Monday, 5 September 2016

ပစ္စည်းသိမ်း


. . . ပစ္စည်းက တစ်ခါသိမ်းရပြန်ပါပြီ။ လွန်ခဲ့တဲ့ ဇူလိုင်လဆန်းကပဲ နေပြည်တော်မှာ အခြေချတော့မယ်ရယ်လို့ ရန်ကုန်က ပစ္စည်းတွေ သိမ်းဆည်းယူလာပြီး နှစ်လလောက်ရှိသေး ခုတစ်ခါ ပစ္စည်းက တစ်ခါသိမ်းရပြန်ပါပြီ။ သူများမိသားစုတွေ တည်တည်ငြိမ်ငြိမ်နဲ့ နေကြတာကို အားလည်းကျမိတယ်ဆိုပေတဲ့ ကိုယ့်ဘ၀ရွေးချယ်မှုနဲ့ကိုယ်ဆိုတော့လည်း ကိုယ့်ရွေးချယ်တဲ့ လမ်းကြောင်းပေါ်က ကြုံလာသမျှကိုလည်း အပြုံးမပျက် ရင်ဆိုင်ရုံပဲပေါ့။ ဒါပေမယ့် ဒီတစ်ခေါက် သိမ်းရတာက ရန်ကုန်မှာ သိမ်းရသလောက်တော့ မပင်ပန်း။ နေပြည်တော်အိမ်ကို အတည်တကျရယ်လို့ သတ်မှတ်ထားတော့ အတည်တကျ ပစ္စည်းတွေက ဒီအိမ်မှာပဲ ကျန်ရစ်မည်။ အသုံးလိုပစ္စည်းတွေ ရန်ကုန်ကို ပြန်သယ်ဆိုသော်လည်း အ၀တ်အစား နဲ့ စာအုပ်စာတမ်း အချို့လောက်သာ သယ်ရမည်။ ဒါပေသိ ပန်းပွင့်လေးရဲ့ အရုပ်အိတ်နဲ့ စာအုပ်သေတ္တာကိုတော့ သေချာပါအောင် သယ်ပေးရအုံးမည်။ အတန်းကျောင်းပညာရေး အခုမှ စတယ်ဆိုသော်လည်း ကိုယ်တွေ ဆယ်တန်းလောက်ကထက် စာအုပ်များသော ပန်းပွင့်လေး။ စာအုပ်တွေကို ချစ်တတ်သော ပန်းပွင့်လေး။ အိပ်ခါနီးမှာ ကြိုက်တဲ့စာတစ်အုပ် ဆွဲယူလာပြီး စာဖတ်ပြခိုင်းတတ်သော ပန်းပွင့်လေး။ ဖေဖေ အနားမှာ မရှိရင် စာဖတ်ပြခိုင်းစရာ တစ်ယောက် လျော့ပြီပေါ့ . . .
.
. . . အပြင်က ပစ္စည်းတွေ သိမ်းပြီးတော့ ရင်ထဲက ပစ္စည်းကိုလည်း သိမ်းရအုံးမည်။ ပန်းပွင့်လေးကို လွမ်းမယ့်အလွမ်းတွေကိုလည်း သိမ်းရအုံးမည်။ ခုနလေးတင်ကမှ ရန်ကုန်ရောက်နေသော ပန်းပွင့်လေးကို ဖုန်းဆက်ပြီး မေးကြည့်တာ။ ပန်းပွင့်လေး ရန်ကုန်နဲ့ နေပြည်တော် ဘယ်မှာ ပိုပျော်သလဲဆိုတော့ နေပြည်တော်မှာ ပျော်ပါသတဲ့။ ဘာလို့လဲဆိုတော့ နေပြည်တော်မှာ ဖေဖေနဲ့ မေမေ ရှိလို့ပါတဲ့။ နောက်ထပ် သုံးနှစ်လောက် ဖေဖေနဲ့ ခွဲနေရအုံးမယ့် ပန်းပွင့်လေးလည်း ဘယ်လို အတိတ်ကံကြောင့်ပါလိမ့်လို့ တွေးမိသည်။ ပန်းပွင့်လေး မွေးကတည်းက ဖအေနှင့် သိပ်နေခွင့်မကြုံ၊ ဒါတောင် တကူးတကန့် နေခွင့်ရအောင်ဖန်တီးပြီး နေလို့ အချိန်နည်းနည်း နေခွင့်ရခဲ့တာ . . .
.
. . . အခုလည်း ပန်းပွင့်လေးနဲ့ အတူတူ နေတော့မယ်ဆိုပြီး အိမ်ကို လှလှပပ ပြင် ပန်းပွင့်လေးကို အခန်းလေးတစ်ခု လှလှလေး လုပ်ပေးမယ်လို့ စိတ်ကူးယဉ် ပြင်ဆင်နေရာကနေ တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီး ပန်းပွင့်လေးကို ထား တစ်ခါ ထွက်သွားရအုံးမယ်။ နေရစ်ခဲ့ပေအုံးတော့ ပန်းပွင့်လေးရေ။ ကံမကုန်ရင်တော့ တို့သားအဖ အတူတူ နေရအုံးမှာပေါ့။ ဖေဖေလည်း ပစ္စည်းဆက်သိမ်းလိုက်အုံးမယ်။ နောင်သုံးနှစ်တာအတွက်ကတော့ ပန်းပွင့်လေးကို အဝေးကနေပြီးတော့ပဲ ပုံပြင်တွေ ဖတ်ပြခွင့်ရတော့မယ်။ ဖေဖေ ဒီတစ်ခါ ပြန်လာရင်တော့ ပန်းပွင့်လေးနားက မခွာတော့ပါဘူး။ ပန်းပွင့်လေး တက္ကသိုလ် မတက်ချင် အချိန်အထိ အတူတူနေနိုင်အောင် ကြိုးစားပါ့မယ် . . .
.
. . . ပန်းပွင့်လေးလည်း ပစ္စည်းသိမ်းတော့ကွယ်

Saturday, 3 September 2016

သေတ္တာလှပ်


ဒီသေတ္တာကို မဖွင့်ဖြစ်တာ ဘယ်နှစ်နှစ်တောင် ရှိနေပြီပါလိမ့်။ ဒီသေတ္တာထဲမှာ ရှိတာတွေထဲက ဘယ်နှစ်ခုက အမှိုက်ဖြစ်သွားပြီလဲ။ ပစ္စည်းလေးတွေကို တယုတယ ကိုင်ကြည့်လိုက် ပြန်ချလိုက်နဲ့ နှစ်ပေါင်းများစွာကြာတာတောင် အမှိုက်မဖြစ်သေးတဲ့ ပစ္စည်းလေးတွေ

ဆေးစာရွက်လေးတစ်ရွက်၊ အိမ်မှာ ပိုက်ဆံမရှိပဲနဲ့ ကျွန်တော့်ကို ဆေးမကုပါတော့နဲ့ဆိုပြီး ဆေးသောက်ဖို့ ငြင်းဆန်ရင်း ဘ၀ကို အရှုံးပေးသွားတဲ့ ညီလေး။ ဆေးကို လိပ်ပတ်လည်အောင်သောက်မှ အသက်ရှင်မယ်ဆိုတာ သိသိကြီးနဲ့ ဆေးတိုက်တဲ့အခါ သွားကြီးစေ့ထားပြီး ငြင်းဆန်တဲ့ ညီလေး။ ညီညီ့ကို ကုဖို့ အစ်ကိုကြီးတို့မှာ ပိုက်ဆံတွေ ရှိပါတယ်ကွာဆိုပြီး ပိုက်ဆံတွေကို အထပ်လိုက်ပြပြီး ဆေးသောက်ဖို့ အစ်ကိုကြီးနဲ့ အစ်မတွေက ငိုယိုတောင်းပန်တာတောင်မှ ကျွန်တော်ဆေးဆက်သောက်နေရင် ဒီပိုက်ဆံတွေ ကုန်သွားမှာပေါ့ဆိုပြီး သေမယ့်လမ်းကို ရွေးခဲ့တဲ့ ညီလေး။ ငွေမရှိတဲ့ ရောဂါနဲ့ သေသွားခဲ့တဲ့ ညီလေးရဲ့ ဆေးစာရွက်။ သေသွားတာ ခြောက်နှစ်ရှိပြီပေမယ့် ညီလေးရဲ့ ဆေးစာရွက်လေးကတော့ အခုထိ အမှိုက်အဖြစ် မပစ်ရက်နိုင်သေးဘူး။

သစ်ရွက်ထုပ်လေး။ ဒါက လက်ပံရွက်တွေ။ ကျွန်တော် သိပ်သဘောကျတဲ့ အိမ်ဝိုင်းအနောက်ဘက် ချောက်ကြီးထဲက လက်ပံပင်ကြီးကို ခုတ်ပစ်လိုက်ကြတော့ လက်ပံရွက်တွေကို သွားကောက်ပြီးသိမ်းထားခဲ့တာ။ လက်ပံပင်ကြီး အခုတ်ခံရတာ ကျွန်တော်ဆယ်တန်းနှစ် ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ကဆိုတော့ ခုဆို နှစ်ပေါင်းနှစ်ဆယ်တောင် ကြာခဲ့ပြီ။ အခွင့်ကြုံလို့ အဲသည်လက်ပံပင်ကြီးရှိတဲ့နေရာက ဖြတ်သွားမိတိုင်း လက်ပံပင်ကြီးကို ရော်ရမ်းပြီး မော့ကြည့်နေမိဆဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလက်ပံပင်ကြီး ရှိနေတုန်းပဲ။ နွေဦးပေါက်ရင် ဆက်ရက်သံတညံညံ အပွင့်တွေ တဝေေ၀နဲ့ လှပနေဆဲ

မဟော်ဂနီနဲ့ ကန့်ကော်ရွက်လေးတွေ။ သူတို့ သက်တမ်းက အတူတူ။ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ရှေ့က ဦးချစ်ဆိုင် မဟော်ဂနီပင်က ကြွေတဲ့ မဟော်ဂနီရွက်ခြောက်တွေနဲ့ ကန့်ကော်ရွက်ခြောက်တွေ။ ဒါတွေက ၂၀၀၅ ခုနှစ်လောက်က ဆိုတော့ ဆယ်နှစ်ကျော်သွားပြီပဲ။ ဘယ်အပင်နဲ့မှ မတူဘဲ နွေဦးပေါက်လို့ သစ်ရွက်တွေကြွေချိန်ရောက်ရင် လေတစ်ခါဝေ့လိုက်တိုင်း မိုးကြီးသည်းသည်းရွာသလို ရက်ရက်ရောရော အရွက်တွေ ချွေချတတ်တဲ့ မဟော်ဂနီပင်ကြီး အခုရော ရှိသေးလားမသိ

ပို့စကတ်တွေ။ မွေးနေ့တိုင်းမှာ အစ်မသုံးယောက်က အတူတူ ဆုတောင်းပေးတဲ့ ကတ်ပြား၊ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်ကနေ တကူးတက နှစ်သစ်ကူးဆုတောင်းပို့ပေးတဲ့ သူငယ်ချင်းရဲ့ ကတ်ပြား၊ တီချယ်ဝင်းအတန်းမှာ ကိုယ်တိုင် လက်နဲ့ လုပ်ပြီး အချင်းချင်း လဲလှယ်ရင်းရတဲ့ ကတ်ပြား၊ ကျွန်တော့်ကို သိပ်ချစ်တဲ့ မမတစ်ယောက်ရဲ့ ကတ်ပြား၊ သူငယ်ချင်းတွေက အမှတ်တရ ပို့ကြတဲ့ ကတ်ပြားလေးတွေ

စာအိတ်တွေ စာတွေ။ မန္တလေးတကက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းကို မမြင်ဖူးဘဲ ကြွေနေမိပြီး စာတွေအပေးအယူ လုပ်ထားတဲ့ စာတွေ၊ ချယ်ရီပန်းခြောက်လေးတွေ ပို့ပေးလို့ စာပြန်တဲ့ ရွာက ငယ်သူငယ်ချင်းရဲ့စာ၊ အိမ်ရဲ့အဝေးမှာရောက်နေတုန်း အမေက အားပေးစကားတွေ ရေးထားတဲ့စာ၊ လူကုံတန်မိသားစုဝင် ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်မိလို့ အစ်မတွေက စိုးရိမ်တကြီးဝိုင်းရေးကြတဲ့စာ၊ အဖေ့စာ အဖေက ကျွန်တော့်ဆီ တစ်ခါမှ စာမရေးဖူး၊ အင်းလေ ကျွန်တော် ဆယ်တန်းအောင်လို့ အိမ်က ထွက်သွားပြီး နောက်တစ်နှစ်မှာ အဖေမှ မရှိတော့ပဲ။ အဖေရှိတုန်းကလည်း ကျွန်တော့်ဆီ စာမရေးဖူးပါဘူးလေ။ သားကို ဆုံးမစရာ မလိုဘူးဆိုပြီး လျစ်လျှူရှုထားတတ်တဲ့အဖေ၊ လေးတန်းတုန်းက ကျွန်တော် နေမကောင်းလို့ ကျောင်းပျက်တော့ အတန်းပိုင်ဆရာမှတစ်ဆင့် ကျောင်းအုပ်ကြီးထံသို့ ဆိုပြီး ခွင့်တိုင်ပေးတဲ့ အဖေ့လက်မှတ်နဲ့ စာလေး။ ဒီစာလေးက ဘယ့်နှယ်လုပ် ကျွန်တော့်ဆီ သိမ်းထားမိပါလိမ့်။ ခွင့်စာရေးပြီးမှ မတိုင်ဖြစ်လိုက်တာလား ဘာလား သိပ်တော့မသေချာ။ ဒါပေမယ့် အဖေ့ရဲ့ ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးထားတဲ့ တစ်စောင်တည်းသော စာ။ ကျွန်တော် လေးတန်းတုန်းကဆိုတော့ ဒီစာရဲ့ သက်တမ်းက ဆယ်စုနှစ် သုံးခုတောင် ပြည့်တော့မှာပါလား။ စာရွက်ခေါက်လေးက ၀ါကျင်နေပြီဆိုပေမယ့် အခုထိ အမှိုက်မဖြစ်သေးတဲ့ စာလေး။ စာလေးကို ကိုင်မိဖတ်မိတိုင်း အဖေအနားမှာ ဂရုစိုက်ပေးနေသလိုမျိုး နွေးထွေးမှုပေးနိုင်စွမ်းတဲ့ တန်ခိုးကြီးတဲ့ စာရွက်ဝါကျင်ကျင်လေး၊

နောက်ပြီးတော့ ကျွန်တော် မပေးဖြစ်ခဲ့တဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ၊ မရှိမဲ့ရှိမဲ့ မုန့်ဖိုးလေးတွေ အိမ်မှာသီးတဲ့ မာလကာသီး ဇီးသီးရောင်းလို့ မုန့်ဖိုးရတဲ့အထဲက လိုချင်လွန်းလို့ မနည်းဖြစ်ညှစ်ပြီး ၀ယ်ထားတဲ့ ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ စာရွက်လေးတွေမှာ အကြမ်းသုံးလေးခါလောက်ရေးပြီးမှ အချောရေးကူးထားတဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ။ အော် ဒီစာလေးတွေ ကျွန်တော့်ဆီမှာ ရှိနေမှတော့ ရည်စူးထားတဲ့သူကို မပေးဖြစ်ခဲ့ဘူးပေါ့။ ပေးဖြစ်ခဲ့တဲ့စာတွေလည်း ရှိတန်သရွေ့တော့ ရှိခဲ့မှာပါ။ သူတို့လေးတွေရော ဘယ်ဆိုကိုရောက်နေကြပါလိမ့်။ အခုချိန်ဆို သားတွဲလောင်း သမီးတွဲလောင်းဖြစ်နေကြရောပေါ့။

ကဗျာစာအုပ်လေး။ ဆယ်တန်းစိတ်ကြိုက်မြန်မာစာထဲက ကဗျာဖွဲ့နည်းတွေကို ဖတ်ပြီး ရေးထားတဲ့ ကဗျာလေးတွေ။ ကာရန်တွေ သိပ်မလှပေမယ့်လည်း ကိုယ့်ကိုယ်ပိုင်ကဗျာလေးတွေမို့ အခုထိတော့ မြတ်နိုးတန်ဖိုးထားတုန်း။ ဒီကဗျာလေးတွေ ရေးဖြစ်ဖို့ ရှေးကဗျာတွေ အများကြီး ဖတ်ဖြစ်ခဲ့တာ ကဗျာတော်တော်များများကို နှလုံးသားထဲမှာ စွဲနေအောင် အလွတ်ရတဲ့အထိ မြတ်နိုးတန်ဖိုးထားခဲ့ရတာတွေရဲ့ ဘေးထွက်ရလဒ်တစ်ခုဖြစ်တဲ့ ကဗျာလေးတွေ။ ကျွန်တော့်ကဗျာလေးတွေကို ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ ရောင်စုံစက္ကူပေါ်မှာ ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့ ကိုယ်ပိုင်ကဗျာလေးတွေက ဖတ်ခွင့်ကြုံခဲ့သူ ဘယ်နှစ်ယောက်လောက် ရှိပါလိမ့်။ တစ်ယောက်... နှစ်ယောက် . . . သုံးယောက် . . . လေးယောက် . . . အင်း ရေသာ ရေနေရတာ သူတို့က ဖတ်တောင် ဖတ်ဖြစ်ကြပါ့မလား။

ညီငယ်လေးရဲ့ ကဗျာစာရွက်လေးတွေ။ ညီတစ်ယောက် မရှိတော့တဲ့ နောက်ပိုင်း အဖေလည်း မရှိတော့တဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ ညီငယ်လေးကို အချစ်သည်းခဲ့တယ်။ ညီလေးလိုချစ်တယ်။ သားလေးလိုချစ်တယ်။ ညီလေးလိုချင်တာတွေကို အကုန်မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ဖို့ ညီလေးကို အစစ အရာရာ နားလည်နိုင်အောင် ကြိုးစားပြီး ချစ်ခဲ့တယ်။ စာအုပ်ပုံတွေရှင်းရင်း ထွက်လာတတ်တဲ့ ညီငယ်လေးရဲ့ ကဗျာရေးထားတဲ့ စာရွက်အပိုင်းအစလေးတွေ၊ ပြီးတော့ လက်ချောင်းလေးနဲ့ ဆွဲတဲ့ပန်းချီတဲ့။ အစ်ကိုကြီး ဒါဘာပုံလဲ သိလားလို့ ပြတုန်းက ကိုယ်မြင်တာတော့ လက်ငါးချောင်းနဲ့ ဆေးရောင်စုံကို စာရွက်ပေါ် အတိုင်းသားဆွဲချထားတာပဲ။ သေချာကြည့်လေ အစ်ကိုကြီးတဲ့ ကောင်မလေးတွေကို နောက်ကနေမြင်ရတဲ့ ပုံတဲ့၊ သူပြောတာလည်းဟုတ်သလိုလို။ ဘာပဲပြောပြော အဲသည်စာရွက်လေးတွေကို ညီငယ်လေးကဖြင့် အခုနေမြင်ရင်တောင် သတိရတော့မှာမဟုတ်။ ကျွန်တော့်အတွက်တော့ ညီငယ်လေးကို ချစ်ဖို့အတွက် နားလည်မှုပေါင်းကူးတစ်ခု

တီချယ်ဝင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ။ တီချယ်ဝင်းက ကျွန်တော်တို့ကို သားတွေလို ဂရုစိုက်ပြီး ကျွန်တော်တို့ကလည်း အမေလိုချစ်တယ်။ ခရစ္စမတ်များရောက်ပြီလားဆိုရင် တီတီထွင်ထွင်လုပ်ပြီးပေးတဲ့ ကတ်ပြားလေးတွေ ပစ္စည်းအတိုအစလေးတွေကို ကျွန်တော်က အင်မတန် မြတ်နိုးတယ်။ နှစ်ပေါင်းများစွာတိုင်တဲ့အထိကို သေသေချာချာ သိမ်းထားပြီး ထုတ်ကြည့်မိတဲ့အခါတိုင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကို ပြန်ရောက်သွားသလို ခံစားရမိစေတဲ့ တီချယ်ဝင်းရဲ့ လက်ဆောင်လေးတွေ၊ အော် တီချယ်ဝင်းနဲ့ အပြင်မှာ မတွေ့ဖြစ်တာတောင် ကြာပါပေါ့

စာစီစာကုံးစာအုပ်။ ကိုးတန်းဆယ်တန်းတုန်းက ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ သိမ်းထားတဲ့ စာစီစာကုံး စာအုပ်လေး။ ကျွန်တော်အိမ်က ထွက်သွားတော့ အမေက အဲသည်စာအုပ်လေးကို သိမ်းပေးထားတယ်။ တစ်ခါတစ်ခါ အဲသည်စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာလေးတွေ အမေပြောပြတယ်ဆိုတာ ပြန်ကြားရတယ်။ ဘိလပ်မြေအိတ်ခွံစက္ကူအ၀ါရောင်နဲ့ ဖုံးထားတဲ့ စာအုပ်လေး။ ရေးထားတာ လေးငါးပုဒ်ပဲရှိတယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ ငယ်ဘ၀ စကားပြေ အရေးအသားလေး။

ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတစ်ချို့ရဲ့ မှတ်စုစာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေကို မှတ်စုစာအုပ်အဖြစ် ရခဲ့တာမဟုတ်။ သူတို့တွေ ပစ်ဖို့ လုပ်နေတဲ့အချိန်မှာ တောင်းယူပြီးသိမ်းထားမိတဲ့ စာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ ရေးမထားပေမယ့် စာအုပ်ကလေးကို ဖွင့်ကြည့်လိုက်ရင် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တစ်ခန်းတည်းရောက်နေသလို ခံစားရမိစေတဲ့ စာအုပ်လေးတွေ၊ နှစ်ပေါင်းများစွာ အဆက်အစပ်မရှိတော့ပေမယ့် ခုထိ နှလုံးသားကို နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာတွေ ဝေ့သီနေဆဲ သူငယ်ချင်းရဲ့ လက်ရေးလေးတွေ

အစ်ကိုကြီးတစ်ယောက်ရဲ့ ဆုံးမစာ စာအုပ်။ ဆုံးမစာဆိုတာ ကျွန်တော်တို့ သင်ရလေ့ရှိတဲ့ ဆုံးမစာမျိုးမဟုတ်။ ဆယ်တန်းဖြေပြီးချိန် သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတော့ သိပ်ပြီး ကြေကွဲခံစားနေတဲ့ ကျွန်တော့်ကို လူငယ်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာ ဘယ်လို လုပ်ရတယ်။ အလွမ်းကို ဘာနဲ့ဖြေရတယ်။ စသည်ဖြင့် ရှည်ရှည်ဝေးဝေး ဥပမာ ဥပမေယျတွေနဲ့ ရေးထားတဲ့ စာအုပ်။ ကျွန်တော့်ဘ၀မှာ စိတ်ရှည်လက်ရှည်ဆုံးမတတ်တဲ့ အစ်ကိုကြီးရဲ့ ဆုံးမစကားတွေကို တစ်ကြိမ်တည်းသာ ရဖူးတဲ့ဆုံးမစာ စာအုပ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုကြီးကတော့ အခု ကျွန်တော့်သူငယ်ချင်း အစ်မတစ်ယောက်နဲ့ပဲ အိမ်ထောင်ကျလို့ သားတွေသမီးတွေနဲ့။ ကျွန်တော့်ကို ဆုံးမခဲ့သလိုသာ သူ့သားသမီးတွေကို ဆုံးမဖြစ်ရင် သူ့သားသမီးတွေလည်း လူကောင်းလူတော်လေးတွေ ဖြစ်ကြမှာပါ။

ပန်းကတ်လေး။ အဖေ့အတွက် လက်ဆောင်လုပ်ထားတဲ့ ပန်းကတ်လေး။ အဖေသေပြီဆိုလို့ အဖေ့ကို မြှပ်ထားတဲ့ အုတ်ဂူကိုသွားပြီး ပေးမလို့ စိတ်ကူးနဲ့ လုပ်ထားတဲ့ ပန်းကတ်လေး။ ခရမ်းပြာရောင် ပန်းခြောက်လေးကို စာရွက်ကြားမှာ အခြောက်ခံပြီး စက္ကူပေါ်မှာ တိပ်လေးနဲ့ သပ်သပ်ရပ်ရပ်ကပ်ထားတဲ့ ပန်းကတ်လေး။ နှစ်ပေါင်း အစိတ်လောက်ကြာတာတောင် ခရမ်းပြာရောင်လေးတွေ သန်းနေဆဲ ပန်းကတ်လေး။ အဖေ့အုတ်ဂူရှိရာကို သွားပေးမယ် စိတ်ကူးပြီး လုပ်ထားခဲ့ပေမယ့် အိမ်ရောက်တော့ စိတ်ထဲမှာ အဖေသေတာကို မယုံနိုင်ဘူး။ ကျွန်တော် အိမ်က ထွက်သွားတဲ့အချိန်မှာ အဖေက ခြံထဲမှာ သစ်ပင်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာလေ။ အိမ်ရောက်တော့ အထုပ်အပိုးပစ်ချပြီး အဖေ့ကို ခြံထဲမှာ လှည့်ပတ်ရှာမိသေးတယ်။ အဖေသေလို့ သချိင်္ုင်းမှာသွားမြှပ်လိုက်ပြီဆိုတာလည်း ကျွန်တော့်အတွက်တော့ ယုံတမ်းစကားတစ်ခုလိုပဲ။ ကျွန်တော့်စိတ်ထဲမတော့ အဖေက မသေဘူး။ ဒါကြောင့်မို့ အဖေ့အုတ်ဂူကိုလည်း အဲသည်ပန်းလေး သွားမပေးဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သိမ်းထားလိုက်တော့တာ အခုထိပဲ။ အဖေသာသိရင် တော်တော်စိတ်ကူးယဉ်တဲ့ကောင်လို့ ပြောမှာ သေချာတယ်။

ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်။ ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့အခါ ပါးရေနားရေတွေ တွန့်နေတဲ့ မျက်နှာပေါ် အပြုံးလေးတွေ ဖြတ်ပြေးသွားအောင် ဘ၀ရဲ့ အမှတ်တရတွေက စွမ်းဆောင်နိုင်ပါသတဲ့။ ကျွန်တော့်ရဲ့ သေတ္တာလေးကတော့ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ မော်ကွန်းတိုက်လေးပေါ့။ သိမ်းထားတဲ့ ပစ္စည်းတစ်ချို့က ကျွန်တော့်ကို ပြုံးစေပါလိမ့်မယ်။ တစ်ချို့ကတော့ ငိုစေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျန်တဲ့အချိန်တွေမှာလည်း အမှတ်တရလေးတွေကို တတ်နိုင်သလောက် စုဆောင်းရင်းနှီးမြှပ်နှံထားပါအုံးမယ်။ ကျွန်တော့် ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန်နေတဲ့အခါ သူတို့လေးတွေကို အဖော်ပြုရင်း ကျွန်တော်ပြုံးမယ် ငိုမယ်

Sunday, 28 August 2016

မြန်မာဘူဖေးဆိုပြီး


. . . နေပြည်တော်ပျဉ်းမနား နှင်းဆီပန်းအ၀ိုင်းနားက ရာဇဌာနီလမ်းဘေးမှာ နာမည်တစ်လုံးတည်းနဲ့ မြန်မာဘူဖေးဆိုတဲ့ ထမင်းဆိုင်ရှိပါတယ်။ ရုံးပိတ်ရက်နေ့လည်စာစားချိန်ဖြစ်မှာတောင် ဆိုင်က လူသူလေးပါး ကင်းရှင်းနေတာတွေ့တော့ သိပ်အခြေအနေ မဟန်လောက်ဘူးဆိုတာ ရိပ်မိလိုက်ပါတယ်။ ဆိုင်ထဲမှာ ထိုင်ပြီး အပေါ်မှာ ချိတ်ထားတဲ့ ပန်းချီလိုလို ကာတွန်းလိုလို ဆိုင်ကြော်ငြာတွေ လိုက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ မြန်မာ့ရိုးရာ ဟင်းလျာနဲ့ စားသောက်ဖွယ်ရာတွေကို အစုံမြည်းစမ်းခွင့်ရမယ့် ဆိုင်တစ်ဆိုင်ဖြစ်ရမယ့်အစား အစားအသောက်ကြီးသူတွေ ကြိုက်သလောက် စားချင်သလောက် လောဘတကြီးစားဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ လူတစ်ယောက် ၃၅၀၀ ဆိုပေမယ့် ဟင်းတွေက တစ်ပွဲချင်း ၀ယ်စားရင်တောင် သုံးထောင့်ငါးရာ မတန်ပါဘူး။ အဆိုးဆုံးက လမ်းဘေးက အုတ်နံရံကပ်ရောင်းတဲ့ ထမင်းဆိုင်လေးတွေကလောက်တောင် အဆင့်အတန်းမမီတဲ့ ငါးပိရည်ကျဲတောက်တောက်ကို အတို့အမြှပ် မည်ကာမတ္တနဲ့ တည်ခင်းတာ၊ မြန်မာတွေအကြိုက် ငါးပိထောင်း ကောင်းကောင်းမပါတာကတော့ တော်တော်လေးကို ချာတူးလန်တယ်လို့ မှတ်ချက်ပြုစရာပါပဲ။ ထမင်းဟင်းအမယ်တွေက မကောင်းဘူးဆိုတော့ ၀န်ဆောင်မှုကလည်း ချာတူးလန်ပါပဲ။ ထမင်းလာစားတဲ့သူ သုံးလေးငါးဝိုင်းလောက်ပဲ ကျဲတောက်တောက်ရှိတဲ့ ဆိုင်ထဲမှာ တူညီဝတ်စုံဝတ်ထားတဲ့ စားပွဲထိုးလေးတွေကို တစ်ခုခုလိုလို့ မေးချင် မှာချင်လို့ရှိရင် အော်ဟစ်ခေါ်နေရပါတယ်။ ထမင်းစားပြီး စကားစမြည်ပြောဖို့ ပန်းကန်တွေ သိမ်းပေးပါလို့ ပြောတော့ ပန်းကန်တွေ မသိမ်းခင် ပြေစာအရင်လာပေးပါတယ်။ ငါတို့က ထိုင်အုံးမှာလေ ဘာမှ ထပ်မမှာရတော့ဘူးလားဆိုမှ ပြေစာပြန်ယူသွားပြီး စားပွဲပေါ်က ပန်းကန်တွေ သိမ်းပေးပါတယ်။ အထင်ကြီးတစ်လုံးနဲ့ ဆိုင်ထဲရောက်သွားတဲ့ ကျွန်တော့်မှာ တကယ့်ကို ဖီလင်းစိတ်ပျက် ဖြစ်ခဲ့ရကြောင်းပါခင်ဗျာ

Monday, 22 August 2016

အဆင်ပြေပြေ အမှုတော်ထမ်းနေကြရင်ဖြင့်


မောင်မင်းများ
.
ဖျာ့
.
အမှုတော်ထမ်းတို့ အခစားဝင် ဘယ်လို လာကြသတုံး မောင်မင်းများရဲ့
.
မှန်လှပါ ဘုန်းတော်ကြောင့် ကိုယ်စီမြင်းများ ၀ယ်ယူစီးနင်းကြကြောင်းပါ
.
အလို
ဒါဖြင့် သူတို့တွေ နန်းတော် အသွားအပြန် အဆင်ပြေနေကြတယ်ပေါ့
.
ဘုန်းတော်ကြောင့် အဆင်ပြေနေကြကြောင်းပါဖျာ့
.
ဒါဖြင့်ရင် သင်းတို့တွေ အမှုတော်ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ထမ်းရွက်နေနိုင်ကြတယ်ပေါ့
.
မှန်လှပါ ဖျာ့
.
မင်းကြီးတို့လည်း တယ်ခက်သကိုး
ဒီလိုသာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ ထမ်းရွက်နေကြမှဖြင့်
လူပေါ့ လူသွမ်း လူ့အရမ်းကလေးတွေ ဖြစ်ကုန်တော့မပေါ့
မဖြစ်ချေဘူး မဖြစ်ချေဘူး
အမိန့်တော်မှတ်မယ် နာခံစေ မောင်မင်း
.
နာခံလျက်ရှိကြောင်းပါဖျာ့
.
နက်ဖြန်နံနက် ညီလာခံ မတက်ခင် ကိုယ်တော် မျက်နာသစ်တော်ရေများ သွန်းတဲ့ ရွှေနန်းတော် လေသာပြတင်းက မျှော်ကြည့်လိုက်ရင် သင်းတို့ အမှုထမ်းတတွေ မြင်းကိုယ်စီနဲ့ လားလား လားလား လုပ်နေတာ မမြင်လိုဘူး မောင်မင်း.
.
တင်ဝံ့ပါသဖျား အနို့မို့ ရွှေနန်းတော်ကို အသို့လာခိုင်းရပါ့ဘုရား လမ်းလျှောက်ရအောင်ကလည်း ဝေးက ဝေးပါဘိသနဲ့
.
သယ် မောင်မင်း
မင်းပါ ဓားစာမိသွားချင်လို့ထင်တယ်
နင်တို့ တင်းကုန်ထဲ ထိုးထားတဲ့ ရထားတွေ ဘာလုပ်ဖို့တုန်း
.
မှန်လှပါ ရထားတွေ ရှိတယ်ဆိုသော်လည်း အမှုတော်ထမ်းတို့က အလာသာ အချိန်မှန်ြ့ပီး အပြန် အချိန်မမှန်ကြကြောင်းပါ
.
ဘယ်သူက ပြန်ချိန်တန်မပြန်ဘဲ စောပြန်လို့လဲမောင်မင်း
.
မှန်လှပါ စောပြန်သူများကိုလည်း ရဲမက်များက လမ်းတွင် ဆီးတား ဆို့ပိတ်ထားကြကာ အပြစ်တော် ချသဖြင့် စောတော့ဖြင့် မပြန်ဝံ့ကြကြောင်းပါ
.
သယ်
ညနေ ပြန်ချိန်တန် ပြန်ကြဖို့ ကိုယ်တော် အမိန့်ထုတ်ထားတယ်မဟုတ်ဘူးလား မေ့များနေသလား သင်းတို့က
.
သင်းတို့က မမေ့ပါဘုရာ့ သင်းတို့ကဖြင့် ညနေ စက်နာရီ လေးချက်ထိုးရင်ဘဲ ပြန်ချင်ကြလွန်းလို့ ဖင်တကြွကြွ ဖြစ်နေကြပါသဘုရား
.
ဒါဆိုရင် သင်းတို့ကို ဘယ်သူက မပြန်ခိုင်းသတုန်း
.
မှန်လှပါ ရွှေနားတော် လျှောက်ဝံ့ပါသည်ဘုရား
ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်က ၀န်ကြီး ၀န်ကလေးများကို အချိန်မရွေး အခေါ်တော်ရှိတတ်တာမို့ ၀န်ကြီး ၀န်ကလေးများကလည်း ဘုန်းတော်ဘုရာ့ အမိန့်တော့်ကို ဦးထိပ်ပန်ဆင်ပြီး အလိုရှိရာ စာရင်းဇယားများ အချိန်မီ ဆက်သနိုင်ဖို့အတွက် သင်းတို့ အမှုတော်ထမ်းတွေကို ညနေ ပြန်ချိန်သင့်သော်လည်း မပြန်ခိုင်းဝံ့ဘဲ ရွှေနန်းရှင် နန်းထဲကဆင်း ဥယျာဉ်တော်ကို ၀င်မှသာ ၀န်ကြီး ၀န်ကလေးများ လွှတ်ထဲက ဆင်းပြီး အိမ်ပြန်ဝံ့ကြသည့်အတွက် အမှုတော်ထမ်းများလည်း ၀န်ကြီး ၀န်ကလေးများ ပြန်ပြီးမှ အိမ်ပြန်ကြရကြောင်းပါ
.
သယ်
တယ်လည်း လျှာရှည်တဲ့ အမတ်ပဲ
သက်တော်ရှည် ရာထူးပေးထားလို့ သက်သာသွားတယ်မှတ်
.
ငါကိုယ်တော် အမိန့်တော်မှတ်မယ် နာခံစေ မောင်မင်း
ဘယ်သူတွေ အဆင်ပြေ မပြေ ငါ့အလုပ်မဟုတ်
သင်းတို့တွေ မြင်းကိုယ်စီ စီးနင်းအမှုတော်ထမ်းနေတာကို ချက်ချင်းရပ်
ရှိတဲ့ ရထားတွေကို ထုတ်သုံး
အမိန့်တော် မနာခံသူ ရာဇ၀တ်သင့်စေဟဲ့
တစ်ချက်လွှတ် အမိန့်
(ရွှေနန်းတော်အမိန့်ပြန်တမ်းများ ပေါင်းချုပ်
၁၃၇၈ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၄ ရက်)

Tuesday, 16 August 2016

သူပုန်ထကြစို့


အရင်တုန်းက သူပုန်လို့ခေါ်တယ်
တည်ဆဲအစိုးရကို
လက်နက်စွဲကိုင် ပုန်ကန်ထကြွသူက
 သူပုန်ပဲလေ
.
ဒါပေတဲ့
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ရှေးရှုပြီး
တိုင်းရင်းသားလက်နက်ကိုင်လို့ ပြောင်းခေါ်ခဲ့တယ်
.
လက်နက်ချတယ် အလင်းဝင်တယ်ဆိုတဲ့ စကားတွေကိုတောင်
လုပ်ရတဲ့သူတွေ သိမ်ငယ်စိတ်ဖြစ်မှာစိုးလို့
လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတဲ့
ဂုဏ်သိက္ခာရှိတဲ့စကားနဲ့ ပြောင်းသုံးခဲ့တယ်
.
အရင်တုန်းကတော့
စစ်အစိုးရမို့လို့တဲ့
စစ်အာဏာရှင်မို့လို့
လက်နက်စွဲကိုင်တော်လှန်ရတာပါတဲ့
.
ဒီမိုကရေစီရရင်
 ငြိမ်းချမ်းရေးက အလိုလိုရလာမှာပါ ဆိုတာက ပါသေး
.
အခု
ပြောပြောနေကြတဲ့ ဒီမိုကရေစီအစိုးရ
အရပ်သားအစိုးရ တက်လာပြီလေ
.
လာကြလေ ပူးပေါင်းကြလေ
အတူတူလက်တွဲပြီး
အောက်ကျနောက်ကျ ဖြစ်နေတဲ့တိုင်းပြည်ကို
ထွန်းကားတိုးတက်အောင်
တည်ဆောက်ကြလေ
.
ခုကျတော့
ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့
ကြောင်လက်သည်းဝှက်ပြီး
အားနည်းသူတွေအပေါ် လိုက်လျောပေးနေတာကို
အခွင့်အရေးတွေယူပြီး
ကမ်းတက်တာ ကမ်းတက်တာ ဆိုတာလေ
မြင်လို့မကောင်း
ကြားလို့မကောင်း
.
အဲဒီတော့
မထူးဘူး
.
လက်နက်ကိုင်သူပုန်မရှိတဲ့
ဗမာတိုင်းရင်းသားက
နေရင်းထိုင်ရင်း
ဇာတ်ကြမ်းမင်းသားကြီး ဖြစ်နေရတဲ့အတူ
တို့လဲ
ဗမာလက်နက်ကိုင်တိုင်းရင်းသားတပ်ပေါင်းစုဆိုတဲ့
နာမည်လှလှလေးတပ်ပြီး
သူပုန်ထကြမယ်
.
စိတ်ဝင်စားသူများ
စာရင်းပေးကြပါရန်
.
ပုံ
ဗိုလ်ချုပ်ကြီးမောင်ကောင်းထက်
စစ်သေနာပတိချုပ်
ဗမာတိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု
.
(မှတ်ချက်။ စောစော စာရင်းပေးသူများ ရာထူးကြီးကြီး ရမည်။)

Sunday, 7 August 2016

ကန်းတော့မည့် မြန်မာပြည်


၂၀၀၀ ကျော်နှစ်များဆီတုန်းကပေါ့
.
ဝိဇ္ဇာပညာရပ်ဟာ
စစ်တိုက်လို့ မရဘူးဆိုတဲ့
အာဏာစက်ပြင်းသူတစ်ယောက်ရဲ့
မှတ်ချက်နဲ့
သင်ရိုးထဲက အကုန်ဖြုတ်ပစ်တာကို
ဘာမှ လုပ်မရခဲ့ဘဲ
စိတ်ပျက်လက်ပျက် ထိုင်ကြည့်ခဲ့ရဖူးတယ်
.
ရန်ကုန်တက္ကသိုလ်မှာ
အိုင်အာဒီပလိုမာတန်း
ပထမဆုံးအပတ်စဉ် တက်ပြီးတော့
နိုင်ငံတော်တည်ဆောက်ရေးမှာ
ဝိဇ္ဇာဘာသာရပ်တွေ
အထူးသဖြင့်
သမိုင်း ပထ၀ီ နဲ့ နိုင်ငံတကာ ဆက်ဆံရေးပညာရပ်တွေ
အရေးပါပုံကို
ရေးတေးတေး
သဘောပေါက်သလိုလို ရှိခဲ့တယ်
.
ဒီဘက်ခေတ်
ရန်ကုန်တက္ကသိုလ်မှာ
ပညာသင်ဆုတွေပေးတော့
သမိုင်းတို့ဘာတို့လို ဘာသာရပ်တွေက
ပညာသင်ဆုပေးတဲ့
အရေအတွက်ပြည့်အောင်တောင်
ကျောင်းသားမရှိဘူးဆိုပြန်တော့လည်း
စိတ်ပျက်ရပြန်တယ်
.
လွန်ခဲ့တဲ့ လေးငါးနှစ်က
အိုင်အာကို အရမ်းစိတ်ဝင်စားတဲ့ ကလေးလေး
စာဖတ်အားသန်တဲ့
အင်္ဂလိပ်စာကို နိုင်နိုင်နင်းနင်း ရေးနိုင်ဖတ်နိုင်တဲ့
ကလေးလေးတစ်ယောက်
ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်လို့
သူက အိုင်အာတက်ချင်ပါတယ်ဆိုတာ
ကိုယ်ကလည်း အားပေးပြီး
သူ့မိဘနဲ့လည်း ဆွေးနွေးခဲ့တယ်
.
အထက်တန်းကျောင်းဆရာမကြီးဖြစ်တဲ့အမေက
ကလေး နိုင်ငံရေးတွေ စိတ်ဝင်စားသွားမှာမို့
အိုင်အာတက်ဖို့ သဘောမတူဘဲ
သမားရိုးကျ လမ်းရိုးအတိုင်း
ဆေးတက္ကသိုလ်ကို သွားစေခဲ့တယ်
.
ကျွန်တော်တို့ မြန်မာပြည်
တကယ်ပဲ
အ တော့မှာလား
တကယ်ပဲ
ကန်း တော့မှာလား

Monday, 11 July 2016

Blessing

One of the blessings I would always be proud of my two years span as a graduate student studying abroad is the "resilient friendship" among us. The journey was started with joy and excitement, and departed for several ways of life with esprit de corps. This photo is the last tangible evidence of our comradeship taken before the team had been dissolved in Nay Pyi Taw. Unfortunately, one was missing! Where are you now???
11 July 2016