Friday, 10 January 2020

ငွေစက္ကူတွေ


. . . နံပတ်တစ်က ကိုယ်ဟာ ငွေသားကို တတ်နိုင်သမျှ အနည်းဆုံးကိုင်သုံးရတဲ့ စနစ်မျိုးကို မြန်မြန်ဖြစ်ထွန်းစေချင်တယ်၊ ပြင်ဆင်ပြောင်းလဲရမှာတွေက အများကြီးပေါ့၊ အခုလောလောဆယ် ဘဏ်တွေက ဝန်ဆောင်မှုပေးနေတဲ့ ငွေထုတ်စက်တွေဟာ ငွေထုတ်ရုံသက်သက်ပဲ အလုပ်ဖြစ်ပြီး ငွေထည့်လို့မရတာ၊ ဘဏ်စာအုပ်ကို ဖြည့်ဖို့အတွက် ဘဏ်ကိုသွားရတာ၊ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုတွေက စိတ်မချရဖြစ်နေသေးတာတွေကို ပြုပြင်ရမှာပေါ့၊ ကိုယ်က ဘဏ်နဲ့ငွေကြေးဆိုင်ရာ သိပ်ပြီးနားလည်သူမဟုတ်တော့ အများကြီးမသိပေမယ့် အထက်မှာပြောခဲ့တဲ့ အချက်လေးတွေ ပြေလည်သွားရင်တောင် အနည်းဆုံးတော့ ကိုယ့်တစ်ယောက်အတွက် ပိုက်ဆံငွေသားတွေ ကိုင်တွယ်သုံးရတာ တော်တော်သက်သာသွားမယ်လို့ထင်တယ်။ လွန်ခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းတုန်း ရန်ကုန်တက္ကသိုလ်ရောက်တော့ ကျောင်းအပ်ချိန် ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး ငွေသွင်းနေကြတာတွေ့မိလို့ ရန်ကုန်မြို့လယ် နာမည်ကြီးတက္ကသိုလ်တစ်ခုက ကိုယ့်ဆရာ ပါမောက္ခချုပ်တစ်ယောက်ကို အကျိုးအကြောင်းပြောပြတော့ သူ့တက္ကသိုလ်မှာတော့ ဘဏ်တွေနဲ့ ဝန်ဆောင်မှုလုပ်တာ စလုပ်နေပြီလို့ဆိုတယ်၊ နောက်ပိုင်းတစ်ခြားတက္ကသိုလ်တွေမှာလည်း အလားတူဝန်ဆောင်မှုမျိုးလုပ်ဖို့ ကြိုးစားနေကြတာတွေ့ပေမယ့် ကျောင်းသားသမဂ္ဂတစ်ချို့က ကန့်ကွက်တာ မကျေနပ်တာစတဲ့ အသံလေးတွေကိုလည်း ကြားမိတယ်၊ ဘာလို့လဲရယ်တော့ ကိုယ်လည်းမသိ
.
. . . ဒုတိယတစ်ခုက ငွေစက္ကူတွေနဲ့ ပဒေသာပင်သီးပြီး လှူကြတန်းကြတဲ့ ကိစ္စမျိုးကိုလည်း ကိုယ်သိပ်သဘောမတွေ့တော့ဘူး၊ ငယ်တုန်းကတော့ ဝါကျွတ်ပြီဆိုတာနဲ့ ရွာလယ်လမ်းမထိပ်တည့်တည့်မှာရှိတဲ့ ကိုယ့်အိမ်ရှေ့မှာ ဆွမ်းသိမ်းပွဲမဏ္ဍပ်ကြီးလာဆောက်တဲ့အခါကျတော့ ငွေစက္ကူတွေနဲ့ လုပ်ထားတဲ့ ငွေပဒေသာပင်တွေက မဏ္ဍပ်ရဲ့အသက်ပေါ့၊ ကိုယ်တွေငယ်ငယ်က သက်စေ့လှူတယ်ဆိုတာ ခေတ်စားတယ်၊ ငွေကြေးကလည်း တန်ဖိုးတစ်ခုရှိနေသေးတော့ အသက်တစ်ရာမကျော်တဲ့ လူတွေအနေနဲ့ သက်စေ့ငွေကို ပဒေသာပင်လေးလုပ် နာမည်လေးထိုးပြီး မဏ္ဍပ်မှာချိတ် ကိုယ့်နာမည်လေးကိုကြည့်ပြီး ပီတိဖြစ်၊ လာကြည့်တဲ့သူတွေကလည်း ဘယ်သူက ဘယ်လောက်လှူတယ်ဆိုတာ အလွယ်မြင်ရတော့ သူများလှူတာတန်းတာကို မုဒိတာပွား သာဓုခေါ်ရပေါ့၊ ငွေပဒေသာပင်ဆိုတဲ့ နာမည်အတိုင်း သစ်ပင်ပုံလုပ်ထားတဲ့ ဝါးကပ်ပြားမှာ ကော်နဲ့တန်းစီကပ်ထားတဲ့ ပိုက်ဆံလေးတွေကို နောက်ပိုင်းကျတော့ စိတ်ကူးအမျိုးမျိုးထုတ်ရင်း အရုပ်တွေလုပ်ကြတာ ခေတ်စားလာတဲ့ပုံပဲ။ ငယ်ငယ်ကတော့ အဲဒါမျိုးတွေကို သဘောကျခဲ့မိပေမယ့် အခုတော့ ငွေစက္ကူတွေကို အာ့လိုတွေ လျှောက်လုပ်ထားတာတွေ့ရင် စိတ်ထဲ မသက်မသာ ခံစားရတယ်၊ လုပ်တုန်းကလည်း ခေါက်ဟယ်ပြုဟယ် ကော်ကပ်ဟယ်နဲ့ အလုပ်တွေရှုပ်ရ၊ အလှူလက်ခံရတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း ပိုက်ဆံတွေကို ပြန်ခွာရတာနဲ့ အလုပ်တွေများရနဲ့မို့ ငွေစက္ကူတွေ ပဒေသာပင်သီးတဲ့ ဓလေ့ကို ဆက်ပြီးအားမပေးချင်တော့ဘူး
.
. . . တတိယပြောချင်တာကတော့ ပိုက်ဆံကြဲတဲ့ကိစ္စပဲ၊ အလှူအတန်းတွေ အောင်မြင်ပြီးမြောက်တဲ့အထိမ်းအမှတ် ဘုရားစေတီတွေ ထီးတော်တင်ပြီးတာပဲဖြစ်ဖြစ် အခြားအကြောင်းတွေနဲ့ဖြစ်ဖြစ် ငွေဖလားကြီးထဲ ပိုက်ဆံတွေနဲ့ ပေါက်ပေါက်တွေရောထည့်ထားပြီး ကြဲချတဲ့အခါ လူတွေက ဝိုင်းလုကောက်ကြတဲ့ ဟာမျိုးကို ငယ်ငယ်ကတော့ အတော်ပျော်ခဲ့တာပေါ့၊ ကိုယ်တွေငယ်ငယ်က အကြွေခေတ်ဆိုတော့ ငါးပြားစေ့ ဆယ်ပြားစေ့ကနေ တစ်ကျပ်စေ့အထိ၊ နောက်ပိုင်း အကြွေခေတ်ကုန်သွားတော့ တစ်ကျပ်တန် ငါးကျပ်တန် ငါးဆယ်တန် တစ်ရာတန် အခုဆို တစ်သောင်းတန်တွေပါ ပါချင်ပါမှာပေါ့လေ တတ်ရင်တတ်နိုင်သလို၊ တစ်ခါတစ်တစ်လေ ကျောက်မျက်ရတနာတွေပါ ကြဲတယ်ဆိုပြီး ပိုက်ဆံခေါက်လေးထဲ ကျောက်ဖြုန်းရောင်စုံလေးတွေပါတာတောင် တွေ့ဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပိုက်ဆံတွေကြဲနေတာ လူတွေလုကောက်နေတာကို မြင်ရရင် စိတ်ထဲ မသက်မသာခံစားရတယ်၊ ကိုယ်ကြဲလိုက်တဲ့ ပိုက်ဆံကို လူတွေလုကောက်နေတာကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတဲ့သူကိုလည်း မလေးစားမိတော့ဘူး၊ အဲသည်လို ရုတ်ရုတ်သဲသဲ လုကြယက်ကြတာကိုလည်း အားမပေးချင်တော့ဘူး။ ကိုယ်လည်း အလှူအတန်းတွေဘာတွေလုပ်လို့ ဓလေ့ရှိတယ်ဆိုရင်တောင် ရတနာရွှေမိုးငွေမိုးရွာတယ်ဆိုပြီး ပိုက်ဆံတွေကြဲတဲ့အလုပ်ကို မထည့်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်
.
အပေါ်က ကိစ္စသုံးခုနဲ့ ပတ်သက်ပြီး မတူတဲ့ရှုထောင့်တွေလည်း ရှိကြမယ်ဆိုတာ လက်ခံပါတယ်၊ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပေးကြမယ်ဆိုရင် ကိုယ့်အတွက် စဉ်းစားစရာ တစ်ခုခုတော့ ရနိုင်တာပေါ့
.
ဗိုလ်ကောင်း
၁၀ ဇန်နဝါရီ ၂၀၂၀

Thursday, 2 January 2020

ခင်ဗျားမှာ ချစ်သူရှိလား

အခုလက်ရှိ ခင်ဗျားဘေးနားမှာ မဟုတ်တော့ပေမယ့် တစ်ချိန်တုန်းကချစ်ခဲ့ဖူးသူဗျာ အခုချိန်ထိ ခင်ဗျားနှလုံးသားထဲမှာ ရှိနေတဲ့သူ တစ်ယောက်ယောက်ပေါ့
.
. . . ကျွန်တော်က အခုလို ကောက်ကာငင်ကာ မေးလိုက်လို့ ခင်ဗျား အင်းအဲနဲ့ စဉ်းစားနေရပြီဆိုရင် ခင်ဗျားမှာ ချစ်သူရှိတယ်မဆိုနိုင်ဘူး။ တစ်ချိန်တုန်းက ရှိခဲ့တာဖြစ်ကောင်းဖြစ်ပေမယ့် အခု ခင်ဗျားနှလုံးသားထဲမှာ ရှိနေတာမဟုတ်တော့ဘူး၊ ရှိနေသေးတဲ့သူဆိုရင်တော့ အခုလိုမေးခွန်းကို ဘယ်အချိန်မေးမေး သူထုတ်မပြောရင်သာရှိမယ် အဖြေကတော့ ရှိနေမှာ အသေအချာပဲ
.
. . . ဒီမေးခွန်းအကြောင်းပြောရင်း ဆက်စဉ်းစားမိတာက အချစ်တစ်ခုက ဘယ်လောက်ထိ တာရှည်ခံသလဲဆိုတာပဲ၊ အချစ်တစ်ခုက ဘယ်လောက်ထိ ရေရှည်ခံသလဲ၊ တစ်ပတ်လား၊ တစ်လလား၊ တစ်နှစ်လား၊ နှစ်နှစ်ဆယ်လား၊ သေတဲ့အထိလား
.
. . . တစ်ခါတုန်းက ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ထဲမှာ စာရေးသူက သူ့အမေအကြောင်းရေးထားတာ၊ သူ့အမေ အမြဲ မြတ်မြတ်နိုးနိုးရှိနေတဲ့ ယွန်းသေတ္တာလေးတစ်ခုရှိသတဲ့၊ အသက်တွေကြီးတော့ သူ့အမေဆုံးသွားတဲ့အခါကျမှ သူ့အမေမြတ်နိုးလှတဲ့ ယွန်းသေတ္တာလေးကို အလောင်းနဲ့အတူ မြေကြီးထဲ ထည့်မမြှပ်ခင် အဖေလုပ်သူနဲ့ သားနဲ့ နှစ်ယောက်သား တိတ်တိတ်လေး ဖွင့်ကြည့်လိုက်တော့ တစ်ချိန်တုန်းကသူ့အမေရဲ့ ငယ်ရည်းစားပုံ ဝါကျင့်ကျင့်လေးနဲ့ စာလေးတစ်စောင် ထွက်လာသတဲ့၊ ရှေ့တန်းတစ်နေရာကနေ ဘယ်တော့မှ ပြန်မလာတော့တဲ့ ရည်းစားဖြစ်သူရဲ့ ပုံနဲ့စာလေးကို တစ်သက်လုံးသိမ်းထားတဲ့ မိန်းမတစ်ယောက်ရဲ့အချစ်ကို ပြတဲ့ ဝတ္ထုလေးလို့ ဆိုနိုင်ပါတယ်
.
. . . ဒီနေရာမှာ ဝေဖန်ချင်သပဆိုရင် လင်ကြီးသားကြီးငုတ်တုတ်နဲ့ ငယ်ရည်းစားကို လွမ်းနေရသေးလားလို့ ပြောလို့ရတာပဲ၊ ဒါပေမယ့် အချစ်ဆိုတဲ့အရာက အဲဒါတွေအကုန်လုံးထက်ပိုပြီး နူးညံ့သိမ်မွေ့တယ်ဆိုတာကို လက်မခံဘူးဆိုရင်တော့ ဝေဖန်ကြပေါ့လေ၊ ခင်ဗျားအိမ်ထောင်ဘက်အပေါ်မှာ သစ္စာရှိတယ် သားအပေါ်မှာ အမေတစ်ယောက်ရဲ့မေတ္တာ လင်အပေါ်မှာ မယားတစ်ယောက်ရဲ့သစ္စာ ကျေပွန်တဲ့မိန်းမသားတစ်ယောက်က သူ့ရဲ့ငယ်ချစ်ဦးကို ရင်ထဲမှာ တိတ်တိတ်ကလေး သိမ်းထားလို့ မရတော့ဘူးလား
.
. . . ဒါကြောင့် ကျွန်တော်မေးချင်တာ အချစ်တစ်ခုက ဘယ်လောက်အထိ ရေရှည်ခံသလဲ၊ တိကျတဲ့ အတိုင်းအတာကို ပြဖို့တော့ ခက်မယ်ထင်တယ်နော်၊ အခုစာဖတ်တဲ့သူတွေထဲမှာလည်း ရင်ထဲမှာ တိတ်တိတ်ကလေး သိမ်းထားတဲ့အချစ်တစ်ခုခု ရှိနေကြမှာပဲ၊ ခင်ဗျား သတိထားချင်လည်း ထားမိမယ်၊ သတိထားမိချင်မှလည်း ထားမိလိမ့်မယ်၊ တစ်ခုလောက်တော့မေးကြည့်ချင်တယ်၊ ဖြေနိုင်ရင်လည်း ဖြေခဲ့ကြပေါ့
.
ခင်ဗျားအဲဒါကို တိတ်တိတ်ကလေး သိမ်းထားမိတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ

Saturday, 28 December 2019

မတော်တော့တဲ့ဂျင်းဘောင်းဘီ

မင်းအချစ်ကိုမျှော်ရတာက
မတော်တော့တဲ့ဂျင်းဘောင်းဘီကို
တစ်နေ့ပြန်ဝတ်ရနိုးနဲ့
သိမ်းထားရသလိုပဲ
မျှော်လင့်ချက်ရှိပေမယ့်
ဖြစ်နိုင်ချေနည်းလွန်းတယ်
😞😞😞


Monday, 23 December 2019

ကြောက်တယ်

တစ်ယောက်တည်းနေရမှာ
ကြောက်ကြောက်လာပြီ

တစ်ယောက်တည်းဆိုတာနဲ့
ဘယ်ချောင်မှာပုန်းနေမှန်းမသိတဲ့
အလွမ်းနတ်ဆိုးက
ေပၚလာၿပီး
ကူကယ်ရာမဲ့တဲ့ကိုယ့်ကို
နှိပ်စက်တော့တာပဲ

တစ်ယောက်တည်းနေရမှာ
ကြောက်ကြောက်လာပြီ

Monday, 9 December 2019

စောင်ရေးမပါတဲ့သူ

‌‌ေလောကမှာ
စောင်ရေးမပါတဲ့လူတစ်ယောက်
ဖြစ်ဖို့အတွက်
အရည်အချင်းများများမလိုဘူး
နှစ်ချက်ရှိရင်ရပြီ

တစ်
.
ကိုယ့်ကိုဘယ်တော့မှပြန်မချစ်မယ့်သူကို
ရင်ဘတ်ကြီးနဲ့နှစ်ပြီးချစ်ရမယ်

နှစ်
.
ပြီးရင်
စောက်ရှက်မရှိတဲ့လေသံနဲ့
မင်းငါ့ကိုချစ်လားလို့
သွားမေးရဲရမယ်

Sunday, 8 December 2019

စစ်သည်တော်


စစ်မြေပြင်မှာကျဆုံးခဲ့ရတဲ့ သူငယ်ချင်း မီရှယ်၊ ဘယ်ဆီရောက်လို့ရောက်နေမှန်းမသိတဲ့ မြင်းလေး၊ ဂျောပြား တို့နဲ့ နေပြည်တော်မှာ အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တွေကို သတိတရဖြစ်စေခဲ့တဲ့ တိုကျိုမြို့လယ်က ဧကရာဇ်နန်းတော် မလှမ်းမကမ်းမှာရှိတဲ့ ယာစုကုနိ နတ်ကွန်း နှစ်ပေါင်းတစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ်တွေလုပ်တဲ့အချိန်မှာ ကိုယ်က ပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့တယ်
.
ဂျပန်နိုင်ငံ ပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေအတွင်းကျဆုံးခဲ့တဲ့ စစ်သည်တော်တွေ အရပ်သူအရပ်သား ယောက်ျားမိန်းမ ကလေးသူငယ် သက်ကြီးရွယ်အိုနဲ့ အိမ်မွေးခွေးကြောင် အသက်ပေါင်း ၂၄၆၆၅၃၂ ရဲ့ အမည်စာရင်းကို မော်ကွန်းထိုးထားတဲ့ အထဲမှာ စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ထားတဲ့ စစ်သည်တော်တွေပါ ပါနေတယ်ဆိုပြီး အငြင်းပွားဖွယ် သိမှတ်ချက်နဲ့ဆက်စပ်ပြီး ဒီနတ်ကွန်းကို ဂျပန်အစိုးရ အရာရှိကြီးတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နဲ့ ကိုရီးယားတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြတာ ဒီနေ့ထိထက်တိုင်ပါပဲ
.
တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင် အသက်စွန့်ခဲ့ရတာချင်းတူပေမယ့် တစ်ချို့က သူရဲကောင်းအဖြစ်မော်ကွန်းတင်ခံရပြီး တစ်ချို့က စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံရတာတွေကိုကြည့်ရင် စစ်သည်တော်ဆိုတာ စစ်ကိုနိုင်အောင်တိုက်နိုင်ရုံနဲ့တင် မပြီးသေးဘဲ ကိုယ်တိုက်ခဲ့တဲ့စစ်ဟာ တရားမျှတကြောင်း သမိုင်းတွင်ရစ်အောင် ကမ္ဗည်းထိုးခဲ့နိုင်စွမ်းရှိဖို့လဲ အရေးကြီးကြောင်း သတိတရားရမိပါတယ်
.
နတ်ကွန်းရှေ့မှာ တွေတွေကြီးရပ်နေမိနေမိတဲ့ ကိုယ့်ရဲ့ခေါင်းထဲဘာတွေတွေးမိနေလဲဆိုတာ ကိုယ့်နှလုံးသားထဲ ဘာတွေခံစားနေရလဲဆိုတာ အပေါ်မှာပြောခဲ့သူငယ်ချင်းသုံးယောက်သာသိရင် လှောင်ပြုံးပြံုးပြီးများ ဝိုင်းကြည့်နေကြမလားဆိုပြီး မလုံမလဲဖြစ်မိတယ်
.
ဗိုလ်ကောင်း
၇ ဒီဇင္ဘာ ၂၀၁၉

Friday, 6 December 2019

Romantic Night

The snowfall night was romantic
Nineteen December five to six
It will be my nostalgia
The remaining life for many years