Saturday, 29 January 2022

အဖေကျေနပ်နေမှာပါ



. . . မင်း ခွင့်ပြန်နေတာ မဟုတ်ဘူးလား လို့ သူငယ်ချင်းက မေးလိုက်တော့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတယ်၊ မင်းတို့တပ်ရင်းက ခွင့်တစ်ယောက်ဆိုတာ မင်းထင်လို့တဲ့၊ ငါက ဘာကိစ္စ ခွင့်ပြန်ရမှာတုန်း တို့တပ်ခွဲက ဆန်းထွန်းဝင်း သူ့အဖေဆုံးလို့ ခွင့်ပြန်တာပါဟလို့ပြန်ဖြေတော့ သူငယ်ချင်းက ဇဝေဇဝါနဲ့ ထပ်မေးတယ်၊ အိမ်က လူကြီးတွေ နေကောင်းကြရဲ့လားတဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဖေနေသိပ်မကောင်းဘူး ပြောတာပဲ အခုနောက်ဆုံးလာတဲ့ စာထဲမှာတော့ အဖေနေကောင်းသွားပြီလို့ ပြောတယ်ဆိုတော့ သူက မလျှော့သေးဘူး မင်း သေသေချာချာမေးကြည့်အုံးနော်တဲ့ ငါတို့ကြားတာက တစ်မျိုးတဲ့
.
. . . ဒီလိုနဲ့ပဲ အဖေဆုံးတဲ့အကြောင်း တစ်နယ်တည်းသားတွေကြားမှာ ဖုံးထားတဲ့ သတင်းကို မထင်မှတ်ဘဲ သိလိုက်ရတဲ့အခါ ကိုယ်ကတော့ ဘာမှ မဖြစ်ပေမယ့် အိမ်က ကျန်ခဲ့တဲ့အစ်မတွေရယ် အထူးသဖြင့် ညီမလေးရယ်ကို စိတ်ပူသွားတယ်၊ အဖေ တကယ်ဆုံးသွားတာအမှန်သာဆိုရင် ကျန်တဲ့သူတွေက လူကြီးတွေ ဖြစ်နေကြပြီမို့ ကိစ္စမရှိပေမယ့် ညီမလေးက ငယ်သေးတယ် ညီမလေး ခံနိုင်ရည် ရှိပါ့မလား၊ အဖေဆုံးသွားတဲ့အချိန်မှာ အဖေ့နေရာကိုရောက်ရမယ့် အစ်ကိုကြီးဖြစ်တဲ့ ကျနော်က ညီမလေးအနားမှာ ခဏဖြစ်ဖြစ်တော့ ရှိနေပေးရရင်ကောင်းမှာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ပြန်ချင်စိတ်ပေါက်သွားတယ်
.
. . . အချိန်ကလည်း စာမေးပွဲတွေနီးနေပြီး စာမေးပွဲ ပြီးတာနဲ့ လေ့လာရေးခရီးထွက်ရမှာ၊ အခုချက်ချင်း သတင်းပို့ပြီး ပြန်ဖို့တော့ စိတ်ကူးမရှိပေမယ့် လေ့လာရေးခရီးကာလမှာ ခရီးကို မလိုက်ဘဲ အိမ်ပြန်ရရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ တစ်နယ်တည်းသား နည်းပြဆရာ ဗိုလ်ကြီးကြည်စိုးကို အကျိုးအကြောင်းပြောပြတိုင်ပင်တော့ သူက သဘောမတူဘူး၊ သေတဲ့သူကလည်း သေပြီ အသုဘလည်း ချပြီးသွားပြီ မင်းပြန်နေလည်း မထူးပါဘူးကွာ ပြန်မနေပါနဲ့ ဆိုတာနဲ့ပဲ နွေရာသီကျောင်းပိတ်ရက်ကျမှ အိမ်ပြန်ရောက်တော့တယ်
.
. . . ကိုယ် ကျောင်းကိုထွက်သွားတုန်းက အဖေက အိမ်နောက်ဘက်က သစ်ပင်တွေကြားထဲမှာ အလုပ်တွေရှုပ်ပြီး ကျန်ခဲ့တာမို့ အိမ်ရောက်ရောက်ချင်း အဖေ့ကိုများ တွေ့လိုတွေ့ငြား အိမ်နောက်ဘက် အပင်တွေကြား သွားရှာကြည့်မိသေးတယ်၊ နောင်နှစ်တေွ တော်တော်ကြာတဲ့အထိ အိမ်ရောက်တိုင်း အပင်တွေကြားထဲ အဖေ့ကို သွားသွားရှာကြည့်နေမိတုန်း
.
. . . ဘာရယ် မဟုတ်ပါဘူး၊ ကိုယ်ချစ်ရတဲ့ ညီငယ်လေးက သူ့အဖေဆုံးသွားတာနဲ့ ဆက်စပ်ပြီး အတွေးထဲ အဖေ့ကို သတိရသွားလို့၊ ကိုယ့်ညီငယ်လေးက ကံကောင်းပါတယ်၊ အဖေကို အနီးကပ်ပြုစုရတယ်၊ စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ်၊ နောက်ဆုံးအချိန်ထိ တာဝန်ကျေခွင့်ရလိုက်တဲ့ သားလိမ္မာလေးမို့ အခုလတ်တလောတော့ အတူတူနေတဲ့ အဖေ ရုတ်တရက်ကြီးဆိုသလို ဘဝထဲက ထွက်သွားတဲ့အခါ လွမ်းကျန်ရစ်မှာဖြစ်ပေမယ့် အဖေနဲ့ နောက်ဆုံးအချိန်ထိ တာဝန်ကျေကျေ စိတ်ချမ်းချမ်းသာသာ နေနိုင်ခဲ့တာကိုတော့ ဘယ်တော့ပဲ ပြန်တွေးတွေး သူလည်း စိတ်ကျေနပ်မှာဖြစ်သလို သွားလေသူအဖေကလည်း ကျေနပ်သာဓုခေါ်နေမှာပါလေ
.
၂၉ ဇန်နဝါရီ ၂၀၂၂

Friday, 28 January 2022

ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဘာပြောလဲ


.
. . . ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအခြေအနေ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်၊ ဒါနဲ့ပတ်သက်ပြီး သတင်းဌာနပေါင်းစုံက သတင်းတွေရေးကြပါတယ်၊ သုံးသပ်ချက်တွေလည်း ပေါင်းစုံပါပဲ၊ အများစုကတော့ မြန်မာ့စီးပွားရေးက အခြေအနေဆိုးနေပြီဆိုတာမျိုးကို ဇောင်းပေးပြီး ရေးကြတာ များပါတယ်၊
.
. . . ဆိုတော့ကာ သတင်းဌာနတွေက ရေးကြသလို ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးအခြေအနေ ဆိုးနေပြီလို့ ဆိုထားသလား၊ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေနဲ့ အပြင်လူ နားလည်ဖို့ ခက်နိုင်တဲ့ သဘောတရားတွေ ချန်လှန်ပြီး တစ်ခုတည်းနဲ့ပဲ ရှင်းပြချင်ပါတယ်၊ နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာရာမှာ GDP လို့ခေါ်တဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် Gross Domestic Product ဆိုတာ သိသာထင်ရှားပြီး တော်ရုံနဲ့ နားလည်နိုင်တဲ့ အသုံးအများဆုံး တိုင်းတာရေး အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်၊ ကောင်းပါပြီ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ဖော်ပြတဲ့ GDP အခြေအနေကို ကြည့်လိုက်ကြရအောင်
.
. . . ကြည့်မယ်ဆိုရင် တစ်နှစ်တည်းတော့ ကြည့်လို့မရဘူး၊ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးအခြေအနေ အစီရင်ခံစာကို တစ်နှစ် နှစ်ကြိမ်နှုန်းလောက် ထုတ်ပြန်တာဆိုတော့ အတိတ်ကိုပြန်သွားလိုက်ရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း ၂၀၂၀ ဒီဇင်ဘာလက တစ်ကြိမ်၊ အစိုးရအပြောင်းအလဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက တစ်ကြိမ်၊ အခု ၂၀၂၂ ဇန်နဝါရီလ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ရဲ့ GDP ပမာဏကို နှိုင်းယှဉ်ပြပါ့မယ်
.
. . . နားလည်လွယ်အောင် ပြောပြတာဖြစ်လို့ သက်ဆိုင်ရာ အညွှန်းတေွ စာမျက်နှာတွေ ဇယားကားချပ်တွေကို အောက်မှာ သီးခြားပြန်ညွှန်းပေးပါမယ်၊
.
[link to this post
https://www.facebook.com/100051056803517/posts/459186495793240/?d=n]
.
. . . အခု လက်ရှိ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်မှာ ယခင်ဘဏ္ဍာနှစ်သတ်မှတ်ချက်အရ ဘဏ္ဍာနှစ်ကုန်လဖြစ်တဲ့ စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက တစ်ရာခိုင်နှုန်း (၁ %) တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ရာခိုင်နှုန်းဆိုတာ သူ့တစ်ခုတည်းကြည့်ရင်တော့ နည်းနည်းလေးပါ၊ ဒါပေမယ့် ဒီ တစ်ရာခိုင်နှုန်းရဲ့ တန်ဖိုးအစစ်အမှန်ကို သိဖို့ဆိုရင် ဒီမတိုင်ခင် ၂၀၂၁ ခုနှစ် ဇူလိုင်လ အစီရင်ခံစာမှာ ခန့်မှန်းခဲ့တဲ့ အနုတ် ဆယ့်ရှစ်ရာခိုင်နှုန်း (-18%) ဆိုတာနဲ့ တွဲကြည့်လိုက်ရင်တော့ စုစုပေါင်း အသားတင် ၁၉ ရာခိုင်နှုန်း (+19%) တက်လာတယ်လို့ နားလည်ရမှာဖြစ်ပါတယ်။ ကောင်းပြီ အရင်အစိုးရလက်ထက် နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာရော စီးပွားရေးတိုးတက်မှုနှုန်း ဘယ်လောက်ရှိတယ်ပြောခဲ့လဲ ပြန်ကြည့်လိုက်တဲ့အခါ ၂၀၂၀ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက တစ်ဒသမခုနစ် ရာခိုင်နှုန်း (1.7%) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အခု ၂၀၂၂ စက်တင်ဘာလအထိ စီးပွားရေးတိုးတက်နှုန်းက အရင်အစိုးရလက်ထက် နောက်ဆုံး ရှိခဲ့တဲ့ စီးပွားရေးတိုးတက်နှုန်းနဲ့ အများကြီး မကွာတော့ဘူးဆိုတာကို ပြပါတယ်။ ဒါတောင် အနုတ် ၁၈ အထိ ဆင်းသွားပြီးမှ တစ်နှစ်အတွင်း ဆယ့်ကိုးရာခိုင်နှုန်း ပြန်တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။
.
. . . ပုံကိုကြည့်ပါ
၂၀၂၂ ဇန်နဝါရီ အစီရင်ခံစာ စာမျက်နာနံပတ် ၁၀ မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၁၄ ကနေ ၂၀၂၂ စက်တင်ဘာလအထိ ဖော်ပြထားတဲ့ ပုံဖြစ်ပါတယ်။ စာရင်းတွေက မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းခန့်မှန်းထားချက်များလို့ ညွှန်းထားပါတယ်။ ၂၀၂၀ မတိုင်မီအထိ စီးပွားရေးတိုးတက်နှုန်းက ၅ ရာခိုင်နှုန်းအထက်ကျော်ခဲ့ပြီး ၂၀၂၀ မှာ ၁.၇% ၊ ၂၀၂၁ မှာ အနုတ် ၁၈ ရာခိုင်နှုန်း၊ နဲ့ အခု ၂၀၂၂ မှာ အပေါင်းတစ်ရာခိုင်နှုန်းဖြစ်လာတာဖြစ်ပါတယ်။
.
. . . ဆိုတော့ အများကြီး မပြောတော့ပါဘူး အသေးစိတ်သိချင်သူတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်တွေကို အောက်က ကွန်းမင့်မှာ လင့်တွေချပေးထားပါမယ်၊ ကိုယ်တိုင်ဝင်ကြည့်ပြီး ကျနော်ပြောတာ ဟုတ်မဟုတ်၊ သတင်းတွေက ပြောတာနဲ့ တကယ့်အစီရင်ခံစာနဲ့ ဘယ်လောက် ကိုက်မကိုက် ဝေဖန်ဆန်းစစ်နိုင်ပါတယ်
.
. . . မှတ်ချက်တစ်ခုပဲ ပေးစရာရှိတယ်။ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တော်တော်ကို အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်၊ ကိုဗစ်ကြောင့်တစ်မျိုးကိုစစ်ကြောင့်တစ်မျိုးလို့ ကျနော်တို့ ပြောပြောနေကြသလို ယင်းဂလိပ်ဘာသာနဲ့ ရေးကြတဲ့ သတင်းတွေမှာတော့ နှစ်ထပ်ကွမ်းရိုက်ချက် (double surge) လို့ သုံးကြတယ်၊ ကိုဗစ်ကြောင့်တစ်ကမ္ဘာလုံးမှာ စီးပွားရေးတွေက ထိုးကျနေတဲ့အချိန် မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲနဲ့ အစိုးရကို တိုက်ခိုက်မှုတွေနဲ့မို့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ အနုတ် ၁၈ ထိ ထိုးကျသွားရာကနေ အခု ၁၉ ရာခိုင်နှုန်းပြန်တက်ပြီး အပေါင်း တစ် ဖြစ်သွားတဲ့ အခြေအနေ၊ နိုင်ငံ့စီးပွားရေးတက်တယ်ဆိုတာ နည်းများမဆို လူသာဓုခေါ် နတ်သာဓုခေါ် ဝမ်းသာစရာအခြေအနေပဲ မဟုတ်ဘူးလား
.
ဒါဘေမက်
.
. . . နိုင်ငံမှာစီးပွားတွေ ပျက်နေပါပြီ ကပ်ဘေးတွေဆိုက်နေပါပြီ ဘာမှကို လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူးဆိုတဲ့ သတင်းဆိုးမျိုးကိုပဲ သီးသန့်ကြားချင်တဲ့၊ အဲသည်လိုမျိုး ကြားနေရမှ နေသာထိုင်သာရှိတဲ့၊ အဲဒီလိုမျိုး လူတွေကြားထဲ ပြောဆိုယုံကြည်နေမှ အနေချောင်အစားချောင်မယ့် ပြည်တွင်းပြည်ပ လူတန်းစားက သပ်သပ်ကို ရှိနေတယ်၊ ဒီလိုလူတွေအကြိုက် တင်ဆက်နေတဲ့ သတင်းဌာနတွေကလည်း သပ်သပ်ကိုရှိနေတာ ဆိုတော့ ဒီစာက အဲသည်လိုလူတွေအတွက် မရည်ရွယ်ပါဘူး၊
.
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
ဗိုလ်ကောင်း
၂၈ ဇန်နဝါရီ ၂၀၂၂
.
အညွှန်းတွေကို ကွန်းမင့်မှာ ထည့်ပေးပါမယ်

Wednesday, 19 January 2022

တောင်လက်ပံ နဲ့ ရိုးရိုးလက်ပံ


 

ကျောင်းဆရာဖြစ်ချင်တဲ့သူ


.
အဲသည်စကားက အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးခုလုံးနဲ့ မဆိုင်ဘူးပြောလည်းရတယ် ဆိုင်တယ်ပြောလည်းရတယ် ဘာလို့လည်းဆိုတော့ ကိုယ်ဖြစ်ချင်တယ်ဆိုတာက ငယ်ငယ်တုန်းကဖြစ်ချင်ခဲ့တာမျိုးလည်းမဟုတ် နောင်မှာဖြစ်ချင်တာလည်းမဟုတ်ဘူး ကိုယ်အလုပ်လုပ်တဲ့နယ်ပယ်မှာ ကျောင်းဆရာတစ်ယောက်လို အမြဲဖြစ်ချင်နေတာ ဖြစ်ချင်တာကိုလည်း အမြဲလုပ်နေတာမျိုး
.
. . . ကိုယ်အားအကျဆုံးကျောင်းဆရာကို စတွေ့ခဲ့တာက ရန်ကုန်တက္ကသိုလ်မှာ အဲတုန်းက ဆရာက ကထိကဖြစ်နေပြီ၊ စစ်တက္ကသိုလ်မှာလည်း ကိုယ့်ထက် ဆယ်ပတ်စဉ်လောက်ကြီးတဲ့ အပတ်စဉ်တွေမှာ ဆရာလုပ်ဖူးတဲ့သူဆိုတော့ ကိုယ်တွေနဲ့ နှလုံးသားချင်းနီးတဲ့သူလို့ ဆိုနိုင်တယ်။ ဆိုတော့ကာ ကိုယ်တွေ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအဖြစ် အံမဝင်ခွင်မကျ ဖြစ်နေတာတွေကို တစ်ချို့တွေက မျက်စိစူးကောင်းစူးနေကြမယ့် အခြေအနေမျိုးတွေမှာ ကိုယ်တွေရဲ့ ခွတီးခွကျတွေကို ဟားနေနိုင်တဲ့ သူမျိုးပေါ့
.
. . . ဆရာက ကိုယ်တွေနဲ့ ညီအစ်ကိုပေါင်း သူငယ်ချင်းပေါင်းပေါင်းတယ်၊ ဆရာမျိုးတို့ တီချယ်ကြီး ဒေါ်ခင်လေးမြင့်တို့ ဦးစီးလုပ်တဲ့ တက္ကသိုလ် ဆရာမအသစ်လေးတွေရဲ့ မွမ်းမံသင်တန်းတွေမှာဆိုရင်လည်း ကိုယ်က ကင်မရာမန်းလုပ်တယ်၊ သက္ကရာဇ် နှစ်ထောင်စွန်းစွန်းချိန် မြန်မာပြည်ရန်ကုန်မြို့မှာ အွန်လိုင်းစာသင်တဲ့ကိစ္စမျိုးကို သုတေသနလုပ်တဲ့အခါ ဆရာ့ရဲ့ ကျောင်းသားတွေအဖြစ် ဆရာပေးတဲ့ အင်တာနက်ဖိုးနဲ့ ကျနော်က အွန်လိုင်း ကျောင်းသားလည်း လုပ်ဖူးတယ်။ ကိုယ်က ကျောင်းသားပေမယ့် တက္ကသိုလ်ဆရာတွေပဲ တက်တဲ့ ဆီမီနာတွေမှာ ဆရာခေါ်လို့ ကန့်လန့်ကန့်လန့် ပါသွားဖူးတယ်။ ဆရာကျွေးတဲ့ ထမင်းတွေ ဆရာတိုက်တဲ့ လက်ဖက်ရည်တွေလည်း စားဖူး သောက်ဖူးတာ အကြိမ်ကြိမ်ပေါ့
.
. . . ကိုယ်တွေ ကျောင်းပြီးလို့ အိမ်ထောင်ကျတော့လည်း တစ်ခန်းတည်းက စာသင်ဖက် ဆရာ့တပည့်မနဲ့၊ ဆရာ့ခမျာ ကျောင်းသားဘဝက ကိုယ်တွေကို စောင့်ရှောက်ရတာနဲ့တင် မပြီးဘဲ သူ့တပည့် ကိုယ့်ဇနီး တက္ကသိုလ်ဆရာမကို ဆက်ပြီးစောင့်ရှောက်ရရှာတယ်၊ မြန်မာပြည်မြောက်ပိုင်း ဝေးလံတဲ့အရပ်က တက္ကသိုလ်တစ်ခုမှာ ကိုယ့်ဇနီးတာဝန်ကျတဲ့အခါ ဆရာက အကြီးအကဲဖြစ်နေတော့ ခမျာမှာ စောင့်ရှောက်ရရှာပြန်တယ်
.
. . . ကိုယ် ဂျပန်ကို ကျောင်းသွားတက်ခါနီးတုန်းက ကိုယ့်ထက်တစ်နှစ်စောတက်တဲ့ သူငယ်ချင်းက တက်ရမယ့်တက္ကသိုလ်အကြောင်းကို အခန်းဆက်ပေးစာအနေနဲ့ စာအရှည်ကြီးတွေ ရေးပြီးပြောပြတာကို ကိုယ်က ကိုယ့်ဖေ့ဘုတ်မှာ တင်တယ်၊ လော့ချက်စတာဖီးရဲ့ သားထံပေးစာများကို အားကျပြီး ရေးတဲ့စာဆိုတော့ အခန်းဆက်ပေးစာက အစောင် ၃၀ ကျော်တယ်၊ ဒါပေမယ့် အဲသည်စာက တက္ကသိုလ်နဲ့ပတ်သက်ပြီး တော်တော်ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာဆိုတော့ မြန်မာပြည်က တက္ကသိုလ်တွေကို တက္ကသိုလ်ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ ကျနော့်ဆရာက အဲသည်ပေးစာတွေကို စာအုပ်လုပ်ပြီး သူ့တက္ကသိုလ်က ဆရာဆရာမတွေကို ဖတ်ဖို့ဝေသတဲ့
. . . ကိုယ့်ဇနီးလည်းရှိနေတဲ့ အဲသည်ကျောင်းကို သွားလည်တဲ့အချိန်မှာ ဆရာ့ကျောင်းသား တစ်ခါပြန်ဖြစ်ချင်စိတ်ပေါက်သွားတယ်၊ ဆရာက သူ့ခြေသူ့လက် စီမံလို့ရတဲ့ အခြေအနေကို ကောင်းကောင်းအသုံးချပြီး တက္ကသိုလ်ကို တက္ကသိုလ်နဲ့တူအောင် လုပ်ထားတာတွေကို အားရပါးရရှင်းပြ သူ့တက္ကသိုလ်ကို လှည့်ပတ်ပြ သူ့ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ မိတ်ဆက်ပေး၊ မြန်မာပြည်မှာ ဒီလိုအကြီးအကဲမျိုး စီမံခန့်ခွဲနေတဲ့ ဒီလိုတက္ကသိုလ်မျိုး ရှိနေပါလားလို့ ကိုယ့်မှာအားရဝမ်းသာဖြစ်ရ
.
. . . ၂၀၁၇ နှစ်ကုန်ပိုင်းလောက် မြန်မာပြည်ခဏပြန်တဲ့အချိန်တုန်းက ဆရာက ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ပါမောက္ခချုပ်ဖြစ်နေပြီ၊ ကိုယ်တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲ ကျောင်းသားရေးရာဌာနမှာ တက္ကသိုလ်ဖွင့်ချိန် ကျောင်းအပ်ချိန်ဆိုတော့ ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး ငွေသွင်းနေကြတာတွေ့တော့ အပြင်မှာဒီလောက် ဘဏ်ဝန်ဆောင်မှုတွေ ရှိနေတာကို ဒီတက္ကသိုလ်ကြီးက အခုချိန်ထိ ပိုက်ဆံတွေကိုင်သုံးနေတုန်းဆိုပြီး ကျောင်းသားတွေဘဏ်ငွေစာရင်းထား တက္ကသိုလ်ကို ငွေသွင်းစရာရှိတာ ဘဏ်ကသွင်း စသည်ဖြင့် ကိုယ့်စာတစ်ပုဒ်ထဲ ထည့်ရေးမိတယ်၊ မကြာဘူး ဆရာ့ဆီသွားလည်တော့ သူ့ကျောင်းမှာ ကျောင်းသားတွေ ဘဏ်စာရင်းဖွင့်ပြီး ငွေသားကိုင်စရာမလိုအောင် စီမံနေတယ်ဆိုတာ ပြောပြတယ်၊ တကယ်ကို ခေတ်မီတဲ့ ငါတို့ဆရာဆိုပြီး ကိုယ့်မှာ အားရကျေနပ်ရ
.
. . . ဆရာ့ကျောင်းကိုလည်း လာလည်ချင်တယ်ဆိုတော့ ဆရာက လိုလိုလားလား ဖိတ်ခေါ်တယ်၊ ဆရာ့ရုံးခန်းထဲ ဧည့်သည်တွေရှင်းချိန်ကျ ဆရာတပည့်နှစ်ယောက်သား တက္ကသိုလ်တွေ ကောင်းကောင်းတည်ထောင်ရေးကိစ္စတွေ ကျနော်ကမေး ဆရာကဖြေပေါ့၊ မြန်မာပြည်မှာ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မယ့် တက္ကသိုလ်တွေ ပေါ်ထွန်းလာဖို့ ဆရာကြိုးစားနေတဲ့ကိစ္စတွေ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ ဆရာကပြောပြတယ်
.
. . . သူများ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေဘာတွေရှိတာ ဆရာ့ဆီမှာရော မရှိဘူးလားဆိုတော့ ရှိပါသော်ကောဆိုပြီး ကျောင်းသားသမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးတယ်၊ ကျနော်ကြားမိမြင်မိသလောက်ဆိုရင် မြန်မာပြည်က တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂက စင်ပြိုင်နှစ်ခုစီ ရှိနေတတ်ကြတာ၊ တစ်မျိုးက ကျောင်းသားတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်တဲ့ ပုံမှန် သမဂ္ဂနဲ့ နောက်တစ်မျိုးက ဗမာပြည်လုံးဆိုင်ရာဘာညာဆိုတဲ့ မတန်ရင်ကာ နာမည်ကြီးတွေတပ်ထားတဲ့ နိုင်ငံရေးလောင်းရိပ်မကင်းတဲ့ သမဂ္ဂမျိုး၊ ဆရာ့ကျောင်းမှာတော့ ပထမအမျိုးအစား သမဂ္ဂတစ်ခုပဲ ရှိသတဲ့၊ ဆရာက သမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးရုံတင်မဟုတ်ဘူး သူတို့လုပ်မယ့် ဘာပွဲဆိုလား ပြင်ဆင်နေတဲ့ နေရာကိုပဲ ခေါ်သွားပြသေးတာ၊ ကျောင်းရဲ့ ပညာသင်ကြားရေးကိစ္စကလွဲရင် ကျန်တာတွေကို သမဂ္ဂကပဲ ဦးဆောင်ပြီးလုပ်သတဲ့၊ အားကစား အနုပညာ ဘာညာကိစ္စတွေပေါ့လေ၊ သာဓုခေါ်ခဲ့ရသေး
.
. . . ဆရာကို ကျောင်းသားတွေကလည်း ချစ်ကြတဲ့ပုံပေါ်တယ်၊ ဆရာ့ရဲ့ ဖေ့ဘုတ်မှာ တက္ကသိုလ် လှုပ်ရှားမှုတွေ တင်တင်ထားတာကြည့်ရတာ ဆရာ့တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာ့ရဲ့ဆက်ဆံရေးက နွေးထွေးတဲ့ မိသားစုတစ်ခုက မိဘနဲ့ သားသမီးဆက်ဆံရေးမျိုးပဲ၊ ကျောင်းသင်္ကြန်လို ပွဲမျိုးတစ်ခုမှာ ကလေးတွေက ပါပါကြီးကိုချစ်တယ်ဆိုပြီး သံပြိုင်အော်ဆိုနေကြတာလေးလည်း တွေ့မိတယ်၊ သူတို့ ပါချုပ်ကြီးကို ပါပါကြီးတဲ့
.
. . . ဆရာက ပါချုပ်အလုပ်ဆိုတာထက် တက္ကသိုလ်တစ်ခုကို ပီပီပြင်ပြင်တည်ဆောက်နေတာ အားရစရာကိစ္စတွေ အများသားပေမယ့် ကိုယ်တိုင်တောင် မချင့်မရဲဖြစ်ခဲ့ရတဲ့ ဗျူရိုကရေစီ အတားအဆီးတစ်ချို့ကိုလည်း ဆရာပြောပြလို့ သိခဲ့ရတယ်၊ ဥပမာအားဖြင့် စာကြည့်တိုက်မှာ စာအုပ်ဖြည့်တဲ့ စာအုပ်ဝယ်တဲ့ ကိစ္စလိုမျိုးပေါ့၊ ဒါမျိုးလေးတွလည်း ရှိသေးပါလားဆိုတာ သိရပြီး သက်ပြင်းချခဲ့တဲ့ ကိစ္စတစ်ချို့လည်း ရှိနေခဲ့တာပဲ
.
. . . တက္ကသိုလ်တွေရဲ့ ကျောင်းသားလက်ခံမှုပုံစံတွေ ပြောင်းသွားတာ သတိထားကြမိလိမ့်မယ်ထင်တယ်၊ အရင်တုန်းက တက္ကသိုလ်ဝင်ခွင့်ကို ပညာရေးဝန်ကြီးဌာက တစ်နိုင်ငံလုံးစာ ဝိုင်းကြီးချုပ်စီမံပေမယ့် နောက်ပိုင်းမှာ တချို့တက္ကသိုလ်တွေက သီးခြားခေါ်တာတွေရှိလာတယ်၊ တက္ကသိုလ်က ဆယ်တန်းအမှတ်စာရင်းတစ်ခုတည်းနဲ့ လက်ခံခဲ့ရာကနေ လူကိုယ်တိုင်စိစစ်ပြီး လက်ခံတဲ့ပုံစံပြောင်းလာတာမျိုးတွေက ဆရာလုပ်ခဲ့တဲ့ ကိစ္စတွေထဲက တစ်ချို့ပေါ့၊ တက္ကသိုလ်တေွ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုမျိုး သီးခြားစီမံခွင့်ကိစ္စကို ကိုယ်က မူအားဖြင့် ကြိုက်ပေမယ့် လက်တွေ့မှာ ဘယ်သူ့ပိုက်ဆံနဲ့ အလုပ်လုပ်မှာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆွေးနွေးဖြစ်တယ်၊ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပိုက်ဆံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာက ပြဒါးတစ်လမ်းသံတစ်လမ်းမို့လား၊ သူများပိုက်ဆံယူထားရင် သူများစီမံတာကို နာခံရမှာပေါ့၊ ကိုယ့်ဘာသာ စီမံဖို့ဆိုရင်လည်း တက္ကသိုလ်က ကိုယ်တိုင်ပိုက်ဆံရှာရလိမ့်မယ်၊ ကျောင်းဝင်ကြေးတွေ များများယူရလိမ့်မယ်၊ တက္ကသိုလ်က ကိုယ်ပိုင်ဝင်ငွေဘယ်လိုရအောင်လုပ်မလဲ ဆိုတဲ့ ကိစ္စကိုလည်း ဆရာနဲ့ ဆွေးနွေးခဲ့ဖူးတယ်
.
. . . ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်း ကိစ္စတွေဖြစ်တော့ ဆရာ့ကို စိတ်ပူမိတယ်၊ ဆရာက အထက်ကပြောတဲ့ အလုပ်တွေလုပ်နေတဲ့သူ၊ တက္ကသိုလ်လောကမှာလည်း ဂုဏ်သတင်းကြီးတဲ့သူ၊ မြန်မာပြည်က ၁၆၆ ခုသော တက္ကသိုလ်တွေက ပါမောက်္ခချုပ်များ ကော်မတီမှာလည်း တာဝန်ကြီးကြီးရထားတဲ့သူဆိုတော့ ဆရာ့ကို စိတ်ပူမိတယ်၊ စိတ်ပူတယ်ဆိုတာက ဒီလိုပါ၊ ဆရာ ဘယ်ဘက်မှာ ရပ်မလဲ ဆိုတာထက် ဆရာရပ်လိုက်တဲ့ဘက်မှာ အဆင်ပြေပါ့မလား စိတ်ပူမိတာ၊ ဆရာ့လို တက္ကသိုလ်အသိုင်းအဝိုင်းမှာ ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုနေနေ ဖိအားက နည်းမှာမဟုတ်ဘူး၊ တစ်ခုခု လုပ်ရင်လည်း ဖိအားကြီးကြီးရှိနေမှာဖြစ်သလို ဘာမှမလုပ်ဘဲ နေရင်လည်း ဘာမှမလုပ်လို့ဆိုတဲ့ ဖိအားက နည်းမှာမဟုတ်၊ ဆရာကလည်း ပင်စင်ယူဖို့ အသက်က နီးနေပြီဆိုတော့ ဒီဖိအားတွေနဲ့ ဆရာ အဆင်မှ ပြေပါ့မလားဆိုပြီး
.
ဆက်ရန်
.
ဗိုလ်ကောင်း
၁၉ ဇန်နဝါရီ ၂၀၂၂