ထုတ်စီမံကိန်း၊ ၂၀၃၃ နဲ့ ၂၀၄၉ ကြားမှာ အင်္ဂါဂြိုဟ်ကို လူအရောက်စေလွှတ်နိုင်ရေး နဲ့ ၂၀၂၅ ခုနှစ် ကြယ်ကြွေမှုများလေ့လာရေး (အာကာသအတွင်းလွင့်မျောအပိုင်းအစများ လေ့လာရေး) တို့ ဖြစ်ပါတယ်။
.
. . . အာကာသအတွင်း တရုတ်ရဲ့ စွမ်းဆောင်ရည်တွေ ကြည့်မယ်ဆိုရင် ဂြိုဟ်ပတ်လမ်းနိမ့် နိုင်ငံပိုင်အာကာသစခန်း Tiangong ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကပဲ အဲသည် အာကာသစခန်းမှာ အောက်ဆီဂျင်ကို ရာနှုန်းပြည့် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စမ်းသပ်ပြီးဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။ ဒါ့အပြင် အာကာသစခန်းမှာ အသုံးပြုနေတဲ့ ရေ ရဲ့ ၉၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ အာကာသလွန်းပျံယာဉ်အနေနဲ့ တစ်နှစ်ကို ရေပမာဏ ခြောက်တန်လောက်သာ ပေးပို့ဖို လိုအပ်တော့မှာ ဖြစ်ပါတယ်။
.
. . . ဒီလို နည်းပညာတိုးတက်မှုတွေဟာ လကမ္ဘာပေါ်မှာ တရုတ်တို့အနေနဲ့ အရင်းအမြစ်တွေဘယ်လိုဖန်တီးပြီး နေနိုင်မလဲဆိုတာအတွက် အများကြီး အထောက်အကူဖြစ်တဲ့အပြင် ၂၀၃၆ ခုနှစ် လကမ္ဘာခရီးစဉ်အပြီးမှာ လပေါ်က ဟီလီယမ်-၃ နဲ့ ရေခဲတွေ ဘယ်လိုတူးဖော်အသုံးပြုနိုင်မလဲဆိုတာအတွက်ပါ အရေးပါလှပါတယ်။
.
. . . တရုတ်ရဲ့ အာကာသဆိုင်ရာ နောက်ထပ်နည်းပညာတစ်ခုကို ပြောရမယ်ဆိုရင် ဂြိုဟ်တု ၃၅ လုံးနဲ့ အလုပ်လုပ်နေတဲ့ BeiDou တည်နေရာရှာဖွေရေးစနစ်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု ၂၅၀ နီးပါး ရဲ့ ကင်းထောက်ရေးနဲ့ ပစ်မှတ်ရှာဖွေညွှန်ပြရေးစွမ်းဆောင်ရည်တွေနဲ့ အာကာသအတွင်းက ဂြိုဟ်တုတွေကို ပစ်ချဖျက်ဆီးနိုင်တဲ့ စွမ်းဆောင်ရည်တွေပါ ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အာကာသအစီအစဉ်များဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားချက်အရ ‘ကမ္ဘာမြေကာကွယ်ရေး’ က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြေကမ္ဘာကာကွယ်ရေးမှာ အာကာသအတွင်း လွင့်မျောပျံသန်းနေတဲ့ ဲ့ ဥက္ကာခဲများ ပျံသန်းနေခြင်းကို ခြေရာခံပြီး လမ်းကြောင်းပြောင်းဖို့လည်း ပါဝင်ပါတယ်။ တရုတ်တို့ရဲ့ အစီအစဉ်တစ်ခုမှာဆိုရင် 2019VL5 လို့အမည်ပေးထားတဲ့ အချင်း ၁၀၈ ပေလောက်ကြီးပြီး နေကို ၃၆၅ ရက်မှာ တစ်ကြိမ် ပတ်နေတဲ့ ဥက္ကာခဲကြီးကို အာကာသယာဉ် နှစ်စင်းစေလွှတ်ပြီး တစ်စင်းက ဥက္ကာခဲ့ကြီးကို လေ့လာကာ တစ်စင်းက ဥက္ကာခဲကြီးကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းဖို့ စီစဉ်ထားပါတယ်။ တရုတ်ရဲ့ အာကာသယာဉ်က ဥက္ကာခဲကြီးကို ဝင်တိုက်လိုက်တဲ့အခါ ဥက္ကာခဲကြီးရဲ့ လမ်းကြောင်းဟာ တစ်လက်မ ကနေ နှစ်လက်မလောက်အထိ ပြောင်းသွားမှာဖြစ်ပြီး သုံးလအကြာမှာတော့ မိုင်ပေါင်း ၆၂၀ လောက် လမ်းကြောင်းပြောင်းသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာနဲ့ဆို အာကာသထဲက ဂြိုဟ်တုတွေကိုပါ လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။
.
. . . တရုတ်တို့အနေနဲ့ အာကာသထဲကို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့ Chogquing ဒေသမှာ ရေဒါ ၂၅ လုံးပါတဲ့ China Fuyan လို့ နာမည်ပေးထားတဲ့ လေ့လာရေးဌာကြီးတစ်ခု တည်ဆောက်ပြီး အကွာအဝေး ကီလိုမီတာ ဆယ်သန်းအကွာက ဥက္ကာခဲတွေကိုပါ လေ့လာဖို့လည်း ပြင်ဆင်နေပါတယ်။
ဉာဏ်ရည်တုနည်းပညာ
.
. . . တရုတ်နိုင်ငံ သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးအကယ်ဒမီက ၂၀၂၁ ခုနှစ်မှာ “ယုံကြည်စိတ်ချရတဲ့ ဉာဏ်ရည်တုနည်းပညာ” အမည်ပေးထားတဲ့ စက္ကူဖြူစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး အထူးပြု ဖော်ပြခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာထဲမှာဆိုရင် လူမှုရေးဆိုင်ရာစနစ်တွေ၊ မျက်နာမှတ်မိတဲ့စနစ်တွေ၊ မောင်းသူမဲ့ယာဉ်တွေ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ယာဉ်ပျံတွေ နဲ့ လေယာဉ်တွေ၊ ရုပ်လုံးကြွပုံနှိပ်နည်းပညာတွေအပြင် အာကာသထဲမှာဆိုရင် ဉာဏ်ရည်တုနည်းပညာနဲ့ ထောက်လှမ်းရေးနည်းပညာ ပေါင်းစပ်အသုံးပြုထားပြီး ရန်သူကို ခွဲခြားသိမြင်နိုင်စွမ်းရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲက စနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်တို့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်က စီမံချက်တွေအတွက် အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံအသုံးပြုဖို့ ရည်မှန်းထားပြီး အဲသည်ပမာဏဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရှိပါသတဲ့။ ၂၀၂၆ ခုနှစ်ကို ရောက်ရင်တော့ သုံးစွဲမှုပမာဏကို ၂၆ ဘီလျံအထိ တိုးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စစ်မြေပြင်သုံးလက်နက်တွေအတွက် နည်းပညာတွေပိုမိုအစွမ်းထက်လာနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာနှစ်ရပ်ကတော့ အာကာသနည်းပညာနဲ့ ပင်လယ်ရေအောက်နည်းပညာတို့ပဲ ဖြစ်ပါတယ်။
.
. . . မကြာသေးခင်ကပဲ တရုတ်တို့ ကြေညာထားတာက သူတို့ဟာ အာကာသထဲ လွင့်မျောနေတဲ့ အပျက်အစီးအလေအလွင့်တွေနဲ့ မတိုးတိုက်မိအောင် ရှောင်နိုင်တိမ်းနိုင်တဲ့ ဂြိုဟ်တုနည်းပညာကို ရရှိထားပြီဆိုတာ ဖြစ်ပါတယ်။ အာကာသအတွင်း ဂြိုဟ်တုလမ်းကြောင်းများစီမံခန့်ခွဲရေးလို့ ဆိုနိုင်တဲ့ space traffic management ဆိုတာ အာကာသကို စီးမိုးကြည့်နိုင်လောက်တဲ့ အမြင်နဲ့ ကြည့်ရတာမျိုးလို့ ဆိုပါတယ်။
.
. . . နောက်ထပ်အာကာသဆိုင်ရာ ဉာဏ်ရည်တုနည်းပညာအသုံးချမှုတစ်ခုကတော့ အာကာသထဲမှာရှိတဲ့ တရုတ်ပိုင်လွှတ်တင်ထားမှုတွေကို တိုက်ခိုက်လာမှုကနေ ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတဲ့ နည်းပညာဆိုင်ရာ စီမံချက်တစ်ခု ဖြစ်ပါတယ်။ အဲသည်စနစ်ဟာ ဂြိုဟ်တုတွေ ကာကွယ်ရေးအပြင် အာကာသထဲမှာပဲ လောင်စာဆီပြန်လည်ဖြည့်တင်းပေးတာ၊ ပြင်ဆင်ပေးတာတွေကို လုပ်နိုင်မှာပါ။
.
. . . ၂၀၂၅ ခုနှစ်ကို ရောက်တဲ့အခါ Jilin-1 လို့ အမည်ပေးထားတဲ့ စီမံချက်ကို လုပ်ဆောင်တဲ့အခါ အမေရိကန်လက်ရှိပိုင်ဆိုင်ထားတဲ့ အာကာသအတွင်းဂြိုဟ်တုများ ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကိုပါ အလှည့်အပြောင်းဖြစ်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အဲသည် စီမံချက်မှာ ဂြိုဟ်တု ၁၃၈ လုံး ပါဝင်ပြီး အလုံး ၇၀ လွှတ်တင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မဟာဗျူဟာအထောက်အကူပြုတပ်ဖွဲ့ (PLASSF) ရဲ့ အကူအညီနဲ့ ဒီဂြိုဟ်တုတွေဟာ ဉာဏ်ရည်တုနည်းပညာသုံးပြီး မြေပြင်ပေါ်က လှုပ်ရှားနေတဲ့အရာတွေကို တိတိကျကျ ခြေရာခံ ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
.
. . . ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး နောက်ထပ် ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာကတော့ ပင်လယ်ရေအောက်သွားလူမဲ့ရေငုပ်ယာဉ်များမှာ ရန်သူကိုထောက်လှမ်းပြီး အမျိုးအစားခွဲခြားသတ်မှတ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ရေအောက် ပေ ၃၀ အနက်မှာ မောင်းနှင်နေတဲ့ လူမဲ့ရေငုပ်သင်္ဘောများဟာ ပုံစံတူပြုလုပ်ထားတဲ့ ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်ခဲ့တာကို ထိုင်ဝမ်ရေလက်ကြားမှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ထည့်သွင်းလေ့ကျင့်ခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ မြင့်တက်လာတဲ့ တင်းမာမှုများအကြား ဒီနည်းပညာကို မဟာဗျူဟာမြောက် အသုံးချလာနိုင်တာ တော်တော်ကိုအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။
.
. . . တရုတ်တို့ ရည်မှန်းထားတဲ့ “Made in China 2025” နဲ့ တီထွင်ဆန်းသစ်ရေးမဟာဗျူဟာမှာ ဆိုရင်လည်း ဉာဏ်ရည်တုနည်းပညာက အဓိကဖြစ်လာပါတယ်။ တရုတ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကမ္ဘာ့ဦးဆောင်နေရာကို ရရှိဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာတော့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်အတန်းမြင့် ပညာရပ်ဆိုင်ရာစာတမ်းများ (Peer reviewed papers) တွေကို တရုတ်နိုင်ငံက အများဆုံး ထုတ်ဝေနေပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေကို ရယူထားတယ်လို့ ဆိုပါတယ်။
.
ကွမ်တမ်ဆက်သွယ်ရေး နှင့် ကွန်ပြူတာနည်းပညာ
.
. . . ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနဲ့ ပတ်သက်ရင် တရုတ်တို့ဟာ ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Micius အမည်ရှိ ဂြိုဟ်တုကနေ ဖိုတွန်ရောင်ခြည်တန်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ထုတ်လွှင့်ပြခြင်းဖြင့် ကမ္ဘာ့ဦးဆောင်အဆင့်ရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်စောင်မှာဆိုရင်လည်း Micius ဂြိုဟ်တုကနေ ကွမ်တန်နည်းပညာသုံး စာတိုပေးပို့စနစ်ကို လုံခြုံစွာအသုံးပြုနိုင်တဲ့ နည်းလမ်းကို ဖော်ပြခဲ့ပြီး အဲသည်နည်းပညာဟာဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကြားဖြတ်ဖမ်းယူပုံဖျက်မရနိုင်တဲ့ ဆက်သွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်လာစေခဲ့ပါတယ်။ ဒီစာတမ်းကို ရေးသားခဲ့သူကတော့ တရုတ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဒုတိယဥက္ကဌလည်းဖြစ်၊ တရုတ်နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) ရဲ့ အမျိုးသားကော်မတီဝင်လည်းဖြစ်တဲ့ Pan Jianwei ဖြစ်ပါတယ်။
.
. . . ဒီစာတမ်းထဲမှာ ကွမ်တမ်နည်းပညာသုံး ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်တဲ့အဆင့်အထိ အစီအစဉ်များကို ဖော်ပြထားပြီး မြေပြင်စခန်းတွေမှာ ကွမ်တမ်ကွန်ပြူတာနည်းပညာသုံး စကားဝှက်နည်းလမ်းကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီနည်းပညာ နဲ့ပတ်သက်ပြီး အလယ်အလတ်ပတ်လမ်းမြင့် ဂြိုဟ်တုနည်းပညာ ဆက်လက်တိုးတက်ရေးအတွက် အမျိုးသားအာကာသသိပ္ပံစင်တာ နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပတ်လမ်းမြင့် နဲ့ ပတ်လမ်းနိမ့်ဂြိုဟ်တုတွေပေါင်းစပ်ကာ ကျယ်ပျံ့တဲ့ ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကွမ်တမ်နည်းပညာဆိုင်ရာ ပထမဆုံးဂြိုဟ်တုကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ဆယ့်ငါးနှစ်အကြာ ၂၀၃၈ ခုနှစ် ရောက်တဲ့အခါ ကွမ်တမ်ကွန်ပြူတာဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကို နားလည်သဘောပေါက်ဖို့ လုပ်ဆောင်နေပါတယ်။ ကွမ်တမ်ဆက်သွယ်ရေးနဲ့ကွန်ပြူတာနည်းပညာက တရုတ်တို့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ နည်းပညာအဖြစ် သတ်မှတ်ထားတာကြောင့် ဒီနည်းပညာကို ခြေခြေမြစ်မြစ် ပိုင်ဆိုင်သွားနိုင်ခြေကတော့ အလွန်ကို မြင့်မားပါတယ်။
.
. . . အာကာသနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် နည်းပညာဆိုင်ရာ ကြီးမားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်စေမှာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း မဟာဗျူဟာနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ ၂၁ ရာစုနိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဦးဆောင်နိုင်ငံဖြစ်လာဖို့ နဲ့ ဖွံ့ဖြိုးရေးမောင်းနှင်အားကို ပိုမိုစွမ်းအားတက်စေဖို့အတွက် အထောက်အကူပြုမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀ ကြိမ်မြောက်ပါတီညီလာခံမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါဟာ အရင်က ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ရဲ့ အဂ္ဂမဟာဗျူဟာ အတွေးအခေါ်ကိုဆက်ခံထားတာဖြစ်ပြီး တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံဖြစ်စေဖို့နဲ့ ၂၀၂၀ ပြည့်လွန်နှစ်များမှာ အမေရိကန်နေရာကို အစားထိုးယူနိုင်ဖို့ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအချက်ဖြစ်တယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။
.
. . . လက်ရှိ အင်အားကြီးထွားလာတဲ့တရုတ်နဲ့ အင်အားကျဆင်းနေတဲ့ အမေရိကန်တို့ဟာ တစ်ယောက်ယောက် အပြတ်အသတ် အနိုင်ရစေမယ့် ပြိုင်ပွဲ မဟုတ်ဘူးဆိုရင်တောင် ဘယ်သူက ပိုသာမလဲဆိုတာကို ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ရေရှည်မှာ နိုင်ငံတကာအခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် သက်ရောက်လာမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသ၊ ဉာဏ်ရည်တုနဲ့ ကွမ်တန်ဆက်သွယ်ရေးနည်းပညာတွေမှာ တိုးတက်လာမှုတွေဟာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးသူနေရာကို ရောက်လာမှာ ထင်ရှားစေတဲ့အချက်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။
.
ဗိုလ်ကောင်း
၂၅ ဧပြီ ၂၀၂၃


https://thediplomat.com/2023/04/china-prioritizes-3-strategic-technologies-in-its-great-power-competition/?fbclid=IwAR03ANBJECtbl7C44mKRUSBq4Vu-idtmvByJUYjfATCBA6LmxcsG6NYIRNI