Friday, 21 August 2020

ထူးမခြားနား


. . . စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပြည်ထောင်စု သဘောတူစာချုပ်များမှာ ပါရှိတဲ့ အပိုင်း ၃ အခြေခံမူများနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်။
.
. . . ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ #စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို သုံးသွားတာ တွေ့ပါတယ်၊ ( #စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ စကားလုံးကို သတိရစရာဖြစ်ပါတယ်)၊ ဒီမိုကရေစီကို ရှေ့က နာမဝိသေသနတွေတပ်ထားတာကို ဝေဖန်ခဲ့ကြတဲ့သူတွေအနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်က ဖယ်ဒရယ်ပြည်ထောင်စုကို ရှေ့က စစ်မှန်၍ ဆိုတဲ့ နာမဝိသေသန တပ်လိုက်တာကိုရော ဘယ်လို အမြင်ရှိကြမလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။ 
.
. . . ဖယ်ဒရယ်စနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု၊ ဖယ်ဒရယ်ယူနစ်တွေ တန်းတူရည်တူရှိမှု၊ ပြည်နယ်တွေကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် ကိုယ်ပိုင်အခြေခံဥပဒေတွေရှိမှု ဆိုတဲ့ အချက် ငါးချက်ကို ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာမှာ ပြုလုပ်ခဲ့တဲ့ NCA စာချုပ်လက်မှတ်ထိုးခြင်း ၄ နှစ်မြောက် အခမ်းအနားမှာ သူမအဆိုပြုခဲ့တာလို့ ဆိုပါတယ်။ အဲသည် အချက်ငါးချက်ထဲက ပြည်နယ်(တိုင်းဒေသကြီး)တွေ ကိုယ်ပိုင်အခြေခံဥပဒေ ရှိရမယ်ဆိုတဲ့ တစ်ချက်ကလွဲပြီး ကျန်တဲ့ အချက်တွေကို အခု ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ထဲ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့တယ်လို့ မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
.
. . . တကယ်တော့ ပြည်နယ်အခြေခံဥပဒေ ဆိုတဲ့ တစ်ချက်က လွဲပြီး အခု စာချုပ်ထဲ ပါဝင်နေတဲ့ ဖယ်ဒရယ်အခြေခံမူ ၄ ချက်က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့တယ်ဆိုတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ မတိုင်မီ ၂၀၁၇ မေလ ၂၉ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ (နောက်ပိုင်းမှာ စာချုပ် ၁ လို့ ဆက်သုံးသွားပါမယ်)မှာ အားလုံး ပါရှိပြီး ဖြစ်ပါတယ်။
.
. . . အသေးစိတ် ရှင်းပြပါမယ်။ ဒီနှစ်ချုပ်ဆိုလိုက်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ မှာ အပိုဒ် ၅ ပိုဒ်ပါဝင်ပြီး တစ်ပိုဒ်ချင်းစီအလိုက် ယခင် စာချုပ် အပိုင်း ၁ ထဲမှာ ဘယ်နေရာပါခဲ့တဲ့အကြောင်း ထောက်ပြသွားမှာဖြစ်ပါတယ်။
.
#အပိုဒ်၁။ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဆိုတဲ့ စာသားဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(က) ကို မူရင်းအတိုင်း ပြန်ကူးထားတဲ့ စာသားဖြစ်ပါတယ်။
.
#အပိုဒ်၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည် ဆိုတဲ့ အပိုဒ်ဟာ စာချုပ် ၁ အပိုဒ် ၄(ဆ) ကို ကူးယူရေးသားထားတာကို တွေ့ရှိရပါတယ်။
.
#အပိုဒ်၃(က)။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖယ်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု နှင့် ဘဏ္ဍာရေးခွဲဝေမှု ရှိရမည်။ ဆိုတဲ့ အပိုဒ်က အာဏာခွဲဝေမှုဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄ ရဲ့ ခေါင်းစဉ်ထဲမှာလည်းကောင်း၊ သယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီး စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(စ) မှာ အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစားခွင့် ဆိုတဲ့ စကားလုံးနဲ့လည်းကောင်း၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုဆိုတဲ့ စကားရပ်ကို စာချုပ် ၁ စီးပွားရေးကဏ္ဍ အပိုဒ် ၄ မှာလည်းကောင်း ပါရှိခဲ့ပြီးဖြစ်ပါတယ်။
.
#အပိုဒ်၃(ခ) တစ်ပိုဒ်လုံးဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) ကို ကူးထည့်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။
.
#အပိုဒ်၃(ဂ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင် တရားစီရင်ရေးအာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိရမည်ဆိုတာကလည်း စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) နဲ့ (င) တို့မှာ အသေးစိတ်ဖော်ပြထားတဲ့ အချုပ်အခြာအာဏာခက်မ သုံးဖြာကို ခွဲဝေအပ်နှင်းရမယ်ဆိုတဲ့ သဘောတရားနဲ့ အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။
.
#အပိုဒ်၄။ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသည် အချင်းချင်း လေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။ ဆိုတဲ့ စာပိုဒ်ဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ခ) မှာ ထည့်သွင်းဖော်ပြထားပြီးသား ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
.
#အပိုဒ်၅။ နိုင်ငံသားများအတွက် မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးရိုးရေးစဉ်အတိုင်း ပါကိုပါရမယ့်ကိစ္စဖြစ်ပြီး အဲသည်စာပိုဒ် နောက်ပိုင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဌာန်းပေးရမည်ဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၃ မှာ ပါရှိခဲ့ပြီးသား ကိစ္စရပ်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အပိုဒ် ၅ အောက်မှာ ရေးထားတဲ့ မှတ်ချက်ဆိုတာကလည်း အထက်မှာ ဖော်ပြခဲ့တဲ့ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် (ခ) ရဲ့ မှတ်ချက်ကို မူရင်းအတိုင်း ထည့်ထားတာကို တွေ့ရှိရပါတယ်။
.
. . . အနှစ်ချုပ်ပြောရရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အပိုင်း (၃) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆိုတာ အသစ်တစ်ခုမှ သဘောတရားနဲ့ အချက်အလက် အသစ်တစ်ခုမှ ပါဝင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ထဲမှာ သဘောတူထားပြီးသား အချက်အလက်နဲ့ သဘောတရားတွေကိုပဲ စကားလုံး နဲ့စာပိုဒ် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ချို့ကို အနည်းငယ်ပြင်ဆင် နေရာပြောင်းပြီး ရေးထားတာကို လေ့လာတွေ့ရှိရပါကြောင်း
.
ဗိုလ်ကောင်း
၂၁ ဩဂုတ် ၂၀၂၀

Tuesday, 18 August 2020

ပြည်နယ်အခြေခံဥပဒေများ


ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့
ဖယ်ဒရယ် အခြေခံမူ ငါးချက်ထဲက
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုတဲ့ တစ်ချက်ကို
ပြည်နယ်အခြေခံဥပဒေ ခေါ်မလား
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေခေါ်မလား
ဆိုတဲ့ သဘောထားကွဲလွဲမှုကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စု သဘောတူစာချုပ်
အစိတ်အပိုင်း ၃ မှာ
ထည့်သွင်းချုပ်ဆိုနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်
ကိုယ်တိုင်က
ဒီအစည်းအဝေးတွေ တက်တဲ့သူမဟုတ်တော့
အသေးစိတ်ကို သေချာမသိပေမယ့်
ဒီစကားလုံးနှစ်လုံးဟာ
အနှစ်သာရအားဖြင့် အတူတူပဲလို့ ခံစားမိတာကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း ၃ ထဲ
ထည့်လိုက်နိုင်ရင်ကောင်းမှာပဲလို့
မချင့်မရဲ ဖြစ်မိပါတယ်
ကျန်တဲ့ လေးချက်ဖြစ်တဲ့
အာဏာခွဲဝေရေး
အခွန်အခ ခွဲဝေရေး
သယံဇာတ ခွဲဝေရေး
ဖယ်ဒရယ်ယူနစ်များ တန်းတူညီမျှရှိရေး
အခြေခံမူများကိုတော့
အားလုံး သဘောတူတဲ့အတွက်
စာချုပ်အစိတ်အပိုင်း ၃ ထဲ
ပါလာမယ့်သဘောရှိပါတယ်
ကိုယ့်သဘောပြောရရင်
အနှစ်သာရ မကွာခြားတဲ့
စကားလုံးတွေအတွက်
အချိန်တွေအကုန်ခံပြီး
အငြင်းမပွားနေစေချင်တော့ဘူးဆိုပေမယ့်
တကယ့် အစည်းအဝေးတွေမှာ
ပြောဆိုဆွေးနွေးနေကြတဲ့သူတွေက
ပိုပြီး သိကြမှာမို့
မှတ်ချက်ပေးဖို့ ခက်ပါတယ်
အားလုံး အဆင်ပြေပြီး
ငြိမ်းချမ်းစေချင်လှပါပြီ
အရှေ့တောင်အာရှမှာတောင်
ကိုယ့်နောက်လှည့်ကြည့်ရင်
ကျောပဲ ရှိတော့တဲ့ အခြေအနေမို့
ကျနော်တို့မှာ
လုပ်စရာတွေ အများကြီးရှိနေသေးလို့ပါ

Sunday, 16 August 2020

ပြည်ထောင်စုနယ်မြေ



အခြေခံဥပဒေ ရေးဆွဲစဉ်တုန်းက သမ္မတက တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် (ထိုစဉ်တုန်းက နိုင်ငံမြို့တော်) ရန်ကုန် နဲ့ ကိုကိုးကျွန်းတို့ကို သတ်မှတ်ခဲ့တာရှိတယ် ၊ နောက်ပိုင်း အခြေခံဥပဒေ အတည်ဖြစ်တဲ့အချိန်မှာ မြို့တော်နေပြည်တော် တစ်ခုတည်းကိုပဲ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ကိုကိုးကျွန်းကို ရန်ကုန်တိုင်းရဲ့ မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့တယ်
.
ကိုကိုးကျွန်းနဲ့ကပ်လျက် အက်ဒမန်နဲ့နစ်ကိုဘာကျွန်းစုကြီးတစ်ခုလုံးကို အိန္ဒိယရဲ့ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားထားတယ်
.
ပြောင်းလဲလာတဲ့ ကမ႓ာ့အခင်းအကျင်းတွေရယ် မြန်မာ့တပ်မတော်ရေရဲ့ စွမ်းဆောင်နိုင်မှုတွေရယ်ကို အမျိုးသားအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုရင် ကိုကိုးကျွန်းကို နေပြည်တော်က တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ဖို့ စဉ်းစားသင့်တယ်
.
ဗိုလ်ကောင်း
၁၆ ဩဂုတ် ၂၀၂၀

Monday, 27 July 2020

ဂုဏ်ယူရဆုံးအချိန်


. . . မြန်မာနိုင်ငံသားဖြစ်ရတာကို ဂုဏ်အယူရဆုံးအချိန်တွေ၊ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ အလင်းလက် အတောက်ပဆုံးအချိန်တွေ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေနဲ့ အားတက်ရွှင်လန်းခဲ့ရတဲ့ အချိန်တွေကို ဘဝမှာ ကြုံခဲ့ရဖူးတယ်၊ ဘာစည်းမျဉ်း ဘာအခြေခံဥပဒေမှ မရှိဘဲ အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ အုပ်ချုပ်ခံရတဲ့ ဘဝကနေ စည်းနဲ့ကမ်းနဲ့ အစိုးရနဲ့ ပြည်သူကြား ချုပ်ဆိုထားတဲ့ စာချုပ်သဖွယ် အခြေခံဥပဒေနဲ့၊ အာဏာပိုင်ခြားမှုတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့တာဝန်တွေ၊ အစိုးရမင်းတွေအတွက် ပိုင်းခြားကန့်သတ်ထားတဲ့ ဘောင်တွေအကန့်တွေ၊ အပြန်အလှန်ထိန်းကျောင်းမှုတွေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး ထိုက်သင့်တဲ့ ဝေဖန်ရေးသားမှုတွေကို ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ လုပ်ခွင့်ရခဲ့တဲ့အချိန်တွေကို ပြန်ပြီး လှမ်းမျှော်ကြည့်လိုက်မယ်ဆို မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ရွှင်လန်းတက်ကြွခဲ့ရဆုံး အချိန်တွေပါပဲ။
.
. . . တစ်သက်လုံး သူပုန်လို့ ခေါ်ခဲ့တဲ့သူတွေကို တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အခေါ်အဝေါ်ကစလို့ သူပုန်သေသေ စစ်သားသေသေ ကိုယ့်နိုင်ငံရဲ့ လူသားအရင်းအမြစ်ဆုံးရှုံးမှုပဲလို့ မြင်ပေးတဲ့ အစိုးရ၊ မတူတာတွေအသာထားပြီး တူတာတွေ ပေါင်းလုပ်ကြရအောင်ဆိုတဲ့ ခေါင်းဆောင်၊ လက်ညှိုးထောင်ခေါင်းညိတ်ပဲ ဖြစ်မှာပါကွာဆိုတဲ့ အမြင်တွေကို စွန့်လွှတ်သွားနိုင်အောင် ပါတီစုံဆိုတဲ့ အနှစ်သာရ နဲ့ အပြန်အလှန်ထိန်းညှိခြင်းဆိုတဲ့ အလှတရားတွေကို စာအုပ်ထဲကနေ အပြင်လောကကို သယ်ဆောင်လာပေးတဲ့ လူကြီးမင်းတွေ၊ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံကို အင်အားနည်းသူတွေစိတ်ကြိုက်ရေးစေပြီး အခိုင်အမာဖြစ်အောင် လုပ်ပေးခဲ့သူတွေ၊ နှစ်ပေါင်းများစွာက အကြွေးတွေကို ယုံကြည်မှုတစ်ခု အရင်းပြုပြီး ချေပေးစေခဲ့သူတွေ၊ ငယ်ဘဝတစ်လျှောက်လုံး ကိုယ့်နိုင်ငံကို မကောင်းမှုအမျိုးမျိုးနဲ့ ပိတ်ဆို့တားဆီးတဲ့ နိုင်ငံကြီးက အပိတ်အဆို့တွေ ဖယ်တန်သရွေ့ဖယ်ပြီး နှစ်ပြည်ထောင်မိတ်ဖတ်ပြုလို့ ကိုယ့်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ရွှေလမ်းငွေလမ်း ခင်းခဲ့တာတွေ၊ ကိုယ်ငယ်ငယ်က တက်ခဲ့ဖူးတဲ့ ခြောက်ကပ်ကပ် ရန်ကုန်တက္ကသိုလ်ကြီးကို ကျောင်းသားကျောင်းသူတွေ အဆောင်တွေ ကလပ်တွေ သမဂ္ဂတွေနဲ့ ဝေဝေစည်စည်ဖြစ်အောင် ပြန်လည် စီမံပေးခဲ့တာတွေ၊ တစ်နိုင်ငံလုံး ဂုဏ်ယူဝံ့ကြွားရတဲ့ အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးကို အဆင့်အတန်းမီမီ ကျင်းပပေးခဲ့တာတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောင်အောင်မြင်မြင် လက်ခံကျင်းပပေးခဲ့တာတွေ၊ ပြည်တွင်းပြည်ပ စီးပွားရေးသမားတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပြီး ရင်းနှီးမြှပ်နှံမှုတွေ နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ခဲ့တာတွေ၊ ကစားပွဲစည်းမျဉ်းတွေကို ပြင်ဆင်ပေးပြီး ကိုယ့်ရဲ့ ပြိုင်ဘက်ကို ကွင်းထဲဆင်းခွင့်ရအောင်ကူညီပေးခဲ့လို့ လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်ခဲ့တာတွေ၊ စသည်ဖြင့် ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီး ဂုဏ်ယူစရာ ဝမ်းမြောက်စရာ၊ ရွှင်လန်းအားတက်စရာတွေအပြည့်နဲ့ ခေတ်တစ်ခေတ်ကို ကျော်ဖြတ်ခဲ့ဖူးတာပေါ့
.
အခုများဖြင့်

Thursday, 16 July 2020

အမှောင်ထဲမှာ


 အမှောင်ထဲမှာပဲနေချင်တယ်
စမ်းတဝါးဝါးလျှောက်ရင်း
တစ်ချိန်ချိန်တော့ရောက်မှာပဲဆိုတဲ့
မျှော်လင့်ချက်ကိုမီးအိမ်လုပ်ပြီး
ယုံကြည်တဲ့ခြေလှမ်းတွေနဲ့
မမြင်မစမ်းလို့ပဲဆိုစေအုံးတော့
ပျော်ပျော်ရွှင်ရွှင်နဲ့
လျှောက်နေချင်တယ်


ဘွားကနဲပေါ်လာတဲ့အလင်းရောင်
ခဏတာမျက်စိကျိန်းပြီး
ပြန်ဖွင့်ကြည့်လို့
ဘေးဘီဝဲယာကြည့်ခါမှ
လမ်းမှားရောက်နေတာသိရသလိုမျိုးတော့
အလင်းလာမပြကြပါနဲ့


အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်
ဆက်လျှောက်နေပါရစေ


ထပ်ပြောပါမယ်


ချောက်ထဲကျခါမှကျရော
အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်ဆက်လျှောက်နေပါရစေ


လမ်းအပျောက်မှာ
ဆက်လျှောက်သူ

Saturday, 11 July 2020

ဇွဲကပင်တောင် Werther effect

 

. . . ဂျပန်နိုင်ငံ တိုချီဂီပြည်နယ် နစ်ကိုးအမျိုးသားဥယျဉ်ထဲမှာ ချူဇန်းဂျိဆိုတဲ့ ရေအိုင်ကြီးတစ်ခုရှိတယ်၊ အဲသည်ရေအိုင်ကြီးထဲက ရေတွေဟာ ပေ ၃၀၀ ကျော်နက်တဲ့ချောက်ကြီးထဲကို စီးထွက်သွားပြီး သိပ်ကိုလှပတဲ့ ရေတံခွန်ကြီး ဖြစ်နေတာပေါ့၊ အဲသည်ရေတံခွန်ကို ကီဂွန်တာကီလို့ခေါ်ပြီး ရေတံခွန်ကြီးကို ကြည့်လို့ရအောင် ချောက်နက်ကြီးထဲထိ ကျောက်သားလှိုင်ခေါင်းတူးပြီး ဓာတ်လှေခါးဆင်ပေးထားတယ်၊ ခရီးသွားလုပ်ငန်းအတွက် အင်မတန်ကို ဝင်ငွေရတဲ့ အစီအစဉ်တစ်ခုပါပဲ၊ ကိုယ်လည်း အဲသည် ရေတံခွန်ကို ကိုယ်တိုင်လည်းသွား ဧည့်သည်တွေလည်း ပို့ရင်း သုံးခေါက်လောက် ရောက်ဖြစ်ခဲ့တယ်။
.
. . . အဲသည် ချောက်ကြီးထဲကို မဆင်းခင်မှာလည်း ရေတံခွန်ကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ နေရာတွေ သေချာလုပ်ပေးထားတယ်၊ တစ်နေရာမှာ သစ်ပင်ကို ထွင်းထားတဲ့ ကဗျာတစ်ခုပုံတွေ့လို့ စပ်စုကြည့်တော့ လွန်ခဲ့တဲ့ ၁၉၀၃ ခုနှစ်က ဒီနေရာမှာ ချောက်ကြီးထဲကို ခုန်ချပြီး သေကြောင်းကြံသွားတဲ့ ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ သူမခုန်ချခင်မှာ သစ်ပင်မှာ ရေးထွင်းသွားတဲ့ ကဗျာလေးဆိုတာ သိရတယ်။ ဒီအကြောင်းကို အဲသည်ခေတ် သတင်းစာတွေမှာ ခေါင်းကြီးသတင်းအဖြစ် အကျယ်တဝင့် ရေးကြတာပေမယ့် စာရေးဆရာ Natsume Sōseki ရဲ့ အရေးအသားကြောင့် သူမရဲ့ အကြောင်းနဲ့ ကဗျာလေးဟာ အကြီးအကျယ် ပေါက်သွားပြီး နောက်ပိုင်း အသည်းကွဲတဲ့သူတွေ၊ ချစ်သူနဲ့ ဝေးခဲ့ရသူတွေအတွက် ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ ရဲ့လမ်းစဉ်ကို လိုက်ကြတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါသတဲ့။
.
. . . ကောလိပ်ကျောင်းသူလေး မီဆာအိုဖူဂျီမူရာ က အစပြုလို့ လူငယ်လေးတွေ သူတို့ရဲ့ အသည်းကွဲဇာတ်လမ်းကို အဆုံးသတ်လေ့ရှိကြတဲ့ ဒီနေရာလေးမှာ ရပ်နေမိရင်း ဒီချောက်ကြီးထဲ ခုန်မချခင်အချိန်လေးမှာ သူတို့ရဲ့ နှလုံးသားတွေ ဘယ်လောက်တောင်များ နာကျင်နေပါလိမ့်မလဲဆိုတာ တွေးယောင်မိနေရင်း . . .
.
မောင်လွမ်းဝေ
၁၁ ဇူလိုင် ၂၀၂၀